အပိုင်း၁၂၃
Viewers 14k

Chapter 123

Chapter 123


ပြိုင်ပွဲ ပြီးဆုံးသွားသောအခါ ကျင်းစစ်နှင့် အသင်းသည် မူလခရီးစဥ်အတိုင်း လေယာဥ်ဖြင့် ပြန်လာကြလေသည်။


အင်္ဂလန်မှ တုန်းဟိုင်သို့ တိုက်ရိုက်ရောက်သည့် လေယာဥ်မရှိသည့်အတွက် သူသည် အင်ပါယာမြို့တော်သို့ အရင်ပြန်ပြီးနောက်မှ အိမ်ပြန်ရမည်ပင်။


ဝမ်ချုံးသည် ထိုင်ခုံကို မှီထားရင်း သက်ပြင်းချလိုက်လေသည် " ကံကောင်းလို့ပေါ့ ငါတို့ မနားဘဲနဲ့ တရုတ်ကို ပြန်လို့ရတာ"


"ဘာဖြစ်လို့လဲ" ကျင်းစစ်သည် သူ၏ လွယ်အိတ်ကို ထိုင်ခုံအောက်တွင် ထားလိုက်ပြီး လှည့်မေးလိုက်လေသည်။


"မင်းမသိပါဘူး ငါ့အမေက ငါရွှေတံဆိပ်ဆု ရတယ်ဆိုတော့ ခဏလေးပဲ ပျော်တာ " ဝမ်ချုံးသည် မျက်ခုံးပင့်ကာ ညည်းညူလိုက်လေသည် 


" နောက်ပြီးလည်းပြီးရော သူ့အတွက် ပစ္စည်းတွေ ဝယ်ဖို့ မက်ဆေ့ချ်နဲ့ အမိန့်ပေးတော့တာပဲ ငါ သူဝယ်ခိုင်းတဲ့ အလှပြင်ပစ္စည်းတွေနဲ့ အိတ်တွေရဲ့ တံဆိပ်ကို မသိဘူးလေ အဲ့တော့ ဒုက္ခများမှာ"


ဝမ်ချုံးသည် ကျင်းစစ်အား မနာလို အားကျစွာ ကြည့်လိုက်လေသည် " မင်းရဲ့ မိဘတွေလို မိဘမျိုး ရှိတာကောင်းလိုက်တာ သူတို့က မင်းကို အဲ့လို လုပ်ခိုင်းပြီး အနှောက်အယှက်မပေးဘူးလေ"


ကျင်းစစ် အံ့အားသင့်သွားလေသည်။ သူသည် ကျင်းမိသားစုအကြောင်း မတွေးခဲ့သည်မှာ အတော်ကြာပြီ ဖြစ်သည်။ 


သူ၏ အိမ်ထောင်စုစာရင်းအား ပြောင်းလဲခဲ့ပြီးနောက် သူသည် ထိုမိသားစုနှင့် အမှန်အကန်ပင် ဖြတ်တောက်ခဲ့လေသည်။ သူတို့သည် တစ်ဦးကိုတစ်ဦး မဆက်သွယ်ဘဲ ခွဲနေပြီး သူတို့ကို မတည်ရှိသလိုပင် ဆက်ဆံခဲ့လေသည်။


သူ ပြုံးလိုက်ပြီး စကားမပြောပေ။ ၎င်းသည် အကောင်းဆုံးဖြစ်လိမ့်မည်။


ကျင်းစစ် ထိုသို့ တွေးလိုက်လေသည်။ သို့သော် အဖေကျင်းသည်တော့ ထိုသို့ မတွေးပေ။ 


ကျင်းစစ် နိုင်ငံတကာ အိုလံပစ်ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆု ရရှိသည်ကို TV တွင် တွေ့လိုက်ရပြီးနောက် အဖေကျင်းသည် နောင်တအကြီးအကျယ် ရခဲ့လေသည်။ ဆံပင်ကို အမြဲတမ်း အဝါရောင် ဆိုးကာ အသုံးမကျသော သားကြီးသည် ယခုကဲ့သို့ မြင့်မားသောနေရာသို့ ရောက်လာမည်ဟု ဘယ်တုန်းကမှ မထင်ခဲ့ပေ။ 


ထိုရက်များတွင် သူ လမ်းလျှောက်သောအခါ လမ်းသွားလမ်းလာလူများထံမှ ကျင်းစစ်အကြောင်း ဆွေးနွေးနေသည်ကို ကြားခဲ့ရလေသည်။ လူကြီးများသည် ကျင်းစစ်ကို အပြည့်အဝ ချီးကျူးနေကြပြီး သူသည် တုန်းဟိုင်စီရင်စု၏ ဂုဏ်သရေဆောင်လေးဟုပင် ပြောနေကြလေသည်။ လူငယ်များသည်လည်း ကျင်းစစ်ကို လေးစားချစ်ခင်ကြပြီး သူ၏ အင်တာဗျူး ဗီဒီယိုအား ထပ်ကာ ထပ်ကာ ကြည့်နေကြလေသည်။


အခြားသူများအပေါ် အမြဲအထင်သေးနေသော ကျောင်းမိသားစုမှ ညီအစ်မ သုံးယောက်သည်ပင် ကျင်းစစ် ဘယ်အချိန်တွင် တရုတ်သို့ ပြန်လာမည်ကို သူ့အား မေးခဲ့လေသည်။ သူတို့၏ ကလေးများအား ကျင်းစစ်၏ သင်ယူလေ့ကျင့်ရေး နည်းလမ်းများကို ပြောပြစေချင်သောကြောင့်ပင်။


အဖေကျင်းသည်လည်း နေရာတိုင်းတွင် ကျင်းစစ်ကို သုံးကာ ကြွားချင်လေသည်။ ထိုကဲ့သို့ ထူးချွန်သောသူသည် သူ၏ သားဖြစ်ကြောင်းကို တစ်ကမ္ဘာလုံးကို သိစေချင်သည်။


သို့သော် မေးသင့်သည်မှာ ကျင်းစစ် မည်သည့်အချိန်တွင် ပြန်လာမည်ဟုသောမေးခွန်းမဟုတ်ဘဲ ကျင်းစစ်သည် သူ့ကို အသိအမှတ်ပြုသေးလားဟူသည့် မေးခွန်းပင်။


အဖေကျင်းသည် ကော်ဖီခွက်ကို အမှိုက်ပုံးထဲသို့ ပစ်ထည့်လိုက်ပြီး သူ၏ သော့ကို ထုတ်လိုက်ကာ အိမ်ထဲသို့ ဝင်သွားလေသည်။


ထို​အချိန်အတောအတွင်းတွင် သူ အများကြီးတွေးခဲ့လေသည်။ သူသည် အတိတ်တွင် ကျင်းစစ်အပေါ် အနည်းငယ် အေးစက်ခဲ့သည်မှာ အမှန်ပင်။ အဓိအကြောင်းအရာသည် သူ၏ အမေလုပ်ခဲ့သော အရာသည် ရွံ့ရှာစက်ဆုတ်ဖွယ် ကောင်းလွန်းသောကြောင့်ပင်။ ၎င်းသည် သူ့ကို အလွန်စိတ်ဆိုး​စေပြီး သူ၏ ဒေါသများကို ကျင်းစစ်အပေါ်တွင် ပုံချခဲ့မိသည်။


အရင်က သူသည် သူ၏ သိက္ခာကြောင့် ၎င်းကို ဝန်ခံရန် အနည်းငယ် ဝန်လေးနေသော်လည်း ယခုတွင် သူအဖြေရှာနိုင်သွားလေသည်။


အဲ့ဒါက တောင်းပန်ယုံပဲ မလား..ကမ္ဘာအဆင့် ရွှေတံဆိပ်ဆု ရထားတဲ့ သားဆီက အသိအမှတ်ပြုခံရတာထက် ဘာကများ ပိုအရေးကြီးလို့လဲ?


သူတို့က ယောင်္ကျားတွေပဲလေ ဖောက်ပြန်တဲ့ မိန်းမရှိခဲ့တဲ့ ခံစားချက်ကို ဘယ်လိုလုပ် နားမလည်ပဲ နေပါ့မလဲ.. ကျင်းစစ်သာ သူ့နေရာကနေ တွေးကြည့်ရင် ကျိန်းသေ နားလည်ပေးနိုင်မှာပဲလေ


အဖေကျင်းသည် သူ၏ လည်စည်းကို ဖြေလျော့လိုက်ပြီး အိမ်နေရင်း အဝတ်အစားများကို လဲလှယ်လိုက်လေသည်။ ထို့နောက် သူ၏အိတ်ကို ယူကာ ကျင်းစစ်ဆီသို့ မက်ဆေ့ချ် ပို့​ရန် ဖုန်းကို ထုတ်ရန် လုပ်လိုက်လေသည်။ သို့သော် အတော်ကြာ ရှာပြီးနောက် မတွေ့ဘဲ ဘယ်အချိန် အခိုးခံလိုက်ရသည်ကိုပင် မသိပေ။ 


ဖုန်းသာမက သူ၏ ပိုက်ဆံအိတ်နှင့် ပိုက်ဆံများပါ ပျောက်ဆုံးသွားလေသည်။


အခြားအရာများသည် အရေးမကြီးပေ။ အဓိက အရေးကြီးသည်မှာ သူ၏ ဘဏ်ကတ်နှင့် မှတ်ပုံတင်ကတ်သည် ပိုက်ဆံအိတ်ထဲတွင် ရှိပြီး ဒုက္ခများတော့မည်ပင်။


အဖေကျင်းသည် အလွန်စိတ်တိုနေပြီး ကျင်းမြောင်ထံမှ သိမ်းဆည်းထားသော ဖုန်းကို ရှာလိုက်ပြီး ဖုန်းခေါ်ကာ သူ၏ ဘဏ်ကတ်နှင့် မှတ်ပုံတင်ကတ် ပျောက်ဆုံးသွားသည်ကို သတင်းပို့လိုက်လေသည်။


"ဆိုးလိုက်တဲ့ ကံ"


အဖေကျင်းသည် သူ့ကိုယ်သူ ပြင်းထန်စွာ ဆူလိုက်ပြီး ကျင်းစစ် အကြောင်းကို ထပ်မတွေးနိုင်တော့ပေ။ အင်တာနက်ပေါ်တွင် မှတ်ပုံတင်ကတ်ကို အစားထိုး အသုံးပြုရမည့်အကြောင်းကို ရှာဖွေကြည့်ပြီးနောက် အိမ်ထောင်စုစာရင်း စာအုပ်ကို သေတ္တာများထဲတွင် လှန်လှောရှာဖွေတော့သည်။


သူသည် လောလောဆယ်တွင် အလုပ်မရှိသောကြောင့် အချိန်ရှိသည်။ မြေအောက်ရထားစီးရန် အတွက် ဖြတ်ရမည့် ကတ်ပြားကို မြန်မြန် ထုတ်ပေးနိုင်လေသည်။


အဖေကျင်းသည် အံဆွဲထဲမှ အိမ်ထောင်စုစာရင်း စာအုပ်ကို ထုတ်လိုက်ပြီး လမ်းလျှောက်သွားတုန်းတွင် ရုတ်တရက် တစ်ခုခုကို တွေးမိလေသည်။ 


ကျင်းစစ်ရဲ့ အိမ်ထောင်စုစာရင်းက ဒီမှာဆိုတော့ သူ အိမ်ပြန်လာဖို့ လိုသေးတယ်လေ


အဖေကျင်း ရယ်ကာ စာအုပ်ကို လှန်လိုက်လေသည်။


အဖေကျင်း၏ မျက်နှာပေါ်မှ အပြုံးသည် ရုတ်တရက် အေးခဲသွားလေသည်။


အိမ်ထောင်စု စာရင်း စာအုပ်တွင် ကျင်းစစ်နှင့် သက်ဆိုင်သော စာမျက်နှာတွင် တံဆိပ်တုံးဖြင့် အနီရောင် စာလုံးသုံးလုံးကို ရိုက်နှိပ်ထားလေသည် : ပြောင်းရွေ့ပြီး


.............


တုန်းဟိုင်စီရင်စုသို့ ကျင်းစစ် ပြန်ရောက်လာသောအခါ နေ့လည်ပင် ဖြစ်နေပြီ။ စုစုပေါင်း ဆယ့်ငါးနာရီကြာ လေယာဥ်နှစ်ဆင့် စီးခဲ့ရသည်။ စံတော်ချိန် ကွာခြားမှုပါ ထပ်ထည့်လိုက်သောအခါ သူ့တစ်ကိုယ်လုံး ပင်ပန်း နွမ်းနယ်နေလေသည်။ သူသည် ခေါက်ဆွဲပြုတ်တစ်ခွက်ကို နေ့လည်စာအဖြစ် စားသုံးခဲ့ပြီးနောက် အပေါ်ထပ်သို့ တက်ကာ ရေချိုးလိုက်ပြီး အိမ်ရာပေါ်သို့ တက်ကာ လျှင်မြန်စွာ အိပ်ပျော်သွားလေသည်။


သူ ပင်ပန်းနွမ်းနယ်လွန်းသောကြောင့် တစ်ရေး မနိုးဘဲ တစ်ချိုးထဲ အိပ်ပျော်သွားသည်။ သို့သော် သူ အိမ်မက်ထပ်မက်လေသည်။


အရင်အခေါက်များကဲ့သို့ပင် ယခုအိမ်မက်သည် အရင်တစ်ခေါက်၏ အဆက်ဖြစ်သည်။


ကျင်းစစ်၏ ဝိဥာဏ်အား အခြားကမ္ဘတစ်ခုတွင် ပြုစုပျိုးထောင်နိုင်သ၍ သူသည် အလိုအလျောက် ပြန်လာနိုင်မည်ဟု system သည် ယင်းကျောင်းကို ကတိပေးခဲ့လေသည်။


သို့သော် ၎င်းသည် ယင်းကျောင်းကို လိမ်လည် လှည့်ဖျားခဲ့သည်။


ချောင်းအန်ယန်း၏ သာလွန်သော နေရာမှ စွမ်းအင်များကို ရရန်အတွက် သူ၏ ဝိဥာဏ် တစ်စိတ်တစ်ပိုင်းကို အဝေးပို့လိုက်ကာ သေးငယ်သော တစ်စိတ်တစ်ပိုင်းကို လျှို့ဝှက်စွာထားခဲ့ပြီး သူပြန်လာနိုင်ချေကို ဖြတ်တောက်ထားလေသည်။


ထို့အပြင် သူ့ကို စောင့်နေမည့်အစား ယင်းကျောင်းသည် အချိန်ကို ပြန်လည် စတင်ရန် စောင့်မျှော်ခဲ့သည်။


system သည် သူ၏ စွမ်းအင်အများစုကို အသုံးပြုခဲ့ပြီး တစ်ကမ္ဘာလုံးကို အချိန်နောက်ပြန်ဆွဲကာ သူတို့ပထမဆုံး တွေ့ခဲ့သော အထက်တန်းပထမနှစ်သို့ ပြန်လည် ရောက်ရှိစေခဲ့သည်။


ဤကမ္ဘာတွင် သူ့အား မှတ်မိခဲ့သော တစ်ဦးတည်းသော လူ၏ မှတ်ဥာဏ်များသည် အတိတ်သို့ ပြန်ရောက်သွားခဲ့သည်။ ရလဒ်အနေဖြင့် သူ၏ ထက်မြက်မှုနှင့် စာတော်မှုတို့သည် ရှင်းလင်းခံလိုက်ရလေသည်။ ၎င်းသည် ချောင်းအန်ယန်းထံမှ ယူဆောင်သွားခံခဲ့ရသည့် ကျင်းစစ်၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ၎င်းသည် ကမောက်ကမဖြစ်ကာ တိုးတက်မှုကို မရှာဖွေနိုင်ခဲ့ပေ။


ထိုအခိုက်အတန့်တွင် မူလခန္ဓာကိုယ် ပိုင်ရှင်ဆိုသည်မှာ မရှိကြောင်း ကျင်းစစ် နားလည် လိုက်တော့သည်။ ဤခန္ဓာကိုယ်သည် သူ၏ အပိုင်ဖြစ်ပြီး အဖေကလည်း အဖေသူ့အဖေဖြစ်ပြီး ကျောင်းသည်ပင် သူ့ကျောင်း ဖြစ်လေသည်။


" ယင်းကျောင်းက ငါ့ရည်းစားဟောင်း စောမလား နောက်ကျမလားမသိပေမဲ့ ငါတို့က ပြန်ပေါင်းမှာ"


"မင်းက အရှက်မရှိဘူးပဲ ! "


" သူ ငါ့ကို လျစ်လျူရှုတာက မင်းကိစ္စမို့လို့လား ထွက်သွားစမ်း! "


သူ၏ တစ်စိတ်တစ်ပိုင်း သည် မပြည့်စုံသည့်အတွက် သူ၏ စိတ်ကူးများကိုပင် မေ့သွားခဲ့လေသည်။ သူ၏ အစီအစဥ်များနှင့် သူအကြိုက်ဆုံး သင်္ချာကိုပင် မေ့သွားခဲ့သော်လည်း ယင်းကျောင်းကိုတော့ မှတ်မိခဲ့သည်။


ရည်းစားဟောင်း 


ယင်းကျောင်းသည် သူ့ရည်းစားဟောင်းဖြစ်သည်။


၎င်းသည် သူတို့နှစ်ယောက် လမ်းခွဲခဲ့သောကြောင့် မဟုတ်ဘဲ သူ့အရင်ဘဝ၏ ရည်းစား ဖြစ်သောကြောင့် ပင်။


ကျင်းစစ် ရုတ်တရက် အိပ်ယာမှထလိုက်ပြီး နီရဲနေသော မျက်လုံးများဖြင့် အိပ်ယာခေါင်းရင်းကို  မှီထားလိုက်သည်။


system သည် သူ့ကိုယ်သူ လူသားများ၏ သဘာဝကို နားလည်နိုင်သည်ဟု ထင်ခဲ့ပြီး ထူးခြားမှုမရှိသည့် ယင်းကျောင်းထံသို့ သူကိုယ်တိုင် လာကြည့်လေသည်။ တစ်နှစ်ကြာသည်အထိ လေ့လာစမ်းစစ်ပြီးနောက် ယင်းကျောင်းသည် ကျင်းစစ်ကို မကြိုက်နိုင်မည်ကို ဂရုတစိုက် စိစစ်ပြီးနောက် သူသည် သူနှင့် တစ်ပုံစံတည်း တူသော ချောင်းအန်ယန်းကို လွှတ်လိုက်လေသည်။


ဒါဆို အဲ့ဒါက သူတခြားကမ္ဘာမှာ တွေ့ခဲ့တဲ့ ထွင်းပြီးရေးထားတဲ့ စာတွေပေါ့


ချောင်းအန်ယန်းသည် သူ၏ ဒုတိယနှစ် အထက်တန်းကျောင်းသို့ ရွှေရောင် လက်ချောင်းများဖြင့် ပြန်လည် ရောက်ရှိလာပြီး မယုံနိုင်ဖွယ်နှုန်းထားဖြင့် တိုးတက်သွားပြီး တစ်တန်းလုံးတွင် အဆင့်တစ်ပင် ဆွတ်ခူးနိုင်ခဲ့သည်။


သို့သော် system သည် ထပ်မံကျရှုံးသွားပြန်သည်။


၎င်းသည် ချောင်းအန်းယန်းကို သူ၏ အဆင့်များ ဆရာများနှင့် သူငယ်ချင်းများကို ယူသွားနိုင်ရန် ကူညီပေးနိုင်ခဲ့သော်လည်း သူ၏ ချစ်သူကိုတော့ လုမယူနိုင်ခဲ့ပေ။


သူ၏ မှတ်ဥာဏ်များကို ဆုံးရှုံးခဲ့သော်လည်း ယင်းကျောင်းသည် ကျင်းစစ်၏ ဝိဥာဏ်ကို တခြားကမ္ဘာအား သူကိုယ်တိုင် ပို့ပေးခဲ့ပြီး ချောင်းအန်ယန်း၏ အတုအယောင် ဆန်မှုများနှင့် သူ့ကို ချဥ်းကပ်လာမှုများကို တွေ့ကြုံခဲ့ရလေသည်။ ထို့ကြောင့် သူသည် သူ့ကိုလာကြိုက်ပြီး သူ(JS)မဟုတ်သည့် လူတိုင်းကို မုန်းတီးခဲ့လေသည်။


ယင်းကျောင်းသည် စာကြိုးစားပြီး ဆရာများနှင့် အတန်းသားများထံမှ အချစ်ခံရသော သူကို ကြိုက်ခြင်းမဟုတ်ဘဲ ကျင်းစစ်၏ အရာအားလုံးကို ကြိုက်ခြင်းသာပင်။


အားသာချက် အားနည်းချက် မည်သို့ပင် ဖြစ်နေပါစေ နည်းလည်းမနည်း များလည်းများပေ ။


ကျင်းစစ် သူ၏ မျက်နှာကို အုပ်ထားပြီး မျက်ရည်များသည် ထိန်းမရစွာ စီးကျလာလေသည်။


ထို့အပြင် ချောင်းအန်ယန်းသည် ထပ်မံကျရှုံးပြန်သည်။ သူ၏ အသက်မွေးဝမ်းကြောင်းသည် အထွတ်အထိပ်သို့ ရောက်နေသော်လည်း သူသည် ချစ်သူရည်းစားဆက်ဆံရေးတွင်တော့ ခြေတစ်လှမ်းတောင် ရှေ့မတိုးနိုင်ပေ။ သူ ကျင်းစစ်၏ ကိုယ်စား နေရာမယူနိုင်သေးသော်လည်း ဤကမ္ဘာ၏ ဇာတ်လိုက် ဖြစ်လာလေသည်။


ကျင်းစစ် သည် အလွန်စိတ်လှုပ်ရှားနေပြီး အိပ်ယာပေါ်မှ ရုတ်တရက် ခုန်ဆင်းလိုက်သောကြောင့် အမှတ်တမဲ့ ခလုတ်တိုက်လိုက်မိသည်။ သူသည် ယင်းကျောင်းကို အခုချက်ချင်း တွေ့ချင်နေပြီး တစ်ခဏလေးတောင် မစောင့်နိုင်တော့ပေ။


ကျင်းစစ်၏ အစွဲလမ်းလွန်ရောဂါ (OCD) သည် အလွန်ပြင်းထန်သောကြောင့် သူ၏ ရှူးဖိနပ်ကြိုးများသည်ပင် အမြဲညီနေခဲ့သည်။ သို့သော် ယခုအချိန်တွင် သူ၏ ဆံပင်သည် ရှုပ်ပွနေပြီး ညအိတ်ဝတ်စုံ၏ ကော်လံသည် အထဲသို့ ခေါက်ဝင်နေကာ သူ၏ အင်္ကျီလက်များသည်လည်း တိုလို့တို ရှည်လို့ရှည် ဖြစ်နေသည်။


သို့သော် ကျင်းစစ်သည် ယင်းကျောင်းမှ လွဲ၍ ဂရုမစိုက်နိုင် ဖြစ်နေသည်။ သူ၏ စိတ်ထဲတွင် ယင်းကျောင်းမှ လွဲ၍ မည်သည့်အရာမျှ ရှိမနေပေ။


ထိုအချိန်တွင် တုန်းဟိုင်စီရင်စု အထက်တန်းကျောင်းတွင် ယင်းကျောင်းသည် ကျင်းစစ်၏ မူပိုင် အင်တာဗျူး ဗီဒီယိုအား ထပ်ကာ ထပ်ကာ ပြန်ကြည့်နေလေသည်။


ကျင်းစစ်သည် သူ့ကို ဝန်ခံလိုက်ခြင်းဖြစ် တစ်ကမ္ဘာလုံးရှေ့တွင် သူ့ကို ဝန်ခံလိုက်ခြင်းပင်။


ထိုအကြောင်းကို နားလည်သဘောပေါက်ပြီးနောက် ယင်းကျောင်းသည် သူ့ကိုယ်သူ ထိန်းချုပ်ရန် ခက်ခဲလာလေသည်။ သူသည် သတင်းထောက်ကိုပင် သွားရှာကာ သူ့အတွက်လည်း အင်တာဗျူးကို ချက်ချင်း လုပ်ခိုင်းစေချင်သည်။ ကျင်းစစ်၏ ချစ်သူကောင်မလေး ဖြစ်ချင်၍ ငိုယိုနေကြသော နိုင်ငံသားတို့ကို အဖြူရောင်စာရွက်ပေါ်မှ ဖန်ရှင်လစ်မစ်၏ အဓိပ္ပါယ်ကို ပြောပြချင်သည်။


[ မင်းက တစ်ကမ္ဘာလုံးကို ငါ့ကို ပေးရင်တောင် ငါကတော့ မင်းအနားမှာပဲ ရှိနေမှာပါ]


ထိုစာပိုဒ်ထဲတွင် သူသည် စကားလုံး တစ်လုံးချင်းစီတိုင်းကို ရှင်းရှင်းလင်းလင်း သိသော်လည်း ၎င်းတို့ကို ပေါင်းစပ်လိုက်ချိန်တွင် သူ၏ နှလုံးခုန်နှုန်းကို မြင့်တက်စေပြီး သူ၏ သွေးများကို ဆူပွက်စေသည့် မှော်အစွမ်းနှယ် ဖြစ်သွားလေသည်။


ယင်းကျောင်း၏ နှုတ်ခမ်းထောင့်စွန်းများသည် မြင့်တက်သွားပြီး သူသည် ထပ်ကြည့်ရန် ခလုတ်ကို နှိပ်လိုက်ပြန်သည်။


သူ၏ ဘေးတွင် ကျန့်ချွယ်သည် သူ၏ ဖုန်းမျက်နှာပြင်ကို ရုတ်တရက် အကြည့်ရောက်သွားချိန်တွင် စိတ်အချဥ်ပေါက်သွားလေသည်။ သူ တောင့်ခံပြီးရင်း တောင့်ခံပေမဲ့ နောက်ဆုံးတွင် တောင့်မခံနိုင်တော့ဘဲ ပြောလိုက်လေသည်


 " အစ်ကိုကျောင်း အဲ့ဒါက ပြီးသွားပြီလေ အဲ့ဒါက အင်တာဗျူးလေးပဲ မလား...အစ်ကို ဘယ်နှစ်ကြိမ်တောင် ကြည့်ပြီးပြီလဲ..."


ဟယ်ကျိုးသည်လည်း ယင်းကျောင်းကို လှောင်ရန်အတွက် အခွင့်အရေးကို မလွတ်စေရပေ။ သူသည် ၎င်းကို ကြားသောအခါ ချက်ချင်း ဖြေလိုက်လေသည်


 " လူအိုကြီးကျန့် မင်း နားမလည်ပါဘူး ဒါက လူရမ်းကားကြီးရဲ့ တစ်ယောက်ထဲ ရှိနေချိန် အထီးကျန်မှုတွေကွ"


သူတို့နှစ်ယောက်သည် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ပြီး ရယ်လိုက်လေသည်။


ယင်းကျောင်းသည် နားကြပ်ကို ချွတ်လိုက်ပြီး သူ၏ မျက်လုံးများသည် သူတို့အပေါ်သို့ ရောက်သွားလေသည်။ စကားမပြောဘဲ အသံတိတ်နေသော ဖမ်ချန်းချန်းကိုပင် အလွတ်မပေးပေ။


သူတို့၏ စိတ်ထဲတွင် ရုတ်တရက် အချက်ပြသံများ ပေါ်လာသော်လည်း သူတို့ မလွတ်မြောက်နိုင်ခင် ယင်းကျောင်း ပြောသံကို ကြားလိုက်ရသည် " ဖန်ရှင်လစ်မစ် ဆိုတာကို မင်းတို့ သိလား?"


ကျန့်ချွယ်၏စိတ်သည် ရိုးရှင်းသောကြောင့် သူသည် မသိစိတ်အရ အလျင်အမြန် ပြောလိုက်သည် " ဆောရီးပါ သူများတွေရဲ့စိတ်ကို လစ်မစ်ထိရောက်အောင် ဘယ်လို စိန်ခေါ်ရမယ်ဆိုတာပဲ သိတယ် "


"မင်းတို့ မသိဘူး ထင်ပါတယ် " ယင်းကျောင်းသည် ဖုန်းကို စားပွဲပေါ်တွင် တင်လိုက်လေသည် " ဒါဆို ကျင်းစစ် ဘာကို ဆိုလိုတယ်ဆိုတာ မင်းတို့ မသိဘူးပေါ့လေ"


ဟယ်ကျိုး သူ့ကို မျက်လုံးလှိမ့်ပြလိုက်လေသည် " ဘာကို ပြောချင်တာလဲ အစ်ကိုစစ်က သတင်းထောက်ကို ရှင်းမပြခဲ့ဘူးလား?"


ယင်းကျောင်း၏ နှုတ်ခမ်းများသည် အနည်းငယ် မြင့်တက်သွားလေသည် " မရှင်းပြခဲ့ဘူး သူက ငါ့ကို ချစ်ကြောင်း ဝန်ခံခဲ့တာလေ မင်းတို့ ..."


ယင်းကျောင်း၏ စကားလုံးများသည် ရုတ်တရက် ပြတ်တောက်သွားပြီး သူ၏ မျက်နှာသည် ချက်ချင်း ပြောင်းလဲသွားလေသည်။ ဟယ်ကျိုးနှင့် အခြားသူများ၏ အံ့အားသင့်နေသော အကြည့်များအောက်တွင် သူသည် ခုံကို ဘေးသို့ တွန်းလိုက်ပြီး အတန်းထဲမှ ပြေးထွက်သွားလေသည်။


သူ မှတ်မိပြီ အားလုံးကို မှတ်မိသွားပြီ ! 


ယင်းကျောင်းသည် သူအိမ်သို့ မည်သို့ ပြန်ရောက်လာမှန်းကို မသိသော်လည်း သူနားလည်လိုက်ချိန်တွင် သူသည် အိမ်ပေါက်ဝရှိ တံခါးရှေ့တွင် မတ်တတ်ရပ်ပြီးနေပြီပင်။


သူ၏ နှလုံးခုန်သံသည် သူ၏ ပြင်းပြသော အသက်ရှုသံကိုပင် ဖုန်းလုမတတ်။ သူ၏ မျက်နှာကို ခပ်ကြမ်းကြမ်း ပွတ်သုတ်လိုက်ပြီး တံခါးကို ဖွင့်တော့မည့် အချိန်တွင် တံခါးသည် အတွင်းထဲမှ ဆွဲဖွင့်ခံလိုက်ရလေသည်။


ကျင်းစစ်သည် ထိုနေရာတွင် ဗလာဖြစ်စွာ မတ်တတ်ရပ်နေပြီး သူ၏ မျက်လုံးများသည် နီရဲနေလေသည် 


" ကောကော"


ယင်းကျောင်း သူ့ကို လက်မောင်းထဲသို့ ဆွဲကာ ပွေ့ဖက်လိုက်ပြီး ပြင်းပြင်းပြပြ ရူးသွပ်စွာ နမ်းလိုက်ပြီး ပွတ်သပ်တော့သည်။


ထိုလူသားသည် ကမ္ဘာနှစ်ခုကို ဖြတ်သန်းခဲ့ရပြီး ပြန်လည်ကန့်သတ်ကာ သတ်မှတ်ခြင်းများကို အကြိမ်ပေါင်းများစွာ ကြုံတွေ့ခံစားခဲ့ရပြီးနောက် နောက်ဆုံးတွင် သူ့ထံသို့ ပြန်လည် ရောက်ရှိလာလေပြီ။


ယင်းကျောင်းသည် ကျင်းစစ်၏ မျက်နှာကို ကိုင်ထားပြီး သူ့ကို နက်ရှိုင်းစွာ ကြည့်ကာ ပြောလိုက်သည် " ပြန်လည်ကြိုဆိုပါတယ် ပေါင်ပေ့"


ကိုယ်မင်းကို စိတ်ထဲမှာ မမှတ်မိပေမဲ့ ကိုယ့်နှလုံးသားထဲမှာတော့ မင်းက အမြဲတမ်းရှိပါတယ်


တကယ်လို့ မင်းမရောက်လာရင်လည်း ကိုယ်တို့ကမ္ဘာကြီးထဲမှာ ခေါင်းမာစွာနဲ့ စောင့်နေပြီး မင်းပြန်လာတဲ့ အချိန်ထိ အချိန်စက်ဝန်းထဲမှာ မင်းကို ရှာရင်း စောင့်နေမှာ


တကယ်လို့ မင်းလာရင်လည်း ကိုယ်မင်းကို ပထမဆုံး အကြည့်တစ်ချက်မှာတင် မှတ်မိမှာပါ


နောက်ပြီးရင် မင်းကို ချစ်ပေးမယ် စောင့်ရှောက်ပေးမယ် ကိုယ့်ရဲ့ လက်ဖဝါးထဲက ကမ္ဘာကြီးကို မင်းကို ပြန်ပေးမယ်


စာရေးသူမှာ ပြောစရာရှိပါတယ် : ကျင်းစစ် ပြန်ရောက်လာရတဲ့အကြောင်း ဇာတ်ကွက်လေးနည်းနည်း ကျန်သေးတယ် အဲ့တော့ အားလုံးပဲ မစိုးရိမ်ကြပါနဲ့