အခန်း ၅၃၁
အဆုံးသတ်တော့ ခွေးဘုရင်လည်း ထိုကြက်သားစပ်ကြော်ကို စားရပေမည်။
ပုဖန် ဘလက်ကီ၏ ရှုပ်ထွေးနေသော အမူအရာကိုကြည့်ပြီးနောက် ပန်းကန်လုံးတစ်လုံးကို ထုပ်ယူလိုက်ကာ သူရှေ့၌ ချပေးလိုက်သည်။
ခွေးဘုရင်က ပုဖန်၏ အထင်အမြင်သေးသလို အကြည့်များကို တွေ့သွားပြီး ဒေါသများရှူးခနဲထွက်လာလေသည်။
ဒီကောင်စုတ်လေး ပုဖန်က ခွေးဘုရင်ကို တူအသုံးပြုဖို့ သင်ဖို့ တကယ်ကို ခိုင်းရဲတယ်ဟုတ်လား...သူကတော့ တအားများသွားပြီ...
ခွေးဘုရင်စိတ်ထဲ၌ မကျေနပ်မှုများ အဆမတန် တိုးပွားလာလေသည်။သူပုဖန်ကို စူးစူးရဲရဲစိုက်ကြည့်လိုက်သည်။ဒီကောင်ကို သူ့လက်သည်းများနှင့် ကုတ်ခြစ်၍ သတ်ပစ်လိုက်ချင်သည်။သို့သော်လည်း သူစ်ိတ်ပြန်ထိန်းလိုက်သည်။
ဒီကောင်စုတ်လေးကိုသာ သတ်လိုက်လျှင် သူ့အတွက် ဝက်နံရိုးချိုချဉ်ကြော် ဘယ်သူချက်ပေးတော့မည်နည်း။ဝက်နံရိုးချိုချဉ်ကြော်အကြောင်းကို တွေးပြီး သူ့စိတ်ကို ထိန်းချုပ်လိုက်သည်။သူမပျော်မရွှင်နှင့်ပင် ကြက်အစပ်ကြော်ကို စားရန်ပြင်လိုက်သည်။
နယ်သာရီက တူဘယ်လိုသုံးရသည်ကို သင်ယူပြီးနောက် လျှင်မြန်စွာပင် ကြက်သားတစ်ဖက်ကို ကောက်ယူလိုက်ပြီး ပါးစပ်ထဲ ထည့်လိုက်သည်။သူမ၏ မျက်ဝန်းများက လင်းလက်တောက်ပသွားပြီးနောက် သူလှုပ်ရှားမှုက ပို၍ပင် မြန်ဆန်လာသည်။
အချိန်တိုအတွင်းမှာပင် ကြက်သားတစ်ပန်းကန်လုံး စားသုံးပစ်လိုက်ပြီး မြေပဲအကြေများပင် ချန်မထားခဲ့ပေ။ပုဖန် စွံ့အနေမိသည်။တကယ်တမ်းတွင် သူနည်းနည်းလေးမျှသာ စားရသေးသည်။သို့သော်လည်း ထိုအပိုင်းအစလေးနည်းနည်းက ပင် လန်းဆန်းသည့် ခံစားချက်ကို ပေးစွမ်းပေသည်။
နယ်သာရီက စားပြီးနောက် စိတ်ဝိညာဉ် စွမ်းအင်များပြည့်နေသည့် လေချဉ်များ ဆက်တိုက်တက်နေလေသည်။ထိုမြင်ကွင်းက အနည်းငယ် ရီစရာကောင်းလှသည်။
ခွေးဘုရင်ကလည်း နယ်သာရီကို ကြည့်လိုက်သည်။အဆုံးသတ်၌ ခွေးဘုရင်က သူ့၏ ကြက်သားပန်းကန်ကိုပင် မကာကွယ်နိုင်ခဲ့ပေ။ထိုအမျိုးသမီး သူ့အတွက် ကြက်သားများယူစားနေသည်ကိုပင် ကြည့်နေခဲ့ရသည်။
"ဒါက တူသုံးခြင်းရဲ့ အကျိုးကျေးဇူးပဲလေ..."
ပုဖန်က ဘလက်ကီ၏ မျက်နာကိုကြည့်၍ ပြောလိုက်သည်။ကောင်းကင်ယံ၌ လထွက်ပေါ်လာပြီး နက်မှောင်နေသော ကောင်းကင်က နက်ပြာရောင်အဖြစ်သို့ ပြောင်းလဲသွားလေသည်။
ပုဖန် သူ့အခန်းဆီသို့ ပြန်ရောက်လာပြီးနောက် ရေချိုးသန့်စင်လိုက်သည်။ထို့နောက် ပြတင်းပေါက်နားတွင်ရပ်ကာမြူကောင်းကင်မြို့၏ ညလေညှင်းလေးကို ခံစားရင်း ဆံပင်များ အခြောက်ခံနေလိုက်သည်။
ခဏမျှ အကြာ၌ အိပ်ယာဆီသို့ သွား၍ ကောင်းမွန်စွာအိပ်စက်လိုက်လေသည်။သူ့လို စားဖိုမှူးတစ်ယောက် အတွက် အိပ်စက်ခြင်းကလည်း အရေးကြီးလှပေသည်။
.....
နောက်တစ်နေ့မနက်ခင်း၌ ရွှေရောင်တောက်ပနေသော နေရောင်ခြည်က သူ့မျက်နာကို ဖြာကျလာချိန် ပုဖန်အိပ်ယာမှ ထလိုက်သည်။သူ မီးဖိုချောင်ဆီသို့ ဆင်းလာခဲ့ပြီးနောက် တစ်နေ့တာလေ့ကျင့်ခန်းများကို ပြုလုပ်လိုက်ပြီး နယ်သာရီနှင့် ဘလက်ကီတို့အတွက် မနက်စာပြင်လိုက်သည်။
သူ စားစရာများကို သွားချပေးလိုက်ပြီးနောက် မီးဖိုချောင်ထဲပြန်ဝင်လာကာသူ့အတွက် မနက်စာကိုပါ ပြင်လိုက်သည်။မကြာခင် အငွေ့တထောင်းထောင်းထနေသော ရွှေဝါရောင်အသားပေါင်းဖတ်ထုပ်လေးများကိုသယ်၍ ပြန်လာခဲ့သည်။
စားသောက်ပြီးစီးသွားသည်နှင့် ရှင်းလင်းဆေးကြောလိုက်ပြီးနောက် ဆိုင်တံခါးကို ဖွင့်လိုက်သည်။ဒီနေ့အတွက် စီးပွားရေးလုပ်ငန်းစတင်ပေပြီ။
"ပိုင်ရှင်ပု မင်းက အခုထိ ဆိုင်ဖွင့်နေသေးတယ်လား...ဒီနေ့က ပဉ္စလက်စုဝေးပွဲကြီးရဲ့ ထိပ်သီး ပြိုင်ပွဲရှိတယ်လေ...မင်းအဲ့ဒါကို သွားမကြည့်ဘူးလား..."
စားသုံးသူတစ်ယောက်က ခပ်ပြုံးပြုံးဖြင် လှမ်းပြောလေသည်။ပုဖန် ခဏမျှ ကြောင်အသွားပြီးနောက် ပြန်လည်၍ တုံ့ပြန်လိုက်သည်။
"သွားကြည့်စရာမလိုဘူး..."
တကယ်လည်း သွားကြည့်စရာမလိုပေ။နောက်ထပ် ပြိုင်ပွဲတွင် နန်ကုန်းဝူချယ်ကို ကောင်းကောင်းကြီး ပညာပြသရန် သူဆုံးဖြတ်ပြီးထားပေပြီ။
ပြီးလျှင်တော့ သူ နန်ကုန်းဝူချယ်ကို အနိုင်ပေးလိုက်ပေမည်။ထိုသို့ဆိုလျှင် နောက်ထပ် အဂ္ဂိရတ်ပညာရှင်များနှင့် တွေ့စရာအကြောင်းအရင်းမရှိတော့ပေ။
ထို့ကြောင့် သူတို့၏ ပြိုင်ပွဲများကိုလည်း သူသွားကြည့်စရာမလိုတော့ပေ။သူ့၏ စွမ်းရည်များဖြင့် စီးပွားရေးစတင်လှည့်ပတ်နေကာ နတ်မင်းစွေ့စွေ့ခုန် စွပ်ပြုတ် ပွဲအနည်းငယ် ပိုရောင်းသည်ကမှ အကျိုးရှိပေသည်။
"ပိုင်ရှင်ပု ကြည့်ရတာတော့ အဲ့ဒီမှာ ဟင်းပွဲအသစ်ရှိနေပုံပဲ..."
အမြင်စူးရှသော စားသုံးသူတစ်ယောက်က မီနူးပေါ်ရှိ ဟင်းပွဲအသစ်တစ်ခုကို သတိပြုမိသွားလေသည်။စားသုံးသူများအားလုံးက ပုဖန်၏ ဟင်းပွဲအသစ်ကို စိတ်ဝင်စားသွားကြလေသည်။ထို့ကြောင့် ကြက်သားအစပ်ကြော်ဟင်းပွဲကိုသာ မှာလိုက်ကြသည်။
ပုဖန် မီးဖိုချောင်ဘက်သို့ ပြန်လည် လှည့်ဝင်သွားလိုက်သည်။သူ စတင်၍ အလုပ်ရှုပ်နေပေသည်။
.....
နန်ကုန်းဝူချယ်က အလွန်ပျော်ရွှင်နေပုံရလေ၏ သူက လှပလှသောညီမငယ် နန်ကုန်းဝမ်ကို အတူတူခေါ်ဆောင်၍ ရောက်လာခဲ့သည်။
ဒီလူကကော မုပိုင်ရဲ့ ပြိုင်ပွဲကို သွားမကြည့်ဘူးလား...
"ပိုင်ရှင်ပု ဟင်းပွဲအသစ်ရှိတာကို ငါ့ကို မပြောဘူးနော်...မြန်မြန်လေး တစ်ပွဲပေး..."
နန်ကုန်းဝူချယ်က ဆိုင်ထဲသို့ ရောက်သည်နှင့် ခွေးတစ်ကောင်ကဲ့သို့ပင် ပုဖန်၏ ဟင်းပွဲကို အနံ့ခံမိသွားသည်။
"မင်း မုပိုင်ရဲ့ ပြိုင်ပွဲကို သွားမကြည့်ဘူးလား..."
ပုဖန်က ကြက်သားအစပ်ကြော်ဟင်းပွဲကို သယ်ဆောင်၍ မီးဖိခန်းထဲမှ ထွက်လာရင်း မေးလိုက်သည်။
"ဘာများကြည့်စရာရှိလို့လဲ...အဲ့ဒီနေရာမှာဘာမှများများစားစားဖြစ်မှာလည်း မဟုတ်ဘူး ...မုပိုင်ရဲ့ စွမ်းရည်ကလမ်းကြိတ်စက်လိုပဲ အားလုံးကို နင်းချေသွားလိမ့်မယ်...ငါ မင်းကို အခုပြောပြလိုက်မယ်...ဒီပဉ္စလက်စုဝေးပွဲကြီးရဲ့ ချန်ပီယံက မုပိုင်ကလွဲပြီး တစ်ခြားဘယ်သူမှ မဖြစ်နိုင်ဘူး...ဆေးလုံးသန့်စင်တဲ့နေရာမှာ အဲ့ဒီလို မွန်းစတားမျိုးနဲ့ ဘယ်သူကများ ယှဉ်ပြိုင်နိုင်မှာလဲ..."
နန်ကုန်းဝူချယ်က ကြက်သားတစ်ဖက်ကိုယူ၍ ပါးစပ်ထဲ ထည့်လိုက်သည်နှင့် သူ့၏ မျက်ဝန်းများ ပြူးကျယ်သွားသည်။ထို့နောက် သူ ပြောလက်စ စကားကို ဆက်လက်၍ ပြောလေသည်။
"အဲ့ဒီမုပိုင်မှာ မျက်နာဖြူဆိုတဲ့နာမည်အပြင် တခြားနာမည်ပြောင် တစ်ခုရှိသေးတယ် မင်းသိလား ..."
နန်ကုန်းဝူချယ်က ဒူးနန့်ရင်း ဆက်လက်၍ စကားပြောဆိုနေသည်။သူက ပြောနေသည့်အကြောင်းအရာကို ရပ်မည့်ပုံမပေါ်ပေ။
"လူတွေ မုပိုင်ကို တိုက်ခိုက်ရေး ဘုရင်လို့ တင်စားခေါ်ဝေါ်ကြတယ်...အဲ့ဒါက ရူးသွပ်လွန်းတယ်မဟုတ်ဘူးလား...တကယ့် မဟာသခင်ကြီးတွေတောင် သူတို့ကိုသူတို့ တိုက်ခိုက်ရေးဘုရင်လို့ မပြောရဲဘူး..."
မုပိုင်က တောက်ပကောင်းကင်မြို့တော်မှ အဂ္ဂိရတ်ပညာရှင်တစ်ယောက်ဖြစ်ပြီး ဆေးနန်းတော်၏ အငယ်ဆုံး ခေါင်းဆောင်တစ်ယောက်လည်း ဖြစ်သည်။
"ဘော်ဒါပု နောက်သုံးရက်ကြာရင် ငါတို့ နှာဉ်ပြိုင်ရတော့မယ်နော် မင်းတကယ်ပဲ အရှုံးပေးတော့မှာလား..."
နန်ကုန်းဝူချယ်က သူ့၏ ကြက်သားကြော်ကို စားပြီးသွားပြီးနောက် ဆီပေနေသော နှုတ်ခမ်းများကို လျက်လိုက်ပြီး ပုဖန်ကို မေးလိုက်သည်။
"ဆက်နေစရာလည်းအကြောင်းမရှိတော့ဘူးလေ...ဒီပြိုင်ပွဲမှာ ငါလိုချင်တာလည်း ငါရပြီးသွားပြီ...အဲ့ဒီတော့ တခြားအဂ္ဂိရတ်ပညာရှင်တွေနဲ့ ပြိုင်နေစရာအကြောင်းမရှိတော့ဘူး...အဲ့ဒီအစား ငါဆိုင်မှာငါ ပိုပြီးအချိန်ဖြုန်းတာက အကျိုးရှိတယ်...."
ပုဖန်က အေးဆေးစွာပင် ပြန်ပြောလိုက်သည်။
"ကောင်းပြီလေ အဲ့ဒိဆိုရင်လည်း နောက်တစ်ပွဲကျရင် ချက်ချင်းကြီးတော့လည်း အရှုံးမပေးနဲ့နော် အနည်းဆုံးတော့ မင်းရဲ့ အချက်အပြုတ်အရည်အချင်းလေးတော့ ပြဦး...မဟုတ်လို့ရှိရင် ငါမျက်နာသာမရပဲနေလိမ့်မယ်..."
နန်ကုန်းဝူချယ်က အရှက်မဲ့စွာဖြင့်ပင် ပုဖန်ကို ညွှန်ကြားပြောဆိုလေသည်။သူ့ဘေးနား၌ထိုင်နေသောနန်ကုန်းဝမ်လည်း မျက်လုံးလှန်လိုက်မိသည်။
"နန်ကုန်းဝူချယ် နင်ကလေ အရှက်မဲ့တဲ့ နေရာမှာတော့ ပြိုင်စံရှားပဲ..."
"ဘာလဲဟ...ဘော်ဒါပုက သူ့ဟာသူ ထပ်ပြီး မပြိုင်ချင်တော့ဘူးလို့ ပြောနေတယ်လေ...မဟုတ်ဘူးလား...ငါက သူ့ကို ဘယ်လိုလုပ်ရမယ်ဆို အကြံဉာဏ်ပေးရုံပဲ...ဒါကို ကျိုးကြောင်း ညီညွှတ်တယ်လို့ခေါ်တယ်...သူက ပြိုင်ပွဲကိုဆက်မပြိုင်ချင် တော့ဘူးဆိုမှတော့ ဘာကြောင့်ကောင်းကောင်းမွန်မွန်လေးအရှုံးမပေးရမှာလဲ ဘယ်လိုပဲဖြစ်ဖြစ် သူက ထိပ်သီး၁၀ယောက်ထဲ ဝင်ခဲ့တာပဲလေ..."
နန်ကုန်းဝူချယ်က ပြန်ငြင်းခုံလိုက်သည်။
နန်ကုန်းဝမ် သူ့အကိုကြီး အရှက်မဲ့မှုကို မည်သို့မှ မတတ်နိုင်တော့ပေ။
"ဒီလူက တကယ်ကြီး ငါ့အကိုအဖြစ် မွေးဖွားလာတာလား...ငါပြောမယ် ပိုင်ရှင်ပု နင်တကယ်ပဲ ပြိုင်ပွဲကို ဆက်မပြိုင်ချင်တော့ဘူးလား...ငါထင်ထားကတော့ နင် အဆင့် ၃ နေရာထိရောက်နိုင်တယ်...ပဉ္စလက်ပြိုင်ပွဲကြီးရဲ့ အဆင့် ၃ ဆိုတာက လူတိုင်း အိပ်မက်မက်ကြတဲ့နေရာပဲ ...အဆင့် ၃နေရာကို ရောက်ရင် ဆေးနန်းတော်က ထိန်းချုပ်ထားတဲ့ လျှို့ဝှက်နယ်မြေကို ဝင်နိုင်မယ့် အခွင့်အရေးရမယ် ပြီးတော့ အမှတ် ၅ စိတ်ဝိညာဉ် ဆေးလုံးကို သန့်စင်နိုင်တဲ့ ဆေးညွှန်း အထူးဆုလည်း ရမယ်..."
နန်ကုန်းဝမ်၏ စကားကြောင့် ပုဖန် ခဏမျှ ကြောင်အတိတ်ဆိတ်သွားလေသည်။
"အဆင့်၃ နေရာကိုရရင် ဆုရမယ်ဟုတ်လား..."
ဒီတစ်ကြိမ်တော့ နန်ကုန်းမောင်နှမ တိတ်ဆိတ်သွားသည့်အလှည့်ဖြစ်သည်။
"ဘယ်လိုဖြစ်လို့ ပိုင်ရှင်ပုက အဲ့ဒီလို မေးခွန်းမျိုးမေးနေတာလဲ...သူ အဂ္ဂိရတ်ပညာရှင်တွေနဲ့ ဝင်ယှဉ်ပြိုင်ခဲ့တာက နာမည်ဂုဏ်လိုချင်ရုံလေးပဲလို့ မပြောနဲ့နော်...နာမည်ဂုဏ်က ဘာလုပ်လို့ရလို့လဲ အဲ့ဒါက စားလို့ရလို့လား..."
သူတို့အားလုံးက ဆုလာဘ်အတွက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြခြင်းဖြစ်သည်။ပဉ္စလက်စုဝေးပွဲကြီး၏ ထိပ်ဆုံး ၁၀ ယောက်ထဲကို ဝင်ရောက်သည်နှင့် ဆုများလက်ခံရရှိပေလိမ့်မည်။ဆုတစ်ခုခြင်းစီက ကွဲပြားခြားနားသည့် ဆေးလုံးလမ်းညွှန်များပင်ဖြစ်သည်။ထို့အပြင် မြောက်များလှစွာသော သလင်းကျောက်များကိုလည်း လက်ခံရရှိပေလိမ့်မည်။
"ဆုအဖြစ် သလင်းကျောက်တွေလည်း ရမယ်ဟုတ်လား..."
သလင်းကျောက်ဆိုသည့်အသံကြားသည်နှင့် ပုဖန်၏ စိတ်ဝိညာဉ်က ပြန်လည်ရှင်သန်လာသလို ဖြစ်လာပေသည်။
"ဟူး... ဟုတ်တယ် အဲ့ဒီမှာဟသလင်းကျောက်တွေကိုလည်း ဆုအဖြစ်ပေးတယ် ဒါပေမယ့် အရမ်းတော့ အရေးမပါဘူး ...နံပါတ် ၁၀ နေရာက သလင်းကျောက် တစ်သောင်းပဲ ရမှာ နံပါတ်၃ နေရာမှ သလင်းကျောက် တစ်သိန်းပဲရမှာ..."
နန်ကုန်းဝမ် ရှင်းပြလိုက်သည်။နန်ကုန်းမိသားစုကဲ့သို့ စီးပွားရေးတောင့်တင်းခိုင်မာသည့် မိသားစုကြီးများအနေဖြင့် သလင်းကျောက် တစ်သောင်းနှင့် သလင်းကျောက် တစ်သိန်းဆိုသည်က ကွဲပြားခြားနားမှု များစွာမရှိပေ။
ထ်ိုဆုက သူတို့အတွက် အဓိပ္ပါယ်မရှိပေ။သို့သော်လည်း အဂ္ဂိရတ်ပညာရှင်များအတွက်မူ သလင်းကျောက်ရော တခြားဆုရောနှစ်မျိုးလုံးက အဖိုးထိုက်တန်လှပေသည်။
"ထိပ်ဆုံး ၃ယောက်ကကောဘယ်လိုလဲ...အဲ့ဒီလူတွေကကော သလင်းကျောက်ထဲတွေ အများကြီးရတာလား..."
ပုဖန်က ကျေနပ်အံ့အားသင့်စွာဖြင့် ထပ်မေးလိုက်သည်။
"ထိပ်ဆုံး ၃ယောက်ဟုတ်လား...ပိုင်ရှင်ပု ဘာကြောင့် သလင်းကျောက်ဆုကို မေးနေသေးတာလဲ...နင်က တကယ်ကို တုံးအတာပဲ...ထိပ်ဆုံး ၃ယောက်က လျှို့ဝှက်နယ်ပယ် ဝင်ခွင့်ရတယ်...အဲ့ဒီ အခွင့်အရေးကို သလင်းကျောက်တွေနဲ့တောင် ဝယ်လို့မရဘူး..."
နန်ကုန်းဝူချယ်က ခေါင်းအသာခါယမ်းရင်း စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်သည်။ထိုသို့ ပြောပြီးသည့်နောက် သူ့စိတ်ထဲ၌ တင်းကျပ်သွားလေသည်။
"ဘော်ဒါပု မင်းပြိုင်ပွဲကို ဆုအတွက်နဲ့တော့ ထပ်မပြိုင်ဘူး ဟုတ်တယ်မဟုတ်လား...အဲ့ဒီလိုမလုပ်နဲ့နော် မင်းအရှုံးပေးမယ်လို့ ပြောထားပြီးမှတော့ အရှုံးပေးရမယ်... ယောက်ကျားတစ်ယောက်ရဲ့စကားက တောင်တတောင်လို ခိုင်မြဲရတယ်..."
နန်ကုန်းဝူချယ်က ဒေါသတကြီးဖြင့် အော်ဟစ်ပြောဆိုလိုက်သည်။
"မင်းကဘာလို့ အရမ်းတွေ ကြောက်နေရတာလဲ...ငါက အဲ့ဒီလျှို့ဝှက်နယ်ပယ်အကြောင်းကို စိတ်မဝင်စားပါဘူး..."
ပုဖန်က မျက်လုံးလှန်လိုက်မိပြီးနောက် နန်ကုန်းဝူချယ်ကို ခပ်မဲ့မဲ့ကြည့်၍ ပြုံးလိုက်သည် ထို့နောက် သူမီးဖိုချောင်ဘက်သို့ လှည့်ဝင်သွားလိုက်သည်။
ပုဖန်ဆီမှ အာမခံချက်ကို ရပြီးနောက် နန်ကုန်းဝူချယ်၏ နှလုံးသားလေး ပြန်လည်ငြိမ်သက်သွားသည်။ထို့နောက် သူ နတ်မင်းစွေ့စွေ့ခုန် ဟင်းပွဲအပါအဝင် တစ်ခြား ဟင်းပွဲအနည်းငယ်ကို ထပ်မံ မှာယူလိုက်လေသည်။
နန်ကုန်းဝူချယ်၏ သုံးဖြုန်းမှုက ပုဖန်၏ မျက်ဝန်းများကို တောက်ပသွားစေသည်။နောက်ထပ်သုံးရက်လုံးလုံး နန်ကုန်းဝူချယ် ပုဖန်၏ ဆိုင်သို့သာ နေ့စဉ်လာရောက်စားသောက်နေသောကြောင့် သူအနည်းငယ်ပင် ဝိတ်တက်လာခဲ့သည်။
ပုဖန်၏ ဖြောင်းဖျပြောဆိုမှုကြောင့် သူ စိတ်သက်သာရာရမှုကို ခံစားနေရသည်။သူတို့၏ ပြိုင်ပွဲအခ်ျိန်ရောက်လာလျှင် စွမ်းအင်တစ်ချို့ကိုလည်း သူထုတ်ဖော်ပြသရပေမည်။
ပြိုင်ပွဲအချိန်က မနက်ဖြန်ဖြစ်သည်။
ထိပ်ဆုံး ၁၀ယောက် ပြိုင်ပွဲက တစ်နေ့လျှင် တစ်ပွဲသာကျင်းပပြီး ၁၀ရက်အချိန်ကြာပေလိမ့်မည်။ပြိုင်ပွဲတွင် အနိုင်ရသူ ငါးဦးက အလိုအလျောက် နောက်ပွဲစဉ်တစ်ခုသို့ တက်ရောက်သွားနိုင်ပေလိမ့်မည်။
ထိပ်ဆုံး ၃ယောက်ကို ရွေးချယ်ပြီးနောက် သူတို့၏ စွမ်းဆောင်ရည်အရ အဆင့်များ သတ်မှတ်ပေးလိမ့်မည်။
.....
နန်ကုန်းဝူချယ်ကနန်ကုန်းမိသားစု၏ ခြံဝန်းထဲတွင် အေးအေးလူလူ လမ်းလျှောက်ရင်း ချိုမြိန်သည့် သီချင်းတစ်ပုဒ်က်ို ညီးတွားနေခဲ့သည်။
ရုတ်တရက် ထွားကြိုင်သန်မာသည့် လူတစ်ယောက် နန်ကုန်းမိသားစုခြံဝန်းထဲသို့ ဝင်လာခဲ့သည်။
ယန်မိန်ကျီက နန်ကုန်းဝူချယ်ကို လာရှာခဲ့သည်။သူ သူမကို မြင်သည့်အခါ၌ အနည်းငယ်ပင် စိတ်ရှုပ်ထွေးသွားခဲ့သည်။
သူ့ရှေ့က အမျိုးသမီးနှင့် ပတ်သတ်၍ သူ့တွင် ကောင်းမွန်သည့် ခံစားချက်များရှိသည်ဟု မပြောနိုင်ပေ။သို့သော်လည်း သူမကို မနှစ်သက် ရွံ့ရှာခြင်းတော့မဖြစ်ပေ။မည်သို့ပင်ဆိုစေ သူ့၏ ငရဲဘုရင်ကိုးပါးမီးလျှံကို သူမ၏ စွမ်းဆောင်ရည်ဖြင့် ရရှိထားခဲ့ခြင်းသာဖြစ်သည်။
သို့သော်လည်း သူပိုင်ဆိုင်ခဲ့ဖူးသည့် မီးလျှံကို ယန်မ်ိန်ကျီထိန်းချုပ်နေသည်ကပင် သူ့ကို မသက်မသာ ခံစားရစေသည်။ထိုထွားကြိုင်းသန်မာသည့် အမျိုးသမီးက ရှက်ကိုးရှက်ကန်းဖြစ်နေသည်ကို မြင်ရသောအခါ၌ နန်ကုန်းဝူချယ် သူ့ညီမဆီမှ မျက်လုံးလှန်သည့် နည်းကို သင်ထားသင့်သည်ဟုပင် ခံစားလိုက်မိသည်။
"မိန်းကလေး ယန်မ်ိန်ကျီ ဒီမှာ တစ်ခုခုများလာရှာတာလား...ဒါမှမဟုတ်...တစ်စုံတစ်ရာအကြောင်းမရှိဘူးဆိုရင်လည်း ကျေးဇူးပြုပြီး ထွက်သွားပေးပါလား...ငါ မနက်ဖြန်ပြိုင်ပွဲအတွက် ပြင်ဆင်စရာတွေရှိတယ်..."
နန်ကုန်းဝူချယ်က အေးစက်စွာ ပြောလိုက်သည်။ယန်မိန်ကျီ၏ ခန္ဓာကိုယ်က တုန်ယင်သွားပြီးနောက် သူ့မျက်နာက ရဲရဲနီလာခဲ့သည်။သူမက အသာအယာ ပြန်ပြောလေသည်။
"နင်မနက်ဖြန်ကျရင် ပိုင်ရှင်ပုနဲ့ ပြိုင်ရမယ်ဆိုတာ ငါသိပါတယ်...သူက အရမ်းကို အားကောင်းတဲ့ ပြိုင်ဘက်တစ်ယောက်ပဲ သူ့ရဲ့ အချက်အပြုတ်စွမ်းရည်ကလည်း အရမ်းကောင်းတယ် အဲ့ဒီတော့..."
"အဲ့ဒီတော့... ဘာဖြစ်လဲ..."
နန်ကုန်းဝူချယ် အေးခဲသွားမိသည်။ထိုယန်မိန်ကျီက သူ့နေရာသို့လာ၍ ပိုင်ရှင်ပု မည်မျှသန်မာကြောင်း လာပြီး သတိပေးနေသေးသည်။
သူက ပိုင်ရှင်ပု မည်မျှသန်မာကြောင်း သိထားပြီး ဖြစ်သည်။သို့သော်လည်း မနက်ဖြန် ပြိုင်ပွဲတွင် ပိုင်ရှင်ပုက သူ့ကိုရှုံးမည်ဖြစ်သည်။ထိုအကြောင်းတွေးလိုက်ရုံဖြင့်ပင် သူစိတ်လှုပ်ရှားတက်ကြွလာမိသည်။
"အဲ့ဒီတော့ ငါ ငရဲဘုရင်ကိုးပ်းမီးလျှံကို နင့်ကိုပြန်ပေးဖို့ ဆုံးဖြတ်လိုက်တယ်...နင့်ရဲ့ ကောင်းကင်ကမ္ဘာမြေမီးလျှံသာရှိနေမယ်ဆိုရင် ပိုင်ရှင်ပုကို အနိုင်ရဖို့ အခွင့်အရေး ပိုမြင့်သွားမယ်..."
ယန်မိန်ကျီက လက်သီးတင်းတင်းဆုပ်၍ ပြောလိုက်သည်။