အပိုင်း ၅၄၄
Viewers 62k

အခန်း ၅၄၄

ကြွက်သားရှစ်မြောင်းနှင့်အဖိုးကြီး...


ပွဲစင်မြင့်အထက် လေထဲတွင် ခါးကုန်းကုန်းနှင့်လူကြီး ရပ်နေသည်။သူ့၏ သွေးနီရောင်ဝတ်စုံက လေအရှိန်ကြောင့်တဖျတ်ဖျတ်လွင့်ခါနေသည်။သူက လက်နှစ်ဖက်ကို နောက်ပစ်၍ ပုဖန်ကို စူးစိုက်ကြည့်နေလေသည်။


ပုဖန်၏ နှလုံးသားက အေးခဲသွားပြီး သူ့လက်ထဲမှ ရှစ်လေး၏ ခေါင်းကို တင်းတင်းကျပ်ကျပ်ဖိကိုင်လိုက်မိသည်။ရတနာရှစ်သွယ်ကြက်၏ မျက်ဝန်းများပြူးထွက်လာပြီး အကျယ်ကြီးအော်ဟစ်လိုက်လေသည်။


မင်းဘာလုပ်နေတာလဲ ဒီကြက်ကို သတ်ဖို့ကြိုးစားနေလား...


ထိုအေးစက်လှသော အကြည့်များက ပုဖန်၏ နှလုံးသားကို လက်အေးအေးဖြင့် ဆုပ်ကိုင်ထားသလို ခံစားရသည်။


ဒီလူအိုကြီးက သူ့ကို ပစ်မှတ်ထားနေတာလား...


ပရိတ်သတ်များ ကျယ်လောင်စွာ အော်ဟစ်နေကြသည်။တစ်ခုပြီးတစ်ခု ဖြစ်ပျက်လာသော အဖြစ်အပျက်တိုင်းကို သူတို့ လုံးဝကို မဆက်စပ်မိတော့ပေ။ထိုလူအိုကြီးက ရုတ်တရက် ပေါ်ထွက်လာသောကြောင့် အားလုံးကလည်း ကြောင်အနေကြသည်။


ပြိုင်ပွဲစင်မြင့်ပေါ်၌ရှိနေသော မောင်ရှီက ထိုလူအိုကြီးကို တွေ့လိုက်သည်နှင့် ဒေါသတကြီးဖြင့် စတင်အော်ဟစ်လိုက်လေသည်။


"အဲ့ဒါ သူပဲ...သူပဲ...သူက ငါ့ကို သွေးမီးလျှံ ရှုရဆေးလုံး ပေးခဲ့တဲ့သူပဲ..."


မဟာသခင်များ၏ အကြည့်က ထ်ိုခါးကုန်းကြီးဆီသို့ ကျရောက်သွားသည်။ဒိုင်လူကြီးချုပ်က အရင်ဆုံးလှုပ်ရှားလိုက်လေသည်။သူ့၏ ခန္ဓာကိုယ်မှ အစစ်အမှန် စွမ်းအင်များ ထွက်ပေါ်လာပြီး ပုဖန်၏ ရှေ့သို့ ချက်ချင်းရောက်ရှိသွားသည်။သူ့၏ မသိစိတ်က ထိုလူအိုကြီး ပုဖန်ကြောင့် ရောက်ရှိလာသည်ဟု ပြောနေလေသည်။


"ရှေးဟောင်းရှုရ မြို့တော်က လူလား...မင်းက ငါတို့ တောက်ပကောင်းကင်မြို့ကလူကို တကယ်ကြီး သွေးမီးလျှံ ရှုရ ဆေးလုံးပေးရဲတယ်ပေါ့...မင်းက ဆေးနန်းတော်နဲ့ ရှေးဟောင်းရှုရမြို့တော်ကြားထဲမှာ စစ်ပွဲစချင်နေတာလား..."


မဟာသခင်ယောင်ကွမ်က ဒေါသတကြီးဖြင့် အော်ဟစ်လိုက်သည်။သူ့ခန္ဓာကိုယ်ထဲမှ အစစ်အမှန် စွမ်းအင်များကလည်း အရှိန်အဟုန်ဖြင့် စတင်လည်ပတ်လာလေသည်။သူ့၏ နောက်ကျောဘက်မှစိတ်ဝိညာဉ်ကြိုးများ ထွက်ပေါ်လာလေ၏။


အဆင့် ငါးဆင့်ကို ချိုးဖောက်ပြီးသော အဆင့် ၅ မသေမျိုးခန္ဓာပညာရှင်ဆိုသည့်အတိုင်း သူပိုင်ဆိုင်ထားသော စွမ်းရည်များက ကြောက်မက်ဖွယ်ကောင်းလှသည်။သူ့ဆီမှ ထွက်ပေါ်လာသော အော်ရာများက လူအိုကြီးဆီသို့ ရည်ရွယ်၍ ဖိအားပေးလိုက်သည်။


သို့သော်လည်း ထိုလူအိုကြီးက လေထဲတွင် တည်ငြိမ်စွာ ရပ်တည်နေတုန်းပင်ဖြစ်သည်။အရေအကြောင်းများဖြင့် ပြည့်နေသော သူ့မျက်နာက အနည်းငယ်မျှပင် ပြောင်းလဲမှုမရှိပေ။


"ဆေးနန်းတော်နှင့် ရှေးဟောင်းရှုရမြို့တော်ကြားထဲက စစ်ပြေငြိမ်းရေး စာချုပ်ကို ချိုးဖျက်လိုက်တယ်ဆ်ိုတာကလည်း ကိစ္စသေးသေးလေးပဲ မဟုတ်ဘူးလား..."


ထိုလူအိုကြီးဆီမှ စကားကြောင့် ပုဖန် အေးခဲ တောင့်တင်းသွားလေသည်။


"မင်းတို့ရှုရမြို့တော်ကလူတွေက ဘာကြောင့် ငါတို့ ဆေးနန်းတော်ကိုမှ ပြဿနာလာရှာနေတာလဲ မင်းတို့ ရည်ရွယ်ချက်ကဘာလဲ..."


မဟာသခင်ရွှမ်မင်က အေးစက်စွာ နှာခေါင်းရှုံ့၍ မေးလိုက်သည်။


လူအိုကြီး၏ နှုတ်ခမ်းထောင့်စွန်းများက တွန့်ကွေးသွားသည်။သူ့၏ အကြည့်များက မခန့်မှန်းနိုင်လောက်အောင် နက်ရှိုင်းလှ၏။သူ ပုဖန်ဆီသို့ လက်ညှိုးညွှန်ပြလိုက်သည်။


"ငါ သူ့ကို လိုချင်တယ်...ဒီလူကို ငါတို့ ရှုရမြို့တော်ဆီ လွှဲပြောင်းပေးလိုက်..."


ပရိတ်သတ်များနှင့် အကဲဖြတ်လူကြီးမင်းများအားလုံး အံ့အားသင့်သွားကြသည်။ပုဖန်လည်း နေရာမှာပင် အေးခဲနေလေသည်။


ကတော်...


ပုဖန်က သူ့ကို သေအောင်ဖိညှစ်လိုက်ပြန်သောကြောင့် ရတနာရှစ်သွယ်ကြက်၏ ကျယ်လောင်သောအသံ အော်သံ ထွက်ပေါ်လာပြန်သည်။


" ရှေးဟောင်းရှုရမြို့တော်က လူတွေက တဖြေးဖြေး ပိုပြီးတော့ မောက်မာလာတာပဲ ...သူက ငါတို့ ပဉ္စလက် စုဝေးပွဲကြီးရဲ့ ထိပ်သီး ၃ယောက်ထဲ ဝင်တဲ့ ပြိုင်ပွဲဝင်ပဲ ...မင်းလိုချင်တာနဲ့ပဲ သူ့ကို ခေါ်သွားလို့ရမယ် ထင်နေတာလား အဲ့ဒီ သတ္တိတွေ ဘယ်က ရောက်လာတာလဲ..."


 ပုဖန်က ပြိုင်ပွဲအတွင်း ထိပ်ဆုံး ၃ယောက်ထဲ ဝင်သည့်အကြောင်း ထပ်မပြောသေးလျှင်ပင် သူက မြူကောင်းမြို့မှ လူ ဖြစ်နေသေးသည်။


မဟာသခင်ရွှမ်မင်အနေဖြင့် ဒီတိုင်း လျစ်လျူရှုလိုက်၍ မရပေ။


"ဒီလိုဆိုမှတော့ ငါတ်ို့ကြားထဲမှာ ထပ်ပြီး ဆွေးနွေးစရာမရှိတော့ဘူး ..."


ထိုလူအိုကြီးက အလွန်ပင် တည်ငြိမ်အေးဆေးသည့် အမူအရာဖြင့် ပြောလိုက်သည်။မဟာသခင်ရွှမ်မင်၏ မျက်ဝန်းများ ပြူးကျယ်သွားသည်။သူမျက်တောင်တစ်ခတ်အတွင်းမှာပင် ထိုလူအိုကြီးက စတင်၍ လှုပ်ရှားလိုက်သည်။ရွှေ့ပြောင်း အစီအရင်ကို သုံးလိုက်သကဲ့သို့ ပုဖန်ဘေးနား၌ ချက်ချင်းထွက်ပေါ်လာလေသည်။


သူ့ခန္ဓာကိုယ်မှ ဖိနှိပ်နိုင်စွမ်းသော အော်ရာများ စတင်ထုတ်ဖော်လာပြီး သူ့နောက်ကျောတွင် စိတ်ဝိညာဉ်ကြိုး ငါးချောင်းပေါ်လာလေသည်။


ကောင်းကင်နှင့် ကမ္ဘာမြေမှ ထွက်ပေါ်လာသော ဖိအားက အားလုံး အပေါ် သက်ရောက်နေလေသည်။


"နောက်ထပ် အဆင့် ၅ မသေမျိုးခန္ဓာ ပညာရှင်တစ်ယောက်..."


ဒိုင်လူကြီးချုပ်၏ ဒေါသများ ပေါက်ကွဲသွားသည်။တစ်စုံတစ်ယောက်က ပုဖန်ကို လုသွားခွင့် သူဘယ်လိုလုပ်ပေးနိုင်မည်နည်း။ထိုသို့သာ ဖြစ်သွားလျှင် သူ ရှက်လွန်း၍ သေရပေလိမ့်မည်။


သူ့၏ လက်မှ အစိမ်းရောင်မီးတောက်များ ထွက်ပေါ်လာပြီး ပွင့်လန်းနေသည့် ကြာပန်းသဏ္ဍာန်တစ်ခု ထိုလူအိုကြီးဆီသို့ ပျံသန်းသွားလေသည်။ဒိုင်လူကြီးချုပ်၏ ကျင့်ကြံဆင့်ကလည်း အလွန်ပင် သန်မာလှသည်။သူသည်လည်း အဆင့် ၃ မသေမျိုးခန္ဓာ ပညာရှင်ဖြစ်သည်။


သူ့၏ ကြာပန်းထဲတွင် အားကြီးလှသော စွမ်းအင်များ ပါဝင်နေသည်။လေထုပင် တွန့်လိမ်လာလေသည်။


"ဟမ်း ... သနားစရာလှည့်ကွက်လေးပဲ ..."


ခါးကုန်းအဘိုးအိုက အေးစက်စွာ ပြောလိုက်ပြီးနောက် သူ့၏ လက်ကို ဝှေ့ယမ်းလိုက်သည်။စွမ်းအင်လှိုင်းများ လှိမ့်ထွက်သွားပြီ အစိမ်းရောင် ကြာပန်းက ပြိုကွဲသွားလေသည်။


စွမ်းအင်လှိုင်းများက ဒိုင်လူကြီးချုပ်၏ ရင်ဘတ်ကို ဝင်ဆောင့်သွားပြီး စင်ပေါ်မှလွင့်ထွက်သွားကာ ပွဲကြည့်စင်နှင့် ပြင်းထန်စွာ တိုက်မိလေသည်။


"ဒီနေ့ ငါဒီလူကို ခေါ်သွားမယ်...ငါလမ်းကို လာပိတ်ရဲတဲ့ မည်သူမဆို သေရမယ်..."


ထိုလွှမ်းမိုးနိုင်စွမ်းရှိသော စကားကြောင့် ပရိတ်သတ်များ ထိတ်လန့်သွားကြသည်။


"ဒီဖျက်မြင်းစားဖိုမှူးရဲ့ မူလနောက်ခံက ဘာလဲ ...ဘာလို့ဒီလောက်တောင် အားကြီးတဲ့ ပညာရှင်ကတောင် သူ့ကိုလာလုရတာလဲ..."


"ဆေးနန်းတော်က တစ်စုံတစ်ယောက်ကို ထိခိုက်အောင် လုပ်တယ်ဆိုမှတော့ မင်းက သေဖို့တောင်းဆိုနေတာပဲ..."


မဟာသခင်ရွှမ်မင်၏ ပတ်ပတ်လည်၌ စွမ်းအင်များ စတင်လှည့်ပတ်လာသည်။


ဝီ...ဝီ...


သူအရှေ့သို့ တစ်လှမ်းလှမ်းလိုက်သည်နှင့် ခါးကုန်းကြီး၏ ဘေးနားသို့ ရောက်သွားလေသည်။ထို့နောက် သူ့လက်သီးကခါးကုန်းကြီးဆီသို့ ပျံသန်းသွားလေ၏။


ခါးကုန်းကြီး၏ မျက်နာအမူအရာက အေးစက်သွားပြီး သူ့လက်မှ အလင်းတစ်ချက်လက်သွားသည်။ပုံရိပ်တစ်ခုက မဟာသခင်ရွှမ်မင်၏ လက်သီးကို ချေမွပစ်လိုက်သည်။


လေထုထဲမှ အရိုးကျိုးသည့်အသံများ ပဲ့တင်ထပ်ထွက်ပေါ်လာပြီးနောက် နီရဲနေသော မျက်နာဖြင့် မဟာသခင် ရွှမ်မင် အနောက်သို့ ယိုင်ထွက်သွားသည်ကို တွေ့လိုက်ကြရသည်။


သူ နောက်ပြန်ဆုတ်လိုက်ရသည့် ခြေလှမ်းတိုင်း၌ အောက်ခြေရှိ စင်ပင် အက်ကြောင်းများ ထင်လာလေသည်။ခါးကုန်းကြီးက သူ့နေရာမှာတွင် အေးဆေးစွာ ရပ်နေတုန်းဖြစ်သည်။သူ့လက်ထဲ၌ နက်ဆွေးလှသည့် တုတ်ရှည်တစ်ချောင်းကို ကိုင်ထားသည်။သူက မေးကို အသာပင့်မော့၍ မဟာသခင် ရွှမ်မင်ကို ကြည့်နေလေသည်။


"ဘယ်သူလာလာ သေရမယ်လို့ ငါပြောပြီးပြီ...မင်းကြိုးစားကြည့်ချင်လား..."


ပွဲကြည့် ပရိတ်သတ်များအားလုံး ရူးသွပ်မတက်ပင် အော်ဟစ်လိုက်ကြသည်။


"အဲ့ဒါက ဆေးနန်းတော်ကို အထင်သေးနေတာမဟုတ်ဘူးလား...ဒီလောက် နှစ်များစွာ အတွင်းမှာ ဒီလိုပြောရဲတဲ့သူ ပထမဆုံး ထွက်ပေါ်လာတာပဲ...သူက ဒီလောက်လာအများကြီးရဲ့ ရှေ့မှာ လူလုရဲတယ်ပေါ့ အရမ်းကို မောက်မာ ထောင်လွှားနေတာပဲ..."


အစီအရင်မှတစ်ဆင့် ကြည့်ရှုနေကြသော ဆေးနန်းတော်အဖွဲ့ဝင်များအားလုံး ဒေါသပုန် ထလာကြသည်။ဆေးနန်းတော်နှင့် သန်မာမှုက အမြဲတမ်းဒွန်တွဲနေခြင်းဖြစ်သည်။သို့သော် ယခု သူတို့ရှေ့မှ မြင်ကွင်းကြောင့် သူတို့၏ ယုံကြည်မှုများပင် ပျက်ပြားလာလေသည်။


တစ်ချို့လူများက ထိုကိစ္စရပ်များ ဖြစ်ပွားနေရာ မြူကောင်းကင်မြို့သို့ပင် ဦးတည်ထွက်ခွာနေကြလေပြီ။


မဟာသခင်ရွှမ်မင်၏ လက်က တွဲလောင်းကျနေပြီး ထိုမှ သွေးများ စီးကျနေသည်။


တိုက်ခိုက်မှု တစ်ခုထဲကပင် သူ့အရိုးကို ကျိုးကြေသွားစေသည်။ထိုခါးကုန်းကြီးက ကြောက်စရာကောင်းလှပေသည်။ကြည့်ရသည်မှာ ထိုခါးကုန်းကြီးက အဆင့် ၅ဆင့် ကိုချိုးဖျက်ပြီးသည့် သာမန် မသေမျိုး ခန္ဓာ ပညာရှင်မဟုတ်နိုင်ပေ။


"ငါနောက်က လိုက်ခဲ့...အရှင်မက မင်းကို တွေ့ချင်နေတယ်..."


ခါးကုန်းကြီး၏ အမူအရာက အေးဆေးတည်ငြိမ်လာသည်။သူပုဖန်ကိုကြည့်၍ ပြောလိုက်သည်။သူက မသေမျိုးခန္ဓာ အထွဋ်အထိပ်အဆင့် ကျွမ်းကျင်ပညာရှင် ဖြစ်သောကြောင့် အလွန်ပင် ယုံကြည်မှုရှိနေသည်။ထိုတန်ခိုးရှင်အဆင့်မျှသာရှိသော စားဖိုမှူး လေးက သူ့အတွက် ပုရွတ်ဆိတ်တစ်ကောင်သာဖြစ်သည်။


သူ မျက်လုံးထဲတွင် ပုဖန်က ဘာမှမဟုတ်ပေ။


သူက ဘာလုပ်နိုင်မှာ မလို့လဲ...


ကောင်းကင်နှင့် ကမ္ဘာမြေ စွမ်းအားများက တန်ခိုးရှင်အဆင့် တွန်းလှန်ကာကွယ်နိုင်သည့် အင်အားမဟုတ်ပေ။သို့သော်လည်း သူမှားယွင်းသွားသည်။ပုဖန်ကလည်း သာမန်မဟုတ်ပေ။


ပြိုင်ကွင်းထဲတွင်ရှိနေကြသူအားလုံး ကောင်းကင်ကမ္ဘာမြေ စွမ်းအားများ၏ ဖိနှိပ်ခြင်းကို ခံခဲ့ရသော်လည်း စနစ်ရှိနေသည့် ပုဖန်အပေါ်တွင် အနည်းငယ်မျှ သက်ရောက်မှုမရှိပေ။


သူရတနာရှစ်သွယ်ကြက်၏ ခေါင်းကို ခပ်ဖွဖွ ပွတ်ရင်း ခါးကုန်းကြီးကို မော့ကြည့်လိုက်သည်။ထိုလူဘာကြောင့် သူ့ကို ခေါ်သွားချင်နေလဲ သူမသိပေ။ထိုလူနှင့် အရင်က မကြုံခဲ့ဖူးသည်မှာ သေချာပေသည်။


ဒီလူက ဘယ်ကနေ ဘယ်လို ပေါ်လာတာလဲ...


ပြိုင်ပွဲစင်မြင့်တွင်ရှိနေသော နန်ကုန်းဝူချယ်၏ မျက်ဝန်းများက ကျဉ်းမြောင်းသွားသည်။သူ စင်မြင့်ဆီမှ ပြေးထွက်လာပြီးနောက် အပျက်အစီး ပုံများကြားထဲမှ ဒိုင်လူကြီးချုပ်ကို ဆွဲထုတ်လိုက်သည်။


ဒိုင်လူကြီး ချုပ်က သူ့ရင်ဘတ်ကို ဖိကိုင်ထားပြီး ခက်ခက်ခဲခဲအသက်ရှုနေရလေသည်။သူက အဆင့် ၃ မသေမျိုးခန္ဓာပညာရှင်ဖြစ်သော်လည်း ထိုခါးကုန်းကြီး၏ ရိုက်ချက်တစ်ချက်ကိုပင် ခံနိုင်ရည်မရှိခဲ့ပေ။


"ဒိုင်လူကြီးချုပ် အဲ့ဒီလူက ဘာဖြစ်လို့ ဘော်ဒါပုကို ခေါ်သွားချင်နေတာလဲ..."


နန်ကုန်းဝူချယ်သိချင်စိတ်ပြင်းပြစွာဖြင့် မေးလိုက်သည်။


"ငါ ငါ ဘယ်လိုလုပ်သိမှာလဲ..."


ဒိုင်လူကြီးချုပ်က ချောင်းအနည်းငယ်ဆိုး၍ ပြန်ဖြေလိုက်၏။ယခုအချိန်တွင် ပြိုင်ပွဲကွင်းအတွင်းရှိ လေထုက အလွန်ပင် မသက်မသာဖြစ်နေလေသည်။


"မင်းက တကယ်ကို ရဲတင်းတာပဲ ငါတို့ မြူကောင်းကင်မြို့ထဲမှာ ဘယ်သူမှမရှိတော့ဘူးလို့ ထင်နေတာလား...လူမြင်ကွင်းမှာ မင်းကလူလုရဲသေးတယ်ပေါ့..."


မဟာသခင်ရွှမ်မင်က သူ့၏ အစစ်အမှန်စွမ်းအားများကို လှည့်ပတ်လိုက်သည်နှင့် လက်မှ ဆီးကျနေသော သွေးများက ရပ်တန့်သွားလေသည်။သူအထင်အမြင်သေးစွာဖြင့် နှာခေါင်းတစ်ချက်ရှုံ့လိုက်သည်။


မဟာသခင် ကုဟယ် ၊ မဟာသခင် ယောင်ကွမ်းနှင့် ကျန်သူများကလည်း သူတို့၏ စွမ်းအားများကို ထုတ်ဖော်လိုက်သည်။ပြိုင်ပွဲ စင်မြင့်ထက်တွင် အပျက်အစီးများ နေရာအနှံ့ လွင့်ပျံနေပြီး ပတ်ဝန်းကျင်တွင် သိပ်သည်းလှသော စွမ်းအားများ ပြည့်နှက်နေလေသည်။


ထိုမဟာသခင်များက အနည်းငယ်မျှပင် အားမနည်းကြပေ။မဟာသခင် ယောင်ကွမ် းနှင့် မဟာသခင် ရွှမ်မင်တို့က တိမ်လေးစ အဂ္ဂိရတ်ပညာရှင်အဆင့်သာရှိသေးသော်လည်း သူတို့၏ ကျင့်ကြံဆင့်က အဆင့် ၅ မသေမျိုးခန္ဓာအဆင့်သို့ ရောက်ရှိနေကြပေသည်။


သူတို့ဆီမှ ထွက်ပေါ်လာသော အလင်းများကလည်း အားလုံး၏ မျက်စိကိုပင် ကျိန်းစပ်သွားစေသည်။လူများအားလုံးက စိတ်လှုပ်ရှားကြီးစွာဖြင့် စိုက်ကြည့်နေကြသည်။ဆေးနန်းတော်၏ ဂုဏ်သိက္ခာက ထိုဂုဏ်သရေရှိ မဟာသခင် ငါးယောက်ပေါ်တွင် မူတည်နေပေသည်။


ခါးကုန်းအဘိုးအို၏ မျက်ဝန်းများက နက်မှောင်သွားသည်။သူ့လက်ထဲမှ တုတ်နက်ကို ကြမ်းကြမ်းတမ်းတမ်းလွှဲယမ်း၍ စင်မြင့်ကို ရိုက်ချလိုက်သည်။ပြိုင်ပွဲစင်မြင့်က အက်ကြောင်းရာများ ပြည့်နှက်သွားလေသည်။


"ဒီနေ့ ငါ ရှုရုအိုကြီးက ဒီလူကို ခေါ်ဆောင်သွားရမယ် မင်းတို့က ငါလမ်းကို ပိတ်ဆို့ချင်တယ်ဆိုမှတော့ တိုက်ခိုက်ကြတာပေါ့ ...ဆေးနန်းတော်က မဟာသခင်တွေ ဘယ်လောက်သန်မာလဲဆိုတာ ကြည့်ချင်သေးတယ်..."


သူတစ်ချက်လွှဲလိုက်သည်နှင့် တုတ်အနက်က လေထဲ လည်ပတ်သွားသည်။ထို့နောက် ပုံရိပ်အများအပြားခွဲထွက်သွားသလို ထင်လိုက်ရပြီး မဟာသခင်ငါးယောက်ဆီသို့ တစ်ပြိုင်တည်း တိုးဝင်သွားလေသည်။


မဟာသခင်ငါးယောက်က မာန်သွင်းအော်ဟစ်လိုက်သည်။သူတို့၏ အစစ်အမှန်စွမ်းအားများကို လှည့်ပတ်လိုက်သည်နှင့် မျက်လုံးထဲတွင် တောက်ပလှသော ကောင်းကင်ငရဲမီးလျှံ ပုံရိပ်တစ်ခု ပေါ်လာလေသည်။


တောက်ပနေသော မီးလျှံလေးက စိတ်ကူးအိပ်မက်တစ်ခုကို ပုံဖော်နေသကဲ့သို့ပင် ထင်ရသည်။ထိုမီးလျှံလေးက လင်းယုန်တစ်ကောင်ဖြစ်တည်လာပြီးနောက် မြွေတစ်ကောင်အဖြစ်သို့ ထပ်မံပြောင်းလဲသွားသည်။


ရုတ်တရက် ထိုမြွေက အဘိုးအိုဆီသို့ တဟုန်ထိုး တိုးဝင်သွားလေသည်။ကျယ်လောင်သည့် ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။


အနက်ရောင်တုတ်က အနောက်သို့ ပြန်လည် လွင့်ထွက်သွားသည်။ခါးကုန်းကြီးက အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်ပြီး ထိုတုတ်ရှည်ကို အမိအရ ပြန်လည် ဖမ်းဆုပ်လိုက်သည်။


ခါးကုန်းကြီးကလည်း အော်ဟစ်မာန်သွင်းလိုက်သည်။ထို့နောက် သူ့ခန္ဓာကိုယ်မှ အဝတ်အစားများက ပြဲစုတ်သွားပြီး ပိန်ပါးသည့် ခန္ဓာကိုယ် ပေါ်လာလေသည်။


သို့သော်လည်း သူ့ခန္ဓာကိုယ်တွင် ကြွက်သားရှစ်မြောင်းက အထင်းသားပေါ်လွင်နေသည်။လှုပ်ရှားလိုက်တိုင်း ရှည်လျားလှသည့် အရိုးအဆစ်များက ကခုန်နေသကဲ့သို့ပင် ထင်ရသည်။


စင်ပေါ်သို့ ခြေထောက်တစ်ချက်နင်းလိုက်တိုင်း ပတ်ဝန်းကျင်တစ်ခွင် အပျက်အစီးများ အုံကြွလာလေသည်။အလင်းကဲ့သို့ မြန်ဆန်လှသော ပုံရိပ်တစ်ခုက မဟာသခင်ငါးယောက်ဆီသို့ တိုးဝင်လာ၏။


ဝီ...ဝီ...


အရိပ်က လေထုထဲတွင် ပြည့်နှက်နေသည့် စွမ်းအင်များကိုပင် တွန်းဖယ်ပစ်လိုက်လေသည်။ချက်ချင်းဆိုသလိုပင် ကြီးမားလှသည့် တိုက်ပွဲတစ်ခု ဖြစ်ပေါ်လာလေပြီ။


ပရိတ်သတ်များ၏ သွေးများက ဆူပွက်နေပြီး စိတ်လှုပ်ရှားကြီးစွာဖြင့် ထိုတိုက်ပွဲကို ကြည့်နေကြသည်။


မဟာသခင် ငါးယောက် တိုက်ခိုက်သည့် မြင်ကွင်းကို မြင်ရသည်က တကယ့်ကိုပင် အခွင့်အထူး တစ်ရပ်လည်းဖြစ်နေပေသည်။


နေရာအနှံ့မှ အပျက်အစီးများက ပုဖန်ဆီသို့ ဦးတည် လွင့်ပျံလာလေသည်။သူ့ဆီသို့ လွင့်လာသော ကျောက်တုံးတစ်တုံးကို တက်နင်း၍ ပျံလိုက်သည်။ထို့နောက် ရတနာရှစ်သွယ်ကြက်ကိုပိုက်၍ စင်ပေါ်မှ ထွက်ခွာရန် ပြင်လိုက်သည်။


သူက ပုံမှန်အတိုင်းတည်ငြိမ်နေသည်။တကယ်တမ်းတွင် ပုဖန် အလွန်တည်ငြိမ်နေသောကြောင့် ပရိတ်သတ်များက သူ့ကို အရူးဟု ထင်နေကြသည်။


ဟိုခါးကုန်းကြီးက သူ့ကို ဖမ်းခေါ်သွားတော့မယ်လေ သူကဘာလို့ အဲ့ဒီလောက် တည်ငြိမ်နေရတာလဲ...


"ဘော်ဒါပု... ဒီကိုလာ ဒီကိုမြန်မြန်လေးလာ..."


ခပ်လှမ်းလှမ်းတွင်ရှိနေသော နန်ကုန်းဝူချယ်က လက်ဝှေ့ယမ်းပြ၍ ပုဖန်ကို သူ့နေရာသို့ လာရန် အချက်ပေးနေလေသည်။ပုဖန် အနည်းငယ် တုံ့ဆိုင်းသွားပြီးနောက် နန်ကုန်းဝူချယ်ရှိရာဆီသို့ ဦးတည်လိုက်သည်။


ရုတ်တရက် သူ့နှလုံးသားက တင်းကျပ်သွားသည်။စူးရှလှသည့် လေတိုးသံ တစ်ချက် ထွက်ပေါ်လာလေ၏။အနက်ရောင် တုတ်ရှည် ကြမ်းတမ်းစွာ လွှဲယမ်းလာပြီး သူ့အရှေ့၌တားဆီးလာသည် ။ပုဖန်အနည်းငယ်မျှပင် ရွှေ့လျားနိုင်မှု မရှိတော့ပေ။


ကြိုးစတစ်ဖက်ကို ကိုင်ထားသော ခါးကုန်းကြီးက သူ့ကို စူးစိုက်စွာ ကြည့်နေလေသည်။


"မင်း နာနာခံခံလေး လိုက်ခဲ့ရင်ကောင်းမယ် ငါ့ကို တွန်းအား ပေးနေရင်တော့ ဘယ်လိုနည်းနဲ့မှ သနားညှာတာမှာမဟုတ်တော့ဘူး ..."