အပိုင်း ၅၃၄
Viewers 53k

အခန်း ၅၃၄

တစ်ယောက်နဲ့တစ်ယောက် ပခုံးချင်းတိုက်မိသွားတယ်...


"တကယ်လို့ နောက်ပွဲမှာမင်းဆေးမီးဖို မပေါက်ကွဲဘူးဆိုရင်တော့ မင်း ငါရှုံးတယ်လို့ တွက်လို့ရတယ်..."


ပုဖန်၏ စကားများက နောက်ကွယ်တွင် အင်အားတစ်ခု ပါလာသလိုမျိုးနန်ကုန်းဝူချယ်နှင့် မောင်ရှီကို သိမ့်ခနဲ တုန်လှုပ်ခြောက်ခြားသွားစေသည်။


နန်ကုန်းဝူချယ် မျက်လုံးပြူးများဖြင့် ပုဖန်ကို မယုံကြည်နိုင်စွာ စိုက်ကြည့်လိုက်သည်။


"ဘော်ဒါပု ပြောလိုက်တဲ့စကားက ဘာလို့အဲ့ဒီလောက်တောင် လွှမ်းမိုးနိုင်စွမ်းရှိနေတာလဲ...သူက ငါသိတဲ့ပုဖန်ကိုဟုတ်သေးရဲ့လား..."


မောင်ရှီလည်း ကြောင်အစွာ ရပ်နေမိသည်။သူ့ခန္ဓာကိုယ်က တောင့်တင်းနေပြီး အတွေးများပါ ဗလာဖြစ်နေပေသည်။မောင်ရှီ တစ်စုံတစ်ရာပြောရန် ပါးစပ်ဖွင့်ဟလိုက်သည်။သို့သော်လည်း သူစကားလုံးများ ပျောက်ဆုံးနေလေသည်။


"ငါ့ရဲ့ ဆေးမီးဖို ပေါက်ကွဲသွားရင်တော့ ငါကရှုံးမယ်ပေါ့...မင်းက ဒီထက်ကောင်းတဲ့ စကားတွေ ပြောလို့မရတော့ဘူးလား...မင်းက ငါ့က်ို အဲ့ဒီလိုမျိုးအထင်သေးနေတာလား..."


သူက မုပိုင်နှင့်ပင် နှိုင်းယှဉ်နိုင်သော ပါရမီရှင်တစ်ယောက်ဖြစ်သည်။ပုဖန်၏ ထိုစကားက သူ့ကို ဒေါသထွက်သွားစေသည်။


"မင်းဘာမှ ထပ်ပြောဖို့မလိုတော့ဘူး...ဘာအဓိပ္ပါယ်လဲဆိုကို နောက်ပြိုင်ပွဲကျရင် တွေ့လိမ့်မယ်...အခုသွားနိုင်ပြီ..."


ပုဖန်က စကားပြောရန်ပြင်နေသည့် မောင်ရှီကို လက်ဝှေ့ယမ်း၍ ဖြတ်ချလိုက်သည်။


"မင်းအခု သွားနိုင်ပြီ...လခွမ်း... မင်းကသွားနိုင်ပြီလို့ ပြောလိုက်တာနဲ့ ငါကသွားရမယ်ပေါ့..."


မောင်ရှီ ဒေါသများပေါက်ကွဲမလိုပင် ဖြစ်သွားလေသည်။သူ သွေးပွက်ပွက်ပင် အန်ချင်မိသွားသည်။နန်ကုန်းဝူချယ် လုံးဝ အံ့သြတုန်လှုပ်နေမိသည်။သူပုဖန်ကို စပြီးတွေ့သည့်အချိန်ထဲက ထိုကဲ့သို့ လွှမ်းမိုးနိုင်စွမ်းရှိကြောင်း မသိခဲ့ပေ။ထိုသူက အမြဲတမ်းပင် တည်ငြိမ်ပြီး စိတ်ခံစားချက်ကင်းမဲ့သည်ဟု ထင်ခဲ့ခြင်းသာဖြစ်သည်။


ပုဖန်နှင့် သူ့နောက်မှ ပါလာသော နယ်သာရီတို့နှစ်ယောက်လုံးက အမူအရာပြောင်းလဲမှုပင်မရှိပေ။သူတို့က မောင်ရှီကို လျစ်လျူရှုလိုက်ပြီး ခပ်ဝေးဝေးဆီသို့ လျှောက်ထွက်သွားကြသည်။


ပုဖန် ဒေါသထွက်နေခြင်းမှာ မောင်ရှီက မောက်မာဝင့်ကြွားလွန်းသောကြောင့် မဟုတ်ပဲ စားဖိုမှူးများကို အထင်အမြင်သေးသောကြောင့်သာဖြစ်သည်။


သူက ဘာကောင်မလို့လဲ...သူ့မှာ စားဖိုမှူးတွေကို အထင်သေးနိုင်တဲ့ အရည်အချင်းရှိလို့လား...

စားဖိုမှူးတစ်ယောက်ဖြစ်သော ပုဖန်က စားဖိုမှူးများ၏ ဂုဏ်သိက္ခာကို မြင့်တင်ပေးရပေမည်။


မောင်ရှီ အသက်ပြင်းပြင်းတစ်ချက် ရှိုက်လိုက်သည်။ထိုနိမ့်ကျလှသော စားဖိုမှူးတစ်ယောက်က သူ့လို အဂ္ဂိရတ်ပညာရှင်တစ်ယောက်ကို မျက်နာပျက်အောင်လုပ်ရဲမည်ဟု တခါမှ မထင်ခဲ့ဖူးပေ။


ဒါက ခွင့်မလွှတ်နိုင်စရာကောင်းလွန်းလှသည်။သူမောင်ရှီက ဒီအတိုင်း ကျော်ဖြတ်သွားခွင့် ဘယ်လိုလုပ် ပြုနိုင်ပါမည်နည်း။ဒီတိုင်းသာ လွှတ်ပေးလိုက်လျှင် သူမောင်ရှီမဟုတ်တော့ပေ။


သူ အရှေ့သို့ ခြေတစ်လှမ်းလှမ်းလိုက်သည်။သူ့ခန္ဓာကိုယ်မှ အော်ရာများ ထွက်ပေါ်လာကာ နောက်ကျောမှစိတ်ဝိညာဉ် ကြိုးသုံးချောင်း ပေါ်လာလေသည်။သူပုဖန်၏ ရှေ့တည့်တည့်၌ ပိတ်ရပ်လိုက်သည်။


ထန်...


ရုတ်တရက် ပေါက်ကွဲထွက်လာသော အော်ရာများက ပရိတ်သတ်များက်ို ထိတ်လန့်သွားစေသည်။သူတို့ စွမ်းအားများထွက်ပေါ်လာသည့်နေရာကို အလျှင်စလို ကြည့်လိုက်ကြသည်။


တစ်ချို့ပရိတ်သတ်များ၏ ကျင့်ကြံစဉ်က အဆင့်မမြင့်လှပေ။ထို့ကြောင့် ထိုအော်ရာများ ထွက်ပေါ်လာသည်နှင့်ကြီးမားသော ဖိအားကို ခံစားလိုက်ရပြီး အားနဲချိနဲ့သွားကြသည်။


ပါရမီရှင် မောင်ရှီက စားဖိုမှူး၏ ရှေ့၌ ရပ်၍ လမ်းပိတ်ထားသည်ကို မြင်လိုက်ကြ၏။


"ဘာတွေဖြစ်နေတာလဲ မောင်ရှီက ပုဖန်ကို တိုက်ခိုက်တော့မလို့လား..."

ပရိတ်သတ်များ မျက်လုံးပြူးများဖြင့် ကြည့်နေမိကြသည်။


မောင်ရှီရယ်မောလိုက်ပြီးနောက် ပုဖန်ကိုကြည့်၍ အထင်အမြင်သေးစွာ နှာခေါင်းရှုံ့လိုက်သည်။


"ငါက စားဖိုမှူးတစ်ယောက်ကို ကြောက်ရမှာလား...မင်းလိုမျိုး မသေမျိုးနယ်ပယ်ကိုတောင် အဆင့်ချိုးဖောက်မရောက်ရသေးတဲ့ စားဖိုမှူးတစ်ယောက်ကို ငါကကြောက်ရမှာလား...ငါတို့လို သန်မာတဲ့ လူတွေနဲ့ တွေ့ရင် မင်း ကြောက်ရွံ့တုန်လှုပ်နေရုံကလွဲပြီး ဘာတတိနိုင်သေးလို့လဲ..."


နန်ကုန်းဝူချယ်က ငတုံးတစ်ယောက်လို တွေ့နေရသလိုမျိူး မောင်ရှီကို ကြည့်လိုက်သည်။


မင်းက ကန်းများကန်းနေတာလား...ပုဖန်ရဲ့ ဘေးမှာ အမကြီးနယ်သာရီတစ်ယောက်လုံးရပ်နေတာ မတွေ့ဘူးလား...အမကြီး နယ်သာရီကဘယ်သူလဲ သိလား သူမက အဆင့် ၅ဆင့်ကို ချိုးဖောက်ပြီးတဲ့ မသေမျိုးခန္ဓာတစ်ယောက်တောင် ကြောက်ရတဲ့လူကွ ...ဒီမောင်ရှီရဲ့ ဦးနှောက်က အပေါက်ကြီးဖြစ်နေတာလား...သူက ပုဖန်ရဲ့ လမ်းကိုပိတ်ရဲတယ် အဲ့ဒါအမကြီးနယ်သာရီရဲ့ လမ်းကို ပိတ်လိုက်တာနဲ့ တူတူပဲလေ ...ဒီမောင်ရှီကတော့ အမကြီး နယ်သာရီကို မသိဘူးနဲ့တူတယ်...


"မင်းဘာလုပ်နေတာလဲ..."


ပုဖန် မျက်မှောင်ကြုတ်၍ စိတ်မကျေမနပ်ဖြင့် ပြောလိုက်သည်။


"ဘာမှတော့ မဟုတ်ပါဘူး...ငါ့ရဲ့ရှေ့မှာ ပေါက်ကရလေးဆယ်တွေပြောပြီး ထွက်ပြေးသွားတဲ့ စားဖိုမှူးလေးတစ်ယောက်ကို မကျေမနပ်ဖြစ်နေရုံပါ...မင်းပြောကြည့်စမ်းပါဦး...ငါမောင်ရှီက အဲ့ဒီလိုမျိုး အမှိုက်သရိုက်ဖြစ်နိုင်ပါ့မလားလို့..."


မောင်ရှီ အေးစက်စွာ ရယ်မောလိုက်သည်။မောင်ရှီ သူ့ဒန်တန်ထဲမှ စွမ်းအင်များကို အလျှင်စလို ထုတ်ဖော်လိုက်သည်။ထို့နောက် သူ့လက်ကို စွမ်းအင်များဖြင့် ဖုံးအုပ်လိုက်ပြီး ပုဖန်ကို သင်ခန်းစာ ပေးရန်ရည်ရွယ်၍ လွှဲရိုက်ချလိုက်သည်။ပရိတ်သတ်များ အော်ဟစ်လိုက်ကြသည်။


"သူက တကယ်ကြီးပဲ တိုက်ခိုက်လိုက်တယ်...စိတ်လှုပ်ရှားစရာကောင်းလိုက်တာ...ငါတို့ရဲ့ ဖျက်မြင်းစားဖိုမှူးက ဘယ်လိုရင်ဆိုင်မလဲ...ဘယ်လိုပဲဖြစ်ဖြစ် သူက အရမ်းအားနည်းတယ်လေ ..."


လူအများကြီးထဲတွင် ပုဖန်ကို မစိုးရိမ်သူဟူ၍ နန်ကုန်းဝူချယ် တစ်ယောက်သာရှိလေသည်။


"မောင်ရှီ အခုရပ်လိုက်စမ်း..."


မောင်ရှီ၏ လက်ဖဝါးက ပုဖန်ကိုထိတော့မည့်အချိန်မှာပင် ထူးဆန်းသည့် စွမ်းအင်လှိုင်းတစ်လှိုင်းထွက်ပေါ်လာပြီး သူ လက်ဖဝါးရိုက်ချက်က ရပ်တန့်သွားလေသည်။


သူ့နောက်ကျောဘက်မှ အော်ဟစ်သံကို ကြားလိုက်ရပြီး ပုံရိပ်နှစ်ရိပ် အလျှင်စလို လာနေသည်ကို တွေ့လိုက်ရသည်။အန်းရှန့်က စိုးရိမ်ပူပန်နေသော အမူအရာဖြင့် ရောက်လာပြီး သူ့နောက်၌လည်း မုပိုင်ပါလာလေသည်။


မုပိုင် စိတ်ကျေနပ်နေမိသည်။သူ့ကို မျက်နာသာမပေးသည့်သူဟူ၍ မရှိပေ။မောင်ရှီပင်လျှင် သူ့၏ တိုက်ခိုက်မှုကို ရပ်တန့်ထားလေသည်။သို့သော် သူမောင်ရှီကို ကြည့်လိုက်သောအခါ၌ အနည်းငယ် ထိတ်လန့်အံ့အားသင့်သွားလေသည်။


မောင်ရှီ၏ ခန္ဓာကိုယ်က တောင့်တင်းနေပြီးသူ့နဖူးမှ ချွေးများကမြေပြင်ပေါ်သို့ တစ်စက်စက်စီးကျနေသည်ကို တွေ့လိုက်ရသည်။


အန်းရှန့်နှင့် မုပိုင်တို့ နှစ်ယောက်က ထူးဆန်းသည့် စွမ်းအင်လှိုင်းတစ်ခုကို တွေ့လိုက်သော်လည်းတကယ်တမ်းဘာဖြစ်သွားသည်ကို မသိလိုက်ကြပေ။


မောင်ရှီကမူ ရေခဲကန်ထဲ ပြုတ်ကျသွားသလိုမျိုး အေးစိမ့်သည့် ခံစားချက်ကို ခံစားလိုက်ရပြီး သူ့မျက်ဝန်းထဲတွင် တုန်လှုပ်မှုများ ပြည့်နှက်နေလေသည်။


အဲ့ဒီအမျိုးသမီး သူက အရမ်းကြောက်ဖို့ကောင်းလွန်းတယ်...သူမက ဘယ်သူလဲ ဘယ်လိုလုပ်ပြီး သူက အရမ်းကြောက်ဖို့ကောင်းနေရတာလဲ...


ထိုအကြည့်များက ငရဲမှ တက်လာသော နတ်ဆိုးက သူ့၏ နှလုံးသားကို ဆွဲဖြဲနေသလိုပင် ခံစားရစေသည်။သူ အနည်းငယ်မျှပင် လှုပ်ရှားရဲခြင်းမရှိပေ။


ပုဖန်၏ မျက်နာက ယခင်အတိုင်း တည်ငြိမ်နေတုန်းပင်ဖြစ်သည်။သူက မောင်ရှီ၏ လက်ဖဝါးကို အသာအယာဖိချပေးလိုက်ပြီးနောက် လှောင်ပြောင်ဟန် ပြုံးလိုက်သည်။


ထို့နောက် တင့်တယ်လှပလှသော နယ်သာရီနှင့်အတူ ဖြေးညှင်းစွာ လျှောက်ထွက်သွားလိုက်ပြီး သူ့၏ မြင်ကွင်းထဲမှ ပျောက်ကွယ်သွားလေသည်။


နန်ကုန်းဝူချယ်က အေးခဲနေဆဲဖြစ်သော မောင်ရှီကို ငတုံးတစ်ယောက်လို ကြည့်လိုက်သည်။


"အမကြီး နယ်သာရီရဲ့ ရှေ့မှာ ဘော့စ်ပုကို တိုက်ခိုက်ဖို့ ကြိုးစားရဲတယ် မင်းကတကယ်ကို ရူးသွပ်တာပဲ..."


နန်ကုန်းဝူချယ်က သက်ပြင်းအသာချ၍ ခေါင်းခါယမ်းလိုက်သည်။ထို့နောက် သူ အန်းရှန့်ဘက်သို့ လှည့်ကြည့်လိုက်သည်။


"အားရိုး...ရင်သားကြီးကြီးအန်း နင်ရောက်လာတာပဲ ဒီမှာနင့်ရဲ့ ကောက်ရိုးပုံစောင့်ခွေးလေးက ပိုင်ရှင်ပုကို တိုက်ခိုက်မလို့လေ...နင့်ရဲ့ လက်တွဲဖော်လေးက ဦးနှောက်မရှိတာ တကယ့်ကို ရှက်ဖို့ကောင်းတာပဲ..."


နန်ကုန်းဝူချယ်က ရယ်မော၍ ပြောဆိုလိုက်သည်။


"ဘာကြီးတယ်...နင်သာရင်သားကြီးတာ..."


အန်းရှန့်က ဒေါသတကြီးပင် စူးစိုက်ကြည့်လိုက်ပြီး သူမနန်ကုန်းဝူချယ်၏ မျက်နာကို ထိုးချလိုက်သည်။သို့သော်လည်း နန်ကုန်းဝူချယ်က ရယ်မောရင်းဖြင့် အသာအယာ တိမ်းရှောင်လိုက်လေသည်။အန်းရှန့်က သူ့လက်ကို ပြန်ချလိုက်ပြီး အေးခဲနေဆဲဖြစ်သော မောင်ရှီဘက်လှည့်၍ ဟမ့်ခနဲ ရေရွတ်ကာ လှည့်ထွက်သွားလိုက်သည်။


မုပိုင်လည်း တစ်စုံတစ်ခု မှားယွင်းနေသလို ခံစားရသောကြောင့် မျက်မှောင်ကြုံ့လိုက်သည်။သို့သော်လည်း သူ နက်နက်ရှိုင်းရှိုင်း တွေးတောမနေတော့ပဲ တုန်ရီနေသည့် မောင်ရှီ၏ ပခုံးကို ပုတ်၍သာ အားပေးလိုက်သည်။


ပရိတ်သတ်များကလည်းမောင်ရှီကို ထူးဆန်းသည့် အမူအရာများဖြင့် ကြည့်နေကြလေသည်။


"သူက ပိုင်ရှင်ပုရဲ့ အကြည့်လေးတစ်ချက်နဲ့တင် ဒီလိုမျိုး အေးခဲ တောင့်တင်းနေတယ်ပေါ့လေ..."


ဒီဖြစ်ရပ်များ၏ နောက်ကွယ်ကို ပရိတ်သတ်များက မသိကြပေ။သူတို့ သိသည်က ထိုပါရမီရှင်မောင်ရှီက ပုဖန်ကို ကြောက်နေသည်ဟူ၍ပင်။ထိုကောလဟာလက တောမီးကဲ့သို့ပင် လျှင်မြန်စွာ ပြန့်နှံ့သွားပြီး လူအများကြား၌ ပြောဆိုဆွေးနွေးစရာ ဖြစ်နေလေတော့သည်။


ထိုသတင်းအပြင် 


"ဖျက်မြင်းစားဖိုမှူးက စကားတစ်ခွန်းပြောခဲ့သေးတယ်...နောက်တစ်ပွဲမှာမောင်ရှီရဲ့ ဆေးမီးဖိုသာ မပေါက်ကွဲဘူးဆိုရင်သူ့ရဲ့ အရှုံးလို့ပဲ သတ်မှတ်လိုက်တယ်..."


"ဘာ..အဲ့ဒီလောက်တောင် လွှမ်းမိုးနိုင်တဲ့ စကားမျိုးပြောရဲတယ်ပေါ့ ဒီဖျက်မြင်းစားဖိုမှူးက အဲ့ဒီလိုစွမ်းအင်တွေ ရှိလိမ့်မယ်လို့ မထင်ထားဘူး..."


"ဆေးမီးဖိုပေါက်ကွဲရင် ဟုတ်လား...ဒီတော့ နောက်တစ်ပွဲမှာ နောက်ထပ် ဆေးမီးဖိုတွေ ပေါက်ကွဲဦးမယ်ပေါ့ ဘယ်လောက်တောင် စိတ်လှုပ်ရှားဖို့ကောင်းလိုက်လဲ ငါတော့ နောက်ပွဲကို ကြည့်ဖို့ မစောင့်နိုင်တော့ဘူး..."


ထိုအတင်းစကားများက လျှင်မြန်စွာ ပြန့်နှံ့နေပြီး ပရိတ်သတ်များက နောက်တစ်ပွဲကိုကြည့်ရှုရန် စိတ်အားထက်သန်နေကြပေပြီ။


....


သူတို့ ဆိုင်ကို ပြန်ရောက်ခာနီး၌ ရုတ်တရက် ပုဖန် တုံ့နှေးသွားသည်။သူ့၏ ရှေ့မှ ပုံရိပ်နှစ်ခု လျှောက်လာသည်ကို တွေ့လိုက်ရသည်။


ရှေ့တစ်ယောက် နောက်တစ်ယောက်လျှောက်လာသော မိန်းမ တစ်ယောက်နှင့် ယောက်ကျားတစ်ယောက်ပင်ဖြစ်သည်။


ထိုအမျိုးသမီး၏ အနီရောင်ဆံပင်များက မီးတောက်များကဲ့သို့ပင် အလွန်ဆွဲဆောင်မှုရှိလှသည်။


သူမ၏ သလင်းကျောက်ကဲ့သို့ ဖြူဖွေးကြည်လင်နေသည့် ခြေဖဝါးလေးတွင် ဖိနပ်နီနီတစ်စုံကို စီးထားသည်မှာလည်း အလွန်လိုက်ဖက်မှု ရှိလှသည်။


သူမ၏ ပတ္တမြားရောင်နှုတ်ခမ်းပါးလေးများကလည်း ရင်သတ်ရှုမောဖွယ်ကောင်းလှသည်။အားလုံးခြုံ၍ ပြောရမည်ဆိုလျှင် ထိုအမျိုးသမီးက အရှင်သခင် တစ်ပါးကဲ့သို့ တင့်တယ်ကျက်သရေရှိခြင်းနှင့် ပြည့်စုံနေပေသည်။


သူမ၏ နောက်၌ လေထုကိုပင် အေးစက်သွားစေသည့် အငွေ့အသက်များ ထုတ်လွင့်နေသော ခါးကုန်းကုန်းနှင့် လူတစ်ယောက်ပါလာသည်။ထိုသူ့၏ မျက်ဝန်းများက နက်ရှိုင်းလှပြီး ထွင်းဖောက်မမြင်နိုင်သည့် ခံစားချက်မျိုး ပေးစွမ်းလေသည်။


ပုဖန်က ဖြေးဖြေးချင်းလျှောက်လှမ်းနေသလို ထိုအမျိုးသမီးကလည်း သူရှေ့ရာဆီသို့ ဖြေးဖြေးချင်းလျှောက်လှမ်းလာလေသည်။သူတို့နှစ်ယောက်ကြားမှ အကွာအဝေးက တဖြေးဖြေးကျုံ့လာလေသည်။


အဆုံးသတ်၌ သူတို့ တစ်ယောက်နှင့်တစ်ယောက် ပခုံးချင်းယှဉ်တိုက်မိသွားကြသည်။သို့သော်လည်း မည်သူမှ ရပ်တန့်ခြင်းမရှိပဲ သူတို့၏ လမ်းကို ဆက်လျှောက်သွားကြသည်။


"မြေခွေးအိုကြီးခုဏက ဖြတ်သွားတဲ့ နှစ်ယောက်မှာ တစ်ယောက်က ရှုရမျှော်စင်ရဲ့ စွမ်းအင်လှိုင်းမျိုးရှိနေတယ်..."


မြင့်မြတ်သော မိန်းမပျိုက သူမ၏ လက်သည်းနီနီလေးများကို အသာအယာဆော့ကစားရင်းပြောလိုက်သည်။


"ဟုတ်ပါတယ်အရှင်မ အဲ့ဒီ လူတစ်ယောက်မှာ တကယ့်ကိုပဲ ရှုရစွမ်းအင်လှိုင်းတွေ ပိုင်ဆိုင်ထားပါတယ်..."


အစေခံ အိုကြီးက ရိုသေစွာဖြင့် ပြန်ပြောလိုက်သည်။


"ကြည့်ရတာတော့ ထုံဟယ်က ငါ့ကို မလိမ်ဘူးပဲ အဲ့ဒီလူငယ်က စားသောက်ဆိုင်ရဲ့ ပိုင်ရှင်ဖြစ်မယ်ဆိုရင် သူ့နောက်မှာပါတဲ့ အမျိုးသမီးက ထုံဟယ်ပြောတဲ့ ငရဲကမ္ဘာအမျိုးသမီးပဲ ဖြစ်ရမယ်...ဟုတ်တယ်မဟုတ်လား..."


"လျှို့ဝှက်နယ်မြေထဲက ငရဲ ကမ္ဘာသင်္ဘောစီမှလာတဲ့ ငရဲကမ္ဘာအမျိုးသမီးပါ...အရှင်မ အဲ့ဒီအမျိုးသမီးက မရိုးရှင်းပါဘူး...သူတ်ို့နဲ့ ရင်ဆိုင်ရတဲ့အခါကျရင် ခက်ခဲမှာက်ိုပဲ စိုးရိမ်မိပါတယ်...ဒီတစ်ကြိမ်မှာတော့ ထုံဟယ်ရဲ့ လုပ်ဆောင်မှုက မှန်ကန်ပါတယ်...ကျွန်တော်တို့သာ အလျှင်စလို လှုပ်ရှားခဲ့မယ်ဆိုရင် ရှုရမျှော်စင်ကို ပြန်လုယူနိုင်မှာမဟုတ်ဘူး..."


အစေခံအိုကြီးက လေးနက်သည့်အမူအရာဖြင့်ပြောလိုက်သည်။သူ့၏ အင်အားကလည်း အလွန်ပင်သန်မာလှသည်။သို့သော်လည်း ငရဲ ကမ္ဘာအမျိုးသမီး၏ သန်မာမှုက သူ့ကိုပင် တုန်ယင်သွားစေသည်။


"ဟူး...ဒီလိုဆိုမှတော့ ငါတို့ အလျှင်စလို ဆောင်ရွက်စရာမလိုဘူးပေါ့ ကိစ္စတွေကို ဖြေးဖြေးချင်းပဲ လုပ်ဆောင်ကြတာပေါ့ အဲ့ဒီစားသောက်ဆိုင်ရဲ့ စားဖိုမှူးက ပဉ္စလက်စုဝေးပွဲကြီးမှာပါဝင်ထားတယ်မဟုတ်လား...သူ့ကို သေချာစောင့်ကြည့်ထား...သူ့နားမှာ ငရဲ ကမ္ဘာအမျိုးသမီးမပါလာတဲ့အချိန်ကျရင် ငါတို့ ခပ်မြန်မြန်လှုပ်ရှားပြီး အဲ့ဒီစားဖိုမှူးကို တိုက်ရိုက်ပဲ ဖမ်းဆီးလိုက်ကြမယ်...သူက ရှုရမျှော်စင်ကိုတောင် လည်ဆွဲအဖြစ် အသုံးပြုထားတယ်မဟုတ်လား...အဲ့ဒီလူက သဘောထားကြီးမယ်ဆိုတာသေချာပါတယ်..."


သူမနောက်တွင်ရှိနေသော အစေခံအိုကြီးက ရိုသေစွာ ဦးညွှတ်၍ ပြောလာခဲ့သည်။


"ဟုတ်ကဲ့ပါ အရှင်မ..."