အပိုင်း ၅၅၂
Viewers 61k

အခန်း ၅၅၂

ငါအရမ်းချောနေလို့ ဖြစ်မယ်...


ရှုရဓားကို ကောင်းကင်ကမ္ဘာမြေပျက်သုဉ်းခြင်းဟု လူသိကြသည်။ထိုဓားက ရှေးဟောင်းရှုရမြို့တော်၏ ရှုရမျှော်စင်နှင့်ပင် ယှဉ်နိုင်သည့် လက်နက်တစ်ခုဖြစ်သည်။၎င်းက အလွန်ပင် စွမ်းအားကြီးလှသည်။


ကောင်းကင်ပြင်အပြည့် ဖုံးလွှမ်းနေသော ပုံရိပ်က သူ့အောက်ခြေရှိ အရာရာကို ပိုင်းဖြတ်ပစ်တော့မလို ခြိမ်းခြောက်နိုင်စွမ်းရှ်ိလေသည်။ထိုဓား၏ တန်ခိုးစွမ်းရည်များကြောင့် လူများထိတ်လန့်ကြောက်ရွံ့နေကြသည်။


ထိုခဏမှာပင် ကြီးမားလှသည့် အနက်ရောင်ခွေးပုံရိပ်ကြီးပေါ်လာသည်။ထ်ိုခွေးက နေကိုပင် ပိတ်ကာလိုက်ပြီး ကမ္ဘာမြေပြင်အက်ကွဲသွားစေလောက်မည့် ဟောင်သံတစ်ခုကို ထုတ်လွင့်လိုက်သည်။


ထိုအသံက လူတိုင်း၏ စိတ်ထဲတွင် ပဲ့တင်ထပ်တုန်ခါနေပြီး နားစည်များပင် ကွဲထွက်သွားသည်ဟု ခံစားလိုက်ရသည်။


ရှုရမိန်းမပျိုပင်လျှင် သူမ၏ နားများကို အလျှင်အမြန် ပိတ်ကာလိုက်ရသည်။သူမအလွန်ပင် မသက်မသာခံစားလိုက်ရ၏။


ရှုရဓားက အနက်ရောင်ခွေး၏ ပုံရိပ်ကို ဖြတ်ပိုင်းရန် ကျဆင်းလာလေသည်။သို့သော် ထိုခွေးကို မထိခင်မှာပင် ဟောင်သံတစ်ချက်ထွက်ပေါ်လာပြီး ရှုရဓားက အပိုင်းပိုင်းပြိုကွဲသွားလေသည်။


ခွေးဘုရင်၏ ခန္ဓာကိုယ်နှင့် ထိလိုက်သည်နှင့် ဓားစွမ်းရည်များက ပျောက်ကွယ်သွားလေသည်။ခွေးဘုရင်၏ မျက်ခုံးကြားရှိ တတိယမျက်လုံးဆီမှ အလင်းရောင်များထွက်ပေါ်လာသည်။ထိုအလင်းက လေဟာနယ်ကို ထိုးဖောက်သွားပြီး တမဟုတ်ချင်းမှာပင် ရှုရအရှင်သခင်၏ ပုံရိပ်ကို ထိုးဖောက်သွားလေသည်။သူ့အနောက်ဘက်ရှိ တိမ်များပါ ပြိုကွဲသွားလေ၏။


တိမ်တိုက်များဖြင့် ဖွဲ့စည်းထားသော ရှုရသခင်၏ ကိုယ်ပွားက အပိုင်းပိုင်းများအဖြစ်သို့ ပြိုကွဲသွားလေသည်။


"ရှုရအရှင်သခင်က ဒီလို ရှုံးနိမ့်သွားတာလား..."


သူတို့မြင်လိုက်ရသည့်မြင်ကွင်းကိုပင် မယုံနိုင်ဖြစ်နေကြလေသည်။ခွေးဟောင်သံ တစ်ချက်ဖြင့် ရှုရသခင်က ရှုံးနိမ့်သွား၏။


"ဒီခွေး ဒီလိုမကောင်းဆိုးဝါးမျိုးက ဘယ်နားကနေထွက်ပေါ်လာတာလဲ ..."


ရှုရအရှင်သခင်၏ အကြည့်များက မှောင်မဲနေသည်။သူ့၏ အကြည့်များက တွင်းနက်ကြီးများကဲ့သို့ နက်ရှိုင်းလှလေ၏။သူ့အကြည့်ကို ရင်ဆိုင်လိုက်ရလျှင် စိတ်ဝိညာဉ်ပါ စုပ်ယူခံလိုက်ရပေမည်။


"ငါ့ရဲ့ ရှုရဓားကို ချိုးဖဲ့ပစ်တယ်...ငါ့ရဲ့ ခန္ဓာကိုယ်ကို ဖျက်စီးပစ်တယ် ငါ့ရဲ့ ရှုရမျှော်စင်ကို လုယူသွားတယ်...ငါဒီနေ့ကို ဘယ်တော့မှမမေ့ဘူး...ငါပြန်လာတဲ့အထိ စောင့်နေလိုက်...အဲ့ဒီနေ့က မင်းသေရမယ့်နေ့ပဲ..."


ရှုရသခင်က ပုဖန်ကိုကြည့်လိုက်ပြီးနောက် ခွေးဝတုတ်ကို ထပ်မံကြည့်လိုက်သည်။သူ့၏ စကားလုံးတစ်လုံးချင်းစီက ကောင်းကင်ထက်တွင် သွေးနီရောင်စကားလုံးများအဖြစ်လွင့်ဝဲနေလေသည်။အချိန်အတော်ကြာအထိ ရှိနေပြီးမှ ပြန်လည်ပျောက်ကွယ်သွား၏။


ခွေးဘုရင်၏ တတ်ိယမျက်လုံးက တဖြေးဖြေးချင်း ပြန်လည် ပျောက်ကွယ်သွားသည်။ခွေးဟောင်သံ တစ်ချက်နှင့်အတူ သူ့၏ ကြီးမားလှသော ပုံရိပ်က ပျောက်ကွယ်သွားလေသည်။


"ရှုရအရှင်သခင်က ရာဇသံတောင်ပေးသွားသေးတယ်...ရူးများနေတာလား...ဒီခွေးဘုရင်က မင်းကို စောင့်နေပါမယ် မင်းအစွမ်းရှိတယ်ဆိုရင် ငါ့ကို လာပြီးတိုက်ခိုက်လှည့်..."


ခွေးဘုရင်က မျက်လုံးလှည့်လိုက်ပြီး ရှည်လျားစွာ သန်းဝေပြီးမှ ပြောလိုက်သည်။ရှုရအရှင်သခင်၏ ပုံရိပ် စတင်ပျောက်ကွယ်လာသည့် အခ်ျိန်၌ သူ့၏ အကြည့်များက ခွေးဘုရင်ထံ ထပ်မံရောက်ရှိလာသည်။


သို့သော်လည်း သူ့၏ ပုံရိပ်လုံးဝ မပျောက်ကွယ်သွားခင်မှာပင် စွမ်းအင်များ စုစည်းလာပြီး ကောင်းကင်ထက်၌ ရွှေ့ပြောင်းအစီအရင်ပုံသဏ္ဍာန်ဖွဲ့တည်လာသည်။


ထိုအစီအရင်မှ တောက်ပလှသော အလင်းတန်းများထွက်ပေါ်လာပြီး ရှုရအပျိုစင်၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာသည်။ရှုရအပျိုစင်က ပုဖန်ကို နက်ရှိုင်းစွာ တစ်ချက်ကြည့်လိုက်သည်။


ဝီ...


ထို့နောက် အစီအရင်မှ စွမ်းအင်လှိုင်းများပေါ်ထွက်လာပြီး သူမရပ်နေရာမှ ပျောက်ကွယ်သွားလေသည်။ကောင်းကင်တစ်ခွင်ဖုံးလွှမ်းနေသော သွေးနီရောင်တိမ်တိုက်များ ပျောက်ကွယ်သွားပြီးနောက် တောက်ပနေသော နေမင်းကြီးပြန်လည်ပေါ်ထွက်လာသည်။


ခွေးဘုရင်က ကြောင်တစ်ကောင်ကဲ့သို့ ခြေလှမ်းများဖြင့် ငရဲကမ္ဘာသင်္ဘောပေါ်သို့ ပြန်လည် ဆင်းသက်လာသည်။သူ ထပ်မံ သန်းဝေလိုက်သည်။မျက်ခွံများကလည်း ပိတ်ကျလုမတက် ဖြစ်နေလေပြီ။ထို့နောက် သင်္ဘောကုန်းပတ်ပေါ် လဲချအိပ်စက်လိုက်သည်။


"ဒီခွေးဘုရင်က လှုပ်ရှားလိုက်ရလ်ို့ အရမ်းပင်ပန်းနေပြီ...အိပ်ရတာက ပိုပြီးတော့ သက်တောင့်သက်သာရှိတယ်..."


ပုဖန် ပြောစရာစကားပင်ပျောက်သွားမိသည်။ဒီခွေးငပျင်းက စားဖို့နှင့် ဘယ်လိုအိပ်ရမည်ဆိုတာသာသိလေသည်။


ပတ်ဝန်းကျင်က အပ်ကျသံပင် ကြားရလောက်အောင် တိတ်ဆိတ်နေသည်။အားလုံးက အံ့အားသင့်ထိတ်လန့်လွန်းသောကြောင့် အသံပင် မထွက်နိုင်ကြတော့ပေ။


မဟာသခင်ငါးယောက်ကလည်း စိတ်ရှုပ်ထွေးမှုပြည့်နေသော မျက်နာများဖြင့် အိပ်ပျော်နေပြီဖြစ်သော ခွေးဘုရင်ကိုကြည့်လိုက်ကြသည်။ထို့နောက် ခွေးဘုရင်ဘေးမှ ရပ်နေသော ပုဖန်ဆီသို့ အကြည့်များရောက်လာလေသည်။


နန်ကုန်းဝူချယ် ဖုတ်ဖတ်ခါ၍ ထရပ်လိုက်ပြီး ကျယ်လောင်စွာ ရယ်မောလိုက်လေသည်။ပုဖန်ကို မည်သူမှ အလွယ်တကူခေါ်သွား၍မရကြောင်း သူသိပေသည်။


မီရှနှင့် ထုံဟယ်၏ ခန္ဓာကိုယ်ကလည်း အံ့အားသင့်ထိတ်လန့်မှုကြောင့် တုန်ယင်နေလေသည်။ထိုကဲ့သို့ အဆုံးသတ်သွားလိမ့်မည်ဟု သူတို့ လုံးဝ မထင်ထားခဲ့မိပေ။


ရှုရအပျိုစင်က ရှုရအရှင်သခင်၏ ကိုယ်ပွားကိုပင် ခေါ်ထုတ်ခဲ့သည်။သို့သော်လည်း သူတို့ ထ်ိုစားဖိုမှူးကောင်စုတ်လေးကိုဟခေါ်မသွားနိုင်ပေ။ရှုရအရှင်သခင်၏ ပုံရိပ်ပင်လျှင် ဘယ်နေရာမှ ထွက်ပေါ်လာမည်မသိသော ခွေးတစ်ကောင်၏ ဟောင်သံကြောင့် ပျက်စီးသွားခဲ့ရသည်။


"ဘုရားရေ ဘာတွေများ ဖြစ်ပျက်နေတာလဲ..."


ဒီတစ်ကြိမ်၌ သူတို့ရှေးဟောင်းရှုရမြို့တော်က အကြီးအကျယ်ရှုံးနိမ့်သွားလေသည်။မီရှနှင့် ထုံဟယ်တို့ တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြသည်။သူတို့၏ မျက်ဝန်းထဲ၌ ကြောက်ရွံ့ထိတ်လန့်မှုများကို မြင်တွေ့နေရလေသည်။သူတို့ နှစ်ယောက်သား အနည်းငယ်မျှပင်တွန့်ဆုတ်မှုမရှ်ိပဲ မြူကောင်းကင်မြို့မှ ထွက်ပြေးရန် ဆုံးဖြတ်လိုက်ကြသည်။


သို့သော်လည်း သူတို့ ဆင့်ခေါ်လိုက်သော အစစ်အမှန်စွမ်းအင်များက ပျောက်ကွယ်သွားသောကြောင့် တုန်လှုပ်သွားကြ၏။ခပ်လှမ်းလှမ်းဆီမှ ကောင်းကင်မှနေ၍ ကြောက်မက်ဖွယ်ကောင်းလှသော အော်ရာများထွက်ပေါ်လာသည်။ထိုအော်ရာများက သူတို့၏ နှလုံးသားကို တုန်လှုပ်သွားစေသည်။


လျှင်မြန်လှသော အရှိန်အဟုန်ဖြင့်ပုံရိပ်တစ်ချို့ သူတို့ရှိရာဆီသို့ ဦးတည်လာလေသည်။သူတို့၏ စူးရှသော မျက်ဝန်းများကလည်း မီရှနှင့်ထုံဟယ်တို့ကို ကြည့်ရှုနေလေသည်။


ထိုလူများထဲမှ တစ်ယောက်မှ လေးလံလှသော သံချပ်ကာအင်္ကျီကို ဝတ်ဆင်ထားသည့် လူတစ်ယောက်ဖြစ်သည်။ငွေဖြူရောင်အဆင်းရှိသော ထိုသံချပ်ကာဝတ်ရုံက ရက်စက်ကြမ်းကြုတ်လှသောအော်ရာများကို ထုတ်လွင့်နေလေသည်။


သူ့၏ ပုံစံက စစ်နတ်ဘုရားတစ်ပါးနှင့်ပင် ဆင်တူနေလေသည်။ထိုသူများ မြေပြင်ပေါ်သို့ ဆင်းသက်လာသည်နှင့် ထွက်ပြေးရန် ကြံစည်နေသော မီရှနှင့်ထုံဟယ်ကို ချက်ချင်းသတိပြုမိလိုက်ကြသည်။


မီရှနှင့်ထုံဟယ်တို့၏ မျက်ဝန်းများ ပြူးကျယ်သွားပြီ သူတို့၏ နှလုံးသားများတင်းကျပ်သွားလေသည်။သူတို့နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်လိုက်ရပြီး မြေပြင်ပေါ်ဖင်ထိုင်ကျသွားသည်။


ထိုသူက မသေမျိုးခန္ဓာအထွဋ်အထိပ်အဆင့်ပညာရှင်တစ်ယောက်ဖြစ်သည်။နောက်ဆုံး၌ ဆေးနန်းတော်မှ အစစ်အမှန်ပညာရှင်များ ရောက်ရှိလာပေပြီ။သူတို့လွတ်မြောက်ရန် မည်သည့်အခွင့်အရေးမှမရှိတော့ပေ။


"ရှေးဟောင်းရှုရမြို့တော်က လူတွေက ငါ့ရဲ့ ဆေးနန်းတော်မှာ အပြစ်ကျူးလွန်ရဲတယ်ပေါ့...သူတို့ကို ခေါ်သွားပြီး အကျဉ်းချထားလိုက်...သူတို့ကို တဖြေးဖြေးချင်းစီ စစ်မေးရမယ်..."


ထိုလူ၏အေးစက်လှသော စကားသံဆုံးသွားသည်နှင့် သူ့အနောက်မှ အစောင့်အရှောက်များက အရှေ့သို့ တက်လာကြသည်။သူ့လက်ထဲမှ အနက်ရောင်ဆေးမီးဖိုကို ပစ်ထုတ်လိုက်သည်နှင့် မီရှနှင့် ထုံဟယ်တို့ ဆေးမီးဖိုထဲ စုပ်ယူခြင်းခံလိုက်ရသည်။


ငွေဖြူရောင်သံချပ်ကာဝတ်လူက ပတ်ဝန်းကျင်ကို အကဲဖြတ်ကြည့်လိုက်ပြီးနောက် သက်ပြင်းတစ်ချက်ချလိုက်သည်။ရင်ပြင်ကျယ်တစ်ခုလုံးက တုန်လှုပ်ခြောက်ခြားစရာပင် ကောင်းလှပေသည်။မြေပြင်ပေါ်ရှိ ကျောက်တုံးမျကလည်းကျိုးပဲ့ပျက်စီးနေ၏။


မြို့ကို ဖုံးလွှမ်းထားသော ကာကွယ်ရေးအစီအရင်က ပြန်လည်ပြုပြင်ပေးနေ၏။

သ်ို့သော်လည်း ရင်ပြင်ကျယ်တစ်ခုလုံးက ဖရိုဖရဲဖြစ်နေဆဲပင်ဖြစ်သည်။တချက်ကြည့်လိုက်ရုံဖြင့် ဒီနေရာ၌ အလွန်ကြောက်မက်ဖွယ်ကောင်းလှသောတိုက်ပွဲတစ်ခုဖြစ်ခဲ့ကြောင်း သိနိုင်ပေသည်။


ထိုလူ၏ မျက်နာက ရုပ်ဆိုးသွားသည်။ထိုကဲ့သို့သော အရာမျိုး ဆေးနန်းတော်ထဲတွင် ဖြစ်ပွားလာရပေမည်။ရှုရမြို့တော်က တကယ်က်ို တရားလွန်သွားပေပြီ။သူ ဒီအကြောင်းအရာက်ို မေ့လိုက်နိုင်မည်မဟုတ်ပေ။


မဟာသခင်ငါးယောက်က ရှေ့သို့ လျှောက်လာကြသည်။သူတို့၏ နှလုံးသားထဲတွင် ကြောက်ရွံ့မှုများ ရစ်ဝဲနေတုန်းဖြစ်ပြီး ခန္ဓာကိုယ်များက အနည်းငယ်တုန်ယင်နေဆဲဖြစ်သည်။


"အုပ်ချုပ်သူအကြီးအကဲ ဟန် ကျုပ်တို့က ခင်ဗျားကို ဒုက္ခများစေမိပြီ အဆင်ပြေပါရဲ့လား..."


မဟာသခင်ရွှမ်မင်၏ မျက်နာအမူအရာက ဖြူဖျော့နေဆဲဖြစ်သည်။သို့သော်လည်း မြူကောင်းကင်မြို့ကိုရောက်လာသော အကြီးအကဲဟန်ကို နှုတ်ဆတ်စကားဆိုလိုက်ပေသည်။


အကြီးအကဲဟန်၏ မျက်နာအမူအရာက အနည်းငယ် ပြေလျော့သွားသည်။သူ လက်နှစ်ဖက်ကို အသာဆုပ်၍ ပြန်လည် နှုတ်ဆက်စကားဆိုလိုက်သည်။မည်သို့ပင်ဆိုစေ ထိုသူများကလည်း မဟာသခင်များပင်ဖြစ်လေသည်။


"မဟာသခင်ရွှမ်မင်ရဲ့ မေးမြန်းမှုကို ကျေးဇူးတင်ပါတယ်...ရှေးဟောင်းရှုရမြို့တော်က ရန်သူတွေ ဘယ်ရောက်သွားတာလဲ...သူတို့ ဘာကြောင့် ပျောက်ကွယ်သွားတာလဲ..."


အကြီးအကဲဟန်က လေးနက်စွာဖြင့် မေးလိုက်သည်။


"ဒါက ..."


မဟာသခင်များ တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြသည်။ဖြစ်ပျက်သွားသမျှကို မည်သို့ ပြန်လည်ရှင်းပြရမည်မှန်းမသိပေ။ခဏအတွင်းမှာပင် အန္တရာယ်များသော ကိစ္စများ ဖြစ်ပွားသွားသောကြောင့် သူတို့အခုထိတိုင်အောင် ရှုပ်ထွေးနေဆဲဖြစ်သည်။


အကြီးအကဲဟန် မျက်မှောင်ကြုတ်လိုက်ပြီးပတ်ဝန်းကျင်ကို ထပ်မံ အကဲခတ်လိုက်သည်။ပတ်ဝန်းကျင်တစ်ခွင်က တကယ့်ကိုရှုပ်ထွေးနေပေသည်။ကြီးမားလှသည့် တိုက်ပွဲဖြစ်သွားခဲ့သည်မှာ သေချာပေ၏။


အကြီးအကဲဟန်၏ အကြည့်များက ခပ်လှမ်းလှမ်းတွင်ရှိသောအနက်ရောင်သင်္ဘောတစ်စင်းစီ သတိပြုမိသွား၏။ 


"အဲ့ဒီကောင်လေးက ရှေးဟောင်းရှုရမြို့တော်က လူတွေရဲ့ ပစ်မှတ်မဟုတ်ဘူးလား..."


သူက ကြက်ပိုက်၍ ရပ်နေသောပုဖန်ကိုမြင်ပြီး မေးလိုက်လေသည်။မဟာသခင်ရွှမ်မင် ခေါင်းညိတ်လိုက်၏။


"ဟုတ်ပါတယ် အကြီးအကဲဟန်...သူက ပဉ္စလက်စုဝေးပွဲကြီးရဲ့ အကြီးအမားဆုံး ဖျက်မြင်းတစ်ကောင်ပါပဲ..."


"ငါသိတယ် သူက စားဖ်ိုမှူးတစ်ယောက်..."


ထိုငွေရောင်ဝတ်လူက ရယ်ချင်နေပုံပေါ်လေသည်။သူ ပုဖန်ဆီသို့ လျှောက်လာခဲ့သည်။ပုဖန်၏ ခန္ဓာကိုယ်တွင် မိုးမြေတုန်လှုပ်နိုင်သည့် လျှို့ဝှက်ချက်များ ပုန်းအောင်းနေသည် ဟု သူထင်နေသည်။


ဒီလိုမှမဟုတ်လျှင် ရှုရအပျိုစင်ကိုယ်တိုင် မြူကောင်းကင်မြို့သို့လာပြီး သူ့ကို လာဖမ်းစရာအကြောင်းမရှိပေ။


" ဘယ်လိုလျှို့ဝှက်ချက်မျိုးများဖြစ်နိုင်မလဲ ..."


သူ့၏ စိတ်ဝင်စားမှုများက ပို၍ မြင့်တက်လာလေသည်။


....


"ငါတို့ ပြန်ကြစို့ ..."


ပုဖန် အိပ်မောကျနေပြီဖြစ်သော ခွေးဘုရင်ကိုကြည့်လိုက်ပြီး နယ်သာရီဘက်သို့ လှည့်၍ ပြောလိုက်သည်။


ခရမ်းအနှစ်သာရအချို့ကို စားပြီးနောက် နယ်သာရီ၏ အသွင်အပြင်က ပို၍ ကောင်းမွန်လာပေပြီ သူမက မျက်နာသေဖြင့်ပင် ပုဖန်ကို ခေါင်းညိတ်ပြလိုက်သည်။


သူမ ဒီနေရာမှ ထွက်ခွာရန်အတွက် ငရဲကမ္ဘာသင်္ဘောကို စတင်ထ်ိန်းချုပ်လိုက်သည်။သို့သော်လည်း သင်္ဘောထွက်တော့မည့်အချိန်ပင် လက်တစ်ဖက်ပေါ်လာပြီး ဖမ်းကိုင်ထားလိုက်သောကြောင့် နယ်သာရီ၏ လှုပ်ရှားမှုများ တုံ့ဆိုင်းသွားလေသည်။


ပုဖန်နှင့် နယ်သာရီနှစ်ယောက်လုံးလှည့်ကြည့်လိုက်လေရာငွေရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် လူကို တွေ့လိုက်ရသည်။ထိုသူ၏ အမူအရာက အလွန်ပင် တည်ငြိမ်နေသည်။


"ငါသာမမှားဘူးဆိုရင် မင်းက ပဉ္စလက်စုဝေးပွဲကြီးရဲ့ အကြီးအမားဆုံး ဖျက်မြင်းမဟုတ်လား...ဒီလိုပဲ ထွက်သွားတော့မလို့လား..."


ထိုသူက ရယ်မော၍ ပြောဆိုလိုက်သည်။


ပုဖန် မျက်မှောင်ကြုတ်လိုက်မိသည်။

ဒီလူက ဘာဖြစ်ချင်နေတာလဲ...


"ဘာကိစ္စများရှိသေးလို့လဲ ဒီနေရာကနေ ထွက်သွားလို့ မရသေးဘူးဆိုတဲ့ စည်းမျဉ်းများရှိသေးလို့လား..."


ထိုငွေရောင်ဝတ်လူ၏ မျက်နာပေါ်မှ အပြုံးက ပျောက်ကွယ်သွားပြီးနောက် သူ ရင်ပြင်ကျယ်အလယ်ရှိ အရှုပ်အထွေးများကို လက်ညှိုးညွှန်ပြလိုက်သည်။


"ဒီကိစ္စတွေအတွက် မင်းက တာဝန်ရှိတဲ့သူ မဟုတ်ဘူးလား...အဲ့ဒီ ရှေးဟောင်းရှုရမြို့တော်ကလူတွေ မင်းကိုဘာကြောင့် ရှာဖွေနေကြလဲဆိုတာကို မင်းရှင်းပြသင့်တယ်မဟုတ်ဘူးလား ..."


ပုဖန် သက်ပြင်းတစ်ချက်ချလိုက်သည်။တဖြေးဖြေးချင်း ပြန်လည် ပြုပြင်နေပြီဖြစ်သော ရင်ပြင်ကျယ်အလယ်ကိုကြည့်လိုက်ပြီးသူ စကားတစ်ခွန်းဆိုလိုက်သည်။


"ဖြစ်နိုင်တာကတော့ ငါ အရမ်းချောနေလို့နေမှာပေါ့..."


သူ့၏အဖြေက ထိုလူကို ကြောင်အသွားစေပြီး နဖူးပေါ်၌ အနက်ရောင်လိုင်းများပင် ပေါ်ထွက်လာစေသည်။


"ငါ့ရဲ့ ဗဟုသုတတွေအရတော့ ရှေးဟောင်းရှုရမြို့တော် ဒီလောက်ထိ လှုပ်ခတ်သွားတယ်ဆိုရင် သူတို့ ကြာမြင့်တဲ့အချိန်တွေက ပျောက်ဆုံးသွားတဲ့ ရှုရမျှော်စင်ကြောင့်ပဲ ဖြစ်လိမ့်မယ် ...အဲ့ဒီတော့ မင်းက ရှုရမျှော်စင်ကို ပိုင်ဆိုင်ထားတာများလား..."


ထိုလူက ရယ်မော၍ ပြောလိုက်သည်။သို့သော်လည်း အမှန်တကယ် နှစ်လိုဖွယ်ရယ်မောနေခြင်းမဟုတ်ပေ။ထို့နောက် သူ့၏ မျက်ဝန်းများက ပုဖန်၏ လည်ပင်းဆီသို့ ကျရောက်လာပြီး အလင်းရောင်တစ်ချက်လက်သွားလေသည်။


"ဒါက ရှုရမျှော်စင်ပဲ ငါမှန်တယ်မဟုတ်လား ..."


ပုဖန်အံ့အားသင့်သွားသည်။ထိုလူက ထိကိုင်ခြင်းပင်မရှိပဲ အကြည့်တစ်ချက်နှင့်ပင် ပြောနိုင်နေပေသည်။


"ခင်ဗျားမှန်တယ်..."


ပုဖန်ဆီက အတည်ပြုချက်ရသည်နှင့် ထိုငွေရောင်လူသား၏ မျက်ဝန်းထဲ၌ လောဘများတောက်ပြောင်လာလေသည်။


"အရမ်းကောင်းတယ်...ငါကို အဲ့ဒီရှုရမျှော်စင်ပေး ငါဟန်လီက ဆေးနန်းတော်အတွင်းမှာ မင်းရဲ့လုံခြုံမှုကို တာဝန်ယူပေးမယ်...ရှေးဟောင်းရှုရမြို့တော်က ပညာရှင်တွေ လာ ရှာပေးမယ်ဆိုရင်တောင် ငါကာကွယ်ပေးမယ်..."


"ခင်ဗျားက ကျုပ်ကိုကာကွယ်မယ်..."


ပုဖန် ခဏမျှ မှင်သက်သွားမိပြီးနောက် နှုတ်ခမ်းထောင့်စွန်းလေးများ တွန့်ကွေးသွားလေသည်။ပုဖန်က ရှုရမျှော်စင်လေးကို သူ့၏ အင်္ကျီရင်ဘတ်အထဲ ပြန်ထည့်ထားလိုက်ပြီး ထိုငွေရောင်ဝတ်လူကို ကြည့်လိုက်သည်။


"ခင်ဗျားကလား...ခင်ဗျားက ကျုပ်ကိုကာကွယ်မယ်ပေါ့...ခင်ဗျား ဒီခွေးကိုနိုင်နိုင်ရဲ့လား..."