အား ... အရမ်းခံ့တာပဲ ... အရမ်းခံ့ညားတယ် ...
ဝမ်မင်ယီက အနီရောင်မာကာကိုချလိုက်ပြီးနောက် နေရာတွင်ပြန်ထိုင်လိုက်သည်။
မိန်းကလေးများ၏ စွဲလန်းနေသောအကြည့်များကြောင့် စုန့်ယွင်ချောင်းဟန့်လိုက်ပြီး ကျောက်သင်ပုန်းကိုခေါက်လိုက်ကာ အားလုံးကို အာရုံစူးစိုက်စေလိုက်သည်။ ဝမ်မင်ယီ စွင်းရှုကို အမှားပြင်ပေးလိုက်သည့်နေရာကို ကြည့်လိုက်သည်။ အနီရောင်အဝိုင်းကြီးကတောက်ပနေသည်။ စုန့်ယွင် အဆက်မပြတ် ချောင်းဟန့်လိုက်သည်။
" ဒီသတ်ပုံက တော်တော်ခက်တယ် ... ကျောင်းသားဝမ်မင်ယီရေးထားတာ အားလုံးမှန်တယ် ... နောက်ဆုံးနာမ်ကို ရှင်းပြဖို့ကတော်တော်ခက်တယ် အထူးသဖြင့် နောက်ဆုံးစာကြောင့်ပေါ့ စွင်းရှုကလည်း တော်တော်နီးစပ်ပါတယ် အပြည့်အစုံမရေးမိလိုက်တာပါ ... ဒီအသုံးအနှုန်းမှာ အဖြစ်များတဲ့ အမှားတစ်ခုပဲ ... တခြားကျောင်းသားတွေလည်းမှားရေးထားတာ မြင်မှာပါ ... ဒါကို ဒီလိုမျိုး မှတ်လို့ရတယ် ..."
စုန့်ယွင် စကားပြောနေဆဲဖြစ်သော်လည်း စွန်းရှု့က နားထောင်မနေပေ။ သူ၏သတ်ပုံနှင့် ဝမ်မင်ယီရေးထားသည်ကို နှိုင်းယှဉ်ကြည့်နေမိသည်။ သူအမှားလုပ်လိုက်သည်ကို မယုံနိုင်သေးပေ။
သူကျတော့မှားပြီး ဝမ်မင်ယီက မှန်နေတယ်ပေါ့ ... ဘယ်လ်ုလုပ်ဖြစ်နိုင်မှာလဲ သူကအတန်းတောင် မှန်မှန်မတက်တဲ့သူလေ ... ဒါပေမဲ့လည်း စာရေးရတာက ဆရာမနဲ့ တစ်ခန်းလုံးက ကျောင်းသားတွေရှေ့မှာဆိုတော့ သူ ခိုးကြည့်ချင်ရင်တောင် ကြည့်လို့မရဘူး ... ဘာလို့ အကုန်မှန်နေရတာလဲ ...
စွင်းရှု နားမလည်နိုင်ပေ။ ကျောက်သင်ပုန်းပေါ်ကို ထပ်မံကြည့်လိုက်သည့်အခါ ဝမ်မင်ယီ၏ နောက်ဆုံးလှုပ်ရှားချက်က သူ့ကိုတစ်တန်းလုံးရှေ့တွင် မျက်နှာပျက်အောင်လုပ်သည်ဟု ခံစားလာရသည်။
ဘယ်လိုတောင် ရှက်စရာကောင်းတာလဲ ... သူကငါ့ကိုအရှက်ခွဲတယ်ပေါ့ ...
စွင်းရှု အံကြိတ်ကာ လက်သီးများဆုပ်ထားပြီး မျက်လုံးများကလည်း မီးဝင်းဝင်းတောက်နေသည်။
အတူထိုင်သည့်အဖော်ကိုကြည့်ပြီး ကျန်းဟမ့် တအံ့တဩဖြင့် ပြောလိုက်သည်။
" မင်း လုပ်နိုင်သားပဲ ..."
" ငါ ကျက်လာတယ်လေ ..."
ဝမ်မင်ယီ တည်ငြိမ်စွာပြောလိုက်သည်။
" ဒီရက်ပိုင်းတွေ အိမ်မှာလုပ်စရာမရှိတာနဲ့ စာအုပ်ပဲဖတ်နေရတာ ... အဲ့ဒါနဲ့ စာအုပ်ထဲကစာတွေ ကျက်ထားလိုက်တယ် ..."
ကျန်းဟမ့်ခေါင်းငြိမ်းပြလိုက်သည်။
" ဟုတ်ပါပြီ ..."
အထက်တန်းမှ တက္ကသိုလ်အထိ အတန်းဖော်များဖြစ်ခဲ့သော်လည်း ဝမ်မင်ယီ၏ သင်ယူနိုင်စွမ်းကို ကျန်းဟမ့် နားမလည်နိုင်သေးပေ။။ကျန်းဟမ့် ရှင်းလင်းစွာ သိထားသည်မှာ အထက်တန်းကျောင်းသားသစ်ဘဝက အနုပညာနှင့် သိပ္ပံ နှစ်ခုလုံးကို ဝမ်မင်ယီ ကျွမ်းကျင်သည်။ ထိုအချိန်က လုယွင်ဖေးနှင့် လီယွမ်ချမ်းနှစ်ယောက်လုံးနှင့်လည်း ဝမ်မင်ယီက ဆက်ဆံရေးအဆင်ပြေလှသည်။ ထိုနှစ်ယောက်နှင့်သာ သိပ္ပံအတန်းဆက်တက်မည်ဟု အားလုံးကထင်ခဲ့သော်လည်း မမျှော်လင့်စွာနှင့် ဝမ်မင်ယီက အနုပညာကို ရွေးချယ်သွားခဲ့သည်။
ထိုအချိန်မှစ၍ ထိပ်ဆုံးအဆင့်သုံးယောက်ထဲတွင် အမြဲပါဝင်လာသည်။ ကောလိပ်ဝင်ခွင့်စာမေးပွဲမဖြေမီတွင် ဆရာတစ်ယောက်က သူ့ကိုခေါ်၍ စကားပြောခဲ့သည်။ သို့ရာတွင် မည်သည့်ကိစ္စမှန်း မသိကြပေ။ သို့သော် ထိုနောက်ပိုင်းတွင် ဝမ်မင်ယီ၏ အဆင့်က ဒုတိယမြောက်လူနှင့် တဖြည်းဖြည်းကွာဟလာသည်။ ထို့ကြောင့်ယခင်က သူအစွမ်းကုန် ထုတ်မသုံးခဲ့ကြောင်းသိလာသည်။ ကောလိပ်ဝင်ခွင့်စာမေးပွဲပြီးနောက် သတင်းအနုပညာမေဂျာတွင် ပထမရခဲ့သည်။ အမှတ်တစ် အလယ်တန်းကျောင်းထူထောင်ပြီးချိန်မှစ၍ အနုပညာနှင့် သိပ်ပ္ပံတွက် ပထမရသည့်ကျောင်းသား ပထမဆုံးပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။ ကျောင်းအုပ်ကြီးနှင့် ဆရာများလည်း အလွန်ပျော်ရွှင်ကာ နံပါတ်တစ်ကျောင်းသားများနှင့် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။
သို့သော် မကြာမီ သူတို့၏ သတင်းအနုပညာကျောင်းသားက ချင်းပေမှ ချန်ပီယံဆုကို လက်လျှော့ကာ Xတက္ကသိုလ်ကိုသွားကြောင်း သိလိုက်ရသည်။ ထိုညတွင် အမှတ်တစ်အလယ်တန်းကျောင်းမှ ကျောင်းအုပ်ကြီးနှင့် ဆရာများ စိတ်ဓာတ်ကျပြီး ညစာပင်မစားနိုင်ကြချေ။ သူတို့အလွန်ဝမ်းနည်းသွားသည်။
ထို့ကြောင့် ဝမ်မင်ယီ မတ်တပ်ရပ်လိုက်ချိန်တွင် ပြဿနာမရှိနိုင်ကြောင်း ကျန့်ဟမ်သိခဲ့သည်။ သို့သော် ဤကဲ့သို့ အဆုံးသတ်ခဲ့မည်ဟု မထင်ခဲ့ပေ။ သို့သော် ပြန်တွေးကြည့်ပါက ဝမ်မင်ယီကို မနှစ်သက်ကြသည့် လူများစွာရှ်ိသော်လည်း သူ့ကိုအနိုင်မယူနိုင်ကြသကဲ့သို့ မစမ်းသပ်ရဲကြပေ။ အချို့လူများက သူ့မျက်နှာကို ထိုးချင်သော်လည်း အဆုံးတွင် သူတို့အားလုံး ဝမ်မင်ယီ၏ ထိုးနှက်ခြင်းကို ခံရသည်သာ။
ကျန်းဟမ့်က မနေနိုင်ပဲ [ ကျောင်းသားသစ်အဖွဲ့ချုပ် ] wechat group ထဲစာပို့လိုက်သည် : နာမည်ကြီးတဲ့လူတွေကတော့ ဘယ်နေရာသွားသွားနာမည်ကြီးနေတာပဲဆိုတာ ငါတို့အတန်းဖော်ဝမ်မင်ယီက မီးမောင်းထိုးပြလိုက်သလိုပဲ ... အတန်းထဲက မိန်းကလေးတွေတော့ သူ့ကိုပိုသဘောကျလာပြီထင်တယ် ...
ဝမ်မင်ယီ : ငါသိပြီ [ ပြုံးနေသည့်အီမိုဂျီ ]
ကျန်းဟမ့် လန့်သွားပြီး လက်ထဲမှဖုန်းပင် ပြုတ်ကျမလို ဖြစ်သွားသည်။ တိတ်တဆိတ်ကြည့်လိုက်သည့်အခါ ဝမ်မင်ယီက သူ့ကိုပြုံးကြည့်နေသည်။
ကျန်းဟမ့် : ဝမ်မင်ယီ ဒီgroupထဲမှာရှိနေတာကို ဘာလို့မေ့သွားမိပါလိမ့် ...
" ငါမင်းကို ချီးကျူးတာလေ ..."
ကျန်းဟမ့် ရိုးသားစွာပြောလိုက်သည်။
ဝမ်မင်ယီ ခေါင်းငြိမ့်ပြလိုက်သည်။ ဝမ်မင်ယီ မေးထောက်ကြည့်နေပြီး လက်ထဲမှဖုန်းကိုမြှောက်ပြကာ နူညံ့သောအသံဖြင့် ပြောလိုက်သည်။
ကျန်းဂမ့်ဘအင်္ကျီလက်ကိုခေါက်နေသည့်အချိန်တွင် စုန့်ယွင်ပြောသည်ကို ကြားလိုက်ရသည်။
" ကျောင်းသားနံပါတ် သုညနဲ့ လေးမှာဆုံးတဲ့လူတွေ ကျောက်သင်ပုန်းမှာ သတ်ပုံလာရေးပါ ..."
ကျောင်းသားနံပတ်၂၄ဖြစ်သည့် ကျန်းဟမ့်က ခဏတာ အံ့ဩသွားပြီးနောက် ကျောက်သင်ပုန်းဆီသို့ လျှောက်သွားလိုက်သည်။
အတန်းထဲမှ လူတစ်ဝက်ခန့်ကို စစ်ဆေးပြီးသည့်အခါ စုန့်ယွင်က သင်ခန်းစာအသစ်စသင်သည်။ မရွေးချယ်ခံရသည့် ကျောင်းသားများက စိတ်အေးနေသော်လည်း ရွေးချယ်ခံရသူများက ကံဆိုးသည်ဟု ခံစားနေရသည်။ အတန်းပြီးချိန်တွင် ဝမ်မင်ယီပစ်သည်းများသိမ်းဆည်းပြီး သန့်စင်ခန့်သွားရန်ပြင်နေချိန်၌ စုန့်ယွင်က လှမ်းခေါ်သည်။
ကျန်းဟမ့်ကို သူ၏အိတ်ကိုကြည့်ထားပေးရန်ပြောပြီး စင်မြင့်ဆီသို့ လျှောက်သွားလိုက်သည်။ စုန့်ယွင်သည်လည်း ပစ္စည်းများသိမ်းပြီးနောက် သူ့ကိုကြည့်ကာ ပြောလိုက်သည်။
" မင်းအရင်အတန်းချိန်ကို မတက်လိုက်ရဘူးဆိုတော့ ပညာရေးကော်မတီကို PPTတစ်ခု မင်းအတွက် ပို့ခိုင်းထားတယ် ... နားမလည်ရင် ဆရာမကိုအချိန်မရွေးမေးလို့ရတယ် ..."
( PPT – PowerPoint Slideshow )
ဝမ်မင်ယီ ခေါင်းငြိမ့်ပြလိုက်သည်။
" ကျေးဇူးတင်ပါတယ် ဆရာမ ..."
" ရပါတယ် ... နောက်ဆို ပိုကြိုးစားပေါ့ ..."
ထိုသို့ဖြင့် စုန့်ယွင်စာအုပ်များယူကာ ထွက်သွားသည်။
ဝမ်မင်ယီလည်း သန့်စင်ခန်းကို ထွက်လာသည်။
သန့်စင်ခန်းထဲ ဝင်ပြီး၍ လက်ဆေးနေချိန်၌ စွင်းရှုနှင့် သူ့လူများက ပိတ်ရပ်နေသည်ကို မြင်လ်ုက်ရသည်။ စွင်းရှုက ကျောပိုးအိတ်လွယ်ထားပြီး အေးစက်စွာပြောလိုက်သည်။
" မင်း အတန်းထဲမှာ ဘာအချိုးချိုးတာလဲ ... ငါ့ကိုအရှက်ခွဲတာမလား ..."
ဝမ်မင်ယီ သူ့ကို ခပ်တည်တည်ကြည့်ကာ မေးလိုက်သည်။
" ငါမင်းကို သိလို့လား ..."