အခန်း ၅၆၄
ဖျက်မြင်းက ဖျက်မြင်းဆက်မဖြစ်နိုင်တော့ဘူး... ပုဖန် ရှုံးပြီလား...
"နတ်မင်းစွေ့စွေ့ခုန် စွပ်ပြုတ်နဲ့ အစပ်ချောင်း...သောက်ကျိုးနဲ အဲ့ဒါဘာကြီးလဲ..."
မုပိုင်နှင့် နတ်ဆိုးဖြူ ကျန်းလင်တို့နှစ်ယောက်လုံး ခဏမျှ အေးခဲသွားပြီးနောက် သူတို့၏ အကြည့်များက ရွှေရောင်စင်မြင့်ထက်ဆီမှ ကြွေပန်းကန်ဆီသို့ ရောက်သွားလေသည်။တငွေ့ငွေ့ထွက်နေသည့် အပူငွေ့လေးများနှင့် ရနံ့များက သရေကျအောင် ဆွဲဆောင်နေပေသည်။
အနီရောင် သန်းနေသည့် အခိုးအငွေ့များနှင့် ချိုစပ်မွှေးရနံ့က အားလုံး၏ အာရုံကို ဆွဲဆောင်ထားပေသည်။
"ဒီတစ်ကြိမ် ပိုင်ရှင်ပုက ဟင်းပွဲအသစ်ချက်လိုက်တာလား ...ဘာလို့ အရမ်းထူးဆန်းနေရတာလဲ..."
ဒိုင်လူကြီးချုပ်က အနီးဆုံးတွင်ရှိနေသည့်သူဖြစ်သည်။ထိုထူးဆန်းသည့် အငွေ့အသက်လှိုင်းများက သူ့၏ နှာခေါင်းကို ကျူးကျော်ဝင်ရောက်လာလေသည်။
ထိုအနံ့ကပင် သူ့၏ အကြောအချဉ်များကို ပွင့်ထွက်သွားစေသောကြောင့် သူ ကူကယ်ရာမဲ့စွာဖြင့် မျက်မှောင်ကြုတ်လိုက်မိသည်။ထို ဂျုံချောင်းနှင့်တူသည့်အရာက သာမန်မဟုတ်ဟု ခံစားမိလေသည်။
ဝမ်...
နတ်ဆိုးဖြူ ကျန်းလင်က အနည်းငယ်ပြုံးလိုက်သည်။သူမ၏ ဆေးလုံးက ပြီးမြောက်သွားပြီဖြစ်သောကြောင့် ထိုစားဖိုမှူးကို နင်းချေရန် ယုံကြည်မှုအပြည့်ရှိနေပေသည်။
သူမ၏ အဆင့်မြင့် ပါဝင်ပစ္စည်းများဖြစ်စေ ဆေးလုံးသန့်စင်သည့် နည်းစနစ်ဖြစ်စေ အလွန်ပင် ပြီးပြည့်စုံနေသောကြောင့် မည်သူကိုမဆို နင်းချေနိုင်ပြီး ပဉ္စလက်စုဝေးပွဲကြီး၏ ချန်ပီယံဖြစ်လာပေလိမ့်မည်။
သူမက ပါမီရှင်များဖြင့်သာ ဝိုင်းရံနေသည့် ဆေးနန်းတော်ထဲသို့ ဝင်ရောက်ရပေလိမ့်မည်။ဒါမှသာ သူမ၏ တကယ်ပန်းတိုင်ဖြစ်သည်။ဒီတစ်ကြိမ်တွင်တော့ ဆေးဘုရင် မုပိုင်ဖြစ်ဖြစ် ဖျက်မြင်းစားဖိုမှူးဖြစ်ဖြစ် အားလုံးက အမှိုက်များသာ ဖြစ်ပေလိမ့််မည်။
သူမ အသက်ပြင်းပြင်းတစ်ချက်ရှိုက်သွင်းလိုက်ပြီးနောက် နှာခေါင်းမှနေ၍ စိတ်ဝိညာဉ် စွမ်းအင်တစ်ချို့ကို မှုတ်ထုတ်လိုက်သည်။သူမ၏ မျက်ဝန်းများက ကြယ်များကဲ့သို့ တောက်ကလင်းလက်နေပေသည်။
"ငါ့ရဲ့ အနာဂတ်ကို ဒီဆေးမီးဖိုထဲက သက်စောင့်ဆေးနဲ့ ဆုံးဖြတ်လိုက်မယ်...ကြယ်ဆေးအဆောက်အဦးရေ ငါလာပြီ..."
ထို့နောက် နတ်ဆိုးဖြူကျန်းလင်က သူမ၏ ဆေးမီးဖို ကို လက်ဝါးဖြင့် ရိုက်ချလိုက်သည်။ကျယ်လောင်သော အသံနှင့်အတူ မီးဖို၏ အဖုံးက ကောင်းကင်ယံသို့ ပျံတက်သွားလေသည်။
ဆေးမီးဖိုထဲမှ အစိမ်းပုပ်ရောင် ဖျော့ဖျော့သန်းနေသော ဆေးလုံးလေး ထွက်ပေါ်လာလေသည်။နှစ်ပေါင်းများစွာ အိပ်ပျော်နေသော သားရဲကြီးတစ်ကောင် နိုးထလာသကဲ့သို့ ပျော်မြူးနေပုံပေါ်သည်။
နတ်ဆိုးဖြူကျန်းလင်က ကျယ်လောင်စွာ ရယ်မောလိုက်ပြီး သူမ၏ လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် စွမ်းအင်လှိုင်းများက သူမလက်ဖဝါးမှ ထွက်ပေါ်လာလေသည်။ထိုသက်စောင့်ဆေးများ သူမ၏ ဘေးပတ်ပတ်လည် ဝေ့ဝဲနေပုံက တကယ့်ကို ကြည့်၍ ကောင်းလှသည်။
ထိုမြင်ကွင်းက အလွန်လှပလှသောကြောင့် တကယ်အစစ်အမှန် မဟုတ်ပဲ အိမ်မက်တစ်ခုခုပင်ထင်စေလေသည်။သာမန်ဆန်သည့် အသွင်မျိုးသာရှိသော နတ်ဆိုးဖြူ ကျန်းလင်က ထိုဆေးလုံးမှ ထုတ်လွင့်လာသော အလင်းရောင်များအောက်တွင် နတ်သမီးတစ်ပါးကဲ့သို့ ထင်မှတ်မှားစေသည်။
အားလုံးက မခုခံနိုင်တော့ပဲ ထိုမြင်ကွင်း၌ ယစ်မူးကျဆုံးနေကြလေသည်။ပုဖန် ထိုမြင်ကွင်းကိုကြည့်၍ အနည်းငယ်မျက်မှောင်ကြုတ်လိုက်သည်။ဆေးရနံ့များက သိပ်သည်းလှပြီး တကယ့်ကို ပြင်းထန်လှပေသည်။ထို့အပြင် ဓားများကဲ့သို့လည်း စူးရှလှ၏။
၎င်းက သူ့ ဟင်းပွဲမှ ရနံ့ကိုပင် ကြမ်တမ်းရက်စက်စွာ ဆုတ်ဖြဲပစ်လိုက်လေသည်။ကျန်းလင်၏ မျက်ဝန်းများက သိပ်သည်းလှသော စိတ်ဝိညာဉ်စွမ်းအင်များဖြင့် တောက်ပနေလေသည်။သူမက ဟိုးအမြင့်ဆုံးမှနေ၍ ပုဖန်ကို ငုံ့ကြည့်နေရသကဲ့သို့ ယုံကြည်မှု အပြည့်ရှိနေလေသည်။သူမ၏ မျက်ဝန်းထဲ၌ မောက်မာထောင်လွှားမှုနှင့် အထင်အမြင်သေးမှုများ ပြည့်နှက်နေသည်။
၎င်းက သူမ အောင်မြင်မှုကို ဆုပ်ကိုင်ပြီးသည်နှင့်ပင် တူနေလေသည်။အားလုံး ပုံမှန်အခြေအနေသို့ ပြန်ရောက်လာကြပြီး လေအေးတစ်ချက် ရှိုက်လိုက်ကြသည်။သူတို့ မည်သည့်စကားဆိုရမှန်းမသိတော့ပေ။
ထိုအခိုက်အတန့်၌ လူများက ပုဖန်အပေါ် ယုံကြည်မှုများ ပျောက်ဆုံးလုနီးပါးဖြစ်သွားလေပြီ။ထိုအမျိုးသမီးက ကျန်းလင်က အလွန်သန်မာသလို ကြောက်စရာကောင်းသည့် နတ်ဆိုးလည်းဖြစ်သည်။
ဘေးနားတွင် တောက်ပသော အလင်းရောင်များ ထုတ်လွင့်လျက် လှည့်လည်နေသည့် ဆေးလုံးတစ်ခုချင်းစီက အဘိုးအနဂ္ဂထိုက်တန်လှသည့်အဆင့်၆ ဆေးလုံးများဖြစ်သည်။
"ဒါကို ပိုင်ရှင်ပုက ဘယ်လိုလုပ် ပြိုင်နိုင်တော့မှာလဲ...
ထိုနှစ်ခုကို ယှဉ်ပြိုင်လိုက်ပါက ရေတစ်ခွက်နှင့် ဖျော်ရည်တစ်ခွက်ကို ယှဉ်ပြိုင်သကဲ့သို့ ကွာခြားနေပေလိမ့်မည်။ယခုပင် ဆေးလုံး၏ ရနံ့က ပုဖန်၏ဟင်းပွဲရနံ့ကို ဆုတ်ဖြဲပြီး ထိပ်ဆုံး၌ ရပ်တည်နေပေပြီ။
နတ်ဆိုးဖြူ ကျန်းလင်က သူမ၏ လက်ဖဝါးကို မြှောက်လိုက်ပြီး သွယ်လျသော လက်ချောင်းလေးများဖြင့် ဆေးလုံးတစ်လုံးကို ဖမ်းယူလိုက်သည်။ထို့နောက် အေးစက်ပြီး မောက်မာလှသော အကြည့်များဖြင့် ကြည့်လိုက်၏။
"အသန်မာဆုံး ဖျက်မြင်းတဲ့လား အဂ္ဂိရတ်ပညာရှင်တွေက်ိုတောင် ပြိုင်နိုင်လို့လား...ဆိုတော့ ဒါက မင်းတက်နိုင်တာ အကုန်ပဲလား..."
"ရိုင်းလိုက်တာ..."
စင်အောက်၌ ရှိနေသော နန်ကုန်းဝူချယ်ဒေါသများပေါက်ကွဲသွားလေသည်။ထိုအမျိုးသမီးက အလွန် မောက်မာရိုင်းစိုင်းလှ၏။
"ဒါက အဆင့် ၆ ဆေးလုံးလေးပဲ မဟုတ်ဘူးလား..."
ပိုင်ရှင်ပုကို သူယုံကြည်ပေသည်။သူက ထိုအမျိုးသမီးကို အဆုံးသတ်ပေးပေလိမ့်မည်။
"ဘော်ဒါပု မင်းအကောင်းဆုံး ကြိုးစားလိုက် အဲ့ဒီမိန်းမရဲ့ ထောင်လွှားနေတဲ့ မျက်နာကို မင်းရဲ့ ဟင်းပွဲနဲ့ အညှာအတာမဲ့ ရိုက်ချလိုက်..."
သူ့၏ ဒေါသများကို မထိန်းချုပ်နိုင်တော့ပဲ စင်အောက်မှနေ၍ ကျယ်လောင်စွာအော်လိုက်လေသည်။အားလုံး ကြောင်အ မှင်သက်သွားမိလေသည်။
"ဒီလူက တကယ်ကြီး အဲ့ဒီလိုအော်ရဲတယ်..."
အားလုံး ပိုင်ရှင်ပု၏ ယခုလက်ရှိအခြေအေနကို မြင်နိုင်ပေသည်။သူ လုံးဝ ရှုံးနိုင်သွားပေပြီ ဖျက်မြင်းစားဖိုမှူးက နောက်ဆုံးအချိန်ထိ ဖျက်မြင်းတစ်ကောင်အဖြစ် ဆက်လက်ရှိနေဖို့ ခက်ခဲနေပေပြီ။
နန်ကုန်းဝမ် ပြောစရာစကားမဲ့စွာဖြင့်သူမ၏ နဖူးကို တိတ်တဆိတ် ပွတ်သပ်လိုက်မိသည်။အားလုံးက သူတို့ကိုကြည့်နေကြပေသည်။ ထိုနန်ကုန်းဝူချယ်က ဖြစ်လာသည့် အကျိုးဆက်များကို မတွေးပဲ အော်ဟစ်နေပေသည်။
တကယ်တမ်းတွင်လည်း အကုန်လုံး၏ အာရုံစိုက်ခြင်းကိုခံလိုက်ရသောကြောင့် နန်ကုန်းဝူချယ်လည်း အနည်းငယ် ကသိကအောင့် ပြုံးလိုက်ပြီး လူများဘက်သို့ လက်ဝှေ့ယမ်းပြလိုက်သည်။နတ်ဆိုးဖြူ ကျန်းလင်က ခပ်ဖျော့ဖျော့သာ ပြုံးလိုက်သည်။သူမက ထိုစားဖိုမှူးကို နောက်ထပ် ထည့်စဉ်းစားစရာမလိုတော့ပေ။
ယခု သူမက သူ့၏ လုပ်ငန်းစဉ်ကို မပြီးပြတ်သေးသည့် မုပိုင်ကိုသာ ကြည့်ရပေမည်။ထိုကောင်စုတ်လေးကလည်း သုံးနှစ်အတွင်းတွင် တကယ့်ကို အင်အားကြီးထွားလာခဲ့ပြီး သူမကိုပင် အနည်းငယ် ဖိအားပေးနိုင်ခဲ့ပေသည်။
တကယ်တမ်းပြောရမည်ဆိုလျှင် ဆေးသခင်၏ ကြယ်ကိုးပွင့်ဆေးမီးဖိုကလည်း ထိုကောင်စုတ်လေးကို အထောက်အကူ ပေးပေသည်။ထို့ကြောင့် သူမ ဖိအားအနည်းငယ် ခံစားနေရသည်။
မုပိုင်က ပိုင်ရှင်ပု ထိုကဲ့သို့ ရှုံးနိမ့်သွားလိမ့််မည်ဟု လုံးဝ မထင်ထားခဲ့ပေ။သူ အခြေအနေက အချိန်တိုအတွင်းမှာပင် ပြောင်းပြန်လှန်လိုက်သလို ဖြစ်သွားလေသည်။
"ဖျက်မြင်းစားဖိုမှုးက အဆုံးထ်ိ သူ့ဂုဏ်ပုဒ်ကို မဆုပ်ကိုင်နိုင်တော့ဘူးလား..."
တကယ်တမ်းတွင် ထိုအမျိုးသမီးကို သူကိုယ်တိုင် ရိုက်ချပစ်ရပေမည်။မုပိုင်၏ စိတ်ထဲ၌ ရုတ်တရက် ခွန်အားများ ပြည့်နှက်လာသည်။အစစ်အမှန် စွမ်းအင်များက သူ့၏ လက်ဖဝါးတွင် နဂါးတစ်ကောင်ကဲ့သို့ ရစ်ခွေနေလေသည်။ထိုနောက် သူဆေးမီးဖိုကို အားအပြည့်ဖြင့် ရိုက်ချလိုက်သည်။
အသံကျယ်ကျယ်တစ်ချက်နှင့်အတူ ဆေးမီးဖိုအဖုံးက လွင့်ထွက်သွားသည် ။ထို့နောက် ဆေးမီးဖိုထဲမှ တရှဲရှဲမြည်သံများ အဆက်မပြတ်ထွက်ပေါ်လာလေသည်။မုပိုင်က တောက်ပသော မျက်ဝန်းများဖြင့် ဆေးမီးဖိုကို မမှိတ်မသုန် ကြည့်နေသည်။သူ့၏ ဆေးမီးဖိုကို သူ ယုံကြည်မှုရှိပေသည်။
ဆေးမီးဖိုက ဆေးသခင်သူ့ကို ပေးထားခြင်းဖြစ်သည်။၎င်းက ဆေးသခင်က သူအပေါ်တွင် မျှော်လင့်ချက်များ ထားထားခြင်းပင်ဖြစ်ပေ မည်။
"ဘယ်လိုလုပ်ပြီး ဆေးသခင်ကို ကျဆုံးစေလို့ ဖြစ်မှာလဲ..."
အဖြူရောင်အလင်းလုံးတစ်ခု ပေါက်ကွဲသွားပြီးနောက် အလင်းတန်းများ ထွက်လာကာကောင်းကင်ပေါ်သို့ ထိုးတက်သွားလေသည်။
အဆက်မပြတ်ပေါက်ကွဲသည့် အသံလှိုင်းက ကောင်းကင်တစ်ခုလုံး ပြည့်နှက်သွားလေ၏။ပရ်ိတ်သတ်များက မယုံကြည်နိုင်စွာဖြင့် ငေးမောကြည့်နေကြသည်။သူတို့ အာကာသထဲ ရောက်နေသလိုပင် ထင်မှတ်မှားမိ၏။
ထိုအလင်းတန်းများက သေးငယ်လှသော ကြယ်လေးများ မှ်ိတ်တုတ် မှ်ိတ်တုတ် လင်းလက်နေသကဲ့သို့ သူတို့၏ ပတ်ပတ်လည်တွင် တဖြေးဖြင်းချင်း လှည့်ပတ်နေသည်မှာ လှပလှသည်။
မုပိုင်သက်ပြင်းအသားချလိုက်သည်။သူ့၏ ဘေးပတ်ပတ်လည်၌ ကြယ်များကဲ့သို့ တောက်ပလင်းလက်လှသော သက်စောင့်ဆေးလုံးများ လှည့်လည်နေလေသည်။
၎င်းတို့ကို ကြည့်ရသည်မှာ ရိုးရှင်းပြီးသာမန်ဆန်လှသော်လည်း တစ်ခုချင်းစီက အမှတ် ၆ စ်ိတ်ဝိညာဉ် ဆေးလုံး၏ အငွေ့အသက်များကို ပေးစွမ်းနေလေသည်။
စင်ပေါ်ရှ်ိ လေဟာနယ်ထဲတွင် မုပိုင်ဆီမှ ဆေးစွမ်းအင်များနှင့် နတ်ဆိုးဖြူ ကျန်းလင်ဆီမှ ဆေးစွမ်းအင်များက နေရာခွဲဝေယူထားကြသည်။မှန်ပေသည်။ပုဖန်၏ ဟင်းပွဲရနံ့ထဲ နေရာနည်းနည်းယူထားပေသည်။သို့သော်လည်း အားလုံး၏ မျက်ဝန်းထဲတွင် ပုဖန်က သနားစရာကောင်းအောင် ရှုံးနိမ့်သွားပေပြီ။
ကျယ်လောင်စွာအော်ဟစ်သံများ ထွက်ပေါ်လာလေသည်။ပွဲကြည့်စင်နေရာမှ ပရိတ်သတ်များက ထရပ်လိုက်ကြပြီး သူတို့ အားပေးထောက်ခံသော မုပိုင်ကို အော်ဟစ်အားပေးနေကြလေသည်။
ပရိတ်သတ်များက ကျန်းလင်အတွက်ကိုမူ အပြုအမူကောင်းများမရှိပေ။အဘယ့်ကြောင့်ဆိုသော် သူတို့က ထိုအမျိုးသမီး အနိုင်ရလိုက်မည်ဟုပင် မမျှော်လင့်ထားကြပေ။
ဖျက်မြင်းစားဖိုမှူးက ပြန်လည်တိုက်ခိုက်ရန် အခွင့်အရေးဆုံးရှုံးသွားပြီးသည့်နောက် တွင် သူ့၏။ အားပေးထောက်ခံသူများကိုပါ ဆုံးရှုံးလိုက်ရပေပြီ။သူတို့အားလုံးက မုပိုင်ဘက်သို့ ကူးပြောင်းလိုက်ကြပြီး သူချန်ပီယံဆုရလာရန် အားပေးနေကြလေသည်။
အမျိုးသမီး ပရိတ်သတ်များက သူတို့၏ နေရာမှ မတ်တက်ရပ်၍ မျောက်တစ်ကောင်အလား ခုန်ပေါက်နေကာ အသားကုန်အော်ဟစ်နေကြသည်။သူတို့၏ မျက်နာများကပင် ရဲရဲနီနေလေပြီ။
နန်ကုန်းဝူချယ်နှင့် ကျန်သည့်လူတစ်ချို့က သူတို့၏ ပတ်ပတ်လည်ကို ကြည့်လိုက်ကြသည်။ထိုသူများထဲ၌ ပုဖန်၏ နာမည်ကို အော်ဟစ်အားပေးနေသူမရှိပေ။
"သူတကယ်ပဲ ရှုံးနိမ့်သွားပြီလား..."
နန်ကုန်းဝမ် စိတ်မသက်မသာခံစားလိုက်ရပြီး သူမ၏ နှုတ်ခမ်းကို အသာဖိကိုက်ထားမိသည်။မှော်ကဝေအန်းရှန့်က လက်ပိုက်ထားပြီး စင်မြင့်ထက်ဆီသို့ မမှိတ်မသုန်ကြည့်နေလေသည်။ထို့နောက် သူမအောက်က ခပ်ဖျော့ဖျော့တစ်ချက်ပြုံးလိုက်ပြီး နန်ကုန်းဝမ်းကို လှည့်ပြောလိုက်သည်။
"သူက ရှုံးသွားတဲ့လူ ဖြစ်လိမ့်မယ် ကြည့်လိုက်လေ ပရိတ်သတ်တွေက သူ့နာမည်ကို မအော်တော့ဘူး...ဒါက အမှန်တရားပဲ ဝမ်းနည်းနေဖို့ မလိုပါဘူး...ဘယ်လိုပဲဖြစ်ဖြစ် ပိုင်ရှင်ပုရဲ့ ဟင်းပွဲတွေ အရသာကောင်းနေသရွေ့က အဆင်ပြေတာပဲ..."
ယန်မိန်ကျီက သူမ၏ နေရာမှာပင် ငြိမ်သက်စွာရပ်နေကြီး လက်သီးကျစ်ကျစ်ပါအောင်ဆုပ်၍ ပုဖန်ကိုကြည့်နေသည်။
သူမ၏ စိတ်ထဲတွင် မသက်မသာခံစားနေရသည်။ပုဖန်၏ ပုံရိပ်ကို ကြည့်ရသည်မှာ အလွန်အထီးကျန်ဆန်နေလေသည်။ကမ္ဘာကြီးက သူ့ကို ပစ်ပယ်ထားသလိုမျိုး ခံစားရစေ၏။
"မဟုတ်ဘူး ...ပိုင်ရှင်ပုရဲ့ လက်ထဲမှာ ကျိန်းသေပေါက် ဝှက်ဖဲတွေ ရှိဦးမှာပဲ နင်တို့တွေကြည့်နေလိုက် ပိုင်ရှင်ပုက ကျိန်းသေ ပြန်တိုက်ခိုက်လိုက်မယ် ..."
နန်ကုန်းဝူချယ်က ခေါင်းမော့၍ ပြောလိုက်သည်။အားလုံး စိတ်မကောင်းကြီးစွာဖြစ်နေကြချိန်တွင် နယ်သာရီ၏ အကြည့်များက စင်မြင့်ပေါ်ရှိ အိုးအကြီးကြီးဆီသို့ ကျရောက်နေလေသည်။
"နတ်မင်းစွေ့စွေ့ခုန် စွပ်ပြုတ် ပွဲကြီး တကယ်ကို အရသာကောင်းမှာပဲ..."
ထိုအကြောင်းတွေးလိုက်မိသည်နှင့် သူမ သရေတများများ ကျလာမိသည်။အထူးသဖြင့် နီရဲနေသည့် အစပ်ချောင်းကို ကြည့်လိုက်မိသည့်အချိန်မှဖြစ်သည်။ထိုမွှေးရနံ့က သူမ၏ ခံတွင်းကို စိုစွတ်စေသည်။တကယ့်ကို ခုခံဖို့ ခက်ခဲလွန်းလှ၏
"ကောင်းပြီ ဒီအမ်ျိုးသမီးရဲ့ မျက်လုံးထဲမှာတော့ အစားပသောက်ပဲရှိတယ်..."
သူတို့ မည်သို့ပင်မြင်နေကြပါစေ ပရိတ်သတ်များ၏ မျက်ဝန်းထဲတွင်တော့ ပုဖန်က ဘေးရောက်နေပေပြီ။မည်သည့်နည်းနှင့်မှ သူချန်ပီယံဆုကိုရစရာအကြောင်းမရှိတော့ပေ။
ယခု၌ စင်မြင့်က အဂ္ဂိရတ်ပညာရှင်များအတွက် ဖြစ်သွားလေပြီ။မုပိုင်ဖြစ်စေ ကျန်းလင်ဖြစ်စေ သူတို့က စွမ်းအင် ပါရမီကြီးရင့်ကြသည့် အဂ္ဂိရတ်ပညာရှင်များပင်ဖြစ်ကြသည်။
မြင့်မားသည့် စင်မြင့်ပေါ်၌ မဟာသခင်များက တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြပြီး ခေါင်းညိတ်လိုက်ကြသည်။ထို့နောက် သူတို့ ထရပ်လိုက်ပြီး ပြိုင်ပွဲစင်မြင့်ရှိရာဆီသို့ လျှောက်လာလေသည်။
စင်မြင့်ပေါ်ရောက်သည်နှင့် စ်ိတ်ထဲ၌ တုန်လှုပ်သွားလေသည်။သူတို့တစ်ယောက်ကို တစ်ယောက် ထပ်မံကြည့်လိုက်ပြီး ခေါင်းထပ်ညိတ်လိုက်မိကြသည်။ တကယ့်ကို ကွဲပြားခြားနားနေ၏။
ထိုပွဲကို မဟာသခင်ငါးယောက်သာ အဆုံးအဖြတ်ပေးမည်မဟုတ်ပဲ ပရိတ်သတ်ငါးရာ၏ အကဲဖြတ်မှုများလည်း ပါဝင်နေမည်ဖြစ်သည်။ဒီတစ်ကြိမ် ပြိုင်ပွဲစင်မြင့်က တကယ့်ကို ကြီးမားလှပေသည်။မဟာသခင် ငါးယောက်က သူတို့၏ နေရာဆီသို့ လျှောက်သွားလိုက်ပြီး အသီးသီးနေရာယူလိုက်ကြသည်။
မဟာသခင် ငါးယောက်က မုပိုင်နှင့် ကျန်းလင်တို့၏။ ဆေးလုံးများကို သေချာ ဂရုတစိုက် စစ်ဆေးကြလေသည်။သူတို့က အထူးအစီအစဉ်တစ်ခုကို အသုံးပြုလိုက်ပြီး ဆေးလုံးများကို ခွဲခြမ်းလိုက်သည်။
ထိုဆေးအပိုင်းလေးများကို လူငါးရာကို ခွဲပေးလိုက်သည်။သူတို့က အထူးနည်းလမ်းတစ်ခုကို အသုံးပြုထားသောကြောင့် ဆေးလုံးကို ခွဲခြမ်းလိုက်သော်လည်း သူ့၏ အာနိသင်နှင့် အက်ျိုးသက်ရောက်မှုက လျော့နည်းသွားခြင်း ပျက်ပြားသွားခြင်းမရှိပေ။
သူတို့ ပုဖန်၏။ ဟင်းပွဲဆီသို့ ရောက်လာသောအခါတွင် ဒိုင်လူကြီးများ ခေါင်းကိုက်မှုကို ခံစားလိုက်ရသည်။အဘယ့်ကြောင့်ဆိုသော် ပုဖန်က ဟင်းပွဲတစ်ရာသာ ချက်ထားလေသည်။
"ဒီတော့ တစ်ပွဲကို လူငါးယောက်မျှစားကြပေါ့..."
ပုဖန်က အေးဆေးစွာပင်ပြောလိုက်သည်။သူ့လက်မှ ရေများကို သုတ်လိုက်ပြီး စားဖိုမှူးဝတ်ရုံမှ အင်္ကျီအိပ်ကပ်ထဲ လက်ထည့်ထားလိုက်သည်။ဒိုင်လူကြီးမင်းများက ဟင်းပွဲများကို လူတစ်ရာဆီသို့ လက်ဆင့်ကမ်းပေးလိုက်ကြပြီးနောက်ထပ် လေးယောက်နှင့် မျှစားရန် ပြောလိုက်ကြသည်။
ပစ္စည်းအားလုံးကို အညီအမျှ ခွဲဝေစီစဉ်ပြီးနောက် မဟာသခင်ရွှမ်မင်က ပြိုင်ပွဲစင်မြင့်တစ်ခုလုံးကို ဝေ့ဝဲ အကဲခတ်လိုက်သည်။ ထို့နောက် သူအေးစက်စွာပင် ပြောလိုက်သည်။
"နောက်ဆုံး အကဲဖြတ်မှု စတင်ပြီ...ပထမဦးဆုံး အကဲဖြတ်မှာက မုပိုင်ရဲ့ ထုတ်ကုန်ပဲ...မင်းရဲ့ အမှတ် ၆ စိတ်ဝိညာဉ် ဆေးလုံးကို စတင် အကဲဖြတ်ကြမယ်..."