အပိုင်း ၃၀
Viewers 12k

အမျိုးသမီးဇာတ်လိုက် မိုမိုမှာတက္ကသိုလ်မှဘွဲ့ရခါစဖြစ်ပြီး ကုမ္ပဏီတစ်ခုတွင် ကော်ပီအယ်ဒီတာအဖြစ်လုပ်ကိုင်နေသူဖြစ်သည်။
ဆောင်းရာသီလည်းရောက်လာခဲ့ပြီး သူမပါတ်၀န်းကျင်တွင် လေလွင့်ကြောင်တော်တော်များများ ရှိနေခဲ့သည်။ထိုထဲတွင် လိမ္မော်ရောင်ကြောင်လေးတစ်ကောင်ကမူ သူမအလုပ်ကပြန်ချိန်တိုင်း အိမ်ရောက်သည်အထိ အမြဲနောက်မှလိုက်လာတတ်သည်။
ကြင်နာတတ်သောမိုမိုမှာထိုကြောင်လေးကိုမွေးစားပြီး နောက်ပိုင်းတွင် မသန်စွမ်းဖြစ်နေသော စွန့်ပစ်ခံ ကာကီလေးတစ်ကောင်ကိုလည်းထပ်မံမွေးစားခဲ့သည်။ သူမကိုယ်တိုင်တွင်လည်း မူလကတည်းကပင် မွေးထားသော မွှေးဖွားကြောင်လေးတစ်ကောင်ရှိသေးသည်။
ခွေးတစ်ကောင်နှင့်ကြောင်နှစ်ကောင်ကို ဂရုစိုက်ပေးနေရသောသူမဘဝလေးမှာ အလွန်သာယာနေခဲ့သည်။
ထိုနေ့မတိုင်ခင်အထိသာဖြစ်သည်။
တစ်နေ့တွင် မိုမိုအလုပ်ကပြန်လာသောအခါ မိမိ၏ကြောင်နှစ်ကောင်မှာပျောက်ဆုံးနေကြောင်းတွေ့လိုက်ရသည်။ ထိတ်လန့်သွားသောမိုမိုမှာ ပါတ်၀န်းကျင်နေရာအနှံ့တွင်ရှာဖွေခဲ့ပြီးနောက် အမျိုးသားဇာတ်လိုက် ချွေ့ယန်ပေါ်၏အိမ်တွင်ပြန်တွေ့ခဲ့ရလေသည်။
ထိုကြောင်လေးနှစ်ကောင်မှာ သူများအိမ်တွင်စားသောက်ပျော်ပါးနေခဲ့သည်။
ချွေ့ယန်ပေါ်မှာ ပြည်တွင်းနှင့် ပြည်ပ၏ဖက်ရှင်လောကတွင် လူသိများသောဖက်ရှင် ဒီဇိုင်နာတစ်ဦးဖြစ်သည်။ ဆောင်းတွင်းတစ်နေ့တွင်ချွေ့ယန်ပေါ်သည် မိမိအိမ်အ၀င်၀တွင် ခွေနေသောကြောင်လိမ္မော်လေးတစ်ကောင်ကိုတွေ့ခဲ့သည်။ ထိုကြောင်လေးမှာ သူ့အားကြည့်လျက် မြောင်ဟုအော်သောအခါ သူလည်းအိမ်ကိုခေါ်လာဖို့ဆုံးဖြတ်လိုက်လေသည်။
ချွေ့ယန်ပေါ်မှာ အချိန်စာရင်းအတိအကျမရှိသော အင်မတန်အလုပ်များသူဖြစ်သည်။ ထို့ကြောင့် လိမ္မော်ရောင်ကြောင်လေးမှာ တခါတလေအိမ်မှာမရှိသည်ကို သတိထားမိသော်လည်း အိမ်ထဲမှနေရတာမကြိုက်၍ လျှောက်သွားနေခြင်းဟုသာထင်ခဲ့သည်။
ထို့ကြောင့်စိတ်ကြိုက်သာသွားလာခွင့်ပေးထားလိုက်သည်။ သိပ်မကြာခင်ကပဲထိုကြောင်လိမ္မော်လေးမှာ မွှေးပွကြောင်လေးတစ်ကောင်အား အိမ်သို့ခေါ်လာခဲ့သည်။ ချွေ့ယန်ပေါ်လည်း ကြောင်လေးမှာလျှောက်သွားရင်း သူ့အဖော်လေလွင့်ကြောင်လေးတစ်ကောင်ကို အိမ်သို့ခေါ်လာသည်ဟုသာထင်လိုက်သည်။
မိုမိုမှာထိတ်လန့်သွားခဲ့သည်။ သူမ၏ကြောင်သမီးလေးမှာ အပြင်တွင်ကြောင်ဖေဖေကြီးတစ်ယောက်ရှိနေမည်ဟုမထင်ထားခဲ့ချေ။ အိမ်မှာရှိတဲ့အလံနီက မကျသွားသော်လည်း အပြင်ဘက်မှာရောင်စုံအလံတွေကတဖျတ်ဖျတ်လွင့်နေခဲ့သည်။
ချွေ့ယန်ပေါ်လည်းအံ့အားသင့်သွားသည်သာ။ သူက သူ၏ခြေထောက်ကိုတသ်လှည့် မိုမို့၏ခြေထောက်ကို တစ်လှည့်ပွတ်သပ်ပေးနေသော ကြောင်လိမ္မော်လေးအားကြည့်လိုက်သည်။ သူ့မှာဘာပြောရမှန်းမသိဆွံ့အနေခဲ့ပြီး သူ၏ခေါင်းထိပ်မှာအစိမ်းရောင်လေး အနည်းငယ်သန်းလာသလိုပင်ခံစားလိုက်ရသည်။
ကြောင်အဖေကြီးနှင့်ကြောင်အမေကြီးမှာ ဆိုဖာပေါ်ထိုင်လိုက်ကြပြီး မိမိတို့၏ကြောင်သမီးများ၏ ကြောင်လည်ကြမှုများအကြောင်း ၊ ကြောင်မိဘတစ်ဦးဖြစ်ရတာမလွယ်ကြောင်းဆွေးနွေးကုန်ကြသည်။
ထို့နောက်သူတို့နှစ်ဦးမှာ ဤကြောင်လည်နှစ်ကောင်ကို အတူတကွပြုစုပျိုးထောင်ကြဖို့သဘောတူလိုက်ကြသည်။ ထိုကြောင်လေးနှစ်ကောင်နှင့်ကာကီလေးတစ်ကောင်ကိုပြုစုပျိုးထောင်ရင်းနှင့်ပင် သူတို့နှစ်ဦးမှာ တစ်ဦးကိုတစ်ဦးချစ်ကျွမ်း၀င်ကုန်လေသည်။
နောက်ဆုံးတွင် ချွေ့ယန်ပေါ်ကသူ့ခံစားချက်များကို ဦးစွာ၀န်ခံခဲ့ပြီး ကြောင်နှစ်ကောင်နှင့်ခွေးတစ်ကောင်နှင့်အတူ ပျော်ရွှင်စွာနေသွားကြတော့သည်။
ဤသည်မှာအလွန်နွေးထွေးသောအချစ်ဇာတ်လမ်းလေးဖြစ်သည်။ ကြောင်နှစ်ကောင်က သူတို့နှစ်ဦး၏ကံကြမ္မာကြိုးများကိုဆက်နွယ်ပေးခဲ့သည်။
ထို့ကြောင့်စာ စာအုပ်နာမည်မှာ "Pet Romance"ဖြစ်နေခြင်းဖြစ်ကာ ဤဇာတ်လမ်းတွင်လဲ့ချီမှာသိပ်အရေးကြီးသောဇာတ်ကောင်မဟုတ်သည်မှာ အသိသာကြီးပင်။
ထို့အပြင် လဲ့ချီ၏ဇာတ်ကြောင်းမှာ မိုမိုအလုပ်လုပ်သော ကုမ္ပဏီမှအစပြုသည်။
သာမာန်မိသားစုမှလာသောမိုမိုနှင့်မတူပဲ လဲ့ချီမှာ ချမ်းသာသော ဒုတိယမျိုးဆက်သခင်ငယ်လေးတစ်ဦးဖြစ်လေသည်။ မိမိ၏ ခေါင်းမာပြီး စိတ်ကြီး၀င်နေသော သားဖြစ်သူအား ပိုက်ဆံ၏တန်ဖိုးနှင့် လောကကြီး၏အခက်အခဲများကို ကိုယ်တိုင်သင်ယူနိုင်စေရန်ဟုခေါင်းစဉ်တပ်လျက် လဲ့ချီ၏ဖခင်ဖြစ်သူမှာ လဲ့ချီဘွဲ့ရသည်နှင့်တပြိုင်နက် မိမိကုမ္ပဏီထဲပစ်ထည့်လိုက်လေသည်။ ဘယ်သူကမှ လဲ့ချီ၏နောက်ခံကိုမသိကြချေ။ HRမန်နေဂျာမှလည်း သူ့အား သာမာန်အလုပ်သင်ဟုသာမိတ်ဆက်ပေးသဖြင့် အားလုံးကလည်း သာမန်လူတစ်ယောက်လိုသာဆက်ဆံကြလေသည်။
အလုပ်သင်လဲ့ချီမှာ ဘာကိုမှလက်ကြောတင်းအောင်မလုပ်တတ်ချေ။အဆုံးတွင် သူကပုံနှိပိထုတ်ဝေရေးဌာနကိုအပို့ခံလိုက်ရလေသည်။ လဲ့ချီမှာ မူလကဤအလုပ်ကိုလုံး၀သဘောမကျခဲ့ချေ။ သို့သော်မိုမို၏ဦးဆောင်သင်ပြမှုများအောက်တွင် အလုပ်၌ပို၍စိတ်ပါပြီး ကောင်းကောင်းလုပ်နိုင်လာခဲ့သည်။
မိုမိုမှာအလုပ်ခွင်ကိုစရောက်စဉ်က စိတ်ကူးဥာဏ်နှင့်အားအင်များအပြည့်ပင်။ သို့သော်လုပ်သက်ရင့်စီနီယာများမှာ သူတို့၏အားအင်များကိုသူမအပေါ် မဖြုန်းတီးလိုကြပေ။ထို့ကြောင့်လဲ့ချီတစ်ဦးကသာ သူမနှင့်အတူ ကြိုးစားပေးခဲ့ခြင်းဖြစ်သည်။ အမှန်တော့မိုမိုမှာ ဌာနတူလုပ်ဖော်ကိုင်ဖက်တချို့ထံမှာ ဖယ်ကျဉ်ခြင်းကိုခံနေရတာဖြစ်သည်။ ထို့ကြောင့်မိုမိုမှာ မိမိအမှားများလုပ်မိနေသလားဟုတွေးမိကာ ထိုလုပ်ဖော်ကိုင်ဖက်များ၏ခြေရာအတိုင်း ၊ ပုံစံခွက်ကြီးအတိုင်းသာလိုက်လုပ်ပြီးအတွေးအမြင်အသစ်များကို စွန့်ပစ်လိုက်ဖို့တောင်စိတ်ကူးမိဖူးသည်။
သို့သော်လဲ့ချီကသူမအားပြောခဲ့သည်။
"အပင်မြင့်လေ လေတိုက်လေပဲ၊ ဒီလိုမဖြစ်ချင်ရင် ကိုယ့်ကိုယ်ကိုပိုကြိုးစားပြီး လေတိုက်လို့မယိုင်တဲ့အထိ သန်မာအောင်လုပ်ရမယ်"ဟု။
မိုမိုမှာ သူမထက်ငယ်သောကောင်လေးမှာ ဤကဲ့သို့အတွေးမျိုးရှိနေမည်မထင်ထားချေ။သို့နှင့် သူမပြန်လည်တက်ကြွလာခဲ့ပြီး သူမ၏ကိုယ်ပိုင်စိတ်ကူးဥာဏ်သစ်များကိုအကောင်အထည်ဖော်ကာ တက်တက်ကြွကြွကြိုးစားတော့သည်။
လဲ့ချီကတော့မိုမိုကျေးဇူးကြောင့်ပင် စာလုံးတွေနှင့်ပါတ်သတ်သည့် သူ၏စိတ်အားထက်သန်မှုကိုရှာတွေ့ခဲ့ကာ သူ၏ပထမဆုံး၀တ္ထုတစ်အုပ်ကိုပင်ထုတ်ဝေနိုင်ခဲ့သည်။
ချွေ့ယန်ပေါ်၏နွေးထွေးမှုချိုသာမှုတို့နှင့်ကွဲပြားစွာ လဲ့ချီ၏ဇာတ်ကောင်မှာ ဇာတ်လမ်းအသွားအလာကို ပို၍ချောမွေ့စေဖို့ဖန်တီးခဲ့သောဇာတ်ကောင်ဖြစ်သည်။ ထို့ကြောင့်လဲ့ချီမှာ ချမ်းသာသောဒုတိယမျိုးဆက် စိတ်ကြီး၀င်နေသောသခင်လေးအဖြစ် စာဖတ်သူများအား ရံဖန်ရံခါ ရယ်မောရအောင်လုပ်ပေးတတ်သည်။ သူ၏ငယ်ရွယ်ပြီးချောမောသော အသွင်အပြင်လေးကြောင့် ရယ်မောပြီးနောက်တွင် စာဖတ်သူများမှာလဲ့ချီအားသဘောမကျပဲမနေနိုင်ကြချေ။ထို့ကြောင့် စာအုပ်တစ်အုပ်လုံးကိုခြုံ၍ပြောရလျှင် လဲ့ချီ၏ပေါ် ပြူလာဖြစ်မှုမှာ အနိမ့်ကြီးမဟုတ်။
အဓိကဇာတ်လိုက်စုံတွဲပြီးလျှင် လဲ့ချီမှာနာမည်အကြီးဆုံးဖြစ်ပြီး ဒုတိယဇာတ်လိုက်ထက်ပင် သာသေးသည်။
သူ၏ဇာတ်ကောင်မှာ အကောင်းမြင်တတ်ပြီး တက်ကြွပေါ့ပါးသည်။ စိတ်၀င်စားစရာကောင်းပြီး တစ်ခါတစ်ခါတုံးတုံးအအလေးနှင့်ချစ်စရာလည်းကောင်းသေးသည်။ ထို့ကြောင်၀မ်မင်ယီအတော်သဘောကျမိသည်။ သူ၏ပင်ကိုယ်စရိုက်နှင့်ကွဲပြားသော်လည်း
လဲ့ချီ၏အကျင့်စရိုက်မှာလည်းကောင်းမွန်သည်ပင်။
ထို့ကြောင် မူရင်း၀တ္ထုနှင့်ဇာတ်ညွှန်းကိုဖတ်ပြီးနောက် ၀မ်မင်ယီသည် စကားပြောခန်းတချို့ကို စတင်ကျက်မှတ်တော့သည်။
စစ်ကျွင်းတောက်က စစချင်းတွင် ၀မ်မင်ယီအား ဤမျှအစောကြီးသရုပ်ဆောင်စေခြင်းမှာ သင့်လျော်သလား မသေချာခဲ့ပေ။ ဘာပဲဖြစ်ဖြစ် ၀မ်မင်ယီတစ်စုံတစ်ခုလိုအပ်လျှင် သူနောက်ကရှိနေပေးမည်သာ။ ၀မ်မင်ယီကသရုပ်ဆောင်လုပ်ဖို့ဆန္ဒရှိနေလျှင်လည်း အဘယ်ကြောင့်မဖြစ်နိုင်မည်နည်း။
၀မ်မင်ယီကိုကြည့်နေသော စစ်ကျွင်းတောက်၏မျက်လုံးတွေကပိုနူးညံ့သွားခဲ့သည်။
အောက်တိုဘာ လလယ်တွင် "Pet Romance" ရိုက်ကူးရေးတရား၀င်စတင်တော့သည်။
ချန်လုသည် ဖွင့်ပွဲအခမ်းအနားအတွက် ၀မ်မင်ယီအားလာကြိုခဲ့သည်။ သူနှင့်အတူ ၀မ်မင်ယီထံစာချုပ်ချုပ်ထားသော လက်ထောက်များနှင့် ဒရိုင်ဘာလည်းပါသည်။
၀မ်မင်ယီလည်းစစ်ကျွင်းတောက်ကိုနှုတ်ဆက်ပြီး ဗင်ကားထဲသို့ပျော်ပျော်ကြီး၀င်သွားခဲ့သည်။
ထိုကောင်လေး၏နောက်ပြန်လှည့်မကြည့်သော ကျောပြင်ကိုကြည့်ရင်း စစ်ကျွင်းတောက်မှာ မိမိနှလုံးသား အလွန်ကြီးမားကြောင်းတွေးနေမိသည်။
ရှုကျင်းကျဲနှင့် ရှန်ချန်ဇီမှာအရင်ရောက်နှင့်နေကြပြီး စကားမြည်စပြောဆိုနေကြသည်။ ချန်လုမှာ အချင်းချင်းရင်းနှီးစေရန်ရည်ရွယ်၍ ၀မ်မင်ယီအား သူတို့နှစ်ဦးထံမိတ်ဆက်ရန်ခော်သွားခဲ့သည်။
ရှုကျင်းကျဲကအနည်းငယ်သာပြုံးပြီးဘာကိုမှမဆိုချေ။ ၀မ်မင်ယီထွက်သွားသည်နှင့် ရှန်ချန်ဇီမှာ တီးတိုးဆိုလိုက်သည်။
"ဒီတစ်ယောက်က ကျန်းဖန်ရှီနေရာကိုယူသွားတဲ့ လူသစ်မလား".
"အမှန်အတိုင်းပြောရရင်လည်း ကျန်းဖန်ရှီထက်စာရင် သူကလဲ့ချီနေရာနဲ့ပိုလိုက်ပါတယ်" ရှုကျင်းကျဲက စိတ်မပါစွာပြောလိုက်သည်။
ရှန်ချန်ဇီကမူထေ့ငေါ့လျက်" သရုပ်ဆောင်ကသရုပ်ဆောင်ပဲ၊ မျက်နှာကအရေးမှမပါတာ၊ သူ့လို ပြိုင်ပွဲကနေတက်လာတဲ့ လူသစ်တွေက မျှော့တွေလိုပဲ၊ အမျှင်ကိုမပြတ်နိုင်ဘူး၊ ထုတ်ပယ်ခံရဖို့ပြင်ထားတဲ့ပစ္စည်းတွေ"
ရှုကျင်းကျဲက ပြုံးရုံသာပြုံးလျက် ဘာမှတ်ချက်မှ၀င်မပေးချေ။ သူကရှန်ချန်ဇီအားစကားတစ်လုံးနှစ်လုံးခန့်သာထပ်ပြောပြီး နာရီကိုကြည့်ကာ ထွက်သွားတော့သည်။
သူ့နောက်လိုက် လက်ထောက်ငယ်လေးကပြောလာသည်။ " ရှန်ချန်ဇီကဒီလိုမျိုးပြောတတ်မယ်မထင်ထားဘူး၊ ကျန်းဖန်ရှီအတွက်မတရားလို့၀င်ပြောပေးတယ်ဆိုရင်တောင်၊ အဲကောင်လေးကတော့ အဆိုးကြီးလို့မထင်ပါဘူး..."
"မင်းရဲ့လျှိုကောက အေးဂျင့်ဖြစ်သွားပြီး ၊ မင်းကျဘာလို့အခုထိလက်ထောက်ပဲဖြစ်နေသေးတာလဲသိလား..."
ရှုကျင်းကျဲမေးလိုက်သည်။
လက်ထောက်ငယ်လေးကခေါင်းခါလိုက်သည်။
"မင်းရဲ့အတွေးကအရမ်း ရိုးရှင်းလွန်းနေလို့လေ..."
ရှုကျင်းကျဲကတည်ငြိမ်စွာဆိုလိုက်သည်။
"သူကကျန်းဖန်ရှီအတွက်ပြောပေးတယ်များထင်နေလား... ကျန်းဖန်ရှီနဲ့သူနဲ့ကသူငယ်ချင်းလည်းမဟုတ် ဆွေမျိုးလည်းမဟုတ်ဘူး၊ သူကကျန်းဖန်ရှီအတွက် ဘာလို့စိတ်မကောင်းဖြစ်ရမှာလဲ၊ သူ့အတွက်သူမခံမရပ်နိုင်ဖြစ်နေတာ၊လဲ့ချီဇာတ်ကောင်က မူခိုင်ထက်ပို ပေါ်ပျူလာဖြစ်တယ်၊ ကျန်းဖန်ရှီသာလဲ့ချီနေရာမှာ သရုပ်ဆောင်ခဲ့ရင်၊ ဇာတ်ကောင်နဲ့မလိုက်မဖက်ဖြစ်ပြီး လူတွေကလည်းသဘောမကျတော့ နာမည်ကြီးမှာမဟုတ်ဘူး...အခုတော့ လဲ့ချီဇာတ်ကောင်နဲ့ အံ၀င်ခွင်ကျဖြစ်တဲ့ ၀မ်မင်ယီနဲ့အစားထိုးလိုက်ပြီ... ဒရာမာတစ်ခုပေါ်မူတည်ပြီး လူသစ်တိုင်းနေရာတစ်ခုကိုရောက်ဖို့မလွယ်ဘူး...၀မ်မင်ယီနာမည်ပိုကြီးလေ ရှန်ချန်ဇီကနောက်ကျကျန်ခဲ့လေပဲ။ အဲဒါကြောင့်သူ့ကိုယ်သူအတွက် မကျေနပ်တာ၊ ကျန်းဖန်ရှီအတွက်မဟုတ်ဘူး...
လက်ထောက်ငယ်လေးမှာ ဥာဏ်အလင်းပွင့်သွားတော့သည်။
"အဲဒါကြောင့် သူကရှုကောရှေ့မှာ ၀မ်မင်ယီမကောင်းကြောင်းပြောတာလား၊ ကောက ၀မ်မင်ယီကိုမုန်းအောင်လို့လေ..."
ရှူကျင်းကျဲကနှုတ်ခမ်းလေးအသာတွန့်လျက်...
"ငါကအဲလိုလူမျိုးလား..."
လက်ထောက်ငယ်လေးကခေါင်းခါလိုက်ပြန်သည်။
ရှုကျင်းကျဲမှာဖြတ်သွားသောဒါရိုက်တာအား ယဉ်ကျေးစွာနှုတ်ဆက်လိုက်ပြီးနောက် ပေါ့ပါးစွာဆက်ပြောလာခဲ့သည်။
"ဒါကြောင့် သူကအတွေးလွန်နေတာ..."
၀မ်မင်ယီ၊ ဒါရိုက်တာနှင့် ရိုက်ကူးးရေးအဖွဲ့သားတွေ အချင်းချင်းမိတ်ဆက်ပြီးသည့်နောက် ထိုင်ချကာအနားယူလိုက်တော့သည်။ သူက setအခြေအနေအကြောင်း စစ်ကျွင်းတောက်အားသတင်းပို့ရန်ပြင်နေစဉ် ချန်လုကသူ့အားဆွဲလာသည်။
"အမြန် ၊ ယန်ဖေးဖေးရောက်နေပြီ၊ သွားပြီးနှုတ်ဆက်လိုက်၊ မင်းတို့က ကုမ္ပဏီတူတူပဲဆိုတော့ ဖေးဖေးကမင်းအစ်မကြီးလိုပဲ သိလား"
၀မ်မင်ယီသေချာပေါက်နားလည်သည်ပင်။ သို့သော် အားလုံး၏ရှေ့တွင် ရှီကျဲလို့ခေါ်လျှင်လည်း ရွှေပေါင်ကိုဖက်ရန်ကြိုးစားနေသည်ကိုထင်ကြလိမ့်မည်။
ထို့ကြောင့် အားလုံးနည်းတူပင် ယန်ကျဲဟုသာခေါ်လိုက်သည်။
ယန်ဖေးဖေးရှူတင်မစခင်ကပင် မူကျိအန်းမှာ သူမအားစာပို့ထားခဲ့သည်။ သူ၏ညီငယ်လေးတစ်ဦးမှာ သူမနှင့်အတူရိုက်ကူးသွားမည်ဖြစ်ကြောင်း သူမအား ကောင်းကောင်းဂရုစိုက်ပေးရန်ဖြစ်သည်။
ယန်ဖေးဖေးမှာဤသတင်းကိုကြားလျှင် အနည်းငယ်အံ့သြသွားခဲ့သည်။
"ညီငယ်လေးဟုတ်လား... နင့်မှာညီငယ်လေးဘယ်တုန်းကရသွားတာလဲ..."
"ငါ့သူငယ်ချင်းရဲ့ညီငယ်လေးပါ၊ ငါ့ညီလေးနဲ့အတူတူပဲပေါ့..." မူကျိအန်းကစိတ်မရှည်စွာဆိုလိုက်သည်။
"ဘာပဲဖြစ်ဖြစ်သူ့ကိုသေချာဂရုစိုက်ပေးလိုက်ဦး၊ ဘယ်သူမှအနိုင်မကျင့်စေနဲ့..."
မူကျိအန်းမှာလည်း ကျောက်ယန်၏သွေးသောက်ညီအစ်ကိုလုံးလုံးပေမို့ သူကထိုသို့တောင်းဆိုလာတော့ ယန်ဖေးဖေးလည်းသဘာ၀ကျစွာသဘောတူလိုက်သည်ပင်။
ချန်လုက ယန်ဖေးဖေးနှင့် ၀မ်မင်ယီတို့ပျော်ရွှင်စွာပြောဆိုနေကြသည်ကိုမြင်မှ စိတ်သက်သာရာရစွာသက်ပြင်းချမိလေသည်။
၀မ်မင်ယီသည် မျက်နှာသစ်လေးဖြစ်ပြီး မျက်နှာသစ်လေးများမှာ ဖြော်ဖြေရေးလောကတွင် အနိုင်ကျင့်ခံရရန်အလွယ်ဆုံးပင်။ ကံကောင်းစွာဖြင့် ယန်ဖေးဖေးမှာ ၀မ်မင်ယီအားအတော်လေး သဘောကျပုံပေါ်သည်။ သို့ဆိုလျှင် တခြားသူများလည်း ၀မ်မင်ယီအပေါ်တစ်ခုခုမကြံစည်ခင် နှစ်ခါပြန်စဉ်းစားရလိမ့်မည်။
ကောင်းတယ် သိပ်ကောင်းတယ်။
လူများတဖွဲဖွဲရောက်ရှိလာကြပြီး ဖွင့်ပွဲအခမ်းအနားလည်း တရား၀င်စတင်တော့သည်။
"Pet Romance"၏ ဖိုရမ်ပေ့ခ်ျမှလည်း အခမ်းအနားမှပုံများ ကြေညာချက်များကို အချိန်နှင့်တပြေးညီတင်ပေးနေခဲ့သည်။ ဖန်များမှာလည်း ကောမန့်များကို တက်ညီလက်ညီထိန်းချုပ်ထားခဲ့ပြီး မိမိတို့အိုင်ဒေါမှာ မည်မျှပေါ်ပျူလာဖြစ်ကြောင်း ရိုက်ကူးရေးအဖွဲ့သားများမြင်သာအောင်ပြနေခဲ့သည်။
၀မ်မင်ယီသည်လည်း ဇာတ်ညွှန်း၏ပထမစာမျက်နှာပုံနှင့်တွဲလျက် "အလုပ်စပြီ" ဟူသောခေါင်းစဉ်နှင့် ပို့စ်ကိုတင်ခဲ့သည်။
သူ၏ဖန်များမှာချက်ချင်းပဲကောမန့်များအလုအယက်၀င်ရေးကြတော့သည်။
(မောင်ငယ်လေး၊ ကောင်းကောင်းလုပ်ပါ၊ အရမ်းကြီးစိတ်မဖိစီးနဲ့နော်၊ ကျဲကျဲတို့မင်းကိုယုံတယ်)
(မောင်ငယ်လေးကအကောင်းဆုံးပဲ)
(မောင်ငယ်လေးကဒီနေ့အရမ်းချောတာပဲ၊
မောင်ငယ်လေးရဲ့အလှကြောင့်ငိုနေရပြီ)
(ဘယ်လောက်တောင်လှလိုက်တဲ့ကောင်လေးလဲ ၊ နတ်သက်ကြွေလာတဲ့အတိုင်းပဲ၊ ငါ့ရဲ့နတ်သားလေး)
(ဝူး ဝူး ဝူး ၊ ငါ့မိသားစုမောင်မောင်လေးကတဖြည်းဖြည်းပိုပိုတော်လာလိုက်တာ၊ ခုတော့ငါစိတ်ချရပါပြီ)
ထိုကဲ့သို့ သက်တန့်ရောင်စုံနှယ်ကောမန့်လေးများကြားတွင်..
(သားရေ၊ ရာသီဥတုအေးတယ်၊ အောက်ခံဘောင်းဘီရှည်ရှည်၀တ်)ဟူသော အမေအိုကြီးနှယ်ကောမန့်ကြီးကလည်းထင်းနေခဲ့သည်။
၀မ်မင်ယီ"..."
၀မ်မင်ယီမှာသူ၏ဖက်ရှင်ကျကျဂျင်းကိုငုံ့ကြည့်လိုက်ပြီးနှာမှုတ်လိုက်သည်။ ဤဖက်ရှင်မင်းသားလေးမှာ အောက်ခံဘောင်းဘီရှည်ဆို၍ကြားပင်မကြားဖူးချေ။
ဘာအောက်ခံဘောင်းဘီရှည်လဲ၊ အဘိဓါန်ထဲမှာတောင်မရှိဘူး။
ဖွင့်ပွဲပြီးသည်နှင့် ရိုက်ကူးရေးအဖွဲ့သားများမှာ သရုပ်ဆောင်များနှင့်အတူ ညစာစားပွဲဆက်လုပ်ခဲ့သည်။
ယန်ဖေးဖေးမှာနှစ်လုပ်သာစားပြီး ဖုန်းကိုဖြေကာထွက်သွားခဲ့သည်။ လူသစ်တစ်ယောက်ပေမို့ ၀မ်မင်ယီမှာ ရှန်ချန်ဇီဘေးတွင် ရှစ်နာရီခွဲသည်အထိထိုင်နေခဲ့ရသည်။ ထို့နောက်သူ့တွင်မနက်စောစောကျောင်းကိစ္စရှိသေးသည်ဟုအကြောင်းပြချက်ဖြင့် စားပွဲမှထလာခဲ့လိုက်သည်။
ရှန်ချန်ဇီမှာသူထသွားသည်နှင့်ဖြည်းညင်းစွာပြောလာသည်။
"ရှောင်၀မ်က အလုပ်များတဲ့သူလို့မထင်ထားဘူး..."
"လူငယ်လေ..."
ဒါရိုက်တာက ပြုံးလျက်ဆိုလိုက်သည်။
"ရှောင်၀မ်ကတက္ကသိုလ်တက်တုန်းပဲရှိသေးတယ်..."
"သူကဘွဲ့တောင်မရသေးပဲ သရုပ်ဆောင်၀င်လုပ်တာလား...."
ရှန်ချန်ဇီကတမင်ပြောလိုက်သည်။
"အိုင်း.. ဒီခေတ်လူငယ်တွေကဒီလိုပါပဲ၊ သူတို့ကအမြန်အောင်မြင်ချင်တော့ ဘွဲ့မရသေးခင်ကတည်းက ၀င်သရုပ်ဆောင်ကြတာပဲ..."
"တကယ်စောလွန်းသေးတယ်..." ရှန်ချန်ဇီကမသိချင်ယောင်ဆောင်လျက်မှတ်ချက်ပြုလိုက်သည်။
"အဲလိုကျတော့ပရော်ဖက်ရှင်နယ်ကျကျအလုပ်ကိုလုပ်တာနဲ့မတူတော့ဘူးလေ၊ နည်းနည်းတော့များတယ်၊ ဘွဲ့ရပြီးမှသရုပ်ဆောင်တော့ရောဘာဖြစ်လို့လဲ..."
"ရှန်ကောနားမလည်ပါဘူး..." ဒုတိယဇာတ်လိုက်မနေရာ သရုပ်ဆောင်သော သိုက်ကျားရင်က၀င်ပြောလာခဲ့သည်။
"သူကဒီနှစ်ထဲတွင် ပြိုင်ပွဲတစ်ခုမှာပါထားတာ၊ ဘွဲ့ရပြီးမှသရုပ်ဆောင်ရင် သူ့ကိုဘယ်သူမှတ်မိတော့မှာလဲ၊ သူနာမည်လေးရှိတုန်း အမြန်သရုပ်ဆောင်လိုက်တာ အဆင်ပြေလို့နေမှာပေါ့..."
ရှန်ချန်ဇီလည်းခေါင်းညိတ်လိုက်ကာ
"အမှန်ပဲ၊ အရည်အချင်းထက် နာမည်ကြီးမကြီးက ပိုအရေးပါနေတာကိုး"
ဒါရိုက်တာမှာဤသည်ကိုကြားလျှင်မျက်မှောင်ကြုတ်မိလေသည်။ သူက ၀မ်မင်ယီမှာ နာမည်ကြီးချင်၍၀င်သရုပ်ဆောင်သော်လည်း ရိုက်ကူးရေးတွင် ပြသနာတွေကြုံရမှာ စိုးရိမ်လာမိသည်။
ရှုကျင်းကျဲက ရှန်ချန်ဇီကိုကြည့်လိုက်သော်လည်း ဘာမှမပြောချေ။.
စားပွဲရှိလူများမှာ ဤကိစ္စအားသူတို့၏နှလုံးသားထဲတွင်သာတိတ်တဆိတ်ဝေဖန်နေကြတော့သည်။
၀မ်မင်ယီထွက်လာလာခြင်းတွင် စစ်ကျွင်းတောက်ထံမှဖုန်း၀င်လာခဲ့သည်။
"ပြီးပြီလား..."
"ပြီးပြီ...ညစာခုပဲစားပြီးတာ၊ ဒီနေ့ကဖွင့်ပွဲလောက်ပဲ၊
တကယ့်ရိုက်ကူးရေးကနက်ဖြန်မှစမှာ..."
"သိပြီ၊ ဒါဆိုထွက်ခဲ့တော့၊ ကိုယ်ဟိုတယ်၀င်ပေါက်မှာစောင့်နေတယ်..."
၀မ်မင်ယီ"...."
၀မ်မင်ယီရှုပ်ထွေးစွာဖြင့်ဟိုတယ်မှထွက်လာခဲ့သည်။
သူနှင့်ရင်းနှီးနေသောကားမှာအမှန်တကယ်ကို ထိုနေရာတွင်ရပ်လျက်သား။
သူကအမြန်လျှောက်သွားလိုက်ပြီး တံခါးကိုဖွင့်လိုက်ကာ အံ့သြတကြီးပြောလိုက်သည်။
"ဒီကိုဘယ်လိုရောက်နေတာလဲ..."