အပိုင်း၁၁၉
Viewers 12k

Chapter 119

Chapter 119


"နိုးပြီလား " 


အိပ်ခန်းတံခါးသည် ဖြည်းညှင်းစွာတွန်းဖွင့် ခံလိုက်ရပြီး ယင်းကျောင်းသည် လိမ္မော်သီး တစ်လုံးကို ကိုင်ထားရင်း အပြင်မှ ဝင်လာလေသည်။


ကျင်းစစ် သူ၏ မျက်လုံးထောင့်စွန်းမှ စိုနေသည်များကို ဖိသုတ်လိုက်ရင်း ခေါင်းငုံ့ကာ ရေသောက်ပြီး အင်း လို့ အသံပြုလိုက်လေသည်။


"မင်း အိပ်တာ တစ်နာရီတောင် မပြည့်ဘူး" ယင်းကျောင်းသည် အိပ်ယာဘေးတွင် ထိုင်လိုက်ရင်း ကျင်းစစ်၏ နဖူးအား လက်ဖြင့် စမ်းလိုက်ပြီး မျက်မှောင်ကြုတ်လိုက်လေသည်


 " နည်းနည်း ပူနေတုန်းပဲ ခဏစောင့်ဦး ကိုယ် သာမိုမီတာ သွားယူပြီး အပူချိန်တိုင်းပေးမယ်"


သူ ပြောပြီးသည်နှင့် လိမ္မော်သီးအား အိပ်ယာဘေးရှိ စားပွဲပေါ်တွင် တင်လိုက်ရင်း ထတော့မည့်အချိန်တွင် ကျင်းစစ် သူ၏ ခါးအား ရုတ်တရက် ခပ်တင်းတင်း ဖက်လိုက်လေသည်။


ကျင်းစစ်သည် ယခင်ကထက် ပို၍ စိတ်ခံစားလွယ်နေသော်လည်း သူ့ကို စ၍ ဖက်ခြင်းက ရှားပါးသည်။


ယင်းကျောင်း အနည်းငယ် စိုးရိမ်သွား၏။ သူ့ကို တွန်းမထုတ်ဘဲ သူ၏ လက်ကို ထိလိုက်ရင်း နူးညံ့စွာ မေးလိုက်လေသည် " ဘာဖြစ်လို့လဲ"


ကျင်းစစ် သူ့မျက်နှာကို ယင်းကျောင်း၏ လည်ပင်းကြားတွင် မြှပ်ထားပြီး သူ၏ လည်စေ့သည် လှုပ်ရှားသွားကာ သူ၏ မထိန်းချုပ်နိုင်စွာ တုန်ယင်မှုများကို မြိုသိပ်လိုက်လေသည်။ အတော်ကြာမှ သူတိုးတိုးလေး ရေရွတ်ကာ ပြောလိုက်လေသည် " ငါ နည်းနည်း နေလို့မကောင်းလို့ပါ"


သူသည် အိမ်မက်ထဲမှ အကြောင်းအား မပြောပြနိုင်ပေ။ အရမ်းသိသိသာသာ ပြုမူလျှင် ယင်းကျောင်းကိုသာ စိုးရိမ်စေမည် ဖြစ်သည်။ သို့သော် ကံကောင်းစွာဖြင့် နေမကောင်းတာကို အကြောင်းပြချက်ပေးလို့ရသည်။


သူ၏ အိမ်မက်များသည် အမြဲတမ်းရှုပ်ထွေးနေပြီး နောက်ဘာဆက်ဖြစ်မည်ကို မသိနိုင်ပေ။ သို့သော် system ပြောခဲ့သည်သာ အမှန်ဖြစ်ပါက သူ၏ စိတ်ဝိဥာဏ်သည် အားပြည့်သွားပါက အလိုအလျောက် ပြန်ရောက်သွားမည်ဖြစ်ပြီး သူသည် အတိတ်ကမ္ဘာသို့ မပြန်သင့်ပေ။


ဒါဆို အဲ့အချိန်တုန်းက ယင်းကျောင်းက သူ့ကို မစောင့်ခဲ့ဘူးလား... သူတို့ ဘယ်လိုလုပ် အထက်တန်းကျောင်းသားအဖြစ် ပြန်ရောက်လာတာလဲ...


ကျင်းစစ် သူ၏ မျက်လုံးများကို မှိတ်ထားပြီး ယင်းကျောင်း၏ လက်ကို တင်းကျပ်စွာ ဆုတ်ကိုင်ထားလေသည်။ စော၍ဖြစ်စေ နောက်ကျ၍ဖြစ်စေ ၎င်းကိစ္စသည် အဖြေပေါ်မည် ဖြစ်ပြီး ယခုတွင်တော့ သူသည် ယင်းကျောင်းကိုသာ ဖက်ထားချင်သည်။ 


သူ ယင်းကျောင်းအတွက် လုပ်ပေးနေခြင်းမျိုး မဟုတ်ပေ။ ယင်းကျောင်းသည် ထိုသို့သော အလျော်ပေးခြင်းကို မလိုပေ။ သူ၏ ခံစားချက်များကို စော်ကားသည်နှင့်သာ ပိုတူမည်ပင်။ သူသည် ထိုလူသားအား အလွန်သဘောကျပြီး အလွန်လည်းလွမ်း၏။


"ကိုယ်နဲ့ အတူ ဆေးရုံသွားရအောင်" ယင်းကျောင်း လှည့်လိုက်ပြီး ကျင်းစစ်ကို သူ့ရင်ခွင်ထဲထည့်လိုက်ကာ နူးညံ့စွာ ချော့မော့လိုက်လေသည် 


" ဆေးထိုးခံရမှာ ကြောက်လို့လား...အခုခေတ် ဆရာဝန်တွေက လူနာတွေကို လွယ်လွယ်နဲ့ ဆေးမထိုးပါဘူး သူတို့က သောက်ေဆးပဲ ပေးမှာပါ"


"မသွားဘူး" ကျင်းစစ်သည် သူ၏ လည်ပင်းကို ညှင်သာစွာ ပွတ်လိုက်ပြီး လက်ကို လွှတ်လိုက်ကာ တိုးတိုးလေး ပြောလိုက်လေသည် " အဲ့လောက် မလိုပါဘူး နည်းနည်းလေးပဲ နေလို့မကောင်းတာ မင်းကိုပဲ ဖက်ခွင့်ပေး "


မင်းကိုပဲ ဖက်ခွင့်ပေး ...


ယင်းကျောင်း၏ နှလုံးသားထဲတွက် ကြင်နာသနားမှုနှင့် ချိုမြိန်မှုကို တပြိုင်နက်နည်း ခံစားလိုက်ရသည်။ သူ၏ မှီခိုကာ ချွဲမှုတို့ကို တောင့်မခံနိုင်တော့ပေ။ သူသည် ကျင်းစစ်ကို ငုံ့ကြည့်လိုက်ရင်း ညှင်သာစွာ ပြောလိုက်လေသည် " ဒါဆို ကိုယ့်ဆီက အနမ်း လိုချင်လား..."


ကျင်းစစ် ရုတ်တရက် မော့ကြည့်လိုက်သည်။


ယင်းကျောင်း ပြုံးလိုက်ပြီး သူ့နားကို ချဥ်းကပ်လိုက်သော်လည်း ကျင်းစစ်သည် လက်ဦးမှုယူကာ သူ့ကို နမ်းလိုက်လေသည်။


သူတို့နှစ်ယောက်သည် အတူရှိနေသည်မှာ ကြာပြီဖြစ်သော်လည်း ကျင်းစစ်၏ အနမ်းများသည် မတိုးတက်သေးပေ။ ယင်းကျောင်းသည် ပူးပေါင်းသည့်အနေဖြင့် သူ၏ နှုတ်ခမ်းကို နမ်းလိုက်ပြီး ပါပီလေး တစ်ကောင်ကဲ့သို့ ယက်လိုက်လေသည်။ အတော်ကြာသောအခါ သူသည် ကျူးကျော်သူအဖြစ် ပြောင်းလဲသွားကာ ကျင်းစစ်ကို နက်နက်ရှိုင်းရှိုင်း နမ်းလိုက်လေသည်။


"ကိုယ် ဒီနေ့ မင်းစကား နားထောင်မယ်" နမ်းပြီးသွားသောအခါ ယင်းကျောင်း တစ်ရှူးတစ်ရွက်ကို ယူလိုက်ပြီး စားပွဲပေါ်သို့ တင်ကာ လိမ္မော်သီးကို အခွံခွာရင်း ပြောလိုက်လေသည်


 " ဒါပေမဲ့ မနက်ဖြန်အထိ အဖျားမကျသေးရင်တော့ မင်း ကိုယ့်စကား နားထောင်ရမယ်နော် အိုကေ..."


"အိုကေ" ကျင်းစစ် ခေါင်းငြိမ့်ပြလိုက်ပြီး ယုံကြည်မှုရှိစွာ ပြောလိုက်လေသည် " ကိုကို မစိုးရိမ်ပါနဲ့ မနက်ဖြန်ကျရင် ကောင်းသွားမှာပါ"


ယင်းကျောင်း ကျင်းစစ်၏ နှဖူးကို တောက်လိုက်လေသည် " မင်းပြောသလိုပဲပေါ့"


ကျင်းစစ်သည် သူတောက်လိုက်သောနေရာကို ထိလိုက်ပြီး ပြုံးလိုက်လေသည်။


လိမ္မော်သီးများသည် ယခင်က ရေခဲသေတ္တာထဲတွင် ထည့်ထားသော်လည်း ယင်းကျောင်းသည် ၎င်းတို့ကို အပြင်ထုတ်ထားသည်မှာ ကြာပြီဖြစ်သောကြောင့် အေးမနေတော့ပေ။ အခွံသည် အနည်းငယ် ထူနေသောကြောင့် လှည့်ပတ်ကြည့်နေလိုက်ပြီးနောက် အခွံစခွာရမည့်နေရာကို တွေ့သွားကာ ခက်ခက်ခဲခဲ ခွာနေလေသည်။


ကျင်းစစ်သည် သူ့ကို စိုးရိမ်စွာ ကြည့်နေလိုက်ပြီး မတတ်နိုင်ဘဲ ပြောလိုက်လေသည် " ဓါးနဲ့ လှီးလိုက်"


"အင်တာနက်ပေါ်မှ ပြောတာတော့ ဓါးနဲ့လှီးတာက လက်နဲ့ခွာတာလောက် မကောင်းဘူးတဲ့" ယင်းကျောင်းသည် သူ၏ လက်မှ လိမ္မော်ရည်များကို သုတ်လိုက်ပြီး ပြောလိုက်လေသည် " ဘာလို့ အရမ်းခက်တာလဲဟ..."


ထိုအရာနှစ်ခုသည် ကွာခြားသည်ဟု မထင်သော်လည်း သူသည် ယင်းကျောင်း၏ စကားကို နားထောင်နေကျဖြစ်သောကြောင့် လက်ဆန့်လိုက်ရင်း ပြောလိုက်လေသည် " ငါလုပ်ကြည့်မယ်လေ"


"မလိုပါဘူး" ယင်းကျောင်းသည် ရှောင်လိုက်ပြီး သူ၏ လက်ကို ထိခွင့် မပေးပေ " မင်း လုပ်ပေးဖို့ မလိုပါဘူး ဝေးဝေးမှာနေ မင်းအပေါ်ကို အရည်တွေ မစင်စေနဲ့"


ယင်းကျောင်းသည် အစပိုင်းတွင် နည်းလမ်းမတွေ့သော်လည်း အတော်ကြာ လုပ်ကြည့်ပြီးနောက် သူသည် သင့်လျော်သည်ကို ပြုလုပ်နိုင်ခဲ့လေသည်။ သူသည် အခွံအားလုံးကို ခွာလိုက်ပြီး လိမ္မော်သီးအား အပေါ်မှ ဆွဲခွာလိုက်ပြီး တစ်စိတ်အား ကျင်းစစ် ပါးစပ်ထဲသို့ ထည့်ပေးလိုက်လေသည် " ကိုယ်ကြားဖူးတာတော့ ဖျားနေတဲ့အချိန် လိမ္မော်သီးစားတာ ကောင်းတယ်တဲ့ ဟုတ်မဟုတ်တော့ မသိပေမဲ့ အသီးအနှံတွေစားတာကတော့ ပိုကောင်းတယ်လေ"


ကျင်းစစ်သည် သူ့ဘာသာသူ စားချင်သော်လည်း ယင်းကျောင်းထံမှ တားဆီးခံလိုက်ရလေသည်။ 


"ပါးစပ်ဟ"


အိပ်ယာခင်းပေါ်သို့ လိမ္မော်ရည်များ အစက်ကျသွားမည်ကို စိုးရိမ်သောကြောင့် ၎င်းအား ကိုက်လိုက်ပြီးသောအခါ ကျင်းစစ်သည် အိပ်ယာပေါ်မှ ဆင်းလိုက်ပြီး မစားခင် ယင်းကျောင်းဘေးတွင် ထိုင်လိုက်လေသည်။


ယင်းကျောင်းသည် မျက်ခုံးပင့်ကာ ကြည့်လိုက်၏ " ဒီအိပ်ယာခင်းကို မင်းအရမ်း ကြိုက်တာပဲလား..."


"မဟုတ်ပါဘူး" ကျင်းစစ်သည် သူ့ပါးစပ်ထဲမှ လိမ္မော်သီးအပိုင်းကို မြိုချလိုက်ပြီး ရှင်းပြလိုက်လေသည် " အခုမှ လဲထားတာ မကြာသေးဘူးလေ အရည်တွေစွန်းကုန်ရင် ထပ်လျော်ရဦးမယ် "


ယင်းကျောင်း ရုတ်တရက် ရယ်လိုက်ပြီး ကျင်းစစ်အား နောက်ထပ် လိမ္မော်သီးတစ်စိတ်ကို ပေးလိုက်လေသည်။ သူစားပြီးသည်ကို တွေ့ပြီးနောက် ဆက်ပြောလိုက်လေသည် " အံ့ဩစရာ မရှိတော့ပါဘူး"


ကျင်းစစ် နားမလည်ပေ။ သူသည် လိမ္မော်သီးအား ဝါးနေရင်း မသဲမကွဲ မေးလိုက်သည် "ဘာကိုလဲ..."


"မနေ့ညက" ယင်းကျောင်းသည် အလွန်အလေးထားသောအရာအား ပြောနေသကဲ့သို့ ချင့်ချိန်တွေးတောရင်း ဖြေးဖြေးလေးပြောလိုက်လေသည် " အဲ့အချိန်တုန်းက မင်းက အိပ်ယာတွေ ညစ်ပတ်မှာ စိုးရိမ်နေတာလေ"


ကျင်းစစ်သည် အတော်ကြာဆို့နင့်သွားပြီး ထိတ်လန့်သွားကာ ချောင်းဆိုးတော့သည်။


"အရမ်းရှက်တတ်တာပဲ" ယင်းကျောင်းသည် သူ၏ နောက်ကျောကို ပုတ်ပေးလိုက်ရင်း ကူကယ်ရာမဲ့စွာ ပြောလိုက်လေသည် " မင်း အဆင်ပြေရဲ့လား..."


"ပြေတယ် ပြေတယ်" ကျင်းစစ်သည် သူ၏ အောက်နှုတ်ခမ်းအား တစ်ရှူးဖြင့် သုတ်လိုက်ပြီး သူ၏ အသက်ရှုနှုန်းများကို ပုံမှန် ပြန်ဖြစ်အောင် လုပ်လိုက်လေသည်။


ယင်းကျောင်းသည် ကျင်းစစ် တကယ်ရင်ကျပ်ကာ နင်သွားမည်ကို စိုးရိမ်သောကြောင့် အဓိပ္ပာယ် မရှိသည်များကို မပြောတော့ဘဲ သူ့ကို အစားကျွေးရန်သာ အာရုံစိုက်နေလိုက်သည်။


ကျင်းစစ်သည် အစပိုင်းတွင် အနည်းငယ် ချုပ်တည်းနေရသော်လည်း အတော်ကြားသောအခါ သူသည် ခွံ့ကျွေးခံရသည်ကို အသားကျသွားပြီး စိတ်တည်ငြိမ်သွားလေသည်။


ယင်းကျော​င်းက ကျင်းစစ် နာခံစွာ ထိုင်စားနေသည်ကို တွေ့သောအခါ သူ၏ နှလုံးသားသည် ယားယံသွားပြီး သူသည် ဆိုးသွမ်းသောအရာကို တမင်တကာ လုပ်လိုက်လေသည်။ သူသည် လိမ္မော်ခွံသေးသေးလေးအား ကျွေးလိုက်လေသည်။


ကျင်းစစ်သည် မကြည့်ဘဲ ပါးစပ်ဟကာ နှစ်ကြိမ်တိုင်တိုင် ကိုက်လိုက်လေသည် 


ကျင်းစစ် ကြက်သေသေသွားပြီး သူ၏ ဝါးနေသော လှုပ်ရှားမှုလေးသည် ရပ်တန့်သွားကာ ယင်းကျောင်းအား မယုံကြည်နိုင်သလို ကြည့်လိုက်လေသည်။


ယင်းကျောင်း မထိန်းနိုင်တော့ဘဲ အော်ရယ်လိုက်တော့သည်။


"အရူးလေး" ယင်းကျောင်းသည် သူ၏ မျက်နှာကို ဖျစ်လိုက်ပြီး သူ၏ လက်ဖဝါးကို ရှေ့တွင် ဖြန့်ထားရင်း ပြောလိုက်လေသည် " ထွေးထုတ်လိုက်"


ကျင်းစစ်သည် အမှိုက်ပူံးထဲသို့ ထွေးထည့်ရမည်ကို သတိရလိုက်သော်လည်း ယင်းကျောင်းသည် သူ၏ လက်ဖဝါးကို ဆက်ဖြန့်ထားတုန်းပင်။ သူခေါင်းလှည့်သည့်ဘက်သို့ သူ၏ လက်ဖဝါးသည် ရောက်လာလေသည်။ ထို့ကြောင့် သူမတတ်နိုင်တော့ဘဲ ယင်းကျောင်း၏ လက်ဖဝါးထဲသို့သာ ထွေးထုတ်လိုက်ရတော့သည်။


သူသည် ယင်းကျောင်းဆီမှ တစ်ရှူးကိုယူလိုက်ပြီး အနည်းငယ် ရှက်ရွံ့စွာ ပြောလိုက်လေသည် 


" ကော လက်သုတ်လိုက်"


ယင်းကျောင်း ၎င်းကို ယူလိုက်လေသည်။ သူ၏ နှုတ်ခမ်းထောင့်စွန်းများသည် အနည်းငယ် မြင့်တက်သွားလေသည် " ဘာတွေကို စိုးရိမ်နေတာလဲ... မင်း ဘယ်နှစ်ကြိမ်တောင်စားပြီးပြီလဲ...ကိုယ့်လက်ပေါ်မှာ ပေမှကို ကြောက်နေသေးတာလား..."


ကျင်းစစ်၏ ပါးပြင်များသည် အနည်းငယ် နီရဲသွားပြီး သူသည် မတတ်နိုင်ဘဲ ပျော်သွားလေသည်။


လိမ္မော်သီးများကို စားပြီးနောက် ယင်းကျောင်းသည် ကျင်းစစ်၏ အပူချိန်ကို ထပ်တိုင်းပြန်သည်။ ယခုတစ်ကြိမ်တွင် 37.7 ဒီဂရီ ဖြစ်၏။ မူလအပူချိန်ကို ပြန်မရောက်သေးသော်လည်း အနည်းဆုံးတော့ အပူကျသွားလေသည်။


"နည်းနည်း ထပ်အိပ်လိုက်ဦး" ယင်းကျောင်းသည် စားပွဲပေါ်ကို သန့်ရှင်းရေးလုပ်လိုက်ပြီး ကျင်းစစ်ကို ပြောလိုက်လေသည် " ညကျရင် ညစာစားဖို့ ခေါ်လိုက်မယ် မင်းက နေမကောင်းဘူးဆိုတော့ အစာပျော့လေးတွေ စားရမယ် ကိုယ့်အဒေါ်ကို ပုဇွန်ဆန်ပြုတ်ချက်ခိုင်းလိုက်မယ် မင်းစားချင်ရဲ့လား... တကယ်လို့ အဲ့ဒါ မစားချင်ရင် တခြားဟာပြောလေ" 


"ပုဇွန်ဆန်ပြုတ်ပဲစားမယ်" ကျင်းစစ်သည် ထပ်မအိပ်ချင်တော့သောကြောင့် အိပ်ယာခင်းကို ပြန့်အောင်လုပ်လိုက်ပြီး စောင်ကို ခေါက်လိုက်လေသည် " ငါအဲ့တာကို ကြိုက်တယ်"


ယင်းကျောင်းသည် သူ့ကို စောင် ကူခေါက်ပေးရင်း မျက်မှောင် ကြုတ်ကာ ပြောလိုက်လေသည် " မင်း မအိပ်တော့ဘူးလား?"


"အိပ်မယ်..."


ဘယ်သူကများ စောင်ခေါက်ပြီး အိပ်လို့လဲ... ယင်းကျောင်းသည် သူ၏ သံသယများကို မရှင်းလင်းနိုင်ခင် ကျင်းစစ် ထပ်ပြောသည်ကို ကြားလိုက်ရလေသည် "ငါ ဆိုဖာပေါ်မှာ အိပ်မလို့"


"ဆိုဖာက အိပ်ယာလောက် သက်တောင့်သက်သာ မရှိဘူးလေ မင်း..." ယင်းကျောင်းစကားမဆုံးသေးခင် ကျင်းစစ်၏ မျက်လွှာချကာ နီရဲနေသော ပါးပြင်များကို တွေ့လိုက်ရချိန်တွင် ချက်ချင်း နားလည်လိုက်လေသည်။


ဧည့်ခန်းနှင့် စာကြည့်ခန်းသည် မျက်နှာချင်းဆိုင် ဖြစ်ပြီး တံခါးဖွင့်ထားသ၍ ကျင်းစစ်သည် စာကြည့်ခန်းထဲမှ သူ့အား တွေ့နိုင်လေသည်။


ယင်းကျောင်းသည် သူ့ကို အတော်ကြာ တိတ်တဆိတ် ကြည့်နေပြီးနောက် သူ့လက်မောင်းထဲသို့ ဆွဲသွင်းကာ ပွေ့ဖက်လိုက်ပြီး အက်ရှရှ အသံဖြင့် ပြောလိုက်လေသည် " အိုကေ ကိုယ်မင်းအတွက် စောင်ယူပေးမယ်"


နေ့လည်ခင်းတွင် ယင်းကျောင်းသည် စားပွဲပေါ်တွင် အိမ်စာများကို လုပ်နေလေသည်။


ကျင်းစစ်သည် ပိန်ပါးသော်လည်း သူ၏ ရုပ်ပိုင်းဆိုင်ရာသည် ကြံ့ခိုင်သည်။ ညဘက်တွင် သူ၏ ခန္ဓာကိုယ် အပူချိန်သည် ကျဆင်းသွားပြီး နောက်တစ်နေ့အထိ အပူမတက်လာပေ။ ယင်းကျောင်း စိတ်သက်သာရာရစွာ သက်ပြင်းချနိုင်သွားပြီး သူ့ခန္ဓာကိုယ်အား အားပြန်ဖြည့်သည့်ကိစ္စကို ပြင်ဆင်ရန်လုပ်လိုက်လေသည်။


ချင်းမင် အားလပ်ရက်သုံးရက် အပြီးတွင် တုန်းဟိုင်စီရင်စု အထက်တန်းကျောင်းမှ ကျောင်းသားများသည် စာအပြင်းအထန် လုပ်နေကြသည်။ ဆရာလျှို၏ အခုရက် အပြောများသောစကားစုမှာ " မင်းတို့ရဲ့ အထက်တန်းတတိယနှစ် သိပ်မကြာတော့ဘူး ရောက်တော့မှာ မင်းတို့ မကြိုးစားရင် အနာဂါတ်ကျရင် နောင်တရလိမ့်မယ်!"


"တကယ်လား လူအိုကြီးလျှိုရဲ့ သွေးဆုံးချိန်က အချိန်စာရင်းထက် စောနေတာလား..." 


အတန်းထဲတွင် ဟယ်ကျိုးသည် သူ၏ အင်္ကျီလက်အောက်မှ ဖုန်းကို ဂရုတစိုက် ထုတ်ယူလိုက်လေသည် " သူက ကျွန်တော့်ကို အပြစ်ရှာပြီး ဆုံးမတိုင်း ဒေါသထွက်နေတာ သူ စားပွဲခုံကို ရိုက်တော့ ကြောက်တောင် ကြောက်သွားတယ်"


ကျန့်ချွယ် သူ၏ နှဖူးမှ ချွေးအေးများကို သုတ်လိုက်ပြီး နောက်ဘက် ပြတင်းပေါက်ကို ကြည့်ကာ ဆရာလျှိုသည် သူတို့ကို ထပ်ပြီး ချောင်းမနေသည်ကိုတွေ့မှ သူသည် ဂိမ်းကို ပြန်ဖွင့်လိုက်လေသည်


 " ကောလိပ်ဝင်ခွင့် ဖြေဖို့ တစ်နှစ်တောင် ကျန်သေးတယ် ဘာလို့ အရမ်းအလျင်လိုနေတယ် မသိပါဘူး"


သူသည် ဖုန်းမျက်နှာပြင်ကို အတော်ကြာစိုက်ကြည့်နေပြီးနောက် သူ၏ ဂိမ်း ကာရိုက်တာသည် သေဆုံးသွားလေသည်။ သူမထိန်းနိုင်ဘဲ ဆဲရေးလိုက်ပြီး ထွက်လိုက်ကာ ဂရုမစိုက်စွာ ပြောလိုက်လေသည် " ငါကောလိပ်စာမေးပွဲ သွားဖြေရမယ်ဆိုရင်တောင် မကြောက်ဘူး ဘာပဲဖြစ်ဖြစ် ငါက နိုင်ငံခြားထွက်မှာပဲလေ"


"ငါတို့ အကုန်တူတူပဲလေ" ဟယ်ကျိုးသည် အတွေးများနေသော ယင်းကျောင်းကို ကြည့်ပြီး မေးလိုက်လေသည် " အစ်ကိုကျောင်း မင်းရော ..."


ယင်းကျောင်း ခေါင်းမော့လိုက်ကာ ခုံကို ပျင်းရိစွာ မှီလိုက်သည် " မေးစရာလိုသေးလို့လား..."


ဟယ်ကျိုး : "..."


အတန်းပြီးချိန်တွင်တောင် ထိုလူသည် စာအပြင်းအထန် ကြိုးစားနေသည်ကို ဟယ်ကျိုး မေ့သွားလေသည်။ 


"မေ့လိုက်တော့ မင်းက ငါတို့နဲ့ မတူဘူး" ဟယ်ကျိုးသည် လက်ခါယမ်းပြလိုက်ပြီး သူ့ဘေးနားတွင် တိတ်ဆိတ်နေသော ဖမ်ချန်းချန်းကို တွန်းလိုက်လေသည် "လူအိုကြီးဖမ် မင်း ဘယ်နိုင်ငံကို သွားချင်လဲ..."


ဖမ်ချန်းချန်းသည် ထိုအကြောင်း မတွေးရသေးသကဲ့သို့ သူ၏ ခေါင်းကိုခါပြလိုက်လေသည်။


"အဲ့အကြောင်းကို မြန်မြန်တွေးလိုက်" ကျန့်ချွယ်သည် သူ့ကို အသံတိုးတိုးဖြင့် လှုံ့ဆော်လိုက်လေသည် " ငါတို့ သုံးယောက် ကျောင်း တူတူသွားလို့ ရတယ်လေ အဲ့ကျရင် အဆင်လဲသင့်ပြီး အပြင်လဲထွက်ဆော့လို့ ရတယ်လေ"


ယင်းကျောင်းသည် တစ်ညလုံးသင်္ချာ ပုဒ်စာများကို ဖြေနေခဲ့သည့်အတွက် အနည်းငယ် မူးနောက်နောက် ဖြစ်နေသည်။ ပရုတ်ဆီဘူးကို ဖွင့်လိုက်ကာ လက်ဖြင့် နှစ်ကာ ယူလိုက်ပြီး နားထင်တွင် သုတ်နေရင်း ပြောလိုက်သည် " Australia ကိုသွား"


ဟယ်ကျိုး သူ့ဘက်ကို လှည့်လိုက်လေသည် " အဲ့မှာ အသိရှိလို့လား..."


"လူအိုကြီးဖမ်က လက်ဝှေ့ထိုးရတာ ကြိုက်တော့ ကိုယ် အလေးချိန်ကျဖို့ လိုတယ် " ယင်းကျောင်းသည် ပရုတ်ဆီဘူးကို ဘောပင်အိတ်ထဲသို့ ထည့်လိုက်ပြီး သူ၏ နှုတ်ခမ်းများသည် မြင့်တက်နေကာ ပြောလိုက်သည် " Australia က သားပိုက်ကောင် လက်ဝှေ့လေ မင်းသွားရတာနဲ့ တန်မှာပါ"


မင်း လူတွေအကြောင်း ပြောနေတာလား? !


ဟယ်ကျိုးသည် သူ့အား တစ်ခုခု ပြောချင်သော်လည်း အချို့သောအကြောင်းများကြောင့် သူသည် ရုတ်တရက် နားလည်ရခက်စွာ ခံစားလိုက်ရပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်လေသည် " အဲ့တာကိုလည်း ထည့်တွေးလို့ ရတာပဲ ကျွန်တော် ကြားတာတော့ Australia သားပိုက်ကောင်တွေက အရမ်း ကြမ်းတမ်းတယ်တဲ့ ကျွန်တော့်ရဲ့ ခေါင်းမာတဲ့ အဆီတွေကို လျော့ချပေးနိုင်လောက်တယ်"


သူသည် ပျော်ရွှင်စွာ စိတ်ကူးယဥ်နေပြီး ယင်းကျောင်းကို ပြောလိုက်လေသည် " အဲ့ချိန်ကျရင် ကျွန်တော် အစ်ကိုကျောင်းနဲ့ ယှဥ်ကြည့်မယ်"


ယင်းကျောင်း နှာမှုတ်လိုက်လေသည် " ငါဘာလို့ gym ကို တစ်ခါမှမသွားတာလဲ မင်းသိလား..."


ဟယ်ကျိုး မျက်လုံးကို လှိမ့်ပြလိုက်လေသည် " ကျွန်တော်သိသားပဲ အစ်ကိုက ပိန်လို့လေ ဟုတ်တယ်မလား..."


"မဟုတ်ဘူး" ယင်းကျောင်းသည် ဘောပင်ကို ကောက်ယူလိုက်ပြီး ပြုံးလိုက်လေသည် " အပြင်က လူတွေက ငါ့ပုံစံကို တမင်တကာ ထုတ်ကြွားတယ်လို့ထင်မှာ စိုးလို့"


ဟယ်ကျိုး ကျန့်ချွယ် ဖမ်ချန်းချန်း : " ... " 

ဟယ်ကျိုးသည် သူ့ကို တုန်ယင်စွာ လက်ညှိုးထိုးလိုက်ပြီး ပြောလိုက်သည် " ငါ့အတွက် ပါးစပ်ပိတ်ထားစမ်းပါ..."


"နောက်ပြီးတော့" ယင်းကျောင်းသည် သူ၏ လက်ထဲမှ စာအုပ်ကို လှန်လိုက်ပြီး ပြောလိုက်လေသည် " မင်း နားလည်ဖို့ ခက်ခဲနေရင်လည်း ကျင်းစစ်ဆီသွားမေး"


ဟယ်ကျိုး : "..."


ဟယ်ကျိုး : " ထွက်သွားစမ်း ! "


ယင်းကျောင်း တစ်ခုခု ပြောတော့မည့် အချိန်တွင် ခေါင်းလောင်းသံကို ကြားလိုက်ရလေသည်။ သူ၏ ဖုန်းကို ထုတ်လိုက်ပြီး wechat မက်ဆေ့ချ်ထဲသို့ ကြည့်ကာ ဟယ်ကျိုးတို့နှင့် အပြင်ထွက် လမ်းလျှောက်ရန် ငြင်းဆိုလိုက်ပြီး သူ၏ ထိုင်ခုံကို ဆွဲကာ အပြင်ထွက်သွားလေသည်။ 


ငါးမိနစ်အကြာတွင် သူသည် ဂိတ်စောင့်ဆီမှ အပူခံဘူးကို ယူလိုက်ပြီး ဒုတိယ စာသင်ဆောင်သို့ သယ်သွားလေသည်။


စာရေးသူမှာ ပြောစရာ ရှိပါတယ် : နောက်တစ်ခန်းက အကြီးမားဆုံး ဖွင့်ပြတဲ့ အခန်းပဲ