အပိုင်း ၂၇
Viewers 12k

စစ်ကျွင်းတောက် ၀မ်မင်ယီအားတွန်းထုတ်လိုက်ကာ အလွန်သဘာ၀မကျစွာချောင်းဟန့်လိုက်ပြီးစကားဆိုလိုက်သည်။
"မျက်နှာသွားသစ်လိုက်ဦးမယ်"
၀မ်မင်ယီလည်းခေါင်းညိတ်လိုက်ပြီး သူရေချိုးခန်းထဲ၀င်သွားသည်အထိ ကြောင်တောင်တောင်နှင့်စိုက်ကြည့်နေလေသည်။ သူ ရူးကြောင်ကြောင်အမူအယာဖြင့်ပင် လည်ပင်းကိုကုတ်လျက် စစ်ကျွင်းတောက်အခန်းမှထွက်လာခဲ့ပြီး သူ့ကိုယ်ပိုင်ရေချိုးခန်းသို့၀င်လာခဲ့ကာ သွားတိုက် မျက်နှာသစ်လုပ်လိုက်သည်။
သူ့ကိုယ်သူမှန်ထဲတွင်စိုက်ကြည့်ရင်း ထိုအကြည့်က နှုတ်ခမ်းတွင်အဆုံးသတ်သွားလျှင် နှုတ်ခမ်းအားကိုက်လိုက်မိလေသည်။ ဤသည်မှာသူ၏ပထမဆုံးအနမ်းပင်။ သို့ဆိုလျှင် သူ၏ပထမဆုံးအနမ်းကို စစ်ကျွင်းတောက်အားပေးပစ်မိသည်လော။
သူ ဆုံးရှုံးသွားသည်ဟုတွေးမိသော်လည်း သေချာတွေးကြည့်ပြန်တော့လည်း ဆုံးရှုံသွားတယ်လို့်မခံစားရပြန်ပေ။
၀မ်မင်ယီ သွားတိုက်ဆေးအားညစ်လိုက်ပြီး သွားတိုက်တံအားသူ့ပါးစောင်ထဲသို့ထိုးထည့်လိုက်သည်။ သွားတိုက်နေရင်းသူ့အတွေးများကလည်းမပြတ်ပေ။ သူမတော်တဆနဲ့တကယ်ဆုံးရှုံးသွားတာလား။
သူနှင့်ယှဉ်လျှင်စစ်ကျွင်းတောက်မှာမူ လုံး၀တည်ငြိမ်မနေခဲ့ချေ။
မိမိကိုယ်ကိုစိတ်မငြိမ်ခင်အထိ ရေအေးများစွာဖြင့် မိမိမျက်နှာအား အကြိမ်ပေါင်းမနည်းပက်ခဲ့ရသည်။
သူသည် မိမိမှာ မိန်းကလေးများထက် ယောကျာ်းလေးများကိုပို၍သဘောကျကြောင်း တက္ကသိုလ်တက်နေစဉ်ကပင်သတိထားမိခဲ့သည်။ သို့သော် သူလိင်တူကြိုက်မှန်းသိစဉ်ကသော်ဖြစ်ဖြစ် မသိသေးစဉ်ကဖြစ်ဖြစ် ၀မ်မင်ယီအား သူ၏ကောင်လေးအဖြစ်တစ်ခါမှမစဉ်းစားခဲ့ဖူးချေ။
၀မ်မင်ယီမှာ စစ်ကျွင်းတောက်အတွက်တော့ အထူဖြ့စ်တည်မှုလေးတစ်ခုဖြစ်သည်။ သူက၀မ်မင်ယီအားအလိုလိုက်ပေးရခြင်း၊ ဂရုစိုက်ပေးရခြင်း၊ ၀မ်မင်ယီ လိုချင်သမျှကိုဖြည့်ဆည်းပေးရခြင်းတို့ကို အကျင့်ပါနေပြီဖြစ်သည်။သူကဤကောင်ငယ်လေးကို သဘောကျပါသော်လည်း ဘာတုန့်ပြန်ှမှုကိုမှမမျှော်လင့်ခဲ့ချေ။ တစ်နေ့တွင်၀မ်မင်ယီနှင့်ဤမျှရင်းနှီးသော ထိတွေ့မှုမျိုးရှိလာမည်ဟုလည်းမထင်ထားခဲ့။
စစ်ကျွင်းတောက်သည် ဘေစင်တွင်ခေါင်းငုံ့ကာ လက်ထောက်လျက်သားပင် ရေပန်းကိုပိတ်လိုက်သည်။
သူပါးစပ်နှင့်မျက်နှာကိုဆေးကြောပြီးသည်နှင့် အ၀တ်အစားလဲပြီး ရေချိုးခန်းထဲမှထွက်လာခဲ့တော့သည်။ ထို့နောက်၀မ်မင်ယီမှာ သူ့အိပ်ယာပေါ်တွင် ညအိပ်၀တ်စုံပင်မလဲရသေးပဲ ထိုင်နေဆဲဖြစ်သည်ကိုတွေ့လိုက်ရသည်။ သူ၏ခေါင်းလေးကိုငုံ့လျက်ဖုန်းကိုကြည့်နေသည်မို့ နူးညံ့သောလည်တိုင်လေးမှာ မျက်စိကျိန်းဖွယ်တောက်ပနေခဲ့သည်။
စစ်ကျွင်းတောက် အလွန်သက်တောင့်သက်သာမရှိစွာချောင်းဟန့်လိုက်သည်။
၀မ်မင်ယီ ခေါင်းမော့ကြည့်ပြီးမေးလိုက်သည်။
"အပြင်သွားမလို့လား"
"အင်း လုပ်စရာလေးရှိလို့၊ မင်းရော ကျောင်းသွားစရာမလိုဘူးလား"
"ဟင့်အင်း" ၀မ်မင်ယီခေါင်းခါလိုက်သည်။
"ကျွန်တော်မနေ့ကမှရှာဖွေမှုထိပ်ဆုံး၀င်ထားတာ...ကျောင်းဂိတ်တံခါးမှာ ဖန်တွေတိုးကြိတ်နေလိမ့်မယ်...
အခြေအနေနည်းနည်းငြိမ်သွားမှ သွားတော့မယ်"
"ကောင်းတယ်"
စစ်ကျွင်းတောက် သူ့အား အတင်းမတိုက်တွန်းချေ။
၀မ်မင်ယီက စစ်ကျွင်းတောက်၏စကားလုံးသေးသေးမွှားမွှားကပင် အာရုံစိုက်သည်။ သူကအလုပ်သွားမှာဟုမပြောပဲ လုပ်စရာရှိ၍ အပြင်သွားမည်ဟုသာပြောသဖြင့်ထပ်မေးလိုက်သည်။
"အလုပ်ကိုမသွားဘူးလား"
"အင်း"
"ဒါဆိုဘယ်သွားမလို့လဲ" ထို့နောက်မျက်လုံးကိုကျဉ်းမြောင်းလိုက်ပြီး
"ကျန်းဇီမော့ကိုသွားတွေ့မှာလို့တော့မပြောနဲ့နော်"
စစ်ကျွင်းတောက်မှာ ဆွံ့အသွားရသည်။
"ကိုယ်ကတိပေးထားတာကိုမဖျက်ပါဘူး ။ စိတ်မပူပါနဲ့ ...ကိုယ် ကျောက်ယန် ကိုသွားပြီး အဲဒီကဘော့စ်နဲ့ မင်းရဲ့စာချုပ်အကြောင်းဆွေးနွေးမလို့ပါ"
"ကျွန်တော်လည်းလိုက်မယ်"
၀မ်မင်ယီကဆိုလိုက်သည်။
"မဟုတ်ရင်လည်းကျွန်တော်အားနေတာပဲလေ"
စစ်ကျွင်းတောက်၌ ၀မ်မင်ယီအားငြင်းပယ်သည်ဟူ၍မရှိခဲ့။ အစကခေါ်သွားဖို့အစီအစဉ်တော့မရှိသော်လည်း မနေ့ကကိစ္စဖြစ်ပြီးနောက် သူ့အားတစ်ယောက်တည်းအိမ်မှာချန်ခဲ့ဖို့လည်း စိတ်မချချေ။
"ကောင်းပြီ"
၀မ်မင်ယီလည်းပျော်ရွှင်သွားပြီး အ၀တ်အစားအမြန်လဲလိုက်သည်။ ထို့နောက် နှစ်ယောက်သား မနက်စာအတူစားပြီးထွက်လာခဲ့တော့သည်။
ကျောက်ယန် ဘော့စ်ရွေးချယ်ထားသောနေရာက
သူ၏ညီမဖွင့်လှစ်ထားသော ကော်ဖီဆိုင်လေးဖြစ်သည်။ ညီမဖြစ်သူမှာဘွဲ့ရပြီးနောက် မိဘပိုင်ကုမ္ပဏီတွင်၀င်မလုပ်ချင်သဖြင့် ကော်ဖီဆိုင်လေးတစ်ဆိုင်ဖွင့်ကာ နှစ်နှစ်ခန့်အလေလိုက်ဖို့ဆုံးဖြတ်ထားခဲ့သည်။
ကျိုးရန်နှင့် စစ်ကျွင်းတောက်မှာ ဆယ်လီများမဟုတ်သလို တိတ်တဆိတ်နေရတာကိုသာကြိုက်သည်မို့ ဘယ်သူမှသူတို့ကို မမှတ်မိကြချေ။.
ကျိုးရန်၏ညီမလေး ကျိုးရှင်းက သူတို့နှစ်ယောက်အတွက် နေရာကိုရှင်းပေးထားရန်စိတ်ကူးမရှိသော်လည်း မူကျိအန်းလာမည်ဟုကြားလိုက်သောအခါ ယခုလက်ရှိသူ၏ပေါ်ပြူလာဖြစ်ပုံမျိုးနှင့်ဆိုလျှင် ဆိုင်အား တစ်ရက်ခန့်ပိတ်ပြီး ထိုသုံးယောက်အားနေရာပေးလိုက်ရန်သာရွေးချယ်လိုက်သည်။
သို့သော်တကယ်တမ်းရောက်လာချိန် သုံးယောက်မဟုတ်ပဲ လေးယောက်ဖြစ်သည်။ ၀မ်မင်ယီမှာ စစ်ကျွင်းတောက်ဘေးတွင်၀င်ထိုင်လိုက်ပြီး မူကျိအန်းနှင့် ကျိုးယန်အား ယဉ်ကျေးစွာပြုံးပြလိုက်သည်။
မူကျိအန်းသည် ၀မ်မင်ယီ စစ်ကျွင်းတောက်အင်္ကျီလက်ကိုဆွဲလျက်လိုက်လာမှန်းသိလိုက်.သည်။
သူကဂရုချက်ထဲမှာပင် နောက်ဆုံးတော့ ကြက်မေမေကြီးက ကြက်သားသားလေးကို ထုတ်ပြဖို့ဆုံးဖြတ်လိုက်ပြီလားဟုပင်စနောက်ခဲ့သေးသည်။
စစ်ကျွင်းတောက်ကဘာမှမတုန့်ပြန်သော်လည်း သူ့ကိုယ်သူထိန်းထိန်းသိမ်းသိမ်းနေဖို့သာပြောခဲ့သည်။
မူကျိအန်း၏ အိုင်ဒေါပုံရိပ်မှာ တန်၂၀ခန့်ပင်လေးလံလှသည်။ မူလတွင်ဤတွေ့ဆုံပွဲ၌ထိုတန်၂၀အလေးချိန်ကိုချကာပေါ့ပေါ့ပါးပါး ပြောဆိုမည်ဟုမျှော်လင့်ထားခဲ့သော်လည်း ယခု၀မ်မင်ယီကပါလာသည်မို့ ထိုတန်၂၀အလေးချိန်အားခေါင်းပေါ်တွင် ပြန်ထမ်းထားရုံသာတတ်နိုင်လေသည်။
ကျိုးရန်လည်း စစ်ကျွင်းတောက်နှင့် စကားအနည်းငယ်ဖလှယ်လိုက်ပြီးနောက် ပြင်ဆင်ထားတာကြာပြီဖြစ်သော စာချုပ်ကိုထုတ်ပေးလိုက်သည်။
စစ်ကျွင်းတောက်ကလှမ်းယူလိုက်လျှင် ၀မ်မင်ယီလည်း ကိုယ်လေးကိုစောင်းလျက် ဘာလဲဟုကြည့်လာသည်။ စစ်ကျွင်းတောက်လည်းဒါကိုမြင်လျှင် ၀မ်မင်ယီလည်းအတူဖတ်နိုင်စေရန် ကြားထဲတွင်ချထားလိုက်သည်။
ဤသည်ကိုတွေ့လျှင် ကျိုးရန်မှာမိမိလက်ထဲမှ ၀မ်မင်ယီကိုကမ်းပေးရန်ပြင်ထားသည့် စာချုပ်မိတ္တုတစ်စောင်အား အသာပြန်သိမ်းထားလိုက်ရုံသာတတ်နိုင်သည်။
"ပြင်ချင်တာတစ်ခုခုရှိရင်၊ နှစ်ယောက်လုံးပြောလို့ရတယ်နော်..." ကျိုးရန်ကပြောလိုက်သည်။
ဤသည်ကိုကြားလျှင် ၀မ်မင်ယီလည်းမော့ကြည့်ပြီး ကျေးဇူးတင်လိုက်သည်။
"ရပါတယ်..ကျွင်းတောက်နဲ့ငါကသူငယ်ချင်းတွေလေ.. မင်းကငါ့ဆီရောက်လာမှတော့ ငါမင်းကိုဂရုစိုက်ပေးမှာပါ..."
ကျိုးရန်ကဆိုလိုက်သည်။
၀မ်မင်ယီရယ်လိုက်ပြီး စစ်ကျွင်းတောက်နှင့်အတူ စာချုပ်ကိုဆက်ဖတ်လိုက်သည်။
စာချုပ်မရေးခင်ကတည်းက စစ်ကျွင်းတောက်က ကျိုးရန်နှင့်ဆွေးနွေးပြီးသားပင်၊ မေးသင့်သည့်ကိစ္စ မမေးသင့်သည့်ကိစ္စ၊ အထူးသဖြင့် ညကိုးနာရီတွင် ၀မ်မင်ယီအား ဘာဖြစ်ဖြစ် ရိုက်ကူးရေးနားခွင့်ပေးရန်ပင်။ ထို့ကြောင့် စစ်ကျွင်းတောက်မှာ တစ်ခေါက်သာဖတ်လိုက်ပြီးနောက် ၀မ်မင်ယီလက်ထဲသို့ထည့်ပေးလိုက်သည်။
"ထပ်ထည့်ချင်တာရှိသေးလား"
၀မ်မင်ယီကခေါင်းယမ်းလိုက်သည်။
"ဟင့်အင်း အခုတောင်အတော်ပြည့်စုံနေပါပြီ"
ကောင်းတယ်၊ သိပ်ကောင်းလွန်းတယ်၊
ဤစာချုပ်အရဆိုလျှင် ၀မ်မင်ယီ သူသရုပ်ဆောင်ချင်စိတ်ရှိမရှိလည်းရွေးချယ်နိုင်သည်။ ဘယ်လိုအခန်းမျိုးကိုသာရိုက်ချင်သလဲဆိုတာကိုလည်းဆုံးဖြတ်နိုင်သည်။ တစ်နှစ်တွင် ဘယ်နှကားသာရိုက်မည်ကိုလည်းဆုံးဖြတ်နိုင်သေးသည်၊ ဤကဲ့သို့ စာချုပ်မျိုး သူ့အတိတ်မှယန်ချီနှင့်ဆိုလျှင် ဘယ်တော့မှမဖြစ်နိုင်သော စာချုပ်ဖြစ်သည်။ ယန်ချီကအကုန်လုံးကို သူကိုယ်တိုင်ထိန်းချုပ်ချင်သည်။
သူမမှာ သူနာမည်ကြီးလေပိုကြိုက်လေဖြစ်ကာ သူ့အား သူမ၏ငွေရှာနွားသာသာ သဘောထားခဲ့သည်ပင်။
ဤသည်ကိုတွေးမိလျှင် ၀မ်မင်ယီမှာ ရင်ထဲထိမိရသည်။ ကျန်းဖန်သာဤစာချုပ်ကိုမြင်လျှင် ဒေါသထွက်လွန်း၍ခြေဆောင့်မိလိမ့်မည်။ ကျွတ်.
သူတွေးမိရုံနှင့်တောင်အလွန်ကျေနပ်မိသည်။ ထို့ကြောင့် သူဤစာချုပ်နှင့်ပါတ်သတ်ပြီး အလွန်စိတ်တိုင်းကျသည်။ တစ်ခုသာ..
"ကျွန်တော့်ရဲ့ အေးဂျင့်က.."
"ချန်လု..."
ကျိုးရန်ကပြန်ဖြေလာသည်။
"ကျွင်းတောက်ကမင်းရဲ့အေးဂျင့်ကိုမိန်းကလေးဖြစ်စေချင်လို့၊ မိန်းကလေးတွေက ပိုညင်သာတယ်၊ ပြောတတ်ဆိုတတ်ပြီး မင်းအပေါ်မှာလည်းလေးစားမှုရှိလိမ့်မယ်၊ မင်းအလုပ်အကိုင်ကိုအပြင် မင်းကိုလည်းသေချာဂရုစိုက်ပေးနိုင်လိမ့်မယ်... ချန်လုကဒီလောကမှာ သိပ်နာမည်အကြီးစားတော့မဟုတ်ပေမယ့် သူကခေါင်းမမာပဲ အတော်စိတ်ရှည်ညင်သာတဲ့သူ... ဒီတော့ ကိစ္စတော်တော်များများကို မင်းဘာမင်းဆုံးဖြတ်နိုင်မယ်... ပြီးတော့ သူမရဲ့ စွမ်းရည်ကလည်းအတော်မြင့်ပါတယ်..."
၀မ်မင်ယီခေါင်းငြိမ့်လိုက်သည်။ သူလည်းခေါင်းမာသည့်လူမျိုးထက် ပြောရဆိုရလွယ်သူကိုသာကြိုက်သည်ပင်။မိမိကိုယ်တိုင်ကလည်း စိတ်ကြီးသည့်လူမို့ ခေါင်းမာသည့်လူနှင့်သာတွေ့လျှင် တစ်ဦးကိုတစ်ဦးအရှုံးမပေးနိုင်ပဲ နှစ်ဦးလုံးဒုက္ခရောက်လိမ့်မည်။ ယန်ချီ ကအကောင်းဆုံးဥပမာပင်။
သူတို့လည်းဆက်ဆွေးနွေးရင်း ကျိုးရှင်းလာချပေးသောကော်ဖီကိုပင်အပြီးသတ်လိုက်သည်။ ထိုတော့မှ သူတို့လည်း စာချုပ်အားအကျဉ်းချုပ်ပြောလိုက်သည်။ ကျိုးယန်၏ဘော့စ်တစ်ဦးအနေနှင့်သော်လည်းကောင်း ဘုန်းကြီးဟုတင်စားရသော ကျွင်းတောက်၏ သူငယ်ချင်းအနေနှင့်သော်လည်းကောင်း ဤညီငယ်လေးနှင့်စာချုပ်ချုပ်လိုက်သည်နှင့် လောက၀တ်ပြုရချေတော့မည်။
ထို့ကြောင့် စာချုပ်အပြင်ကို နောက်လာမည့်
'Pet Romance'ဟူသော ကျိုးရန် ရင်းနှီးမြှုပ်နှံထားသောဒရာမာ၏ တတိယမြောက် အမျိုးသားဇာတ်ဆောင်နေရာအားကမ်းလှမ်းလာခဲ့သည်။
"ဒါကကုမ္ပဏီကိုယ်စားပေးတဲ့ ငါ့ရဲ့လက်ဆောင်လေးပါ..."
ကျိုးရန်ကဆိုလိုက်သည်။
"ကျောက်ယန်ကနေကြိုဆိုပါတယ်..."
၀မ်မင်ယီလည်း အံ့အားသင့်နေပြီးနောက်၀မ်းသာစွာပြုံးလိုက်ပြီး...
"ကျေးဇူးပါဘော့စ်ကျိုး...ကျွန်တော်အလုပ်ကြိုးစားပါ့မယ်..."
ဤသည်မှာ အမှန်တကယ်ကောင်းမွန်သောလက်ဆောင်ဖြစ်သည်။သူမှတ်မိသလောက်ဆိုလျှင် ထိုဒရာမာမှာ အတော်အောင်မြင်ခဲ့သည်ပင်။ ထိုဘ၀တွင်သူမသေခင်က ဤဒရာမာထုတ်လွှင့်သည်ကို ကြည့်ခဲ့ရသေးသည်။ ဒရာမာမှာ ပုရိတ်သတ်များထံမှ များစွာသော ချီးမွှမ်းမှုများရခဲ့ပြီး မင်းသားနှင့်မင်းသမီးတို့၏အဆင့်မှာလည်းအတော်ခုန်တက်သွားခဲ့သည်။
ဟုတ်ပါသည်။ နာမည်ကြီးသွားသည်က အဓိကမင်းသမီးနှင့် မင်းသားသာဖြစ်သည်။ ကျန်သည့် ဒုတိယမင်းသား၊ ဒုတိယမင်းသမီးနှင့်၊ တတိယမင်းသားတို့မှာတော့ ထိုမျှနာမည်မကြီးလိုက်ကြချေ။
အထူးသဖြင့် လဲ့ချီနေရာတွင် သရုပ်ဆောင်သော ကျန်းဖန်ရှီပင်။
ဤသရုပ်ဆောင်မှာ လဲ့ချီဇာတ်ရုပ်နှင့် လိုက်ဖက်မှုမရှိလှချေ။ ဇာတ်လမ်းအားစလွှင့်ကတည်းက စာအုပ်ဖန်များနှင့် ကြည့်ရှုသူများက အတောမသတ်ဝေဖန်ခဲ့ကြသည်။ ထို့နောက်အင်တာဗျုးတစ်ခုတွင် ကျန်းဖန်ရှီမှာ ဤဇာတ်ရုပ်ကိုလက်ခံခဲ့မိ၍နောင်တရမိကြောင်းပြောခဲ့ဖူးသည်။
တချို့မိန်းကလေးများကလည်း ကျန်းဖန်ရှီအား အပြစ်ပြောကြသည်။
"လဲ့ချီရဲ့ဇာတ်ကောင်က ၁၈နှစ်ပဲရှိသေးတဲ့ကောလိပ်ကျောင်းသားလေးလေ ၊ ကျန်းဖန်ရှီကဖြင့်၂၆နှစ်ရှိနေပြီ... သူကလဲ့ချီမှ မဟုတ်တာ လဲ့ချီအကိုကြီး ပဲလုပ်လို့ရမယ်"
"စာအုပ်ထဲမှာဆိုလဲ့ချီက အမျိုးသမီးဇာတ်ဆောင်ကို ကျဲကျဲလို့ခေါ်တာ ခုလိုနာမည်ကြီးတပ်ခေါ်မနေဘူး...
ချစ်စရာကောင်းတဲ့ဇာတ်၀င်ခန်းလေးတွေသွားပါပြီ..."
"ဒါပေမယ့် ကျန်းဖန်ရှီက ရှောင်မိုနေရာမှာသရုပ်ဆောင်တဲ့ယန်ဖေးဖေးထက်အသက်ပိုကြီးနေတာကိုး
သူ့ကိုကျဲကျဲလို့ခေါ်ဖို့ကျမသင့်တော်ဘူးလေ..."
"အဲဒါကြောင့်ပြောတာလေ ကျန်ဖန်ရှီကလဲ့ချီဇာတ်ရုပ်နဲ့လိုက်ကိုမလိုက်တာ၊ ရိုက်ကူးရေးအဖွဲ့က ကန်းနေတာလား...ဘာလို့သူ့ကိုရွေးလိုက်တာလဲ၊ သူကနာမည်လည်းမကြီးဘူး သူနဲ့လိုက်ဖက်တဲ့ဇာတ်ရုပ်လည်းမဟုတ်ဘူး...လဲ့ချီက မိုက်နေရမယ်၊ တောက်ပနေရမယ်၊ ချစ်ဖို့လည်းကောင်းနေရမယ် ပြီးတော့ သူကချမ်းသာတဲ့မိသားစုကသခင်ငယ်လေးမို့ ပေါ့ပါးသွက်လက်ပြီးမိမိုက် နေရမှာ... လုံး၀ချစ်စရာကောင်းတဲ့ ဇာတ်ရုပ်ကို ကျန်ဖန်ရှီသရုပ်ဆောင်လိုက်တာ ရိုးအတဲ့အကိုကြီးပုံစံဖြစ်သွားပြီ၊ ဒါကဘယ်လိုလုပ် လဲ့ချီဖြစ်နိုင်မှာလဲ"
မိန်းကလေးဖန်များမှာမကျေနပ်ကြပဲ တချိန်လုံးဆူပူပြောဆိုနေကြပြီး တဆက်ထဲတွင် ထိုဇာတ်ရုပ်နှင့်လိုက်ဖက်မည့်သရုပ်ဆောင်ကိုရှာဖွေကြသည်။
ရုတ်တရက် ဂရုထဲမှတစ်စုံတစ်ယောက်ကပြောခဲ့သည်။
"၀မ်မင်ဆို လဲ့ချီမဖြစ်နိုင်ဘူးလား"
အကုန်လုံးမှာခဏတိတ်ဆိတ်သွားကြပြီးနောက် အသိဥာဏ်အသစ်ပွင့်သွားသလိုမျိုး တပြိုင်တည်းထောက်ခံလာကြသည်။
"ဟုတ်တယ် ဟုတ်တယ်၊ ၀မ်မင်ယီက အရမ်းသင့်တော်တယ်၊ သူကလဲ့ချီအဖြစ်နိုင်ဆုံးပဲ..."
၀မ်မင်ယီထိုကောမန့်များကိုမြင်လိုက်စဉ် သောက်လက်စရေများကို ဖုန်းပေါ်ထွေးထုတ်မိတော့မတက်။
သူဒါကိုလုံး၀မမျှော်လင့်ထားခဲ့ချေ။ မိန်းကလေးများမှာ တီးတိုးတီးတိုးပြောဆိုနေရင်း အတန်းထဲတွင် ၀မ်မင်ယီရှိနေသေးတာကိုသတိရမိလျှင် သူတို့လည်း ထိုအကြောင်းကိုဆက်မပြောကြတော့ပေ။
ထို့ကြောင့် ပင် ၀မ်မင်ယီမှာ ဤဇာတ်ရုပ်အတွက် ခံစားချက်တချို့ ရှိနေခြင်းဖြစ်သည်။
အခုကြည့်ပါဦး။ သူ၏အတိတ်ဘ၀မှအတန်းဖော်မိန်းကလေးများ၏ အတင်းစကားများမှာ အမှန်တကယ်ဖြစ်လာချေပြီ။၀မ်မင်ယီလည်း ခေါင်းကိုငုံ့လျက် ကော်ဖီတစ်ငုံခန့်သောက်လိုက်ကာ ကံတရားကဆန်းကြယ်ကြောင်းတွေးနေမိသည်။
ကျိုးရန်နှင့် မူကျိအန်းတို့နှင့်ဆွေးနွေးပြီးနောက်
စစ်ကျွင်းတောက်လည်း၀မ်မင်ယီကိုခေါ်ကာ အိမ်သို့ပြန်မောင်းလာခဲ့တော့သည်။
သူတို့ထွက်သွားမှ မူကျိအန်းက ကျိုးရန်အားမေးလိုက်သည်။
"လဲ့ချီကာရိုက်တာကို ဘာလို့သူ့ကိုပေးလိုက်တာလဲ၊ ကျန်းဖန်ရှီကအဲဒီကာရိုက်တာကိုတအားလိုချင်နေတာမဟုတ်ဘူးလား..."
"ကျန်ဖန်ရှီကဒီဇာတ်ရုပ်နဲ့မလိုက်ဖက်ဘူး"
ကျိုးရန်ကဆိုလိုက်သည်။
"တခြားစီပဲ ၊ နည်းနည်းမှကိုမလိုက်တာ သူ့အတွက် ဒီဒရာမာထဲကတခြားဇာတ်ရုပ်ကိုပေးလိုက်တာပိုကောင်းလိမ့်မယ်၊ အဲဒါကမှသူ့တက်လမ်းအတွက်ပိုကောင်းဦးမယ်"
"မှန်တယ်၊ သူ့ထက်စာရင် ၀မ်မင်ယီက လဲ့ချီဇာတ်ရုပ်နဲ့တကယ်လိုက်တာ... သူ့သရုပ်ဆောင်ချက်ကသိပ်မကောင်းရင်တောင် သူ့မျက်နှာလေးနဲ့တင် သိပ်ကွန်ပလိန်းတက်ကြမှာမဟုတ်ဘူး"
ထို့နောက်မူကျိအန်းကသက်ပြင်းချလိုက်သည်။
"အဲလိုဆိုရင်တောင် ကျန်းဖန်ရှီကလွယ်လွယ်နဲ့ လက်လျှော့မှာမဟုတ်ဘူး...သူက ဒီဇာတ်လမ်းအောင်မြင်မှာကိုသိထားတော့ အခွင့်အရေးကိုစောင့်နေခဲ့တာ...အဲဒါကိုမင်းကသူ့အစား အခုမှအသစ်ရောက်တဲ့ ၀မ်မင်ယီကိုပေးလိုက်တော့ သူမကျေနပ်ဖြစ်သွားမှာသေချာတယ်..."
"သရုပ်ဆောင်တယ်ဆိုတာ အလုပ်နဲ့အတူတူပဲ၊ ဇာတ်ရုပ်ဆိုတာကျတော့ အလုပ်ရဲ့ မတူညီတဲ့ရာထူးနေရာတွေနဲ့တူတယ်၊ ဘယ်ဇာတ်ရုပ်က ကိုယ်နဲ့လိုက်ဖက်တယ်ဆိုတာ သိမှရမယ်၊ အိုင်ဒေါဒရာမာထဲမှာဆို ပုရိတ်သတ်တွေက မင်းသားငယ်ငယ်ချောချောလေးနဲ့
မင်းသမီးငယ်ငယ်ချောချောလေးကိုအတူတွဲပြီးတွေ့ချင်ကြတယ်၊ အဲဒါကိုမင်းက သူ့မျက်နှာကိုမကြည့်နဲ့ သရုပ်ဆောင်တာကိုပဲ ကြည့်ပါလို့သွားပြောလို့မရဘူး...ပြီးတော့.."
ကျိုးရန်ကကားတံခါးကိုဆွဲဖွင့်လျက် ၀င်ထိုင်လိုက်ပြီး ကားစက်ကိုနှိုးလိုက်သည်။
"ဒီဇာတ်လမ်းက ၀တ္ထုကနေရိုက်ကူးရမှာ... ဒီတော့ စာအုပ်ဖတ်ဖူးတဲ့ဘယ်သူမဆို လဲ့ချီဆိုတာအခက်အခဲဆိုတာကိုမကြုံဖူးတဲ့ ငယ်ငယ်ချောချောကောင်လေးမှန်းသိကြတယ်...မင်းကျန်းဖန်ရှီကို ကြည့်စမ်း သူ့ပုံစံကငယ်ရွယ်နုပျိုနေလို့လား... အခက်အခဲအပူအပင်မရှိပဲ အေးဆေးနေတဲ့ပုံမျိုးလေ"
မူကျိအန်းကဆိုလိုက်သည်။
"ဒီမှာပြောနေလို့အပိုပဲ မနက်ဖြန်မင်းဘာသာမင်း ကျန်းဖန်ရှီကိုရှင်းပြရမှာ၊ ငါကမင်းပြောချင်တာကို နားလည်တယ် လက်လည်းခံတယ်၊ ဒါပေမယ့် ငါနားလည်ရုံနဲ့မရဘူး..."
"မင်းနားလည်ရင်ရပြီ..."
ကျိုးရန်ကမူတည်ငြိမ်စွာပြောလိုက်သည်။
"ကုမ္ပဏီမှာသရုပ်ဆောင်တွေမှအများကြီး၊ အကုန်လုံးနားလည်ဖို့ဆိုတာမဖြစ်နိုင်ဘူး။ မင်းနားလည်ရင်ရပြီ"
မူကျိအန်းကဆိုလိုက်သည်။
"ဝိုး.. ကျွန်တော်က ဘော့စ်ကျိုးအတွက် အရမ်းအရေးပါပုံပဲနော်"
ကျိုးရန်ဘာမှမပြောပဲ ကားကိုသာမောင်းနေခဲ့သည်။
စစ်ကျွင်းတောက်က ၀မ်မင်ယီအားခေါ်ပြီး ကုမ္ပဏီသို့ပြန်မောင်းလာခဲ့သည်။
သူတို့ဓါတ်လှေကားမှထွက်ထွက်ချင်းပင် လင်းမူနှင့်စကားပြောနေသော ကျန်းဇီမော့ကိုတွေ့လိုက်ရတော့သည်။သူကထွက်သွားမည်လုပ်နေတုန်း လှည့်ကြည့်လိုက်ပြီး သူတို့နှစ်ဦးကိုမြင်သွားလေသည်။
သူမျက်လုံးတို့ကတောက်ပသွားခဲ့ပြီး စစ်ကျွင်းတောက်ထံအမြန်လျှောက်လာတော့သည်။