အခန်း ၅၃၂
ပြိုင်ပွဲကိုအရှုံးပေးလိုက်ပြီလား...
ထိုည၌ ယန်မ်ိန်ကျီက နန်ကုန်းခြံဝန်းထဲမှ ထွက်မသွားခဲ့ပေ။
.....
နောက်တစ်နေ့၌
ပုဖန် အိပ်မှုန်စုန်ဝါးဖြင့် သန်းဝေလိုက်သည်။ထို့နောက် မျက်လုံးမဖွင့်ပဲ အိပ်ယာပေါ်မှ တွားသွားထလာခဲ့သည်။
သူပြတင်းပေါက်နားသွား၍ ရပ်လိုက်ပြီး အဆုတ်ထဲသို့ လေအပြည့် ရှုသွင်းလိုက်သည်။ သူ့စိတ်က ပို၍ လန်းဆန်းလာပေသည်။သူ အောက်ထပ်သို့ ဆင်းလာခဲ့ပြီး မီးဖိုချောင်ဆီသို့ သွားကာလေ့ကျင့်ခန်းများပြုလုပ်လိုက်သည်။
သူ ဓားဆယ့်သုံးကွက် အရှင်သခင် နည်းလမ်းကို လေ့ကျင့်သော်လည်း တကယ့်စွမ်းအင်များကို ဖမ်းဆုပ်နိုင်ခြင်းမရှိသေးပေ။ဓားစွမ်းရည်က စားဖိုမှူးတစ်ယောက်၏ အခြေခံကျွမ်းကျင်မှုများထဲမှ တစ်ခုဖြစ်သည်။ထို့ကြောင့်ပင် သူနေ့တိုင်း အချိန်တစ်ခုယူ၍ ဓားလေ့ကျင့်မှုကို ပြုလုပ်လေ့ရှိသည်။
ခဏအကြာ၌ သူ နံရိုးချိုချဉ်ကြော်နှင့် နဂါးသွေးထမင်းကြော်ကို ပြင်ဆင်လိုက်သည်။မကြာခင်မှာပင် မီးဖိုခန်းဘက်ဆီမှ မွှေးပျံ့သော ရနံ့များ ထွက်ပေါ်လာသည်။
မနက်စာ စားသောက်ပြီးသည်နှင့် ခွေးငပျင်းက သိမြင်မှု သစ်သီးပင်အောက်သို့ ပြန်သွားကာ ခဏအတွင်း ဟောက်သံများထွက်ပေါ်လာလေသည်။
တခြားတစ်ဘက်တွင် နယ်သာရီကလည်း ခုံတစ်ခုံကိုဆွဲယူ၍ သိမြင်မှု သစ်သီးပင်ဘေးနားတွင် ထိုင်လိုက်သည်။သူမ၏ ဆံနွယ်ရှည်များက ပခုံးမှကျော်၍ ဖြူဖွေးသောခြေထောက်များကို ထိခတ်နေလေသည်။
သူမ၏ ဖြူဖျော့နေသော မျက်နာပေါ်သို့ ဖြာကျနေသော နေရောင်အရိပ်က ပို၍ လှပအောင် ထောက်ပံ့ပေးထားသကဲ့သို့ပင်ရှိနေသည်။
ပုဖန် သူလိုအပ်သည့် ပစ္စည်ူများကို ထုပ်ပိုးပြီးနောက် ဆ်ိုင်မှ ထွက်ခွာရန် အသင့်ပြင်နေပေသည်။
နယ်သာရီ ခဏမျှ စဉ်းစားလိုက်ပြီးနောက် မတ်တပ်ထရပ်လိုက်သည်။သူမ ဒီနေ့ ပုဖန်၏ နောက်သို့ လိုက်ရန် ဆုံးဖြတ်လိုက်သည်။
ပုဖန် အပြင်ဘက်၌ ဘာသွားလုပ်သည်ကို သူမသိပေသည်။တစ်ချိန်က သူပြိုင်ပွဲတွင် ချက်ထားသည့် ဟင်းပွဲကိုပင် သူမ မြည်းစမ်းခဲ့ရသေးသည်။ထို့အပြင် ပုဖန်ဟင်းပွဲအသစ်ကို ချက်မည်ဟုလည်း သူမသိနေသည်။
"ဒီတစ်ခေါက် ငါဘာဟင်းပွဲ အသစ်မှ လုပ်မှာမဟုတ်ဘူး...ငါအဲ့ဒီမှာ ပွဲကြည့် ပရိတ်သတ်သွားလုပ်မလို့..."
ပုဖန်က အလေးအနက် အမူအရာဖြင့် လှည့်ပတ်ပြောလိုက်သည်။နယ်သာရီက သူ့နောက်မှ လိုက်ရန် ဆုံးဖြတ်ထားပြီးပေပြီ။ပုဖန်လည်း သူမကို ပြောင်းလဲရန် မတတ်နိုင်သောကြောင့် စကားထပ်မဆိုတော့ပဲ ထွက်လာခဲ့လိုက်သည်။
ဒီနေ့တွင် သူ့၏ ကြီးမားသော ဆိုင်းဘုတ်ကြီးကို သယ်ဆောင်မလာခဲ့ပေ။စနစ်၏ မစ်ရှင်ပြီးမြောက်သွားပြီဖြစ်သောကြောင့် သူ့၏ ကြော်ငြာဆိုင်းဘုတ်ကို ထပ်သယ်နေစရာမလိုတော့ပေ။
ဒီနေ့တွင် သူ သ်ိုသိုသိပ်သိပ်သာ လျောက်လာခဲ့သည်။အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသော နယ်သာရီက သူ့နောက်မှ ထပ်ကြပ်မခွာလိုက်လာခဲ့သည်။သူမ၏ သွယ်လျသော ခြေထောက်လေးများက နှင်းပွင့်လေးများကဲ့သို့ ဖြူဖွေးနူးညံ့နေပေသည်။
ထုံးစံအတိုင်း ထိုအမျိုးသမီးက ဖိနပ်ဝတ်မထားပေ။ထိုအစားသူမ၏ ခန္ဓာကိုယ်က လေထဲ၌ လွင့်မျောနေသလိုပင်ရှိနေသည်။သူမက မြေပြင်ပေါ် အသာလေးထောက်လိုက်တိုင်း သူမ၏ ခန္ဓာကိုယ်က ရှေ့သို့ ရွေ့သွားလေသည်။
သူတို့နှစ်ယောက်စလုံး အေးအေးသာသာပင် လျှောက်လာကြပြီး မကြာခင် ရင်ပြင်ကျယ်ရှိရာဆီသို့ ရောက်လာခဲ့သည်။
ပုဖန်က ပြိုင်ပွဲကို အရှုံးပေးမည်ဟု ပြောခဲ့ပြီးဖြစ်သော်လည်း ပွဲကြည့်သူ မြောက်များစွာ ရှိနေပေသေးသည်။
ယခုလက်ရှိ၌ ပုဖန်က အလွန်ကျော်ကြားနေပေပြီ။ယခင်မြူကောင်းကင်မြို့ကို ရောက်စကလို လူမသိ သူမသိ စားဖိုမှူးလေးတစ်ယောက်မဟုတ်တော့ပေ။စားသုံးသူများကို ဆွဲဆောင်ရန်အတွက်လည်း တို့ဟူးပုပ်အပေါ်တွင် မှီခိုနေခြင်းမဟုတ်တော့ပေ။
သူက ပြိုင်ပွဲကြီး၏ ဖျက်မြင်းတစ်ကောင်အနေဖြင့် အံ့အားသင့်စရာများစွာကို ဖန်တီးပြသခဲ့ပြီးပြီဖြစ်သည်။သူ့လိုစားဖိုမှူးလေးတစ်ယောက်က မြောက်များလှစွာသော အဂ္ဂိရတ်ပညာရှင်များကိုကျော်ဖြတ်၍ အဆင့် သတ်မှတ်ချက်ထဲကို ဝင်ရောက်ခဲ့သည်။
ကျော်ကြားလှသော မှော်ကဝေအန်းရှန့်နှင့် အရူးရှုံးလို လူမျိုးကိုပင် ရိုက်ချထားနိုင်ခဲ့သည်။အစဦးက ထိုစားဖိုမှူးတွင်ပြိုင်ပွဲထဲ ဝင်ရောက်နိုင်ရန် အခွင့်အရေးမရှိဟု ထင်ခဲ့ကြသည်။
သို့သော်လည်း ထူးဆန်းအံ့သြဖွယ်ကောင်းလှစွာပင် ထိုစားဖိုမှူးက သူ့၏ ထက်မြေ့လှသော ဓားကို အသုံးပြု၍ လမ်းဖောက်သွားသကဲ့သို့ ထိပ်သီး ၁၀ ယောက်ထဲအတွင်းသို့ပင် ဝင်ရောက်သွားခဲ့သည်။
ထိုစားဖိုမှူးက မြူကောင်းကင်မြို့က လူများကိုသာမက တခြားမြို့ကြီးနှစ်မြို့မှ ပွဲကြည့်သူများကိုပါ အံ့အားသင့် စွံ့အသွားအောင် လုပ်နိုင်ခဲ့ပေသည်။
တစ်ချို့သူများက ပါရမီရင့်သန်သည့် အဂ္ဂိရတ်ပညာရှင်တစ်ယောက်ပေါ်လာပြီး ထိုစားဖိုမှူးကို လက်စားပြန်ချေပေးနိုင်ရန် မျှော်လင့်နေကြသည်။
တစ်ချို့သူများကလည်း ထိုဖျက်မြင်းတစ်ကောင်ပေါ်လာခြင်းကို အကောင်းဘက်ကသာ တွေးနေကြလေသည်။သို့သော်လည်း သူ့ကို ထောက်ခံသူဖြစ်ဖြစ် သူ့ကို မုန်းတီးကြသူဖြစ်ဖြစ် ကြားနေသူပဲဖြစ်ဖြစ် ပုဖန်၏ အရည်အချင်းကိုတော့ အံ့သြစွာ အသိမှတ်ပြုကြလေသည်။
ပုဖန် နယ်သာရီနှင့်အတူ ပြိုင်ကွင်းထဲသို့ ဝင်ရောက်လာသည်နှင့် ပရိတ်သတ်များက အသားကုန်အော်ဟစ်အားပေးလာကြသည်။
ပုဖန်ပင် သူတို့၏ စိတ်လှုပ်ရှားထက်သန်မှုကြောင့် ကြောင်တောင်တောင်ဖြစ်သွားမိသည်။
ဒီတစ်ကြိမ်၌ ပြိုင်ပွဲအားလုံးအတွက် ပြိုင်ပွဲစင်မြင့်တစ်ခုတည်းကိုသာ အသုံးပြုထားခြင်းဖြစ်သည်။စင်မြင့်၏ ပတ်ပတ်လည်လည်တွင် ပွဲကြည့်သူများ များစွာဝန်းရံနေသည်။ပွဲကြည့်ထိုင်ခုံများ၌လည်း နေရာမလပ် လူပြည့်နေသည်။
ထိုစင်မြင့်ဆီသို့ လှမ်းတက်လာသည်နှင့် ကြွေးကြော်အော်ဟစ်အားပေးသံများက ပို၍ပင် ဆူညံပွက်လောရိုက်လာသည်။
"ပုဖန် အကောင်းဆုံးလုပ် ...လုံးဝအရှုံးမပေးနဲ့...စားဖိုမှူးလေး မင်းက ဒီပဉ္စလက်ပြိုင်ပွဲကြီးရဲ့ ဖျက်မြင်းတစ်ကောင်ပဲ အဆုံးထိသွားပါ..."
"အရှုံးပေးမယ်ဆိုတာဘာအဓိပ္ပါယ်လဲ ယောက်ကျားစစ်စစ်တွေက ဘယ်တော့မှ အရှုံးမပေးဘူး...လုံးဝ အရှုံးမပေးနဲ့..."
ပရိတ်သတ်များက ပုဖန် ဒီပြိုင်ပွဲကို လွှတ်ချရန် ပြင်ဆင်ထားပြီးဖြစ်ကြောင်းသိကြသည်။သို့သော်လည်း သူတို့က ထိုထိပ်သီး ပြိုင်ပွဲထဲတွင် အံ့အားသင့်စရာများ ပြုလုပ်ရန် မျှော်လင့်နေဆဲပင်ဖြစ်သည်။
သူတို့က ပုဖန် အရှုံးမပေးချင်အချိန်ထိ အရှုံးပေးမည်ဆိုတာကို ဘယ်တော့မှ ယုံကြည်လိမ့်မည်မဟုတ်ပေ။သူတို့၏ မျက်နာများက စိတ်လှုပ်ရှားမှုများ မျှော်လင့်ချက်များဖြင့် တောက်ပနီရဲနေလေသည်။
နယ်သာရီက သူမ၏ ပတ်ပတ်လည်ကို စူးစမ်းစွာကြည့်နေလေသည်။ထိုကဲ့သို့ စည်းကားသိုက်မြိုက်နေသော ပတ်ဝန်းကျင်နှင့် သူမနေသားမကျ ဖြစ်နေပုံပေါ်လေသည်။အထူးသဖြင့် သူမ ဆီသို့ တည့်တည့်ကျရောက်နေသော များပြားလှစွာသည့် အကြည့်များကြောင့်ပင် ။
သူမပုဖန်ဘေးသို့ ရောက်လာလိုက်သည်နှင့် အားလုံး၏ အာရုံကို ဆွဲကိုင်လိုက်သလိုဖြစ်သွားလေသည်။တကယ်တမ်းတွင်လည်း လှပချောမောသော မိန်းမပျိုတစ်ယောက်ရုတ်တရက် လူလည်ခေါင်၌ ပေါ်လာသောအခါတွင် ပုဖန်ဆီမှ အကြည့်များက သူမဆီသို့ ပြောင်းလဲရောက်ရှိသွားလေသည်။
"နင် ပရိတ်သတ်တွေရပ်နေတဲ့ နေရာကို သွားရပ်ပြီးတော့ ငါ့ကိုစောင့်နေ..."
ပုဖန် ပြောလိုက်သည်နှင့် နယ်သာရီက မျက်နာသေဖြင့် ခေါင်းငြိမ့်ပြလိုက်ပြီး ချာခနဲလှည့်ထွက်သွားသည်။သူမက မြေပြင်ကို အသာအယာထောက်ကန်လိုက်ပြီး ထိုင်ခုံများရှိရာဆီသို့ မျောလွင့်သွားလေသည်။
ပုဖန် ပတ်ဝန်းကျင်သို့ အကဲဖြတ်ကြည့်ရှုလိုက်သည်နှင့် သူ့ကို အားပေးနေသည့် သူများစွာကို တွေ့ လ်ိုက်ရသောကြောင့် ခဏမျှပင် တွေဝေငေးမောသွားမိသည်။
သူဆုံးဖြတ်ချက်အမှားများပြုလုပ်မိလိုက်တာလား...
သူကို အားပေးနေသည့် လူများနှင့် ရင်ဆိုင်လိုက်ရသောအခါတွင် သူပထမနေရာကို ရယူသင့်သည်ဟု ခံစားမိလိုက်သည်။အကယ်၍ သူသာမလုပ်နိုင်ခဲ့လျှင် သူကို အားပေးသည့်သူများကို စိတ်ပျက်စေပေလိမ့်မည်။သူတို့၏ မျှော်လင့်ချက်များကို ကျဆုံးသွားပေလိမ့်မည်။ထိုသို့ဆိုလျှင် သူ အပြစ်ရှိသလို ခံစားရပေမည်။
...
နန်ကုန်းဝူချယ်ရောက်မလာသေးသောကြောင့် တစ်စုံတစ်ခု ဖြစ်နေသည်ဟု ပုဖန် သံသယဝင်လာမိသည်။ပုံမှန်အားဖြင့် ထိုလူပြက်ကောင်က ကြိုပြီး ရောက်နေသင့်ပေသည်။
ထို့မှသာလျှင် သူဘာမှမလုပ်ခင် ပုဖန်ကို ပေါက်ကရစကားများ ပြောနိုင်ပေလိမ့်မည်။ပုဖန်လက်နှစ်ဖက်ကိုနောက်ပစ်၍ ပြိုင်ပွဲစင်ပေါ်တွင် လျှောက်နေလိုက်သည်။
ထိပ်သီး၁၀ ယောက် ပြိုင်ပွဲအတွက် ပြုလုပ်ထားသော စင်မြင့်က တစ်ခြားစင်မြင့်များဖြင့် ကွဲပြားခြားနားစွာပင်အကောင်းဆုံးတည်ဆောက်ထားပေသည်။
သူတို့ ပြိုင်ပွဲဝင်များ၏ စင်မြင့်ထက်ဆီလည်း ထူးခြားဆန်းကြယ်သည့် အစီအရင်များကို ရေးထွင်းထားသည်။ထိုအစီအရင်မှ ထုတ်ဖော်နေသော စွမ်းအင်လှိုင်းများက ပြိုင်ပွဲဝင်များ၏ စိတ်အခြေအနေကို ငြိမ်သက်စေနိုင်သည်။
ကြေးဝာစင်မြင့်ကလည်း တခြားပြိုင်ပွဲဝင် သုံးခဲ့သည့် ကြေးဝါစင်မြင့်တွေထက် ပို၍ အရည်အသွေးမြင့်မားပေသည်။ထိုစင်မြင့်တစ်ခုကထဲပင်ဆေးလုံးသန့်စင်နေချိန်တွင် အပြည့်အဝ အာရုံစိုက်နိုင်အောင် ပြုလုပ်ပေးနိုင်လေသည်။
၎င်းက စိတ်ဝင်စားစရာကောင်းလှပေသည်။ပုဖန်က သူ့၏ စင်မြင့်ကို လက်ညှ်ိုးလေးဖြင့် ဆွဲကြည့်လိုက်သည်။ကြမ်းတမ်းခြင်းလုံးဝမခံစားရပဲ နူးညံ့ချောမွေ့သည့် မျက်နာပြင်ကိုသာ ခံစားရသည်။
မျက်နာပြင်ကို ထိလိုက်သည်နှင့် နူးညံ့သိမ်မွေ့သည့် လေပြေလေးများတိုက်ခတ်သွားသလို သက်တောင့်သက်သာဖြစ်မှုကို ခံစားရစေသည်။၎င်းက အဂ္ဂိရတ်ပညာရှင်များအတွက် ပြီးပြည့်စုံလှသည်။
မည်သည့်အဂ္ဂိရတ်ပညာရှင်မဆို ထိုစင်မြင့်တွင် ဆေးလုံးသန့်စင်မည်ဆိုပါက သူတို့၏ စွမ်းရည်ကို တစ်ဆမျှ တိုးမြင့်နိုင်ပေလိမ့်မည်။ပုဖန် အချိန်ယူ၍ ကြေးဝါ စင်မြင့်ကို စစ်ဆေးကြည့်နေသည့်အချိန်တွင် ပရိတ်သတ်များ၏ စိတ်လှုပ်ရှားမှုများကလည်း ငြိမ်သက်သွားစေသည်။
သို့သော်လည်း ထိုအချိန်ထိတိုင်အောင် နန်ကုန်းဝူချယ် ရောက်မလာသေးပေ။ထို့ကြောင့် ပရိတ်သတ်များက သင်္ကာမကင်းဖြစ်လာကြလေသည်။
"နန်ကုန်းဝူချယ်ဘယ်မှာလဲ...အခုပဲ နောက်ကျနေပြီလေ ဘာလို့ အခုထိ ရောက်မလာသေးတာလဲ ..."
"ပြိုင်ပွဲကစတော့မယ် သူက ဘယ်ရောက်နေတာလဲ...သူ ပြိုင်ပွဲကနေ ထွက်ပြေးပြီလား..."
"ဒီပြိုင်ပွဲကိုအရှုံးပေးဖို့ စဉ်းစားထားတာက စားဖိုမှူး မဟုတ်ဘူးလား...နန်ကုန်းဝူချယ်က ဘာလို့ ပျက်ကွက်ဖြစ်နေရတာလဲ..."
ပရိတ်သတ်များ ဇဝေဇဝါဖြစ်လာကြပြီး တီးတိုးတီးတိုး ဆွေးနွေးနေကြသည်။ဘာတွေဖြစ်နေသည်ကို သူတို့ တကယ်မသိတော့ပေ။နန်ကုန်းဝူချယ်၏ အကျင့်အရ ဆိုလျှင် သူ စောစောထဲက ရောက်နေသင့်ပေသည်။
ပရိတ်သတ်များကြားထဲတွင် ထိုင်နေသော နန်ကုန်းဝမ်လည်း ဆက်၍ သည်းမခံနိုင်တော့ပေ။နန်ကုန်းဝူချယ်က ဒီပြိုင်ပွဲကို လက်လွှတ်မည်မဟုတ်မှန်း သူမသိပေသည်။အထူးသဖြင့် ပုဖန်နှင့် ပြိုင်ပွဲအကြောင်း ပြောဆိုပြီးသည့် အခါတွင်ဖြစ်သည်။သို့သော်လည်း...
နန်ကုန်းဝူချယ် ဘယ်ရောက်နေတာလဲ...သူက သူ့အပေါ်ညှာညှာတာတာလုပ်ဖို့ ပိုင်ရှင်ပုကို ပြောပြီးတာတောင်မှ ပိုင်ရှင်ပု ခုန်ဆင်းဖို့အတွက် တွင်းသွားတူးနေသေးတာလား...
မကြာခင်မှာပင် ပြိုင်ပွဲစတင်ပေတော့မည်။မဟာသခင် အဂ္ဂိရတ်ပညာရှင်များပါလာသော စစ်သင်္ဘောကြီးလည်း ပြိုင်ကွင်းအထက်သို့ ရောက်ရှိလာလေသည်။
မဟာသခင်များက စစ်သင်္ဘောဆီမှ ဆင်းသက်လာကြသည်။မဟာသခင် ရွှမ်မင်က ထိပ်သီး ၁၀ ယောက်ပြိုင်ပွဲစတင်မည်ဖြစ်ကြောင်းကြော်ငြာလိုက်သည်။
သူ ကြော်ငြာပြီးနောက် လေထုက အနည်းငယ် ကိုးယို့ကားယား ဖြစ်သွားလေသည်။အဘယ့်ကြောင့်ဆိုသော် နန်ကုန်းဝူချယ်က ယခုထိတိုင်အောင် ရောက်မလာသေးပေ။
"အဲ့ဒီကောင်စုတ်လေးက ပြိုင်ပွဲကနေ တကယ်ပဲ ထွက်ပြေးဖို့ စီစဉ်ထားတာလား...ဒီတော့ သူက ငကြောက်လေးပေါ့..."
ပုဖန်မျက်နာတွင်လည်း စိတ်ရှုပ်ထွေးမှု အထင်းသားပေါ်လွင်နေသည်။
"နန်ကုန်းဝူချယ်က အိပ်ပျော်နေတာလား..."
ထိုအချင်းအရာကလည်း မဖြစ်နိုင်ပေ။ဒီနေ့အရေးကြီးသည့် ပွဲရှိလေရာ သူဘယ်လိုလုပ် ပိုအိပ်နေပါမည်နည်း။
မဟာသခင်ရွှမ်မင်၏ မျက်နာကလည်း ပျက်ယွင်းလာခဲ့သည်။သူ့ကို ကြည့်ရသည်မှာ အလွန်ကြောက်စရာကောင်းနေလေသည်။သူက နောက်ဆုံးအချိန်ထိစိတ်ကိုဆွဲဆန့်ထားလေသည်။
"ဒီနန်ကုန်းဝူချယ်က ပြိုင်ပွဲကနေ တကယ်ပဲ ထွက်ပြေးရဲတယ်ပေါ့...ဒါ အရမ်းကို ရယ်စရာကောင်းတယ် ဒီကောင်စုတ်ကတော့..."
မဟာသခင်ရွှမ်မင် အလွန်ပင် ဒေါသထွက်နေသောကြောင့် သူ့၏ မုတ်ဆိတ်မွှေးများပင်တုန်ခါနေလေသည်။သူ့ကိုကြည့်ရသည်မှာတစ်စုံတစ်ယောက်ကို ရိုက်နှက်ဖို့ အဆင်သင့်ဖြစ်နေပုံပေါ်လေသည်။
ပြိုင်ပွဲမှ တစ်စုံတစ်ယောက် ထွက်ပြေးမည်ဆိုလျှင်ပင် ထိုသူက ပုဖန်ပင်ဖြစ်သင့်သည်။သို့သော်လည်း မထင်ထားစွာ နန်ကုန်းဝူချယ် ဖြစ်နေပေသည်။ထိုကောင်စုတ်လေး နန်ကုန်းဝူချယ်က မြူကောင်းကင့်မြို့၏ ဆေးလုံးနန်းတော်ကို တကယ့်ကို ဂရုမစိုက်ပေ။
"ဘာတွေဖြစ်ပျက်နေတာလဲ..."
မဟာသခင်ရွှမ်မင် တီးတိုးရွတ်လိုက်ပြီးနောက် ဒီပွဲကို ကြီးကြပ်မည့် ဒိုင်လူပြီးဆီသို့ လှမ်းကြည့်လိုက်သည်။ဒိုင်လူကြီးချုပ်လည်း ခေါင်းကိုက်နေပေသည်။သူပုဖန်နှင့် ကြုံတွေ့လိုက်ရသည့်အခါ၌ အမြဲတမ်း ပြဿနာများနှင့် တွေ့ကြုံရပေသည်။
ပုဖန်၏ ပြိုင်ဘက်က မည်သူပင်ဖြစ်ဖြစ် ကံမကောင်းမှုများသာ ဆိုက်ရောက်ပေသည်။သူတို့၏ ဆေးမီးဖိုများ မပေါက်ကွဲလျှင် သူတို့မျက်ဝန်းများ ကျွတ်ထွက်အောင်ပင် ငိုယိုပေလိမ့်မည်။ယခုမူ တစ်စုံတစ်ယောက်က ပြိုင်ပွဲမှ ထွက်ပြေးသွားလေပြီ။
"ဒီစားဖိုမှူးကတော့ ပြိုင်ပွဲကြီးတစ်ခုလုံးမှာ တစ်ပွဲတစ်လေလောက်တော့ ကောင်းကောင်းနိုင်အောင် မလုပ်နိုင်ဘူးလား...
"နန်ကုန်းဝူချယ်က ပြိုင်ပွဲကို စွန့်ပစ်လိုက်ပုံပေါ်တယ်...ပြိုင်ပွဲကြီးကလည်း စတင်သင့်ပြီ...ငါတို့ သူ့ကို ဒီထပ်ထပ်စောင့်လို့မရတော့ဘူး..."
မဟာသခင်ရွှမ်မင်၏ မျက်နာက မဲမှောင်လေသည်။သူနန်ကုန်းဝူချယ်အတွက် အချိန်ဆွဲထားပေးလိုလျှင်ပင် အချိန်ဆွဲစရာမရှိတော့ပေ။
"ထားလိုက်တော့ ပြိုင်ပွဲစပြီလို့ ကြော်ငြာလိုက်တော့...ဒီပွဲမှာ ပုဖန်က ကျော်ဖြတ်တက်ရောက်နိုင်သွားပြီ...သူ့မှာ ပြိုင်ဘက်မရှိဘူးဆိုပေမယ့်လည်း သူ့ရဲ့ ထုတ်ကုန်ကို ကောင်းကောင်းမွန်မွန်ပြုလုပ်ရမယ်...တာဝန်မဲ့ဖြစ်သလို လုပ်လို့မရဘူး..."
မဟာသခင် ရွှမ်မင်က ပြောလိုက်သည်။သူတကယ့်ကို အံ့သြနေပေသည်။ပြိုင်ပွဲကို သေချာပြိုင်မည်ဟု ပြောခဲ့သောလူက ပြိုင်ပွဲမှ ထွက်ပြေးသွားပြီ။ပြိုင်ပွဲကို အရှုံးပေးမည်ဟု ဆိုသောသူက စင်မြင့်ပေါ်၌ တက်တက်ကြွကြွ ရပ်နေလေသည်။
"သူတို့က သူ့ကို အရှုပ်ထုတ်တွေ လာလုပ်နေကြတာလား..."
ပုဖန်သာ မဟာသခင်ရွှမ်မင်၏ အတွေးကို တွေ့လျှင်စိတ်တ်ိုသွားပေလိမ့်မည်။တကယ်တမ်းသူက ပြိုင်ပွဲမှ ထွက်ခွာလိုသူဖြစ်သည်။သို့သော်လည်း နန်ကုန်းဝူချယ်က အထာကျကျ အရှုံးပေးရန် တောင်းဆိုထားသောကြောင့် ပြိုင်ပွဲစင်မြင့်ပေါ်တွင် လာရပ်နေခြင်းဖြစ်သည်။
"ကောင်းပြီလေ ..."
ဒီလိုမျိုးဖြစ်လာပြီ ဆိုမှတော့လည်း ပုဖန်၏ နှုတ်ခမ်းထောင့်စွန်းလေးများ တွန့်ကွေးသွားသည်။သူလက်ကို ဝှေ့ယမ်းလိုက်ရာ မဟူရာလိပ်ခုံးဒယ်အိုးပေါ်လာလေသည်။
နန်ကုန်းဝူချယ် ဒီနေရာမှာမရှိသောကြောင့် သူပြိုင်ပွဲကို လုံးဝ အနိုင်ရသွားပေပြီ။သို့သော်လည်းပုဖန်က အလေးအနက်စဉ်းစားပြီးနောက် ဟင်းပွဲတစ်ပွဲချက်ရန် ပြင်ဆင်လိုက်သည်။
အဘယ့်ကြောင့်ဆိုသော် သူ့ကို အားပေးထားခဲ့သော ပရိတ်သတ်များစွာရှိသည်ကို သူပထမဦးဆုံးအကြိမ် သတ်ိပြုမိခြင်းဖြစ်သည်။ထို့ကြောင့်ထိုပရိတ်သတ်များ စိတ်ကျေနပ်မှု ရစေရန်အတွက် သူ ကောင်းမွန်သော ဟင်းပွဲတစ်ခုကို ပြင်ဆင်ရပေမည်။
ထို့နောက် သူ့၏သိုလှောင်နယ်မြေထဲမှ ဝက်ဝံကြီးကို ထုတ်ယူလိုက်ပြီး လက်တစ်ဖက်ကို ဖြတ်ယူလိုက်သည်။သူဝက်ဝံလက်ချက်ပြုတ်ရန် ပြင်ဆင် လိုက်လေသည်။
ပရိတ်သတ်များကြားထဲတွင် ရှိနေသော ရှုံးရှီက ထိုမြင်ကွင်းကို မြင်လိုက်သောအခါတွင် သူမထိန်းချုပ်နိုင်ပဲ စတင်ငိုကြွေးလာမိပြန်သည်။
ပုဖန်က သူ့ကို မုန်းနေတာလား...တစ်ခုခုပဲ...သူ ဒီဝက်ဝံကြီးကို အသုံးပြုပြီးတော့ ပြိုင်ပွဲကို အနိုင်ရပြီးပြီမဟုတ်ဘူးလား...ဘာကြောင့် ဝက်ဝံကြီးကို ကောင်းကောင်းမွန်မွန်မဆက်ဆံနိုင်ရတာလဲ...
.....
နန်ကုန်းခြံဝန်းထဲတွင်...
တိတ်ဆိတ်ငြိမ်သက်နေသော အခန်းတစ်ခုအတွင်း၌ နန်ကုန်းဝူချယ် မျက်ဝန်းများက်ို ဖွင့်လာခဲ့သည်။သူ့၏ နောက်ကျောဘက်မှလည်း အားကောင်းလှသော အော်ရာများ ပြန့်လွှင့်နေသည်။သူ့၏ နောက်ကျောတွင် စိတ်ဝိညာဉ် သံကြိုးနှစ်ချောင်းရစ်ဝဲနေပြီး သုံးကြောင်းမြောက်က ခပ်ရေးရေးအရိပ်ထင်နေလေသည်။
နန်ကုန်းဝူချယ်၏မျက်ဝန်းထဲတွင် အလင်းရောင်တစ်ချက်လက်သွားပြီး သူအသက်ပြင်းပြင်းတစ်ချက်ရှုရှိုက်လိုက်မိသည်။ထို့နောက် သူ့မျက်နာပေါ်တွင် အပျော်များ ထိန်းမနိုင်သိမ်းမရပေါ်လာလေသည်။သူလက်ဖျောက်တီးလိုက်ရာ သူ့လက်ဖဝါးထိပ်၌ မီးလျှံလေးတစ်ခုထွက်ပေါ်လာလေသည်။
ရင်းနီးနေသော ခံစားချက်တစ်ခုက သူ့ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံသွားလေသည်။
ငရဲဘုရင်ကိုးပါး မီးလျှံ ...ယခုလေးတင်ပြန်လည်ရရှိခဲ့သောထိုမီးလျှံက ပို၍ပင် ထိန်းချုပ်ရ လွယ်ကူပေသည်။
ကလစ်...
လျှို့ဝှက်အခန်းငယ်လေး၏ တံခါးပွင့်သွားပြီးနောက် တောက်ပသော နေရောင်ခြည်က သူ့၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာသည်။နန်ကုန်းဝူချယ် သက်ပြင်းရှည်တစ်ချက်ချလိုက်ပြီး သူ့စိတ်အစဉ်ကို ရှင်းလင်းလိုက်သည်။သူအရမ်း လန်းဆန်းတက်ကြွနေပေသည်။
ရုတ်တရက် အခန်းပြင်၌ ရပ်နေသော အစေခံ တစ်ယောက်က လေးစားမှုအပြည့်ဖြင့် ဦးညွှတ်လာလေသည်။သူ့၏ အမူအရာကလည်း ထူးဆန်းနေသည်။
"ဆက်ခံသူ...နောက်ဆုံးတော့ ထွက်လာပြီပေါ့...ပဉ္စလက်ပြိုင်ပွဲကြီးက ပြီးဆုံးတော့မယ်..."