အပိုင်း ၅၆၆
Viewers 62k

အခန်း ၅၆၆

ပြိုင်ဘက်ကင်း...


"နတ်မင်းစွေ့စွေ့ခုန် စွပ်ပြုတ်နဲ့ အစပ်ချောင်း ...ဒါ ဘယ်လိုဟင်းပွဲလဲ..."


မဟာသခင်ရွှမ်မင်၏ စကားကို ကြားပြီးနောက် ပရိတ်သတ်များ၏ မျက်နာတွင် စိတ်ရှုပ်ထွေးသွားသည့် အမူအရာမျိုး ပေါ်လာသည်။နတ်မင်းစွေ့စွေ့ခုန် စွပ်ပြုတ်ကို လူအများသိကြလေသည်။ထိုဟင်းပွဲက ပိုင်ရှင်ပုဆိုင်၏ ပုံသေဟင်းပွဲဖြစ်သည်။


၎င်းက သက်စောင့်ဆေးများထက်ပင် ပို၍ စျေးကြီးလေသည်။သို့သော် အစပ်ချောင်းဆိုတာက ဘာပါလိမ့်...


နတ်မင်းစွေ့စွေ့ခုန် စွပ်ပြုတ်နှင့် အစပ်ချောင်း တွဲစပ်မှုကလည်း ထူးဆန်းသည့် ခံစားချက်မျိုး ပေးစွမ်းနေလေသည်။နန်ကုန်းဝူချယ်ကလည်း ကြောင်အနေမိသည်။


'အစပ်ချောင်း အဲ့ဒါက ပိုင်ရှင်ပုရဲ့ ဟင်းပွဲအသစ်လား...ပိုင်ရှင်ပုက ဒီပြိုင်ပွဲအတွက် ဟင်းပွဲအသစ်ကို ပြင်ဆင်ခဲ့တာလား..."


မဟာသခင်ရွှမ်မင်၏ ကြေငြာမှု ပြီးဆုံးသွားသည်နှင့် ပြိုင်ကွင်းတစ်ခုလုံး ခဏမျှ ငြိမ်သက်တိတ်ဆိတ် သွားလေသည်။သူတို့၏ထူးဆန်းသော အကြည့်များက စင်မြင့်ပေါ်၌ ကျရောက်နေပေသည်။


စင်မြင့်ပေါ်ရှိ အကဲဖြတ်ပရိတ်သတ်များကလည်း သူတို့ရှေ့မှ နတ်မင်းစွေ့စွေ့ခုန် စွပ်ပြုတ်တစ်ပွဲနှင့် အစပ်ချောင်းကို မျက်မှောင်ကြုတ်၍ ကြည့်နေသည်။အရေးကြီးဆုံးအချက်မှာ သူတို့က ထိုတစ်ပွဲကို ငါးယောက် အညီအမျှ ခွဲရပေမည်။


"ဘယ်လိုများ လုပ်ရမှာလဲ...ဟင်းပွဲလေး တစ်ပွဲကို ငါတို့ကို ဝေမျှ စားခိုင်းချင်နေတယ်...မင်း လာနောက်နေတာလား..."


အကဲဖြတ် ပရိတ်သတ်များက သူတို့အချင်းချင်း နားလည်မှု ယူလိုက်ကြပြီး ပုဖန်ကို လှမ်းမေးလိုက်သည်။


သို့သော်လည်း ပုဖန်က သူတို့ကို ဂရုမစိုက်ပေ။သူတစ်ချက်မျှသာ ဝေ့ဝဲကြည့်လိုက်ပြီး ပြန်ဖြေရန် ပျင်းရိနေပုံဖြင့် တိတ်ဆိတ်နေလေသည်။


ပုဖန်က မပြောသော်လည်း မဟာသခင်ရွှမ်မင်ကမူ ပြောလိုက်သည်။


"အကဲဖြတ် လူကြီးမင်းတို့ မင်းတို့ ဒီဟင်းပွဲကို မြည်းကြည့်သင့်တယ် အဲ့ဒီလိုမှ မဟုတ်ဘူးဆိုရင် ဒီဟင်းပွဲကို ဘယ်လိုသိမလဲ...မင်းတို့ရဲ့ အဖြေကလည်း တရားမျှတမှု ရှိပြီး သေချာရမယ် ဒီလိုမှမဟုတ်ရင် ဒီပြိုင်ပွဲအတွက် မသင့်တော်ဘူး..."


မဟာသခင်ရွှမ်မင်၏ စကားကြောင့် အကဲဖြတ်သူများအားလုံး မည်သည့်စကားမှ ထပ်မဆိုတော့ပေ။


ကျန်းလင်ကမူ သူမ ရယ်မောနေခြင်းကို မထိန်းချုပ်နိုင်ပေ။သူ ထိုမြင်ကွင်းကို ကြည့်မိလေလေ ပို၍ ရယ်မောမ်ိလေလေပင်။


"ဒီစားဖိုမှူးက ဘာလုပ်တာလဲ သူကတော့ ဟာသပဲ...စွပ်ပြုတ် တစ်ပွဲနဲ့ အစပ်ချောင်းတစ်ခု ဒါ ဖိုင်နယ်ပွဲအတွက် နင်ပြင်ဆင်ထားတဲ့ဟာလား...ဒီလိုဟင်းပွဲလေးတစ်ပွဲနဲ့ ငါ့ကို အနိုင်ရဖို့ ပြင်ဆင်ထားတာပေါ့လေ..."


ကျန်းလင် ပုဖန်ဘက်သို့ လှမ်းကြည့်ရင်း သရော်ဟန်အပြည့်ဖြင့် ပြောလိုက်သည်။


"နင်က ဆေးလုံးလေးတွေ သန့်စင်ရတာကို အမှိုက်အလုပ်လို့ ထင်နေတာလား...ဒီလို ဘာမဟုတ်တဲ့ ဟင်းပွဲလေးတစ်ခုက ငါ့ရဲ့ သက်စောင့်ဆေးကို ယှဉ်ပြိုင်နိုင်မယ်တဲ့လား...ငါက နင့်ကို ထိတ်လန့်စရာ ပြိုင်ဘက်တစ်ယောက်အနေနဲ့ သတ်မှတ်ထားခဲ့တယ် ...ဒါပေမယ့် အခုတော့ ကြည့်စမ်းပါဦး...နင်က နင့်ရဲ့ ဂုဏ်သတင်းနဲ့ တကယ်ကို မထိုက်တန်ဘူး..."


သူမပိုပြောလေလေ ပရိတ်သတ်များက ပို၍ တိတ်ဆိတ်လာလေလေပေ။


"ပိုင်ရှင်ပုက ဒီတစ်ကြိမ်မှာတော့ တကယ့်ကို လွန်သွားပြီ..."


ပြောရမည်ဆိုလျှင် ဒီတစ်ကြိမ်က ဖိုင်နယ်ပွဲစဉ်ဖြစ်သည်။ဒီတစ်ကြိမ်၌ သူကအကြို ဗိုလ်လုပွဲစဉ်၌ပင် အံ့သြစရာ ဟင်းပွဲတစ်ပွဲကို ဖန်တီးခဲ့သေးလေရာ ဒီတစ်ကြိမ်၌ ပို၍ အသစ်ဖြစ်သော ထိတ်လန့်စရာ ဟင်းပွဲတစ်ခုကို သယ်ဆောင်လာသင့်ပေသည်။


"စွပ်ပြုတ်တစ်ပွဲနဲ့ အစပ်ချောင်းတစ်ခု ... ဒီပုံစံမျိုးနဲ့ သူပြိုင်ပွဲကို ဘယ်လို နိုင်မှာလဲ..."


ပုဖန်က စွပ်ပြုတ်တစ်ပွဲနဲ့ အစပ်ချောင်းကို ထုတ်ယူပြီး ချက်ပြုတ်လိုက်သော်လည်း သူတို့ မည်သို့စားရမည်ကို မသိပေ။


"ဒီတစ်ပွဲမှာ ရှုံးအောင် လုပ်ဖို့များ ရည်ရွယ်ထားခဲ့တာလား..."


ပရိတ်သတ်များအားလုံး မယုံကြည်နိုင်စွာဖြင့် ပုဖန်ကို ကြည့်လိုက်သော်လည်း ထိုသူက အခါများစွာကကဲ့သို့ပင် တည်ငြိမ်နေတုန်းဖြစ်သည်။


ရှူးရှဲ အစပ်ချောင်းက စနစ်မှ ဆုအဖြစ်ပေးအပ်ခဲ့သော ဟင်းပွဲဖြစ်သည်။ 

ထိုအစပ်ချောင်း၏ သက်ရောက်မှုကလည်း စပ်ပြဲလန် ခေါက်ဆွဲပွဲနှင့် တူနေလေသည်။၎င်းကို လျှာကဝေ အခင်းအကျင်းတွင်ပင် အသုံးပြုနိုင်သည်။


နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် အစပ်ချောင်းစားရခြင်းက ခေါက်ဆွဲ တစ်ပွဲ စားရခြင်းထက် ပိုအဆင်ပြေပေမည်။ပုဖန်က ထိုဆုလာဘ် ကိုရရှိကတည်းက ဖိုင်နယ်ပွဲစဉ်တွင် အသုံးပြုရန် ရည်ရွယ်ထားခဲ့ခြင်းဖြစ်သည်။


ပုဖန်ကို ကြည့်လိုက်သည်နှင့်သူ့၏ ဟင်းပွဲအပေါ် မည်မျှ ယုံကြည်ချက်ရှိကြောင်း အလွယ်တကူ မြင်နိုင်ပေသည်။


အစပ်ချောင်း၏ သက်ရောက်မှုက ပရိတ်သတ်များ၏ အမြင်ထက် ကျော်လွန်နေပေလိမ့်မည်။အစပ်ချောင်းကို မစားကြည့်ခင်က မည်သူမှ မြင့်မြင့်မားမာ မမျှော်မှန်းထားခဲ့ပေ။သို့သော် သူတို့ တစ်ကိုက်ကိုက်လိုက်သည့်အချိန်၌ အရသာနှင့် နူးညံ့မှုက သူတို့၏ စိတ်ထဲ၌ အမြဲ စွဲထင်သွားပေလိမ့်မည်။


သူတို့ ဘယ်တော့မှ ထိုအရသာကို မေ့မှာမဟုတ်ပေ။အစပ်ချောင်း၏ အနံ့ကို ရလိုက်သည်နှင့်ပင် သရေများ အဆက်မပြတ် ကျလာပေလိမ့်မည်။သူတို့နှလုံးသားထဲမှ ထိုအရသာကို လိုလား တောင့်တနေမည်မှာ သေချာပေသည်။ထို့အပြင် သူ့၏ အစပ်ချောင်းက သာမန်ရည်ညွှန်းသော အစပ်ချောင်း မဟုတ်ပေ။ပုဖန်ကိုယ်တိုင်ပင် သူ့၏ အကျိုးသက်ရောက်မှုကို မသိသေးပေ။


သို့သော်လည်း သေချာသိသည်မှာ စနစ်က ဆုအဖြစ်ပေးထားခဲ့သော ဟင်းပွဲက လုံးဝ အံ့အားသင့်စရာကောင်းလိုက်မည်ဆိုတာပင်။ထို့ကြောင့်ပင် ပုဖန်က ထိုအကဲဖြတ်ပရိတ်သတ်များကို သနားဟန်အပြည့်ဖြင့် အထင်မြင်သေးစွာ ကြည့်လိုက်သည်။


"ပြောနေတာတွေ လုံလောက်ပြီ...အခု အကဲဖြတ်ကြည့်ကြစို့..."


မဟာသခင်ရွှမ်မင်က သက်ပြင်းအသာချလိုက်ပြီး ပရိတ်သတ်များ၏ ဆွေးနွေးပြောဆိုမှု များကို ရပ်တန့်စေလိုက်သည်။ထို့အပြင် ကျန်းလင် ပုဖန်ကို လှောင်ပြောင်နေမှုအားလည်း ရပ်တန့်စေလိုက်သည်။


ကျန်းလင်က ချန်ပီယံဆုကို သူမရရှိမည်ဟု အလွန်ပင် ယံကြည်ချက်ရှိနေသည်။မည်သူမှ မကြားဖူးသော ဟင်းပွဲတစ်ခုကို ဖန်တီးထားသည်ကို ထည့်မပြောလျှင်ပင် ပုဖန်လို စားဖိုမှုးတစ်ယောက်က သူမ၏ ပြိုင်ဘက်မဟုတ်ပေ။သူမ အစထဲက ထိုစားဖိုမှူးက ပြိုင်ပွဲအတွင်းမှ ဆွဲထုတ်ချင်နေပြီဖြစ်သည်။


သို့သော်လည်း သူက အရှက်ကွဲမှုကို လိုလားဟန်ဖြင့် ဖိုင်နယ်ပွဲစဉ်ထိတက်လာပြီး သူမနှင့်ပင် လာယှဉ်ပြိုင်နေသေးသည်။


မဟာသခင် ငါးယောက်က တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်ကြသည်။သူတို့၏ မျက်ဝန်းထဲတွင်မည်သည့်အထင်အမြင်သေးမှုမှ ရှိမနေပေ ။ထိုအစားသူတို့က ပုဖန်ကို ထူးဆန်းသည့် အကြည့်များနှင့်သာကြည့်နေကြသည်။


ပုဖန်၌ မည်မျှ ကြောက်စရာကောင်းလှသော စွမ်းဆောင်ရည်ရှိနေသည်ကို သူတို့ ရှင်းရှင်းလင်းလင်းသိထားပေသည်။ပုဖန်အနေနှင့် ချန်ပီယံဆုကို မလိုချင်လျှင်တောင် ဒုက္ခများစေမည့် အမှိုက်လို ဟင်းပွဲမျိုး ထုတ်လာစရာ အကြောင်းမရှိပေ။


"မဟာသခင် ကုဟယ် အရင်မြည်းကြည့်ပါ..."


မဟာသခင်ရွှမ်မင်က အပြုံးဖြင့် ပြောလိုက်သည်။မဟာသခင်ကုဟယ်က မျက်ခုံးပင့်လိုက်ပြီးနောက်မှ ခေါင်းညိတ်လိုက်သည်။ထို့နောက် သူ သူ့၏ တူကို အသုံးပြုပြီး ဟင်းပွဲကို မြည်းစမ်းရန် ပြင်လိုက်သော်လည်း ပုဖန်၏ တားဆီးခြင်းကို ခံလိုက်ရသည်။


"ကျေးဇူးပြုပြီး ဒီအစပ်ချောင်းကို လက်အသုံးပြုပြီး စားပေးပါ ..."


ပုဖန်က ယဉ်ကျေးစွာပင် ပြောလိုက်သည်။အကဲဖြတ်ပရိတ်သတ်များအားလုံး အံ့သြသင့်သွားကြပြန်သည်။


"သူတို့ကကော လက်နဲ့စားရမှာလား...ကောင်းပြီလေ ဒါဆ်ိုလည်း ငါတို့က လက်သုံးပြီး စားကြတာပေါ့..."


မဟာသခင်ကုဟယ်က ပုဖန်ကို နက်နက်ရှိုင်းရှိုင်းကြည့်လိုက်သည်။ထို့နောက် သူ့၏ တူကို လွှတ်ချလိုက်ပြီး လက်ချောင်းများကို သုံး၍ အစပ်ချောင်းကို ကောက်ယူလိုက်သည်။


မွှေးပျံ့လှသည့် အစပ်ရနံ့လေးက သူ့၏ နှာဝကို လာရောက်ကျီစယ်လေသည်။အစပ်ချောင်းက အလွန်နီရဲပေ၏။အပေါ်ယံလွှာ၌ ငရုတ်ရည်များက အပြည့်အဝ ဖုံးကွယ်ထားပြီး အလင်းပြန်နေသလိုပင် ထင်ရစေသည်။


"ဒါကို တကယ်ကောစားလို့ရရဲ့လား..."


မဟာသခင်ကုဟယ်၏ စိတ်ထဲ၌ အနည်းငယ် စိတ်မသက်မသာဖြစ်လာမိသည်။ထိုအစပ်ချောင်းထဲ၌ အဆိပ်ပါဝင်နေမည်ဟုပင် သူခံစားလာမိသည်။၎င်းက ကြည့်ရသည်မှာ ကောင်းမည့် အရသာရှိပုံမပေါ်ပေ။


"စိတ်အေးအေးထားပြီးတော့ စားကြည့်ပါ..."


ပုဖန် ထပ်တိုက်တွန်းလိုက်သည်။မဟာသခင်ကုဟယ်လည်း နောက်ဆုံး၌ သူ့၏ မုတ်ဆိတ်မွှေးကို ပွတ်သပ်၍ စိတ်လျှော့ထားလိုက်ပြီး အစပ်ချောင်းကို ပါးစပ်ထဲထည့်၍ တစ်ကိုက်ကိုက်ချလိုက်သည်။


သူ တကျွတ်ကျွတ် ဝါးလိုက်သည်နှင့် အစပ်ရနံ့များက ပါစပ်တစ်ခုလုံး ပြည့်နှက်သွားလေသည်။အစပ်အရသာထဲ၌ ချိုမြမှု အရိပ်အယောင်လေးလည်း ပါဝင်နေပြီး အနည်းငယ်လည်း ငန်နေပေသည်။


တစ်ချိန်တည်းမှာပင် ထိုကဲ့သို့ အရသာပေါင်းစုံ ပေါ်ထွက်လာမှုက ထူးဆန်းလှပေ၏။တစ်ချက် နှစ်ချက်မျှ ဝါးပြီးနောက် မဟာသခင်ကုဟယ်၏ မျက်ဝန်းများက ဝိုင်းစက်လာသည်။သူမရပ်မနား ဝါးချင်နေလေသည်။


ထို့နောက် ကျယ်လောင်သည့် မျိုချသံ တစ်ချက် ထွက်ပေါ်လာသည်။မျိုချလိုက်သည်နှင့် တစ်ပြိုင်နက် သူ့၏ဝမ်းဗိုက်ထဲ၌ မီးလုံးအသေးစာလေးတစ်ခု လှည့်လည်နေသလိုပင် ခံစားလိုက်ရသည်။ဝမ်းဗိုက်မှ ပူနွေးသည့် ခံစားချက်လေးက ခန္ဓာကိုယ်တစ်ခုလုံးကို ဖြတ်သန်းသွားလေသည်။


အား...


မဟာသခင်ကုဟယ် ထိတ်လန့်အံ့အားသင့် သွားမိသည်။သူ့၏ ဒန်ဒန်ထဲမှ စွမ်းအင်များက အလွန်လျှင်မြန်စွာဖြင့် စတင် လှည့်ပတ်လာလေသည်။


 ဟူး...ဟူး...ဟူး...


သူ့၏ နှာထိပ်များပင် နီရဲလာပြီး မျက်နာတစ်ပြင်လုံး ရဲရဲနီလာလေသည်။


"အိုး...ဒါက နည်းနည်းစပ်တယ်..."


မဟာသခင်ကုဟယ်က သူ့ကို ဝိုင်းကြည့်နေကြသော သူများကို ခေါင်းတစ်ချက်ညိတ်ပြလိုက်ပြီးနောက် နောက်တစ်ချက် ထပ်ကိုက်လိုက်ပြီး စတင်ဝါးတော့သည်။


တစ်ခြား မဟာသခင်များ၏ မျက်လုံးများ တောက်ပသွားကြသည်။မဟာသခင်ကုဟယ်၏ မျက်နာအမူအရာက ကျေနပ်နှစ်သက်နေမှန်း သိသာလွန်းလှသည်။


သူတို့လည်း သဘောတကျ ပြုံးလိုက်ပြီးနောက် အစပ်ချောင်းကို ပါးစပ်ထဲထည့်၍ ကိုက်လိုက်တော့သည်။


ဘုန်း...


မဟာသခင်ငါးယောက်၏ မျက်နှာများက နီရဲနေပြီး သူတို့နှာခေါင်းမှပင် အပူအခိုးငွေ့များထွက်နေလေသည်။


ဂျွမ်း ...ဂျွမ်း...


သူတို့၏ နှုတ်ခမ်းများကလည်း နီရဲနေပြီး ပါးစပ်ထောင့်မှ ဆီများ စီးကျနေသည်။လက်၌လည်း ဆီများပေနေ၏သူတို့၏ စိတ်လှုပ်ရှားသည့် အမူအရာများဖြင့် အဆက်မပြတ် စားနေပြီး ရပ်တန့်နိုင်ခြင်းမရှိပေ။


သူတို့စားနေစဉ်မှာပင် ခန္ဓာကိုယ်ထဲမှ စွမ်းအင်များက ထိုးတက်လာသည်။တိုးတက်လာသည့် အရှိန်နှုန်းက သာမန်မျက်စိနှငိ့ပင် မြင်နိုင်လေသည်။


သူတို့၏ နောက်ကျော၌ ဝှေ့ယမ်းနေသော စိတ်ဝ်ိညာဉ် ကြိုးများမှလည်း အစစ်အမှန် စွမ်းအင်များကို ထုတ်လွင့်လာသည်။


ဘုန်း...


ရုတ်တရက် သူတို့ရှေ့မှ မြင်ကွင်းကိုကြည့်၍ ပရိတ်သတ်များ ကြောင်အနေမိကြသည်။မဟာသခင်ငါးယောက်၏ စိတ်ဝိညာဉ်ကြိုးမျက ထူးဆန်းသည့် ပုံသဏ္ဍာန်မျိုး ပြနေပေသည်။ဥပမာအားဖြင့် မဟာသခင်ရွှမ်မင်၏ နောက်၌ စိတ်ဝိညာဉ်ကြိုး ခြောက်ချောင်း ရှိနေပေသည်။


"ဘယ်လိုဖြစ်ပြီး ခြောက်ချောင်းထွက်ပေါ်လာတာလဲ ...စိတ်ဝိညာဉ်ကြိုးက အထွဋ်အထိပ်အဆင့်မှ ငါးခုထဲရှိတာမဟုတ်ဘူးလား...ခြောက်ခုမြောက်က ဘယ်ကရောက်လာတာလဲ...သူတို့က ကောင်းကင်ကို ဆန့်ကျင်ဖို့ ကြိုးစားနေတာများလား....အံ့သြစရာကောင်းလွန်းတယ်..."


မဟာသခင်ကုဟယ်က သူ့လက်ထဲမှ အစပ်ချောင်းကို ကုန်အောင်စားပြီးနောက် အတောမသတ်နိုင်သေးသည့် အမူအရာဖြင့် လက်ကို လျက်နေလေသည်။လက်များ ပြောင်စင်အောင် လျက်ပြီးသည်ထိ မရပ်နိုင်သေးပေ။


သူ့၏ အကြည့်များက အရှေ့၌ရှိနေသော နတ်မင်းစွေ့စွေ့ခုန် စွပ်ပြုတ်ပွဲဆီသို့ ကျရောက်သွားသည်။သူ ထိုစွပ်ပြုတ်ကို မသောက်ခင် တွေးလိုက်မိသည်။ထို ဟင်းပွဲနှင့် ပတ်သတ်၍ ဘာမှ အသစ်အဆန်းတွေးစရာ အကြောင်းမရှိတော့ပေ။အဘယ့်ကြောင့်ဆိုသော် သူ ထိုအရသာကို မြည်းစမ်းကြည့်ဖူးပြီ ဖြစ်သည်။သို့သော်လည်း သူက ထိုစွပ်ပြုတ်ပွဲကို ယူလိုက်သေးသည်။


ပန်းကန်လုံးမှ စွပ်ပြုတ်ရည် တစ်ငုံခန့်သောက်ပြီးသည်နှင့် ခန္ဓာကိုယ်တောင့်တင်းသွားသည်။ထို့နောက် ပန်းကန်လုံးပြောင်သည်အထိ သောက်လိုက်တော့သည်။မဟာသခင်ကုဟယ်က ပန်းကန်လုံးကို အပေါ်မြင့်မြင့်မြှောက်၍ လှုပ်ခါလိုက်သည်။ပန်းကန်ထဲမှ စွပ်ပြုတ်ရည်တစ်စက်မှပက်အလေအလွင့် အဖြစ်မခံနိုင်ပေ။


မဟာသခင်ငါးယောက်၏ စားသောက်နေသည့် ပုံစံကို ကြည့်၍ ပရိတ်သတ်များအားလုံး ကြောင်အနေလေသည်။ဒါက သူတို့မျှော်လင့်သည်နှင့် ဆန့်ကျင်ဘက်ဖြစ်နေလေသည်။


"ဒီဟင်းပွဲက အမှိုက်လို ဟင်းပွဲဖြစ်နေရမှာ မဟုတ်ဘူးလား..."


ထိုအခိုက်အတန့်၌ အကဲဖြတ် ပရိတ်သတ်ငါးရာကလည်း ကြောင်အစွာ ကြည့်နေမိသည်။ထို့နောက် သူတို့၏ လက်များကို အလျှင်အမြန်ပင် စတင်လှုပ်ရှား၍ စားသောက်တော့သည်။


ဟင်းတစ်ပွဲကို ငါးယောက်မျှစားရသည်ဖြစ်လေရာ တစ်ယောက်ပြီးမှသာ တစ်ယောက်စားနိုင်လေသည်။ထို့ကြောင့် ပန်းကန်လုံးတစ်လုံးနားတွင် လူငါးယောက် စုပြုံနေလေသည်။


"ဒီအစပ်ချောင်းရဲ့ အရသာက အရမ်းကောင်းတယ်...ချိုမြပြီး စပ်လည်းစပ်တယ် သူကတော့ငါရဲ့ နှလုံးသားကို လုံးဝ အရည်ပျော်သွားစေပြီ..."


ဂျွမ်း...


" မဆိုးဘူး ဒီစားဖိုမှူးက ပြိုင်ပွဲကြီးရဲ့ ဖျက်မြင်းဆိုတဲ့ နာမည်နဲ့ တကယ်ကို ထိုက်တန်တယ်...အစပ်ချောင်းရဲ့ အရသာက တကယ့်ကို ကောင်းတယ် ငါ့နှာခေါင်းမှာတောင် ချွေးထွက်လာပြီ..."


"ငါ နောက်တစ်ကိုက်လောက်ကိုက်ပါရစေဦး...ခဏလောက်စောင့်ကြပါ..."


အကဲဖြတ် ပရိတ်သတ်များ၏ မျက်နာများကလည်း နီရဲနေပြီး နှာခေါင်းများပါ ကားနေပေပြီ သူတို့၏ နောက်ကျော၌ရှိနေသော စိတ်ဝ်ိညာဉ်ကြိုးများက အစစ်အမှန်စွမ်းအင်များကို ထုတ်လွင့်နေပြီး သူတို့၏ ပတ်ပတ်လည်၌ ဝန်းရံနေလေသည်။သူတို့ အရင်ကထက် သန်မာလာသည်ဟု ခံစားနေရသည်။


"အစပ်ချောင်းလေးတစ်ထဲခုက သူတို့၏ ကျင့်ကြံဆင့်ကို တိုးတက်အောင်လုပ်ပေးနိုင်တာလား..."


ဒါက စိတ်ကူးမယဉ်နိုင်လောက်အောင်ပင် အံ့သြစရာကောင်းလွန်းလှသည်။သူတို့၏ ခန္ဓာကိုယ်ထဲမှ အစစ်အမှန် စွမ်းအင်များ စတင် လှည့်ပတ်လာပြီးနောက် နောက်ကျော၌ စိတ်ဝိညာဉ် ကြိုး နှစ်ချောင်းပေါ်လာလေသည်။


သူတို့၏ နှာခေါင်းမှ ရှူထုတ်လိုက်သော လေပူများက ပတ်ဝန်းကျင်၌ ဝေ့ဝဲနေသည်။သူတို့၏ မျက်ဝန်းများကလည်း တစ်ယောက်ကို တစ်ဟောက် အလွတ်မပေးတမ်း လိုက်ကြည့်နေကြလေသည်။


"ဘုရားရေ ငါဘယ်လိုကမ္ဘာမှာ နေနေရတာလဲ...ငါ့ကို တစ်ကိုက်လောက် ပေးဦး လာပြီးတော့ မလုနဲ့..."


"မင်းညီမကိုပဲ သွားတိုက်ခိုက်လိုက် အခုက ငါအလှည့်..."


"ကျေးဇူးပြုပြီးတော့ ကောင်းကောင်းမွန်မွန်လေး ပြုမူပေးလို့ရမလား...ငါအရင် စားခွင့်ပေးပါ ငါ ကတ်ိပေးတယ် ငါတစ်ကိုက်ပဲ ကိုက်မှာ..."


ရူးသွပ်သွားကြပေပြီ။


အစပ်ချောင်းတစ်ချောင်းအတွက် လူငါးယောက် တိုက်ခိုက်နေကြသည်။မြင်ကွင်းက ပရမ်းပတာ ဖြစ်လာသည်။ပုဖန်၏ ကြုံရာဟင်းပွဲတစ်ခုအတွက် ထိုကဲ့သို့ တိုက်ခိုက်နေကြမည်ဟု မည်သူမှ မမှန်းထားကြပေ။


"ဒါက အစပ်ချောင်းလေး တစ်ခုပဲ မဟုတ်ဘူးလား..."


ရုတ်တရက် စင်မြင့်ပေါ်၌ စွမ်းအင်လှိုင်းများက ပြန့်နှံ့ ထွက်ပေါ်လာသည်။အကဲဖြတ် ပရိတ်သတ်တစ်ယောက်က သူ့၏ အစပ်ချောင်းအခိုးခံလိုက်ရသောကြောင့် ဒေါသများထွက်ပေါ်လာလေသည်။ထို့နောက် သူ့၏ ကျင့်ကြံဆင့်ကို ထုတ်ဖော်လိုက်ပြီး အစပ်ချောင်းခိုးသွားသူနှင့် တိုက်ခိုက်ကြတော့သည်။


ရုတ်ရုတ်သဲသဲ မြင်ကွင်းကိုကြည့်၍ ပွဲကြည့်သူပရိတ်သတ်များ ကြောင်အနေကြသည်။သူတို့၏ မျက်နာပေါ်၌လည်း မယုံကြည်နိုင်မှုများ ပြည့်နှက်နေသည်။


"အခုကော ဘာအကြောင်းကြောင့် တိုက်ခိုက်နေကြတာလဲ..."


မလှမ်းမကမ်းတွင်ရှိနေသော ကျန်းလင်၏ ယုံကြည်မှုများက စတင် ယိမ်းယိုင်လာ၏ သူမ၏ မျက်နာက အလေးအနက်အမူအရာဖြစ်လာလေသည်။


ကြမ်းပြင်၌ ထိုင်နေသော မုပိူင်ကလည်း သူရှေ့မှ ရှုပ်ယှက်ခက်နေသော မြင်ကွင်းကိုကြည့်၍ မျက်ဝန်းများ စူးရှလာသည်။


ဘုန်း...ဘုန်း...


ထိုအချိန်မှာပင် စွပ်ပြုတ်ပွဲကို သောက်ပြီးသော အကဲဖြတ်ပရိတ်သတ်က ပန်းကန်လုံးအလွတ်ဖြင့် စင်မြင့်ကို ရိုက်ချလိုက်သည်။သူတို့အားလုံး အလွန်အမင်း သက်တောင့်သက်သာဖြစ်မှုနှင့် နွေးထွေးမှုကို ခံစားနေရလေသည်။


ချက်ချင်းပင် ပုဖန်ဘက်ဆီသို့ စိတ်အားထက်သန် ပြင်းပြနေသော အကြည့်များဖြင့် လှည့်ကြည့်လိုက်ကြသည်။


"ဘာ သဘာဝတစ်သောင်း ပြောင်းလဲခြင်းဆေးလုံးလဲ... ဘာ အာကာသဟင်းလင်းပြင် ကြယ်စု ဆေးလုံးလဲ... အဲ့ဒါတွေက အစပ်ချောင်းရဲ့ ရှေ့မှာ အမှ်ိုက်သာသာပဲ ...အစပ်ချောင်းကသာလျှင် ပြိုင်ဘက်အကင်းဆုံးပဲ..."