အပိုင်း ၅၃၃
Viewers 53k

အခန်း ၅၃၃

မင်းရဲ့ဆေးမီးဖို မပေါက်ကွဲဘူးဆိုရင်တော့... နောက်ပွဲက ငါရှုံးပွဲ ဖြစ်လိမ့်မယ်...


အစေခံ၏ စကားကို ကြားလိုက်ရသော်လည်း နန်ကုန်းဝူချယ်က နောက်ပြောင်နေသည်ထင်သောကြောင့် လျစ်လျူရှုထားလိုက်သည်။သို့သော်လည်း သူ ကောင်းကင်ယံမှ ထွန်းလင်းတောက်ပနေသော နေမင်းကြီးကို မြင်လိုက်သောအခါ၌ လုံးဝ တုန်လှုပ်သွားမိသည်။


"သေစမ်း...အခုပြိုင်ပွဲအချိန်ကျော်သွားပြီလား အခုဘယ်အချိန်တောင်ရှိနေပြီလဲ..."


ဒါက သူတွက်ထားသည်နှင့် လုံးဝ လွဲနေပေသည်။မူလအစီအစဉ်က ငရဲဘုရင်ကိုးပါး မီးလျှံကို တစ်ညလုံး သန့်စင်ပြီးနောက် နောက်တစ်နေ့မနက်ခင်းတွင် ပြိုင်ပွဲသို့ အပြေးအလွှားသွားကာ အနိုင်ယူမည်ဟု စဉ်းစားခဲ့သည်။


သို့သော်လည်း ဘုရားသခင်၏ အစီအရင်က လူသားတွေ၏ အစီအရင်ထက် အမြဲတမ်းကြီးကျယ်ခမ်းနားသည်ဆိုသည့်အတိုင်းပင် သူ ငရဲဘုရင်ကိုးပါးမီးလျှံကို ပေါင်းစည်းရာ၌ အခ်ျိန်ပိုသုံးမိသွားလေသည်။


နန်ကုန်းဝူချယ်နှလုံးသားထဲ၌ သွေးစိမ်းရှင်ရှင်ထွက်နေပေပြီ။ပိုင်ရှင်ပုက အရှုံးပေးရန် စီစဉ်ထားသော်လည်း သူဘာလုပ်ခဲ့သနည်း။သူက ပိုင်ရှင်ပု၏ ကြိုးစားအားထုတ်မှုများကို ဖျက်စီးရုံသာမက ပြိုင်ပွဲကိုပင် တက်ရောက်ခြင်းမရှိခဲ့ပေ။


"မင်းဘာလို့ ငါ့ကို မပြောခဲ့တာလဲ..."


နန်ကုန်းဝူချယ် သူ့ဘေးနားမှ အစေခံဘက်သို့ လှည့်၍ အော်လိုက်သည်။သူ့၏ အသံထဲတွင်လည်း စိတ်ဓာတ်ကျမှုများ ပြည့်နှက်နေလေသည်။ထိုသူလည်း ခဏမျှ ကြောင်အသွားသည်။ထို့နောက် သူ အရိုအသေပေး၍ ပြောလာလေသည်။


"ဆက်ခံသူက သတ်ိပေးစေချင်တယ်ဆိုရင် ကျွန်တော်တို့ကို သတ်ိပေးပါလို့ ပြောထားရမှာပါ...ဆက်ခံသူက သတိပေးပါလို့မပြောထားတဲ့အတွက် ကျွန်တော်တို့ကလည်း သတိပေးရကောင်းမှန်းမသိပါဘူး...အဲ့ဒီတော့ နောက်တစ်ခါ ပွဲတက်ရမှာတွေ ရှိနေတယ်ဆိုရင် ဆက်ခံသူက ကျွန်တော်တို့ကို သတိပေးထားဖို့ပြောပါ...အဲ့ဒီလိုမှ မပြောထားဘူးဆိုရင် ကျွန်တော်တို့ တစ်ယောက်နဲ့ တစ်ယောက်ကြားထဲမှ ယုံကြည်မှုတွေ မရှိတော့ပဲ ဖြစ်ကုန်ပါလိမ့်မယ်..."


" ရပါပြီ...တော်ပါတော့ ထပ်မပြောပါနဲ့တော့ ငါ့အမှားပါ..."


နန်ကုန်းဝူချယ် ဒေါသထွက်လာသော်လည်း သူ အစေခံကို ပြောစရာစကားမရှိပေ။သူအေးမြလန်းဆန်းသည့် လေကိုလည်း ရှုရှ်ိုက်မနေနိုင်တော့...ငရဲဘုရင်ကိုးပါးမီးလျှံကို ရရှိထားတဲ့အတွက် ကျေနပ်နှစ်သိမ့်မှုကိုလည်း ခံစားမနေနိုင်တော့ပေ။


ယခုလက်ရှိအချိန်၌ သူအဖြစ်ချင်ဆုံးဆန္ဒက ရင်ပြင်ကျယ်ရှိရာဆီသို့ အမြန်ဆုံးနည်းနှင့် ပန်းကန်လုံးစီးသွားပြီး ပြိုင်ပွဲကို အချိန်မီချင်တာပဲရှိတော့သည်။


သူ လျှို့ဝှက်ခန်းထဲမှ ထွက်လာထဲက သန့်ရှင်းရေးပင် မလုပ်ရသေးပေ။သို့သော်လည်း ယခုအချိန်၌ ထိုပုံစံအတိုင်းပင် ရင်ပြင်ကျယ်ရှိရာဆီသို့ အားကုန်သုတ်ပြေးလေတော့သည်။


သူ ယန်မိန်ကျီ၏ အစီအရင်ထဲ ကျရောက်သွားသည်ဟု ထင်လာမိသည်။


"ယန်မိန်ကျီက အားလုံးနှောင့်နှေးအောင်လုပ်တာလား...သူလုပ်သမျှအရာအားလုံးက ဒီနေ့ပြိုင်ပွဲမှာ သူကျရှုံးအောင်လို့လား...ပိုင်ရှင်ပုနဲ့ အဲ့ဒီအမျိုးသမီး ယန်မိန်ကျီနှင့် ကြားထဲက ဆက်နွယ်မှုက အတိအကျဘာလဲ..."


သူပိုင်ရှင်ပုကို ထိုကဲ့သို့ လုံးဝ မထင်ထားခဲ့မိပေ။အခုတော့ ပိုင်ရှင်ပု၏ နောက်ထပ်မျက်နာတစ်ဖက်ကိုမြင်လိုက်ရပြီဟု ထင်လေသည်။သူအကြောင်းပြချက်မရှိ ပြိုင်ပွဲကို ရှုံးခဲ့ရလေပြီ။


"မဟုတ်သေးဘူး..."


သူရှုံးရသည့်အကြောင်းပြချက်ကိုလည်း ရှင်းရှင်းလင်းလင်း နားလည်သွားပေပြီ။သူပိုင်ရှင်ပုကို မရှုံးသေးပေ။သို့သော်လည်း ယန်မိန်ကျီကိုတော့ ရှုံးနေလေပြီ။


ယန်မိန်ကျီက နောက်ဆုံးအချိန်သို့ရောက်မှသာလျှင် ငရဲဘုရင်ကိုးပါးမီးလျှံကို ပေးရန်အတွက် သူ့ဆီသို့ အပြေးလာခဲ့သည်။သူ့အတွက်လည်း ထိုကဲ့သို့ ကမ်းလှမ်းမှုကို ငြင်းပယ်ရန် ခက်လှသည်။ယခု မငြင်းခဲ့မိသည့် ရလဒ်အနေဖြင့် သူပြိုင်ပွဲကို လုံးဝ နောက်ကျသွားခဲ့လေပြီ။


သူ ရင်ပြင်ကျယ်ရှိရာဆီသို့ ရောက်သည့်အချိန်၌ စိတ်ကျေနပ်စရာကောင်းသည့် ရနံ့မွှေးမွှေးလေးများကို ရရှိလိုက်လေသည်။


သူ့၏နှလုံးသားက လုံးဝ နစ်မြှုပ်သွားလေပြီ။


ဒီအနံ့က ပိုင်ရှင်ပုစတင်ချက်ပြုတ်နေပြီဖြစ်ကြောင်း သံသယရှိစရာမလိုတော့ပေ။

ယခုပြိုင်ပွဲ၏ အနိုင်ဆုက ဘော်ဒါပုဆီသို့ ရောက်သွားပေပြီ။


ပိုင်ရှင်ပု၏ ဟင်းပွဲက လိုအပ်ချက်နှင့် ကိုက်ညီသရွေ့ သူ ပြိုင်ပွဲကို အနိုင်ရပေလိမ့်မည်။သူဒီပွဲကို တရားမျှတမှုမရှိစွာ ရှုံးနိမ့်ခဲ့ရခြင်းဖြစ်သည်။


ထိုအချိန်၌ ပုဖန်က ဝက်ဝံလက်ကို ချက်ပြုတ်ပြီးသွားလေပြီ။မွှေးပျံ့သည့်ရနံ့များကို ထုတ်လွင့်နေသော ဟင်းပွဲကလူအများအပြား၏ အာရုံကို ဆွဲတောင်သိမ်းပိုက်ထားပေသည်။


ဝက်ဝံလက်ချက်ပြုတ်ခြင်းက ပထမဦးဆုံးအကြိမ်မဟုတ်သော်လည်း လူအများက မြင်ရသည့်အခါ၌ အံ့အားသင့်မိကြတုန်းပင်ဖြစ်သည်။လူအများက ထိုအရသာကို မမြည်းစမ်းဖူးလေရာ ဒိုင်လူကြီးများ၏ ကျေနပ်နှစ်သိမ့်နေသောမျက်နာအမူအရာကိုကြည့်၍ မြည်းစမ်းချင်စိတ်များ ပေါက်လာကြသည်။


ပုဖန် လက်ကို သုတ်လိုက်ပြီး သက်ပြင်းအသာချလိုက်သည်။သူ ခပ်လှမ်းလှမ်းဆီမှ အလွတ်ဖြစ်နေသော ကြေးဝါစင်မြင့်ကို လှမ်းကြည့်လိုက်သည်။နန်ကုန်းဝူချယ် ယခုထိတိုင်အောင်ပေါ်မလာသေးပေ။


"ဒီလူရှုပ်ကောင်ကတော့ ဘယ်တွေကိုများသွားနေတာလဲ..."


ပုဖန် ခပ်တိုးတိုးရေရွတ်လိုက်သည်။


ထိုအချိန်၌ ပရိတ်သတ်မျါးဆီမှ အသံလှိုင်းတခု ထွက်ပော်လာသည်။


ဝက်ဝံလက်ကို မြည်းစမ်းနေသော မဟာသခင်များလည်း ထိုအသံကြောင့် စိတ်ဝင်စားသွားကြသည်။ရုတ်တရက်ကြီး သူတို့ ဘာကြောင့် ဒီလိုပြုမူလာသည်ကို သိချင်သောကြောင့် သူတို့အကြည့်များအတိုင်း လိုက်ကြည့်လိုက်ကြသည်။


ရင်ပြင်ကျယ်၏ ဝင်ပေါက်၌ ဝမ်းနည်းကြေကွဲနေသည့် ပုံရိပ်တစ်ခုရှိနေလေသည်။ထိုသူက ယခုပင် ငိုကြွေးတော့မည့်ပုံပေါ်သည်။ထိုသူက နန်ကုန်းဝူချယ်ပင်ဖြစ်သည်။


"ဒီကောင်လေးက အခု ပေါ်လာရဲသေးတယ်ပေါ့လေ..."


မဟာသခင်ရွှမ်မင်က ဒေါသထွက်စွာဖြင့် ရေရွတ်လိုက်သည်။


"ကြည့်ဦး...ဟိုကောင်ပြေလာပြီ...သူနောက်ကျရတာ အကြောင်းအရင်းရှိမယ်ထင်တယ်..."


မသခင်ကုဟယ်ကမူ ပြုံး၍ ပြောလိုက်သည်။


ပုဖန်လက်ပိုက်၍ နန်ကုန်းဝူချယ်ကို ခပ်ပြုံးပြုံးစိုက်ကြည့်လိုက်သည်။


ပုဖန်၏ အကြည့်ကို သတိထားမိသွားပြီး နန်ကုန်းဝူချယ် ကျောမတ်ခနဲ ဖြစ်သွားသည်။ထို့နောက် အလေးအနက်အမူအရာဖြင့် သူပြောလာလေသည်။


"ပုဖန် မင်းတောင်းဆိုတဲ့အတိုင်း ငါလုပ်ပေးပြီးပြီ...မင်းလိုချင်တဲ့အတိုင်း ငါပေးပြီးသွားပြီ...မင်းငါ့ကို ကျဆုံးစေလို့မရတော့ဘူး...အခုမင်း ထိပ်ဆုံး၃ယောက်ထဲကို မပါပါအောင်လုပ်ရတော့မယ် မင်းကို လှောင်ပြောင်ခဲ့တဲ့ အဂ္ဂိရတ်ပညာရှင်တွေကို အစစ်အမှန်စားဖိုမှူးတစ်ယောက်က ဘာလဲဆိုတာကို ပြသရမယ်..."


အားလုံးနည်းတူ ပုဖန် အေးခဲသွားလေသည်။လူအားလုံး လေအေးတစ် ချက်ရှုရှိုက်လိုက်ကြသည်။


"ဒါဘယ်လိုလှည့်ကွက်မျိုးလဲ နန်ကုန်းဝူချယ် ပြိုင်ပွဲကို အရှုံးပေးတာ အဲ့ဒါကြောင့်ပေါ့...အဲ့ဒီတော့ ပိုင်ရှင်ပုရဲ့ ရည်ရွယ်ချက်က ထိပ်ဆုံး ၃ယောက်ထဲ ဝင်ဖို့ပေါ့ သူက ပြိုင်ပွဲကို အရှုံးပေးဖို့ လုံးဝ မရည်ရွယ်ထားဘူးပေါ့...ထိပ်ဆုံး ၃ယောက်ထဲ ဝင်ဖို့ဆိုရင် သူမုပိုင်နဲ့ ရင်ဆိုင်ရတော့မှာပဲ..."


သူတို့က ပိုင်ရှင်ပုကို အားပေးထောက်ခံကြသည်ဆိုသော်လည်း မုပိုင်နှင့် ယှဉ်လိုက်လျှင် ပိုင်ရှင်ပုက တူညီသည့်အဆင့်တွင်မရှိကြောင်း ယုံကြည်ထားပေသည်။


မောင်ရှီက ပုဖန်ကို တိုက်ခိုက်လှောင်ပြောင်ထားလေရာနန်ကုန်းဝူချယ်၏ စကားအဆုံး၌ သူ အထင်အမြင်သေးစွာ နှာခေါင်းရှုံ့လိုက်လေသည်။မောင်ရှီ စင်မြင့်ပေါ်မှ ပုဖန်ကို ကြည့်လိုက်သည်။သူက နန်ကုန်းဝူချယ်၏ အကြောင်းကို ရှင်းရှင်းလင်းလင်း နားလည်ထားပေသည်။ထိုသူက အကြောင်းပြချက်မရှိ အရှုံးပေသူမျိုးမဟုတ်ပေ။


ထိုစားဖိုမှူးက အစောပိုင်းအခ်ျိန်ထဲကပင် ကံကောင်းမှုတစ်ချို့ကို အသုံးပြု၍ အောင်မြင်မှုကို တက်လှမ်းနိုင်ခဲ့ခြင်းဖြစ်သည်။ထိုကဲ့သို့ သူမျိုးက ထိပ်ဆုံး ၃ယောက်ထဲ ဝင်ရန် မျှော်မှန်းထားခြင်းမှာ ခွေးချီးကဲ့သို့ပင် ရွံ့စရာကောင်းလှသည်။


"ပဉ္စလက်ပြိုင်ပွဲထဲမှာ ထူးချွန်တဲ့ ပြိုင်ပွဲဝင် မရှိတော့ဘူးလို့ သူက ထင်နေတာလား...သူက နေ့ခင်းကြောင်တောင် မဖြစ်နိုင်တဲ့ အိပ်မက်တွေ မက်နေတာပဲ..."


တစ်ခြားတစ်ဘက်တွင်မူ မုပိုင်၏ အမူအရာက ညှင်သာသိမ်မွေ့နေသည်။သူ့နှုတ်ခမ်းပေါ်၌ ခပ်ဖျော့ဖျော့အပြုံးတစ်ခုပေါ်လာလေရာ နို့အေးများ လောင်းချသွားသလိုပင် အားလုံးကို လတ်ဆတ်သည့် ခံစားချက်မျိုး ပေးစွမ်းနိုင်လေသည်။


"ဒီစားဖိုမှူးက တော်တော်လေး စိတ်ဝင်စားစရာကောင်းတာပဲ..."


"ဒီပြိုင်ပွဲရဲ့ အန်ိုင်ရရှိသူကတော့ ပုဖန်ပဲ..."


မဟာသခင်ရွှမ်မင်က နန်ကုန်းဝူချယ်ကို စူးစူးရဲရဲစိုက်ကြည့်ရင်း ကြော်ငြာလိုက်သည်

။သူက နန်ကုန်းဝူချယ်၏ ဆရာတစ်ပိုင်းဖြစ်နေသောကြောင့် ထိုကောင်စုတ်လေး ပေါက်ကရလျှောက်ပြောနေမှန်းသိပေသည်။


နောက်ကျနေရခြင်းက ပြဿနာအချို့ ကြုံနေရခြင်းကြောင့်သာဖြစ်မည်ဖြစ်ပြီး ပိုင်ရှင်ပုကို ကတိပေးထား၍ လုံးဝ မဖြစ်နိုင်ပေ။ဒီကောင်လေးက ကိုယ်ကျင့်သိက္ခာချို့တဲ့လွန်းလှသည်။သူက ပုဖန်နှင့် တစ်ခြားအဂ္ဂိရတ်ပညာရှင်များကို နှိုင်းယှဉ်ပြော၍ ရန်စခဲ့သည်။


တစ်ခြားသူများ၏ ဒေါသကို ပုဖန်လက်ခံလိုက်ရပေပြီ။ထိုအဂ္ဂိရတ်ပညာရှင်များအားလုံးက သာမန်အဂ္ဂိရတ်ပညာရှင်များမဟုတ်ပေ။မုပိုင်ကိုမဆိုထားနှင့် မောင်ရှီပင်လျှင် အတော်အတန် လွှမ်းမိုးနိုင်စွမ်းရှိပေသည်။မောင်ရှီကလည်း အန်းရှန့်နှင့် အရူးရှုံးတို့ထက် ပို၍ သန်မာပေသည်။


သို့သော်လည်း ထိုအဖြစ်အပျက်များက ပုဖန်အတွက် အရေးမပါပေ။သူအနိုင်ရရှိပြီးနောက် ပြန်ရန်ပြင်ဆင်လိုက်သည်။မြန်မြန်ပြန်၍ ဆိုင်ဖွင့်ရန်သာ စဉ်းစားနေမိသည်။သူ့အတွက်မူ ဆိုင်ဖွင့်ခြင်းက ပဉ္စလက်စုဝေးပွဲထက် အရေးကြီးပေသည်။


ပုဖန်၏ နောက်တစ်ကြိမ်ပြိုင်ဘက်က မည်သူဆိုတာခန့်မှန်းရခက်နေသော်လည်း အများစုက မောင်ရှီနှင့် ကျလောက်သည်ဟု ပြောဆိုနေကြသည်။


အကယ်၍ နောက်တစ်နေ့တွင် မောင်ရှီနှင့် ယှဉ်ပြိုင်ရမည်ဆ်ိုပါက သူ အနိုင်ရနိုင်လျှင် ထိပ်ဆုံး ၃ယောက်ထဲ ပါဝင်ဖို့ အခွင့်အရေးရလောက်ပေလိမ့်မည်။သို့သော်လည်း ကံဆိုးစွာဖြင့် စောစောစီးစီး မုပိုင်နှင့် ကြုံတွေ့ခဲ့ရလျှင် မဖြစ်နိုင်တော့ပေ။


ပုဖန် စင်မြင့်ပေါ်မှ ဆင်းပြီးနန်ကုန်းဝူချယ်ရှိရာဆီသို့ လျှောက်လာသည်။ထို့နောက်လက်ပိုက်၍ ထိုသူကိုကြည့်လိုက်သည်။


"မင်းက ငါ့ကို ပြိုင်ပွဲထဲ ပစ်ထည့်လိုက်တယ်ပေါ့ ဒီလိုဆိုရင်လည်းဘာလို့ အစတည်းက ငါ့ကို အခွင့်အရေးမပေးလိုက်တာလဲ..."


" ငါ..."


နန်ကုန်းဝူချယ် စိတ်ထဲ၌လည်း အနည်းငယ်ရှက်ရွံ့မှုကို ခံစားရသည်။တကယ်တမ်းသူ ထိုသို့လုပ်ရန် ရည်ရွယ်ချက်မရှိပေ။ထိုအရာအားလုံးက အမျိုးသမီးယန်မိန်ကျီကြောင့်ပင်ဖြစ်သည်။


သူမက အကြောင်းပြချက်မရှိ သူ့ကို ငရဲဘုရင်ကိုးပါးမီးလျှံ ပြန်ပေးခဲ့သည်။ထိုမီးလျှံကို ပြန်လည်ပေါင်းစည်းခြင်းက ထိုမျှထိ အချိန်ကုန်နိုင်မည်ဟုလည်းသူမသ်ိခဲ့ပေ။


"ကောင်းပြီလေ...ငါ မင်းလုပ်သလိုပဲ နောက်ထပ်ပြိုင်ပွဲကို မလာဖ်ို့ ဆုံးဖြတ်လိုက်ပြီးသွားပြီ..."


လက်ဝှေ့ယမ်းရင်း နန်ကုန်းဝူချယ်ဆက်ပြောမည့်စကားများကို ဖြတ်ချလိုက်သည်။နန်ကုန်းဝူချယ်၏ မျက်နာက ရှက်ရွံ့သည့်အမူအရာနှင့် နီရဲသွားလေသည်။


"ကျွတ်...ကျွတ်...ကျွတ်...အရှုံးပေးတော့မှာလား...မင်းခုဏတုန်းကပြောခဲ့တာတော့ မင်းရဲ့ ရည်ရွယ်ချက်က ထိပ်ဆုံး ၃ယောက်ထဲ ပါဝင်ဖို့ပါဆို အခုဘယ်လိုဖြစ်လို့ ပြောင်းလဲသွားပြီး အရှုံးပေးချင်ရတာလဲ..."


သူ့၏ နောက်ကျောဘက်မှ လှောင်ပြောင်သံ အသံတစ်ခု ထွက်ပေါ်လာသည်။မောင်ရှီ သူတို့နားသို့ လျှောက်လာသည်ကို သူတို့နှစ်ယောက်လုံး မသိလိုက်ပေ။ထိုသူ၏ မျက်နာအမူအရာကလည်း အထင်အမြင်သေးဟန်အပြည့်နှင့် ဖြစ်နေသည်။


"မင်းသောက်လုပ်မဟုတ်ဘူး...ဘော်ဒါပုက ကြုံသလိုပြောတာတွေလည်း ယုံတာပဲလား...မင်းဦးနှောက်ကို ခွေးစားသွားတာလား..."


နန်ကုန်းဝူချယ်က မောင်ရှီကို ငပေါတစ်ကောင်လို သဘောထားပြီး ပြောလိုက်သည်။မောင်ရှီ၏ နှုတ်ခမ်းများက တွန့်ရှုံ့သွားလေသည်။


"ငါက မင်းလိုမျိုးပြိုင်ပွဲကနေ သရဲဘောကြောင်ပြီး ထွက်ပြေးတဲ့ လူကို ပြောနေတာမဟုတ်ဘူး...ငါက နောက်ထပ်ပွဲမှာ ငါ့ပြိုင်ဘက်ဖြစ်လာနိုင်တဲ့ စားဖိုမှူးကို ပြောနေတာ..."


မောင်ရှီက နန်ကုန်းဝူချယ်ကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။နန်ကုန်းဝူချယ် ဒေါသများ ပေါက်ကွဲသွားလေသည်။


"သရဲဘောကြောင်တယ်...ဘယ်သူကို သရဲဘောကြောင်တယ်လို့ လာပြောနေတာလဲ...မင်းက စကားတစ်ခွန်းပြောလိုက်ပြီဆိုရင် အဲ့ဒီစကားအတွက် ပြင်ဆင်ထားပြီးသားဖြစ်ရမယ်...ငါနန်ကုန်းဝူချယ်က မင်းကို ကောင်းကောင်းဂရုစိုက်ပေးမယ်...


နန်ကုန်းဝူချယ် အသက်ပြင်းပြင်းတစ်ချက်ရှုလိုက်သည်။သူ့၏ မျက်ဝန်းများကလည်း သွေးနီရောင်ရဲရဲတောက်နေသည်။မောင်ရှီက အထင်အမြင်သေးစွာဖြင့် ခေါင်းတစ်ချက်သာခါယမ်းလိုက်သည်။သူနန်ကုန်းဝူချယ်ကို စကားပြောပြန်ရန်ပင် ပျင်းရိနေပေသည်။ထို့ကြောင့် ပုဖန်၏ အမူအရာကိုသာ လှည့်ကြည့်လိုက်၏။


"အိုး...ကောင်းပြီလေ...ဒါဆိုလည်းမင်းကံကောင်းပါစေလို့ ငါဆုတောင်းပေးလိုက်မယ်..."


ပုဖန်က ခဏမျှ ကြောင်အသွားပြီးနောက် သူ အလေးအနက်အမူအရာဖြင့် ပြန်ပြောလိုက်သည်။မောင်ရှီ ထခုန်မတက်ပင် ဒေါသထွက်သွားလေသည်။


"ဘယ်သူက မင်းရဲ့ဆုမွန်ကောင်းကို လိုနေလို့လဲ...လက်လေးတစ်ချောင်းမြောက်လိုက်ရုံနဲ့တင်မင်းကိုရိုက်နိုင်တယ်...အဲ့ဒီတော့ ငါက ဘာကြောင့် မင်းရဲ့ ဆုမွန်ကောင်းကို လိုရဦးမှာလဲ...စကားတတ်တိုင်း လျှောက်ပြောမနေနဲ့ မင်းရှုံးရမယ့်အချိန်ကိုသာစောင့်နေလိုက်တော့ ငါ့အန်းရှန့်ရဲ့ အရှက်ကွဲမှုကို အစားပြန်ယူမယ်..."


"မင်းက ရင်ကြီးကြီးအန်းရဲ့ ဂုဏ်သိက္ခာကိုပြန်ယူပေးချင်တယ်ပေါ့...မင်းက သူနဲ့ ဘယ်လိုပတ်သတ်လို့လဲ မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေတာလဲ...သူ့အတွက် မင်းက ဆုံးဖြတ်ပိုင်ခွင့်ရှိတာလား..."


နန်ကုန်းဝူချယ်က မောင်ရှီ၏ အမူအရာကို ဆက်မကြည့်နိုင်တော့ပဲ သူရန်စ၍ကို မေးလိုက်သည်။


"ပါးစပ်ပိတ်ထားစမ်း...အန်းရှန့်အပေါ်မှာ အဲ့ဒီလို ပေါက်ကရစကားလုံးတွေ မသုံးနဲ့ ..."


မောင်ရှီက မြွေတစ်ကောင်ကဲ့သို့ တရှုးရှုးဖြစ်လာလေသည်။


"ဟိုး ...ဟိုး...ဟိုး ...မင်းက ဒီစီနီယာအကိုကြီးကို ပါးစပ်ပိတ်ခိုင်းရဲတယ်ပေါ့..."


နန်ကုန်းဝူချယ်ကလည်းဒေါသထွက်နေသည်ဖြစ်သောကြောင့် မောင်ရှီ၏ တုံ့ပြန်စကားကိုကြားသည်နှင့် နှာခေါင်းမှ လေများကို မှုတ်ထုတ်လိုက်သည်။


"ငါပြောခဲ့သလိုပဲစားဖိုမှူးတစ်ယောက်က ကြီးကျယ်ခမ်းနားတဲ့ ပွဲတွေကို တက်ရောက်ဖို့ ခက်ခဲတယ်...သူက မီးဖိုချောင်ထဲမှာပဲ နာနာခံခံနဲ့ ဟင်းပွဲတွေချက်ပြုတ်နေသင့်တာ...နောက်ပွဲကျရင် စိတ်ဓာတ်ကျတဲ့အရာက ဘယ်လိုအရာလဲဆိုတာကို ငါမင်းကို သိခွင့်ပေးမယ်...စားဖိုမှူးတွေက အဂ္ဂိရတ်ပညာရှင်တွေနဲ့ ယှဉ်ပြိုင်ဖို့ လုံးဝ မဖြစ်နိုင်ဘူး..."


မောင်ရှီက အေးစက်စွာပြောလိုက်သည်။နန်ကုန်းဝူချယ် နှာခေါင်းရှုံ့လိုက်ပြီး သူလှုပ်ရှားရန်ပြင်လိုက်သည်။သို့သော်လည်း ပုဖန်က သူ့၏ ပခုံးကိုပုတ်၍ တားလိုက်လေသည်။


နယ်သာရီက လေထဲမှ ညှင်သာစွာပင်မျောလွင့်လာပြီးပုဖန်၏ ဘေးနား၌ လာရပ်လေသည်။သူမ၏ အေးစက်နက်ရှိုင်းလှသော အကြည့်များက မောင်ရှီပေါ်ကျရောက်နေလေသည်။သူမက ထိုသူကို အရေးမပါသော ပုရွတ်ဆိတ်တစ်ကောင်ကဲ့သို့ ကြည့်နေလေသည်။


"စားဖိုမှူးတစ်ယောက်က အခမ်းအနားကြီးတွေကို တက်ရောက်ဖို့ ခက်ခဲတယ်တဲ့လား...ဒီလိုယုံကြည်မှု ပြင်းထန်တဲ့ စကားလုံးမျိုး မင်းကို ဘယ်သူသင်ပေးလိုက်တာလဲ..."


ထိုစကားကြောင့် ပုဖန်၏ စိတ်အခြေအနေက မှောင်မိုက်နေပေပြီ။သို့သော်လည်း သူ့၏ အမူအရာက မပြောင်းမလဲရှိနေတုန်းပင်ဖြစ်သည်။ခဏမျှတိတ်ဆိတ်နေပြီးနောက် ပုဖန် စကားပြောလိုက်သည်။


"အဲ့ဒီတော့ ငါ့ရဲ့ နောက်ပွဲပြိုင်ဘက်က မင်းပေါ့...ကောင်းပြီလေ...မင်းရဲ့ ဆေးမီးဖိုသာမပေါက်ကွဲဘူးဆိုရင်တော့ နောက်ပွဲကို ငါ့ရဲ့ ရှုံးပွဲအဖြစ် မင်းသတ်မှတ်လိုက်လို့ရတယ်..."