အပိုင်း ၂၉
Viewers 12k

၀မ်မင်ယီမနက်တွင်နိုးလာခဲ့ပြီး ကျန်းဖန်မှသူ့အားစာပို့ထားသည်ကိုတွေ့လိုက်ရသည်။
(သီချင်းအသစ် ၊သနားလို့အရင်ဆုံးပေးနားထောင်လိုက်တာ ၊တရား၀င်ကြေညာတဲ့အခါမနာလိုဖြစ်မနေနဲ့ဦး...)
ထိုစာအောက်တွင် အသံဖိုင်တစ်ခုတွဲလျက်ပင်။
၀မ်မင်ယီကပျင်းရိစွာသန်းလိုက်ပြီး စားပွဲပေါ်မှ
ဇာတ်ညွှန်းအားဓါတ်ပုံရိုက်လျက် ကျန်းဖန်အားပို့လိုက်သည်။
:(ဇာတ်ညွှန်းအသစ်၊ သနားလို့အရင်ပြလိုက်တာ၊ တရား၀င်ကြေညာတဲ့အခါမနာလိုဖြစ်မနေနဲ့ဦး...)
ကျန်းဖန်မှာ တဖက်လူအား ကြွားဝါရန်ကြိုးစားလိုက်သော်လည်း တဖက်လူထံမှာ ပြန်လည်ကြွားဝါခံလိုက်ရမည်မထင်ထားချေ။ သူကဖုန်းအား စားပွဲပေါ်သို့ ဒေါသတကြီးပစ်ပေါက်လိုက်ပြီးနောက် နှစ်စက္ကန့်ကြာလျှင် ဖုန်းကိုပြန်ကောက်လိုက်ပြီး ၀မ်မင်ယီပို့ပေးသော ပုံအားzoomဆွဲကြည့်ဖို့ကြိုးစားလိုက်သည်။
ကျန်းဖန်:(ဘာဇာတ်ညွှန်းလဲ၊ ဘယ်ကအပေါစားဒရာမာကြီးလဲ၊ ရိုက်ပြီးရင်လွှင့်လို့တောင်ရပါ့မလား)
၀မ်မင်ယီ:(မင်းမသိတာပဲကောင်းပါတယ်၊ မင်းသိများသိရင် ဒေါသထွက်လွန်းလို့ ခါးတောင်နာသွားဦးမယ် ~)
သူကစာရိုက်ပြီးသည်နှင့် "~"လေးကိုပါအဆုံးတွင် ထည့်ပေးလိုက်သေးသည်။ ကျန်းဖန်မှာ"~"လေးကို ကြည့်ကာ ဟောထဲတွင်ထိုင်ချလိုက်သည်။ သူ့ရှေ့တွင် မနက်စာစားနေသော စုန့်ဟယ်အား ကန်လိုက်ပြီး မေးလိုက်သည်။
"၀မ်မင်ယီကဇာတ်လမ်းရိုက်တော့မှာတဲ့"
"သိတယ်" စုန့်ဟယ်ကပေါင်မုန့်ကိုဝါးရင်းပြန်ဖြေလိုက်သည်။
"ဘယ်လိုသိတာလဲ" ကျန်းဖန်မယုံနိုင်စွာမေးလိုက်သည်။
"မင်းတို့နှစ်ကောင်ကဘယ်လိုဖြစ်တာလဲ၊ ပြိုင်ပွဲတုန်းကတည်းက ငါတို့အချင်းချင်းသိပ်မှမရင်းနှီးကြတာ၊ အခုငါတို့အကုန် ဖြော်ဖြေရေးလောကထဲရောက်လာကြပြီ၊ ပိုပြီးစိုးရိမ်နေရမှာမဟုတ်ဘူးလား..."
စုန့်ဟယ်က မျက်လုံးကို၀င့်လျက်အသာကြည့်လျက် စိတ်ထဲမှသာပြောလိုက်သည် ။
'သာမန်လူတစ်ယောက်အနေနဲ့ စိုးရိမ်တယ် ပူပန်တယ် သိချင်တယ်ဆိုတာ အကန့်အသတ်အတိုင်းအတာရှိတယ်၊ မင်းလိုတော့ အကုန်လုံးကို လိုက်စပ်စုမနေဘူး'
ဤလောကကြီးတွင် ကျန်းဖန်ဂရုအစိုက်ဆုံးလူက ၀မ်မင်ယီဆိုတာသေချာပေသည်။တစ်ခါတလေဆို ကျန်းဖန်တစ်ယောက် ၀မ်မင်ယီကိုများ ကြိတ်ကြိုက်နေသလားဟုသံသယ၀င်မိသည်။ ကျန်းဖန်မှာ တခြားတစ်ယောက်ကိုဤမျှဂရုစိုက်နေတာမျိုး တစ်ခါမှမမြင်ဖူးခဲ့ချေ။ သူက '၀မ်မင်ယီတစ်နေ့ ဘယ်နှခါစားသည်၊ ဘာကိုစားသည်။၊ ဘယ်လောက်များများစားသည်ကအစ'သိနေတာပင်။
ကျန်းဖန်မှာ ပေါင်မုန့်ကိုဖြည်းညင်းစွာဝါးရင်း စကားပြောနေသော စုန့်ဟယ်ကိုကြည့်ပြီး စိတ်မရှည်ဖြစ်လာတော့သည်။
"ဘာလို့စားနေသေးတာလဲ၊ မင်းသူ့ကိုမမေးကြည့်ဘူးလား..."
စုန့်ဟယ်မှာအလွန်ပင်ပန်းလှသည်။
'မင်းကတကယ်အမှတ်မရှိဘူးပဲ၊ ကျွေးတာပဲမှတ်မိပြီး ရိုက်ခံရတာကိုကျမမှတ်မိဘူးပဲ၊
ဟိုတစ်ခါကမေးတုန်းကလည်း အလှောင်ခံရတာကို သတိမရတော့ဘူးလား'
သို့သော် ကျန်းဖန်တစ်ယောက်မှာ ကျွေးတာရော အရိုက်ခံရတာရော သေချာပေါက်မှတ်မိသည်ပင်၊ သူကဒဏ်ရာကျက်သွားသည်နှင့် အနာကိုမမှုတော့ခြင်းသာ။
ထို့ကြောင့်သူကထရပ်လိုက်ပြီး စားပွဲတစ်ဖက်ကိုသွားကာ စုန့်ဟယ်၏ဖုန်းကိုကောက်ကိုင်လိုက်သည်။
"၀မ်မင်ယီဆီအခုပဲ မက်ဆေ့ပို့လိုက်၊ သူဘာပြောမလဲကြည့်မယ်၊ ဒီတစ်ခါငါမေးခိုင်းတယ်လို့ ပြောရဲပြောကြည့်"
စုန့်ဟယ်"..."
ကျန်းဖန်ကမူ သူ့အားတွန်းတိုက်လိုက်သည်။
"အမြန်၊ နှေးတုန့်နှေးတုန့်လုပ်မနေနဲ့"
စုန့်ဟယ်လည်း မျက်နှာသေနှင့်ပင် စိတ်မပါသောစာကြောင်းကိုရိုက်လိုက်ရတော့သည်။
"မင်းဇာတ်လမ်းရိုက်တော့မှာလား၊ ဘာဒရာမာလဲ"
ကျန်းဖန်မှာ နောက်တွင်ရပ်နေပြီး သူ့ဖုန်းအားကြည့်နေခဲ့သည်။ သူကကျေနပ်သွားသည်။ စုန့်ဟယ်သည်တစ်ကြိမ်တော့ သူ့နာမည်ကိုမထည့်ထား။ ထို့ကြောင့် သူကစိတ်ကျေနပ်စွာ sendကိုကူနှိပ်ပေးရန်လက်လှမ်းလိုက်သည်။
၀မ်မင်ယီရေချိုးပြီးထွက်လာလျှင် ထိုမက်ဆေ့ကိုကြည့်ပြီး အော်ရယ်မိသွားသည်။ သူကဖုန်းနောက်မှာ ရပ်ကြည့်နေမည့် ကျန်းဖန်ကိုမြင်ယောင်ကြည့်နိုင်သည်။ သူကဖုန်းကိုကောက်ယူလိုက်ပြီး အလွန်မြူးထူးစွာ အသံမက်ဆေ့ကိုပို့လိုက်တော့သည်။
၀မ်မင်ယီထံမှအသံမက်ဆေ့ကိုမြင်လျှင် ကျန်းဖန်မှာ အလျင်စလိုပင် စုန့်ဟယ်ပုခုံးပေါ်မှာကျော်ပြီးဖွင့်နားထောင်လိုက်သည်။ ၀မ်မင်ယီ၏ ကြည်လင်ပြီး ကျယ်လောင်သောအသံက တိတ်ဆိတ်နေသော ထမင်းစားခန်းထဲ ပဲ့တင်ထပ်သွားခဲ့သည်။
"ကျန်းဖန်ကမင်းကိုမေးခိုင်းတာမလား။ ဒီစပ်စုလွန်းတဲ့ကြောင်သေကတော့ အဲဒီစိတ်နဲ့ နှစ်ခါသေရမှာ မြင်ယောင်နေပြီ၊ ငါ မ ပြော ဘူး..၊ သူသိချင်လွန်းလို့ လူးလိမ့်နေပါစေ၊ ဟား ဟား ဟား ဟား ဟား..."
ကျန်းဖန်"..."
စုန့်ဟယ်ကတော့ ဒီလိုဖြစ်မယ်မှန်းကြိုသိပြီးသားပင်၊
တခြားအဖွဲ့၀င်နှစ်ယောက်မှာ ထိုအသံကိုကြားသည်နှင့် ခေါင်းကိုအမြန်ငုံ့ထားလိုက်သည်။ သူတို့က တည်ရှိမှုကို ဖျောက်ဖို့ အသက်ကိုတိုးတိုးလေးသာရှူလိုက်ကြသည်။
'ရှက်ဖို့ကောင်းလိုက်တာ၊ ရှက်ဖို့ကောင်းလိုက်တာ'
ကျန်းဖန်အသက်ကိုပြင်းပြင်းရှူလိုက်သည်၊ သို့သော်မဆဲပဲမနေနိုင်ပေ၊
"ဒီ၀မ်မင်ယီဆိုတဲ့ကောင်က မူလတန်းကလေးလား၊ သောက်ရမ်းကလေးဆန်လွန်းတယ်၊ မူလတန်းတက်နေတဲ့ကြက်ပေါက်ကောင်..."
စုန့်ဟယ် "..." 'မင်းမှာအဲလိုပြောဖို့အရည်အချင်းရောရှိလို့လား၊ မင်းကမှသူ့ထက်စာရင် မူလတန်းတက်နေတဲ့ကြက်ပေါက်မဟုတ်ဘူးလား'
သူကဆန်ပြုတ်တစ်ဇွန်းကို တိတ်တဆိတ်သောက်လိုက်ပြီး ဘာကိုမှမကြားသယောင်ဟန်ဆောင်နေလိုက်သည်။
လူတိုင်းကတိတ်ဆိတ်နေတာကိုမြင်လျှင် ကျန်းဖန်မှာပို၍စိတ်တိုလာသည်။ သူကထိုသုံးယောက်ကို ဟောက်လိုက်ပြန်သည်။
"မင်းတို့တွေ စားလို့သောက်လို့မပြီးသေးဘူးလား၊ အခုဘယ်အချိန်ရှိပြီလဲ၊ နှစ်ရက်အတွင်းမှာ ငါတို့ ရသစုံရှိုးကိုသွားပြီး သီချင်းဆိုရဦးမှာ၊ စား စား စား မင်းတို့သိတာ ဒီ စားဖို့ပဲ၊ မင်းတို့သီချင်းအသစ်ကိုရော လေ့ကျင့်ပြီးပြီလား၊ စားနေတာရပ်ပြီး စတူဒီယိုကို အခုသွားတော့..."
စုန့်ဟယ်က ပေါင်မုန့်နောက်ဆုံးတစ်ကိုက်ကို တည်ငြိမ်စွာအဆုံးသတ်လိုက်ပြီး ပြန်ဖြေလိုက်သည်။
"အိုး."
ကျန်းဖန်မှာဤသည်ကိုကြားလျှင် ပို၍စိတ်အချဉ်ပေါက်လာသော်လည်း ချုပ်တည်းလျက် စုန့်ဟယ်၏ ခေါင်းနောက်ကိုသာတွန်းလျက်
"သွားပြီးလေ့ကျင့်မယ်..."
စုန့်ဟယ်လည်း ထရပ်လိုက်ပြီး သူ၏မူလတန်း ကြက်ပေါက်ခေါင်းဆောင်နှင့်အတူ ထမင်းစားခန်းထဲမှ ထွက်သွားလေတော့သည်။
ထိုညနေတွင် Pet Romance၏တရား၀င်ကျေညာချက်ထွက်လာခဲ့ချေပြီ။
ပထမဆုံးကျေနပ်ချက်မှာ အမျိုးသမီးဇာတ်ဆောင် မိုမိုနေရာအား ယန်ဖေးဖေးမှသရုပ်ဆောင်မည့်အကြောင်းပင်။ယန်ဖေးဖေးမှာလှပပြီး သရုပ်ဆောင်လည်းကောင်းသောကြောင့်လက်ရှိပေါ်ပြူလာဖြစ်နေသော မင်းသမီးတလက်ဖြစ်သည်။ထို့အပြင် သူမ မိုမိုနေရာတွင်သရုပ်ဆောင်မည့်အကြောင်းကလည်း လူတိုင်းနီးပါးသိပြီးသားပင်။ထို့ကြောင့် စာအုပ်ဖန်များမှာ သူမနှင့်ပါတ်သတ်ပြီး စောဒကတက်ခြင်းသိပ်မရှိချေ။ ယန်ဖေးဖေး၏ဖန်များကလည်း ကောမန့်များကို အကောင်းအမြင်များဖြင့်ထိန်းချုပ်ထားပြီး သူမသရုပ်ဆောင်မှုကိုစောင့်မျှော်နေကြောင်းသာပြောထားကြသည်။
ဒုတိယကြေညာချက်ကမူ အမျိုးသားဇာတ်ဆောင်ချွေ့ယန်ပေါ်နေရာတွင် သရုပ်ဆောင်မည့် ရှုကျင်းကျဲ
ပင်ဖြစ်လေသည်။
ရှုကျင်းကျဲမှာလည်း လက်ရှိနာမည်ကြီးနေသော မျက်နှာသစ်လေးဖြစ်ပြီး ပုံရိပ်ကောင်းလည်းရှိသည်။ အင်တာဗျူးတစ်ခုတွင် မိမိမှာ ချွေ့ယန်ပေါ်နေရာတွင်သရုပ်ဆောင်ဖြစ်မည်ဟု ကြိုပြောပြီးသားမို့ စာအုပ်ဖန်များမှာ ဤတစ်ကြိမ်တွင်လည်း အငြင်းအခုံသိပ်မရှိကြပြန်ချေ။
ရှုကျင်းကျဲဖန်များကတော့ သူတို့မိသားစုအစ်ကိုကြီးက ယန်ဖေးဖေးဆီမှာ ဖိနှိပ်ခံလိုက်ရ၍ တိုးတိုးတိတ်တိတ်မကျေမနပ်ပြောဆိုနေကြသည်။
တတိယကြေညာချက်မှာ ဒုတိယဇာတ်ဆောင် မူခိုင်နေရာကိုသရုပ်ဆောင်မည့် ရှန်ချန်ဇီဖြစ်သည်။
ရှန်ချန်ဇီမှာ ရှုကျင်းကျဲနှင့်ယန်ဖေးဖေးတို့ထက်နိမ့်သော ဒုတိယအဆင့်သရုပ်ဆောင်ဖြစ်သည်။
စာအုပ်ဖန်များမှာ ရှန်ချန်ဇီသည် ရုပ်ရည်လေးအတော်အသင့်ကြည့်ကောင်းပြီး မဆိုးဘူးထင်သောကြောင့် ကျေနပ်စွာလက်ခံလိုက်ပြန်သည်။
ထို့နောက်ဒုတိယအမျိုးသမီးဇာတ်ကောင် စွန်းကျင်းဟန်နေရာတွင် သရုပ်ဆောင်မည့် သိုက်ကျားရင်ကို ကြေညာပေးခဲ့သည်။ သူမအလှည့်ပြီးသည့်နောက် လူတိုင်းမှာ လဲ့ချီနေရာအတွက် လည်တဆန့်ဆန့်စောင့်မျှော်နေကြချေပြီ။
ဤသည်မှာ နောက်ဆုံးဇာတ်ကောင်ဖြစ်ပြီး လူရွေးရအခက်ဆုံးဇာတ်ကောင်လည်းဖြစ်သည်။
စာအုပ်ဖန်များမှာ ရင်ထဲမှရတက်မအေးနိုင်ပဲဆုတောင်းနေကြရသည်။ 'တကယ်ကြီး ကျန်းဖန်ရှီဖြစ်နေရင်လည်း ကျန်းဖန်ရှီပဲထားလိုက်ပါတော့လေ။ ဒါပေမယ့် ကံကောင်းထောက်မစွာ မောင်ငယ်ချောလေး တစ်ယောက်ကိုပြန်ရွေးလိုက်ပါစေ၊ ကျေးဇူးပြုပြီး'...
သူတို့၏တီတိုးဆုတောင်းသံများကြားထဲမှာ လဲ့ချီအတွက်ကြေညာချက်ထွက်လာချေပြီ။
စာအုပ်ဖန်များမှာ ရင်တမမနှင့် ထိုပို့စ်ကိုဖွင့်ကြည့်လိုက်လျှင် စက္ကန့်ပိုင်းအတွင်းမျက်လုံးများ ပြူးကျယ်သွားကြသည်။ တရား၀င်ကြေညာစာနှင့် ပုံကိုတွဲလျက်ဖော်ပြထားသည်။
Pet Romance တီဗွီရှိုး: [မိုးဒဏ်လေဒဏ်ကိုကြံ့ကြံ့ခံနိုင်တဲ့ ဖူယွိကြာပန်းလို အသက်ရှူမှားလောက်အောင်ချောမောတဲ့ လူငယ်၊ @ ၀မ်မင်ယီ (သို့ )လဲ့ချီ]
[ဓါတ္ပုံ]
တွဲတင်ပေးထားသောပုံမှာ သူရှိုးတွင်ယှဉ်ပြိုင်နေစဉ်က မဂ္ဂဇင်းအတွက်ရိုက်ထားသော ပုံတစ်ပုံဖြစ်သည်။
ရှပ်အဖြူလေးနှင့်ဂျင်းပြာကို၀တ်ဆင်ထားပြီး တစ်ခုခုကိုစိုက်ပျိုးနေဟန်ခေါင်းလေးကိုအသာငုံ့လျက် ။
စာအုပ်ဖန်များမှာ သူတို့၏အုတ်ဂူများထဲမှ တမဟုတ်ချင်းခုန်ထလာကြတော့သည်။ မူလက ခြောက်သွေ့နေသောခရမ်းသီးပင်လို ညှိုးနွမ်းနေကြရမှ ယခုမူ မိုးထိအောင်ခုန်တက်ပြီး မိမိတို့ညီအစ်မများကို အပြေးအလွှားသတင်းပို့ကြတော့သည်။
(ငါလက်ခံတယ် ၊ ငါအသက်ရှင်ပြီ၊ ငါဒီလဲ့ချီလေးကို လက်ခံတယ်)
(အိုးမိုင်ဂေါ့ လက်မခံနိုင်စရာအကြောင်းမရှိဘူး။ ဒါကငါ့နှလုံးသားထဲကလဲ့လဲ့လေးပဲ၊ အရမ်းငယ်ပြီး၊ အရမ်းချောတာပဲ)
(ငယ်တယ်လို့ထင်ရရုံပဲမဟုတ်ဘူး၊ ၀မ်မင်ယီကိုယ်တိုင်က အသက်မှသိပ်မကြီးတာ၊ သူကခုမှ၁၈နှစ်ပဲရှိသေးတယ်၊ ဒါကြောင့် လဲ့လဲ့နေရာကို သရုပ်ဆောင်တဲ့အခါ သဘာ၀ကျကျပဲဖြစ်မှာ
ဘယ်လောက်သင့်လျော်လိုက်လဲ...)
(ဟားဟားဟား၊ ငါ့ကိုထူကြပါဦး၊ ငါစာအုပ်ကို အကြိမ်ရေအများကြီးဖတ်ပြီးသွားပြီ၊ ဒီတစ်ခါ လူရွေးထားတာက မသေမျိုးတွေကိုတောင်ကျော်နိုင်တယ်၊ ငါအရမ်းအရမ်းကျေနပ်တယ်...)
(ဟုတ်တယ်၊ အရမ်းကျေနပ်တယ် အရင်တစ်ခေါက်က ကျန်းဖန်ရှီနဲ့တခြားစီပဲ၊ သြော် အမှောင်ထုထဲမှာလည်း ရွာငယ်လေးတည်ရှိနေသေးတာပဲ)
(ဟားဟားဟားဟား အပေါ်ထပ်ကတစ်ယောက်မှန်တယ်၊ ငါဒီလဲ့လဲ့လေးကိုအရမ်းကျေနပ်တယ်၊ ကောင်းကင်ကိုကန်တော့ပါတယ်၊ မြေကြီးကိုကန်တော့ပါတယ်၊ ရိုက်ကူးရေးအဖွဲ့ကိုလည်းကန်တော့ပါတယ်၊ ၀မ်မင်ယီကိုလည်းကန်တော့ပါတယ်)
ဖိုရမ်မှာ 'Pet Romance'နှင့်ပါတ်သတ်သောပို့စ်တွေနှင့် ပြည့်နှက်သွားသည်။ အရင်ကတည်းက သိပြီးသဖြစ်သော ရှူကျင်းကျဲနှင့် ယန်ဖေးဖေးတို့နှင့်ယှဉ်လျှင် ၀မ်မင်ယီကိုအားလုံးကပိုစိတ်၀င်စားနေကြသည်။
《'Pet Romance တရား၀င်ကြေညာချက်, ၀မ်မင်ယီက တတိယဇာတ်ဆောင်မင်းသားအဖြစ်ထွက်ပေါ်လာ》
《သေစမ်း! ၀မ်မင်ယီရဲ့ကံကကောင်းလှချည်လား။ ယန်ဖေးဖေးနဲ့ရှုကျင်းကျဲနဲ့အတူ ပွဲဦးထွက်လာတယ်》
《ဆွေးနွေးကြစို့၊ ၀မ်မင်ယီကကုမ္ပဏီနဲ့စာချုပ်ချုပ်ခဲ့တာလား၊ ဒီအခွင့်အလမ်းကြီးကို သူ့ကိုစပွန်ဆာတစ်ယောက်ယောက်ကပေးခဲ့တာမလား》
ကျန်းဖန်သီချင်းဆိုလေ့ကျင့်နေစဉ် လုစုန့်နှင့် ယန်ယွင်တို့မှာဖုန်းကိုကြည့်လျက်တီးတိုးပြောနေကြသည်ကို မြင်လိုက်ရသည်။
"မင်းတို့နှစ်ကောင်ဘာလုပ်နေတာလဲ၊ သီချင်းပြီးအောင်ဆိုပြီး အကသွားလေ့ကျင့်၊ တနေကုန်အလေပဲလိုက်မနေနဲ့"
သူကလျှောက်လာပြီး လုစုန့်လက်ထဲမှာဖုန်းကိုယူပြီးတစ်ချက်ခန့်ကြည့်လိုက်သည်။ထိုတစ်ချက်ခန့်အကြည့်လေးကပင် ကျန်းဖန်အား အသက်ရပ်သွားစေခဲ့၏။
ကြည်လင်နေသောဖုန်းမျက်နှာပြင်မှာ ဖိုရမ်၏ခေါင်းစဉ်ကိုဖော်ပြထားသည်။
" pet romance၏ တတိယဇာတ်ဆောင်အဖြစ် ၀မ်မင်ယီပါ၀င်သွားမယ်ဟုသိရ၊ ဤတစ်ကြိမ်တွင်တော့ ၀မ်မင်ယီနှင့်ကျန်းဖန်ကြားကွာဟချက်အတော်ကြီးမားသွားပုံပေါ်"
ကျန်းဖန်"..."
လုစုန့်သူ့အား နားချရန်ကြိုးစားလိုက်သည်။
"ကျန်းကော အဲဒါတွေဖတ်မနေနဲ့ ၊ သူတို့အဓိပ္ပါယ်မရှိတာတွေလျှောက်ပြောနေတာ၊ သူတို့ကဘာမှနားမလည်ဘူး။ ဒီတိုင်းနေလို့ လျှောက်ရေးနေကြတာ"
ယန်ယွင်လည်း၀င်ထောက်ခံလာသည်။
"ဘယ်သူသိမှာလဲ၊ ၀မ်မင်ယီကအခန်းအများကြီးလည်းမပါလောက်ပါဘူး။ ငါးမိနစ်လောက် မျက်နှာပြနိုင်ရင် ကံကောင်း၊ သိပ်စိတ်ထဲမထားနဲ့"
စုန့်ဟယ်မှာ ရေကို ဂလုဟုဖြည်းညင်းစွာ မြိုချပြီး မနက်က ၀မ်မင်ယီသူ့အားပို့ပေးထားသော ဇာတ်ညွှန်အထူကြီး၏ပုံကိုတွေးလိုက်မိသည်။ ထိုမျှအထူမှာ ငါးမိနစ်ဇာတ်၀င်ခန်းတော့ မဟုတ်တန်ရာ..။
ကျန်းဖန်"..."
ကျန်းဖန်အသက်ပြင်းပြင်းတစ်ချက်ခန့်ရှူလိုက်သည်။ သူ့နှလုံးသားထဲတွင် ချဉ်စူးနေသော လီမွန်ရည်ကို ချေဖျက်ရန်ကြိုးစားလိုက်သည်။
သူခေါင်းကိုလှည့်လျက် လုစုန့်အား ဟိန်းဟောက်လိုက်တော့သည်။
"ငါမင်းကိုအကြိမ်၈၀၀လောက်ပြောပြီးပြီ၊ မင်းအတော်အားယားနေရင်တောင် ဒီအတင်းအဖျင်းဖိုရမ်တွေကို၀င်မကြည့်ပါနဲ့လို့၊ မင်းသီချင်းအသစ်ကိုလေ့ကျင့်ပြီးပြီလား၊ အကရောရပြီလား၊မင်းကတောမှာပဲကြီးလာတဲ့အရူးလား၊ ဖရဲစေ့ဘယ်လိုစားရမလဲပဲသိတယ်..."
လုစုန့်"..."
ယန်ယွင်"..."
"ဘာကြည့်နေတာလဲ၊ သွားလေ့ကျင့်လေ..."
လုစုန့်နှင်ယန်ယွင်မှာခေါင်းညိတ်လျက် အလျင်အမြန်ထွက်သွားတော့သည်။
ကျန်းဖန်မှာဖုန်းကိုကိုင်ထားလျက် သူ့နှလုံးသားထဲမှ ချဉ်စူးစူးခံစားချက်မှာ တဖန်မြင့်တက်လာခဲ့သည်။
၀မ်မင်ယီ ကျောက်ယန်တွင်စာချုပ်ချုပ်လိုက်သည်လော၊သူ၏ပထမဆုံး ဒရာမာမှာယန်ဖေးဖေးပါ၀င်ပြီး ကျောက်ယန်ကလည်းရင်းနှီးမြှုပ်နှံထားသော ဇာတ်လမ်းတစ်ခုတော့လုံး၀မဖြစ်သင့်၊
ယခုတော့ ၀မ်မင်ယီတစ်ယောက် တိဖန်နှင့် အဘယ်ကြောင့်စာချုပ်မချုပ်လိုခဲ့မှန်းသူသိလိုက်ချေပြီ။
ကျောက်ယန်နှင့်ယှဉ်လျှင် တိဖန်မှာ အီးပင်လှည့်ပေါက်ရန်မတန်ချေ။
ကျန်းဖန်၏စိတ်အခြေအနေမှာပိုဆိုးလာခဲ့သည်။ ရှိုးတွင်၀င်ပြိုင်ကတည်းက သူသည် ၀မ်မင်ယီထက်မသာနိုင်ဟု မယုံကြည်ခဲ့ပေ။ သို့သော် ပေါ်ပြူလာဖြစ်မှုအရဖြစ်စေ ဒိုင်များအမှတ်ပေးမှုအရဖြစ်စေ သူကအမြဲ၀မ်မင်ယီထက်နိမ့်နေခဲ့သည်။ယခု အားလုံးလည်း အောင်အောင်မြင်မြင် ပွဲဦးထွက်ပြီးမှ ၀မ်မင်ယီ နာမည်ကြီး၀တ္ထုကိုပြန်ရိုက်မည့်ဒရာမာတွင် သရုပ်ဆောင်နိုင်တော့မည်။
'သူကရော။ သူကဘာမှတောင်မအောင်မြင်သေးပဲ၊ မထွက်ရသေးတဲ့သီချင်းသစ်လေးတစ်ပုဒ်အပေါ် အရမ်းတွေတက်ကြွနေခဲ့တာ...
ဟာသပဲ...
စုန့်ဟယ်က ခေါင်းကိုငုံ့လျက်သူ့ဖုန်းကိုကြည့်နေခဲ့သည်။ထိုအတိုင်းမိနစ်အနည်းငယ်အချိန်ဖြုန်းနေပြီးတော့မှ ရေနွေးတစ်ခွက်ကိုယူပြီးလျှောက်လာခဲ့သည်။
"အဆင်ပြေလား..."
သူမေးလိုက်သည်။
"ဒါပေါ့" ကျန်းဖန်ကအလွန်တောင့်တောင့်တင်းတင်းပြန်ဖြေလာသည်။
"မင်းမှာသာပြသနာတွေရှိချင်ရှိမယ်၊ ငါကတော့အေးဆေးပဲ..."
"အိုး..."
စုန့်ဟယ်က လက်ထဲမှရေနွေးခွက်အားကမ်းပေးလိုက်သည်။
"ရေနည်းနည်းသောက်လိုက်၊ ခေါင်းကြည်တယ်..."
ကျန်းဖန်"....."
အဲဒါဘယ်လိုမှတ်ချက်မျိုးလဲ။
စုန့်ဟယ်လည်းရေနွေးခွက်ကိုပေးခဲ့ပြီး စတူဒီယိုထဲသို့လျှောက်လာရင်း ၀မ်မင်ယီထံစာပို့လိုက်သည်။
(ဂုဏ်ပြုပါတယ်၊ ဒီအခွင့်အရေးကမဆိုးဘူး၊ ကောင်းကောင်းလုပ်ပါ)
၀မ်မင်ယီက ဇာတ်ညွှန်းကိုဖတ်ကြည့်နေဆဲဖြစ်ပြီး
ပြန်မေးလိုက်သည်။
(မင်းသိတယ်ပေါ့)
စုန့်ဟယ် (တစ်ဖွဲ့လုံးသိတယ်)
၀မ်မင်ယီ (အိုး..ဒါဆိုကျန်းဖန်မူးလဲသွားတယ်မလား)
စုန့်ဟယ် "(နီးပါး...)
၀မ်မင်ယီ (ဟားဟားဟားဟားဟားဟား...)
စုန့်ဟယ်က ပြုံးနေသော အီမိုဂျီတစ်ခုပြန်ပို့လိုက်သည်။
(မင်းဆက်လုပ်ပါ ငါလေ့ကျင့်တော့မယ်...)
၀မ်မင်ယီ( သွားသွား၊ မင်းလည်းလုပ်နိုင်ပါတယ်၊ ကြိုးစားထား)
စုန့်ဟယ် (အင်း)
၀မ်မင်ယီနှင့် စုန့်ဟယ်စာပို့ပြီးသည်နှင့် ရိုက်ကွင်းမှာစတင်တော့သည်။
'Pet Romance' တီဗွီဇာတ်လမ်းတွဲမှာ နာမည်တူ ၀တ္ထုတစ်ပုဒ်ကိုအခြေခံထားခြင်းဖြစ်ပြီး ဇာတ်လမ်းအသွားအလာမှာလည်းရိုးရှင်းလှသည်။