အပိုင်း ၅၃၅
Viewers 62k

အခန်း ၅၃၅

စားဖိုမှူးနဲ့ ရင်ဆိုင်ဖို့ကူညီပေးမဲ့...ပစ္စည်းကောင်းလေး...


ပုဖန်နှင့် နယ်သာရီတို့က သူတို့ ပခုံးချင်းယှဉ်တိုက်သွားတဲ့ အမျိုးသမီးအကြောင်းကို ပြောဆိုခြင်းမရှိပဲ ဆိုင်သို့ တည့်တည့်မတ်မတ်သာ ပြန်လာခဲ့ကြသည်။ထိုအမျိုးသမီး၏ အသွင်အပြင်က နူးညံ့လှပတင့်တယ်သော်လည်းပုဖန်၏ စိတ်ထဲ စွဲထင်ခြင်းမရှိပေ။


အေးစက်သည့် အကျင့်စရိုက်ရှိသော နယ်သာရီကိုယ်တိုင်ကလည်း ထိုအမျိုးသမီးအကြောင်း တွေးတောနေခြင်းမရှိပေ။ယခုအခ်ျိန်၌ သူ့၏ အတွေးများအားလုံးက နဂါးသွေးထမင်းကြော်သာဖြစ်သည်။


သူမပုဖန်နောက်သို့ စတင်လိုက်ခဲ့သည့်အချိန်ကတည်းက သူမ၏ ခန္ဓာကိုယ်ထဲတွင် စိတ်ဝိညာဉ် စွမ်းအင်များ ပြည့်နှက်နေလေသည်။ထို့ကြောင့် သေဆုံးခြင်းစွမ်းအင်များအကြောင်းကို ထပ်မံ ပူပန်နေစရာမလိုတော့ပေ။ဘဝနေထိုင်မှုက ပို၍ ကောင်းမွန်လာသောကြောင့် အလွန်ပင် စိတ်ကျေနပ်နေမိသည်။


ထိုကဲ့သို့ အခြေအနေဖြင့် နေထိုင်ရသောကြောင့် သူမ၏ မျက်နာလေးပင် တစ်နေ့နစ်ခြား သွေးရောင်လွှမ်းလာပေသည်။သူတို့ ဆိုင်သို့ ပြန်ရောက်သည်နှင့် သိမြင်မှု သစ်သီးပင်ဘေးနားတွင် အိပ်ပျော်နေပြီး အိပ်မက်လှလှမက်နေသော ခွေးဘုရင်ကို တွေ့လိုက်ကြသည်။


"ဒီခွေးငပျင်းကတော့..."


ပုဖန် မီးဖိုချောင်ဘက်သို့ တန်းဝင်သွားလိုက်ပြီး လက်ကို ဆေးကြော သန့်စင်လိုက်သည်။ထို့နောက် နယ်သာရီနှင့် ဘလက်ကီတို့အတွက် စားစရာပြင်ပေးလိုက်သည်။သူဟင်းပွဲများကိုင်၍ ထွက်လာသည်နှင့် အိပ်ပျော်နေသော ခွေးငပျင်းက အကြားအမြင်ရနေသည့်အလား မျက်စိဖွင့်ကြည့်လာလေသည်။ထို့နောက် စားပွဲဆီသို့ အလျှင်အမြန်ပြေးသွားလိုက်ပြီး လျှာတန်းလန်းထုတ်၍ ပုဖန်ကို စိုက်ကြည့်နေလေသည်။


ထိုခွေးမအိပ်သည့်အချိန်ဟူ၍ စားသည့်အချိန်သာရှိသည်။အိပ်ပြီးစား စားပြီးအိပ် တစ်နေ့တစ်ခြား ပိုဖောင်းလာသည်မှာ ခွေးဝတုတ်တစ်ကောင်ဖြစ်လာပေပြီ။ပုဖန် လောဘတကြီး စားသောက်နေသည့် နယ်သာရီနှင့် ခွေးဘုရင်ကို တစ်လှည့်စီ ကြည့်နေမိသည်။နယ်သာရီ၏ ခန္ဓာကိုယ်လေးက ယခုထိတိုင်အောင် ပိန်ပါးသွယ်လျနေသေးသည်။


သို့သော်လည်း 


သူက ခွေးဘုရင်လိုမျိုး အစားကြူးနေမှတော့ အဆုံးသတ်ကြရင် ခွေးဘုရင်လို ဝမလာနိုင်ဘူးလားမဖြစ်ဘူး...မဖြစ်ဘူး...အဲ့ဒါဆိုရင်တော့ ငါ့မျက်လုံးတွေ နာကျင်ရလိမ့်မယ်...


ကြည့်ရသည်မှာတော့ နယ်သာရီကို အနာဂတ်တွင် ဝိတ်လျှော့စေရန် ထိန်းချုပ်ထားရန်လိုအပ်ပေသည်။ပုဖန်က သူမ၏ ပုံသဏ္ဍာန်ကို ဂရုစိုက်ခြင်းမဟုတ်သော်လည်း သူမ၏ အလုပ်ရှင်တစ်ယောက်အနေဖြင့် သူ့အလုပ်သမားကို ဂရုစိုက်သည့်အကြောင်း ပြသရပေမည်။


ခွေးဘုရင်နှင့် နယ်သာရီတို့နှစ်ယောက်က စားပြီးသည်နှင့်တစ်ချိန်တည်းလိုလိုပင် ပျင်းရိစွာ အကြောဆန့်လိုက်ကြသည်။ထို့နောက် နှစ်ယောက်သားထပ်တူညီစွာပင် ခွေးဘုရင်က သိမြင်မှု သစ်သီးပင်အောက်ပြန်သွားပြီး နယ်သာရီကငရဲ ကမ္ဘာသင်္ဘောထဲသို့ ဝင်ရောက်သွားကာ အိပ်စက်ကြတော့သည်။ပုဖန် ထိုပုံစံကိုကြည့်၍ ပြောစရာစကားပင် ရှာမရတော့ပေ။


"ဒီငပျင်းနှစ်ကောင်ကတော့..."


သူစားပွဲကို သန့်ရှင်းရေးလုပ်လိုက်ပြီး မီးဖိုချောင်ဘက်သို့ ပြန်ဝင်သွားလိုက်သည်။ပုံမှန်ရပ်နေကြနေရာတွင်ရပ်နေသော ဝှိုက်တီ၏ ခေါင်းပေါ်၌ အိပ်ပျော်နေသော ပုစွန်ပိစိကလည်း ပူဖောင်းများထွက်သည်အထိပင် ဟောက်၍ အိပ်မောကျနေပေသည်။


ထိုပိစိကောင်ကလည်း နောက်ထပ်ငပျင်းတစ်ကောင်ပင်ဖြစ်သည်။ထိုငပျင်းသုံးကောင်ကိုကြည့်၍ ရယ်ချင်လာမိသည်။ဘယ်လိုအိပ်ရမည်ကိုသာသိသော ငပျင်းသုံးကောင်ထက်စာလျှင်ဝှိုက်တီကသာ သာ၍ ကောင်းမွန်ပေသည်။သူ ဝှိုက်တီ၏ ဗိုက်ကို ညှင်သာစွာ ပွတ်လိုက်ပြီးနောက် မီးဖိုခုံရှေ့သို့ လျှောက်သွားကာ နောက်ထပ်ပြိုင်ပွဲတွင် ဘာချက်ရမည်ကို တွေးနေမိသည်။


အစက နောက်ထပ်ပြိုင်ပွဲကို သူပါဝင်ရန် မစဉ်းစားခဲ့ပေ။သို့သော်လည်း မောင်ရှီ၏ စကားများကို ကြားပြီးနောက် သူ စိတ်မသက်မသာဖြစ်လာမိသည်။ထိုကောင်စုတ်လေးကို သင်ခန်းစာကောင်းကောင်းပေးသင့်သည်ဟု ထင်မြင်လာမိသည်။


စားဖိုမှူးများ၏ ကြောက်စရာကောင်းမှုကို သူ့ကို မြည်းစမ်းခိုင်းရပေမည်။ပုဖန်သူ့၏ မေးစေ့ကို ပွတ်သပ်၍ အတွေးနက်နေမိသည်။ရုတ်တရက်တစ်စုံတစ်ခုကို တွေးမိသည့်အလား မျက်ဝန်းများ တောက်ပသွားလေသည်။


သူ စိတ်လှုပ်ရှားမှုအပြည့်ဖြင့် စနစ်ကို လျှင်မြန်စွာ မေးလိုက်သည်။


"စနစ် ပဉ္စလက်စုဝေးပွဲကြီးမှာ ဆုအဖြစ် သလင်းကျောက်တွေ ရမယ်ဆိုတော့ အဲ့ဒါကို ငါ့ရဲ့ စီးပွားရေးအကျိုးအမြတ်အနေနဲ့ တွက်လို့ရလား..."


ပုဖန်က အရေးကြီးသည့် တစ်စုံတစ်ရာအလား အလေးအနက်ထား၍ မေးလိုက်သည်။စနစ်က ချက်ချင်းပြန်မဖြေပဲ ခဏမျှ တိတ်ဆိတ်သွားလေသည်။


"ရေတွက်ပါတယ်...ပြိုင်ပွဲမှာ အဆင့်သတ်မှတ်ချက်ကြောင့် ရလာတဲ ပိုင်ရှင်ရဲ့ စီးပွားရေးအကျိုးအမြတ်အဖြစ် ထည့်တွက်ပါတယ်..."


ပုဖန် တိတ်ဆိတ်နေသော်လည်း သူ့စိတ်ထဲတွင်တော့ ကုလားဘုရား လှည့်နေပေပြီ။သူက ထိုမေးခွန်းမေးရန် အခုလေးတင်မှ တွေးလိုက်မိခြင်းဖြစ်သည်။အစက ထိုဆုလာဘ်ကို သူ့၏ စီးပွားရေးအကျိုးအမြတ်အနေဖြင့် ထည့်တွက်မည်ဟု မထင်ထားခဲ့မိပေ။


ယခုတော့ သူတကယ်ကို ပြိုင်ပွဲ ဝင်ချင်စိတ်ပေါက်လာပေပြီ။သလင်းကျောက်ရမည်ဆိုမှတော့ ပြိုင်ပွဲ၏ အဆုံးသတ်ထိ သွားရပေမည်။


"ဒါက သလင်းကျောက်အတွက်ပဲ...ဒါတွေအားလုံးက သလင်းကျောက်ရဖို့အတွက်ပဲ..."


ပုဖန် လက်သီးဆုပ်၍ အံတင်းတင်းကြိတ်လိုက်သည်။သူ့မျက်နာကလည်း အလေးအနက်အမူအရာဖြင့် ပြောင်းလဲသွားသည်။ဒီကမ္ဘာကြီးထဲတွင် သလင်းကျောက်များကသာအလှပဆုံးသော အရာများဖြစ်ကြသည်။သူ ပြိုင်ပွဲတွင် မည်သည့်နည်းနှင့်မှ အရှုံးမခံလိုတော့ပေ။


သူ့ပြိုင်ဘက်များ၏ ဆေးမီးဖိုများ ပေါက်ကွဲသွားအောင်ဒီထပ်ပို၍ ပြင်းပြင်းထန်ထန်ကြိုးစားသင့်ပေသည်။


"ငါနောက်ထပ် အစပ်ပ်တဲ့ ဟင်းပွဲတစ်ခုခုချက်သင့်လား...ဒါမှမဟုတ်ရင် တို့ဟူးပုပ်လိုမျိုး အနံ့ပြင်းတဲ့ တစ်ခုခုက်ိုမျိုး ထပ်ချက်သင့်လား ဘယ်ဟာကို ရွေးချယ်သင့်လဲ...ဒါမှမဟုတ်ရင်လည်း လူအများကြိုက်နှစ်သက်တဲ့ မွှေးကြိုင်လွန်းတဲ့ ဟင်းပွဲပဲ ချက်ရမလား..."


သူ့ခေါင်းထဲတွင် ထိုအတွေးများ ရှုပ်ရှက်ခက်နေသည်။နောက်တစ်ပွဲတွင် သူအနိုင်ရနိုင်ချေက အလွန်နည်းပါးလွန်းသည်။မောင်ရှီ၏ စွမ်းရည်အဆင့်က မြင့်မားလေရာ သူ့အပေါ် အလွယ်တကူ အကျိုးသက်ရောက်မှုရှိဖို့ မဖြစ်နိုင်ပေ။


သာမန်နည်းလမ်းများဖြင့် ထိုသူ့အပေါ် လွှမ်းမိုးမှုမရနိုင်ပေ။ပုဖန် သူ့လက်ထဲမှ ဓားကိုဝှေ့ယမ်းကစားရင်း မီးဖိုချောင်ထဲလှည့်ပတ်လျှောက်ကာ တွေးတောနေမိသည်။


မောင်ရှီ၏ ဆေးမီးဖိုသာ မပေါက်ကွဲလျှင် ရှုံးမည့်သူက သူဖြစ်သွားပေလိမ့်မည်။ထိုကြောင့် အလွန်သက်ရောက်မှုပြင်းထန်သည့် ဟင်းပွဲမျိုးကို သူရွေးချယ်ရပေမည်။


သို့သော်လည်း မောင်ရှီ၏ ဆေးမီးဖိုပေါက်ကွဲအောင်လုပ်သည်က အလွန်ပင်ခက်ခဲသည့် တာဝန်တစ်ရပ်လို ဖြစ်နေသည်။ယခုလက်ရှိအချိန်ထိ သူမည်သည့်ဟင်းပွဲကို ရွေးချယ်ရမည်ကို မဆုံးဖြတ်နိုင်သေးပေ။


မောင်ရှီ၏ ကျင့်ကြံအဆင့်က မြင့်မားလှသလို သူ့၏ အင်အားကလည်း အလွန်သန်မာလှသည်။ထို့ကြောင့် သာမန်ဟင်းပွဲများ၏ စွမ်းအင်များက သူ့အပေါ် လွှမ်းမိုးဖို့ မဖြစ်နိုင်ပေ။


ပုဖန် စဉ်းစားရင်းဖြင့် ခေါင်းကိုက်လာပေပြီ။သူအချိန်အတော်ကြာသည်အထိ စဉ်းစားနေသော်လည်း မည်သည့်အကြံဉာဏ်မှ ထွက်မလာခဲ့ပေ။


သူရွှေနဂါးအရိုးမီးဖိုချောင်သုံးဓားကို ပြန်သိမ်းဆည်းထားလိုက်ကာ သူ့အခန်းဆီသို့ သွားပြီး ရေနွေးနွေးလေးဖြင့် ရေချိုးသန့်စင်လိုက်သည်။ထို့နောက် အိပ်ယာပေါ်ထိုင်၍ သူ့ခေါင်းကို ခြောက်အောင်သုတ်ပြီးသည့်အချိန်ထ်ိပင် အကြံဉာဏ်ထွက်မလာသေးပေ။


အဆုံးသတ်တွင်တော့ သူ့ကို ခေါင်းကိုက်မှုပေးနေသော ပြဿနာများကို ခဏမေ့ထားလိုက်ကာ နှစ်နှစ်ခြိုက်ခြိုက်အိပ်စက်လိုက်လေသည်။


....


အချိန်၂ရက်က လျှင်မြန်စွာ ကုန်ဆုံးသွားလေသည်။ထိုနှစ်ရက်အတွင်း သူရွေးချယ်ရမည့်ဟင်းပွဲကို အသဲအသန်စဉ်းစားနေခဲ့သည်။ထိုအချိန်အတောအတွင်းမှာပင် ပဉ္စလက်စုဝေးပွဲကြီး၏ ထိပ်ဆုံး ၁၀ ယောက်ပြိုင်ပွဲက ပြီးဆုံးသွားခဲ့လေပြီ။


နောက်ဆုံး၌ ထိပ်ဆုံး ငါးယောက်ပြိုင်ပွဲဝင်များ၏ အမည်ထွက်ပေါ်လာခဲ့သည်။ထို့အပြင် နောက်တစ်ပွဲတွင် ယှဉ်ပြိုင်ဘက်များ၏ အမည်လည်း ထွက်ပေါ်လာခဲ့လေသည်။ဒီပြိုင်ပွဲဝင် ထိပ်သီး ငါးယောက်ထဲမှ တစ်ယောက်က အလိုလိုပင် နောက်တစ်ဆင့်သို့ တက်ရန် ရွေးချယ်ခံလိုက်ရသည်။


ထိုကဲ့သို့ အခွင့်ထူးရသောသူက ပုဖန်မဟုတ်ပဲ မုပိုင်ဖြစ်လေသည်။ထိုသူ့၏ အဂ္ဂိရတ်ပညာရှင်စွမ်းရည်က အလွန်ပင် ကောင်းမွန်လှကြောင်းကို လူတိုင်းသိကြပေသည်။ထို့ကြောင့်လည်း ယှဉ်ပြိုင်စရာမလိုပဲ နောက်တစ်ဆင့်တက်နိုင်သည့် ကံကောင်းမှုမျိုးရသွားခြင်းဖြစ်၏။


တစ်ခြားပြိုင်ပွဲဝင်များက ထိုသတင်းကြားသောအခါ စိတ်သက်သာရာ ရစွာနှင့် သက်ပြင်းချလိုက်မိကြသည်။အကယ်၍ သူတို့မုပိုင်နှင့်သာ စောစောစီးစီး တွေ့ကြုံခဲ့ရလျှင် ပြိုင်ပွဲမှ အရင်ဆုံးထွက်သွားရပေလိမ့်မည်။


ပုဖန်၏ ပြိုင်ဘက်က ယခင်ကပြောခဲ့ပြီးသလိုပင် ထိုမောက်မာဝင့်ကြွားလှသော ကောင်စုတ်လေး မောင်ရှီဖြစ်လေသည်။ပရိတ်သတ်များက ထ်ိုတွဲစပ်မှုကို အံ့အားသင့် မသွားသော်လည်း သူတို့ အလွန်ပင် စိတ်လှုပ်ရှားနေကြလေသည်။


ပရိတ်သတ်များက မောင်ရှီက ပုဖန်ကိုတိုက်ခိုက်လိုက်သည်ကို မြင်တွေ့ခဲ့ကြရသည်။သူတို့ နှစ်ယောက် တစ်ယောက်နှင့် တစ်ယောက်မကြိုက်ကြကြောင်းကို ရှင်းရှင်းလင်းလင်းပေါ်လွင်နေပေပြီ။ထို့ကြောင့် ဒီပြိုင်ပွဲတွင် တစ်ယောက်နှင့်တစ်ယောက် ရေကုန်ရေခမ်းတိုက်ခိုက်ကာ ကြီးကြီးမားမား မြင်ကွင်းများကို ဖြစ်ပေါ်လာစေလိမ့်မည့်။


ထို့အပြင် ပုဖန်ကလည်း ဒီပြိုင်ပွဲတွင် မောင်ရှီ၏ ဆေးမီးဖို မပေါက်ကွဲခဲ့လျှင် သူ့၏ အရှုံးဟူ၍ ပြောထားခဲ့သည်။ထိုကဲ့သို့ ပြင်းထန်လှသော နှုတ်ထွက်စကားကြောင့် သူတို့အားလုံး ပြိုင်ပွဲကို ပို၍ မျှော်လင့်နေပေသည်။


ဒုတိယနေ့တွင်တော့ နန်ကုန်းဝူချယ်က ထိုသတင်းကို ပြောပြရန် ပုဖန်ဆီသို့ အူယားဖားယား ပြေးလာခဲ့လေသည်။သူကလက်သီးလက်မောင်းတန်း၍ ထိုကောင်စုတ် မောင်ရှီကို အလဲထိုးရန် အားပေးနေခဲ့သည်။


ပုဖန်၏ မျက်နာက မည်သို့မှ အပြောင်းအလဲမရှိပေ။ထိုအချိန်ထိတိုင်အောင်ပင် သူချက်ပြုတ်ရမည့်ဟင်းပွဲကို မစဉ်းစားနိုင်သေးပေ။သူ့တွင် လူသတ်လက်နက် ဖြစ်သော သတ်ဖြတ်နိုင်စွမ်းရှိသောနတ်မင်းစွေ့စွေ့ခုန်ဟင်းပွဲရှိနေသည်။အကယ်၍ သူသာနတ်မင်းစွေ့စွေ့ခုန် ဟင်းပွဲကို ချက်ပြုတ်လိုက်လျှင် မောင်ရှီကို အလွယ်တကူ အနိုင်ရနိုင်ပေသည်။သို့သော်လည်း မောင်ရှီ၏ ဆေးမီးဖို ပေါက်ကွဲရန်က... ထိုအချက်က ပုဖန်ကို ဆိုးဆိုးရွားရွားခေါင်းကိုက်မှုပေးနေလေသည်။


နန်ကုန်းဝူချယ်ကလည်း ပုဖန်၏ လက်ရှိအခြေအနေကို သိနေသောကြောင့် တိတ်တဆိတ်ပင် ထိုင်ခုံမှာဝင်ထိုင်လိုက်ပြီး တွေးတောစဉ်းစားနေခဲ့သည်။ခဏမျှအကြာ၌ သူ့ရင်ဘတ်ကို ပုတ်လိုက်ပြီး ပုဖန်ကို ပါဝင်ပစ္စည်းများထောက်ပံ့ပေးမည်ဟု သေချာအာမခံစွာပြောလိုက်သည်။ထို့နောက် စိတ်ကျေနပ်စွာဖြင့် ဆိုင်မှထွက်ခွာသွားလေသည်။


ပုဖန်က နန်ကုန်းဝူချယ်စကား၏ အဓိပ္ပါယ်ကို နားမလည်သောကြောင့် ဇဝေဇဝါဖြစ်နေမိသည်။သို့သော်လည်း နန်ကုန်းဝူချယ်က ရှင်းပြခြင်း မပြုခဲ့ပဲ ဂုဏ်ယူဝင့်ကြွားစွာဖြင့်ပင် လျှောက်ထွက်သွားလိုက်သည်။


ရုတ်တရက် ထိုလူပြက်ကောင်က မွှေတော့မည်ဟု ပုဖန်ခံစားလိုက်မိသည်။


.....


တောက်ပကောင်းကင်မြို့၏ စစ်သင်္ဘောကြီးထဲတွင် မောင်ရှီ၏ ဆံပင်များက တဖျက်ဖျက် လွင့်ခါနေကာ သူ့မျက်ဝန်းများက နီရဲနေလေသည်။သူ့လက်ထဲတွင်လည်း တောက်ပနေသော အနက်ရောင်မီးတောက်တစ်ခုရှိလေသည်။သူ့ပတ်ဝန်းကျင်၌ လေဖိအားများကလည်း ပူလောင်နေသေည်။


သူ့၏ ရှေ့တွင် ကြီးမားလှသော ဆေးမီးဖိုတစ်ချို့ရှိလေသည်။သူက မြောက်များလှစွာသော ဆေးဖတ်ဝင်အပင်များကို ကြောက်စရာကောင်းသော မျက်နာထားမျိုးဖြင့် ဆေးမီးဖိုထဲ ပစ်ထည့်လေသည်။မကြာခင်မှာပင် ဆေးပင်များ အရည်ပျော်လာလေသည်။


ဝမ်...


ဆေးမီးဖိုမှ ကျယ်လောင်သော အသံ ထွက်ပေါ်လာပြီးနောက် အစိမ်းရောင် မီးခိုးငွေ့များ ထွက်ပေါ်လာလေသည်။သူ့၏ ခန္ဓာကိုယ်ထဲမှ စွမ်းအင်လှိုင်းများက ပြင်းထန် လာပြီး သူ့၏ စိတ်စွမ်းအားများပင် ဆူပွက်လာသလို ခံစားလိုက်မိသည်။


"သေစမ်း...ချီးပဲ ...ငါ ဒီလိုပုံစံ ဖြစ်နေလို့ မရဘူး...ငါ့ရဲ့ စိတ်စွမ်းအားက အခုထိတောင် မတည်ငြိမ်သေးဘူး...ဒါက ငါ့ရဲ့ အားနည်းချက်ဖြစ်လာလိမ့်မယ်...တကယ်လို့ စားဖိုမှူးသာ အဲ့ဒီအချက်ကို ရှာတွေ့သွားပြီဆိုရင် ငါတော့ ရှုံးပြီ ...ဒီပွဲမှာ ငါက ရှုံးလို့မရဘူး နိုင်ပဲနိုင်မှရမယ်..."


မောင်ရှီ၏ မျက်နာက ဖြူဖျော့နေပေသည်။သူက စိတ်စွမ်းအားများကို ပြင်းပြင်းထန်ထန်လေ့ကျင့်ပေးနေသည်။စိတ်စွမ်းအားက အလွန်အမင်းသန်မာသည့် အဆင့်တစ်ခုသို့ရောက်နေမှ ရပေမည်။သို့မှသာ မည်သည့်အရာ၏ လွှမ်းမိုးမှုမှ မခံရမည်ဖြစ်သည်။


ခဏအကြာ၌ လျှို့ဝှက်အခန်းတဲခါးပွင့်လာပြီး ချွေးများစိုနစ်နေသော မောင်ရှီထွက်လာလေသည်။သူအခုထိတိုင်အောင် ပြဿနာကို ဖြေရှင်းနိုင်မယ့် နည်းလမ်းမတွေ့သေးပေ။


သူ့၏ ချို့ယွင်းချက်များကိုသာ ပုဖန်သိသွားလျှင် သူ့ဆေးမီးဖိုကို ပေါက်ကွဲအောင်လုပ်နိုင်လိုက်မည်ဟု ခံစားမိလေသည်။ထိုသို့သာ ဖြစ်သွားပါက ဆေးမီးဖိုသာ ပေါက်ကွဲသွားခြင်းမဟုတ်ပဲ သူ့ဂုဏ်သိက္ခာများပါ လွင့်ပါးသွားပေလိမ့်မည်။


သူက ထိုစားဖိုမှူးအတွက် နောက်ထပ် ခြေနင်းတုံး တစ်တုံးဖြစ်လာပေလိမ့်မည်။ရုတ်တရတ် တစ်စုံတစ်ခုကို ခံစားလိုက်သလို သူ့ခန္ဓာကိုယ်ဆတ်ခနဲ လှုပ်ရှားသွားပြီး ခပ်ဝေးဝေးနေရာဆီသို့ မျက်ဝန်း များကျုံ့၍ လှမ်းကြည့်လိုက်သည်။ပုံရိပ်နှစ်ခု လျှောက်လာနေပေသည်။


"ရှုံးရှီ မင်းငါ့ကို ရှာနေတာလား..."


မောင်ရှီက အက်ရှရှအသံဖြင့် မေးလိုက်သည်။ဒီအချိန်၌ ရှုံးရှီ စိတ်ဓာတ်ကျနေသည်မှာ အသေအချာပင်ဖြစ်သည်။သူ့၏ အချစ်ဆုံးဝက်ဝံကြီးက အသတ်ခံခဲ့ရကာ သူ့ရှေ့တွင်ပင် ချက်ပြုတ်ခံလိုက်ရသည်။ထိုဝမ်းနည်းကြေကွဲမှုကို စကားလုံးများဖြင့် ဖော်ပြ၍ ရနိုင်မည်မဟုတ်ပေ။သူ စိတ်ဓာတ်မကျနေလျှင်မှ ထူးဆန်းနေပေဦးမည်။


"စီနီယာ မောင်ရှီ အဲ့ဒီစားဖိုမှူးနဲ့ ယှဉ်ပြိုင်ရဖို့အတွက် ခေါင်းခဲနေတာလား..."


ရှုံးရှီက နိမ့်ချဟန်ဖြင့် မောင်ရှီကိုကြည့်၍ မေးလိုက်သည်။မောင်ရှီက သူ့ကိုတစ်ချက်ကြည့်၍ နှာခေါင်းရှုံ့လိုက်သည်။


"မင်းမှာ ဘာအကြံဉာဏ်များရှိလို့လဲ...အဲ့ဒီစားဖိုမှူးက မင်းကို လှဲသိပ်လိုက်တာကိုတော့ ငါမှတ်မိနေပါသေးတယ်..."


စိတ်ဓာတ်ကျမှုများကြောင့် ရှုံးရှီ ခဏမျှ တုံ့ဆိုင်းသွားလေသည်။ထိုအရာက သူ့အမှားပင်ဖြစ်သည်။သူက ဝက်ဝံကြီး ကြင်ဖော်သွားရှာသည်ဟုပင် ထင်ခဲ့မိသည်။ထိုကဲ့သို့ ပါဝင်ပစ္စည်းတစ်ခုအဖြစ် အဆုံးသတ်သွားမည်ဟု မတွေးခဲ့ဖူးပေ။


ထိုအချက်က သူ့၏ စိတ်အင်အားကို ပြိုကွဲသွားစေသည်။ထိုအချက်ကြောင့်ပင် သူ့ဆေးမီးဖို ပေါက်ကွဲလုနီးပါးဖြစ်ခဲ့ရသည်။ထိုကြောင့်ပင် သူ ပြိုင်ပွဲတွင် ရှုံးနိမ့်ခဲ့ရသည်။


သူက ထိုစားဖိုမှူးကို သေအောင်ရိုက်ရန် သောကသစ်ခွကို အသုံးပြုခဲ့သော်လည်း စားဖိုမှူး၏ အောင်မြင်မှုထဲပန်းတစ်ပွင့် ထည့်ပေါင်းပေးလိုက်သလိုပင်ဖြစ်ခဲ့ရသည်။


ထိုအချက်ကြောင့် သူ စိတ်မကောင်းကြီးစွာဖြစ်ခဲ့ရလေသည်။မောင်ရှီက ဘာစကားတစ်ခွန်းမှပြန်မပြောတော့ပဲ ဘေးသို့ ကပ်လိုက်ရာ သူ့နောက်မှ ခါးကုန်းကုန်းနှင့် လူတစ်ယောက် ပေါ်လာလေသည်။


ယခုမှသာလျှင် မောင်ရှီက သူ့ကို အလေးအနက်အမူအရာဖြင့် စိုက်ကြည့်နေသော ခါးကုန်းကုန်းအဘိုးကြီးတစ်ယောက်ကို မြင်လိုက်ရလေသည်။ရုတ်တရက် ထိုလူကြီး၏ လက်ထဲတွင် အနီရောင် ပုလင်းတစ်လုံးပေါ်လာပြီး သူ့ဆီသို့ ပစ်ပေးလာလေသည်။


မောင်ရှီက အကြောင်းကိစ္စတစ်ရပ်ကို နားလည်လိုက်သလိုမျိုး ထိုပုလင်းလေးကို လှမ်းဖမ်းလိုက်သည်။ထို့နောက် သူ့လက်ထဲမှ ပုလင်းကို ဖွင့်၍ စစ်ဆေးလိုက်ပြီး မျက်ဝန်းများ ပြူးကျယ်သွားလေသည်။


"ဒါ ဘာလဲ..."


မောင်ရှီ အသက်ပြင်းပြင်းတစ်ချက်ရှိုက်၍ မေးလိုက်သည်။ထိုခါးကုန်းအဘိုးကြီး၏ မျက်နာက တစ်ချက်လှုပ်ရှားသွားပြီး သူ့၏ နှုတ်ခမ်းထောင့်စွန်းများ တွန့်ကွေးသွားသည်။


"မင်းဟိုစားဖိုမှူးနဲ့ ယှဉ်ပြိုင်ဖို့အတွက် ခေါင်းခဲနေတယ်မဟုတ်လား...ဒါက မင်းကိုကူညီပေးနိုင်တဲ့ တစ်စုံတစ်ခုပေါ့ ကောင်းတဲ့အရာပါပဲ..."


"သွေးမီးလျှံ...ရှုရဆေးလုံး...ခင်ဗျားက ရှုရမြို့တော်ကလူလား..."


ရှုံးရှီက အံ့အားသင့် ပြူးကျယ်နေသောမျက်ဝန်းများဖြင့် ပုလင်းလေးကို နောက်တစ်ကြိမ်ဖွင့်၍ ကြည့်လိုက်ပြီး သူ့လက်ဖဝါးပေါ်ခေါက်ချလိုက်သည်။နီရဲပူပြင်းနေသော ဆေးလုံးလေး လှိမ့်ထွက်လာလေသည်။