အခန်း ၅၆၈
ပြိုင်ပွဲကြီးအဆုံးသတ်
ပုဖန်သာ ပလုတ်ပလောင်းဖြင့် ဝါးမနေလျှင် အလင်းရောင်များကြားမှ ပေါ်ထွက်လာပုံက အလွန်ပင် ခန့်ညားချောမောပေလိမ့််ည်။
နှမြောစရာကောင်းလှသည်။
အစပ်ချောင်းကို မက်မက်မောမောစားနေသည်ပုံက လှပသည့် မြင်ကွင်းကို ဖျက်စီးပစ်လိုက်လေသည်။
ကျန်းလင်က လေထဲလွင့်လာသော အစပ်ချောင်းကို ဖမ်းယူလိုက်ပြီး မျက်မှောင်အနည်းငယ်ကြုတ်၍ ကြည့်လိုက်မိသည်။တစ်ချိန်တည်းမှာပင် လေနှင့်အတူ လွင့်ပါးလာသော အချိုနှင့် အစပ် တွဲနေသော အစပ်လေးက သူမ၏ နှာခေါင်းကို ကျီစယ်လာလေသည်။သူမပုဖန်ကို နက်နက်ရှိုင်းရှိုင်းတစ်ချက်ကြည့်လိုက်ပြီး ပါးစပ်ထဲသို့ ထည့်လိုက်သည်။
အမှန်တိုင်းပြောရမည်ဆိုပါလျှင် ပုဖန်၏ ဟင်းပွဲက သူမကို အောင်န်ိုင်သွားသည်ဆိုသည်အား သူမယုံကြည်နိုင်ပေ။ သူမ၏ အမှတ် ၆ ဆေးလုံးက ဘယ်လိုလုပ်ပြီး အလွယ်တကူ ရှုံးနိမ့်နိုင်မှာလဲ...
သို့သော်လည်း ပါးစပ်ထဲသို့ အစပ်ချောင်းရောက်သွားသည့် ခဏမှာပင် သူမ၏ စိတ်က တုန်ယင်သွားသည်။ခလုတ်နှိပ်ရပ်တန့်လိုက်သလိုမျိုး သူမခန္ဓာကိုယ်က တောင့်တင်းသွားကာ စိတ်ခွန်အားပါ စတင်တုန်ခါလာလေသည်။
ကျန်းလင်၏ မျက်နာ၌ နီရဲသွားပြီး နှာခေါင်းထိပ်၌ ချွေးများစီးထွက်လာသည်။ဒါက အစပ်ချောင်းကြောင့်ပဲ ဖြစ်သည်။သူမနားမလည်နိုင်တော့ပေ။ထိုမျှစပ်သည့် အရာကို လူများ ဘာကြောင့် နှစ်နှစ်ခြိုက်ခြိုက်စားသုံးနေပါသနည်း။
"ဒါက ဘယ်လိုလုပ်ပြီး ကောင်းနိုင်တော့မှာလဲ..."
သူမကိုက်ဝါးလိုက်သည့်အချိန်၌ အစစ်အမှန်စွမ်းအင်များက ခန္ဓာကိုယ်ရှိ အကြောအချဉ်များအားလုံးကို တိုးတိုက်ဝှေ့လိုက်လေသည်။
ထို့နောက် တစ်ကိုက်ပြီးတစ်ကိုက်...
ဒီတစ်ကြိမ်၌ ရင်ပြင်ကျယ်တစ်ခုလုံးက ငြိမ်သက်တိတ်ဆိတ်နေလေသည်။ပရိတ်သတ်များအားလုံးက အသံတစ်စက်မထွက်ပဲ ကျန်းလင်ကိုသာ ကြည့်နေကြသည်။
ပုဖန် သူ့ပါးစပ်ထဲမှ အစပ်ချောင်းကို မြိုချလိုက်ပြီး သက်ပြင်းဖွဖွအသာချလိုက်သည်။သူ နောက်ဆုံး အကြိမ် အစပ်ချောင်းစားခဲ့သည်က အလွန်ကြာမြင့်လှပြီဖြစ်သည်။၎င်းက သူ့၏ အတိတ်ကို ပြန်လည် အောက်မေ့လွမ်းဆွတ်သွားစေသည်။
"ဘယ်လိုနေလဲ ခင်ဗျားရဲ့ အရှုံးကို ဝန်ခံပြီလား..."
ပုဖန်က ပါးစပ်၌ ကွက်နေသော ဆီများကို သုတ်လိုက်ရင်း ကျန်းလင်ကို လှမ်းမေးလိုက်သည်။ခေါင်းငုံ့ချထားသော ကျန်းလင်၏ ခန္ဓာကိုယ်က တုန်ယင်နေလေသည်။သူမ၏ ဆံပင်ဖြူများက မျက်နာကို ကွယ်ထားပြီး သူမ အဆက်မပြတ် အစပ်ချောင်းကို ဝါးနေလေသည်။
ရုတ်တရက် ပုဖန် တောင့်ခဲသွားသည်။အဘယ့်ကြောင့်ဆိုသော် ကျန်းလင်၏ ပုံရ်ိပ်က ပြင်းပြင်းထန်ထန် လှုပ်ခါလာသောကြောင့်ပင်။သူမ၏ မျက်နာ၌ မျက်ရည်များ စိုရွှဲနေပြီး မျက်ရည်စက်များက ကြမ်းပြင်ပေါ်သို့ တစ်စက်စက်ကျနေသည့် အသံကိုပင် အားလုံးကြားနိုင်လေသည်။
ထိုအမူအရာက သူမ၏ အရှုံးကို ဝန်ခံလိုက်ခြင်းဖြစ်ကြောင်း အားလုံး သိလိုက်ကြသည်။မဟာသခင်များလည်း ကျန်းလင်အတွက် စိတ်မကောင်းကြီးစွာဖြင့် သက်ပြင်းတစ်ချက် ချလိုက်ကြသည်။
မူလက ကျန်းလင်က ချန်ပီယံဆုအတွက် မျှော်လင့်ချက်ထားနိုင်ဆုံးသော သူဖြစ်သည်။အကယ်၍ ထိုဖျက်မြင်းစားဖိုမှူးသာ ပေါ်မလာခဲ့လျှင် သူမက စင်မြင့်ထက်တွင် ဝင့်ဝင့်ကြွားကြွား ရပ်၍ ကောင်းကင်ထက်သို့ ထိုးဖောက်တက်တော့မလိုပင် မာန်ဝင့်နိုင်ပေလိမ့်မည်။
သို့သော်လည်း ထိုစားဖိုမှူးတည်ရှိနေခြင်းက သူမအနှစ်နှစ်အလလ ကြိုးစားခဲ့ရသမျှကို အလဟသ ဖြစ်သွားစေလေသည်။
"အခု ပဉ္စလက် စုဝေးပွဲကြီးရဲ့ နောက်ဆုံး ဗိုလ်လုပွဲစဉ် ပြီးဆုံးသွားပြီ ...ရရှိတဲ့ဆုနေရာတွေကိုလည်း ဆုံးဖြတ်သတ်မှတ်ပြီးသွားပြီ..."
မဟာသခင်ရွှမ်မင်၏ အေးစက်တည်ကြည်လှသော အသံက ရင်ပြင်ကျယ်တစ်ခုလုံးကို ဖြတ်သန်းသွားလေသည်။ထိုခဏမှာပင် အလင်းရောင်များ ထွက်ပေါ်လာပြီးနောက် ကောင်းကင်ပေါ်ရှိ ပုံရိပ်လွှဲပြောင်းအစီအစဉ်မှနေ၍ ကောင်းကင်ပေါ်၌ အဆင့် သတ်မှတ်ချက်များကို ဖော်ပြလာလေသည်။
ပထမနေရာ ပုဖန် ၊
ဒုတိယ နေရာ ကျန်းလင် ၊
တတိယနေရာ မုပိုင်...
ပုဖန်၏ နာမည်က အစီအရင်၏ ထိပ်ဆုံးနေရာ၌ ရှိနေပြီး အလင်းများလည်း အလွန်အမင်း ဖြာထွက်နေလေသည်။
မုပိုင်က သူ့၏ နာမည်ကို ခေါင်းမော့ကြည့်လိုက်သည်။သူ့နှလုံးသားထဲတွင်လည်းအလွန်ပင် စိတ်အေးသက်သာ ငြိမ်းချမ်းမှုကို ခံစားလိုက်ရသည်။
မုပိုင်၏ ခံစားချက်များက အများကြီး တည်ငြိမ်သွားပုံပေါ်လေသည်။သူက ယခုထိသူမ၏ အရှုံးကို လက်မခံနိုင်ဖြစ်နေသော ကျန်းလင်၏ ဘေးနားတွင်တည်ငြိမ်စွာရပ်နေသည်။ကျန်းလင်က သူမ၏ ဒုတိယဆုကိုပင် လက်မခံယူတော့ပဲ စင်မြင့်ပေါ်မှ အစောကြီးဆင်းသွားလေသည်။
"ပိုင်ရှင်ပု မင်းမှာ အစပ်ချောင်းကျန်သေးလား...ငါ့ကို တစ်ချောင်းလောက် ပေးမြည်းလို့ရမလား...အဲ့ဒီ အစပ်ချောင်းက ဘယ်လောက်တောင်များ အံ့အားသင့်စရာကောင်းလို့ ကျန်းလင်ကို အနိုင်ရလိုက်တာလဲဆိုတာ ငါလည်းသိချင်တယ်..."
မုပိုင်က ညှင်သာစွာ ပြုံးလိုက်၍ ပြောလိုက်သည်။
ပုဖန်က ခံစားချက်မဲ့လှသောအမူအရာဖြင့် မုပိုင်ကို လှမ်းကြည့်လိုက်သည်။
"မရှိတော့ဘူး ..."
"ဟမ်...မင်းအများကြီးသိမ်းထားတယ်လို့ ပြောခဲ့တယ်မဟုတ်ဘူးလား..."
မုပိုင် သင်္ကာမကင်းဖြင့် ထပ်မေးလိုက်သည်။
"အားလုံး စားပစ်လိုက်ပြီ...တကယ်လို့ မင်းစားချင်တယ်ဆိုရင်တော့ မနက်ဖြန်ကျရင် ဆိုင်ကိုလာပြီး လာဝယ် ဒါပေမယ့် မမေ့နဲ့နော် ပထမဆုံးလာတဲ့လူက ပထမဆုံးရမယ်..."
"မနက်ဖြန်..."
မုပိုင် မျက်မှောင်ကြုတ်လိုက်မိသည်။
"ပိုင်ရှင်ပု...ငါတို့က မနက်ဖြန်ကျရင် ကောင်းကင်ဘုံ လျှို့ဝှက်နယ်မြေကို သွားရမယ်ဆိုတာကို မင်းမသိဘူးလား...ပဉ္စလက်စုဝေးပွဲကြီးရဲ့ ထိပ်ဆုံး ၃နေရာမှာ ဝင်တဲ့သူတွေက လျှို့ဝှက်နယ်မြေကို ဝင်ဖို့ အခွင့်အရေးရတယ်..."
လျှို့ဝှက်နယ်မြေကို ဝင်ရမယ် ဟုတ်လား...ဘယ်သူမှ ငါ့ကို ဘာလို့မပြောတာလဲ...တကယ်လိုငါသာ လျှို့ဝှက်နယ်မြေထဲ ဝင်မယ်ဆိုရင် ငါ့ရဲ့ စီးပွားရေးက အရမ်းနစ်နာသွားမှာပေါ့...
"ပိုင်ရှင်ပု မင်းအဲ့ဒါကို တကယ်မသိဘူးလား ..."
မုပိုင် ပုဖန်၏ အမူအရာကိုကြည့်၍ အံ့အားသင့်သွားသည်။
"ထိပ်ဆုံး ၃နေရာထဲ ဝင်ဖို့ တိုက်ခိုက်ခဲ့တာက လျှို့ဝှက်နယ်မြေထဲ ဝင်နိုင်ဖို့ မဟုတ်ဘူးလား..."
ကောင်းကင်ဘုံ လျှို့ဝှက်နယ်မြေက ဆေးနန်းတော်၏ အရေးပါဆုံးသော နေရာတစ်ခုဖြစ်သည်။ထိုလျှို့ဝှက်နယ်မြေထဲတွင် တန်ဖိုးရှိလှသော မြောက်များလှစွာသည့် စိတ်ဝိညာဉ် စားကျက်နယ်မြေများရှိနေသည်။ထိုနယ်မြေထဲတွင်မှ မြောက်များလှစွာသော စိတ်ဝိညာဉ် ဆေးပင်များ ရှိနေပြန်သည်။
ကျန်းလင် အသုံးပြုခဲ့သော တန်ဖိုးကြီးလှသည့် အဆင့်မြင့် စိတ်ဝိညာဉ် ဆေးပင်မျိုးပင်လျှင် ထိုနယ်မြေထဲ၌ ပေါပေါများများ ပေါက်ရောက်နေပေသည်။
ထိုစိတ်ဝိညာဉ် ဆေးပင်များထက် လျှို့ဝှက်နယ်မြေထဲတွင် မြောက်များလှစွာသော အခွင့်အရေးများ ရှိနေပေသည်။
မှန်ပေသည်။ထိုနယ်မြေထဲတွင် မြောက်များလှစွာသော အမွေအနှစ်များလည်း ရှိနေပေသည်။ထိုထဲတွင် မသေမျိုး ဝိညာဉ် အဆင့် ပညာရှင်ထံမှ အမွေအနှစ်များပင် ပါဝင်နေပေသည်။
ထိုလျှို့ဝှက်နယ်မြေက နဂါးမြို့ဟောင်းတိုက်ကြီး၏ မတည်ငြိမ်သော လေဟာနယ်၌ ဖြစ်တည်နေသော ကမ္ဘာငယ်လေးတစ်ခုဖြစ်သည်။ထိုကမ္ဘာငယ်လေးက ဆန်းကြယ်မှု အမျိုးမျိုးကို သယ်ဆောင်ထားပေသည်။ထိုထဲတွင် ပညာရှင်များ၏ အမွေအနှစ်များ ကောင်းကင်ဘုံ၏ ရတနာများနှင့် နတ်ဘုရားအဆင့် အပိုင်းအစများပါ ပေါ်ထွက်လာနိုင်ပေသည်။
နဂါးမြို့ဟောင်းတိုက်ကြီး၏ အကြီးမားဆုံး အင်အားစုတစ်ခုဖြစ်သော လျှို့ဝှက်နဂါးတော်ဝင်ခုံရုံးက ထိုလျှို့ဝှက်နယ်မြေကို ချုပ်ကိုင်ထားပေသည်။မှန်ပေသည် ဒါက သူတို့ တစ်ဖတ်သတ်ပြောကြားခြင်းဖြစ်သည်။သို့သော်လည်း ထိုနယ်မြေက တကယ့်ကို အင်အားကြီးသော တည်ရှိမှုတစ်ခုဖြစ်သည်ဆိုသည်ကတော့ မငြင်းနိုင်သည့် အမှန်တရားတစ်ခုပင်ဖြစ်သည်။
လျှို့ဝှက်နဂါးတော်ဝင်ခုံရုံးမှ ထိန်းချုပ်နေသော လျှို့ဝှက်နယ်မြေထဲကို ဝင်မည့်သူက အင်အားသန်မာမှုရှိရန်တော့ လိုအပ်ပေသည်။ထိုသို့မှမဟုတ်လျှင် ထိုလျှို့ဝှက်နယ်မြေကို မျက်စောင်းထိုးကြည့်ရန်ပင် အခွင့်အရေးရမည်မဟုတ်ပေ။
"လျှို့ဝှက်နယ်မြေရဲ့ ဝင်ပေါက်က ပွင့်နေပြီ မူလကတော့ နောက်ရက်အနည်းငယ်အကြာမှ ပွင့်မှာပဲ ဒါပေမယ့် အကြောင်းတစ်ချို့ကြောင့် စောစောစီးစီးပဲ ပွင့်သွားတယ် ကံကောင်းထောက်မစွာနဲ့ပဲ ငါတို့ရဲ့ ပဉ္စလက်စုဝေးပွဲရဲ့ ထိပ်သီး နေရာ ၃ယောက်က သတ်မှတ်ပြီးသွားပြီဖြစ်နေပြီ..."
ပုဖန်က မုပိုင်ပြောသမျှကို အကြောင်သားဖြင့် နားထောင်နေသည်။သူ့တွင် ထိုလျှို့ဝှက်နယ်မြေနှင့် ပတ်သတ်၍ မည်သည့်အတွေးမှ မရှိနေပေ။သို့သော်လည်း ပဉ္စလက်စုဝေးပွဲကြီးတွင် သူ စိတ်ဝင်စားသည့် ဆုတစ်ခုတော့ရှိနေပေသည်။
"ငါ့ရဲ့ဆုကို သလင်းကျောက်တွေနဲ့ လဲလို့ရတယ်လို့ မပြောခဲ့ဘူးလား..."
ဒါကသာ သူ ဆန္ဒရှိသည့်အရာဖြစ်သည်။မဟာသခင်ရွှမ်မင်က ဆုများပေးအပ်စဉ်တွင် တောက်ပနေသော ပုဖန်၏ မျက်နာကိုကြည့်၍ ထူးဆန်းမှုတစ်ခုကို ခံစားလိုက်ရသည်။
တစ်ခြားသူများက သူတို့ ဆုလက်ခံရရှိမည့်အချိန်တွင် အဆင့်မြင့် စိတ်ဝိညာဉ် ဆေးပင်များနှင့် ဆေးလုံးသန့်စင်သည့် နည်းစနစ်များကိုသာ ရှာဖွေကြသည်။
မှန်ပေသည်။ထိုတွင်၌ လျှို့ဝှက်နယ်မြေ၌ ဝင်ရောက်နိုင်သည့် အခွင့်အရေးကိုလည်း လိုချင်ကြလေသည်။သို့သော်လည်း ပုဖန်က စားဖိုမှူးတစ်ယောက် ဖြစ်နေသည်။ထို့ကြောင့် ဆေးလုံးသန့်စင်သည့် နည်းလမ်းက သူ့အတွက် အသုံးမဝင်ပေ။သူတို့ ထိုနည်းစနစ်များကို သလင်းကျောက်များအဖြစ် ပြောင်းလဲပေးလိုက်ရလေသည်။
မဟာသခင်ရွှမ်မင်က သလင်းကျောက်များထည့်ထားသော သေတ္တာကြီးကို ပုဖန်ရှေ့၌ ချပေးလိုက်ပြီး ပုဖန်၏ မျက်နာကို ခပ်ကြာကြာကြည့်လိုက်မိသည်။ပဉ္စလက်စုဝေးပွဲကြီးက ဒီတစ်ကြိမ်ထက်ပို၍ မထူးဆန်းနိုင်တော့ဟု သူခံစားမိလေသည်။
သလင်းကျောက်သေတ္တာကို လက်ခံပြီးသည်နှင့် ထွက်ခွာရန် ပြင်ဆင်နေသောကြောင့် မဟာသခင်ရွှမ်မင် အံ့အားသင့်သွားသည်။
"ပုဖန် မနက်ဖြန် လျှို့ဝှက်နယ်မြေဖွင့်မယ်ဆိုတာ သိတယ်မဟုတ်လား...မနက်ဖြန် ဆေးလုံးအဆောက်အဦးမှာ အချိန်မီ လာရောက်စုဝေးဖို့ မမေ့နဲ့ ..."
မဟာသခင်ရွှမ်မင်က စင်ပေါ်မှ လှည့်လျှောက်သွားပြီဖြစ်သော ပုဖန်ကို အော်လိုက်သည်။သို့သော်လည်း အဖြေအဖြစ် ပုဖန်၏ သာမန်ကာလျှံကာ လက်ဝှေ့ယမ်းပြမှုကိုသာ လက်ခံရရှိလေသည်။
နောက်ဆုံး၌ ပဉ္စလက်စုဝေးပွဲကြီး လုံးဝ ပြီးဆုံးသွားပေပြီ ထိပ်သီး ၃ယောက်၏ နာမည်များကလည်း ဆေးနန်းတော်များတစ်ခွင် ပြန့်နှံ့သွားလေသည်။ဆေးနန်းတော်ရှိသူများကြားထဲ၌ ထိုအကြောင်းအရာကို ဆွေးနွေးနေကြသည်။
နတ်ဆိုးဖြူ ကျန်းလင်က အမှတ် ၆ စိတ်ဝိညာဉ် ဆေးလုံးကိုပင် သန့်စင်နိုင်ခဲ့သော်လည်း အစပ်ချောင်းလေးတစ်ချောင်းကို ရှုံးနိမ့်ခဲ့ရသည်။ထိုအစပ်ချောင်းက အကဲဖြတ် ပရိတ်သတ်ငါးရားကိုပင် စင်ပေါ်၌ ရူးသွပ်တိုက်ခိုက်အောင် လုပ်နိုင်ပေသည်။ထို့အပြင် ကျန်းလင်ကလည်း ထိုအစပ်ချောင်းကို စားပြီးနောက် သူမ၏ အရှုံးကို ဝန်ခံခဲ့သည်။
ဆေးနန်းတော်တစ်ခုလုံး ဆူညံ ပွက်လောရိုက်နေသည်။ပဉ္စလက်စုဝေးပွဲကြီး၏ ချန်ပီယံက အဂ္ဂိရတ်ပညာရှင်တစ်ယောက်မဟုတ်ပဲ စားဖိုမှူး တစ်ယောက်ဖြစ်နေခြင်းက သူတို့က အနည်းငယ် စိတ်မကျေမနပ်ဖြစ်စေသည်။
သို့သော်လည်း ပုဖန်က သူ့၏ စွမ်းရည်များဖြင့် ထိုနေရာကို ထိုက်ထိုက်တန်တန် ရရှိခဲ့သောကြောင့် မည်သူမှ စောဒကမပြောကြပေ။
သို့သော်လည်း တစ်ချို့သော အဂ္ဂိရတ်ပညာရှင်များကမူ ပုဖန်က ချန်ပီယံနေရာနှင့် မထိုက်တန်ကြောင်း သူ့ကို ထုတ်ပယ်သင့်ကြောင်း ပြောင်ကျကျပင် ပြောဆိုနေကြလေသည်။
အဘယ့်ကြောင့်ဆိုသော် ပဉ္စလက်စုဝေးပွဲကြီး၏ ချန်ပီယံနေရာက စားဖိုမှူး တစ်ယောက်အတွက်မဖြစ်သင့်ပေ။
ထိုအကြောင်းများကို ဟန်လီကြားသည့်အခါ၌ သူ့မျက်ဝန်း၌ အလင်းရောင်တစ်ချက်လက်သွားသည်။
သူက မြင့်မားလှသော အဆောက်အဦး၏ ပြတင်းပေါက်နားတွင် ရပ်နေပြီး အောက်ကမြင်ကွင်းကို တိတ်တဆိတ်ကြည့်နေလေသည်။ထိုကောင်စုတ်လေးက လျှို့ဝှက်နယ်မြေထဲ သွားပေတော့မည်။ထိုအချိန်၌ သူ လှုပ်ရှားရပေမည်။
သူ ရှုရမျှော်စင်အကြောင်း စဉ်းစားလိုက်သည်နှင့် မထိန်းချုပ်နိုင်ပေဖြစ်နေလေသည်။တိမ်ခိုးစားသောက်ဆိုင်အတွင်းတွင် ပုဖန် ထိုင်ခုံတစ်ခုံကိုဆွဲယူ၍ ထိုင်ချလိုက်သည်။ဒီနေ့ သူ့၏ စီးပွားရေးလုပ်ငန်းမလုပ်ကိုင်သောကြောင့် ဆိုင်တံခါးကို တင်းတင်းစေ့ပိတ်ထားလိုက်သည်။
သူ့၏ ရှေ့၌ ဆုအဖြစ်ရရှိခဲ့သော ကြီးမားလှသည့် သေတ္တာကြီးတစ်ခုရှိနေသည်။သေတ္တာကို ဖွင့်လိုက်သည်နှင့် တောက်ပလှသော သလင်းကျောက်များကို မြင်လိုက်ရသောကြောင့် ပုဖန်၏ မျက်နာက ပျော်ရွှင်မှုဖြင့် ပြည့်နှက်သွားလေသည်။
ဒါတွေ အားလုံးက သူ့၏ ကျင့်ကြံမှုအတွက်ပင်။သူသလင်းကျောက်များကို သေချာစွာ ရေတွက်လိုက်သည်။အားလုံးပေါင်း ၁သိန်းသာ ရှိသောကြောင့် မကျေမနပ်ဖြစ်သွားလေသည်။
"အကြီးဆုံးပြိုင်ပွဲကြီးရဲ့ နံပါတ်၁ ချန်ပီယံဆုလေ ဘာကြောင့် နည်းနည်းလေးပဲ ရှိတာလဲ..."
မပျော်မရွှင်ဖြစ်မိသော်လည်း မည်သို့မှ အထွန့်မတက်တော့ပဲ လက်ဝှေ့ယမ်း၍ သိုလှောင်နယ်မြေထဲ ထည့်သိမ်းထားလိုက်သည်။ထို့နောက် သူ သက်ပြင်းအသာမှုတ်ထုတ်လိုက်ပြီး ခုံကို မှီ၍ ထိုင်လိုက်သည်။မျက်လုံးများကို အသာမှေးစင်းလိုက်ပြီး ရှားရှားပါးပါး အခိုက်တန့်လေးကို ပျော်ရွှင်စွာခံစားနေသည်။
ဆိုင်ငယ်လေးအတွင်း၌ နယ်သာရီက ခြေဗလာဖြင့်ပင် ဆိုင်အတွင်း လှည့်ပတ်လျှောက်နေ၏။
ဝှိုက်တီ၏ ခေါင်းပေါ်တွင် လဲလျောင်းနေသော ပုစွန်ပိစိက ပုဖန်ကို မကြည့်ချင်မမြင်ချင် ဖြစ်နေလေသည်။ထိုအကောင်ပိစိလေးက မကျေနပ်မှုများကို ဆုပ်ကိုင်ထားဆဲဖြစ်သည်။
သိမြင်မှု သစ်သီးပင်အောက်တွင်ရှိနေသော ခွေးငပျင်းက ထုံးစံအတိုင်း ငြိမ်သက်စွာ အိပ်မောကျနေလေသည်။ရတနာရှစ်သွယ်ကြက်ကမူ သူ့၏ တောင်ပံတစ်ဖတ်က ပြန်လည် ထွက်ပေါ်နေပြီဖြစ်သောကြောင့် တောင်ပံကို တဖျတ်ဖျတ်ခတ်ရင်း ကျယ်လောင်စွာ ကတော်ကတော် အော်မြည်နေလေသည်။
ဝီ...
[ယာယီမစ်ရှင်။ ။ ပိုင်ရှင် ကောင်းကင်ဘုံ လျှို့ဝှက်နယ်မြေကို ဝင်ရောက်တဲ့အခါ အစစ်အမှန် နဂါးသစ်သီးကို ရှာဖွေရပါမယ်...အဲ့ဒီသစ်သီးကို အသုံးပြုပြီးတော့ နောက်ထပ် အဆင့် တစ်ဆင့် မြင့်တဲ့ နတ်မင်းစွေ့စွေ့ခုန် စွပ်ပြုတ်ပွဲ ပြုလုပ်ရပါမယ်...
.ယာယီမစ်ရှင်၏ ဆု အစစ်အမှန် စွမ်းအင် ၂၀% ...]
မျက်လုံးများမှိတ်၍ အနားယူနေသည့်အချိန်မှာပင် သူ့ခေါင်းထဲ၌ စနစ်၏ အသံ ထွက်ပေါ်လာလေသည်။
"ဘာလို့ နောက်ထပ်မစ်ရှင်တစ်ခု ရောက်လာတာလဲ ..."
သူလျှို့ဝှက်နယ်မြေထဲသို့ မသွားရန် ဆုံးဖြတ်ထားသည့်အချိန်မှာပင် မစ်ရှင်တစ်ခု ထပ်ပေါ်လာလေသည်။သူက အစစ်အမှန် နဂါးသစ်သီးကို ရှာရပေမည်။စနစ်က တကယ့်ကို ရည်ရွယ်ချက်ရှိရှိ ပြုလုပ်နေခြင်းပင်။
ပုဖန် မတ်မတ်ပြန်ထိုင်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်သည်။အမှန်တိုင်းပြောရလျှင် သူ လျှို့ဝှက်နယ်မြေထဲ သူတကယ့်ကို သွားချင်စိတ်မရှိပေ။ထိုသို့သာသွားလျှင် သူ့ဆိုင်၏ စီးပွားရေးကို မည်သိူ့မျှ လုပ်ကိုင်မည်နည်း။
သူက လူပုံအလယ်တွင် ရှူးရှဲု အစပ်ချောင်းကို ပြုလုပ်ပြီး လူများ အာရုံစိုက်လာအောင် ပြုလုပ်ခဲ့ပြီးဖြစ်သည်။ထို့ကြောင့် သူ့၏ စီးပွားရေးကလည်းဝုန်းခနဲ ထိုးတက်လာပေလိမ့်မည်။
ဒါတွေအားလုံးက သူရမည့် ကျင့်ကြံဆင့် စွမ်းရည်များပင်ဖြစ်သည်။လျှို့ဝှက်နယ်မြေထဲသို့ သွားခြင်းက ကောင်းမွန်သည့် ကမ်းလှမ်းမှုတစ်ခုလို့ မထင်ခဲ့သောကြောင့် သူမသွားချင်ပေ။
သို့သော်လည်း မစ်ရှင်ကို အရှုံးမပေးချင်ပေ။
ပုဖန် အနည်းငယ် ခေါင်းကိုက်လာသလို ခံစားမိပြီးမတ်တပ်ထရပ်လိုက်မိသည်။သူဆိုင်အတွင်းသို့ ဝေ့ဝဲကြည့်လိုက်ရာ ပျင်းရိစွာဖြင့် လမ်းလျှောက်နေသောနယ်သာရီကို တွေ့လိုက်ရသည်။သူ့မျက်လုံးများ တောက်ပသွားလေ၏။
"ငါအစပ်ချောင်းတွေ ပြုလုပ်ထားပြီးတော့ နယ်သာရီကို ရောင်းခိုင်းလိုက်လို့ရတာပဲ အဲ့ဒီလိုသာဆိုရင် စိုးရိမ်ပူပန်မှုမရှိပဲ လျှို့ဝှက်နယ်မြေထဲ သွားလို့ရပြီ..."
ပုဖန်၏ နှုတ်ခမ်းထောင့်စွန်းလေးများ တွန့်ကွေးသွားလေသည်။သူအကောင်းဆုံးအကြံဉာဏ်ကို ရရှိသည်ဟု ခံစားလိုက်ရသည်။
နယ်သာရီက ထူးဆန်းမှု တစ်ခုကို ခံစားလိုက်ရသောကြောင့် ပုဖန်ကို စူးစမ်းစွာ လှမ်းကြည့်လိုက်သည်။ပုဖန်က သူမကို ပြုံးပြုံးကြီးကြည့်နေရင်းဖြင့် မီးဖိုခန်းဘက်သို့ ဝင်သွားလေသည်။
"သူက သူမအတွက် နဂါးသွေးထမင်းကြော် သွားချက်တာလား..."
သူမ နောက်တစ်ဖန် စားရတော့မည်ဖြစ်သောကြောင့် အလွန်ပျော်ရွှင်သွားလေသည်။