စွင်းရှု့က သူ၏အထင်သေးသောလေသံကြောင့် စိတ်တိုသွားပြီး လက်သီးနှင့်ထိုးရန် ပြင်လိုက်သည်။ ဝမ်မင်ယီက ရှောင်လိုက်ပြီး ပြန်လည်တိုက်ခိုက်ရန် ပြင်လိုက်စဉ် ကျန်းဟမ့်က ရုတ်ချည်းရောက်လာသည်။ စွင်းရှုကို အင်္ကျီကော်လံမှဆောင့်ဆွဲကာ နံရံနှင့် "ဘန်းခနဲ" ဆောင့်ပြီး ဖိကပ်လိုက်သည်။
ကူညီရန်ပြေးလာသော စွင်းရှု၏သူငယ်ချင်းများကိုလည်း ကျန်းဟမ့်၏အတန်းဖော်များက ထိန်းထားလိုက်သည်။
" နေ့လယ်စာစားချိန်မှာ ဘာအလုပ်မှမရှိပဲ အားယားနေတယ်ပေါ့ဟုတ်လား ..."
ကျန်းဟမ့်က စွင်းရှု့ကို စိုက်ကြည့်နေသည်
သူ ဆူပူကျိန်းမောင်းနေစဉ်မှာပင် လူတစ်ယောက်ပြီးတစ်ယောက်က စပ်စုရန်ရောက်လာကြသည်။ ဝမ်မင်ယီက လူထုပုံရိပ်တစ်ခုဖြစ်နေသည်ကို ပြန်လည်းတွေးတောမိပြီး စွင်းရှု့နှင့် အရှုပ်အထွေးထဲ မပါဝင်တော့ပေ။
ကျန်းဟမ့်က ဝမ်မင်ယီကို ပြောလိုက်သည်။
ဝမ်မင်ယီက "အို" ဟူသာပြောနိုင်ပြီး နောက်မှလိုက်သွားရန်ပြင်လိုက်သည်။
ကျန်းဟမ့်၏အတန်းဖော်ဆီမှ သူ့လွယ်အိတ်ကို ပြန်ယူလိုက်ပြီး ကျေးဇူးတင်လိုက်သည်။ ထို့နောက် တစ်စုံတစ်ခုကို တွေးမိဟန်ဖြင့် ကျန်းဟမ့်ကို မေလိုက်သည်။
" မင်း သန့်စင်ခန်းကို မလိုက်ဖူးပြောတယ်လေ ..."
ကျန်းဟမ့် ပခုံးတွန့်ပြလိုက်သည်။
" ငါလည်း သန့်စင်ခန်းကို လာတာမဟုတ်ဖူး ... စွင်းရှုက မင်းအတန်းထဲကထွက်တာနဲ့ သူလည်းထွက်သွားတာကို မြင်လိုက်မိလို့ ... အဲ့ဒါနဲ့ မင်းကိုပြဿနာရှာတော့မယ်လို့ထင်လိုက်ပြီး နောက်ကလိုက်လာတာ ... မင်းက အနုပညာရှင်ဖြစ်နေပြီလေ ... ကျောင်းမှာရန်ဖြစ်တယ်ဆို မင်းရဲ့သတင်းတွေ ဘယ်ကောင်းတော့မလဲ..."
ဝမ်မင်ယီက ကျန်းဟမ့်ကို ခေါင်းငြိမ့်ပြကာ ဖက်လိုက်သည်။
" ငါတောင် မသိလိုက်မိဘူးအားဟမ့် မင်းက အရမ်းဂရုတစိုက်ရှိတာပဲ ... ငါတို့ နှစ်ပေါင်းများစွာ အတန်းဖော်ဖြစ်ခဲ့တာ အလဟဿမဖြစ်ဘူးပဲ ..."
ကျန်းဟမ့်က သူ့ကို အထင်သေးစွာ ကြည့်လိုက်သည်။
" နှစ်ပေါင်းများစွာ အတန်းဖော် ဖြစ်ခဲ့တာတောင် ငါ့ရဲ့ဂရုစိုက်တတ်တဲ့ အရည်အသွေးကို မင်းမသိဘူးပေါ့ ..."
" ဒါက အမှန်မဟုတ်ဘူး...ဒါပေမဲ့ ကျန်းဟမ့်ရဲ့နှလုံးသားက ဂရုစိုက်တတ်တဲ့ နှလုံးသားလေးဖြစ်တာတော့ ထောက်ခံပါတယ် ..."
ဝမ်မင်ယီ သူ့ရင်ဘတ်ကို ပုတ်လိုက်သည်။
ကျန်းဟမ့် ဘာပြန်ပြောရမည်မသိ ဖြစ်သွားသည်။
" ဒါပေမဲ့ စွင်းရှုက ဘာလို့ငါ့ကို ပြဿနာရှာတာလဲ ... ငါက ကျောင်းသိပ်မတက်တော့ သူ့ကိုသိတောင်မသိဘူး ဘာလို့ပါလိမ့် ..."
ဝမ်မင်ယီ နားမလည်နိုင်ဖြစ်နေသည်။
" ဟင်း ..."
ကျန်းဟမ့် သက်ပြင်းချလိုက်သည်။
" မင်းက အတန်းထဲမှာ ရေပန်းစားတဲ့ သူ့ရဲ့နေရာကို ယူသွားလို့လေ ... စွင်းရှုက အတန်းရဲ့အစ်ကိုကြီးလို့ သူ့ကိုယ်သူထင်နေတာ ... တခြားကျောင်းသားတွေထက်စာရင် သူက အထင်ပေါ်ဆုံးလေ ... အဲ့ဒါကြောင့် ယောက်ျားလေးတွေဆို သဘောမကျပဲ မိန်းကလေးတွေနဲ့ ပိုရင်းနှီးတာများတယ် ... ရလဒ်ကတော့ မင်းရောက်လာတာနဲ့ ရှိသမျှကောင်မလေးအကုန် မင်းဆီရောက်ကုန်တယ်လေ ... အဲ့တော့ မနာလိုဖြစ်ပြီး မင်းကိုကြည့်မရတော့တာပေါ့ ..."
ဝမ်မင်ယီ ခပ်ဖျော့ဖျော့သာပြုံးလိုက်သည်။
" တောထဲမှာ ကျားမရှိတော့ မျောက်တွေက ဘုရင်ဖြစ်နေတာပေါ့ ..."
" ထားလ်ိုက်ပါ ကျားလေးရယ် ... အဲ့ဒါတွေမပြောတော့ပဲ နေ့လယ်စာ သွားစားရအောင် ..."
" သွားမယ်လေ ..."
ဝမ်မင်ယီ အပြုံးဖြင့်သာပြောလိုက်သည်။
လူအများအပြားက နေ့လယ်စာစားပြီးချိန်တွင် အဆောင်သို့ ပြန်သွားကြသည်။
ဝမ်မင်ယီလည်း ယခင်က Xတက္ကသိုလ်တွင် အဆောင်နေသည်။ သူက ကျန်းဟမ့်နှင့် အခန်းဖော်ဖြစ်သည့်။ သို့သော် ဤနေရာသို့ နှစ်ကြိမ်သာရောက်ဖူးသဖြင့် အတန်းဖော်များကို မသိပေ။ အားလုံးက သက်တူရွယ်တူများသာဖြစ်ကြ၍ ကျန်းဟမ့်၏အကူအညီကြောင့် မကြာမီပင် သူတို့နှင့် ရင်းနှီးသွားသည်။
နေ့ခင်းတွင် အတန်းပြီးသွားသည့်အခါ အတန်းဖော်များက အဆောင်သို့ပြန်သွားကြသည်။ သူနှင့်ကျန်းဟမ့်တို့က အနီးနားမှ ဟော့ပေါ့ဆိုင်သို့ အတန်းဖော်ပါတီတက်ရန် ထွက်လာကြသည်။
နေ့လယ်အတန်းချိန်မရှိသည့် လူများက ထိုအချိန်တွင် ရောက်နေကြသည်။ သူတို့လာသည်ကိုမြင်သောအခါ တစ်ယောက်ပြီးတစ်ယောက် အရက်သောက်ရန် ချော့မော့ပြောဆိုတော့သည်။ ကျန်းဟမ့်က အားရပါးရသောက်နေသော်လည်း ဝမ်မင်ယီက တစ်ခွက်သာသောက်သည်။ မိဘများက သူ့ကိုခွင့်မပြုသည့်အတွက် ခဏအကြာတွင် အိမ်ပြန်ရမည်ဟု ပြောထားသည်။
" မင်းက တက္ကသိုလ်ကအဆောင်မှာ မနေဘူးပေါ့ ... ကျောင်းပြန်တက်ပြီမလား ..."
ကျောင်းသားများ အံ့ဩသွားကြသည်။
ဝမ်မင်ယီ ခေါင်းခါလိုက်သည်။
" ငါ့ဘဝက သနားစရာလေးပါ ... တက္ကသိုလ်တက်နေရပေမယ့် အိမ်ကို အချိန်မှန်ပြန်ပြီး မိဘတွေ ထိန်းချုပ်သမျှခံနေရတယ် ..."
ဝမ်မင်ယီ အပြုံးဖြင့် ပြောလိုက်သည်။
အမှန်တွင် စစ်ကျွင်းတောက်ကသူ့ကို အလွန်အကြူး မထိန်းချုပ်ထားပေ။ သတ်သေခြင်းမှလွဲ၍ တခြားသူအလိုရှိရာ လုပ်နေသရွေ့ စစ်ကျွင်းတောက်က ငြင်းဆန်မည်မဟုတ်ပေ။
" စကားမစပ် ... ငါဒီည ၈နာရီအထိပဲနေလို့ရမှာ ... စောစောပြန်ရမယ် ..."
အားလုံး နားမလည်နိုင်ဖြစ်သွားသည်။
" အစောကြီးပဲ ...တခြား အနုပညာကိစ္စတွေရှိလို့လား ..."
" မဟုတ်ဖူး ငါအိမ်ကို ကိုးနာရီပြန်ရောက်မှဖြစ်မှာ ..."
" မရဘူး ... မင်းက တက္ကသိုလ်ကျောင်းသားဖြစ်နေပြီလေ ... အဲ့လောက်ထိန်းချုပ်မခံနဲ့ ..."
အတန်းဖော်များက အော်ဟစ်နေကြသည်။
ထိန်းချုပ်ခံနေရတာမဟုတ်ဖူး... မင်းတို့ရှေ့မှာ စားသောက်နေတဲ့လူက ရုတ်တရက်ကြီး ခွေး ဒါမှမဟုတ် ကြောင် ဖြစ်သွားမယ်ဆိုရင် ဆိုးရွားလွန်းတယ်လေ ...
ဝမ်မင်ယီ သူ့အတန်းဖော်များကို ပြုံး၍ကြည့်လိုက်ပြီး လက်မခံသကဲ့သို့ ငြင်းဆိုခြင်းလည်း မရှိပေ။
သူတို့အားလုံးက အတန်းဖော်ဟောင်းများဖြစ်၍ ဘာပြောပြော ရင်ထဲမထားကြပေ။ ခဏအကြာတွင် တစ်ယောက်နှင့်တစ်ယောက် စကားစမြည်ပြောနေကြပြီး အတိတ်အကြောင်းပြန်တမ်းတနေကြသည်။ ထို့နောက် တက္ကသိုလ်ကျောင်းသားဘဝ၏ အရောင်အသွေးစုံလင်မှုအကြောင်း ပြောနေရာမှ ဝမ်မင်ယီ့အကြောင်း ရောက်သွားသည်။
" နင် ဘာလို့ ဒီတက္ကသိုလ်တက်တာလဲ ... အဲ့အချိန်တုန်းက လုယွင်ဖေးနဲ့နင်နဲ့က ဆက်ဆံရေးကောင်းကြတယ်လေ ... ဆင်ဟွာတက္ကသိုလ်ကိုလျှောက်လိုက်ရငါ သူနဲ့တူတူတက်နေရပြီကို ..."
ဝမ်မင်ယီ အမဲသားတစ်ဖတ်ကို ဝါးနေလျက် ပြန်ဖြေလိုက်သည်။
" ငါ အဲ့လောက်ဝေးဝေးသွားရမှာ ပျင်းတယ် ..."
" ဒါပေမဲ့လည်း မင်းက စာမေးပွဲမှာ အမှတ်အမြင့်ဆုံးရခဲ့တာပဲ ... ကျောင်းအုပ်ဆရာကြီး မင်းအမှတ်အကြောင်းကိုကြားတုန်းက ဘယ်လာက်တောင်ဝမ်းသာခဲ့လဲသိလား ... မင်းကို ငါတို့ကျောင်းရဲ့ ဒဏ္ဍာရီလာ စစ်ကျွင်းတောက်လိုမျိုးဖြစ်လာပြီလို့တောင် ပြောဖူးတယ် ..."
ဝမ်မင်ယီ ပြုံးပြလိုက်သည်။
" ဒါဆိုရင် ကောင်းတာပေါ့ ..."
" မဟုတ်ဖူး ..."
အတန်းဖော်တစ်ယောက်က သက်ပြင်းချလိုက်သည်။
" စစ်ကျွင်းတောက်က ငါတို့ကျောင်းရဲ့နာမည်ကြီး နှစ်ယောက်ထဲက တစ်ယောက်က မစ္စတာစစ်ကျွင်းတောက်ပဲ ... သူကအရမ်းချမ်းသာပြီး ခံ့ညားတယ် ... အဲ့ဒီနှစ်က ကောလိပ်ဝင်ခွင့်စာမေးပွဲက သိပ္ပံဘာသာမှာ အမှတ်အများဆုံးရတယ် ... ဒါပေမဲ့ သူလည်း ငါတို့ လက်ရှိ ငါတို့တက်နေတဲ့ တက္ကသိုလ်ကိုပဲတက်တယ် ... နောက်တစ်ယောက်က မင်းပဲ ... မင်းက အခုတော့ ကြယ်ပွင့်လေးဖြစ်နေပြီပေါ့ ... မင်းလည်း အရင်က လစ်ဘရယ်အနုပညာဘာသာမှာ ပထမရတယ် ... ရလဒ်အနေနဲ့ ငါတို့တက်နေတဲ့ တက္ကသိုလ်ကိုပဲတက်ပြန်တယ် ... မင်းသာ မိန်းကလေးဆို မစ္စတာစစ်ကျွင်းတောက်နဲ့ တော်တော်လိုက်ဖက်တဲ့အတွဲဖြစ်မှာ ..."
ဝမ်မင်ယီ သောက်ရန်ပြင်နေသည့်ရေကိုပင် မသောက်နိုင်တော့ပေ။
သူနဲ့ ကောကောကို ဘာလို့ အတွဲဖြစ်မယ်လို့ ပြောရတာလဲ ...
အသီးအရွက်များစားနေသည့် မိန်းကလေးက ထိုသကားကိုကြား၍ ပြုံးလိုက်ပြီးပြောလိုက်သည်။
" သူ မိန်းကလေးမဟုတ်လည်း တွဲလို့ရတာပဲ ..."
ထိုမိန်းကလေးက ပြုံးစိစိနှင့် ပြောလာသည်။
" နင်တို့ forumကို မကြည့်ကြဘူးလား .. ဝမ်မင်ယီက ငါတို့ကျောင်းမှာတက်ဖို့ ဖောင်လာဖြည့်တော့ forumထဲက တချို့လူတွေက သူတို့ကို တွဲပေးထားကြတယ်လေ ဟီးဟီး ... သိပ္ပံဘာသာပထမရတဲ့ကျောင်းသား(စစ်ကျွင်းတောက်) က seme သတင်းအနုပညာရဲ့ကြယ်ပွင့်လေး(ဝမ်မင်ယီ)ကukeဆိုပြီးတော့ ... ဘယ်လောက်တောင် လိုက်ဖက်လိုက်လဲ ..."
ဝမ်မင်ယီ - ဘာ ... ဘယ်လို...
အဲ့လိုကြီး မဟုတ်ပါဘူး ...
" နင်တို့မိန်းကလေးတွေ အဲ့လိုကိစ္စတွေဆို အရမ်းသဘောကျတာပဲ ... ဘွဲ့ရသွားတာ နှစ်တွေကြာနေတဲ့ စီနီယာစစ်ကျွင်းတောက်ကိုပါ ဆွဲထည့်နေတယ် ..."
" ငါလည်းမတတ်နိုင်ဘူး ... သူတို့နှစ်ယောက်က ငါတို့ကျောင်းရဲ့ ဂုဏ်ယူစရာလေးတွေလေ ... သူတို့တစ်ယောက်နဲ့တစ်ယောက်မတွဲတာ နှမြောစရာပဲ ... သူတို့က အတွဲဆိုရင် ဒီကျောင်းကို နှစ်ယောက်တူတူတက်ဖို့ အကြောင်းပြချက်ကောင်းတစ်ခုပဲ ... စစ်ကျွင်းတောက် တက္ကသိုလ်ဝင်ခွင့်ဖြေမယ့်အချိန်တုန်းက ဝင်မင်ယီက ငယ်ငယ်လေးပဲရှိဦးမှာ ... အဲ့တော့ ညီငယ်လေးအတွက်တွေးပြီး အိမ်က မထွက်သွားနိုင်တာ... ဒါပေမဲ့ ညီငယ်လေးကလည်း အစ်ကိုဖြစ်သူရဲ့ ခြေရာအတိုင်းနင်းပြီး အစ်ကိုက ဝင်ခွင့်စာမေးပွဲမှာ ပထမရခဲ့တော့ သူလည်းရအောင်ဖြေခဲ့တယ် ... အဲ့ဒါကြောင့် အစ်ကိုကြီးက ဒီတက္ကသိုလ်ကို တက်ခဲ့ရင် သူလည်း ဒီတက္ကသိုလ်တက်မှာပေါ့ ... ကဲ ဒီလောက်ဆို ကျိုးကြောင်းဆီလျော်ပြီလား ..."
အတန်းထဲက မိန်းကလေးတွေ ရှားလော့ဟုန်း ဖြစ်ကုန်တာလား ... ဟုတ်တယ် သူတို့ပြောတာ မှန်နေတယ် ... အကုန်သိနေတယ်ဆိုတော့ နင်တို့ဇာတ်ညွှန်းကို ခိုးဖတ်ထားတာလား ...
" အဲ့လိုဆိုရင် ဝမ်မင်ယီက သိပ္ပံဘာသာရပ်ပဲ ယူမှာပေါ့ ဘာလို့ အနုပညာဘက်ရောက်လာမှာလဲ ..."
ကျန်းဟမ့်က ခွန်းတုံ့ပြန်လိုက်သည်။
" အေးလေ ဝမ်မင်ယီနဲ့ စစ်ကျွင်းတောက် တစ်ယောက်နဲ့တစ်ယောက်မသိရင် အဲ့ဒါက အကြောင်းပြချက်မဟုတ်တော့ဘူးပေါ့ ..."
ဝမ်မင်ယီ "..."
ဝမ်မင်ယီ ခေါင်းငုံ့လိုက်မိသည်။ အတန်းထဲမှ မိန်းကလေးများက အလွန်တော်ကြသည်ဟု ထင်လာမိသည်။
သူတို့ ဘာလို့ အတိအကျကြီး သိနေတာလဲ ... စစ်ကျွင်းတောက်နဲ့သူ့ကို မော်နီတာတပ်ပြီး ကြည့်နေသလိုပဲ ... ဒီဝတ္ထုကို သူတို့ပဲ ရေးတာများလား ... သူ သတင်းအနုပညာကို သိပ္ပံဘာသာအစားရွေးခဲ့တာ ပုန်ကန်နေတဲ့အချိန်တုန်းကမို့လေ ... အဲ့ဒါကြောင့် စစ်ကျွင်းတောက်နဲ့ မေဂျာတူတူမရွေးချင်ခဲ့တာ ...
ဝမ်မင်ယီ တိတ်ဆိတ်စွာဖြင့် အချိုရည်သောက်နေသည်။ ထိုလူများက သူနှင့် စစ်ကျွင်းတောက်၏ ဆက်ဆံရေးကို မသိကြသောကြောင့် ဝမ်းသာနေမိသည်။ ကံကောင်းသည်မှာ သူ ထိုအချိန်က ပုန်ကန်နေခဲ့သဖြင့် စစ်ကျွင်းတောက်ကို လျစ်လျူရှု့ပြီး ကျောင်းကို လာရှာရန် ခွင့်မပြုခဲ့ပေ။ ထို့ကြောင့် သူနှင့် အလွန်ရင်းနှီးသော လုယွင်ဖေးနှင့် လီယွမ်ချင်းမှလွဲ၍ သူနှင့် စစ်ကျွင်းတောက်၏ ရင်းနှီးသောဆက်ဆံရေးကို မည်သူမျှ မသိကြပေ။
ထို့ကြောင့် ဝမ်မင်ယီ စိတ်အေးလက်အေးဖြင့် သက်ပြင်းချလိုက်သည်။
" ရှာတွေ့ပြီ ..."
အတန်းဖော်တစ်ယောက်က ရုတ်တရက် ထအော်လိုက်သည်။
" ဟားဟားဟား ဝမ်မင်ယီ မင်းနဲ့စီနီယာရဲ့ စုံတွဲနာမည်ကိုသိလား ... ယန်ယန်က သူ့ဖုန်းမှforum pageတစ်ခုကို ဝမ်မင်ယီ ထံသို့ ပြလိုက်သည်။
သူနှင့် သူ့ကောကော၏ စုံတွဲနာမည်ကို မသိချင်၍ ဝမ်မင်ယီငြင်းဆန်လိုက်သည်။
သို့သော် အခြားကျောင်းသားများက သိသာစွာပင် စပ်စုနေကြပြီး လည်ပင်းများစောင်းကာ တတွတ်တွတ်ပြောနေသည်။
" ငါ့ကိုလည်း ပြဦး ... ငါလည်းကြည့်မယ် ..."
ဝမ်မင်ယီ စိတ်ထဲမှ တွေးလိုက်သည်။
အဲ့ဒါ ဘာများကောင်းနေလို့လဲ ... ကျန်းဟမ့် မင်းလည်ပင်းကြီးစောင်းနေတာ အုန်းလွဲတော့မယ် ...
" ဟားဟားဟား ..."
ကျန်းဟမ့်က ချီချန်း၏လက်ထဲမှ pageကိုကြည့်ပြီး ရယ်လိုက်သည်။
" နူးညံ့တဲ့စုံတွဲတဲ့ ... ငါတို့ဝမ်မင်ယီက တစ်စက်လေးမှ မနူးညံ့ဘူးနော် ..."
" အဲ့ဒါ ကိစ္စမရှိပါဘူး ... ငါလည်း ငါ့ကိုယ်ငါ နူးညံ့ရင်ကောင်းမယ်လို့ တွေးမိတယ် ..."
မိန်းကလေးတစ်ယောက်က အပြုံးဖြင့် ပြောလိုက်သည်။
သူ မယဉ်ကျေးချင်တော့ဘူးနော် အိုကေ ...
ဝမ်မင်ယီ သူ့ကို နူးညံ့သည်ပြော၍ အံကြိတ်နေသည်။
ဝမ်မင်ယီက အတင်းပြောနေကြသော မိန်းကလေးနှင့် ယောက်ျားလေးအုပ်စုကို အေးစက်စွာကြည့်ပြီး ပန်းကန်လုံးထဲမှ စားစရာများကိုသာ တိတ်ဆိတ်စွာ စားနေသည်။
ဘာများ ကောင်းနေလို့လဲ ... သူနဲ့ ကောကောကြားက ဇာတ်လမ်းက အဲ့လောက်တောင်ကောင်းနေရင် တစ်ချက်လောက် ကြည့်ကြည့်ရမလား ...
ထိုသို့ ခဏတာအတွေးတစ်ခု ဝင်လာသည့်အတွက် သူ ရှက်သွားသည်။
ရှစ်နာရီထိုးခါနီးတွင် ဝမ်မင်ယီ အိမ်ပြန်ရန် ပြင်ဆင်တော့သည်။ သူ မထွက်သွားမီ အတန်းဖော်တစ်ယောက်ချင်းစီက လက်မှတ်ထိုးခိုင်းသည်။ ချီချန်းက သူ့ညီမလေးကို ကြွားရန်အတွက် အဖွဲ့လိုက်ဓာတ်ပုံ ရိုက်ရန် ပြောနေသည်။
စားသောက်ဆိုင်မှ တိုက်ခတ်သည့်အခါ ညဦးပိုင်းလေများပင် တိုက်ခတ်နေပြီဖြစ်သည်။ ဝမ်မင်ယီက တက္ကစီကိုတားလိုက်ပြီး စစ်ကျွင်းတောက်၏ အိမ်လိပ်စာကို လမ်းညွှန်လိုက်သည်။ သို့သော် ကားစထွက်ပြီး ခဏအကြာတွင် လမ်းပိတ်သည့်အတွက် ညရှစ်နာရီခွဲသွားသည်။
" ဘာဖြစ်တာလဲ ... ကားတွေအရမ်းကျပ်နေပါလား ..."
သူ ရေရွတ်လိုက်သည်။
" သေချာမသိဘူး အရှေ့မှာသာ တစ်ခုခုဖြစ်မနေရင် ဒီနေရာက အရမ်း ကားမပိတ်တတ်ပါဘူး ..."
ဒါရိုက်ဘာက စိုးရိမ်တကြီးဖြင့် ပြောလိုက်သည်။
ဝမ်မင်ယီ ဆွံ့အသွားသည်။ နာရီကို ဒုတိယအကြိမ်ကြည့်လိုက်ပြီးနောက် ပို၍စိတ်ပူလာသည်။
" လမ်းပြောင်းကြတာပေါ့ ... ဒီဘက်မှာစောင့်နေရင် ပိတ်မိနေဦးမှာပဲ ..."
ဒါရိုကါဘာက ပြောလိုက်သည်။
ဒါရိုက်ဘာက နောက်ဆုံးမျဉ်းကြားကို ပြန်လှည့်ပြီးနောက် လမ်းကြားတစ်ခုထဲ ကွေ့ဝင်လိုက်သည်။ ဝမ်မင်ယီ လက်မှနာရီကိုကြည့်ကာ အလျင်လိုလာသည်။
" ဦးလေး မြန်မြန်မောင်းပေးပါ ..."
" ရောက်တော့မှာပါ ... မစိုးရိမ်ပါနဲ့ ..."
ဒါရိုက်ဘာက သူ့ကို နှစ်သိမ့်လိုက်သည်။
ဝမ်မင်ယီ အလျင်မလိုပဲ မနေနိုင်တော့ပေ။ ပြတင်းပေါက်အပြင်ဘက်မှ ရင်းနှီးနေသော လမ်းကိုကြည့်ပြီး သူအချိန်မီမရောက်တော့ဟု ထင်လိုက်သည်။ မည်သို့ပင်ဖြစ်စေ စစ်ကျွင်းတောက်၏အိမ်နှင့် မဝေးတော့ပေ။ အကယ်၍ ပြေးသွားပါကလည်း လမ်းတွင် ခွေးသို့မဟုတ် ကြောင်တစ်ခုခုပုံပြောင်းသွားနိုင်သည်။ ထိုသို့ဖြစ်ပါက စစ်ကျွင်းတောက် အိမ်ကိုစောရောက်မနေပါက သူအိမ်ထဲဝင်မရနိုင်တော့ပေ။
နာရီလက်တံက ၈:၅၀ အချိန်ကို ညွှန်ပြနေသည့်အခါ ဝမ်မင်ယီ ပို၍စိတ်ပူလာသည်။ အချိန်မရှိတော့သည့်အတွက် ဝမ်မင်ယီ အော်ငိုချင်လာသည်။
" ဦးလေး ဒီမှာပဲရပ်လိုက်ပါ ကျွန်တော်ဆင်းတော့မယ် ..."
ဒါရိုက်ဘာက ကားရပ်လိုက်သည်။
ဝမ်မင်ယီ ငွေမြန်မြန်ရှင်းပြီး ကားထဲမှထွက်လာသည်။ ပတ်ဝန်းကျင်တွင် လူများစွာရှိနေသည့်အတွက် မည်သူမျှမရှ်ိသည့် အနီးဆုံးလမ်းကြားတစ်ခုကို ဝင်သွားသည်။ ရှေ့ကိုသာဆက်လျှောက်နေပြီး မည်သူမျှ မရှိသည့် လမ်းကြားကိုမြင်မှ စိတ်အေးသွားသည်။
ယခု ၉နာရီထိုးမည့်အချိန်ကိုသာ စောင့်နေရန် လိုတော့သည်။ သို့ရာတွင် ထိုသို့တွေးလိုက်သည်နှင့် သနားစဖွယ် အကူအညီတောင်းသံတစ်ခုကို ကြားလိုက်ရသည်။
ထိုအသံက အလွန်ဝမ်းနည်းနေသည့်ပုံဖြစ်ပြီး အဆက်မပြတ်အော်နေသည်။
" ကူညီပါဦး ... ကူညီကြပါဦး ကျွန်တော့်ကို ကူညီကြပါ..."
ဝမ်မင်ယီ အသံကြားသည့် လမ်းတစ်လျှောက်အတိုင်း ပြေးသွားသည်။ ယောကျာ်းတစ်ယောက်၏ အသံကို ပီပီသသ ကြားလာရသည်။
" မင်းဘာလို့ အဲ့လိုလုပ်တာလဲ ..."
" မေ့ဆေးဖြစ်ဖြစ်ပေးလိုက် ..."
" ထားလိုက်ပါ လူမိသွားမှာတော့ မေ့ဆေးတစ်လုံးလောက် ဖြုန်းလိုက်တာ ဘာမှမဖြစ်ပါဘူး ..."
ဝမ်မင်ယီ အရှိန်တင်လိုက်သည်။ ထို့နောက် သူ၏ခန္ဓာကိုယ်တွင် ရင်းနှီးနေသည့် ခံစားချက်တစ်ခု က ရုတ်ချည်း ပျံ့နှံ့လာသည်။
ချီးပဲ ... ပုံစံပြောင်းတော့မယ်... ဘာလို့ ဒီအချိန်မှ ပြောင်းရတာလဲ ... လူကိုကယ်ပြီးမှ ပြောင်းလို့မရဘူးလား ..
သို့ရာတွင် သူ၏စောဒကတက်မှု မပြီးဆုံးမီမှာပင် မြေပြင်နှင့် တဖြည်းဖြည်းနီးလာသည်ကို ခံစားမိလာသည်။
သူနှင့် မနီးမဝေးတွင် စကားပြောနေသံကို ကြားနေရဆဲဖြစ်သည်။
" ကောင်းပြီ သူ့ကိုကားထဲထည့်ပြီး ခေါ်သွားကြမယ် ..."
အသံက အလွန်နီးနေကြောင်း ဝမ်မင်ယီ ခံစားမိသည်။
" သွားကြမယ် ... ဒီတစ်ခါတော့ ပိုက်ဆံပိုရမယ်ထင်တယ် ..."
ဝမ်မင်ယီ ထိုပုံရိပ်များနှင့် သူတို့ပြောနေသည့်ကားကို တွေ့လိုက်သည်။ ထိုနေရာကို သူ့ထံတွင်ရှိသမျှ ခွန်အား အားလုံးနှင့် တစ်ဟုန်ထိုးပြေးသွားသည်။
ကားတံခါးကို ယခုတင်ပိတ်လိုက်သည့် ကိုယ်လုံးကိုယ်ပေါက်ကြီးသော ယောကျာ်းက အဖြူရောင်နှင့် မီးခိုးရောင်ဟက်စကီးတစ်ကောင် သူ့ရှေ့သို့ ပြေးလာသည်ကို မြင်သည့်အခါ စိတ်ဝင်တစားကြည့်နေသည်။
" ဒီခွေးက မျိုးသန့်ပဲ ... ရောင်းစားရင် ပိုက်ဆံအများကြီးရမှာ ..."
" ဟုတ်ပါ့ ... အဲ့ခွေးဟောင်လိုက်တာ တော်သေးတယ် ... မဟုတ်ရင် ငါတို့ မတွေ့ပဲ ကျော်သွားတာ ..."
ဝမ်မင်ယီ : ခွေး ... အခု ခွေးလို့ပြောလိုက်ကြတာလား ...
သူ ကြောင်အအဖြစ်သွားပြီး အနောက်ဘက်မှ နီးကပ်လာသော ခြေသံများကို ကြားလိုက်ရသည်။ ဝမ်မင်ယီ နောက်သို့ လှည့်လိုက်သည့်အခါ ခေါင်းကိုအိတ်ဖြင့် အုပ်ခံလိုက်ရသည်။ သူ ရုန်းကန်နေသော်လည်း တစ်စုံတစ်ယောက်က အိတ်ကိုချည်လိုက်ပုံပင်။
" ဝုတ် ဝုတ် ဝုတ် ..."
(ငါ့ကိုလွှတ်ပေးစမ်း)
လူသုံးယောက်က ထိုခွေးကိုပြုံး၍ကြည့်နေပြီး ကားထဲသို့ ဆွဲခေါ်သွားသည်။
" အစ်ကိုကြီးကျန်း ... သူ့ကို လှောင်အိမ်ထဲ ထည့်ထားမှရမယ် ... ခွေးအကြီးကြီးဆိုတော့ ရုန်းကန်နေရင် အိတ်ကလမ်းမှာ ပြဲသွားမှာပဲ ..."
ဝမ်မင်ယီ : ခွေးရောင်းစားတဲ့လူက လူလည်ပဲ ...
" ကောင်းပြီလေ ..."
အစ်ကိုကြီးကျန်း ဆိုသူက အပြုံးဖြင့်ပြောပြီး ထရပ်ကားထဲမှ သံလှောင်အိမ်တစ်ခုကို ထုတ်၍ ခွေးကို လှောင်အိမ်ထဲထည့်ကာ သံချောင်းတစ်ချောင်းဖြင့် ပိတ်ထားလိုက်သည်။
" သွားကြတာပေါ့ ..."
လက်ခုပ်တီးပြီး ကားတံခါးကို ပိတ်လိုက်သည်။