အပိုင်း ၂၈
Viewers 12k

သူလာနေသည်ကိုတွေ့သည်နှင့် ၀မ်မင်ယီ၏ခန္ဓာကိုယ်မှာ ဦးနှောက်ထက်ပို၍လျှင်မြန်စွာ အလုပ်လုပ်သွားခဲ့သည်။ ကျန်းဇီမော့မလာနိုင်ခင်မှာပင် ၀မ်မင်ယီက
ဘယ်လက်နှင့်စစ်ကျွင်းတောက်၏ ပါးစပ်ကိုကာလိုက်ပြီး ညာလက်နှင့် မျက်စိကိုကာလိုက်သည်။
ကျန်းဇီမော့"..."
စစ်ကျွင်းတောက်"..."
ထို့နောက်၀မ်မင်ယီက ကျန်းဇီမော့အားပြန်လှည့်ကြည့်လျက် အပြုံးတုကြီးနှင့်ဆိုလိုက်သည်။
"ဟေ့ မတွေ့တာကြာပြီပဲ၊ ဂရုစိုက်သွားနော်၊ လိုက်မပို့တော့ဘူး..."
ကျန်းဇီမော့မှာထိုစကားကိုကြားလျှင်အနည်းငယ်တုန့်ဆိုင်းမိသွားလျက် ပြန်ပြောရန်ပြင်လိုက်စဉ် စစ်ကျွင်းတောက်က ၀မ်မင်ယီ၏လက်များအားဆွဲဖယ်လိုက် သည်ကိုတွေ့လိုက်ရသည်။ စစ်ကျွင်းတောက်က မျက်လုံးလေးများဖြင်ရန်စောင်ကာ သတိပေးနေသော ၀မ်မင်ယီအား ကူရာမဲ့စွာကြည့်လိုက်မိသည်။
စစ်ကျွင်းတောက်လည်းဘာမှမဆိုတော့ပဲ ၀မ်မင်ယီ၏လက်ကိုဆွဲလျက် ကျန်းဇီမော့ကိုကျော်ကာ လင်းမူထံလျှောက်သွားလိုက်သည်။
"အလယ်နဲ့အမြင့်ပိုင်းကလူကြီးတွေကိုအကုန် အသိပေးလိုက်၊ ငါတို့ဒီနေ့ နှစ်နာရီခွဲမှာ အစည်းအဝေးရှိတယ်..."
"ဟုတ်ကဲ့..."
လင်းမူကပြန်ဖြေလိုက်သည်။
မိမိကိုအကြည့်တစ်ချက်မှ မစွန့်ကျဲပဲဖြတ်ကျော်သွားသွါးသေါ စစ်ကျွင်းတေါက်ကြေါင့် ကျန်းဇီမေါ့ မနေနိုင်တော့ပဲ လှမ်းခေါ်လိုက်သည်။
"ကျွင်းတောက်"
စစ်ကျွင်းတောက်လည်းခေါ်သံကိုကြားလျှင် တန့်သွားပြီးနောက်သို့ပြန်လှည့်ကြည့်လျက်ဆိုလိုက်သည်။
"နောက်နောက်ဒီကိုမလာနဲ့...အလုပ်နဲ့ပါတ်သတ်တဲ့ကိစ္စတွေဆိုရင် မင်းရဲ့အကြီးအကဲကိုပဲတင်ပြပါ..."
ထိုသို့ပြောပြီးနောက် လင်းမူအားထပ်ကြည့်လိုက်ပြီး...
"မင်းမှာဒီအတွက်တာ၀န်ရှိတယ် ၊ နောက်တစ်ကြိမ် သူ့ကိုတက်မလာစေနဲ့..."
ထိုစကားကြောင့် ကျန်းဇီမော့ သူ့ထံအလျင်အမြန်လျှောက်လာပြီး အ၀တ်အားလှမ်းဆွဲရန်ပြင်လိုက်သည်။
သို့သော် စစ်ကျွင်းတောက်က ထိုလက်အား ရှောင်လိုက်သည်။
"မင်းဘာတွေဖြစ်နေတာလဲ..."
ကျန်းဇီမော့မေးလိုက်သည်။
စစ်ကျွင်းတောက် သူ့အားအေးစက်စွာကြည့်လျက်...
"ငါပြောပြီးပြီ ၊ ထပ်ပြီးငါ့ကိုလာမရှာနဲ့၊ ကျန်းဇီမော့ ငါအတည်ပြောနေတာ..."
"ဘာလို့လဲ..."
ကျန်းဇီမော့မကျေမနပ်မေးလိုက်သည်။
"၀မ်မင်ယီကြောင့်လား၊ သူငါ့ကိုသဘောမကျတာကြောင့်နဲ့ပဲ..."
"မင်းကအရမ်းနားညီးတယ်..."
စစ်ကျွင်းတောက်ဖြတ်ပြောလိုက်သည်။
"မင်းလုပ်ပုံနဲ့ငါ့လူတွေအလုပ်ပျက်တယ်..."
ကျန်းဇီမော့မှာ ဤမျက်စိရှေ့မှလူအားမယုံနိုင်စွာကြည့်လိုက်သည်။ သူရှုပ်ထွေးနေမိသည်။ သူတို့ကြားမှ အကွာအဝေးမှာသေးငယ်ပါသော်လည်း သူစစ်ကျွင်းတောက်ကိုနားမလည်နိုင်ချေ။
ထိုခဏမှာပင် ကျန်းဇီမော့မှာ မိမိသည် စစ်ကျွင်းတောက်အား ဘယ်သောအခါမှ အမှန်တကယ်နားမလည်ခဲ့မှန်း သတိထားမိသွားလေသည်။ သူတို့ကြားထဲတွင် အပြန်အလှန်ခံစားချက်လေးတွေရှိနေသည်ဟု သူထင်နေခဲ့သည်။ သို့သော် ယခုမူ သူရှိသည်ထင်ခဲ့သော ခံစားချက်များကား ဟာသတစ်ပုဒ်နှယ်။
ကျန်းဇီမော့ဖြစ်ညစ်ပြီးပြုံးလျက် ၀မ်းနည်းလဲပြိုနေသော အမူအယာနှင့်ပင် ခေါင်းငိုက်စိုက်နှင့် ဓါတ်လှေကားထဲ၀င်သွားခဲ့သည်။
၀မ်မင်ယီမှာ ကျင်းဇီမော့၏ကျောပြင်အား ဓါတ်လှေကားထဲတွင်ပြီးပျောက်ကွယ်သွားသည်အထိ ကြည့်နေပြီးမှ မျက်တောင်တစ်ချက်ခတ်လိုက်သည်။
"သူသွားပြီ..."
"အင်း" စစ်ကျွင်းတောက်၏အသံကအနိမ့်အမြင့်မရှိချေ။ သူက၀မ်မင်ယီ၏လက်ကိုဆွဲလျက် ရုံးခန်းထဲသို့၀င်လာခဲ့သည်။
လင်းမူမှာမူ သူ့ရင်ဘတ်ကိုသူပုတ်လိုက်ပြီး နေရာသို့ပြန်၀င်ထိုင်လိုက်သည်။
၀မ်မင်ယီမှာ စစ်ကျွင်းတောက်၏ရုံးခန်းကိုပထမဆုံးအကြိမ်စောက်ဖူးခြင်းမဟုတ်သောကြောင့် ဆိုဖာပေါ်တွင် သက်တောင့်သက်သာထိုင်ချလိုက်ပြီးနောက် ဖုန်းဖြင့်ဆော့နေခဲ့သည်။
စစ်ကျွင်းတောက်လည်းကွန်ပျူတာကိုဖွင့်လိုက်ပြီး အလုပ်လုပ်ရန်ပြင်လိုက်သည်။
သူက လင်းမူအားကော်ဖီတစ်ခွက်မှာလိုက်ချိန်တွင် ၀မ်မင်ယီကလည်း သူ့အတွက် နို့လက်ဖက်ရည်တစ်ခွက်မှာလိုက်သည်။ လင်းမူ၀င်လာသောအခါ အခန်းထဲမှလူနှစ်ယောက်မှာ တိတ်တဆိတ်နှင့် တမျိုးစီအာရုံစိုက်နေပုံက အနည်းငယ်လိုက်ဖက်၍ ကြည့်ကောင်းလှသည်ဟုတွေးမိနေသည်။
လင်းမူလည်းနို့လက်ဖက်ရည်အား ၀မ်မင်ယီ၏ရှေ့စားပွဲတွင်ချပေးလိုက်သည်။
၀မ်မင်ယီကသူ့အားကျေးဇူးတင်လိုက်ပြီး တစ်ငုံခန့်သောက်လိုက်သည်။
ထိုအခိုက်အတန့်တွင် စစ်ကျွင်းတောက် လှမ်းကြည့်လိုက်သောအခါ နို့လက်ဖက်ရည်ခွက်ကို ကိုင်ထားသော ၀မ်မင်ယီ၏ဖြူဖျော့ပြီးသေးသွယ်သော လက်ချောင်းလေးတွေကိုတွေ့လိုက်ရသည်။ ၀မ်မင်ယီ၏လက်အားဆွဲထားခဲ့စဉ်ကခံစားချက်ကို သူသတတိရသွားမိသည်။ နူးညံ့သော်လည်း မြဲမြံသည်။
စစ်ကျွင်းတောက်မှာ၀မ်မင်ယီ၏လက်ကလေးများကိုသတိလက်လွတ်စိုက်ကြည့်နေမိပြီးတစ်ယောက်ယောက်သူ့ကို ခေါ်တော့မှသတိ၀င်လာခဲ့သည်။
သူ့စိတ်ဝိဥာဉ်ပြန်ရောက်လာသည်နှငွ ၀မ်မင်ယီ၏အမေးကိုကြားလိုက်ရသည်။
"ကော ဘာဖြစ်လို့လဲဟင်...နို့လက်ဖက်ရည်သောက်ချင်လို့လား..."
၀မ်မင်ယီကခွက်ကိုမြောက်ပြလိုက်သည်။
"ကောကျွန်တော့်ခွက်ကိုစိုက်ကြည့်နေလို့လေ"
စစ်ကျွင်းတောက်မှာ ကိုးရို့ကားရားချောင်းဟန့်လျက်
"မသောက်တော့ဘူး၊ မင်းဘာသာမင်းသောက်ပါ...
ဒါပေမယ့်သိပ်အများကြီးလည်းမသောက်နဲ့ဦး"
၀မ်မင်ယီ 'အိုး'ဟုအသံပြုလိုက်ပြီး ငုံ့ကာဖုန်းအားပြန်ကြည့်နေလိုက်သည်။
ဂိမ်းဆော့ပြီးနောက်တွင် wechatကိုဖွင့်လိုက်ရာ မက်ဆေ့အများအပြား၀င်နေသည်ကိုတွေ့လိုက်ရသည်။
ရှုဝေ့:( ငါရှာဖွေမှူထိပ်ဆုံးစာရင်းကိုမြင်ခဲ့တယ်၊ ၀မ်မင်ယီ နင်နဲ့စီနီယာစစ်ကျွင်းတောက်ကတကယ်ကြီးသိတာလား..)
ရှုဝေ့: (ဆောရီး ငါမသိခဲ့လို့ပါ။ အရင်တစ်ကြိမ်က ငါနင်တို့နှစ်ယောက် CPအကြောင်းကို တမင်ပြောခဲ့တာမဟုတ်ပါဘူး)
ရှုဝေ့:(၀မ်မင်ယီနင်ရှိနေလား၊ ငါတကယ်ကိုမကောင်းတဲ့ရည်ရွယ်ချက်နဲ့ပြောခဲ့တာမဟုတ်ပါဘူး၊ ငါကဒီတိုင်းစလိုက်တာပါ။ နင်တို့နှစ်ယောက်မသိဘူးထင်လို့ပါ၊ ဆောရီးပါ)
ရှုဝေ့:(ငါ့မက်ဆေ့ကိုတွေ့ရင် စာပြန်နော် ၊ ငါနောက်ကိုပေါက်ကရတွေလျှောက်မပြောတော့ပါဘူး...ဆောရီးပါ..)
၀မ်မင်ယီလည်းစာများကိုတစ်ခုချင်းစီဖတ်လိုက်ပြီး စာပြန်လိုက်သည်။
:'(ရပါတယ်၊ ငါစိတ်ထဲတောင်မရှိဘူး၊ စိတ်လည်းမတိုပါဘူး၊ ငါအလုပ်များနေလို့ မင်းမက်ဆေ့ကိုမမြင်လိုက်တာ၊ သိပ်စိုးရိမ်မနေနဲ့')
ရှုဝေ့မှာ သူ့ပြန်စာကိုတချိန်လုံးစောင့်နေခဲ့ပုံရသည်။ သူကချက်ချင်းစာပြန်လာသည်။
'(နင်စိတ်ထဲမရှိလို့တော်သေးတာပေါ့၊ ငါဒီမှာသေမတက်လန့်နေတာ၊ နောက်တစ်ကြိမ်မဖြစ်စေရဘူး စိတ်ချ၊ နင်လည်းလုပ်စရာရှိတာလုပ်ပါ')
၀မ်မင်ယီ မျက်နှာကတမျိုးဖြစ်လာသည်။
သူမမှာအလွန်စိတ်ထဲထားနေသည်ဟုခံစားရ၍။
မိမိကိုယ်တိုင်မှာဘာကိုမှထွေထွေထူးထူးမခံစားရပေ။ သူရှိုးတွင်၀င်ပြိုင်ကတည်းက သူ၏ပုရိတ်သတ်များမှာ သူ့အား ပြိုင်ပွဲ၀က်အမျိုးမျိုးနှင့် ခဏတိုင်း သဘောတူပေးတာခံခဲ့ရလို့လားမသိ။ သူနှင်ကျန်းဖန်ပင်လျှင်CPဖန်များရှိသည်။ သူစစသိချင်းကဆိုလျှင် ဆွံ့အနေမိသည်အထိ။ ထိုခွေးကျန်းဖန်နှင့်မိမိကို အတူတွဲမြင်ချင်သည့်လူမျိုးတွေလည်း ဤကမ္ဘာတွင်ရှိသေးသလော။
ထို့ကြောင့်မိမိအားစစ်ကျွင်းတောက်နှင့်သဘောတူပေးခံရခြင်းအား စိတ်ထဲသိပ်မထားပါချေ။ ခွေးကျန်းဖန်နှင့် သဘောတူခံရသည်ထက် စစ်ကျွင်းတောက်နှင့်တွဲပေးခံရသည်က အများကြီးပိုကောင်းသည်ဟု သူခံစားရသည်။
စစ်ကျွင်းတောက်ကဘယ်လောက်တောင်မှကောင်းလိုက်သည်လဲ... ကျန်းဖန်အယောက် ၁၈၀လောက်ပေါင်းထားရင်တောင် စစ်ကျွင်းတောက်ကိုမမှီဘူး...
၀မ်မင်ယီလည်းစာပြန်လိုက်ပြီးနောက် friend requestထဲတွင် နီနီစက်လေးတွေ့သဖြင့်နှိပ်ကြည့်လိုက်ရာ တစ်ယောက်ယောက်က သူငယ်ချင်းအဖြစ် လာအပ်ထားသည်ကိုတွေ့လိုက်ရသည်။
မှတ်ချက် အနေနှင့် 'မင်းရဲ့အေးဂျင့် ချန်လု' ကတွဲလျက်ပင်။
၀မ်မင်ယီလည်းအလျင်အမြန်လက်ခံလိုက်သည်။
'ဟယ်လို'
ချန်လုဘက်မှလည်းတုန့်ပြန်လာသည်။
'(ဟယ်လိုငါကချန်လုပါ။ မင်းရဲ့အေးဂျင့်ပေါ့၊ အစ်မကို ချန်ကျဲလို့လည်းခေါ်လို့ရတယ်၊ ပြီးတော့ အစ်မကို
မင်းရဲ့ အီးမေးလိပ်စာလေးပေးနိုင်မလား။ pet romanceရဲ့ ဇာတ်ညွှန်းကိုပို့ပေးလိုက်မယ်၊ ဒီဇာတ်လမ်းကနောက်လဆိုစရိုက်မှာဆိုတော့ မင်းကိုယ်မင်းဇာတ်ညွှန်းနဲ့ရင်းနှီးအောင်လုပ်ထားသင့်တယ်')
၀မ်မင်ယီလည်း 'နားလည်ပါပြီ'ဟု တုန့်ပြန်လိုက်သည်။
ချန်လုအား သူ့အီးမေးကိုပို့ပေးပြီး သိပ်မကြာလိုက်၊ တဖက်မှဇာတ်ညွန်းကိုပို့ပေးလာခဲ့သည်။
၀မ်မင်ယီက၄င်းကို စစ်ကျွင်းတောက်ထံပို့ပေးလိုက်ပြီး 'ကျွန်တော့်ဇာတ်ညွှန်းရပြီ၊ ပရင့်ထုတ်ပေးလို့ရမလား'
စစ်ကျွင်းတောက်လည်း ထိုဖိုင်အားဒေါင်းလုတ် ဆွဲလိုက်ပြီး ပရင့်ထုတ်ပေးလိုက်သည်။
သူအနည်းငယ်ဖတ်ကြည့်နေစဉ် ၀မ်မင်ယီက စာရွက်အားဖြတ်ခနဲဆွဲယူသွားခဲ့သည်။
"ခိုးဖတ်နေတယ်..."
ထို့ကြောင့် စစ်ကျွင်းတောက်မှာ ပရင့်နောက်တစ်စုံထုတ်လိုက်ပြီး ပွင့်ပွင့်လင်းလင်းပင်ဖတ်ပြ.လာသည်။
၀မ်မင်ယီ"..."
၀မ်မင်ယီမှာနားမလည်ချေ။
"ကောကဘာလို့ဖတ်နေတာလဲ၊ ကောသရုပ်ဆောင်မှာလည်းမဟုတ်ပဲနဲ့..."
"လောကအမြင်နဲ့သွေဖယ်တဲ့ မဟုတ်တာတွေပါမပါဖတ်ကြည့်နေတာ..."
"တကယ်..."
၀မ်မင်ယီမှာ သူ့အားတစ်ချက်ခန့်ကြည့်လိုက်ပြီး
"ကောက အနမ်းခန်းတွေပါမပါကြည့်နေတယ်ထင်တာ..."
ထိုစကားကြောင့် စစ်ကျွင်းတောက် မနက်မှမတော်တဆအနမ်းကိုရုတ်တရက်သတိရသွားမိသည်။
လူငယ်လေး၏နှုတ်ခမ်းတွေက ပွင့်ဖတ်လေးတွေလို
နူးညံ့ပြီး ချိုမြလှသည်။စစ်ကျွင်းတောက် မသိလိုက်ခင် နှုတ်ခမ်းတွေကိုတင်းတင်းစေ့လိုက်မိသည်။
စစ်ကျွင်းတောက် အနေခက်စွာချောင်းဆိုးလိုက်မိသည်။ ထိုမတော်တဆကိုသူတမင်မေ့ထားခဲ့သော်လည်း အနမ်းခန်းက ပြန်လည်ယူဆောင်လာသည်။
"မင်းကငယ်ပါသေးတယ်၊ အင်းစိတ်ထဲကမရိုက်ချင်ရင် အဲလိုအခန်းတွေရိုက်စရာမလိုဘူး... အနမ်းခန်းပါကိုပါမှ ဖြစ်မယ့်ဇာတ်ညွှန်းမျိုးလည်းမရှိပါဘူး ဟုတ်တယ်မလား..."
၀မ်မင်ယီ သူ့အားဆွံ့အစွာကြည့်လျက်
"ကျွန်တော်က၁၈နှစ်ပါနော်၊ ယောကျာ်းတစ်ယောက် ဖြစ်နေပြီ..."
"အဲဒီတော့..."
"အရွယ်ရောက်ပြီးတဲ့သူတွေက အနမ်းခန်းကိုရိုက်ခွင့်ရှိတယ်..."
စစ်ကျွင်းတောက်ပြုံးလိုက်သည်။
"အဲဒါအရွယ်ရောက်ပြီးတဲ့လူတွေ၊ မင်းမပါဘူး..."
၀မ်မင်ယီမကျေမနပ်နှင့်အော်တော့သည်
"ကောကရော တစ်ယောက်ယောက်နဲ့မနမ်းဖူးဘူးလား"
စစ်ကျွင်းတောက်မှာပြန်မဖြေပဲ ပြုံး၍သာပြောလိုက်သည်။
"မင်းကိုယ်မင်းသာဂရုစိုက်ပါ..."
၀မ်မင်ယီကခေါင်းကိုခါလိုက်ကာ...
"ကောကရည်းစားလည်းမရှိဘူး...နမ်းလည်းမနမ်းဘူး...အခုကျွန်တော့်ကိုပါ အနမ်းခန်းရိုက်ခွင့်မပေးတော့ဘူးလား...သူမီးမမွှေးနိုင်တာနဲ့ ရွာသားတွေကိုလည်း မီးသုံးခွင့်မပေးဘူး ဘယ်လို အထက်လူကြီးလဲ..."
စစ်ကျွင်းတောက်ကတည်ငြိမ်စွာတုန့်ပြန်လာသည်။
"ကိုယ်ကလူတိုင်းကိုညီတူညီမျှဆက်ဆံပြီး ဥပမာဖြစ်အောင်နေတာ..."
"ဟုတ်တယ်..." ၀မ်မင်ယီကခေါင်းငြိမ့်လိုက်သည်။
"ကောက ကိုယ့်ဘာကိုယ်ရော သူများကိုရောလိုက်တင်းကြပ်နေတာလေ..."
"သူများကိုမဟုတ်ဘူး မင်းကိုပဲ..."
၀မ်မင်ယီ ထိုစကားကြောင့် ရယ်လိုက်မိသည်။
"ဘာတွေရယ်နေတာလဲ" စစ်ကျွင်းတောက်ကမေးလိုက်သည်။
" စိမ်း(အူတို)နေတဲ့လူကြီးကမှားပေမယ့် အစိမ်းရောင်လေးကျွန်တော်ကပိုမှားတာပေါ့၊ဘာပဲဖြစ်ဖြစ်လေ ကျွန်တော်ကကောရဲ့ ငယ်ချစ်တိတိလေးပဲဟာ ဖြစ်သင့်ပါတယ်..."
စစ်ကျွင်းတောက်မှာ တိတ်ဆိတ်သွားပြီး သတိပြန်၀င်လာချိန်တွင် ငိုရအခက်ရယ်ရအခက်ဖြစ်သွားရသည်၊
သူ၀မ်မင်ယီကိုတကယ်မနိုင်ပေ။
"ဆိုဖာကိုပြန်သွားပြီး၊ ဇာတ်ညွှန်းကိုဖတ်နေလိုက် ၊
လာမနှောင့်ယှက်နဲ့တော့..."
၀မ်မင်ယီကဆိုဖာပေါ်ပြန်ထိုင်လိုက်ကာ အပြုံးဖြင့်ဆိုလိုက်သည်။
"ကောကျွန်တော့်ကို စိမ်း(အူတို)နိုင်သေးလား ကြည့်ကြသေးတာပေါ့..."
စစ်ကျွင်းတောက်မှာ အံဆွဲထဲမှ သကြားလုံးတချို့ကို ထုတ်ယူလိုက်ပြီး သူ့ထံပစ်ပေးလိုက်ကာ...
"သကြားလုံးစားပြီး တိတ်တိတ်နေ"
၀မ်မင်ယီလည်းဖမ်းယူလျက် အခွံခွာပြီး ငုံထားလိုက်သည်။
ထိုစဉ်မှာပင်pet romance ၏ တရား၀င်blogမှ ကြေညာချက်တစ်ခုထုတ်ပြန်လာသည်။
[မျက်စိတစ်မှိတ်အတွင်း လမ်းစလေးထွက်ပေါ်လာတော့မည်၊ တရား၀င်ကြေညာချက်ကို မနက်ဖြန်ထုတ်ပြန်ပါမည်]
ထိုပို့စ်တက်လာသည်နှင့် ဖိုရမ်မှာလှုပ်လှုပ်ရှားရှားဖြစ်လာခဲ့သည်။
"Pet Romanceကကြေညာချက်ထုတ်ပြန်တော့မယ်၊ နောက်ဆုံးတော့ ဒရာမာကြည့်ရတော့မယ်ကွ"
(သတင်းတွေကြားရတာကတော့ အမျိုးသားနဲ့အမျိုးသမီးဇာတ်ဆောင်ကသေချာနေပြီတဲ့ ရှူကျင်းကျဲနဲ့ ယန်ဖေးဖေးဆိုပဲ ၊ ငါကတော့တခြားဇာတ်ရုပ်တွေကိုပိုစိတ်၀င်စားတယ်၊ ဥပမာလဲ့ချီလေ)
(လဲ့ချီနဲ့ပါတ်သတ်ပြီးတော့ ဘာမှမကြားမိဘူး။ ဒီဇာတ်ရုပ်နဲ့လိုက်ဖက်မယ့်သူကရှာရခက်တယ်၊ ငယ်ရွယ်ကြည့်ကောင်းပြီး သွက်လက်နေတဲ့သူဖြစ်ရမှာ၊ အဲလိုသွက်သွက်လက်လက်ချစ်ဖို့ကောင်းနေတဲ့ ပုံလေးနဲ့တင် သရုပ်ဆောင်တော်တော်များများနဲ့ မလိုက်တော့ဘူး)
(ဟုတ်တယ်၊ ငါ၁၈နှစ်အရွယ် သရုပ်ဆောင်တော်တော်များများကို ရှာကြည့်သေးတယ်၊ တော်တော်ရှားတယ်ပြီးတော့ ကြည့်လည်းသိပ်မကောင်းကြဘူး
အမှန်အတိုင်းပြောရရင် လဲ့ချီကိုကြည့်ကောင်းတဲ့ကောင်လေးပဲဖြစ်စေချင်တာ။ သူသာနည်းနည်းကြည့်ကောင်းရင် အသက်မဆိုစလောက်လေးကြီးနေရင်လည်းရတယ်)
(မရပါဘူး၊ လဲ့ချီကငယ်မှကိုရမယ်၊ သူ့ဘာသူရုပ်ဆိုးချင်ဆိုး၊ သူကငယ်ရွယ်တက်ကြွတဲ့ကောင်လေးတော့ ဖြစ်နေမှရမယ်)
(ငါတော့ အဆုံးမှာ ချောလည်းမချော ငယ်လည်းမငယ်မှာပဲစိုးနေပြီ)
ဤကောမန့်များကိုမြင်သော စာအုပ်ဖန်များမှာ ရင်ထဲမခံမရပ်နိုင်ဖြစ်လာကြရသည်။
(ငါ့အတွက်အရမ်းခက်ခဲနေပြီ၊ ငါ့ရဲ့လဲ့ချီလေး)
(ဒါပေမယ့် ငါကြားတာကတော့ ရှန်ချန့်ဇီက ဒုတိယဇာတ်ဆောင်ဖြစ်မယ်တဲ့)
(တကယ်ကြီးလား၊ ရှန်ချန့်ဇီကဆိုးတော့မဆိုးပေမယ့် နာမည်တော့သိပ်မကြီးဘူးနော်၊ ဒီရှိုးသာအောင်မြင်ရင် သူ့ဘ၀လည်းပြောင်းလဲသွားမှာပဲ)
(ဟုတ်တယ်၊ သူလည်းဒီဒရာမာအောင်မြင်မယ်လို့ ခန့်မှန်းထားပြီးသားနဲ့တူတယ်၊ ယန်ဖေးဖေးနဲ့ ရှုကျင်းကျဲတို့က ရှောင်ဟွားနဲ့ရှောင်ရှန်းအနေနဲ့ပါမှာဆိုတော့၊ ပြီးတော့၀တ္ထုကလည်းနာမည်ကြီးပြီးသားလေ၊ မတော်တဆတစ်ခုခုသာမဖြစ်ရင် ဒီဇါတ်လမ်းကကျိန်းသေပေါက်အောင်မြင်မှာပဲ)
(ဒီတော့ ငါတို့လဲ့ လဲ့လေးကပဲ ရုပ်ဆိုးနေတော့မှာလား၊ လဲ့လဲ့ဖန်လေးတွေ လာအတူငိုကြရအောင်၊ ငါတို့မိသားစုလဲ့လဲ့လေးက စာအုပ်ထဲမှာအရမ်းချောတဲ့ဟာကို)
(အကောင်းဘက်ကတွေးကြည့်ပြန်တော့လည်း၊ အသက်အရွယ်ကြောင့်ဖြစ်နေတာ၊ လဲ့လဲ့အရွယ် သရုပ်ဆောင်ကရှားတယ်၊ သူ့နေရာကိုသရုပ်ဆောင်တဲ့သူကအနည်းဆုံးအသက်၂၀လောက်တော့ ရှိကြမှာပဲ၊ ရှုကျင်းကျဲက ၂၅ ပဲရှိပေမယ့် သူကအဓိကဇာတ်ဆောင်လေ ၊ သူနဲ့လည်းအသက်တူပြီး သူ့လိုထပ်တူချောတဲ့နောက်တစ်ယောက်ကိုထပ်ထည့်ဖို့ကျ ရှုကျင်းကျဲကလက်ခံပါ့မလား)
(ရှုကျင်းကျဲကလက်ခံရင်တောင် ရှန်ချန်ဇီကရောလက်ခံမှာတဲ့လား၊ သူကဒီဒရာမာကိုသုံးပြီးအမြင့်ကိုတက်ချင်နေတာလေ)
(ငါနားလည်ပါတယ်၊ ငါကငါ့ရဲ့လဲ့လဲ့လေးအတွက်စိတ်မကောင်းဖြစ်မိနေရုံပါ)
လဲ့လဲ့ဖန်တွေညည်းညူနေကြသည်။
(ငါကြားတာကျတော့.. ဒါပေမယ့်မသေချာဘူးနော်၊ ကျန်းဖန်ရှိက လဲ့ချီကာရိုက်တာနဲ့ပါတ်သတ်ပြီး သတင်းထွက်နေတယ်ဆို ၊ နောက်ဆုံးကျသူပဲဖြစ်မလားမသိဘူး)
(ကျန်းဖန်ရှီကဘယ်သူလဲ)
လဲ့ချီဖန်များကမေးလိုက်သည်။
ပုံများကလျင်မြန်စွာတက်လာခဲ့ပြီး လဲ့ချီဖန်များ၏မျက်နှာမှာ မဲမှောင်လာခဲ့သည်။ သူတို့မှာမူးမေ့တော့မလိုပင်။
(ဒါကြီးက လဲ့လဲ့ဘယ်လိုဖြစ်နိုင်မှာလဲ၊ သူ့ရဲ့ဘယ်နားက ၁၈နှစ်နဲ့တူနေလို့လဲ၊ ၂၈နှစ်မှန်းအသိသာကြီး၊ ငါကတော့ဂရုမစိုက်ဘူးပဲ၊ မနက်ဖြန်ကြေညာတဲ့အခါ သူကတကယ်ကြီးလဲ့လဲ့အဖြစ်ထွက်လာရင်၊ လဲ့လဲ့နေရာကသရုပ်ဆောင်ရဲရင်၊ ငါဆဲလို့တော့ အပြစ်မတင်နဲ့ ၊ သူဘာသူတခြားဇာတ်ကောင်ကို သရုပ်ဆောင်ချင်ဆောင် ငါဂရုကိုမစိုက်တာ ၊ စာအုပ်ထဲမှာ အသက်အငယ်ဆုံး လဲ့ချီနေရာက သရုပ်ဆောင်ချင်ရအောင် သူရူးနေလို့လား)
(ဘုရားရေ ငါတစ်လလောက် အသီးအရွက်ပဲစားပြီး ဥပုသ်စောင့်ဆိုလည်းစောင့်ပါမယ်. ဒါကြီးကိုတော့ လဲ့ချီနေရာကသရုပ်မဆောင်ခိုင်းပါနဲ့. အကိုကြီးရေ မျက်လုံးလေးဖွင့်ပြီးလောကကြီးကိုမြင်အောင် ကြည့်ပါဦး ရှင်နဲ့လိုက်ဖက်ပြီးကောင်းမွန်တဲ့ဇာတ်ရုပ်တွေမှ အများကြီးပါနော် ဘာလို့လဲ့ချီနေရာကိုလိုချင်ရတာလဲ လုံး၀မလိုက်ဖက်ဘူးနော်)
စာအုပ်ဖန်များမှာ စိုးရိမ်ပူပန်လျက် နှလုံးသားထဲမှ အသည်းအသန်ဆုတောင်းနေကြရှာသည်။
(ကျန်းဖန်ရှီတော့မလုပ်ပါနဲ့.
ဒါကြီးဘယ်လိုမှမဖြစ်နိုင်တာကြီး.
လဲ့ချီကာရိုက်တာကို ပြန်ပြင်ပြီးများရေးမလို့လား)
ထို့သို့ဆူဆူပူပူဖြစ်နေကြပြီးနောက်တစ်နေ့မှာတင်
Pet romance၏သရုပ်ဆောင်များကို ကြေညာလိုက်တော့သည်။