အပိုင်း ၂၃
Viewers 14k

နှစ်နာရီခန့်မောင်းပြီးနောက်တွင် ကုန်ကားမှာ နောက်ဆုံးတော့ရပ်တန့်ခဲ့ပြီဖြစ်သည်။ ၀မ်မင်ယီလည်းချက်ချင်းနိုးလာခဲ့သည်။ သူ၏အပေါင်းအဖော်များမှာ တိုက်ပွဲ၀င်ဖို့အသင့်ဖြစ်နေသော လာဘရာဒေါ၊ ခွေးညိုလေး၊ စနောင်ဇာနှင့် လုံး၀ကိုမအိပ်သော ဂျာမန်ခွေးတို့ဖြစ်သည်။
၀မ်မင်ယီနှင့် လာဘရာဒေါမှာ အကြည့်ချင်းဖလှယ်ရင်း တိတ်တဆိတ်ထရပ်လိုက်ကြသည်။
သူတို့မှာ အကယ်၍ခွေးဖမ်းသမားများသာ တံခါးကိုဖွင့်ကြည့်လာခဲ့လျှင် နပမ်းလုံးပစ်ဖို့အသင့်အနေအထားနှင့်ပင်။ ခွေးဖမ်းသမားများမှာ ကုန်ကားထဲမှခွေးများလွတ်ထွက်နေသည်ကိုမြင်ပါက အလွယ်တကူလွှတ်ပေးလိမ့်မည်မဟုတ်ချေ။
ကံကောင်းသည်မှာ နေမထွက်သေးသည်မို့ အမှောင်ထုက မြင်ကွင်းကိုမရှင်းမလင်းဖြစ်စေသည်။ခွေးဖမ်းသမားများမှာလည်း အိပ်ချင်မူးတူးနှင့် အပျင်းထူနေကြတာမို့ ကုန်ကားကိုဖွင့်ပြီးခွေးများကို စစ်ဖို့ သတိရမှာမဟုတ်ချေ။မနက်မှသာ သူတို့ကိုတခါတည်းရောင်းပစ်ဖို့တွေးထားလိမ့်မည်။
"ဒီတစ်ခါငါတို့ မျိုးကောင်းတွေကိုဖမ်းမိလာတာဆိုတော့
ခွေးသားလုပ်ဖို့ရောင်းပစ်ရမှာ နှမြောတော့ နှမြောစရာအကောင်းသား။ အရင်ဆုံးသူတို့ကို ၀ယ်မွေးချင်တဲ့လူတွေရှိမရှိကြည့်လိုက်ဦးမယ်။ ၀ယ်မယ့်သူမရှိမှ
သားသတ်ရုံတန်းပို့လိုက်တာပေါ့"
"ကောင်းသားပဲ"
ခွေးဖမ်းသမားများလည်း အချင်းချင်းသဘောတူပြီးနောက် အိမ်ထဲ၀င်သွားကြတော့သည်။
၀မ်မင်ယီနှင့်ခွေးများမှာလည်း စိတ်သက်သာရာရကာပြန်ထိုင်ချလိုက်တော့သည်။ ၀မ်မင်ယီလည်း လော့ချထားသောတံခါးကိုတစ်ချက်ကြည့်ပြီးနောက် စစ်ကျွင်းတောက်တစ်ယောက် ဘယ်လိုခံစားနေရမလဲလို့ နောက်ဆုံးတော့တွေးချိန်ရလာခဲ့သည်။
အရမ်းစိတ်ပူနေမှာသေချာသည်။ သို့သော် ဘာတတ်နိုင်မည်နည်း။
သူချည်းသာဆို ကိုယ့်ဘာကိုယ်လွတ်ပြီးတော့ ကောကောဆီပြန်ရောက်နေလောက်ပြီ။
သို့သော် ယခုမူသူ့နောက်တွင် ခွေးတစ်အုပ်လည်းရှိသေးသည်။ ဤတစ်အုပ်ကိုချန်ထားခဲ့ပြီး ကိုယ်လွတ်ရုန်းလို့မဖြစ်ပါချေ။ သူကောကောကိုပစ်ထားပြီး လူအဖြစ်ပြန်ပြောင်းချိန်ကိုသာစောင့်နိုင်သည်။ ၀မ်မင်ယီလည်း သက်ပြင်းကို ချလျက် စစ်ကျွင်းတောက်တစ်ယောက် အရမ်းစိတ်ပူမနေဖို့သာ မျှော်လင့်ရတော့သည်။
သို့သော်ဘစစ်ကျွင်းတောက်မှာ ဘယ်လိုစိတ်မပူပဲနေနိုင်မည်နည်း။အထူးသဖြင့် ၀မ်မင်ယီ၏အတန်းဖော်များထံမှ ၀မ်မင်ယီတစ်ယောက် ၈နာရီခွဲအတိတွင်ထွက်သွားသည်ဟု ကြားရပြီးနောက်မှာပေါ့။
သူ ၀မ်ယီယီပို့ထားသော wechatမက်ဆေ့ကို ကြည့်လိုက်မိသည်။ ၄င်းမှာ ၈:၄၅ကပို့ထားခြင်းဖြစ်ပြီး
အိမ်ကိုရောက်တော့မည်ဟုဆိုသည်။ ထို့နောက်သူ အသွင်ပြောင်းတော့မည်ဖြစ်တာကြောင့် စစ်ကျွင်းတောက်အားစောစောပြန်လာရန်ပြောထားသည်။
သူအိမ်ရောက်တော့လည်း ၀မ်မင်ယီကပြန်မရောက်သေးပေ။ ပိုဆိုးသည်မှာ ၀မ်မင်ယီတစ်ယောက် ဒီနေ့ ခွေးပုံပြောင်းမှာလား လူပုံပြောင်းမှာလား မသေချာခြင်းပင်။
သူကကြောင်ပဲပြောင်းပြောင်း ခွေးပဲပြောင်းပြောင်း သူ့မှာ လူသားမှတ်ဥာဏ်တော့ရှိဆဲပင်။ သူကအိမ်ပြန်လမ်းကိုမှတ်မိလိမ့်မည်ဖြစ်ပြီး အိမ်ကိုရောက်နေသင့်ပြီဖြစ်သည်။ သို့သော် အခုထိအိမ်မရောက်သေးချေ။ ဆိုလိုသည်မှာ တစ်စုံတစ်ခုဖြစ်နေတာသေချာသည်။ စစ်ကျွင်းတောက်လည်း သူ၏ လက်ထောက်နှင့် အတွင်းရေးမှူးကိုအမြန်ဆက်သွယ်လိုက်ရသည်။
"အခုတလော ခွေးတွေကြောင်တွေဖမ်းတဲ့အဖွဲ့တဲ့ မသင်္ကာစရာအဖွဲ့အစည်းတို့ ဘာတို့ရှိလားစစ်ကြည့်လိုက်။ အထူးသဖြင့် ငါ့အိမ်အနီးတဝိုက်မှာ"
"နားလည်ပါပြီ။ ဘော့စ် စစ်"
စစ်ကျွင်းတောက်ဖုန်းကိုချလိုက်သည်။ ထို့နောက် ရဲဌာနမှအသိမိတ်ဆွေအားဖုန်းဆက်ကာ အခြေအနေကိုရှင်းပြလိုက်သည်။ ထို့နောက်တွင် သူ့ဖုန်းထဲရှိ လိမ္မော်ရောင်ကြောင်နှင့် ဟက်စကီးခွေးပုံတို့အား ရှာတွေ့လျှင်ဆုငွေပေးမည်ခေါင်းစီးဖြင့် အွန်လိုင်းပေါ်တင်လိုက်တော့သည်။ လူအများမှာ မြင့်မားသောဆုငွေကြောင့်အလွန်အံ့အားသင့်ကုန်ကြ၏။ ၄င်းတို့မှာ ကြောင်တစ်ကာင်နှင့် ဟက်စကီးတစ်ကောင်အား သူ့ထက်ငါအရင် အလုအယက်ရှာဖွေကြကုန်သည်။
သိပ်မကြာခင်ပင် သူတို့တွေ့သမျှခွေးများကြောင်များအား သူ့ကိုပို့ပေးလာပြီး ဤသည်မှာ သူရှာနေသော ခွေးနှင့်ကြောင်တို့ဟုတ်မဟုတ် မေးလာခဲ့သည်။
ပုံအများစုမှာကြောင်များဖြစ်သည်။ တရုတ်ပြည်အတွင်းရှိလိမ္မော်ရောင်ကြောင်အရေအတွက်မှာများလွန်း၍ တစ်စက္ကန့်တွင် တစ်ပုံနှုန်းနှင့် စစ်ကျွင်းတောက်အား ဤသည်မှာမိမိရှာနေသည့်ကြောင်ဟုတ်မဟုတ် တတောင်တောင်မက်ဆေ့များဆက်တိုက်တက်လာခဲ့သည်။
စစ်ကျွင်းတောက်မှာ အလွန်စိတ်ရှည်စွာတစ်ပုံချင်းသေချာ၀င်ကြည့်သည်။ သို့သော် ၄င်းတို့ထဲမှ တစ်ကောင်ကမှ သူရှာနေသည့်ကြောင်မဟုတ်ခဲ့ချေ။..
ညလုံးပေါက်သည်အထိ စစ်ကျွင်းတောက်မှာ လူများစွာတို့ပို့ပေးသော မေးလ်များမှတဆင့် သူ့ကြောင်လေးကိုတွေ့မတွေ့ရှာဖွေနေခဲ့သည်။ တချိန်တည်းမှာပင် သူကဖုန်ူခေါ်ဆိုမှုတွေရော မက်ဆေ့တွေပါလက်ခံရသည်။ သတင်းကောင်းအနည်းငယ်ကြားရပြီထင်နေသော်လည်း သေချာစုံစမ်းကြည့်လိုက်လျှင် စိတ်ပျက်ကျန်ခဲ့ရပေါင်းလည်းများပြီဖြစ်သည်။
ကျန်းဇီမော့ပင်လျှင် မနက်ဝေလီဝေလင်းကြီးသူ့ထံဖုန်းဆက်လာကာ မေးလာသည်။
"ကျွင်းတောက်၊ မင်းကြောင်ပျောက်သွားတာလား...
ငါတို့ ရုပ်ရှင်အတူကြည့်တုန်းကကြောင်လေးမလား..."
"မင်းသူ့ကိုတွေ့မိသေးလား..." စစ်ကျွင်းတောက်ကမေူလိုက်သည်။
"ဟင့်အင်း.. ဒါပေမယ့်"
စစ်ကျွင်းတောက်ဖုန်းကိုတိုက်ရိုက်သာချပစ်လိုက်သည်။ အချိန်ကအဖိုးတန်ပြီး သူ့တွင် ကျန်းဇီမော့၏အရေမရအဖတ်မရများကို နားထောင်လိုစိတ်မရှိချေ။
ကျန်းဇီမော့လည်း မည်းမှောင်နေသော ဖုန်းမျက်နှာပြင်ကိုကြည့်ပြီး အံကိုကြိတ်လိုက်မိသည်။
သူထိုစဉ်က ကြောင်ရိုင်းကောင်ကိုမှတ်မိဆဲဖြစ်ကာ အခုပျောက်သွားပြီဆိုမှတော့ ဘယ်တော့မှပြန်မတွေ့ဖို့ဆုတောင်းမိသည်။ ထိုကဲ့သို့ ကြောင်စုတ်မျိုးက ပျောက်ကွယ်သွားတာအကောင်းဆုံးပင်။
မနက်ခြောက်နာရီခန့်တွင် လင်းမူကသူ့အားဖုန်းဆက်လာပြီး တစ်စုံတစ်ဦးက နန့်ရှမ်းလမ်းဘက်တွင် ခွေးဖမ်းသမားများကိုတွေ့လိုက်ကြောင်းပြောလာသည်။
"နမ့်ရှန်းလမ်း ဟုတ်လား..." စစ်ကျွင်းတောက်ကညင်သာစွာထပ်မေးလိုက်သည်။ ထိုလမ်းမှာ သူ့အိမ်မှာ ဘတ်စ်ကားနှစ်ဆင့်စာသာဝေးသည်။၀မ်မင်ယီက တကယ်ထိုလမ်းကပြန်လာခဲ့တာဖြစ်နိုင်သည်။
"ဒီရက်ပိုင်း နမ့်ရှန်းလမ်းဘက်မှာ ခွေးဖမ်းသမားတွေဘာတွေတွေ့မိသေးလား..." စစ်ကျွင်းတောက် သူ၏ရဲမိတ်ဆွေအားမေးလိုက်သည်။ သူ့စကားကိုကြားတော့ ထိုသူငယ်ချင်းကချက်ချင်းပြန်ဖြေလာသည်။
"ငါအဲဒီနယ်တဝိုက်အတွင်း အဖွဲ့သားတွေကိုဘစစ်ကြည့်ခိုင်းလိုက်မယ်"
နာရီ၀က်ခန့်ကြာတော့ အကြောင်းပြန်လာသည်။
"ဒီနေ့နမ့်ရှမ်းလမ်းမှာ ခွေးဖမ်းသမားတစ်ယောက်ပေါ်လာပြီး ခွေးတွေဖမ်းသွားသေးတယ်လို့ပြောတယ်။မင်းရဲ့ခွေး ပါသွားမပါသွားကိုတော့ အတည်မပြုနိုင်သေးဘူး။ ဒါပေမယ့် ငါတို့ကုန်ကားကိုစစ်ကြည့်လိုက်ရင် သိရမှာပါ။ ဒီကောင်တွေ ခွေးတွေအများကြီးဖမ်းသွားတာ ငါသူတို့ကိုဘယ်လိုပြန်ဖမ်းမလဲ စောင့်ကြည့်နေလိုက်"
ဒါကိုကြားတော့ စစ်ကျွင်းတောက်မှာ ကောင်းသလားဆိုးသလားလဲ မသိတော့ပါ။
"ကျေးဇူး"ဟုသာတုန့်ပြန်နိုင်သည်။
"စိတ်မပူပါနဲ့ ခွေးဖမ်းသမားတွေဆိုတာ ငါတို့အစကတည်းကဖမ်းဆီးဖို့လိုအပ်နေတဲ့ မသမာအဖွဲ့အစည်းပဲ မင်းကတာ၀န်သိပြည်သူတစ်ယောက်အနေနဲ့ သတင်းပေးတယ်လို့သာ သဘောထားလိုက်..."
စစ်ကျွင်းတောက်မှာ သူနှင့် အလာပသလာပ ဆက်ပြောနေဖို့အချိန်မရှိချေ။ တခြားကိစ္စတစ်စုံတစ်ခုရှိပါက ထပ်ဆက်လိုက်မည်ဆိုကာ ဖုန်းကိုချလိုက်တော့သည်။
ထို့နောက် မေးလ်boxထဲမှ သူ့ကိုပို့ပေးထားသော လိမ္မော်ရောင် ကြောင်ပုံများကို နောက်တစ်ကြိမ်ကြည့်လိုက်ပြန်သည်။ သို့သော်သူ ဘယ်လောက်ပဲကြည့်ကည့် သူနှင့်ရင်းနှီးသော ခွေးပုံသော်လည်းကောင်း ကြောင်ပုံသော်လည်းကောင်းထွက်မလာခဲ့ချေ။
မနက်ခုနှနာရီထိုးချိန်တွင် စစ်ကျွင်းတောက်မှာ ဟက်စကီးခွေးအပါအ၀င်ကြောင်ပုံများ ဘယ်နှပုံတောင် ကြည့်ခဲ့ရပြီပြီလဲ မသိတော့ပေ။ စက်ရုပ်တစ်ရုပ်လို့ ပုံများကိုဆက်တိုက်ကြည့်နေရင်း တစ်ညလုံးထိန်းချုပ်ထားခဲ့သော သု့စိတ်များမှာ စတင်လွတ်ထွက်လာခဲ့သည်။ ဒေါသ၊ ကြောက်ရွံ့စိတ်၊ မိမိကိုယ်ကိုအပြစ်တင်စိတ်၊ နှင့်နောင်တများမှာ သူ့ရင်အားဓါးထက်ထက်နှင့်ထိုးဆွနသကဲ့သို့ နာကျင်လာစေသည်။
၀မ်မင်ယီအား သူမအားသဖြင့် သူ့ဘာသူအိမ်ပြန်ခွင့်မပြုခဲ့သင့်။သူသွားကြိုခဲ့သင့်သည်။ သူကကျောင်းကိုသွားကြိုပေးခဲ့လျှင် ၀မ်မင်ယီခုလိုပျောက်ဆုံးသွားမည်မဟုတ်။
စစ်ကျွင်းတောက်မှာ ဖုန်းမျက်နှာပြင်မှာ ပုံများကို စိုက်ကြည့်နေရင်း သူ၏အကြောက်တရားမှာ ပိုပိုကြီးထွားလာခဲ့သည်။ သူ ၀မ်မင်ယီတစ်ခုခုဖြစ်သွားမည်ကို တွေးတောင်မတွေးရဲပါ။ တစ်ခုခုသာအမှန်တကယ်ဖြစ်သွားလျှင် သူဘယ်လိုလုပ်ရပါမည်နည်း။ သူအားတင်းလျက် ဆက်ရှာရုံသာတတ်နိုင်သည်။
စစ်ကျွင်းတောက် မျက်နှာအားရေအေးဖြင့်သစ်လိုက်ကာ မေးလ်များကိုဆက်ကြည့်ရန်ပြင်နေစဉ်တွင် ဖုန်းလာသံကိုကြားလိုက်ရသည်။ သူ့သူငယ်ချင်းက စိတ်လှုပ်ရှားစွာ သူ့အား ဗီဒီယိုတစ်ခုပို့ပေးလာပြီး...
(ဒါမင်းရဲ့ ဟက်စကီးလား...)
သူဖွင့်ကြည့်လိုက်တော့ အင်မတန်မော်ကြွားသင့်အမူအယာဖြင့် ဟက်စကီးတစ်ကောင်က ခုန်ထွက်လာပြီး ခွေးဖမ်းသမားအား သွားဖြဲပြီးကိုက်လိုက်တာကို တွေ့လိုက်ရသည်။ သူတစ်ကြိမ်ကြည့်လိုက်ရုံနှင့်တန်းမှတ်မိ၏။ ဤအား၀မ်မင်ယီ စစ်စစ်ပင်။ ၀မ်မင်ယီမှလွဲ၍တခြားခွေးမဖြစ်နိုင်။
ထို့နောက် သူ၏၀မ်မင်ယီမှာ နောက်မှအိတ်တလုံးဖြင့်အစွပ်ခံလိုက်ရသာ အသာအယာအဖမ်းခံလိုက်ရသည်ကိုတွေ့လိုက်ရသည်။
စစ်ကျွင်းတောက်...
စစ်ကျွင်းတောက် မယုံနိုင်ချေ။
သူ့ညီလေးကဒီလောက် ထက်မြက်တာ! င်းငယ်ကတည်းက ရန်ဖြစ်လျှင်တစ်ခါမှမရှုံးဖူးခဲ့ချေ။ သို့သော်ခွေးတစ်ကောင်ဖြစ်သွားချိန်မှာတော့ ဒီလောက်တောင် ဖမ်းရလွယ်သတဲ့လား...
ဒါက၀မ်မင်ယီရောဟုတ်ရဲ့လား... သူ့ရဲ့မင်ယီက ဒီလောက်မတုံးလောက်ပါဘူး။ ပြီးတော့ တိရစ္ဆာန်တွေက လူထက်နားပိုပါးတာမဟုတ်ဘူးလား... သူ့နောက်ကခြေသံကိုမကြားဘူးလား...
စစ်ကျွင်းတောက် ခတ္တမျှကြောင်အနေမိသည်။ သူသည်၀မ်မင်ယီအဖမ်းခံလိုက်ရပုံကို အမျိုးမျိုး စိတ်ကူးယဉ်ထားခဲ့သော်လည်း သည်လောက် ရိုးရှင်းမည်တော့ မထင်ထားခဲ့။
ဒီတော့ လူတွေကဟက်စကီးဖြစ်သွားတာနဲ့ သူ့တို့ဦးနှောက်တွေကလည်း ဟက်စကီးဦးနှောက်ပဲဖြစ်သွားတာလား...
သူဒီလိုတွေးနေပေမယ့်လည်း ချက်ချင်းပြန်ဖြေဖို့မမေ့ပေ။
(ငါ့ဟက်စကီးဟုတ်တယ်)
သူငယ်ချင်းကပြန်ပြောသည်။
(ဒါဆို ငါ့ဆီကသတင်းကိုစောင့်နေ)
မနက်ရှစ်နာရီတွင် မတရားခံရသောခွေးများကို ကယ်တင်ရန် ခွေးဖမ်းသမားအုပ်စုကိုဖမ်းဆီးခဲ့သည်။သတင်းပေးသူအနေဖြင့် စစ်ကျွင်းတောက်လည်း သူတို့နှင့်အတူ တပါတည်းလိုက်သွားခဲ့သည်။
ရဲများမရောက်ခင် ရှစ်နာရီခွဲတွင် ခွေးဖမ်းသမားများမှာ စောပြီးနိုးလာခဲ့သည်။ ၄င်းတို့မှာ အ၀တ်အစားဘာညာလဲပြီး ခွေးများကိုရောင်းချရန်ပြင်ကြတော့သည်။
ကားအပြင်ဘက်မှ နီးကပ်လာသော ခြေသံများကိုကြားလျှင် ၀မ်မင်ယီနှင်ဂျာမန်ခွေးမှာ သတိအနေအထားသို့ပြောင်းသွားခဲ့သည်။ တစ်ညလည်းကုန်ပြီမို့ ဆေးပြယ်ပြီး အားပြန်ပြည့်နေပြီဖြစ်သော ဂျာမန်ခွေးလည်း အားမာန်အပြည့်ဖြင့်ထရပ်လိုက်သည်။
၀မ်မင်ယီ အံ့သြစွာကြည့်လိုက်သည်။
ဒီသန်မာတဲ့ ဘရိုကလှုပ်ရှားနိုင်ပြီကိုး။
ထရပ်ကားအနီးသို့တစ်ယောက်ယောက်လျှောက်လာတာကိုကြားတော့ ၀မ်မင်ယီလည်း တခြားခွေးတွေကိုပါနှိုးလိုက်တော့သည်။ ခွေးပေါက်လေးတွေကတော့မနိုးသေးပေ။ ခွေးအများစုမှာအစကတော့ အိပ်တစ်၀က်နိုးတစ်၀က်နှင့် ကြောင်တောငိတောင်လုပ်နေသေးသည်။ သို့သော်မကြာခင်မှာပင် အခြေအနေကိုအသိ၀င်လာပြီး ကျောကိုဆန့်လျက် အသင့်ပြင်လိုက်ကြသည်။
"တံခါးကခဏနေရင်ပွင့်လာလိမ့်မယ် အဲအခါကျရင် ငါရယ် လာလာလေးရယ် ဟက်စကီးလေးရယ်က အရှေ့ကတိုက်မယ် ။ ငါတို့ကသူတို့ကိုအာရုံလွှဲထားတဲ့အချိန်မင်းတို့ကပြေး။ ရှီဖာ့လေး မင်းပြေးနိုင်တယ်မလား..."
သူ့ကိုယ်သူအတော်အိုနေပြီထင်သော ဂျာမန်ခွေးက သူ့ထက်ငယ်ပုံပေါ်သော ဟက်စကီးလေးကိုကြည့်ပြီး ပြောလာသည်။
"အဆင်ပြေတယ်မလား ဟက်စကီးလေး..."
၀မ်မင်ယီ "... "
သူဘယ်တုန်းက ဟက်စကီးလေးဖြစ်သွားတာပါလိမ့်...
သို့သော် လောလောဆည် ဒါကအရေးမဟုတ်။ အရေူကြီးတာကဘသူတို့အစီအစဉ်တလွဲတချော်မဖြစ်ဖို့ပင်။
"ဒါဆိုကျန်တဲ့သူတွေအကုန် ရှီဖာ့လေးနောက်ကပြေးလိုက်မယ်နော်"
ခွေးပေါက်လေးများက တဝုတ်ဝုတ်နှင့်ထောက်ခံသည်။ သို့သော် ဂျာမန်ခွေးကြီးမှာ သူ့ခြေထောက်ကိုသူ ငုံ့ကြည့်လိုက်ကာ "မင်းလည်း သူတို့နဲ့လိုက်ပြေးတာအကောင်းဆုံးပဲ ငါကနောက်ကလိုက်ခဲ့မယ်"
သု့ဘေးက ဟက်စကီးမှာမူ စိတ်အခြေအနေကွာခြားမှန်း သိသာလွန်းစွာ " မင်းအရင်ပြေးလေ ငါကလိုက်ဖမ်းမယ် ဟီးဟီး"
လာဘရာဒေါကမူ ၀မ်မင်ယီအားကြည့်လိုက်သည်။
၀မ်မင်ယီကပြုံးလိုက်ကာ
" အဲဒီလူတွေလဲသွားတဲ့အခါ မင်းနဲ့ ဟက်စကီးက ရှီဖာ့နဲ့အတူ လိုက်ပြေးပေတော့။ မင်းကလေလွင့်ကဗျာဆရာဆိုတော့ မြို့နဲ့ပိုရင်းနှီးမှာပေါ့။ မင်းကဒီတစ်အုပ်ကိုဦးဆောင်ဖို့လိုလိမ့်မယ်'
"ဒါဆို မင်းကရော..." လာဘရာဒေါကမေးလိုက်သည်။
"ငါ့မှာနည်းလမ်းရှိပါတယ်" မနက်ခင်းရောက်ပြီမို့ ပိတ်လှောင်နေသော ကုန်တင်ကားအတွင်းသို့ပင် စူးရှသောနေရောင်ကတိုး၀င်နေခဲ့ပင်။ ကိုးနာရီထိုးဖို့အချိန်သိပ်လိုမည်မဟုတ်။ ကိုးနာရီထိုးသည်နှင့် ထိုခွေးဖမ်းသမားများမှာ သူ့ကိုမကိုင်တွယ်နိုင်တော့ပေ။
"ပြီးတော့ စကားဝှတ်တစ်ခုလည်းရှိသေးတယ်" ၀မ်မင်ယီကဆိုသည်။ မင်းတို့ပြေးရင်းလွှားရင်းနဲ့
'Garden baby'လို့ပြောတဲ့တစ်ယောက်ယောက်နဲ့တွေ့ရင် သူ့နောက်ကလိုက်သွားချေ။"
ခွေးများကတော့နားမလည်ပါချေ။
၀မ်မင်ယီကပြုံးလိုက်ကာ "သူကလူကောင်းပါ ငါ့ကိုယုံ"
ဒါကိုကြားတော့ခွေးအုပ်ကလည်း ခေါင်းငြိမ့်လျက်
"ငါတို့မင်းကိုယုံကြည်ပါတယ် အစ်ကိုကြီး/ခွေးနတ်ဘုရား/ယောကျာ်း!"
၀မ်မင်ယီ...
ယောကျာ်းလို့ခေါ်တာဘယ်ကောင်လဲ ထွက်ခဲ့စမ်း!
တံခါးဖွင့်သံကိုကြားလိုက်ရသည်။
ဂျာမန်ခွေးကရှေ့ကိုထွက်လာပြီး လာဘရာဒေါကိုဘေးသို့တွန်းထုတ်လိုက်ကာ
"ငါ့မှာ ခြေထောက်ပြသနာရှိတယ် အဝေးကြီးမပြေးနိုင်ဘူး။ မင်းကသူတို့ကိုဦးဆောင်ပြီးပြေး"
လာဘရာဒေါ ရုတ်တရက်မို့ ဘာမှမပြောနိုင်ခင်မှာ တံခါးကပွင့်သွားပြီး စူးရှသောနေရောင်ခြည်ကတိုး၀င်လာခဲ့သည်။ ၀မ်မင်ယီနှင့် ဂျာမန်ခွေးက အရင်ပြေးထွက်သွားပြီး ခေ့းများကိုစစ်ရန်လာသော ခွေးဖမ်းသမားနှစ်ယောက်ပေါ်သို့ တိုက်ရိုက် ခုန်အုပ်လိုက်သည်။ တဆက်တည်းမှာပဲ သြဘာပေးသံနှင့်အတူ "ဝုတ်! ပြေး!"
လာဘရာဒေါလည်း အံကိုကြိတ်လျက် တဟုန်ထိုးပြေးထွက်သွားတော့သည်။ ကျန်ခွေးများမှာလည်းညသူ့နောက်ကလိုက်ပြေးကြသည်။ ခွေးများမှာ နှစ်လှမ်းခန့်ပြေးပြီး ရပ်တန့်သွားရာ စိတ်တိုနေသော ခွေးညိုနှင့် စနောင်ဇာတို့က ဆောင့်ကန်လိုက်တော့သည်။
"ပြေးဟ ငတုံးရဲ့!"
ကော်ဂီခွေးလေးလည်း ဘရာဒေါနောက်ကပြေးလိုက်ရှာပါသည်။ သူ့ခြေထောက်လေးတွေကတိုလွန်းတော့ တဖြည်းဖြည်းနောက်တွင်ကျန်ရစ်တော့သည်။
သူလည်းအသည်းအသန်ပြေးနေရင်းမှာ သူ့ခြေထောက်တွေကမြေကိုမထိပဲအသယ်ခံနေရတာကိုတွေ့လိုက်ရတော့ ထိတ်လန့်သွားတော့သည်။
သူလည်း လက်ကလေးကိုရုတ်ပြီး ကြောက်ကြောက်လန့်လန့်နှင့်လှည့်ကြည့်လိုက်တော့ မနေ့ကသု့ဘေးတွင်အိပ်သော golden retriverကိုတွေ့လိုက်ရသည်။
Golden retriverလေးမှာ အပြည့်အ၀မဖွံ့ဖြိုးသေးတာကြောင့် အရမ်းမကြီးပေ။ သို့သော်လည်း ကော်ဂီအသေးလေးကိုတော့ အသာလေးသယ်နိုင်သည်။ ထို့ကြောင့် တွေ့တာမကြာသေးသော မိတ်ဆွေအသေးလေးကို ကျောပေါ်တိုက်ရိုက်ပစ်တင်ပြီး သယ်သွားလိုက်တော့သည်။
ကော်ဂီလေးမှာ လက်တိုတိုခြေတိုတိုလေးတို့ဖြင့် မိတ်ဆွေခွေး၏အမွှေးရှည်တို့ကို ဖက်တွယ်လျက် ပြူတ်မကျရန်ထိန်းထားလိုက်သည်။ သူကကျေးဇူးတင်ရင်းက ခွေးနတ်ဘုရားအား လှည့်ကြည့်လိုက်သည်။
၀မ်မင်ယီနှင့် ဂျာမန်ခွေးမှာ တိုက်ခိုက်ရည်အလွန်ကောင်းကြသည်။ ခွေးဖမ်းသမားနှစ်ဦးမှာ သူတို့လဲကျပြီးချိန်အထိ ဘာဖြစ်သွားမှန်းသေချာနားမလည်လိုက်ချေ။ လူတစ်ယောက်နှင့်ခွေးတစ်ကောင်က တက်ညီလက်ညီဆုံးဖြတ်လိုက်သည်။
"ပြေး!"
တကယ့်ဟက်စကီးအစစ်လေးမှာ သူ့၏တာ့ကောအသစ် ဟက်စကီးနှင့် ဂျာမန်ဘရိုတို့က ပြေးလွှားနေသည်ကိုမြင်လျှင် နောက်မှတရှိန်ထိုးလိုက်ပြေးတော့သည်။
ကျန်သော ခွေးဖမ်းသမားတစ်ဦးမှာလည်း တချိန်တည်းမှာပဲ ထရပ်လျက် မေ့ဆေးသေနတ်ကိုယူ၍ လှမ်းပစ်သည်။
သို့သော်မထိချေ။
"ကားပေါ်တက်!" ခွေးဖမ်းသမားကလောဆော်လိုက်သည်။
၀မ်မင်ယီလှည့်ကြည့်လိုက်တော့ ခွေးဖမ်းသမားများကားပေါ်တက်ရန်ပြင်နေသည်ကို တွေ့လိုက်ရသည်။
ဒီလိုဆိုမဖြစ်သေးဘူး။ ခြေလေးချောင်းက ကားတစ်စီးထက်မြန်မြန်မပြေးနိုင်ပေ။ ထို့အပြင်မေ့ဆေးသေနတ်ရန်ကလည်းရှိသေးသည်။
သူတွေးနေတုန်း ဂျာမန်ခွေးကအရှိန်လျှော့လိုက်တာကို တွေ့လိုက်ရသည်။ ထို့နောက် သူဘာမှမလုပ်နိုင်ခင်မှာပဲ ခွေးဖမ်းသမားများထံ တရှိန်ထိုးပြန်ပြေးသွားသည်ကိုတွေ့လိုက်ရတော့သည်။