အခန်း ၅၂၈...
"ယာယီမစ်ရှင် ပြီးမြောက်သွားပြီဖြစ်တဲ့အတွက် ဂုဏ်ယူပါတယ် ပိုင်ရှင်...ရရှိတဲ့ ဆုကို အခုပဲပေးအပ်ပါတော့မယ်..."
ကြောင်အ နေဆဲဖြစ်သော ပုဖန်၏ စိတ်ထဲသို့ စနစ်၏ တည်ကြည်လေးနက်သော အသံထိုးဖောက်ဝင်ရောက်လာခဲ့သည်။
သူ့၏ မျက်ဝန်းများ တောက်ပသွားကာ နှုတ်ခမ်းထောင့်စွန်းလေးများ တွန့်ကွေးသွားလေသည်။သူ့၏ မျက်နာ၌ ပျော်ရွှင်မှုက အထင်းသားပေါ်လွင်လာသည်။
"ဒီတော့ ယာယီမစ်ရှင် ပြီးမြောက်သွားပြီပေါ့...ငါ ထိပ်သီး ၁၀ ယောက်ထဲ ဝင်တာနဲ့ ပြီးမြောက်သွားတာပဲ...မဆိုးပါဘူး...သိပ်မခက်ဘူး..."
ပုဖန်၏ နှုတ်ခမ်းထောင့်စွန်းလေးများက ဝင့်ကြွားဟန်အပြည့်နှင့် ကော့တက်နေလေသည်။မူလက ပဉ္စလက်ပြိုင်ပွဲ၏ ချန်ပီယံ ဖြစ်ဖို့လိုသည်ဟု သူတွေးခဲ့မိခြင်းသည်။
သူ ဒီပြိုင်ပွဲတစ်ခုလုံး၏ ချန်ပီယံဖြစ်ရန်အတွက် ယုံကြည်မှု ပြည့်ပြည့်ဝဝ မရှိပေ။အဘယ့်ကြောင့်ဆိုသော် အဂ္ဂိရတ်ပညာရှင်များကလည်း အသုံးမကျသည့် သူများမဟုတ်ပေ။တကယ်တမ်း သူတို့နှင့် ရင်ဆိုင်ရသည်က ခက်ခဲလှပေသည်။
မှော်ကဝေအန်းရှန့်နှင့် အရူးရှုံးတို့၏ ခွန်အားကပင် တကယ့်ကို သန်မာနေပေပြီ။ချန်ပီယံ နေရာကို ယှဉ်ပြိုင်ဖို့ဆိုရင် အန်းရှန့်ထက် သန်မာသည့် သူများ ပေါ်ထွက်လာပေလိမ့်မည်။ထိုအချိန်ကျလျှင် ပုဖန်အတွက် အနိုင်ရဖို့ အလွန့်အလွန်ပင် ခဲယဉ်းပေလိမ့်မည်။
" ရမယ့်ဆုက ဘာပါလိမ့်..."
ဒီတစ်ကြိမ်ရမယ့်ဆုက ကြက်အစပ်ကြော် နည်းလမ်းဟု သတိရသွားပြီး ပုဖန်၏ မျက်ဝန်းများ တောက်ပသွားသည်။
ကြက်အစပ်ကြော်က အလွန်နာမည်ကြီးသည့် ဟင်းပွဲဖြစ်သည်။သူ့၏ အစပ်နှင့် ချိုမြမှု ပေါင်းစပ်ထားသည့် အရသာက လူများစွာ၏ နှလုံးသားကို သိမ်းပိုက်နိုင်ပေသည်။
ပုဖန်က ထိုကြက်အစပ်ကြော်ချက်ပြုတ်သည့် နည်းလမ်းကို သိထားပေသည်။သို့သော်လည်း စနစ်က ပေးသည့် နည်းလမ်းက သူသိထားသည်နှင့် ကွဲပြားခြားနားနေပေလိမ့်မည်။
စနစ်က ထိုနည်းလမ်းကို ဆုလာဘ်အဖြစ် ပေးအပ်လာသည်ဆိုကတည်းက လုံးဝကိုကောင်းမွန်မှာ သေချာပေသည်။ပြိုင်ကွင်းနေရာ၌ တစ်ယောက်တည်းကျန်နေသော ပုဖန်က သတိလက်လွတ်အတွေးနက်နေမိသည်။
သူသတိဝင်လာပြီးနောက် ဘေးဘယ်ညာကို ဝေ့ဝဲကြည့်လိုက်သည်။ထို့နောက် သူ့၏ ဆိုင်းဘုတ်ကြီးကို ပြန်လည် သိမ်းဆည်းလိုက်၏။စနစ်၏ မစ်ရှင်ကို ပြီးမြောက်သွားပြီဖြစ်သောကြောင့် သူ့ဆိုင်ကို ကြော်ငြာစရာမလိုတော့ပေ။
ရိုးရိုးသားသား ပြောရမည်ဆိုလျှင် ဆိုင်းဘုတ်ကြီးကိုင်၍ သယ်ဆောင်နေရခြင်းက တကယ့်ကို ထူးဆန်းသည့် ခံစားချက်မျိုးပေးစွမ်းလေသည်။
ပုဖန် ပြိုင်ပွဲကွင်းမှ ထွက်လာပြီးနောက် သူ့၏ ဆိုင်သို့ ပြန်၍ ဆိုင်ပြန်ဖွင့်ရင် ကောင်းမလားဟု စဉ်းစားနေမိသည်။ဒီနေရာ၌ အခ်ျိန်ဖြုန်းနေသည်ထက် စာလျှင် ဆိုင်ပြန်၍ စီးပွားရေးလုပ်သည်က ပိုကောင်းပေသည်။
ထိုသို့ တွေးလိုက်ပြီးသည်နှင့် ဆိုင်သို့ ပြန်ရန် ဦးတည်လိုက်သည်။သူ့၏စီးပွားရေးလုပ်ငန်း လုပ်နေလျှင် သလင်းကျောက်များများရနိုင်ပြီး သူ့၏ ကျင့်ကြံစဉ်တိုးတက်ဖို့ကိုလည်း အထောက်အကူပြုပေလိမ့်မည်။
စွမ်းအင်ကျင့်ကြံမှုအကြောင်း ပြောလိုက်သည်နှင့် ခေါင်းကိုက်လာသလိုပင် ခံစားလိုက်မိသည်။သူ အချိန်အကြာမြင့်ဆုံး စီးပွားရှာခဲ့ပြီဖြစ်ပေမယ့် အဆင့် ချိုးဖောက်တက်ရောက်ဖို့ နီးနေသည်ဟုပင် မခံစားရသေးပေ။
ထိုအချက်က သူ့ကို အနည်းငယ် စိုးရိမိပူပန်ဖို့ ခံစားရစေသည်။ထိုအချက်က သူ့ကို သောကများစေသည်။တန်ခိုးရှင်အဆင့်နှင့် မသေမျိုးခန္ဓာအဆင့်ကြားတွင် အလွန်ကွာခြားချက် ကြီးမားသည်ဖြစ်ကြောင်း သူကောင်းစွာ သိထားပေသည်။
သူမသေမျိုး နယ်ပယ်၌ အတားအဆီးမြောက်များစွာကို ချိုးဖောက်တက်ရောက်ရမည်ဖြစ်ကြောင်း သိထားပေသည်။သို့သော်လည်း သူ့၌ သလင်းကျောက်များ လုံလောက်အောင် အမြတ်စွန်းမရသေးလေရာ အဘယ်ကဲ့သို့ မသေမျိုးနယ်ပယ်သို့ အဆင့်ချိုးဖောက်တက်ရောက်နိုင်ပါမည်နည်း။
ထိုကိစ္စနှင့် ပတ်သတ်၍ စောဒကတက်စရာမရှိကြောင်းကိုလည်း သူသိထားပေသည်။ယာယီမစ်ရှင်ပြီးမြောက်သွားပြီဖြစ်သောကြောင့် စိတ်ကျေနပ်မှု လွှမ်းခြုံနေလေသည်။အရိုးသားဆုံးပြောရလျှင် သူဒီပြိုင်ပွဲကို ဆက်လက် ပါဝင်ဆေးနွေးလိုခြင်းမရှိတော့ပေ။
မည်သို့ပင်ဖြစ်စေ သူ ပြိုင်ပွဲတွင် ပါဝင်ခဲ့ရခြင်းကြောင့်တော့ ပျော်ရွှင်မှုရခဲ့ပေသည်။ယခု သူ့ဆိုင်သို့ပြန်၍ စီးပွားရေးလုပ်ရမည့်အချိန်ရောက်ပေသည်။
ထိုကြောင့် သူအလျှင်အမြန်ပင် ထွက်ခွာသွားရန် ကြိုးစားလိုက်သည်။ရုတ်တရက် သူတစ်စုံတစ်ခုကို သတိရသွားလေသည်။သူ ပြိုင်ပွဲတွင်ပါဝင်ခဲ့သော်လည်း အနိုင်ရလျှင် မည်သည့်ဆုကို ရရှ်ိမည်ကိုတော့ သူမသိပေ။
"ဘာကြောင့် ငါက ပထမဆုအကြောင်းကို မမေးခဲ့တာလဲ...ငါဘာတွေများ စဉ်းစားနေခဲ့တာလဲ..."
မည်သူမှ ဆုလာဘ်အကြောင်းကို ပြောခြင်းမရှိသောကြောင့် သူ ယခုထိတိုင်အောင် မသိသေးခြင်းဖြစ်သည်။အကယ်၍ ဆုလက်ဆောင်မရှိလျှင် ဒီပြိုင်ပွဲကို သူဆက်လက်ပြိုင်စရာ လုံးဝမလိုတော့ပေ။သူ့၏ ပစ္စည်းများကို သိမ်းဆည်း၍ ဆိုင်သို့ ပြန်ရမည့်အချိန် ရောက်ပေပြီ။
သူ အချိန်များကို ဖြုန်းတီးနေခြင်းထက် ပို၍ ကောင်းပေသည်။သူခေါင်းညိတ်၍ ဆုံးဖြတ်ချက်ချလိုက်ပြီးနောက် ပြိုင်ပွဲစင်မြင့်မှ လျှောက်ထွက်လာလိုက်သည်။
ပရိတ်သတ်များအားလုံး အူကြောင်ကြောင်ဖြင့် ခေါင်းကုတ်လိုက်ကြသည်။ထို ဖျက်မြင်း စာဖိုမှူးက ရုတ်တရက် ဘာကြောင့် မျက်နာတည်သွားသည်ကို နားမလည်နိုင်ဖြစ်နေမိသည်။
"သူက အဆင့် ၁၀ ထဲကို ဝင်သွားပြီဆိုတော့ အရမ်းသန်မာတဲ့ ပြိုင်ဘက်နဲ့ တွေ့ရတော့မှာကြောင့် ဖြစ်နိုင်လား...နောက်ဆုံးတော့ သူ့ကိုယ်တောင် တုန်လှုပ်စေတဲ့ ပြိုင်ဘက်တွေ ပေါ်လာတော့မှာ မလို့လား..."
နောက်ဆုံး၌ ဒီစားဖိုမှုးက ပြိုင်ပွဲအတွင်းမှ ဖိအားကို ရင်ဆိုင်ရပြီဟု သူတို့တွေးမိသွားကြသည်။ပုဖန်တွေးနေသည့် အကြောင်းကိုသာ သူတို့သိလျှင် သေချာပေါက် သွေးအန်သွားရပေမည်။
တခြားပြိုင်ပွဲစင်မြင့်ဆီ၌ ပြင်းထန်သည့် တိုက်ပွဲများရှိနေသည်။ငရဲမီးတောက်များကလည်း ပြင်းထန်စွာ လောင်ကျွမ်းနေလေ၏။သန်မာအားကောင်းလှသော အဂ္ဂိရတ်ပညာရှင်များက သူတို့၏ ကျွမ်းကျင်မှုများကို ထုတ်သုံး၍ ဆေးလုံးများ သန့်စင်နေကြပေသည်။
သူတို့အသုံးပြုလိုက်သော ဆေးနန်းတော်မှ နည်းစနစ်များကလည်း မျက်စိမလွှဲနိုင်အောင် ဆွဲဆောင်နိုင်လွန်းသောကြောင့် ပရိတ်သတ်များ တစ်ခဲနက် အော်ဟစ်အားပေးနေကြလေသည်။
ထိုအရာကသာ ပဉ္စလက်ပြိုင်ပွဲကြီး၏ အနှစ်သာရ အစစ်အမှန်ဖြစ်သည်။ပုဖန်တစ်ယောက်တည်းကသာ မူမမှန် ဖြစ်နေခြင်းဖြစ်၏။
နန်ကုန်းဝူချယ်ကလည်း သူ့ပြိုင်ပွဲကို ယှဉ်ပြိုင်ပြီးသွားလေပြီ။သူ့ခန္ဓာကိုယ်မှ သိပ်သည်းအစစ်အမှန် စွမ်းအင်များ ဖြာထွက်နေသည်။သူ့၏ အမူအရာကလည်း အလွန်တည်ကြည်လေးနက်နေသည်။
ပုဖန် နန်ကုန်းဝူချယ်ဆီသို့ တစ်ချက်ကြည့်လိုက်သည်။သူသာအမှတ်မမှားလျှင် နန်ကုန်းဝူချယ်၏ ပြိုင်ဘက်က ယန်မိန်ကျီဖြစ်သည်။
"ပုဖန် ဘယ်လိုဖြစ်ပြီး မင်းရဲ့ ယှဉ်ပြိုင်မှုက အရမ်းမြန်နေတာလဲ...မင်းနိုင်ခဲ့လား..."
နန်ကုန်းဝူချယ်က ပုဖန်ကို အံ့အားတသင့်ကြည့်ပြီး မေးလိုက်သည်။ပုဖန်က စကားဖြင့် မတုံ့ပြန်ပဲ မျက်နာသေဖြင့်သာ ကြည့်လိုက်၏။
ဟုတ်ပြီလေ...သူ့အမူအရာကိုကြည့်ရတာတော့ အနိုင်ရခဲ့ပုံပဲ...
နန်ကုန်းဝူချယ်က ဘေးဘက်ကို အနည်းငယ် ဝေ့ကြည့်လိုက်ပြီးနောက် စိတ်ကသိကအောင့်ဖြစ်နေသည့် အသံဖြင့်ပြောလိုက်သည်။
"တကယ်တမ်းတော့ ငါလည်း အနိုင်ရခဲ့တယ်..."
"နန်ကုန်းဝူချယ်က ယန်မိန်ကျီကို အနိုင်ရခဲ့တယ်လား..."
ပုဖန် အံ့အားတသင့်ကြည့်လိုက်သည်။
ဒီလူပြက်က လှည့်ဖြားတဲ့ နည်းလမ်းတွေ အသုံးပြုခဲ့တာလား...
"မင်းငါ့ကို ဘာလို့ အဲ့ဒီလို လာကြည့်နေတာလဲ...အဲ့ဒီအမျိုးသမီး ယန်မိန်ကျီက ဆေးလုံးသန့်စင်နေရင်း လမ်းတစ်ဝက်မှာပင် လုံးဝ အရှုံးပေးသွားတာ ပြီးတော့ သူက ကောင်းကင်ကမ္ဘာမြေမီးလျှံကိုလည်း ပြန်ပေးမယ်လို့ ပြောသွားသေးတယ်..."
သူ အလွန်ပင် စိတ်ရှုပ်ထွေးခေါင်းကိုက်လာသောကြောင့်ထိုပြိုင်ကွင်းမှ ထွက်လာခဲ့ခြင်းဖြစ်သည်။
"အဲ့ဒီတော့ မင်းကလက်ခံလိုက်လား...ဘယ်လိုပဲဖြစ်ဖြစ်...အဲ့ဒီ ကောင်းကင်ကမ္ဘာမြေမီးလျှံက အရမ်းအသုံးဝင်တယ်လေ..."
"ငါက အဲ့ဒီလိုလူမျိုးလို့များထင်နေတာလား...ဒါပေါ့...ငါငြင်းလိုက် တာပေါ့ သေချာပေါက် ငါငြင်းလိုက်တာပေါ့..."
နန်ကုန်းဝူချယ်က ပုဖန်ကိုစိုက်ကြည့်၍ ထပ်ပြောလိုက်သည်။
"အဲ့ဒီငရဲ ဘုရင်ကိုးပါး မီးလျှံက ငါပိုင်တာလုံးဝ မဟုတ်တော့ဘူး...အဲ့ဒီတော့ ငါဟာ့မဟုတ်တဲ့ဟာကို ငါမယူဘူး...ဒါက ငါ့ရဲ့ စိတ်ဓါတ်ပဲ..."
ပုဖန် နန်ကုန်းဝူချယ်ကို မျက်နာသေဖြင့် ထပ်ကြည့်လိုက်ပြန်သည်။
"ဒီလူက ဘာကြောင့် အရမ်းကို ဖြောင့်မတ်မှန်ကန်နေတာလဲ..."
နန်ကုန်းဝူချယ်က ခဏမျှ တိတ်ဆိတ်သွားပြန်သည်။ပြိုင်ပွဲကို ထိုကဲ့သို့ အနိုင်ရခဲ့ခြင်းကြောင့် သူစိတ်မချမ်းမြေ့ ဖြစ်နေမိသည်။
"နေဦး...ဘော်ဒါပု မင်းလည်း နိုင်ခဲ့တယ်ဆိုတော့ ငါတို့နှစ်ယောက်စလုံး ထိပ်သီး၁၀ယောက်ထဲကို ဝင်သွားပြီဆိုတဲ့ အဓိပ္ပါယ်ပဲ မဟုတ်လား..."
နန်ကုန်းဝူချယ်က ကျယ်လောင်စွာ အော်ပြောလိုက်သည်။
"ဒီတော့ ငါတို့ နောက်တစ်ပွဲမှာ ပြိုင်ဘက်အဖြစ်နဲ့ တွေ့ကောင်းတွေ့နိုင်တယ်ပေါ့...ထိပ်သီး ၁၀ ယောက်အကြောင်းစဉ်းစားလိုက်တာနဲ့အဲ အရမ်းကို စိတ်လှုပ်ရှားလာပြီ..."
"စိတ်လှုပ်ရှားတယ် ဘာလို့ငါက ဘာမှမခံစားမိတာလဲ..."
ပုဖန် နန်ကုန်းဝူချယ်ကို ထူးဆန်းသည့် အကြည့်ဖြင့် ကြည့်လိုက်သည်။ပြိုင်ပွဲအတွင်း၌ ပုဖန်ကို စိန်ခေါ်ရနိုင်သည့် ဖြစ်နိုင်ချေကို စဉ်းစားသည့်အခါ၌ သူ နန်ကုန်းဝူချယ် ပါးစပ်ပိတ်လိုက်သည်။သူ့နှလုံးသားထဲ၌လည်း စိုးရိမ်ပူပန်မှုများ အတော်အတန် လျော့နည်းသွားလေသည်။
အချိန်ခဏမျှကြာပြီးနောက် စိတ်ဝိညာဉ် စွမ်းအင်အားနည်းနေသော သွမ့်ယွင် သူတို့နှစ်ယောက်ဆီသို့ လျှောက်လာလေသည်။သူလုပ်နိုင်သမျှ အကောင်းဆုံးကြိုးစားသော်လည်း ပြိုင်ပွဲ၌ ရှုံးနိမ့်ခဲ့လေသည်။ယခု သူ့၏ အဆင့်ကို ကြေငြာမည့်အချိန်ကို စောင့်နေရုံသာ ရှိလေသည်။
အချိန်များ လျှင်မြန်စွာ ကုန်ဆုံးသွားပြီးနောက် ညကောင်းကင်ယံထက်၌ လခြမ်းကွေးလေးနှစ်ခုပင် ပေါ်ထွက်လာပေပြီ။ထိပ်သီး ၅၀ ပြိုင်ပွဲကြီး ပြီးဆုံးသွားလေပြီ။ပထမပြိုင်ကွင်းနေရာ၌ မဟာသခင်ရွှမ်မင်က တည်ကြည်လေးနက်စွာဖြင့် စင်မြင့်ပေါ်တွင် မတ်တပ်ရပ်နေသည်။ဒီည ထိပ်သီး ၅၀ အတွင်း အဆင့်သတ်မှတ်ချက်များကို ကြေငြာမည်ဖြစ်သည်။
"အခု ထိပ်သီး ၅၀ ပြိုင်ပွဲကြီး ပြီးဆုံးသွားပြီ...ပြိုင်ပွဲဝင်တိုင်းက မြင့်မားတဲ့ အရာတွေကို ရနိုင်ဖို့အတွက် သူတို့ စွမ်းအားရှိသမျှ အားကုန်ထုတ်သုံးပြီး တိုက်ခိုက်ခဲ့မယ်လို့ ငါယုံကြည်တယ်..."
မဟာသခင်ရွှမ်မင်က စကားခဏပြောပြီးနောက် ထိပ်သီး ၅၀ စာရင်းကို ကြော်ငြာလာလေသည်။သွမ့်ယွင်က အဆင့် ၄၀ ဆင့် နေရာကိုရရှိခဲ့သည်။သူ ပြိုင်ပွဲအတွင်း သိပ်ကောင်းကောင်းမလုပ်ခဲ့နိုင်ပုံပေါ်လေသည်။
ပုဖန်ကို အံ့အားသင့်စေသည်က ရှုံးရှီ အဆင့် ၁၅ နေရာကို ရခဲ့ခြင်းသာဖြစ်သည်။ထိုဆေးလုံးက ဒိုင်လူကြီးကို ဝမ်းနည်းကြေကွဲအောင်လုပ်ခဲ့သော်လည်းသူ့အကျိုးသက်ရောက်မှုကတော့ ကောင်းပုံပေါ်လေသည်။ပြောရမည်ဆိုလျှင် ထိုဆေးလုံးကလည်း အမှတ် ၂ စိတ်ဝိညာဉ် ဆေးလုံးဖြစ်နေပေသည်။
ကြော်ငြာမှု အပြီး၌ တစ်ချို့လူများက ပျော်ရွှင်နေကြပြီး တစ်ချို့လူများက ဝမ်းနည်းနေကြလေသည်။
ဟုတ်ပေသည်။ထိပ်သီး၁၀ ယောက်စာရင်းကိုလည်း ကြော်ငြာသွားပေသည်။
ထိပ်သီး ၁၀ယောက် စာရင်းကို အဆင့်အတိအကျ ကြော်ငြာသွားခြင်းမဟုတ်ပဲ အဆင့် ၁၁ နေရာကို ကြော်ငြာပြီးသည်နှင့် ကျန်သည့် သူများက ထိပ်သီး ၁၀ ယောက်ထဲ ပါဝင်သည်ဟု သတ်မှတ်လိုက်ခြင်းဖြစ်သည်။
ထို ၁၀ ယောက်ထဲတွင် ပုဖန်ရော နန်ကုန်းဝူချယ်ပါ ပါဝင်နေပေသည်။နောက်ဆုံးတွင် စင်ပေါ်၌ ထို ၁၀ ယောက်သာ ကျန်ခဲ့လေသည်။မဟာသခင်ရွှမ်မင်၏ တည်ကြည်လေးနက်လှသော မျက်နာတွင် စိတ်ကျေနပ် အားရလှသော အပြုံးတစ်ခု ပေါ်လာလေသည်။
ထိုသူများက ဆေးနန်းတော်၏ အနာဂတ်များဖြစ်သည်။
မှန်ပေသည်။စားဖိုမှူးကလည်း အားလုံးမျှော်လင့်ထားသည်ထက်ကျော်လွန်၍ အဆင့် ၁၀ ထဲဝင်အောင် စွမ်းဆောင်နိုင်ခဲ့သည်။
ထို့ကြောင့် သူ့၏ စိတ်ခံစားချက်များက အလွန်ကောင်းမွန်နေလေသည်။ဒီတစ်ကြိမ်၌ သူတို့ မြူကောင်းကင်မြို့တော်မှ ထိပ်သီး ၁၀ ယောက် ထဲသို့ လူနှစ်ယောက် ပါဝင်နိုင်ခဲ့သည်။ဒါက အရင် ပဉ္စလက် ပြိုင်ပွဲများထက် ပို၍ ရလဒ်ကောင်းနေပေသည်။အရင်ကပြိုင်ပွဲ၌ ထိပ်သီး ၁၀ ယောက်အတွင်းသို့ မြူကောင်းကင်မြို့မှ တစ်ယောက်မှ မပါခဲ့ပေ။
"ကောင်းပြီ အခု ဒီလူတွေက ပဉ္စလက်ပြိုင်ပွဲကြီးထဲက အသန်မာဆုံး လူတွေကြားထဲမှာမှ ထူးကဲတဲ့ ပါရမီရှင်တွေပဲ...လဝက်အတွင်းမှာ ငါတို့က မင်းတို့ရဲ့ အဆင့်တွေကို သတ်မှတ်ထားပေမယ်...အခုကနေစပြီး နေ့တိုင်း ပြိုင်ပွဲတွေကို ရေးမှတ်ထားမယ်...ပြိုင်ပွဲရဲ့ စည်းကမ်းကတော့ အတူတူပဲ ရှုံးတဲ့လူက အဆင့်ကျမယ်...ဒီနည်းလမ်းနဲ့ မင်းတို့ရဲ့ နောက်ဆုံးအဆင့်ကို ဆုံးဖြတ်ပေးမယ်..."
ပဉ္စလက်ပြိုင်ပွဲကြီးဤ ထိုနည်းလမ်းဖြင့် အသန်ဆုံးသော သူကို ရွေးချယ်ထုတ်ခြင်းဖြစ်သည်။
"အခု အရင်အတိုင်းပဲ မင်းတို့ရဲ့ ပြိုင်ဘက်တွေကို ရွေးချယ်မယ်..."
မဟာသခင် ရွှမ်မင်၏ ဘေးနားတွင်ရှိနေသော မဟာသခင်ကုဟယ်က ပြုံးပျော်ရွှင်နေသော အမူအရာဖြင့် ကျောက်စိမ်းပြားကို ထုတ်ယူလိုက်သည်။စင်ပေါ်၌ ရှိနေသော လူများအားလုံးကလည်း သူ့ဆီသို့ အာရုံစိုက်လိုက်ကြသည်။
ပရိတ်သတ်များကလည်း ထိပ်သီး ၁၀ ယောက်၏ ပွဲစဉ်ကို စောင့်ဆိုင်းနေကြပေပြီ။ထိုဖျက်မြင်း စားဖိုမှူးက မည်သူနှင့်ရင်ဆိုင်ရမည်ကို သိချင်နေကြပေပြီ။
စင်မြင့်ပေါ်၌ မြူကောင်းကင်မြို့၏ပါရမီရှင် အဂ္ဂိရတ်ပညာရှင် နန်ကုန်းဝူချယ်လည်း ရှိနေပေသည်။စင်ပေါ်၌ ရှိသည့်သူမည်သူမှ မှော်ကဝေအန်းရှန့်ထက် အားနည်းလိမ့်မည် မဟုတ်ပေ။
ဝီ...
စူးရှသည့် အသံကျယ်နှင့်အတူ မျက်စိ ကန်းမလောက် တောက်ပသော အလင်းရောင်များထွက်ပေါ်လာသည်။ထိုနေရာ၌ လူ ၁၀ ယောက်၏ နာမည်များကို ဖော်ပြထားပေသည်။
ပုဖန် ခေါင်းမော့၍ သူ့ပြိုင်ဘက်၏ အမည်ကို ရှာဖွေလိုက်သည်။သူ့မျက်လုံးများက အလွန်ပင် ကြည်လင်စူးရှိနေပေသည်။သ်ို့သော်လည်း သူ့ပြိုင်ဘက်ကို မြင်လိုက်သည့်ခဏ၌ ဇဝေဇဝါဖြစ်သွားပြီး သူ့အမူအရာက ထူးဆန်းသွားလေသည်။
သူဘေးတွင်ရှိနေသောနန်ကုန်းဝူချယ်ကလည်း အံ့အားသင့်သွားသည်။သူရယ်ရမလို ငိုရမလို ဖြစ်သွားလေ၏။
"ဘော်ဒါပု ကြည့်စမ်းပါဦး ဒါကြီးက အရမ်းရယ်စရာကောင်းတယ်...ငါပြောတဲ့အတိုင်းပဲ ဖြစ်လာတယ် ကြည့်ရတာတော့ မင်းက နောက်ထပ် ငါ့ရဲ့ ပြိုင်ဘက်ဖြစ်လာရမယ်ဆိုတဲ့ စကားကို ကြားသွားတယ်တူတယ်..."
တောက်ပနေသော အလင်းရောင်များအောက်၌ ပုဖန်၏ ပြိုင်ဘက်က တကယ့်ကို နန်ကုန်းဝူချယ်ဖြစ်နေလေသည်။ပရိတ်သတ်များအားလုံး တ်ိတ်ဆိတ်ငြိမ်သက်သွားကြသည်။သို့သော် ခဏမျှ အကြာ၌ အော်ဟစ်သံများ ထွက်ပေါ်လာ၏ သူတို့၏ မျက်ဝန်းထဲ၌ စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေပေပြီ။
"နန်ကုန်းဝူချယ်က ပိုင်ရှင်ပုနဲ့ ပြိုင်ရမယ်လား...သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးက တော်တော်လေးကောင်းတယ်မဟုတ်ဘူးလား..."
ပရိတ်သတ်များကြား၌ ပြောဆိုနေသံများ ဆူညံပွက်လောရိုက်နေပေသည်။ပျင်းရိစွာ စောင့်ဆိုင်းခဲ့ရပြီးနောက် စိတ်လှုပ်ရှားစရာအချိန်လေး ရောက်လာပေပြီ။
မဟာသခင်ရွှမ်မင်၏ မျက်နာက မဲသည်းနေပေပြီ။ထိုသူနှစ်ယောက်လုံးက မြူကောင်းကင်မြို့မှ သူများဖြစ်သည်။
ဒာကြီးက အိမ်ကြက်ချင်း ခွပ်ခိုင်းတာလား...ဘာကြောင့်လဲ...
နန်ကုန်းဝူချယ်က ရယ်ရမလားငိုရမလားမသိတော့ပဲ သူ့နှလုံးသားထဲတွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေပေပြီ။
ပုဖန် ထိုနာမည်စာရင်းကိုအချိန်အတော်ကြာ စိုက်ကြည့်နေသည်။နောက်ဆုံး သူ့၏ နှုတ်ခမ်းထောင့်စွန်းလေးများ တွန့်ကွေးသွားပြီး ခပ်ဖျော့ဖျော့အပြုံးတစ်ခုကို ဖော်ပြလိုက်လေသည်။
သူ့အကြည့်များက မဟာသခင်ရွှမ်မင်ဆီသို့ ကျရောက်သွားပြီး အလေးအနက်ပြောလိုက်သည်။
"မဟာသခင် ကျွန်တော် အရှုံးပေးလို့ရလား...ကျွန်တော် ဒီ ထိပ်သီး၁၀ ယောက် ပြိုင်ပွဲထဲမှာ မပါချင်ဘူး..."
ထိုစကားများပြောလိုက်သည့်ခဏ၌ အားလုံး ကြောင်အ တိတ်ဆိတ်သွားကြသည်။
"အရှုံးပေးမယ်...ပြိုင်ပွဲအတွင်းမှာ ရက်ရက်စက်စက်သတ်ဖြတ်တဲ့ နည်းလမ်းနဲ့ အဆင့်တက်ခဲ့တဲ့သူက ဒီလိုမျိုး နှုတ်ထွက်မယ်..ဒါတွေအားလုံးက နန်ကုန်းဝူချယ်အတွက်လား..."
ပရိတ်သတ်များ၏ မျက်ဝန်းများက လင်ကွင်းလောက် ပြူးကျယ်လာခဲ့သည်။ထို့နောက် သူတို့၏ အတွေးများက ရောက်တက်ရာရာ ဖြစ်နေလေပြီ။
"သူတို့နှစ်ယောက်ရဲ့ကြားမှာပြောမပြနိုင်တဲ့ လျှို့ဝှက်ချက်လေးများရှိနေတာလား...ဒါက တော်တော်လေး စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်လမ်းတွေပဲ..."