အပိုင်း ၅၄၁
Viewers 62k

အခန်း ၅၄၁

ကြက်သားစားမယ်...


"ငါ့ရဲ့ အမှတ် ၃ စိတ်ဝိညာဉ် ဆေးလုံးလည်း ပြီးပြီ..."


မောင်ရှီ ထ်ိုစကားကို ပြောပြီးသည်နှင့် သူ့၏ စိတ်ခွန်အားက အထွဋပ်အထိပ်သို့ ရောက်ရှိလာသလို ထင်ရသည်။ပုဖန်ကို စိုက်ကြည့်နေသော သူ့၏ အကြည့်များက ဓားများပစ်လွှတ်နေသကဲ့သို့ပင် စူးရှလှသည်။


သူ့၏ နှုတ်ခမ်းမှ သွေးများစီးကျနေပြီး မျက်ဝန်းများကလည်းသွေးနီရောင်ရဲရဲနီနေသည်။သူ့အသက်ရှုသံများကလည်း မငြိမ်မသက်ဖြစ်နေသော်လည်း ယုံကြည်ချက်အပြည့်အဝဖြင့် ပြုံးနေလေသည်။


လက်ဝါးရိုက်ချက်တစ်ချက်ဖြင့် ဆေးမီးဖိုအဖုံးကို ရိုက်ထုတ်လိုက်သည်။ကျယ်လောင်သည့် အသံတစ်ခုနှင့်အတူ ဆေးမီးဖိုအတွင်းမှ အလင်းရောင်များ ကောင်းကင်ယံထက်သို့ထိုးတက်လာလေသည်။ထိုအလင်းစီးကြောင်းကလေထဲတွင် ခဏမျှ လှည့်ပတ်နေပြီးမှ တဖြေးဖြေးချင်း ပြန်လည်ပျောက်ကွယ်သွားသည်။


ဆေးလုံးမှထွက်ပေါ်လာသောစွမ်းအင်များကလည်း ပြန်လည် ပျောက်ကွယ်သွားလေပြီ။သို့သော်လည်း ဆေးရနံ့များက နှိုင်းယှဉ်၍ မရအောင်ပဲ မွှေးပျံ့လှသည်။ထိုရနံ့လေးက ရှုရှိုက်လိုက်သူကို လန်းဆန်းသွားစေသည်။


ပရိတ်သတ်များအားလုံး လေအေးတစ်ချက်ရှုရှိုက်လိုက်မိသည်။သူတို့ ပြောစရာစကားမရှိ ဖြစ်နေသည်။


"အဲ့ဒါက တကယ်ကို အမှတ် ၃ စိတ်ဝိညာဉ် ဆေးလုံးပဲ ...မောင်ရှီက ဖျက်မြင်းစားဖိုမှူးရဲ့ သွေးဆောင်မှု တွေကို ကြံ့ကြံ့ခံနိုင်ပြီး အမှတ် ၃ စိတ်ဝိညာဉ်ကို သန့်စင်နိုင်တယ်...အဲ့ဒီလိုသာဆိုရင် သူပြိုင်ပွဲအတွက် အခွင့်ရေးကြီးကြီးရှိတယ်လ်ို့ ပြောလို့ရနေပြီမဟုတ်လား..."


ပရိတ်သတ်များက စိတ်လှုပ်ရှားကြီးစွာဖြင့် ပြောဆိုနေကြလေသည်။အမှတ် ၃ စိတ်ဝိညာဉ်ဆေးလုံး၏ သက်ရောက်မှုက တကယ့်ကို စွမ်းအားကြီးလှသည်။


ပုဖန်၏ ဟင်းပွဲက မောင်ရှီ၏ အမှတ် ၃ စိတ်ဝိညာဉ်ဆေးလုံးကို လွှမ်းမိုးနိုင်စွမ်းရှိပါ့မလားဆိုသည်ကို မည်သူမှ မသိပေ။စက္ကန့်ပိုင်းအတွင်းမှာပင် အခြေအနေက တစ်ဖန် ရှုပ်ထွေးသွားပြန်သည်။


ပရိတ်သတ်များက ဒီတစ်ကြိမ်တွင် သူတို့ မည်သည့်အရာမှ မမျှော်လင့်ထားခဲ့ဖူးဖြစ်သည်။သို့သော်လည်း အားလုံး၏ အာရုံကို ဆွဲဆောင်နိုင်သည့် ပြိုင်ပွဲက မျှော်လင့် ထားသလိုပင် တကယ့်ကို စိတ်လှုပ်ရှားဖို့ကောင်းလှသည်။


ပထမက မောင်ရှီ၏ မီးဖိုပေါက်ကွဲခဲ့သည် ။

ထ်ိုအချိန်က သူတို့ အလွန်ပင် စိတ်ပျက်လက်ပျက် ငြီးတွားခဲ့ကြသည်။သို့သော်လည်း နောက်ဆုံး၌ ယခုကဲ့သို့ ပြောင်းပြန်လှန်လိုက်သလိုအခြေအနေမျိုး ပြောင်းလဲသွားသည်ဟု မထင်ထားခဲ့မိပေ။


မောင်ရှီ နှုတ်ခမ်းနှင့် နှာခေါင်းမှ စီးကျနေသော သွေးများက်ို သုတ်လိုက်သည်။သူ့ခန္ဓာကိုယ်တစ်ခုလုံး ဆုတ်ပြဲသွားသလိုပင်ထင်ရသည်။သူ အလွန်ပင် မောပန်းနွမ်းနယ်နေ၏။သို့သော်လည်း သူ့နှုတ်ခမ်းထက်၌ အပြုံးတစ်ပွင့်ပေါ်လာပြီး လက်ဖဝါးကို ဆန့်ထုတ်လိုက်၏။


ဆေးမီးဖိုအတွင်းမှ အနည်းငယ်နီရဲနေသော ဆေးလုံး နှစ်လုံးထွက်ပေါ်လာလေသည်။ထိုဆေးလုံး၏ အပေါ်တွင် အမှတ် ၃ခုက အထင်းသားပေါ်လွင်နေသည်။အမှတ် ၃ စိတ်ဝိညာဉ် ဆေးလုံးဖြစ်ကြောင်း မေးခွန်းထုတ်စရာပင်မလိုတော့ပေ။


"အဲ့ဒါ ဘာလဲဆိုတာကို မင်းသိလား...မင်းအရင်တုန်းက ဒီလိုအဆင့်ရှိတဲ့ စိတ်ဝ်ိညာဉ် ဆေးလုံးမျိုးတစ်ခါမှ မမြင်ဖူးဘူးဆိုတာ ငါလောင်းရဲတယ်..."


မောင်ရှီက သူ့ သိုလှောင်ကိရိယာထဲမှ ကျောက်စိမ်းပုလင်းတစ်လုံးကို ထုတ်ယူလိုက်ပြီး ထ်ိုစိတ်ဝိညာဉ် ဆေးလုံးနှစ်လုံးကို ညှင်သာစွာ ထည့်လိုက်သည်။ထို့နောက် ပုဖန်ဘက်လှည့်၍ အေးစက်စွာ ပြုံးလိုက်သည်။


ပုဖန် လက်ပိုက်၍ မျက်လုံးများမှေးစင်းကာ မောင်ရှီကို ကြည့်နေသည်။အဆုံးသတ်၌ မောင်ရှီက အရာရာအားလုံးကို တောင့်ခံနိုင်ခဲ့ပုံရသည်။သူ့၏ ဆေးမီးဖိုက မပေါက်ကွဲသွားခဲ့ပေ။


သူကိုယ်တိုင်ပင်ကောင်းကင်မီးတောက်ကြက်ကောင်လုံးနှပ်မှ ထွက်ပေါ်လာသည့် မွှေးရနံ့များကို တောင့်မခံနိုင်ခဲ့သော်လည်း မောင်ရှီကတော့ တတ်နိုင်ခဲ့သည်။


ဒိုင်လူကြီးချုပ်က ဆိုင်လယ်သို့ လျှောက်လာပြီး သူ့၏ လက်ကို မြှောက်လိုက်သည်။အချိန်ပြည့်သွားပြီ ဖြစ်သောကြောင့် ပြိုင်ပွဲဝင် နှစ်ယောက် လုံး သူတို့၏ လှုပ်ရှားမှုများကို ရပ်တန့်ရပေမည်။


ယခု သူတို့၏ ပစ္စည်းများကို စစ်ဆေးရမည့် ဒိုင်လူကြီးအလုပ်သာကျန်တော့သည်။မဟာသခင် အနည်းငယ်က သူတို့ကိုသူတို့ မထိန်းချုပ်ထားနိုင်တော့ပေ။


သူတို့ စင်မြင့်ထက်သို့ ဖြေးညှင်းစွာ ဆင်းသက်လာခဲ့ကြသည်။တောက်ပလှသော မျက်ဝန်းများက ပုဖန်ရှေ့စင်မြင့်ပေါ်ရှ်ိ ကြက်ကောင်လုံးနှပ်ဆီသို့သာ ကျရောက်နေသည်။


သို့သော်လည်း ဒီတစ်ကြိမ်၌ သူတို့၏ အမူအရာက အလွန်ပင် လေးနက်တည်ကြည်နေသည်။အဘယ့်ကြောင့်ဆိုသော် ဒီတစ်ကြိမ်၌ အကဲဖြတ်ရမည်မှာ အလွန်ခက်ခဲလှသည်။


အဆုံးသတ်၌ မောင်ရှီက သူ့၏ ဆေးလုံးကို ပြီးပြည့်စုံအောင် သန့်စင်နိုင်ခဲ့သည်။၎င်းက အမှတ် ၃ စိတ်ဝိညာဉ် ဆေးလုံးဖြစ်သည်။ဟင်းပွဲတစ်ပွဲက ထိုဆေးလုံးကို မည်ကဲ့သို့ ယှဉ်နိုင်ပါမည်နည်း။


သူတို့ကိုယ်တိုင်က အဆင့်မြင့် အဂ္ဂိရတ်ပညာရှင်များဖြစ်နေသော်လည်း ဒီတစ်ကြိမ်၌ အလျှင်စလို အကဲဖြတ်မှု မပြုလုပ်ရဲပေ။


မောင်ရှီ အလွန်ပင် ယုံကြည်မှုရှိနေသည်။သူ့ မျက်ဝန်းထဲ၌ ခံစားချက်များပင် အထင်းသားပေါ်လွင်နေသည်။ဒီတစ်ကြိမ်၌ သူသာ အနိုင်ရသူ ဖြစ်ပေမည်။


စားဖိုမှူး၏ ဟင်းပွဲက သူ့ဆေးလုံးကို ယှဉ်နိုင်မည်ဟု မထင်ပေ။ထိုရနံ့က ဘယ်လောက်ပဲ မွှေးသည်ဖြစ်ပစေ ထိုရနံ့ကြောင့် သူ့၏ ဆေးမီးဖို ပေါက်ကွဲလုနီးပါး ဖြစ်ခဲ့သည်ပဲ ဖြစ်ပစေ နောက်ဆုံးရလဒ်ကတော့ တူမှာသေချာပေသည်။


တစ်ခြားတစ်ဘက်တွင် ပရိတ်သတ်များက အလွန်ပင် သိချင်စိတ်ပြင်းပြနေကြသည်။သူတို့လည်ပင်းများကို ဆန့်နိုင်သလောက်ဆန့်ထုတ်၍ စင်မြင့်ဆီသို့ မျှော်ကြည့်နေကြ၏။


ရှုရအရှင်မကလည်း ပြိုင်ပွဲကို စိတ်လှုပ်ရှားစွာဖြင့် ကြည့်နေသည်။


"မြေခွေးအိုကြီး ...ဒီပြိုင်ပွဲမှာ ဘယ်သူနိုင်မယ်လို့ထင်လဲ ..အဂ္ဂိရတ်ပညာရှင်နိုင်မှာလား..."


သူမက အစေခံအိုကြီးဘက်သို့လှည့်၍ မေးလိုက်သည်။အစေခံအိုကြီးက ခဏမျှ အေးခဲသွားပြီးနောက် သူ့မျက်နာထက်၌ အပြုံးတစ်ခုပေါ်လာသည်။


"အရှင်မ အဂ္ဂိရတ်ပညာရှင်က အမှတ် ၃ စိတ်ဝိညာဉ် ဆေးလုံးကို သန့်စင်ခဲ့တယ်လေ...အဲ့ဒီဟင်းပွဲက ဆေးလုံးကို ယှဉ်နိုင်မယ်လို့ အရှင်မထင်လား...သူ့ဟင်းပွဲက သက်စောင့်ဆေးတောင်မဟုတ်ဘူး...ဒီတော့ သူတို့ကြားက ကွာခြားမှုကို ပြောနေစရာကို မလိုတော့ဘူး..."


သူတို့အားလုံးက ကျင့်ကြံသူများဖြစ်ကြသည်။ထို့ကြောင့် အမှတ် ၃ စိတ်ဝိညာဉ် ဆေးလုံး မည်မျှ တန်ဖိုးရှိသည်ကို သူတို့ ကောင်းစွာ သိထားပေသည်။


မှန်ပေသည်။အဓိက အချက်က ထိုဆေးလုံးက အမှတ် ၃ ဖြစ်နေခြင်းပင်ဖြစ်သည်။


"ငါက အဲ့ဒီတစ်ယောက်ကို တကယ်ကို ကြီးကြီးမားမားမျှော်လင့်ထားတယ်..."


မြင့်မြတ်သော မိန်းမပျိုက ထိတ်လန့်သွားသော လူကြီးဘက်သို့လှည့်၍ ကြည့်လိုက်သည်။သူမ၏ မျက်နာပေါ်တွင် အပြုံးတစ်ခု အထင်းသားရှိနေသည်။


သူမ၏ စိတ်ထဲ၌ ကိစ္စရပ်များက မြင်နေသလောက် မရိုးရှင်းဟု ခံစားနေရသည်။ဘာကြောင့်လဲတော့ သူမမသိပေ။ဒါက အမျိုးသမီး တစ်ယောက်၏ အလိုလိုသ်ိစိတ်ပင်ဖြစ်ပေလိမ့်မည်။


"ကျေးဇူးပြုပြီး မင်းတို့ရဲ့ ပစ္စည်းကို ဒီကြေးဝါစင်မြင့်ဆီကို ယူလာခဲ့ပါ..."


ပြိုင်ပွဲ၏ အလေးနက်ဆုံး အပိုင်းကို ရောက်ရှိလာပေပြီ။မောင်ရှီ ခေါင်းညိတ်လိုက်ပြီး မဟာသခင်များအရှေ့သို့ လျှောက်လာခဲ့သည်။သူ့လက်ထဲမှ ကျောက်စိမ်းပုလင်းလေးကို ကမ်းပေးလိုက်၏။ဒိုင်လူကြီးချုပ်ဆီမှအစီအရင်တစ်ခု ထွက်ပေါ်လာပြီးနောက် မောင်ရှီ၏ စိတ်ဝိညာဉ် ဆေးလုံးကို ဖုံးလွှမ်းသွားလေသည်။


ဆေးလုံးမှ ထွက်ပေါ်လာသော အလင်းရောင်များက မှော်အစီအရင်မှ ထွက်ပေါ်လာသည့် အလင်းရောင်များထက်ကိုပင် ကျော်လွန်သွားပေသည်။ပရိတ်သတ်များအားလုံး စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်ကြသည်။


ထိုဆေးလုံးမှ သိပ်သည်းလှသောစိတ်စွမ်းအင်များကလည်း တမူတးထူးခြားစွာ တည်ရှိနေပေသည်။ထိုဆေးလုံးက ပဉ္စလက်ပြိုင်ပွဲကြီးတွင် စိတ်ဝိညာဉ် အသိပ်သည်းဆုံး ဆေးလုံးဖြစ်သည်။သူက တကယ်ကိုပင် တောက်ပကောင်းကင်မြို့မှ ပါရမီရှင် ပီသလေသည်။သူသာလျှင် ပုဖန်ကို စိန်ခေါ်နိုင်စွမ်းရှိပေလိမ့်မည်။


"ပုဖန်က တကယ်ပဲ နိုင်နိုင်ပါတော့မလား..."


ပရိတ်သတ်များတုန်လှုပ်သွားကြသည်။သူတို့ ထူးဆန်းလှသောအကြည့်များဖြင့် ပုဖန်၏ ကောင်းကင်မီးလျှံ ကြက်ကောင်လုံး နှပ်ကို လှည့်ကြည့်လိုက်ကြသည်။


"ဒီဆေးလုံးရဲ့ စိတ်ဝိညာဉ် စွမ်းအင်တွေက အရမ်းကိုသိပ်သည်းလွန်းတယ်..."


ဒိုင်လူကြီးချုပ်က ပြောလိုက်သည်။မဟာသခင်ရွှမ်မင်က သူလမ်းလျှောက်လာပြီး မျက်မှောင်ကြုတ်ကာ ဆေးလုံးကို ကောက်ယူလိုက်သည်။


သူဆေးလုံးကို သေချာစွာ စစ်ဆေးလိုက်ပြီးသည့်နောက် နွေးထွေးမှုလေးကို ခံစားလိုက်ရသည်။၎င်းကပြီးပြည့်စုံသည့် အမှတ် ၃ စိတ်ဝိညာဉ် ဆေးလုံးသာဖြစ်သည်။


ပြိုင်ပွဲအတွင်းတွင်သူ့၏ ဆေးမီးဖိုက တစ်ကြိမ်ပေါက်ကွဲခဲ့သည်ဆိုသော်လည်း မောင်ရှီက မဆုတ်မနစ်ဖြင့် ကြိုးစားခဲ့သည်။မဟာသခင် ယောင်ကွမ်းက အလွန်ပင် စိတ်ကျေနပ်နေမိသည်။မောင်ရှီက သူ့၏ တပည့်ဖြစ်သည်။ယခုပြိုင်ပွဲအတွင်းတွင်သူ့၏ စွမ်းအင်ကို ပြသနိုင်ခဲ့လေရာ ဆရာတစ်ယောက်အနေဖြင့် ပို၍ ကျော်ကြားပေတော့မည်။


မဟာသခင်ယောင်ကွမ်း၏ မျက်နာတွင် အပြုံးက ထင်ရှားစွာ ပေါ်လွင်နေပြီး သူ့မျက်ဝန်းမှေးမှေးလေးထဲတွင်လည်း အဓိပ္ပါယ်ပြည့်နှက်သည့်အကြည့်များနှင့် ကြည့်နေလေသည်။


ထိုအချိန်က မောင်ရှီ၏ ဆေးမီးဖ်ို ပေါက်ကွဲခါနီးဖြစ်ခဲ့သည်။သို့သော်လည်း သူက အနီရောင်သက်စောင့်ဆေး တစ်လုံးကို စားခဲ့သည်။ထိုဆေးလုံး သူ့ပါးစပ်ထဲ ပျော်ဝင်သွားသည်နှင့် စိတ်ဝိညာဉ် စွမ်းအားများ ပြန်လည်တည်ငြိမ်သွားပြီး ဆေးလုံးကို ချောချောမွေ့မွေ့ သန့်စင်နိုင်ခဲ့သည်။


တကယ်တမ်းတွင် ထိုကိစ္စကနည်းနည်းတော့ အရှက်ရစရာဖြစ်သည်။တစ်ခြားမဟာသခင်များအားလုံးကလည်းသတိပြုမိခဲ့ကြသည်။သို့သော်လည်း မည်သူမှ ထိုကိစ္စကို နက်နက်နဲနဲ မတူးဖော်ကြပေ။


သူတို့အားလုံးမောင်ရှီ မျိုချခဲ့သောဆေးလုံးကို မြင်ခဲ့ကြသည်။ထိုဆေးလုံးက စိတ်ဝိညာဉ်ဆေးလုံးမဟုတ်ပေ။စိတ်ဝိညာဉ် ဆေးလုံးမဟုတ်သရွေ့ သူစည်းမျဉ်းကို ချိုးဖောက်ခြင်းမရှိပေ။


"သူ့ရဲ့ အရည်အသွေးက တကယ်ကို အက်ျိုးသက်ရောက်မှုရှိတယ်...အဆင့်မြင့်အဆင့် အမှတ် ၃စိတ်ဝိညာဉ်ဆေးလုံးလို့ သတ်မှတ်နိုင်တယ်...နောက်လာမယ့် လူငယ် မျိုးဆက်သစ်တွေက ငါတို့ကိုယ်တောင် ကျော်ဖြတ်နိုင်တော့မယ်..."


မဟာသခင်ရွှမ်မင်က ခပ်ပြုံးပြုံးဖြင့် ခေါင်းညိတ်လိုက်ပြီး အမှတ် ၃ စိတ်ဝိညာဉ် ဆေးလုံးကိုကျောက်စိမ်းပုလင်းလေးထဲသို့ ပြန်ထည့်လိုက်သည်။


သူ့စကားကို ကြားလိုက်သည်နှင့် ပရိတ်သတ်များ၏ နှလုံးသားက တုန်ယင်သွားကြသည်။မောင်ရှီ၏ မျက်နာတွင်လည်း တက်ကြွမှုက အထင်းသားပေါ်လွင်နေသည်။


သူနှာခောင်းက သွေးများ အဆက်မပြတ် ကျဆင်းနေဆဲဖြစ်ပြီး သူ့မျက်နာက ဖြူဖျော့နေသော်လည်းသူတက်ကြွနေတုန်းပင်ဖြစ်သည်။


"ဟား ...ဟား...ဟား... ကျေးဇူးအများကြီးတင်ပါတယ် မဟာသခင် ရွှမ်မင်...ဒီလိုဆိုရင် ကျွန်တော်နိုင်တော့မှာလား..."


မောင်ရှီက စိတ်လှုပ်ရှားလွန်းပြီး စတင်၍ပင် ကခုန်ချင်လာသည်။သို့သော်လည်း ရှုရဆေးလုံး၏ အစွမ်းသတ္တိက စတင်နေပေပြီ။သူကိုယ့်ခြေထောက်ပေါ်တွင်ပင် ငြိမ်အောင်ရပ်မနေနိုင်တော့ပဲ အနောက်သို့အနည်းငယ် ယိုင်နေလေသည်။


ပရိတ်သတ်များ၏ မျက်လုံးထဲတွင်မူ ထိုအချက်ကို စိတ်လှုပ်ရှားနေသရွေ့ဟုသာ မြင်ကြလေသည်။သို့သော် မဟာသခင်များ၏ မျက်လုံးထဲတွင်မူအနည်းငယ် ထူးဆန်းသည်ဟု သူတို့မြင်ကြသည်။


"မင်းနိုင်တယ်လို့ ပြောဖို့ကတော့ အရမ်းကို စောပါသေးတယ်..."


မဟာသခင်ရွှမ်မင်က အသာအယာပြုံး၍ ပြောလိုက်ပြီးနောက် လက်နှစ်ဖက်ကို နောက်ပစ်ကာ ပုဖန်ဆီသို့ လျှောက်သွားလိုက်သည်။


အဲ့ဒီဟင်းပွဲတစ်ခုက အမှတ် ၃ စိတ်ဝိညာဉ် ဆေးလုံးတစ်ခုကို ယှဉ်နိုင်မယ်တဲ့လား...


ထိုကဲ့သို့ အရာမျိုး ထွက်ပေါ်လာလိမ့်မည်ဟု သူမယုံကြည်ပေ။ထို့ကြောင့် အေးစက်စွာဖြင့် နှာခေါင်းရှုံ့လိုက်သည်။အရာအားလုံး ပြီးဆုံးသွားပြီဖြစ်သောကြောင့် စ်ိတ်သက်သာရာရမှုက သူ့ခန္ဓာကိုယ်တစ်ခုကို ဖြတ်ဆင်းသွားလေသည်။


ပုဖန်က ကတော့မလိုပင် ဖြစ်နေသောမောင်ရှီကို တည်ငြိမ်စွာဖြင့် ကြည့်နေမိပြီး သူ့နှုတ်ခမ်းလေးများတွန့်ကွေးသွားလေသည်။


"စားဖိုမှူးလေး ဒီတစ်ခါဟင်းပွဲကိုကော ဘယ်လိုခေါ်လဲ..."


မဟာသခင်ရွှမ်မင်က ဖော်ဖော်ရွေရွေဖြင့် မေးလိုက်သည်။မဟာသခင်များက လေအေးတစ်ချက်စီ ရှုရှိုက်လိုက်မိကြသည်။ဟင်းပွဲမှဆေးရနံ့များပါဝင်နေသည့် အသားရနံ့က နှာခေါင်းထဲသို့ ဝင်ရောက်သွားသည်နှင့် သူတို့၏ အကြောအဆစ်များ ပွင့်ထွက်သွားသလို ခံစားလိုက်ရသည်။ဒါက သူတို့ကို အံ့အားသင့်သွားစေသည်။ထိုဟင်းပွဲက လုံးဝ သာမန်မဟုတ်ပေ။


"ကောင်းကင်မီးလျှံ ကြက်ကောင်လုံးနှပ် ..ကျေးဇူးပြုပြီး ခင်ဗျားတို့ကိုယ်တိုင်ပဲ မြည်းကြည့်ကြပါ..."


ပုဖန်က ပုံမှန်အတိုင်းအေးဆေးတည်ငြိမ်စွာပြောလိုက်သည်။


"ဘယ်လောက်တောင် လှပတဲ့ ပြင်ဆင်မှုလဲ...မုန်လာဥကို ပန်းသဏ္ဍာန်ဖော်ထားတာက အရမ်းကိုပဲ လှတယ် ဒါက လုံးဝ အစစ်အတိုင်းပဲ ..."


မဟာသခင်တစ်ယောက်က အံ့သြသင့်စွာဖြင့် ရေရွတ်လိုက်သည်။ဖြူဖွေးလှသောမုန်လာဥ ဖတ်များ၏အလယ်တွင် ရွှေနီရောင်သန်းနေသည့် ကြက်ကောင်လုံးရှိနေသည်မှာတကယ့်ကို အနုပညာလက်ရောက်မြောက်လှသည်။


တငွေ့ငွေ့ထွက်ပေါ်နေသော အပူငွေ့လေးများက မြူခိုးပုံသဏ္ဍာန် တလှိမ့်လှိမ့်တက်နေသည်ကို မြင်ရသည်မှာလည်း လူတစ်ယောက်၏ အသဲညှာကို ဆုပ်ကိုင်လိုက်သလိုပင် ခံစားရသည်။


မဟာသခင်များက သူတို့ကိုသူတို့ပင် မထိန်းချုပ်နိုင်ပဲ တံတွေးတစ်လုတ်စီမ်ျိုချလိုက်မိသည်။


"ကဲ ဒါဆ်ိုလည်းငါတို့ မြည်းကြည်းကြတာပေါ့...လာကြပါ..."


မဟာသခင်ရွှမ်မင်က သူ့နောက်မှ မဟာသခင်ကုဟယ်ကို လှည့်ကြည့်၍ ခေါင်းညိတ်ပြလိုက်သည်။သူတို့ တူတစ်စုံစီ ကောက်ယူ၍ အသင့်ပြင်လိုက်သည်။သူတို့၏ တူများ ဟင်းပွဲကို ထိမည့်အချိန်မှာပင် ပုဖန်က မျက်မှောင်ကြုတ်လိုက်ပြီး တူကို တားလိုက်သည်။


"ဒီတစ်ခါတော့ ခင်ဗျားတို့ တူကို သုံးလို့မရဘူး..."


ပုဖန်က အလေးအနက်ပြောလိုက်သည်။


တူသုံးလို့မရဘူး ဒါဆိုသူတ်ို့က ဘယ်လိုစားရမှာလဲ လက်နဲ့ စားရမှာလား...ကြက်ကောင်လုံးနှပ်ကို စားဖို့အတွက် သူတို့ လက်ကို အသုံးပြုရမယ်...ဒီလိုစည်းကမ်းမျိုးက ဘယ်ကရောက်လာတာလဲ...သူတို့က အဆင့်အတန်းမြင့်မားတဲ့ မဟာသခင်တွေလေ...


မဟာသခင်များ၏ မျက်နာအမူအရာကလည်း ပြောင်းလဲသွားသည်။ပုဖန်ကလည်း သူတို့ကို တစ်ချက်ကြည့်၍ ဘာမှထပ်မပြောတော့ပေ။


သူ့လည်ပင်းမှ ရှုရမျှော်စင်က စတင်မျောလွင့်လာပြီး သူ့၏ စိတ်ဝိညာဉ် စွမ်းအားများ ထွက်ပေါ်လာသည်။


သူ့လက်ညှ်ိုးဖြင့် ကြက်ခေါင်းကို အသာအယာလေးထိလိုက်သည်။ရေထဲသို့ ကျောက်ခဲတစ်လုံး ပစ်ချလိုက်သလိုမျိုး လှိုင်းဂယက်များထွက်ပေါ်လာလေသည်။


ကောင်းကင်မီးလျှံကြက်မှ ရုတ်တရက် မီးတောက်များ ထတောက်လာပြီး ပြင်းပြင်းထန်ထန် လောင်ကျွမ်းလာလေသည်။မီးတောက်က ကြာရှည်ရှိနေခြင်းမဟုတ်သော်လည်း ကြက်တစ်ကောင်လုံးကိုတော့ ဖုံးလွှမ်းသွားလေသည်။


"အခု ခင်ဗျားတို့ သုံးဆောင်နိုင်ပါပြီ..."


ပုဖန်၏ နှုတ်ခမ်းထောင့်စွန်းလေးများက အပေါ်သို့ ကွေးတက်သွားသည်။ဒိုင်လူကြီးမင်းများက အံ့အားသင့်စွာဖြင့် ကြည့်နေကြ၏။


ကြက်ကို မီးရှို့ပြီးတဲ့အချိန်မှ ငါတို့ကို သုံးဆောင်နိုင်ပါပြီလို့ ပြောတယ်...ဘာလို့ ငါတို့ကို မီးတောက်ကို စားပါလို့ တိုက်ရိုက်မပြောလိုက်တာလဲ...မင်းကဘာလုပ်ဖို့ ရည်ရွယ်နေတာလဲ...


မဟာသခင်များ တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်ကြသည်။ပိုမိုသိပ်သည်းလှသောမွှေးရနံ့များက ဆွဲဆောင်နိုင်သော်လည်း သူတို့တစ်ယောက်မှ လက်မလှုပ်ကြပေ။


"ထူးထူးဆန်းဆန်းတွေ သရုပ်ဆောင်ပြနေတယ်ပေါ့...မင်းကိုယ်မင်းမီးနဲ့ ကစားနိုင်တယ်လို့ ထင်နေတာလား...ဟာသပဲ...ဒီလို အပေါစားလှည့်ကွက်လေးတွေနဲ့ ပရိတ်သတ်တွေ စိတ်ကျေနပ်အောင် ကြိုးစားနေတာလား..."


အဝေးမှ မောင်ရှီက အေးစက်စွာဖြင့် လှမ်းပြောလိုက်သည်။ပုဖန် သူ့ကို တစ်ချက်သာလှမ်းကြည့်လိုက်ပြီး ဘာမှမပြောလိုက်ပေ။သူက တွန့်ဆုတ်နေကြသော မဟာသခင်များကိုသာ ကြည့်နေကြလေသည်။သူနှုတ်ခမ်းတင်းတင်းစေ့လိုက်သည်။


"ခင်ဗျားတို့ ဘာကို တွန့်ဆုတ်နေတာလဲလို့ ကျုပ်တကယ်မသိတော့ဘူး..."


ပုဖန် ပြောပြီးသည်နှင့် သူ့လက်ကို အစစ်အမှန် စွမ်းအင်များဖြင့် ဖုံးကာလိုက်ပြီး မီးတောက်များကြားထဲမှ ကြက်သားကို လှမ်းယူလိုက်သည်။အနည်းငယ်မျှပင် တုံ့ဆိုင်းမှုမရှိပဲ ကြက်ပေါင်တစ်ချောင်းကို ဆွဲဖြုတ်လိုက်လေသည်။


ကြက်အရေခွံက ပြဲသွားပြီး ဆီနှင့် အရည်များဘေးဘက်သို့ လွင့်စင်သွားသည်။အတွင်း၌ရှိနေသော ကြက်သားက ပို၍ပင် နူးညံ့နေလေသည်။ပို၍ သိပ်သည်းစွာ ထွက်ပေါ်လာသည့် အသား၏ ရနံ့ကို စကားလုံးဖြင့်ပင် ဖော်ပြ၍ မရနိုင်တော့ပေ။


ပုဖန်က သူလက်ထဲမှ ပေါင်တစ်ချောင်းကို မဟာသခင် ရွှမ်မင်ဆီ ကမ်းပေးလိုက်ပြီးနောက် နောက်ထပ် ကြက်သားဆက်ဖဲ့လိုက်သည်။မီးတောက်များ ဆက်လက်တောက်လောင်နေပြီး ပတ်ဝန်းကျင်တစ်ခွင်ဖုံးလွှမ်းနေသော မွှေးရနံ့များက ပို၍ပို၍ သိပ်သည်းလာသည်။


ရွှေညိုရောင် သန်းနေပြီး အငွေ့တထောင်းထောင်းထနေသည့် ကြက်ပေါင်ကို ကြည်ပြီး မဟာသခင်ရွှမ်မင်၏ မျက်နာက နီရဲလာလေသည်။


အား ငါမရတော့ဘူး အရမ်းစားချင်လာပြီ...


"ဒီလိုဆိုမှတော့ ငါတို့ဘာသာ ငါတို့ပဲ မြည်းကြည့်လိုက်ပါတော့မယ်...ဒါက အကျိုးသက်ရောက်မှုကို စစ်ဆေးတာပဲလေ...ဒီတစ်ကြိမ်စစ်ဆေးတဲ့ နည်းလမ်းက နည်းနည်းလေး ထူးဆန်းသွားရုံပါပဲ...ဒါက ငါတ်ို့ရဲ့ ပုံရိပ်ကို ထိခိုက်စရာအကြောင်းမရှိပါဘူး...တခြားသူတွေကလည်း နားလည်ပေးမှာပါ..."


မဟာသခင်ရွှမ်မင်က သူ့ကိုယ်သူ စိတ်သက်သာရာရအောင်ပြောပြီးသည်နှင့် မျက်ဝန်းများက အလင်းရောင်တစ်ချက်လက်သွားလေသည်။ထို့နောက် သူ့လက်ထဲ၌ ကိုင်ထားသော ကြက်ပေါင်ကို ပါးစပ်ထဲ ထိုးထည့်လိုက်သည်။


သူ့၏ သွားများက အသားထဲ စိုက်ဝင်သွားသည်နှင့် သူ့မျက်ဝန်းများ ပြူးကျယ်သွားလေသည်။