အပိုင်း ၂၂
Viewers 12k

ဂျာမန်ခွေးက သူ့အားမယုံသင်္ကာဖြစ်စွာကြည့်လျက်
"မင်းကတကယ်ကြီးအညံ့ခံလိုက်တာပေါ့..."
"ဟုတ်တယ်လေ"
၀မ်မင်ယီကသူ့ခေါင်းကိုအထာကျကျခါရင်းဘာမှမဖြစ်သလိုဟန်ဆောင်နေလိုက်သည်။
"ငါလည်းအကူအညီတောင်းသံကြားလို့အပြေးအလွှားလာကြည့်တော့ ခွေးတစ်ကောင်ကအဖမ်းခံနေရတာကိုတွေ့လိုက်တယ်လေ။ မစွန့်စားရဲရင် မအောင်မြင်ဘူးဆိုသလိုပဲ ငါ့ကိုယ်ငါအားနည်းချင်ယောင်ဆောင်ပြီး မရုန်းကန်ပဲနေပေးလိုက်တယ်။ အဲတော့သူတို့က ငါ့ကိုမရိုက်တဲ့အပြင် မေ့ဆေးတောင်မပေးပဲ ဒီတိုင်းလှောင်အိမ်ထဲထည့်ပိတ်ထားလိုက်တာပဲ။ ဒါကြောင့်လည်း ငါမင်းတို့အကုန်လုံးကို ကယ်နိုင်တာပေါ့"
၀မ်မင်ယီစကားကိုကြားတော့ ခွေးမလေးတွေရဲ့မျက်လုံးက ပို၍တောက်ပလာကြသည်။ သူတို့က ခွေးနတ်ဘုရားအား သြဘာပေး၍ချီးမွှမ်းကြကုန်သည်။
"အရမ်းတော်တာပဲ...ခွေးနတ်ဘုရားက အရမ်းထက်မြက်တယ်!"
"နတ်ဘုရားက စဉ်းစားဥာဏ်ပြည့်ဝြပီး ဆွေးကြီးမျိုးကြီးမိသားစုကခွေးပဲဖြစ်မယ်"
"ရုပ်တင်ချောတာမဟုတ်ဘူး ဥာဏ်လေးကလည်းထက်လိုက်တာ...ငါလည်းခွေးနတ်ဘုရားအတွက် ပါပီလေးတွေမွေးပေးချင်တယ်..."
"ငါရောပဲ"
စိတ်အားထက်သန်နေသောခွေးညိုလေးကပါ ၀င်ထောက်ခံလာသည်။
ခွေးညိုလေးမှာ ခွေးတစ်အုပ်၏ရိုက်နှက်ခြင်းကို ခံရပြန်သည်။
"နင်ကခွေးထီးလေ ပါပီလေးတွေမမွေးပေးနိုင်ဘူး စိတ်ကူးယဉ်မနေနဲ့..."
ခွေးမ ဖန်တစ်စုကအလွန်ဒေါသထွက်နေကြသည်။
"ငါတို့ အမတွေကပဲမွေးပေးနိုင်တာဟဲ့! နင်ကအထီး ကိုယ့်ဘ၀ကိုယ်သိ..."
သြော် ခွေးဘ၀ကခက်ခဲလိုက်တာ။ ခွေးညိုလေးသက်ပြင်းချလိုက်သည်။
ဂျာမန်ခွေးကြီးလည်း ၀မ်မင်ယီစကားကိုနားထောင်ပြီးနောက် ယုံကြည်သွားခဲ့သည်။ ခွေးတစ်ကောင်အနေနဲ့ဒီလောက်ထိတွေးနိုင်တာတောင် တော်လွန်းနေပြီ။ လူကနေခွေးဖြစ်လာတဲ့ ၀မ်မင်ယီလို ဟိုလှည့်ဒီလှည့်စကားတွေဆိုပြောမနေပါနဲ့တော့။ ယုံကြည်မိရုံအပြင်တခြားရှိဦးမတဲ့လား...
ဂျာမန်ခွေးလည်းခေါင်းကိုငြိမ့်လိုက်သည်။
သူကအလွန်လေးစားစွာပြောလာသည်။
"မင်းကတကယ်ပဲတော်ပါပေတယ်၊ တိုက်ဖို့ခိုက်ဖို့ပဲသိတဲ့ငါ့လိုမဟုတ်ဘူး။ ငါကအရိုက်ပဲခံလိုက်ရပြီး ခုဆိုအားလည်းမရှိဘူး"
"မင်းလည်းအရမ်းသန်မာပါတယ်"
၀မ်မင်ယီကမူနည်းနည်းလေးမှရှက်ရွံ့ခြင်းမရှိပဲ ခွေးကြီးအား ခပ်တည်တည်ပင်နှစ်သိမ့်ပေးလိုက်သေးသည်။
"မင်းကသူတို့ကိုပင်ပန်းအောင်လုပ်လိုက်လို့သာ ၊ သူတို့ကငါ့ကိုရိုက်ဖို့အားမရှိတော့တာ၊ ဒါကြောင့်လည်း ငါဟန်ဆောင်တာကို သံသယမ၀င်ပဲ ဖမ်းခေါ်လာတာပေါ့"
ဂျာမန်ခွေးလည်း ချီးကျူးခံလိုက်ရတော့ နည်းနည်းပျော်သွားသည်။ သူက၀မ်မင်ယီအားပြောလိုက်သည်။
"တခြားကောင်တွေကိုကယ်လိုက်ပါ။ ငါနည်းနည်းနားလိုက်ဦးမယ်"
၀မ်မင်ယီကခေါင်းငြိမ့်လိုက်ပြီး တစ်ခုအားသတိရပုံနှင့်မေးလိုက်သည်။
"ဒါဆိုမင်းရဲ့ဆေးအရှိန်ကဘယ်တော့ပြေမှာလဲ..."
ဂျာမန်ခွေးလည်းသေချာမသိချေ။ ၀မ်မင်ယီသည်လည်း သူ့အားကြည့်ပြီး အနည်းငယ်စိတ်ပူမိသွားသည်။ ဆေးကသိပ်မပြင်းဖို့သာဆုတောင်းနိုင်သည်။
သို့မဟုတ်လျှင် ထွက်ပြေးကြသည့်အခါနောက်ကျကျန်ရစ်လိမ့်မည်။ ဂျာမန်ခွေး၏အရွယ်အစားကလည်းကြီးတာကြောင့်သယ်ပြေးဖို့လည်းလွယ်ချေ။
ချီဟွားဟွားဆိုဒ်လောက်ဆိုတော်သေးသည်။
တွေးရင်းကပင် ၀မ်မင်ယီသည် နောက်ထပ်လှောင်ချိုင့်တစ်ခုကိုဖွင့်လိုက်သည်။ ဒီတစ်ကြိမ်တွင်တော့ ခွေးများမှာတငိုငိုတရီရီနှင့် စိတ်ဓါတ်ကျမနေတော့ချေ။
အတင်းပဲတွန်းထိုးပြီး သူ့ကိုအရင်ငယ် ငါ့ကိုအရင်ကယ်နှင့်လဆူညံနေကြသည်။
"စိတ်မပူပါနဲ့ အကုန်လုံးကိုအလှည့်ကျကယ်ပေးမယ်"
ဂျာမန်ခွေးမှာ ၀မ်မင်ယီနောက်ထပ်လှောင်ချိုင့်တစ်ခုဆီလျှောက်သွားပြီး ရပ်လိုက်တာကိုမြင်လိုက်ရသည်။ ထို့နောက်နောက်လိုက်ခွေးတစ်အုပ်အား ခေါင်းဆောင်ကောင်းတစ်ဦးအပြုအမူဖြင့် တခြားခွေးများကိုမည်သို့ကယ်တင်ရမည်ဖြစ်ကြောင်း သင်ခန်းစာပို့ချနေသည်ကို ကြည့်နေလေသည်။
ထို့နောက်ဂျာမန်ခွေးလည်း ၀မ်မင်ယီ၏သင်ခန်းစာအတိုင်း ခွေးပေါက်ကလေးများကို လမ်းညွှန်မှုပေးလိုက်သည်။
၀မ်မင်ယီလည်းလှောင်ချိုင့်တစ်ခုကိုဖွင့်ပေးနေတုန်း
စနောင်ဇာခွေးတစ်ကောင် အိတ်ထဲမှ လွတ်လာတာကို တွေ့လိုက်ရသည်။ ထိုခွေးမှာ ဂျာမန်ခွေးအား လေးစားစွာကြည့်လိုက်ပြီး
"အရမ်းမိုက်တယ်...ဘရို!"
"အဆင်ပြေပါတယ်၊ ဒီခွေးကအားလုံးထဲအားအနည်းဆုံးပဲ"
၀မ်မင်ယီသည် ဂျာမန်ခွေး၏မျက်နှာကြီးပိုမည်းမှောင်သွားတာကိုမြင်နိုင်သည်။
ခွေးပေါက်လေးတွေက ဂျာမန်ခွေးရဲ့ လမ်းညွှန်မှုနှင့် အတူ စနစ်တတကျလုပ်ကိုင်နိုင်သည်ကိုမြင်တော့ ၀မ်မင်ယီလည်း နောက်ထပ်အိတ်တစ်လုံးကိုဖောက်ဖို့သာအာရုံစိုက်လိုက်တော့သည်။
ဤလှောင်ချိုင့်တွင်းမှ ခွေးမှာ ဂျာမန်ခွေးထက် ပိုသွက်တာတော့သေချာသည်။ ၀မ်မင်ယီက အိတ်အားဖောက်နေစဉ် ၄င်းကအလွန်တက်ကြွစွာမေးလာသည်။
"မင်းလည်းအထဲကို၀င်လာချင်လား..."
၀မ်မင်ယီ "..."
"ဒါပေမယ့် ခွေးနှစ်ကောင်ဆိုရင်တော့ နည်းနည်းကြပ်မှာ"
ထိုခွေးကစိတ်မကောင်းဖြစ်သွားသည်။
၀မ်မင်ယီမှာ ပြောမပြတတ်သောရှုပ်ထွေးမှုကြီးကို ခံစားနေရတော့သည်။
အိတ်အားဆွဲဖွင့်လိုက်သည်နှင့် ၀မ်မင်ယီမှာအလွန်ရင်းနှီးနေသော ခေါင်းတစ်လုံးကိုမြင်လိုက်ရသည်။
၄င်းမှာ ၀မ်မင်ယီအားမြင်မြင်ချင်း ၀မ်းသာအားရခုန်အုပ်လုနီးပါးပင်။ ၀မ်မင်ယီက သတိရှိရှိနဲ့ နောက်ဆုတ်ပြီးရှောင်လိုက်လို့သာပေါ့။
"ဘရို...မင်းလည်းဒီရောက်နေတာပေါ့..."
ခေါင်းကလွဲကိုယ်တစ်ပိုင်း ဂုန်နီအိတ်စွပ်နေဆဲ ခွေးတစ်ကောင်က သူ့အား ၀မ်းသာအားရမေးလာသည်။
"မင်းလည်း ပုန်းတမ်းလိုက်တမ်းဆော့ချင်လို့လား..."
၀မ်မင်ယီ: ...
ဘေးမှကြည့်နေသောဂျာမန်ခွေး: ...
အိုကေ၊ ဒီကိစ္စကဒီလို။
ဒီခွေးကဘယ်လိုအဖမ်းခံလိုက်ရလဲဆိုတာ အသိသာကြီး
၀မ်မင်ယီမှာသူ့ရှေ့မှ မျိုးတူဟက်စကီးခွေး၏ ပေါတောတောမျက်နှာကို ကြည့်ရင်း လဲပြိုသွားသလိုခံစားလိုက်ရသည်။
သူစိတ်ထဲမှမဆဲမိပဲမနေနိုင်ပေ။
၀ှတ်သယ်ဖတ်! ဒီကောင်က ဟက်စကီးမဟုတ်ဘူးလား... ဟက်စကီးတစ်ကောင်က ဘာလို့သူ့လိုပေါတောနေရတာလဲ... ဒီခွေးဖမ်းသမားတွေက သူ့ကို အိတ်စွပ်ပြီးအလွယ်ဖမ်းလာတာလည်းမပြောနဲ့ သူ့ရှေ့မှာဒီလိုစံနမူနာကောင်းကြီးရှိနေတာကိုး...
အပြင်ပန်းမှာမူ ၀မ်မင်ယီကမတုန်လှုပ်သည့်အမူအယာဖြင့်ဆိုလိုက်သည်။
"အနံ့ခံကြည့်ဦး! ဘယ်သူကမင်းဘရိုလဲ..."
အဖြူအနက် ဟက်စကီးက ရှေ့ကိုကိုင်းပြီး သူ့အားအနံ့ခံကြည့်လာသည်။
"ဟေ့! မင်းက ငါ့ဘရိုမဟုတ်ဘူးပဲ၊ ဒါပေမယ့် ငါ့ဘရိုနဲ့အတော်တူတာကွ"
၀မ်မင်ယီ" မင်းလက်ကိုအရင်ဖယ်လိုက်ဦး၊ ဒီလိုကြီးရပ်နေရတာမညောင်းဘူးလား?"
ဒါကိုကြားတော့ ဟက်စကီးလည်း သူ့ရဲ့လက်နှစ်ဖက်ကိုပြန်ချလိုက်သည်။ ပြီးလျှင်၄င်းက သူ့ရှေ့မှ ခွေးအုပ်ကြီးကိုကြည့်ပြီး အံ့အားသင့်နေဟန်ဖြင့်မေးလိုက်သည်။
"မင်းတို့လဲ အိတ်ထဲ၀င်ပုန်းတမ်းဆော့နေကြတာလား..."
ခွေးအုပ်ကြီး"..."
၀မ်မင်ယီ"..."
ဂျာမန်ခွေးတစ်ကောင်ကသာ ဒီခွေး၏ဥာဏ်ရည်ကို နားလည်လက်ခံလိုက်ပုံဖြင့် တည်ငြိမ်စွာပြောလိုက်သည်။
"ဒီကိုလာခဲ့ ငါတို့ပုန်းတမ်းလိုက်တမ်းမကစားဘူး။
အိတ်ဖြေတမ်းဆော့နေတာ"
ဟက်စကီးကခေါင်းမာနေသေးသည်။
"အိတ်ဖြေရတာပျော်စရာကောင်းလို့လား... ငါသိပ်မကြိုက်ဘူးရော"
၀မ်မင်ယီလည်း သူ့လက်ဖြင့်သာတစ်ချက်ဆောင့်တွန်းလိုက်ရကာ
"လျှာမရှည်နဲ့ လုပ်ဆိုလုပ်လိုက်!"
ဟက်စကီးမှာ ခံစားချက်များပြည့်နှက်နေသော မျက်၀န်းတစ်စုံဖြင့်သူ့အားလှည့်ကြည့်လာပြီး...
"ငါ့ဘရိုကလည်း ငါ့ကိုအမြဲရိုက်တယ်။ မင်းကတကယ်တော့ ငါ့ဘရိုပဲမလား..."
၀မ်မင်ယီ 'ဟုတ်လား? ဒါဆိုမင်းရဲ့ဘရိုက ဒီလောက်နှစ်တွေအကြာကြီးအထိ မင်းကိုအသေမလုပ်ပစ်သေးတာ အတော်စိတ်ရှည်တာပဲကွာ'
ဟက်စကီးလည်းအဆုံးမှာတော့ အိတ်ဖြေတမ်းဆော့ရန် သဘောတူလိုက်ပြီး ၀မ်မင်ယီလည်းအနီးဆုံးရှိ လှောင်ချိုင့်တစ်ခုအား ဆက်၍ဖွင့်လိုက်သည်။ ၄င်းမှာ လာဘရာဒေါအဖြူတစ်ကောင်ဖြစ်ကာ ဒဏ်ရာအနည်းငယ်ရှိသည်။ သို့သော်ခွေးမှာအလွန်တည်ငြိမ်နေပြီးသူ့ကိုတွေ့တော့လည်းပြုံးပြလာသည်။
"ငါအပြင်ကအသံတွေကြားပါတယ်။ ဘယ်လိုခွေးမျိုးကများ ငါတို့ကိုကယ်တင်နေတာလဲပေါ့... ဟက်စကီးတစ်ကောင်လို့တော့မထင်ထားမိဘူး"
အိတ်ဖြဲတမ်းသဲကြီးမဲကြီးဆော့နေသော ဟက်စကီးတစ်ခေါင်းက ချာခနဲလှည့်ကြည့်လာပြီး...
"မင်းငါ့ကိုခေါ်လိုက်တာလား..."
လာဘရာဒေါမှာ ဟက်စကီးနှစ်ကောင်အား အချိန်အတော်ကြာစိုက်ကြည့်နေလေသည်။ အဆုံးမှာ သဲကြီးမဲကြီးအိတ်ဖြဲနေသော ဟက်စကီးကို အပြုံးများဖြင့်ဝေ၀ဆာဆာကြည့်လိုက်ပြီး
" ဟုတ်ပါရဲ့ ။ ဒါမျိုးကမှ သူရဲကောင်းဆိုတာပေါ့"
၀မ်မင်ယီ"..."
"မင်းလမ်းလျှောက်နိုင်ရဲ့လား..." ၀မ်မင်ယီကမေးလိုက်သည်။
"လျှောက်နိုင်တယ်ဆိုရင်လည်း အိတ်နည်းနည်းကျန်နေသေးတယ် ။ အတူဖွင့်ကြတာပေါ့"
လာဘရာဒေါက ထရပ်လိုက်ပြီး လူကြီးလူကောင်းလေသံဖြင့်ဆိုလာသည်။
"ဒါပေါ့ကူညီရမှာပေါ့။ ငါဒီလိုမျိုးတစ်ခါမှမလုပ်ဖူးပေမယ့် ငါ့လက်သည်းတွေကအလကားမှမဟုတ်တာ"
ပြောရင်းဆိုရင်း အနီးမှအိတ်တစ်လုံးအား အသာအယာပဲဆွဲဖြဲလိုက်ကာ အတွင်းမှ ပိုမာရေနီယမ်အသေးလေးတစ်ကောင်အား ကယ်တင်ပေးလိုက်သည်။
၀မ်မင်ယီလည်း မနေနိုင်ပဲမေးလိုက်ရသည်။
"မင်းလှုပ်လည်းလှုပ်နိုင်ရဲ့သားနဲ့ စောစောကတည်းက ကိုယ့်အိတ်ကိုယ်ဖြဲပြီးဘာလို့မထွက်လာတာလဲ..."
လာဘရာဒေါက အင်မတန်ကျက်သရေရှိစွာပြန်ဖြေလာခဲ့သည်။
"ငါဟာ ကဗျာဆရာတစ်ယောက်ပါ...ကဗျာဆရာဆိုတာ စကားလုံးနဲ့ပဲပြောတယ်...ငါ့ဘာငါမလွတ်မြောက်နိုင်တာသေချာမှတော့ ရုန်းကန်ရင်း ငါ့ရဲ့အားအင်တွေကို ဘာကြောင့်ဖြုန်းတီးတော့မလဲ။ နောက်ဆုံးအခိုက်အတန့်အတွက်ချန်ထားရမှာပေါ့"
၀မ်မင်ယီ"..."
သူ့ရှေ့မှလာဘရာဒေါအား ဆွံ့အစွာကြည့်လိုက်မိသည်။ ၄င်းမှာအဖြူရောင်ဖြစ်သော်ငြား အမွှေးများမှာလွန်စွာညစ်ပါတ်နေ၏။ ၄င်းမှာ ခွေးဖမ်းသမားများနှင့် ဖိုက်တင်ပလေးထားရ၍ညစ်ပတ်ခြင်းမျိုးမဟုတ်ပဲ တစ်နေကုန် ရေမချိုးမိုးမချိုး သဝေထိုးထားသော ညစ်ပတ်ခြင်းမျိုးပင်။
"ကဗျာဆရာ..." သူပြန်မေးမိသည်။
လာဘရာဒေါက ညင်သာစွာပြုံးလျက်ပင်
"လေလွင့် ကဗျာဆရာ"
၀မ်မင်ယီ "..."
၀မ်မင်ယီလည်း ဆွံ့အသွားရကား သု့ရှေ့မှ လေလွင့်ကဗျာဆရာအား ခေါင်းသာငြိမ့်ပြလိုက်ရတော့သည်။
လူတစ်ယောက်နှင့်ခွေးတစ်အုပ်တက်ညီလက်ညီလှုပ်ရှားတာကြောင့် ခွေးတွေအကုန်လွတ်မြောက်ဖို့ အချိန်သိပ်မယူလိုက်ရချေ။
အချစ်မှာကျရှုံးနေတဲ့ခွေးညိုလေးကလွဲလို့ ကျန်ခွေးများအကုန်သူ့နည်းသူ့ဟန်တော့ဥာဏ်ကောင်းကြသည်။ ခွေးတစ်အုပ်မှာ သူတို့ဘာသာရေတွက်ပြီး အခြေအနေကို ၀မ်မင်ယီထံပြန်တင်ပို့ကြသည်။
၀မ်မင်ယီလည်း ခေါင်းငြိမ့်ကာ သူ့ရှေ့မှခွေးအုပ်ကိုကြည့်လိုက်သည်။ ထို့နောက် ၄င်းတို့၏လက်ရှိအခြေအနေကိုမေးလိုက်သည်။
ခွေးအများစုမှာ အလွန်အားကုန်နေပြီဖြစ်သည်။
အဖမ်းခံရသောထိတ်လန့်မှုနှင့် ရုန်းကန်ရမှုတို့က သူတို့အားမလှုပ်မရှားနိုင်အောင်ဖြစ်စေသည်။ ခွေးအနည်းစုကသာ အားပြည့်အင်ပြည့်တိုက်ခိုက်နိုင်စွမ်းရှိသေးတာဖြစ်သည်။
၀မ်မင်ယီတွက်ဆလိုက်သည်။ အခုလောလောဆယ်ခွေးဖမ်းသမားတွေတံခါးလာဖွင့်တုန်းအလျင်စလို ထွက်ပြေးတာထက် မနက်စောစောအထိစောင့်တာပိုကောင်းလိမ့်မည်။ ပထမအချက် ခွေးများမှာ အားကုန်နေပြီးဖြစ်ကာ ဒုတိယအချက် ၄င်းတို့မှာ သာမာန်ခွေးများသာဖြစ်သည်။ လောလောဆည် ကုန်ကားမှာမည်သည့်နေရာကိုရောက်နေပြီမှန်းမသိ။ သူတို့ပြန်သွားချင်ရင်တောင် လမ်းမသိပေ။ မနက်လင်းသည်အထိသာစောင့်လျှင် သူလည်းလူအဖြစ်ပြန်ပြောင်းကာ တက္ကစီဖြင့်ပြန်နိုင်သည်။ တတိယအချက်ကတော့ ဤကြီးမားသော ခွေးတစ်အုပ်က အနည်းဆုံးထိန်းကျောင်းဖို့ လူတစ်ယောက်မပါပဲ လျှောက်သဝေထိုးနေလို့ဘယ်လိုမှအဆင်မပြေပေ။
ထို့ကြောင့် သူလူဖြစ်အောင်စောင့်တာသာပိုကောင်းလိမ့်မည်။
အနည်းဆုံးတော့ သူသည်တခြားလူများနားမလည်သော ခွေးစကားကိုနားလည်သည်။ အခြားသဘောကောင်းသောလူများက သူတို့ကိုကူညီမယ်ဆိုရင်တောင် ဘယ်လိုကူညီရမှန်းသိမှာမဟုတ်ပေ။ ထိုအပြင်တလွဲတချော်တွေတောင်ဖြစ်သွားနိုင်သည်။
"နားရအောင်" ၀မ်မင်ယီကဆိုလိုက်သည်။
"အထီးတွေကဘယ်ဘက် အမတွေက ညာဘက်ကပ်နေ၊ အကုန်လုံး ခိုးပြီးမိတ်လိုက်မယ်မကြံနဲ့နော်!"
တချို့ရှက်တတ်သောခွေးမလေးများက ၀မ်မင်ယီအား ရှက်ရွံ့စွာကြည့်လာသည်။ ခွေးနတ်ဘုရားက ဒီလိုရှက်စရာစကားတွေကိုဘယ်လိုပြောနိုင်ရတာလဲ။
ခွေးညိုလေးကသူ့ထံပြေးလာလျှင် ၀မ်မင်ယီလည်း လက်ကိုဆန့်၍ ၄င်း၏ခေါင်းကိုဖိထားပြီး တားလိုက်သည်။
"ပြီးတော့ အရွယ်အစားအလိုက် အုပ်စုခွဲမယ်၊ ကြီးတဲ့ကောင်းတွေ ရှေ့မှာနေ အကောင်သေးတွေက နောက်ကိုသွား"
ခွေးညိုလေးက လက်မလျှော့လိုပဲ
"ကျွန်တော်မင်းနဲ့ဝေးဝေးမှာမနေချင်ဘူး"
၀မ်မင်ယီမှာ အလွန်အားကုန်လျက်
"စိတ်မပူပါနဲ့ဘရို၊ ဘယ်လောက်ဝေးဝေးနှလုံးသားတွေနီးကပ်ရင် ငါတို့ကအတူတူပါပဲ"
ခွေးမဖန်တွေက ၀မ်မင်ယီအား ဘလင်းဘလင်းအကြည့်တွေနဲ့ကြည့်လာပြန်သည်။
လာဘရာဒေါလည်း သက်ပြင်းချလျက်ပင်
"ကောင်းလိုက်တဲ့ကဗျာ၊ ကောင်းလိုက်လေခြင်း"
၀မ်မင်ယီ ' ကောင်းပါပြီကွာ..'
မလှုပ်ရှားနိုင်တဲ့ဂျာမန်ခွေးကလွဲလို့ ကျန်ခွေးအားလုံး ခွေးထီး ခွေးမ အကြီးအငယ် ဆိုဒ်စုံဂရုခွဲနေရာချခြင်းပြီးသွားတော့ နားရမယ့်အချိန်ရောက်လာသည်။
"ငါ ပုံမှန်လည်းဒီအချိန်အိပ်နေကျပဲ"
အဖြူရောင်ပိုမရေနီယမ်ခွေးက၀မ်းနည်းစွာဆိုလာသည်။
"ငါမှာအိမ်သာအကြီးကြီးနဲ့ အိပ်ယာအကြီးကြီးလဲရှိတယ်။ ဝူးဝူးဝူး ငါအိမ်ကိုပြန်ချင်တယ်"
သူ့စကားကြားတော့ တခြားခွေးတွေလည်း လိုက်ငိုကြသည်။
"ငါသခင့်ကိုလွမ်းတယ်"
"ငါလည်းအိမ်သာအကြီးကြီးလိုချင်တယ်"
"ငါ့အိပ်ယာလေးကအရမ်းကောင်းတာ။ ငါ့အကြိုက်ဆုံးအရိုးလေးလည်းအဲမှာ ".
"ငါဗိုက်ဆာတယ်"
၀မ်မင်ယီလည်း ငိုယိုနေသောခွေးများကိုကြည့်လိုက်သည်။ သူကချော့မော့ရန်ပြင်လိုက်စဉ်မှာပင် လာဘရာဒေါအဖြူက ဖြတ်ပြောလာခဲ့သည်။
"ငါတို့အကုန် နက်ဖြန်ကျရင်ပြန်ရမှာပါ"
"တကယ်..."
ခွေးပေါက်လေးတွေကမေးသည်။
လာဘရာဒေါမှာ ကြင်နာတတ်သောအမေကြီးတစ်ဦးလိုချော့မော့၍ဖြေလာသည်။
"ဒါပေါ့။ မင်းတို့အကုန်လုံး အရိုးတွေလည်းအများကြီးကိုက်ရလိမ့်မယ်။ အိပ်ယာကောင်းကောင်းလေးရော၊ အိမ်သာအကြီးကြီးရော မင်းတို့ကိုချစ်တဲ့သခင်ရောရမှာပါ မပူနဲ့နော်"
၀မ်မင်ယီ သည် လာဘရာဒေါခွေးဖြူအားကြည့်လိုက်မိသည်။ ၄င်းမှာ မင်းအကုန်ဟုသာပြောသွားကာ ငါတို့ဟုမသုံးခဲ့ပေ။
ခွေးပေါက်လေးများ၀မ်းမနည်းတော့တာကိုတွေ့တော့ လာဘရာဒေါလဲ အာရုံလွဲအောင် တခြားတစ်စုံတသ်ခုကိုပြောလာသည်။
"ငါကဗျာတစ်ပုဒ် နှစ်ပုဒ်ရွတ်ပြမယ်၊ နားထောင်ပြီးတဲ့အခါအိပ်ချင်သွားလိမ့်မယ်"
"ဝါး! အမကြီးက ကဗျာလည်းရွတ်တတ်တာပဲ!"
"အနုပညာဆန်လိုက်တာ"
လာဘရာဒေါကအပြုံးဖြင့်ဆိုသည်။
"မင်းတို့Fတက္ကသိုလ်ကိုသိလား။ ငါအဲဒီမှာ လူတွေနဲ့အတူ နေ့တိုင်း သင်ခန်းစာတွေနားထောင်ခဲ့တာ"
ခွေးတစ်အုပ်မှာ Fတက္ကသိုလ်ဆိုတာဘာမှန်းမသိသော်လည်း လာဘရာဒေါကို အလွန်အထင်တကြီးကြည့်နေကြဆဲ။
"အမကြီးကအရမ်းပြောင်မြောက်တာပဲ"
"အမကြီးက လူတွေဆီမှာနာမည်ကြီးမှာပဲနော်"
"အမကြီးရဲ့သခင်က ကျောင်းဆရာလားဟင်...
စာသင်တဲ့ လူလေ ဘယ်လိုခေါ်ပါလိမ့်..."
"ပရော်ဖက်ဆာလို့ခေါ်တယ် "
စကား၀င်ပြောခဲသော စနောင်ဇာက၀င်ပြောလာသည်။
"စာမတတ်မှန်းအရမ်းသိသာတာပဲ"
"ဝူးဝူးဝူး" ချီဟွားဟွားလည်း သူ၏ငိုသံအတုကြီးကိုအစပြုလာပြန်သည်။
လာဘရာဒေါကမူ ခေ့းတစ်အုပ်၏မေးခွန်းကိုမဖြေပဲ ကဗျာအားစတင်ရွတ်လိုက်သည်။
"နေဟာသူ့အလိုလိုထွက်လာတဲ့အခါ
ညဟာလည်းသူ့အလိုလိုပျောက်ကွယ်သွားမယ်
ခွေးလေးတွေအကုန်လုံးအိမ်ကိုပြန်သွားတဲ့အခါ
ကောင်းမွန်စွာအဆုံးသတ်သွားလိမ့်မယ်"..
ခွေးတစ်အုပ်မှာ လာဘရာဒေါ၏အနုပညာအစွမ်းတွင် နစ်မျောသွားတော့သည်။
"သိပ်ကောင်းတဲ့ကဗျာပဲ၊ သိပ်ကောင်းတယ်"
တည်ငြိမ်တဲ့ ဂျာမန်ခွေးကတောင် ချီးကျူးလိုက်သည်။
"ကဗျာကောင်းပဲ"
၀မ်မင်ယီလည်းအတန်ကြာတိတ်ဆိတ်နေမိပြီးနောက် ပြုံးလိုက်မိတော့သည်။ သေချာတာပေါ့ ခွေးတစ်ကောင်အတွက်တော့ ဒီကဗျာကအမှန်ကိုကောင်းသည်။ Fတက္ကသိုလ်ကခွေးလို့မပြောရဘူး။ ၀မ်မင်ယီလည်း ခွေးပေါက်ကလေးများကို ကဗျာရွတ်ကာချော့သိပ်နေသော လာဘရာဒေါဘေးတွင်လှဲလျက် မျက်လုံးကိုမှိတ်လိုက်တော့သည်။
......
စာရေးသူမှာပြောစရာရှိတယ်။
ဟက်စကီး: ဟိုင်း! မင်းလည်းဟက်စကီးပဲလား တိုက်ဆိုင်လိုက်တာ ငါတို့ကအတူတူပဲနော် ဘရို
၀မ်မင်ယီ: မဟုတ်ပါဘူး။ ငါတို့ကမတူဘူး ။ ဘယ်သူကမင်းရဲ့ဘရိုလဲ...
ဟက်စကီး၏မျက်လုံးပြာတွေက အသိဥာဏ်ဖြင့်တောက်ပသွားခဲ့သည်။
ကောကော: ကြည့်ရတာငါပေါ်လာရမယ့်အချိန်ရောက်ပြီထင်တယ်။
စာရေးသူ: ကောင်းပါပြီ၊ ပြင်ဆင်လိုက်ပါ့မယ်နော်။