အခန်း ၅၆၇
အကြီးအကျယ်ကွာဟမှု...
အရာအားလုံး ပရမ်းပတာ ဖြစ်နေသည်။မဟာသခင်များလည်း သူတို့ မျှော်လင့်ထားသည်ထက် ကျော်လွန်နေသောကြောင့် မှင်သက်နေမိကြသည်။
"တစ်ယောက်ယောက်များ သူတို့ မစားချင်ဘူးလို့များလို့ ပြောခဲ့သလားလို့...အခု ဘာကြောင့် ထပ်မျှော်နေသေးရတာလဲ..."
စင်မြင့်က လူအားလုံး၏ အကြည့်များအောက်၌ ရှိနေခြင်းဖြစ်သည်။
"ဒီအမျိုးသမီးက သူ့ကိုယ်သူ နည်းနည်းလောက် မထိန်းချုပ်နိုင်တော့ဘူးလား..."
ပြိုင်ပွဲ ဧရိယာတစ်ခုလုံး၌ စွမ်းအင်လှိုင်းများ တိုးလာပြီး လူတစ်ယောက်ချင်းစီ၏ သန်မာမှုကလည်း တရိပ်ရိပ်တိုးတက်လာလေသည်။
ပုဖန် အနည်းငယ် ပြုံးလိုက်သည်။၎င်းက ရှုးရှဲအစပ်ချောင်း၏ စွမ်းအားပင်ဖြစ်သည်။ထိုဟင်းပွဲက အလွန်ပင် စွဲဆောင်မှုရှိလှသည်။
အနားတွင်ရှိနေသော ကျန်းလင်နှင့် မုပိုင်တို့ နှစ်ယောက်စလုံးက မယုံနိုင်စွာဖြင့် ထိတ်လန့်နေသေးသည်။မြင်ကွင်းက သူတို့ မျှော်လင့်ထားသည်ထက် ကျော်လွန်နေပေပြီ။
ပုဖန်ရဲ့ ဟင်းပွဲက...သူတို့ သက်စောင့်ဆေးရဲ့ ရနံ့နဲ့တင် ဖုံးလွှမ်းခံလိုက်ရတယ်မဟုတ်ဘူးလား...ဒီလူတွေက ဘာကြောင့် အဲ့ဒီလ်ိုမျိူး ရူးသွပ်သွားရတာလဲ..."
လူအများအပြားက အဆက်မပြတ် ချီးကျူးနေကြပြီး ဟင်းပွဲလေး တစ်ပွဲအတွက် တိုက်ခိုက်နေသည်ကို ကြည့်ရသည်က ထူးကဲသည့် မြင်ကွင်းတစ်ခုပင်။
ပုံရိပ်လွှဲပြောင်းအစီအရင်မှ ထိုမြင်ကွင်းအားလုံးကို ဖမ်းယူထားပြီး ဆေးနန်းတော်များဆီသို့ ဖြန့်ဝေ ပြသနေလေသည်။
"ပိုင်ရှင်ပု ငါ့ကို အစပ်ချောင်းတစ်ချောင်းလောက် ပေးပါ ငါမင်းကို တောင်းပန်ပါတယ် တစ်ခုလေးပဲ ထပ်ပေးပါ ကျေးဇူးပြုပြီး တစ်ခုလေးပဲ ထပ်ပေးပါ ငါလုံးဝ မထိန်းထားနိုင်တော့ဘူး ငါ့ရဲ့ အရသာရှိလှတဲ့ အစပ်ချောင်းလေးကို လိုချင်တယ်..."
သူတို့၏ အစပ်ချောင်းနှင့် စွပ်ပြုတ်ကုန်သွားသည်နှင့် တစ်ပြိုင်နက် အားလုံး၏ လိုချင်တပ်မက်မှုနှင့် တောက်လောင်နေသော အကြည့်များက ပုဖန်ဆီ ကျရောင်လာလေသည်။သူတို့ကိုယ်သူတို့ ပင် ထိန်းချုပ်နိုင်ခြင်းမရှိတော့ပေ။
"ဘာတွေ ဖြစ်နေကြတာလဲ အစပ်ချောင်းလေးတစ်ချောင်းပဲ မဟုတ်ဘူးလား အရမ်းပဲ အရသာရှိတာဖြစ်နိုင် လို့လား..."
& အစပ်ချောင်းလေးတစ်ခုကိုပဲ သူတို့က ဘယ်လိုလုပ်ပြီးတော့ အရသာရှိတဲ့ အစားအစာကြီးလို ပြုမူနေရတာလဲ..."
အစပ်ချောင်းကို မစားဘူးသည့် သူများက မည်သိူ့မှ နားလည်နိုင်လိမ့်မည်မဟုတ်ပေ။စားလိုက်ရသည့် အကဲဖြတ် ပရိတ်သတ်များကမူ မျက်ရည်ဝေ့နေသော မျက်ဝန်းများဖြင့် ပုဖန်ကို စိုက်ကြည့်နေကြသည်။အကယ်၍ ပုဖန်သာ သဘောမတူလျှင် တတိယကမ္ဘာစစ်ကို စမည့်ပုံရှိလေသည်။
ဒိုင်လူကြီးမင်းလည်း သူမြင်လိုက်ရသော မြင်ကွင်းကြောင့် အံ့အားသင့်နေမိပေသည်။
"ဒီဖျက်မြင်းစားဖိုမှူးကတော့ ပြိုင်ပွဲကို ကောင်းကောင်းမွန်မွန်လေး မပြီးဆုံးသွားစေချင်ဘူးလား...သူက နောက်ထပ် ပြဿနာရှာနေပြန်ပြီ..."
...
"ခင်ဗျားတို့က အစပ်ချောင်းထပ်စားချင်သေးတာလား ပြဿနာမရှိဘူး တိမ်ခိုးစားသောက်ဆိုင်ကို လာခဲ့ကြ ဒါပေမယ့် ပထမလာတဲ့ လူ ပထမရမယ်ဆိုတဲ့ အခြေခံ စည်းမျဉ်းကိုတော့ မမေ့နဲ့နော်..."
ပုဖန်က ထိုသူများကို ကျေနပ်ပြုံးဖြင့် တစ်ချက်ကြည့်လိုက်ပြီးနောက် သူ စနစ်၏ သိုလှောင်နယ်မြေထဲ ထည့်သိမ်းထားသည့် အစပ်ချောင်းကို ထုတ်ယူလိုက်ပြီး တစ်ကိုက်ကိုက်လိုက်သည်။
ဂျွတ်...
ဂလု...
ပရိတ်သတ်များက ပုဖန်၏ အမူအရာကို စိုက်ကြည့်ရင်း သူတို့၏ နှလုံးသားများပင် နာကျင်သွားသလို ခံစားရသည်။သူတို့၏ တည်ငြိမ်မှုများပင် ပျောက်ဆုံးနေပေပြီ။ပုဖန် ပျော်ပျော်ကြီး စားနေစဉ်မှာပင် သူ့နောက်ကျောဘက်၌ အရိပ်တစ်ခု ပေါ်လာသည်။
အမ်...
သူ ခဏမျှ ကြောင်အသွားပြီး အစပ်ချောင်းကိုက်လျက်သားနှင့် အနောက်သို့ လှည့်ကြည့်လိုက်ရာ အေးစက်လှပသော မျက်နာကို ရင်ဆိုင်တွေ့လိုက်ရသည်။
"ပုဖန် ငါလည်း လိုချင်တယ်..."
နယ်သာရီက ပုဖန်လက်ထဲမှ အစပ်ချောင်းကို ပြိုးပြိုးပျက်ပျက်လက်နေသော အကြည့်များဖြင့် စ်ိုက်ကြည့်လိုက်ပြီး နှုတ်ခမ်းတစ်ချက်သပ်လိုက်သည်။
ဂလု...ဂလု...
ပုဖန် သူ့ပါးစပ်ထဲမှ အစပ်ချောင်းကို အလျှင်အမြန်ပင် မြိုချလိုက်ရသည်။သူ နယ်သာရီက အင်အားသုံး၍ လုယူသွားမည်ကိုပင် ကြောက်ရွံ့မိလေသည်။
"ကံကောင်းထောက်မလို့ ငါချက်နေတုန်းက နည်းနည်းလေး သိမ်းထားလိုက်မိလို့ပဲ..."
ပုဖန် တီးတိုးရေရွတ်လိုက်ပြီးနောက် နယ်သာရီအတွက် တစ်ချောင်း ထုတ်ယူပေးလိုက်သည်။နယ်သာရီက တောက်ပလှသော အပြုံးတစ်ခု ပြုံးလိုက်ပြီး ပုဖန်လက်ထဲမှ အစပ်ချောင်းကို ပျော်ပျော်ကြီး လုယူလိုက်လေသည်။ထို့နောက် တစ်ကိုက်၂ကိုက် ဝါးစားလိုက်သည်နှင့် သူမ၏ မဲမှောင်နေသော မျက်နာက အလင်းများပင် ပျံလာသလို ထွက်ပေါ်လာလေသည်။အနားတွင်ရှိနေသော ပရိတ်သတ်များက ထိုမြင်ကွင်းကို တိတ်တဆိတ်ပင် ကြည့်နေကြလေသည်။
"သူ့မှာ အစထဲက အစပ်ချောင်းရှိနေတယ်ပေါ့ ဘာလို့ အရင်တုန်းက မထုတ်လိုက်တာလဲ သူက တကယ့်ကို အကျင့်မကောင်းတဲ့သူပဲ ..."
...
မဟာသခင်ငါးယောက်၏ အော်ရာများက တဖြေးဖြေးပြန်လည် ငြိမ်သက်သွားပြီး ပုံမှန်အခြေအနေသို့ ပြန်ရောက်လာသည်။မဟာသခင်ရွှမ်မင်၏ နောက်ကျောမှ ခြောက်ကြိုးမြောက် စိတ်ဝိညာဉ် ကြိုးက တဖြေးဖြေးချင်း ပြန်လည် ပျောက်ကွယ်လာပေပြီ။လူသားတစ်ယောက်၏ ခန္ဓာကိုယ်က စိတ်ဝိညာဉ် ကြိုးငါးကြိုးသာခံနိုင်ရည်ရှိပေသည်။ခြောက်ကြိုးမြောက် ပေါ်ထွက်လာခြင်းက သူ့အခြေအနေကို မတည်မငြိမ် ဖြစ်စေသည်။
မဟာသခင်ရွှမ်မင်က အဆင့် ချိုးဖောက် တက်ရောက်နိုင်ခြင်းမရှိသေးသော်လည်း သူ အရင်ကထက် ပိုမို သန်မာလာသည်။အခြားမဟာသခင်များ၏ အခြေအနေကလည်း တူတူပင်ဖြစ်သည်။သူတို့ကလည်း အရင်ကထက် ပိုမို သန်မာလာ၏။
သို့သော်လည်း တစ်ချို့ကတော့ အချိန်အတိုအတွင်းမှာပင် အများအပြားတိုးတက်သွားခဲ့ပြီး အဆင့်ချိုးဖောက် တက်ရောက်နိုင်သွားသည်။
မဟာသခင်ငါးယောက်လုံး အသက်တစ်ချက်ရှူထုတ်လိုက်ကြပြီး အစပ်ချောင်းစားနေသော ပုဖန်ကို အဓိပ္ပါယ်အပြည့်ပါသော မျက်ဝန်းဖြင့် လှမ်းကြည့်လိုက်ကြသည်။
ဒီပြိုင်ပွဲ၏ရလဒ်ကို အနည်းငယ်မျှပင် သံသယဖြစ်စရာမလိုပေ။သာမန်ဆန်လှသော ဟင်းပွဲတစ်ပွဲက ကျန်းလင်၏ သက်စောင့်ဆေးလုံးထက် အရသာရော အက်ျိုးသက်ရောက်မှူပါ သာနေပေပြီ။
ဟင်းပွဲတစ်ပွဲနှင့် ဆေးလုံးတစ်လုံး ခေါင်းစဉ်ချင်းက မတူကြသော်လည်းသူတို့၏ အကျိုးသက်ရောက်မှု အခြေအနေက အတူတူပင်ဖြစ်သည်။
ဟင်းပွဲတစ်ပွဲမှနေ၍ ထိုမျှထိ ပြင်းထန်လှသော အက်ျိုးသက်ရောက်မှုများကို မည်သူမှ မမျှော်မှန်းထားမိခဲ့ပေ။ကျန်းလင်၏ မျက်နာက သွေးရောင်ရဲရဲနီနေပေပြီ။ထိုကဲ့သို့ ပြောင်းလဲမှုမျိုးကိုသူမ လုံးဝ မမျှော်လင့်ထားခဲ့မိပေ။
ကြမ်းပြင်ပေါ်တွင်ထိုင်နေသော မုပိုင်က စတင်၍ ကျယ်လောင်စွာရယ်မောလိုက်သည်
"နင်ဘာတွေရယ်နေတာလဲ..."
ကျန်းလင်က သေခြင်းအငွေ့အသက်များပါသော အကြည့်စူးစူးဖြင့် ကြည့်၍ မေးလိုက်သည်။မုပိုင်၏ မျက်နာကလည်း သွေးနီရောင်ရဲရဲနီနေသည် ဆိုသော်လည်း သူ့၏ အပြုံးများက နူးညံ့ပြီး နွေးထွေးလှသည်။
"ငါက နင့်ရဲ့ ယုံကြည်မှု လွန်ကဲနေတာကြီးကို ရယ်တာလေ...ပုဖန်က သူ့ရဲ့ခရီးစဉ်တစ်လျှောက်လုံး ထူးခြားဆန်းကြယ်မှုတွေကို ဖန်တီးပြီး ဖြတ်သန်းလာခဲ့တာ ဒါတောင်မှ နင်က သူ့ကို အထင်သေးသေးတယ်...နင်တစ်ယောက်တည်းတင် မဟုတ်ပါဘူး ငါတို့အားလုံးပဲ သူ့ကို အထင်အမြင်လွဲခဲ့ကြတယ် ...ငါတို့အားလုံး မှားယွင်းခဲ့တယ် သူက ကမ္ဘာကြီးရဲ့ လူထူးလူဆန်းတစ်ယောက်ပဲ သူ့ကို သာမန် စံနှန်းတွေနဲ့ သွားတိုင်းတာလို့ မရဘူး..."
"ဟမ့်... ဒါက ဟင်းပွဲလေးတစ်ပွဲပဲ မဟုတ်ဘူးလား...အခုထိလည်း အနိုင်ရသူကို မကြေငြာရသေးပါဘူး..."
ကျန်းလင် အံတင်းတင်းကြိတ်၍ ပြောလိုက်သည်။မုပိုင် ခေါင်းအသာခါယမ်းရင်း ခပ်လှမ်းလှမ်းရှိ ပုဖန်ကို လှမ်းကြည့်လိုက်သည်။ထိုအခိုက်အတန့်၌ တောက်ပနေသော ပုဖန်၏ အရှိန်အဝါက သူတွေ့ခဲ့ဖူးသည့် တစ်စုံတစ်ယောက်နှင့် တူညီနေလေသည်။၎င်းက သူ နန်းတော်သခင်ကို ပထမဦးဆုံး အကြိမ် တွေ့ဆုံစဉ်ကပင်ဖြစ်သည်။မုပိုင် အံ့အားသင့်သွားသည်
"ဘယ်လိုဖြစ်လို့ ပုဖန်ရဲ့ အော်ရာက နန်းတော်သခင်ကို တွေ့ဆုံစဉ်ကနဲ့ တူတဲ့ ခံစားချက်မျိုး ပေးနိုင်ရတာလဲ...မဖြစ်နိုင်ဘူး...နန်းတော်သခင်ရဲ့ အဆင့်က နတ်ဘုရားနယ်ပယ်ကိုတောင် ရောက်နေပြီး မယှဉ်နိုင်လိုက်အောင် မြင့်မားနေပြီ...သူ့ရဲ့ ဆေးလုံး သန့်စင်မှု ကျွမ်းကျင်မှုကလည်း ကျင့်ကြံဆင့်နဲ့ တူတူပဲ ...ဘယ်လိုလုပ်ပြီး ပုဖန်ကို သူနဲ့ နှိုင်းယှဉ်နိုင်မှာလဲ..."
....
"အဟမ်း.အဟမ်း...အားလုံးပဲ ငြိမ်သက်ပေးကြပါ...အခု နောက်ဆုံး ထုတ်ကုန်ကိုလည်း အကဲဖြတ်ကြပြီးပြီဆိုတော့ အခုမဲပေးရမယ့်အချိန်ရောက်ပါပြီ...စည်းမျဉ်းစည်းကမ်းတွေကတော့ အရင်တိုင်းပါပဲ ...ဘယ်ဘက်မှာရှိတဲ့ အစီအရင်က ကျန်းလင်ကို ကိုယ်စားပြုပြီးတော့ ညာဘက်မှာရှိနေတဲ့ အစီအရင်က ပိုင်ရှင်ပုရဲ့ နတ်မင်းစွေ့စွေ့ခုန် စွပ်ပြုတ်နဲ့ အစပ်ချောင်းကို ကိုယ်စားပြုတယ် လူကြီးမင်းတို့ ထိုက်တန်တယ် ထင်တဲ့လူကို ရွေးချယ်ကြပါ..."
မဟာသခင်၏ စကားဆုံးသည်နှင့် ပရိတ်သတ်များ၏ အသံက တိတ်ဆိတ်သွားသည်။သူတို့၏ အကြည့်များက ပြိုင်ကွင်းပေါ်သို့ စူးစိုက်ကျရောက်နေလေသည်။
"အခုရွေးချယ်ကြတော့..."
မဟာသခင်ရွှမ်မင် တည်ငြိမ်စွာ ပြောလိုက်သံ ထွက်ပေါ်လာသည်။အကဲဖြတ် ပရိသတ်အယောက်ငါးရာက သေချာစွာ အာရုံစိုက်လိုက်ပြီးနောက် သူတို့ရှေ့မှ အစီအရင်ထဲသို့ အစစ်အမှန် စွမ်းအားများ ထည့်သွင်းလိုက်သည်။
ဝေါ...ဝီ...
ထိုအကဲဖြတ်သူများဆီမှ အလင်းတန်းများက ကျန်းလင်နှင့် ပုဖန်ဆီသို့ လွှမ်းခြုံသွားလေသည်။ကျန်းလင်က ပုဖန်နားနှင့် ပတ်ပတ်လည်ဝဲနေသော အလင်းတန်းများကို စိုက်ကြည့်လိုက်သည်။နောက်ခဏ၌ မယုံနိုင်စရာများဖြစ်ပွားလာလေသည်။
ပရိတ်သတ်များ၏ ပွဲကြည့်စင်တန်းက ကြီးမားလှသော ဖိအားကြောင့် ကျိုးပဲ့သွားလေ၏။လူတိုင်းက သိချင်စိတ်ပြင်းပြစွာဖြင့် အရှေ့သို့ အားပြု အာရုံစိုက်နေကြသောကြောင့်ဖြစ်သည်။
မဟာသခင်များ၏ မျက်နာ၌လည်း အံ့အားသင့်သွားသည့် အမူအရာပေါ်လာသည်။
ပရိတ်သတ်များကြားထဲတွင်ရှိနေသော နန်ကုန်းဝူချယ်၏လည်း အဖြစ်အပျက်ကြောင့် ကြောင်အနေမိသည်။
နန်ကုန်းဝမ်နှင့် ယန်မိန်ကျီတို့လည်း အတူတူပင် လူအားလုံး အံ့အားသင့်ငြိမ်သက်နေမိကြသည်။အစပ်ချောင်းစားနေဆဲဖြစ်သော နယ်သာရီပင်လျှင် အားလုံးနည်းတူ အံ့အားသင့်နေကြသည်။
အလင်းရောင်များက အလွန်တောက်ပလွန်းလှသည်။စူးရှလှသော အလင်းရောင်ကြောင့် အားလုံး မျက်လုံးများပင် မှေးကျင်းလိုက်ရသည်။ကျန်းလင်၏ မျက်နာက မယုံကြည်နိုင်မှုဖြင့် ဖြူဖျော့လာသည်။ပုဖန်ကို ဝန်းရံနေသော အလင်းတိုင်က ကောင်းကင်ထိ တိုင်အောင်ပင် ထိုးတက်သွားလေသည်။သူမနှင့် ပုဖန်ကို ယှဉ်လိုက်လျှင် ပိုးစုန်းကြူးနှင့် လမင်းကဲ့သို့ ကွာခြားလှပေ၏။
"ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ..."
ကျန်းလင်၏ ဘေးနားမှ အလင်းတန်းများ ပျောက်ကွယ်သွားသည်နှင့် သူမခေါင်းခါလိုက်မိသည်။
"ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ရှင်တို့တွေ ကလိမ်ကကျစ်မကျကြနဲ့... ဒီ ကြည့်လို့တောင်မကောင်းတဲ့ ဟင်းပွဲတစ်ခုက ဘယ်လိုလုပ်ပြီး ငါ့ရဲ့ ဆေးလုံးနဲ့ ယှဉ်နိုင်မှာလဲ... ငါ့ရဲ့ ဆေးလုံးက အမှတ် ၆ စိတ်ဝိညာဉ် ဆေးလုံး ဒီလိုညစ်ပတ်စုတ်ပြတ်တဲ့ ဟင်းပွဲတစ်ခုက ဘယ်လိုလုပ်ပြီး ငါနဲ့ ယှဉ်လို့ရမှာလဲ..."
ကျန်းလင် အကဲဖြတ် ပရိတ်သတ်ငါးရာဘက်သို့ လှည့်၍ အော်ဟစ်လိုက်သည်။သူမ၏ မျက်နာက အကြိမ်ကြိမ်ရိုက်ခံထားရသလို နီရဲနေပေသည်။သူမက ပုဖန်ကို အနိုင်ရရန် အခွင့်အရေးမရှိဟူ၍ အထင်အမြင်သေးလှောင်ပြောင်ခဲ့သည်။သ်ို့သော်လည်း သူ့၏ အလင်းတ်ိုင်က သူမနှင့် နှိုင်းစရာကို မလိုပေ။ထိုထက်ပို၍ အရှက်ရစရာ ကိစ္စမရှိတော့ပေ။
သူမက ကိုယ်ကိုကိုယ် အရူးလုပ်ခဲ့မိပေသည်။
အကဲဖြတ် ပရိတ်သတ်များက သူမ၏ အပြုအမူကို ကြည့်၍ မျက်မှောင်ကြုတ်လိုက်ကြသည်။
သူတို့က သူတို့၏ နှလုံးသားဆန္ဒနောက်ကို လိုက်၍ ဆုံးဖြတ်ခဲ့ကြခြင်းပင်ဖြစ်သည်။၎င်းက အကျိုးသက်ရောက်မှုကြောင့်လည်း မဟုတ်သလို အရသာကြောင့်လည်း မဟုတ်ပေ။အစပ်ချောင်းက အလွန်ပင် ညှို့ဓာတ်ပြင်း၍ ဆွဲဆောင်နိုင်မှုရှိလွန်းလှသည်။
"ဒီလို အံ့အားသင့်စရာဆန်းကြယ်တဲ့ တစ်စုံတစ်ခုကို နင့်ရဲ့ အမှတ် ၆ ဆေးလုံးလေးက ဘယ်လိုလုပ် ယှဉ်နိုင်နိုင်မှာလဲ ..."
မည်သို့ပင်ဆိုစေ အမှတ် ၆ စိတ်ဝိညာဉ်ဆေးလုံးကလည်း အလွန် အစွမ်းထက်လွန်းလှသည်။သို့သော်လည်း အဆင့် ၄ဆင့် ချိုးဖောက်တက်ရောက်ထားသူအတွက်မူ အဆင့်တက်ရောက်လိုပါက ဒီရှူးရှဲ အစပ်ချောင်းကိုသာစားရပေလိမ့်မည်။
ထိုအမှန်တရားက အမှတ် ၆ ဆေးလုံးများအတွက် ကြေကွဲစရာ ဆုံးရှုံးမှုပင် ဖြစ်သည်။
မဟာသခင် ရွှမ်မင် မျက်မှောင်ကြုတ်လိုက်မိသည်။ဒါကက ရိုးရှင်းတဲ့ ပြိုင်ပွဲတစ်ခုသာဖြစ်သည်။ရလဒ်များကို လက်ခံဖို့ အဘယ့်ကြောင့် ဒီလောက်ခက်ခဲနေရပါသနည်း။
"မဖြစ်နိုင်ဘူး...ဒါက လုံးဝ မဖြစ်နိုင်ဘူး...ငါ့ရဲ့ ဆေးလုံးက အစပ်ချောင်းတစ်ခုကို ရှုံးသွားမယ်ဆိုတာ မဖြစ်နိုင်ဘူး...ဟား...ဟား..."
သူမထိုကဲ့သို့ အရှက်ရမှုမျိုးကို လက်မခံနိုင်ပေ။၊ရုတ်တရက် ပုဖန် ကို ဝန်းရံနေသော အလင်းတိုင်က ပေါက်ကွဲသွားပြီး တစ်စုံတစ်ရာက လျှင်မြန်စွာဖြင့် သူမဆီသို့ လွင့်ပျံလာလေသည်။ကျန်းလင် လက်ဆန့်ထုတ်၍ ထိုအရာကို လှမ်းဖမ်းလိုက်သည်။
"မယုံကြည်နိုင်ဘူး...လက်မခံနိုင်ဘူးဟုတ်လား ...ဘာလို့ ခဗျ ားကိုယ်တိုင် မမြည်းကြည့်တာလဲ..."
အလင်းလှိုင်းများ လေနှင့်အတူ တဖြေးဖြေးချင်း လွင့်ပါသွားပြီးနောက် ပုဖန်၏ ပုံရိပ် ပြန်လည်ထွက်ပေါ်လာသည်။