အပိုင်း ၅၆၅
Viewers 53k

အခန်း ၅၆၅

စားဖိုမှူးတွေကို အထင်သေးတာလား... အဲ့ယုံကြည်မှုတွေ ဘယ်သူပေးလိုက်တာလဲ...


မဟာခင် ရွှမ်မင်၏ စကားဆုံးသည်နှင့် စင်ပေါ်ရှိ ပရိတ်သတ်များထံမှ ပျော်ရွှင်စွာ အော်ဟစ်သံများ ထွက်ပေါ်လာသည်။သူတို့က အရွေးချယ်မခံရသော ပရိတ်သတ်များဘက်သို့ ကျေနပ်မှုအပြည့်ဖြင့် လှမ်းကြည့်လိုက်ကြသည်။


အဆင့်မြင့် သက်စောင့်ဆေးများကို မြည်းစမ်းကြည့်ရသည်မှာ အခွင့်ထူး တစ်ရပ်ပင်ဖြစ်သည်။ထိုအရာက အဖိုးအနဂ္ဂ ထိုက်တန်ပေသည်။တခြားနေ့များဆိုလျှင် သူတို့ မည်ကဲ့သို့ မြည်းစမ်းနိုင်ပါမည်နည်း။


သူတို့၏ မျက်နာပေါ် အပြုံးပန်းများ ပွင့်လန်းနေကြသည်။အမှတ် ၆ စိတ်ဝိညာဉ်ဆေး၏ အကျိုးရလဒ်များကို စကားဖြင့်ပင် ဖော်မပြနိုင်တော့ပေ။ထို့အပြင် ထိုဆေးလုံးက ဆေးဘုရင်မုပိုင်ကိုယ်တိုင် ဖော်စပ်ထားခြင်းဖြစ်သည်။


မဟာသခင်ရွှမ်မင်၏ အကြည့်များက အစိမ်းရောင် အလင်းတန်းများ ထုတ်လွင့်နေသည့် စိတ်ဝိညာဉ် ဆေးလုံးများပေါ်သို့ ကျရောက်သွားသည်သူတို့၏ ပြန့်နှံ့လာသော ရနံ့က သူနှာခေါင်းထဲသို့ တိုးဝင်လာလေသည်။ဆေးလုံးများ၏ အပေါ်၌ ရွှေရောင်အမှတ်အသားများရှိနေသည်။ထိုပုံစံက အလွန်အမင်းပင် ကြည့်၍ ကောင်းလှသည်။


ခပ်လှမ်းလှမ်းတွင် မုပိုင်က ငြိမ်သက်စွာဖြင့် ရပ်နေသည်။သူ့၏ မျက်ဝန်းများက ယုံကြည်မှု အပြည့်ဖြင့် တောက်ပနေ၏။နှုတ်ခမ်းပေါ်မှ အပြုံးဖျော့ဖျော့နှင့် အစိမ်းရောင်တောက်ပနေသော ဝတ်ရုံက သူ့ကို ပို၍ ကြည့်ကောင်းအောင်ပင် ပြုလုပ်ပေးနေလေသည်။


မဟာသခင်ရွှမ်မင် ဆေးလုံးကို ထိလိုက်သည်နှင့် လျှပ်စစ်နှင့်အတို့ခံလိုက်ရသလို အပူစီးကြောင်းတစ်ခု ဖြတ်စီးသွားသည်။သူ့၏ နှလုံးသားပင် အခုန်မြန်သွားလေသည်။


ကြည့်ရတာတော့ ၎င်းက မဆိုးဘူးဟု ထင်ရလေသည်။မဟာသခင်ရွှမ်မင်က ဆေးလုံးကို ပါးစပ်ထဲ ထည့်လိုက်သည်။စိတ်ဝိညာဉ် စွမ်းအင်များ သူ့နား၌ ရစ်ဝဲလှည့်ပတ်နေသည်ကိုပင် ခံစားလိုက်ရ၏။


စွမ်းအင်များက မဟာသခင်ရွှမ်မင်ကို အလယ်ဗဟိုပြု၍ ပြန့်ကားထွက်လာသည်။မဟာသခင်ရွှမ်မင်က မျက်လုံးမှိတ်လိုက်ပြီး ဆေး၏ အနှစ်သာရများကို ကျေနပ်စွာဖြင့် ခံစားမိလေသည်။


ပရိတ်သတ်များ၏ အခြေအနေကလည်း ထပ်တူပင် ဖြစ်သည်။သူတို့ ထိုဆေးလုံး အစိတ်လေးကို စားပြီးနောက် ခန္ဓာကိုယ်မှ စွမ်းအားများက တရှိန်ထိုး ထိုးတက်လာပြီး စိတ်ခွန်အားပင် ပွက်ပွက်ဆူလာလေသည်။


ဒီတစ်ကြိမ်၌ ပြိုင်ပွဲဧရိယာတစ်ခွင်လုံး တိတ်ဆိတ်နေပေသည်။ပွဲကြည့်စင်မှ ပရိတ်သတ်များကလည်း စိတ်လှုပ်ရှားမှုနှင့် သိချင်စိတ်များ ပြင်းပြသော်လည်း သူတို့ အသက်ပင်ရဲရဲမရှူရဲကြပေ။


တိတ်ဆိတ်ငြိမ်သက်မှုက ခဏမျှ ကြာရှည်သွားပြီးနောက် လူအချို့က မျက်လုံးများ စတင်ဖွင့်လာကြသည်။သူတို့ အသက်တစ်ချက်ရှုထုတ်လိုက်ကြသည်။


ပရိတ်သတ်များက မုပိုင်၏ ဆေးလုံးကို အဆက်မပြတ် ချီးကျူး ပြောဆိုလိုကြသည်။မျှော်လင့်ထားသည့်အတိုင်းပင် ဆေးဘုရင် မုပိုင်၏ အမှတ် ၆ စိတ်ဝိညာဉ် ဆေးလုံးက တကယ့်ကို သာမန်မဟုတ်ပေ။


တခြားသော အမှတ် ၆ စိတ်ဝိညာဉ်ဆေးလုံးများနှင့် ယှဉ်လျှင်ပင် မုပိုင်၏ ဆေးလုံးက ဖိနှိပ်ထားနိုင်သည်မှာ သေချာပေသည်။ပုဖန်နှင့် ကျန်းလင်တို့က သေချာပေါက် ရှုံးနိမ့်သွားပေပြီ သူတို့ ထပ်မံ စစ်ဆေးစရာပင် မလိုတော့ပေ။မဟာသခင်ရွှမ်မင်က မျက်လုံးများ ဖြေးညှင်းစွာ ဖွင့်လိုက်သည်။


"ငြိမ်သက်ကြပါ...မင်းတို့ရဲ့ ထင်မြင်ချက်ကို သိမ်းထားပါဦး...နောက်ထပ် ကျန်းလင်ရဲ့ ဆေးလုံးကို အကဲဖြတ်ကြည့်ကြရအောင်..."


မဟာသခင်များက ပရိတ်သတ်များထက် အတွေ့အကြုံ ရင့်ကျက်နေပေပြီ။သူတို့၏ မျက်နာအမူအရာအရ မုပိုင်၏ ဆေးလုံးအပေါ်တွင် သိပ်စိတ်ကျေနပ်ပုံမပေါ်ပေ။


မုပိုင် အေးခဲ တောင့်တင်းသွားလေသည်။မဟာသခင်များ၏ ထိုကဲ့သို့ အမူအရာမျိုးကို သူမမျှော်လင့်ထားခဲ့မိပေ။


သူ သေချာမသန့်စင်မိလို့များလား...


ပရိတ်သတ်များဆီမှ ဆူညံသံများ ငြိမ်သက်သွားသည်။သို့သော်လည်း သူတို့မျက်နာပေါ်က စိတ်လှုပ်ရှားမှုများကတော့ မပျောက်ပြယ်သွားပေ။သူတို့က ကျန်းလင်၏ ဆေးလုံးအပေါ်၌လည်း မျှော်လင့်ချက်ထားထားပေသည်။ထိုဆေးလုံး ဆေးမီးဖိုထဲမှ ထွက်လာသော ပုံစံအရ ဆေးဘုရင် မုပိုင်၏ ဆေးလုံးထက် အားနည်းလိမ့်မည် မဟုတ်ပေ။


အကဲဖြတ်ပရိတ်သတ်များက သူတို့ ရထားသော ဆေးခြမ်းလေးကို ပါးစပ်ထဲ ထည့်လိုက်သည်။ပါးစပ်ထဲ ရောက်သွားသည်နှင့် တစ်ပြိုင်နက် မှင်သက်သွားကြလေသည်။သူတို့၏ ခန္ဓာကိုယ်က တောင့်တင်းသွားပြီး မျက်ဝန်းထဲ၌ မယုံကြည်နိုင်မှုများ ပြည့်နှက်လာသည်။


"ဒါက..."


"ဘယ်လိုတောင် စိတ်ဝိညာဉ် စွမ်းအင်တွေ သိပ်သည်းနေရတာလဲ ...ဒီဆေးလုံးက မယုံနိုင်စရာအရမ်းကောင်းလွန်းတယ်..."


"ဒီဆေးလုံးရဲ့အရသာက ဆေးဘုရင်မုပိုင်ရဲ့ အစွမ်းကိုတောင် ချက်ချင်းပဲ တွန်းထုတ်ပစ်လိုက်ပြီ...အရမ်းကြောက်စရာကောင်းလွန်းတယ် ကြည့်ရတာ ဒီဆေးလုံးက အဆင့် ၆ အထွဋ်အထိပ်အဆင့်ကို ရောက်နေပြီထင်တယ်..."


"မင်းရဲ့ ခန္ဓာကိုယ်ထဲမှ စွမ်းအင်တွေ လှုပ်ခါနေတာကို ခံစားမိလား...ဒါကို ဆေးဘုရင်မုပိုင်ရဲ့ ဆေးလုံးနဲ့ ယှဉ်လိုက်မယ်ဆိုရင်တော့ ဒါက အရမ်းကြောက်ဖို့ကောင်းတယ်..."


မဟာသခင်များလည်း ထိုဆေးလုံးကို စားလိုက်ပြီးနောက် မျက်ခုံးပင့်လိုက်မိသည်။သူတို့၏ အရိုးအဆစ်များမှ အစစ်အမှန် စွမ်းအင်များ စိမ့်ထွက်ပေါ်လာသည်။သူတို့ နှလုံးသားထဲမှ အံ့သြမှုကို ခံစားလိုက်ရပြီး ခပ်လှမ်းလှမ်းတွင်ရှိနေသော ကျန်းလင်ကို မျက်လုံးဖွင့်ကြည့်လိုက်သည်။


ကျန်းလင်က ဂုဏ်ယူဝင့်ကြွားနေသော အမူအရာဖြင့် မဟာသခင်များကိုကြည့်၍ ခေါင်းညိတ်ပြလိုက်၏။ပွဲကြည့်ပရိတ်သတ်များဆီမှ လှုပ်ရှားနေကြသော အသံများက တဖြေးဖြေးချင်း ငြိမ်သက်သွားသည်။သူတို့ကလည်း စင်ပေါ်ရှိ အကဲဖြတ်သူများနှင့် မဟာသခင်များ၏ မျက်နာအမူအရာ ထူးဆန်းနေသည်ကို သတိပြုမိကြသည်။


အဆုံးသတ်က တစ်စုံတစ်ခု လွဲမှားတော့မည်ဟု ခံစားလာရပြီး သူတို့နှလုံးသားများ တုန်လှုပ်လာကြသည်။


"ဘာတွေ ဖြစ်နေကြတာလဲ ဆေးဘုရင်မုပိုင်က ရှုံးတော့မယ်လို့ ငါကိုမပြောနဲ့နော်...မဖြစ်နိုင်ပါဘူး...သူက ဆေးသခင်ရဲ့ ကြယ်ကိုးပွင့်ဆေးမီးဖိုနဲ့ သန့်စင်ထားတာလေ...မရှုံးနိုင်ဘူး ဟုတ်တယ်မဟုတ်လား..."


"ဟား...ဟား...မုပိုင်က နောက်တစ်ခါ ရှုံးတော့မယ် ငါက ထင်ထားတာက သူ အရင်တုန်းကအရှက်ကွဲမှုကို ပြန်ပြီးတော့ အဖတ်ဆယ်နိုင်မယ်လို့လေ..."


ထိုအချိန်၌ မုပိုင်၏ မျက်နာကလည်း ပြာနှမ်းနေပေပြီ။ပုဖန်က မုပိုင်ကို စူးစမ်းစွာဖြင့် ကြည့်လိုက်သည်။ပုဖန်၏ အကြည့်ကို ခံစားမိပုံဖြင့် သူလည်း ပုဖန်ဆီသို့ ရုပ်ဆိုးနေသော မျက်နာဖြင့် လှည့်ကြည့်လာ၏။


"ကြည့်ရတာတော့ ငါရှုံးတော့မယ်ထင်တယ်..."


မုပိုင်က ခြောက်ကပ်စွာဖြင့် ပြောလိုက်သည်။ပုဖန် အံ့အားသင့်သွား၏။


"သူရှုံးတော့မှာလား..."


ပုဖန် အကဲဖြတ် ပရိတ်သတ်များနှင့် မဟာသခင်များဘက်သို့ ကြည့်လိုက်သည်။သူတို့၏ မျက်နာအမူအရာအရ တစ်ခုခုမှားယွင်းနေပြီဖြစ်ကြောင့် သိလိုက်ရ၏။မဟာသခင်များကလည်း တစ်ယောက်နှင့်တစ်ယောက် အဆက်မပြတ် ဆွေးနွေးပြောဆိုနေကြ၏။


နောက်ဆုံး၌ သူတို့၏ ဆွေးနွေးမှုများက အဆုံးသတ်သို့ ရောက်သွားသည့်ပုံပေါ်သည်။


"အခု မုပိုင်နဲ့ ကျန်းလင်တို့ရဲ့ သက်စောင့်ဆေးလုံးကို အကဖြတ်ပြီးသွားကြပြီ...ဆိုတော့ လူကြီးမင်းတို့က အခုစတင်ပြီး မဲပေးကြပါ...ခင်ဗျားတို့ရဲ့ ခုံပေါ်မှာ အစီအရင် နှစ်ခုရှိနေပါမယ်...ဘယ်ဘက်ကတစ်ခုက မုပိုင်ကို ကိုယ်စားပြုပြီး ညာဘက်က တစ်ခုက ကျန်းလင်ကို ကိုယ်စားပြုတယ်...လူကြီးမင်းတို့ နိုင်မယ်လို့ ထင်တဲ့သူကို မဲပေးပါ..."


မဟာသခင်ရွှမ်မင်၏ စကားဆုံးသည်နှင့် ရင်ပြင်ကျယ်တစ်ခုလုံး၏ လေထုက တင်းကျပ်သွားလေသည်။အနီးကပ်ကြည့်ရှုနေကြသော မြူကောင်းကင်မြို့မှ ပရိတ်သတ်များသာမက ဆေးနန်းတော်မှ ပရိတ်သတ်များပါ စိတ်လှုပ်ရှားနေကြလေသည်။


လက်သီးကျစ်ကျစ်ပါဆုပ်ရင်း နဖူးကြောပင် တွန့်ရှုံ့မတက် မျက်မှောင်ကြုတ်ထားကြလေသည်။


"ဘယ်သူများ နိုင်သွားမှာလဲ..."


မုပိုင် (သို့မဟုတ်) ကျန်းလင် မည်သူပင် နိုင်နိုင် သူတို့က ချန်ပီယံဖြစ်လာမည်မှာ မလွဲပေ။။အကဲဖြတ် ပရိတ်သတ် အယောက်ငါးရာက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ထို့နောက် သူတို့ရွေးချယ်သည့် အစီအရင်ဆီသို့ သူတို့၏ အစစ်အမှန် စွမ်းအင်များထုတ်လွင့်လိုက်လေသည်။


ပြိုင်ကွင်းတစ်ခုလုံးထဲ၌ ဆန်းကြယ်လှသော စွမ်းအင်လှိုင်းများ ပြန့်နှံ့ ထွက်ပေါ်လာသည်။ခဏချင်းမှာပင် မုပိုင်နှင့် ကျန်းလင်တို့၏ ခန္ဓာကိုယ်မှ အစစ်အမှန် စွမ်းအင်များ တောက်ပလာသည်။


ရွှေရောင်အလင်းလှိုင်းက ကောင်းကင်ယံဆီသို့ ဆက်လက်ထိုးတက်နေလေသည်။အလင်းလှိုင်း၏ အမြင့်က သူတို့ကို မဲပေးသူ၏ အရေအတွက်နှင့် တူညီနေပေသည်။


မုပိုင် နွေးထွေးမှုကို ခံစားနေရသည်။သူ့၏ ခန္ဓာကိုယ်မှ အလင်းလှိုင်းက အဆင်မပြတ် ထိုးတက်နေသော်လည်း မည်မျှ အမြင့်ရှိသည်ကိုတော့ သူမမြင်ရပေ။ထို့ကြောင့် သူ့၏ နှလုံးသားက အနည်းငယ် ခုန်လှုပ်နေပေသည်။


ကျန်းလင်ကမူ ယုံကြည်မှုရှိရှိဖြင့် ပြုံးနေသည်။သူမ၏ အကြည့်များကမူ ငြိမ်သက်လှ၏။ပုဖန် အနောက်သို့ ခြေနှစ်လှမ်းခန့်ဆုတ်လိုက်ပြီး ထိုလူနှစ်ယောက်ဆီမှ ထုတ်လိုက်သော အလင်းတန်း၏ အမြင့်ကို ကြည့်လိုက်သည်။သူမျက်ခုံးများ မြင့်တက်သွားလေသည်။


ဝီ...


အလင်းလှိုင်းများက ရပ်တန့်သွားလေပြီ ရလဒ်ထွက်လာပေပြီ။လူများအားလုံး ငြိမ်သက်သွားကြပြီး တစ်ကမ္ဘာလုံး တိတ်ဆိတ်သွားသလိုပင်။ကျန်းလင်၏ အလင်းလှိုင်းက မုပိုင်၏ အလင်းလှိုင်းထက် အနည်းဆုံး လူတစ်ရပ်စာမျှ မြင့်နေလေသည်။


မုပိုင်၏မျက်ဝန်းများ ကျဉ်းမြောင်းသွားပြီး သူ့၏ ခန္ဓာကိုယ်တုန်ယင်လာသည်။သူထိုကဲ့သို့ ရှုံးနိမ့်သွားမှုကို မယုံကြည်နိုင်ပေ။သူနောက်တစ်ကြိမ် ရှုံးနိမ်ပြန်ပေပြီ။


သူ ကျန်းလင်၏ လက်ထဲမှာပဲ ဒုတိယအကြိမ် ရှုံးနိမ့်ခြင်းဖြစ်သည်။


"ဘယ်လိုဖြစ်လို့ အဲ့ဒီလောက်တောင်မှ ဆိုးရွားရတာလဲ..."


နောက်ဆုံး၌ သူ့၏ ခံစားချက်များကို ပြန်လည် ထိန်းချုပ် သွားနိုင်သည်။သူ့၏ ပုံရိပ်က တဖြေးဖြေးချင်း ကြမ်းပြင်ပေါ်သို့ ထိုင်ချသွားလေသည်။သူ့ခန္ဓာကိုယ်ထဲ၌ ရှိနေသော စွမ်းအားများအားလုံး ထုတ်ခံလိုက်ရသလို ခံစားလိုက်ရ၏။


"မင်းက ပိုပြီး စွမ်းအားကြီးလာတယ်ဆိုပေမယ့်လည်း ငါ့ရဲ့ ခြေလှမ်းတွေကို ဘယ်သူမှ လာတားလို့မရဘူး...ချန်ပီယံနေရာက ငါ့အတွက်ပဲ ..."


ကျန်းလင်က ရယ်မော၍ ပြောလိုက်သည်။အလင်းလှိုင်းများ လွှမ်းခြုံနေသော သူမ၏ မျက်နာတွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေသည်။သူမ သုံးနှစ်မျှနှိမ့်နှိမ့်ချချနေပြီး နေ့တိုင်း မရပ်မနား လေ့ကျင့်ခဲ့ရသည်။ဒီတစ်ကြိမ်၌ ချန်ပီယံဆုကို သူမအောင်အောင်မြင်မြင်ရယူနိုင်ရပေမည်။


"ဆေးနန်းတော်ရဲ့ ကြယ်ဆေးအဆောက်အဦးရေ ငါကျန်းလင်လာပြီ..."


ပရိတ်သတ်များ၏ အကြည့်များကလည်း တွေဝေမှုများဖြင့် ပြည့်နှက်နေသည်။ချန်ပီယံ နေရာအတွက် ရေပန်းအစားဆုံးသူမှာ မုပိုင်ဖြစ်သော်လည်း သူက ရှုံးနိမ့်သွားပေပြီ။ဝမ်းနည်းမှုက သူတို့ကို ဖုံးလွှမ်းနေလေသည်။


"မုပိုင်က ရှုံးနိမ့်သွားပြီဆိုတော့ အဲ့ဒီအမျိုးသမီးက ချန်ပီယံ ဖြစ်သွားတော့မှာလား..."


အားလုံး လေအေးတစ်ချက်ရှိုက်လိုက်ကြသည်။သူတို့ နှလုံးသားထဲမှဝမ်းနည်းမှုကို မတွန်းလှန်နိုင်တော့ပေ။


"ငါ နင်တို့ကို ပြောပြီးပြီမဟုတ်လား...မင်းတို့တွေကို နင်းချေခံရတဲ့ ခံစားချက်လေး တွေ့ကြုံခိုင်းပါမယ်လို့လေ... ဘယ်လိုနေလဲ...နင်က မပျော်ဘူးလား..."


ကျန်းလင်၏ မျက်နာပေါ်တွင် မောက်မာဝင့်ကြွားလှသော အပြုံးတစ်ခုရှ်ိနေသည်။သူမ၏ အကြည့်များက မုပိုင်အပေါ်တွင်သာ ကျရောက်နေပြီး ပုဖန်ကို အဖက်ပင်မလုပ်ပေ။ထိုစားဖိုမှူးက ကျရှုံးသွားပြီးပြီဖြစ်လေရာ သူမ၏ အာရုံစိုက်မှုနှင့် မထိုက်တန်ပေ။


"မင်းရဲ့ စိတ်ကို မကျဆုံးပါစေနဲ့ အရှုံးတွေကနေပြီးတော့ တိုးတက်အောင် ကျင့်ကြံလို့ရတယ်လေ မဟုတ်ဘူးလား...အရင်ကလည်း မင်းငါ့လက်မှာ ရှုံးဘူးတာပဲ...အခုလည်း အရင်က ငါတို့ ပြိုင်ခဲ့တဲ့အခြေအနေထက် တိုးတက်လာတာပဲလေ။အခုပြန်သွားပြီးတော့ နောက်နှစ်အနည်းငယ် လောက် ကြိုးစားလ်ိုက်ဦး ပြီးရင် အနာဂတ်မှာ ငါ့ကို ထပ်ပြိုင်ပေါ့...ဒါပေမယ့်လည်း ငါ့ကို ဘယ်တော့မှ နိုင်မှာမဟုတ်ဘူး...ဟား ဟား...ဟား..."


ရိုင်းစိုင်းပြီး မောက်မာလှသည်။


ပရိတ်သတ်များက စင်မြင့်ပေါ်တွင် အဆက်မပြတ် ကျယ်လောင်စွာရယ်နေသော ကျန်းလင်ကိုကြည့်၍ ဒေါသများ ပေါက်ကွဲထွက်လာလေသည်။သူတို့ ကြမ်းပြင်ပေါ်၌ ခေါင်းငိုက်စိုက်ချ၍ ထိုင်နေသော မုပိုင်ကိုကြည့်၍လည်း ပြောစရာစကားများ ပျောက်ရှနေကြသည်။သူတို့ မုပိုင်ကို မည်သို့ပင်မြင်မြင် ရှုံးသွားသည်မှာလည်း အမှန်တရားပင်ဖြစ်သည်။


ချန်ပီယံဆုကို သူမ ရသွားသလို ပြုမူနေသော ကျန်းလင်ကိုကြည့်၍ ပုဖန် မျက်မှောင်ကြုတ်လိုက်မိသည်။ သူ စိတ်အချဉ်ပေါက်လာပြီး နှုတ်ခမ်းတစ်ဖက်တွန့်၍ မဲ့လိုက်မိသည်။


"ခင်ဗျား ကျုပ်ကို အနိုင်မရသေးဘူးနော် ဘာကိစ္စ အဲ့ဒီလောက် စိတ်လှုပ်ရှားနေရတာလဲ..."


ထီမထင်ဟန် ပေါက်နေသော ပုဖန်၏အသံက မကျယ်လောင်ပေ။သို့သော်လည်း ပင်အပ်ကျသံပင် မကြားလောက်အောင် တိတ်ဆိတ်ငြိမ်သက်နေသော အချိန်၌ သူ့၏ စကားလုံးများက ဗုံးခွဲလိုက်သလို ပဲ့တင်ထပ်သွားလေသည်။


အားလုံး ခေါင်းမော့လာပြီး ပုဖန်ကို ကြည့်လိုက်ကြသည်။ခေါင်းငိုက်စိုက်ကျနေသော မုပိုင်ပင်လျှင် တဖြေးဖြေးချင်း ခေါင်းမော့လာပြီး ပုဖန်ကို တစ်ချက်ကြည့်လိုက်သည်။


စားဖိုမှူး ...သူက အနိုင်ရဖို့အတွက် မျှော်လင့်နေသေးတာလား...သူ့ရဲ့ ဟင်းပွဲက ဆေးလုံးရဲ့ အမွှေးရနံ့တွေ ထွက်လာတဲ့အချိန်ကတည်းက ရှုံးနိမ့်သွားပြီ မဟုတ်ဘူးလား...သူက ဆက်ပြိုင်ချင်နေသေးတာလား...သူက အရှက်ကွဲဖို့ တောင်းဆိုနေတာလား..."


ဆက်ပြိုင်လို့လည်း အဓိပ္ပါယ်မရှိတော့ပေ။ကျန်းလင် အနည်းငယ် အေးခဲသွားပြီးနောက် သူမမျက်နာပေါ်က အပြုံးက ပျောက်ကွယ်သွားသည်။ထ်ို့နောက် သူမ ပုဖန်ကို အေးစက်စွာကြည့်၍ ပြောလိုက်သည်။


"နင့်ရဲ့ ဟင်းပွဲက လုံးဝ ရိုက်ချခံလိုက်ရပြီလေ...ယှဉ်ပြိုင်ဖို့တောင် မလိုတော့ဘူး..."


သူမက ပုဖန်ကို လှောင်ပြုံးတစ်ချက် ပြုံးပြလိုက်သည်။သူမက တကယ့်ကို အထင်အမြင်သေးနေပေသည်။အဂ္ဂိရတ်ပညာရှင်တစ်ယောက်ရဲ့ မောက်မာထောင်လွှားမှုများက သူမ၏ အရိုးထဲ ထွင်းထုထားသလို စွဲမြဲနေသည်။


အရင်အချိန်များက ပုဖန်က သူ့၏ အံ့အားသင့်စရာစွမ်းအင်များကို ပြသခဲ့ပြီး ဖိုင်နယ်ပွဲစဉ်အထိ တက်လှမ်းနိုင်လာခဲ့သော်လည်း သူမက အထင်သေးနေဆဲဖြစ်သည်။အဘယ့်ကြောင့်ဆိုသော် သူက စားဖိုမှူးတစ်ယောက်ဖြစ်နေခြင်းကြောင့်ပင်။


အဂ္ဂိရတ်ပညာရှင်များကသာ အထက်တန်းစား အလုပ်ထဲတွင် ပါဝင်ပြီး စားဖိုမှူးများကတော့ အထက်တန်းစား အလုပ်မဟုတ်ပေ။


ဘယ်လိုလုပ်ပြီးတော့ အဂ္ဂိရတ်ပညာရှင်တွေနဲ့ ယှဉ်နိုင်မှာလဲ ပြီးတော့ ပုဖန်ရဲ့ ဟင်းပွဲက သူမ ဆေးလုံးရဲ့ စိတ်ဝိညာဉ် စွမ်းအင်တွေနဲ့ဖိနှိပ်ခံလိုက်ရပြီလေ။သူက ဘယ်လိုယုံကြည်ချက်မ်ျိုးနဲ့များ လာပြီး စိန်ခေါ်ရဲရတာလဲ...


"ကျုပ်ရိုက်ချခံလိုက်ရတယ်လို့ ခင်ဗျား ဘယ်တုန်းက မြင်လိုက်တာလဲ...ခင်ဗျားကို အဲ့ဒီ ယုံကြည်မှုတွေ ဘယ်သူပေးလိုက်တာလဲ..."


ပုဖန်က ထူးဆန်းသည့် အမူအရာနှင့် ကျန်းလင်ကို ကြည့်လိုက်သည်။


ငါ့ဟင်းပွဲရဲ့ ရနံ့တွေက သက်စောင့်ဆေးရနံ့နဲ့ ဖုံးလွှမ်းခံလိုက်ရလို့များ ဖြစ်နိုင်လား ဒါဆိုရင် သူသာ တို့ဟူးပုပ်ကို ရွေးချယ်ခဲ့မယ်ဆိုရင် အဲ့ဒီကျန်းလင်ရဲ့ မောက်မာမှုတွေက ကောင်းကင်ကို ဒူးနှင့် တက်တိုက်တော့မလားမသိဘူး...


"မင်းက စားဖိုမှူးလေး တစ်ယောက်ပဲလေ ဘာလဲ မင်းက အရမ်းတွေပဲ ရုန်းကန်လှုပ်ရှားချင်သေးတာလား... အရှုံးကို မြန်မြန်ဆန်ဆန် ဝန်ခံလိုက်တော့ ...အရိုက်ခံရဖို့ တောင်းဆိုမနေနဲ့...စားဖိုမှူးလေးတစ်ယောက်က နောက်ဆုံးပြိုင်ပွဲကို ဝင်လာနိုင်ပြီ ဆိုနိုင်ထဲကပဲ အရမ်းကို ကောင်းမွန်နေပြီ...ဘယ်အချိန်မှာ ရပ်ရမယ်ဆ်ိုတာကိုသိ... အရမ်းတွေ လောဘ ကြီးမနေနဲ့..."


"အိုး...ခင်ဗျားက အရမ်း ယုံကြည်မှုတွေ ပြင်းထန်နေတာပဲ ကောင်းပြီလေ ...နောက်ခဏအကြာမှာလည်း အဲ့ဒီလိူမျိုး ယုံကြည်မှု အပြည့်ရှိနေပါစေလို့ ကျုပ်မျှော်လင့်တယ်..."


ပုဖန် ပြန်ချေပလိုက်သည်။သူ ထိုကျန်းလင်ကို ကန်ချချင်စိတ်ပင် ပေါက်နေလေသည်။


ခပ်လှမ်းလှမ်းတွင်ရှိနေသော မဟာသခင်ရွှမ်မင်က ပုဖန်ကို နက်နက်ရှိုင်းရှိုင်းတစ်ချက်ကြည့်လိုက်မိပြီး အသက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။ထို့နောက် ထူးဆန်းသည့် အမူအရာမျိုးဖြင့် ကြေငြာမှုပြုလိုက်သည်။


"နောက်ဆုံးဟင်းပွဲကတော့ ပြိုင်ပွဲဝင် ပုဖန်ရဲ့ ထုတ်ကုန်ပဲ...အမ်...ဒါက နတ်မင်းစွေ့စွေ့ခုန် စွပ်ပြုတ်နဲ့ အစပ်ချောင်း..."