အခန်း ၅၅၈
ပိုင်ရှင်ပုရဲ့သိက္ခာတရားကဘယ်မှာတုန်း...
မီးဖ်ိုခန်းထဲမှ ဝှိုက်တီ ထွက်ပေါ်လာသည်။သေးငယ်သော ဆိုင်ငယ်လေးထဲတွင်ကြီးမားသောပုံရိပ်ကြီးဖြင့် ပြည့်နေလေသည်။ခရမ်းရောင်တောက်ပနေသော သူ့အကြည့်များက ဟန်လီအပေါ်ကို ဖြတ်သန်းသွားလေသည်။အားလုံးက ဝှိုက်တီကို တွေဝေးမောစွာဖြင့် ကြည့်နေကြသည်။
"ပိုင်ရှင်ပုက ဘာလို့ သူ့ကို ရွေးချယ်လိုက်တာလဲ...သူကငတုံးလား..."
ထိုရုပ်သေးရုပ်က သန်မာသည်ဆိုသော်လည်း သူက အဆင့် ၅ ဆင့် ချိုးဖောက်ပြီးသော ဟန်လီကိုတော့ အနိုင်ရနိုင်မည်မဟုတ်ပေ။သူတို့က အဆင့် တူ ပြိုင်ဘက်များပင် မဟုတ်ကြပေ။
"အဝတ်တွေ ချွတ်ပစ်မယ် ဟုတ်လား...ပြိုင်ဘက်ကိုတောင် မရိုက်နိုင်ဘူးဆိုမှတော့ ဘယ်လိုလုပ်ပြီးသူတို့ အဝတ်တွေကို ချွတ်မှာလဲ..."
ဟန်လီက ပုဖန်၏ အကြောင်းများကို အထူးတလည် စုံစမ်းထားသောကြောင့် ဝှိုက်တီ၏ အကြောင်းကိုလည်း ကြားဖူးထားပေသည်။သို့သော်လည်း ထိုရုပ်သေးရုပ်ကို မျက်လုံးထဲပင် မထည့်ပေ။
ဒီစားသောက်ဆိုင်ထဲတွင် ခွေးဘုရင်ကို ဖယ်လိုက်လျှင် သူ့ကို အနည်းငယ် ကြောက်ရွံ့အောင် လုပ်နိုင်သည်မှာ ငရဲကမ္ဘာအမျိုးသမီးသာရှိသည်။
"ပိုင်ရှင်ပု ငါ့ရဲ့ အဝတ်အစားတွေကို ချွတ်ချင်တာကတော့ မလွယ်ကူဘူးထင်တယ်နော်..."
ဟန်လီက မဲ့ပြုံးပြုံး၍ ပြောလိုက်သည်။
ပုဖန် ခံစားချက်မဲ့စွာဖြင့်ပင် ကြည့်လိုက်ပြီး ဝှိုက်တီ၏ ဝမ်းဗိုက်ကို ပုတ်လိုက်သည်။ဝှိုက်တီ၏ မျက်ဝန်းများက တောက်ပသွားပြီး အရှေ့သို့ တစ်လှမ်းချင်းတိုးသွားလေသည်။အဆင့် မြင့်တင်ပြီးနောက် သူ့ဆီမှ ထွက်ပေါ်နေသော အော်ရာများက ကြောက်မက်ဖွယ်ကောင်းလှပြီး ထိတ်လန့်အောင် လုပ်နိုင်စွမ်းရှိနေပေသည်။
"ငါတို့ စကားကောင်းကောင်းပြောရအောင် မတိုက်ခိုက်နဲ့ ...မင်းတို့ နှစ်ယောက် ဒီရုပ်သေးရုပ်ကို တားထားလိုက်ကြ..."
ဟန်လီ သူ့၏ လက်အောက်ငယ်သားများကို ပြောလိုက်သည်။ထိုရုပ်သေးရုပ်က အဆင့် ၃ ဆင့် ချိုးဖောက်ပြီးသည့်သူများကိုပင် မတိုက်ခိုက်နိုင်လေရာ သူ့၏ အစောင့်များက ရင်ဆိုင်ရန် လုံလောက်နေပေပြီ။
သူ့၏ အစောင့်များက တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ပြီး အစစ်အမှန် စွမ်းအားများကို ထုတ်လွင့်လိုက်သည်။
"ဒါက ရုပ်သေးရုပ် တစ်ရုပ်ပဲ မဟုတ်လား...ဘာများကြောက်စရာရှိလို့လဲ..."
နန်ကုန်းဝူချယ် စွပ်ပြုတ်အိုးထဲမှ ကြက်ပေါင်တစ်ချောင်းကို ဆွဲထုတ်လိုက်သည်။ယနေ့မှ နတ်မင်းစွေ့စွေ့ခုန် စွပ်ပြုတ်က ပို၍ပင် အရသာရှိနေသောကြောင့် သူတံတွေးပင် အန်ိုင်နိုင်မျိုချနေရသည်။
သူ စားနေခြင်းကို လုံးဝပင် မရပ်တန့်နိုင်ပေ။
နီရောင် စားဖိုမှူးဝတ်စုံကို ဝတ်ဆင်ထားသော ပုဖန်က အလွန်ပင် တက်ကြွ လန်းဆန်းနေပုံပေါ်လေသည်။အစောင့်နှစ်ယောက်စီ တဖြေးဖြေးတိုးကပ်သွားသော ဝှိုက်တီ၏ ပုံရိပ်ကိုသာ ကြည့်နေလေသည်။
သူ့၏ မျက်ဝန်းများက ခရမ်းရောင်တစ်ချက်လက်သွားသည်။ရုတ်တရက် သူ့၏ နေရာမှ ပျောက်ကွယ်သွားလေသည်။လေထုက ဖိနှိပ်ခံလိုက်ရသလို အသံဖျော့ဖျော့ ထွက်ပေါ်လာသည်။
ထိုခဏမှာပင် အစောင့်များဆီသို့ ပြင်းထန်လှသော စွမ်းအင်လှိုင်းတစ်လှိုင်း လာရောက်ရိုက်ခတ်လေသည်။သူတို့ ရှောင်တိမ်းလိုက်ချင်သည်။သို့သော်လည်း အလွန်ပင်ခက်ခဲလွန်းလှ၏။
အစောင့်နှစ်ယောက် ခဏမျှ ဇဝေဇဝါဖြစ်သွားသည်။သူတို့ ခေါင်းမော့ကြည့်လိုက်စဉ်မှာပင် ကြီးမားသော လက်ကြီးက သူတို့၏ လည်ပင်းကို ဆုပ်ကိုင်လိုက်သည်ကို မြင်လိုက်ရသည်။ရေခဲတမျှ အေးစက်လှသော အငွေ့အသက်က သူတို့ ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံသွားလေသည်။
"ဒါ..."
အစောင့်များ၏ ခန္ဓာကိုယ်က တောင့်တင်းသွားလေသည်။ခရမ်းရောင်မျက်ဝန်းများကို ဆုံတွေ့ပြီးနောက် သူတို့၏ ခန္ဓာကိုယ်က အဆက်မပြတ် စတင်တုန်ခါလာလေသည်။
"ပြဿနာကောင်တွေ မင်းတို့ရဲ့ အဝတ်အစားကို ချွတ်ပြီးတော့ လူမြင်ကွင်းမှာ ပြသရမယ်..."
ဝှိုက်တီ၏ အတက်အကျမရှိသော စက်ရုပ်သံ ထွက်ပေါ်လာသည်။ထိုအသံက နတ်ဆိုးတစ်ကောင်၏ အသံလိုမျိုး ထင်မှတ်ရလေသည်။အစောင့်များက ခုခံလိုကြသည်။သို့သော်လည်း ကြီးမားသော လက်ဖဝါးကြီးကြောင့် သူတို့ အနည်းငယ်မျှပင် လှုပ်ရှားနိုင်မှုမရှိတော့ပေ။ထိတ်လန့်နေသလို အံ့အားတသင့်လည်း ဖြစ်နေကြသည်။
"ဒီရုပ်သေးရုပ်က အဆင့် ၃ မသေမျိုးခန္ဓာ ပညာရှင်တွေကိုတောင် မတိုက်ခိုက်နိုင်ဘူးလို့ ပြောကြတယ်မဟုတ်ဘူးလား...ဘာလို့လဲ ဘာလို့ ဒီရုပ်သေးရုပ်က အုပ်ချုပ်သူဟန်ထက် အားမနည်းဘူးလို့ ထင်ရတာလဲ..."
ဗျိ..."
ဆုတ်ဖြဲလိုက်သောအသံ ရှင်းရှင်းလင်းလင်းထွက်ပေါ်လာသည်။အားလုံး၏ ထိတ်လန့်နေသော အကြည့်များအောက်မှာပင် ဝှိုက်တီက ထိုအစောင့်နှစ်ယောက်ကို အပြင်သို့ လွှတ်ပစ်လိုက်လေသည်။
သူတို့၏ ခန္ဓာကိုယ်ပေါ်မှ ကာကွယ်ရေးဝတ်စုံက အစိတ်စိတ် ပြဲဆုတ်သွားပြီး သူတို့ မြေပေါ်သို့ ကျရောက်သွားချိန်တွင် ဖြုဖွေးသော အသားများကို လူမြင်ကွင်းတွင် ဖော်ပြပြီးသားဖြစ်သွားလေသည်။
နန်ကုန်းဝူချယ်က သူ့ရှေ့မှ မြင်ကွင်းကို မျက်လုံးပြူးများဖြင့် ကြည့်နေပြီး ကြက်ခြေထောက်ကို တစ်ချက်တည်းဖြင့် ကျိုးကြေအောင် ကိုက်လိုက်မိလေသည်။
ရှစ်လေး၏ သေးငယ်သော မျက်လုံးလေးများကလည်း ပြူးထွက်လာပြီး အသံသေးသေးလေးဖြင့် အော်မြည်နေကာ တောင်ပံတစ်ဖက်ကိုခတ်၍ ပတ်ပတ်လည် လျှောက်ပတ်နေမိသည်။
ပရိတ်သတ်များလဲ ထိတ်လန့်တကြားအော်ဟစ်လိုက်မိ၏။
ထိုအစောင့်နှစ်ယောက်က မြေပြင်ပေါ်မှ ကုန်းရုန်းထလာလေသည်။သူတို့၏ ခန္ဓာကိုယ်အောက်ပိုင်းကို ဖုံးကာထား၏ ။သူတို့၏ မျက်နာတွင်လည်း ရှက်ရွံ့မှုနှင့် ဒေါသတရားကြောင့် နီရဲနေလေသည်။
"ဒီရုပ်သေးရုပ်က အဝတ်ချွတ်တဲ့နေရာမှာတော့ ဆရာကြီးပဲ..."
အစောင့်နှစ်ယောက်က ရှက်ရွံ့နေကြသော်လည်း သူတို့ မည်သည့်အရာမှ လုပ်နိုင်စွမ်းလည်းမရှိပေ။သူတို့၏ သိုလှောင်နယ်မြေထဲ၌ အဝတ်အစားများမပါပဲ သက်စောင့်ဆေးများ ရတနာများနှင့် ဆေးဖက်ဝင်အပင်များသာရှိလေသည်။ထိုသို့ဖြစ်လေရာ ...
ဘယ်သူကကော အဝတ်အစားတွေ ထည့်ထားမှာတဲ့လဲ....
ထို့အပြင် သူတို့၏ စွမ်းအင်အဆင့်နှင့် ဘယ်သူမှလည်း သူတို့ကို အဝတ်ချွတ်နိုင်မည်ဟု မထင်ထားခဲ့ပေ။သူတို့၏ ကာကွယ်ရေးဝတ်စုံတွင် အစီအရင်များကို ရေးဆွဲထားသည် ဖြစ်ရာ စိတ်ဝိညာဉ် လက်နက်ဟုပင် ပြော၍ရပေသည်။နောက်ဆုံးတော့ အားလုံးက ဝှိုက်တီ၏ အလွယ်တကူ ချွတ်ယူခြင်းကို ခံလိုက်ရလေသည်။
ရုပ်သေးရုပ်က အလွန်မုန်းစရာကောင်းလှသည်။
ပတ်ဝန်းကျင်ရှိ အကြည့်များက ပူလောင်ပြင်းပြလှသည်။သူတို့၏ မျက်နှာများက ဝက်အသည်းကဲ့သို့ပင် နီရဲနေပေပြီ။သူတို့ ဒီနေရာမှ ထွက်ခွာသွားရန် မစောင့်နိုင်တော့ပေ။
ဟန်လီ ွှင်သက်ကြောင်အနေမိသည်။
ဘာတွေ ဖြစ်သွားတာလဲ ဘာလို့ ဒီရုပ်သေးရုပ်က သူကြားထားတာနဲ့ မတူတာလဲ ...ဘယ်လိုလုပ်ပြီး သူ့အစောင့်နှစ်ယောက်ရဲ့ အဝတ်အစားတွေကို အလွာ်တကူ ချွတ်လိုက်နိုင်တာလဲ ...
"ပိုင်ရှင်ပု ဒါက နည်းနည်းတော့ များသွားပြီ ..."
ဟန်လီ၏ အကြည့်များက အေးစက်သွားလေသည်။သို့သော်လည်း ထိုခဏမှာပင် ဝှိုက်တီ၏ ခရမ်းရောင်မျက်ဝန်းများက သူ့အပေါ်သို့ ကျရောက်လာလေသည်။ဟန်လီ မျက်မှောင်ကြုတ်လိုက်ပြီး သူ့၏ ခေါင်းဆောင်းကို ပြန်လည် ဆောင်းင်းလိုက်သည်။သူ့ဆီမှ အစစ်အမှန် အော်ရာများ စတင်မြင့်တက်လာလေသည်။
သူသည်လည်း မသေမျိုးခန္ဓာ အဆင့် ၅ ပညာရှင် ဖြစ်သောကြောင့် သူအလေးအနက်ထားလိုက်သည့်အခါတွင် ဆိုင်တွင်းရှ်ိသော အားလုံး ဖိအားများခံစားလိုက်ရလေသည်။ဝှိုက်တီ၏ ခရမ်းရောင်မျက်ဝန်းများက မီးခိုးရောင်အဖြစ်သို့ ပြောင်းလဲသွားလေသည်။
"ပြဿနာကောင် အဝတ်အစားတွေကို ချွတ်ပြီး လူမြင်ကွင်းမှာပြသရမယ်..."
ဝှိုက်တီ၏ စက်ရုပ်သံ ထပ်မံထွက်ပေါ်လာပြန်သည်။ဝှ်ိုက်တီက ဟန်လီဆီသို့ အရှိန်ဖြင့် တိုးဝင်လာလေ၏။ဟန်လီ အေးစက်စွာ ပြုံးလိုက်သည်။သူက ဆေးနန်းတော်၏ အုပ်ချုပ်သူ တစ်ယောက်ဖြစ်သည်။ဒီဆိုင်ထဲမှ မသေမျိုးဝိညာဉ်အဆင့် ခွေးဘုရင်မှ မဟုတ်လျှင် တခြားသူများကို သူ မကြောက်ပေ။
"ငါ့အဝတ်တွေကို ချွတ်ချင်တယ်ပေါ့ ...ဒီသခင်ကြီးက မင်းရဲ့ သတ္တုအရေပြားကို ဆွဲခွာမှာကို ကြည့်လိုက်တော့..."
ဟန်လီ အေးစက်စွာပြောလိုက်ပြီး သူ့လက်ကို ဆန့်ထုတ်လ်ိုက်သည်။ကြမ်းပြင်ပေါ်တွင် လှဲအိပ်နေသော ခွေးဘုရင်က ပျင်းရိစွာသန်းဝေလိုက်ပြီး ဟန်လီကို တစ်ချက်ကြည့်လိုက်၏ သူ အေးစက်စွာပင် နှာတစ်ချက်မှုတ်လိုက်လေသည်။ဟန်လီ၏ စိတ်ဝိညာဉ် စွမ်းအင်က မြင့်မားလှသည်။သူ့၌ ကြောက်ရွံ့မှုမရှိပေ။
သူ ဒီရုပ်သေးရုပ်ကို ကောင်းစွာ ရင်ဆိုင်နိုင်ပေသည်။သူ့၏ ခွန်အားနှင့်ဆိုလျှင် အလွယ်တကူ ဖြေရှင်းနိုင်မည်ဟု ယုံကြည်ပေ၏။ကျယ်လောင်စွာ အော်လိုက်ပြီးနောက် အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်သည်။ထို့နောက် သူ့၏ လူသား ခန္ဓာကိုယ်က ရေလွှမ်းမိုး နဂါးပုံသဏ္ဍာန်ဖွဲ့တည်လာလေသည်။
ရုတ်တရက် ဟန်လီ၏ ခန္ဓာကိုယ်က တောင့်တင်းသွားလေသည်။သူ့နားထဲ၌ အေးစက်လှသော နှာမှုတ်သံကို ကြားလိုက်ရသည်။ထိုအသံက မနက်ခင်းခေါင်းလောင်းတီးသံကဲ့သို့ သူ့ခန္ဓာကိုယ်ရှိ အကြောအချဉ်များကို တောင့်တင်းသွားစေ၏။
ဟန်လီ၏ မျက်ဝန်းများက စူးရှ ကျဉ်းမြောင်းသွားလေသည်။သူ့၏ ခန္ဓာကိုယ်တစ်ခုလုံး ရေခဲအလွှာပါးဖုံးအုပ်ထားသလို မလှုပ်ရှားနိုင်တော့ပေ။သူလှည့်ကြည့်လိုက်ရာ ငိုက်မြည်းစွာ သန်းဝေနေသောခွေးဘုရင်ကို မြင်လိုက်ရလေ၏။
"မင်းအဲ့ဒီလိုမျိုး လုပ်လို့မရဘူး...ခွေးဘုရင် မင်းက ငါ့ရဲ့သက်စောင့်ဆေးလုံးတွေ အများကြီးကို စားထားတယ်လေ..."
ဟန်လီ သူမတရားခံရသလို ခံစားလိုက်မိသည်။သို့သော် နောက်ခဏ၌ ပို၍ မှားယွင်းမှုကို ခံစားလိုက်ရလေသည်။ဆုတ်ဖြဲသံ တစ်ခုနှင့်အတူ အေးစက်လှသော သံလက်ဖဝါးက သူ့ခန္ဓာကိုယ်ပေါ် ကျရောက်လာလေသည်။
ထို့နောက် သူ့၏ တောက်ပပြီး လှပလှသော ငွေဖြူရောင် ကာကွယ်ရေးဝတ်စုံအား ဝှိုက်တီ၏ ကြမ်းတမ်းစွာ ဆုတ်ဖြဲခြင်းကို ခံလိုက်ရလေသည်။
ဘန်း...
ထိုဝတ်ရုံက ဟန်လီနှင့်အတူ မြေပြင်ပေါ် ပြုတ်ကျသွားလေသည်။သူ့၏ ဖြူဖွေးလှသောအသားများကို လှစ်ဟပြလိုက်ရလေသည်။သူအလွန်ဒေါသထွက်သွား၏။
ခွေးဘုရင် နှာမှုတ်လိုက်တာကြောင့်သာမဟုတ်လျှင် အဲ့ဒီရုပ်သေးရုပ်က သူ့ကို အလွယ်တကူ ချွတ်နိုင်မှာမဟုတ်ဘူး...
သူ ခွေးဘုရင်ကို ဒေါသတကြီးဖြင့် ကြည့်လိုက်သည်။ထိုခွေးက သိက္ခာတရားလုံးဝမရှိပေ။သူ့၏ ဆေးလုံးများစွာကို စားပြီးခဲ့ပြီးနောက် ထိုကဲ့သို့ လှည့်ကွက်မျိုးလုပ်ရဲသေးပေသည်။
မြေပြင်မှ ပြန်လည်ထရပ်လိုက်သည်။သူ့ခန္ဓာကိုယ်ကလည်း တုန်ရင်နေပေ၏။ ထို့နောက် အဝတ်အပိုင်းတစ်ခုကို ရှာလိုက်ပြီး ရှက်ရှက်နေရာကိုဖုံးကွယ်လိုက်၏။သူ ပုဖန်ကိုနက်ရှိုင်းစွာ တစ်ချက်စူးစိုက်ကြည့်လိုက်ပြီး ထွက်ခွာသွားလေသည်။
စားသုံးသူများက အုပ်ချုပ်သူဟန်၏ တင်ပါးဖွေးဖွေးများ မြင်ကွင်းမှ ပျောက်သွားသည်အထိ ကြည့်ရှုနေကြလေသည်။သူတို့အားလုံး အလွန်ပင် ထိတ်လန့်နေကြ၏။အားလုံး နောက်တစ်ဖန် ဆူညံ ပွက်လောရိုက်လာကြလေသည်။
ဝှိုက်တီ၏ မျက်ဝန်းများက ခရမ်းရောင်အဖြစ် ပြန်လည်ပြောင်းလဲသွားပေပြီ။သူ့၏ ယပ်တောင်ကဲ့သို့ လက်ဖြင့် ခေါင်းကုတ်လိုက်သည်။
"အားလုံးပဲ ပြန်ပြီး တန်းစီကြ..."
ပုဖန်ကဟန်လီ၏ နောက်ကျောကို ထီမထင်ဟန်ဖြင့် ကြည့်နေပြီးနောက် စားသုံးသူများဘက်သို့ လှည့်ပြောလိုက်သည်။
ဟန်လီက သူ့အတွက် အခန်းအပိုင်းလးတစ်ခုသာဖြစ်သည်။ခွေးဘုရင်ကို သက်စောင့်ဆေးများဖြင့် ဖားယားခဲ့သည့်အတွက်မူ သူ့ကို ငတုံးလို့သာခေါ်ချင်ပေသည်။
"ခွေးဘုရင်လို သူမျိုးကို သက်စောင့်ဆေးလုံးတွေနဲ့ ဖားလို့ရပါ့မလား..."
သက်စောင့်ဆေးလုံးဆိုသည်မှာ ခွေးဘုရင်အတွက် သကြားလုံးနှင့် မခြားပေ။သူ့ကို လာဘ်ထိုးချင်လျှင် နံရိုးချိုချဉ်ကြော်ကိုသာ အသုံးပြုရပေမည်။
တိမ်ခိုးစားသောက်ဆိုင်၏ သတင်းက တောမီးပမာ ပြန့်နှံ့သွားပေသည်။ယခုလက်ရှိ၌ စားသောက်ဆိုင်လေးက မြူကောင်းကင်တစ်မြို့လုံး၏ အာရုံစိုက်ရာ ဖြစ်နေပေပြီ။
လူတိုင်းက ကြီးမားသည့် တစ်စုံတစ်ရာ ဖြစ်ပွားလာမည်ကို သေချာစွာစောင့်ကြည့်နေကြလေသည်။အုပ်ချုပ်သူဟန် ကိုယ်တီးလုံးဖြင့် ထွက်ပြေးသွားရသည့် သတင်းကလည်း မြိုအတွင်း ပြန့်နှံ့သွားလေသည်။ဒီတစ်ကြိမ်၌ မြူကောင်းကင်မြို့တွင် အုပ်ချုပ်သူဟန်လီက ဟာသတစ်ခု ဖြစ်လာပေပြီ။
....
ဝင်ထွက်နေသော စားသုံးသူများထဲတွင် ရင်းနီးနေသည့် မျက်နာတစ်ချို့ကိုလည်း ပုဖန် တွေ့လိုက်ရသည်။မဟာသခင်အနည်းငယ်ကလည်း သူ့ဆိုင်သို့ လာရောက်စားသုံးကြပေသည်။
ပြိုင်ပွဲအတွင်း ပုဖန်၏ အစားအသောက်များ ဆွဲဆောင်မှုကို ခံရပြီးနောက် သူတို့ လုံးဝ မရပ်တန့်နိုင်တော့ပေ။အထူးသဖြင့် မဟာသခင် ကုဟယ်ဖြစ်လေသည်။ရက်အနည်းငယ် လာစားပြီးနောက် သူ့၏ မျက်နာပင် ဖောင်းကားလာလေသည်။
ရှောင်ဟယ်နှင့် ရှီးမန်ရွှမ်တို့ နှစ်ယောက်လည်း လာရောက်ခဲ့ကြသည်။သို့သော် ဒီတစ်ကြိမ်၌ သူတို့၏ ခံစားချက်များက ပြောင်းလဲနေပေပြီ။ရှီးမန်ရွှမ်က အဆင်ပြေသေးသော်လည်း ရှောင်ဟယ်ကမူ ပုဖန်သည် အစားကြူးတောင်ကြားမှ လူဖြစ်ရမည်ဟုသတ်မှတ်ထားလေသည်။
ထိုကဲ့သို့ အဆင့်အတန်းမြင့်လှသော ပုဖန်နှင့် သူ အဆက်အသွယ်လုပ်ရပေမည်။ထို့ကြောင့် ရှောင်ဟယ်က ပုဖန်၏ ဆိုင်သို့ နေ့တိုင်း လာရောက်၍ စားသောက်လေသည်။သူ မြူကောင်းကင်မြို့ထဲသို့ လာရသည့် မူလရည်ရွယ်ချက်ကိုပင် မေ့သွားလေပြီ။
ဒိုင်လူကြီးချုပ်လည်း ရောက်လာခဲ့သည်။သူက ပဉ္စလက်စုဝေးပွဲ၏ သတင်းများကိုလည်း သယ်ဆောင်လာခဲ့သည်။သို့သော်လည်း ပုဖန်က ထ်ိုအရာများကို ဂရုမစိုက်ပေ။
"ဖိုင်နယ်ပွဲလား...ငါမသွားဘူး...အဲ့ဒါ ငါ့အတွက် ဘာအဓိပ္ပါယ်မှမရှိဘူး..."
ပုဖန်က ခံစားချက်မဲ့စွာဖြင့်ပင် ငြင်းပယ်လိုက်သည်။အနိုင်ရရှိသူက သလင်းကျောက်ရမှာ မဟုတ်ထဲက ထ်ိုပြိုင်ပွဲကို သူစိတ်မဝင်စားတော့ပေ။
"သက်စောင့်ဆေးလား..."
ခွေးဘုရင်အတွက် သက်စောင့်ဆေးများက သကြားလုံးများဆိုလျှင် ပုဖန်အတွက်လည်း အတူတူပင်ဖြစ်သည်။သူ့၏ စီးပွားရေးကို လျစ်လျူရှူပြီး ပြိုင်ပွဲသွားပြိုင်ပြီးနောက် သကြားလုံးများကိုသာ ဆုအဖြစ်ရခဲ့လျှင် သူအလွန်နာကျင်ရပေမည်။ပုဖန်စကားကြောင့် ဒိုင်လူကြီးမင်း ကြောင်အသွားသည်။
"ဘာလို့ သူ အလွယ်တကူ အရှုံးပေးချင်နေရတာလဲ...သူ ဖိုင်နယ်တောင်ရောက်လာပြီးမှလေ ဘာလို့ အဲ့ဒီလိုမျိုး လုပ်ရတာလဲ..."
သူ့ဆုံးဖြတ်ချက်က မပြောင်းလဲပေ။သူက တကယ့်ကို လက်လျှော့အရှုံးပေးချင်နေပေပြီ။ဒိုင်လူကြီးမင်း တကယ်ကို မသက်မသာ ခံစားမိလေသည်။ပဉ္စလက်ပွဲကြီး၏ ဖျက်မြင်းတစ်ကောင်အနေဖြင့် ပုဖန် ပြိုင်ပွဲအဆုံးထိ ဝင်ပြိုင်ရန် မျှော်လင့်ထားပေသည်။
ပုဖန် ပြိုင်ပွဲအတွင်းတွင် အနိုင်ရရန်ကိုပါ သူမျှော်လင့်နေပေသေးသည်။ပါရမီရှင် မုပိုင်နှင့် ယှဉ်ပြိုင်လျှင် သူအနိုင်ရရန် အခွင့်အရေးနည်းသည်ဆိုသော်လည်း လူတိုင်း အိပ်မက်မက်ခွင့်ရှိပေသည်။
"ပိုင်ရှင်ပု မင်းသက်စောင့်ဆေးကို မကြိုက်ဘူးဆိုရင်လည်း အဲ့ဒီဆုကို သလင်းကျောက်နဲ့ လဲလို့ရတယ်လေ ဒိုင်လူကြီးတွေက သေချာပေါက် မင်းဆန္ဒအတိုင်း လိုက်လုပ်ပေးမှာပဲ..."
ဒိုင်လူကြီးက အလေးအနက်ဖြင့် ထပ်မံ ပြောကြားလိုက်သည်။ထိုစကားကြောင့် ပုဖန်၏ မျက်ဝန်းများ တောက်ပသွားပြီး ဒိုင်လူကြီးဘက်သို့ အလျှင်စလို လှည့်ကြည့်လိုက်သည်။
"ခင်ဗျားကလည်း ဆုကို သလင်းကျောက်နဲ့ လဲလို့ရတယ်လို့ ဘာလို့ စောစောက မပြောတာလဲ...ကျွန်တော် ပြိုင်ပွဲဝင်ပြိုင်မယ်..."
ဒိုင်လူကြီးမင်းလည်း ပုဖန်ကို ပြောစရာစကားမဲ့စွာသာ ကြည့်လိုက်မိတော့သည်။
"မင်းရဲ့ အကျင့်သိက္ခာတရားတွေက ဘယ်မှာတုန်း....မင်းကဒီလ်ိုလူမျိူးဆိုတာ ဘယ်သူက သိမှာတုန်း..."