အပိုင်း ၃၁
Viewers 14k

‘’ ငါ မလာဘူးဆိုရင် ကိုးနာရီထိုးတာနဲ့ မင်းဘာလုပ်မှာလဲ….’’
စစ်ကျွင်းတောက် သူ့ကိုမေးလိုက်သည်။
နည်းလမ်းကို စဉ်းစားထားပြီးဖြစ်သည့် ဝမ်မင်ယီက...
‘’ အဲ့အချိန် ကျွန်တော်အိပ်ပျော်နေပြီလို့ ပြောထားတယ်လေ… ပြီးတော့ တံခါးကိုလဲ သော့ခတ်ထားဉီးမှာဆိုတော့ ဘယ်သူမှ ဝင်လာလို့မရတော့ဘူး...’’
‘’ဒါဆို တစ်ယောက်ယောက်က မင်းကို ခေါ်နေမယ်ဆိုရင်ကော...’’
‘’ကျွန်တော်ကအိပ်ပျော်နေပြီလေ.. အဲ့ဒါကြောင့် တခြားတစ်ယောက်ယောက်က ဖုန်းခေါ်မယ်ဆိုရင် သိမှာ မဟုတ်တော့ဘူး...’’
‘’ဒါဆို ငါစိတ်ပူစရာမရှိတော့ဘူးပေါ့နော်...’’
စစ်ကျွင်းတောက် ဖြေးငြင်းစွာဖြင့် ပြောလိုက်သည်။
ဝမ်ယီမင် ပြုံးလျက်ပင် သူ့ပုခုံးထက်သို့မီကာ...
‘’ ကောကော က ကျွန်တော့်ကို စိတ်ပူနေတာလား…’’
‘’ ကျားခံတွင်းထဲ နောက်တစ်ကြိမ် မင်းထပ်ဝင်သွားမှာကို ငါ စိတ်ပူတယ်...’’
ပြောပြီးသည်နှင့် တပြိုင်နက် ခွေးရောင်သူရဲ့ ထောင်ချောက်တွင်းမှာ ပိတ်မိခဲ့သည့်အဖြစ်အပျက်ကို တွေးလိုက်မိပြီး ‘’ အိုး… အဲ့ဒါတွေက အတိတ်ကအရာတွေပါ… ထပ်ဖြစ်မှာ မဟုတ်တော့ဘူး’’
‘’ဟုတ်လား...’’
ဝမ်မင်ယီ ခေါင်းငြိမ့်လိုက်ရင်း ‘’ဒါပေမယ့် ကောကော ဒီကိုရောက်လာလို့ ကျွန်တော်ပျော်နေသေးတယ် … ဒါမှမဟုတ် တခြားဟိုတယ်မှာ ဆက်နေကြဦးမလား..’’
‘’တခြားဟိုတယ်…ဒါဆို မင်းက ငါ့ကို အဲ့ခေါ်သွားမလို့လား…’’
‘’မခေါ်ပါဘူး...’’
‘’ဟုတ်ပါပြီ’’
ဝမ်မင်ယီထံတွင် ငြင်းဆိုချက်မရှိပေ။ သူ ချန်လုထံသို့ wechat မှတဆင့်ပို့လိုက်သည်။
‘’ကျွန်တော် အစ်မချန်ကိုပြောလိုက်ဦးမယ်…ဒါမှ ကျွန်တော်ပြန်မလာဘူးဆိုပြီး သူ စိတ်မပူရမှာ...’’
‘’အင်း..’’
စစ်ကျွင်းတောက်ပြောလိုက်သည်။
ဝမ်မင်ယီ ကားပေါ်မှဆင်းလာသော အခါတွင် သူသည် လိမ္မော်ရောင်ကြောင်လေးတစ်ကောင် အဖြစ်ပြောင်းလဲသွားပြီဖြစ်သည်။ သူသည် စစ်ကျွင်းတောက်၏ လက်မောင်းကြားထဲတွင်လဲလျောင်းနေပြီး လက်နှစ်ချောင်းကိုခေါင်းပေါ်တင်ထားသည်မှာ ကီးဘုတ်ပေါ်တွင်လက်တင်ထားသကဲ့သို့ဖြစ်နေသည်။
အကယ်၍ သူ့မှာသာ ကီးဘုတ်ရှိမည်ဆိုလျင် ကြောင်တစ်ကောင် သို့မဟုတ် ခွေးတစ်ကောင်ဖြစ်နေလျင်တောင် တခြားသူများဆီသို့ tweets နိုင်မည်မဟုတ်ပါလား…
ထိုအတွေးသည် အလွန်ကောင်းမွန်သည်ဟု ဝမ်မင်ယီ တွေးလိုက်မိပြီး ဟိုတယ်သို့ရောက်သည်နှင့် တပြိုင်နက် စစ်ကျွင်းတောက်၏ လက်မောင်းများကြားမှ ခုန်ထွက်ကာ ကြမ်းပြင်ပေါ်တွင် စာရေးပြလိုက်သည်။
တချက်ချင်းစီ ရေးပြနေသည့်သူ့ကို စစ်ကျွင်းတောက်က ကြည့်ရင်း...
‘’ မင်း ကီးဘုတ်လိုချင်လို့လား...’’
ဝမ်မင်ယီ ခေါင်းငြိမ့်ပြလိုက်ပြီး သူလိုချင်သည်များကို ဆက်ရေးပြနေလိုက်သည်။ သူ စာရေးပြီးသောအချိန်တွင် စစ်ကျွင်းတောက်ကို မျှော်လင့်ချက်ပြည့်ဝနေသော မျက်နှာလေးနှင့် ကြည့်လိုက်သည်။
သူ့တောင်းဆိုချက်များကို အမြဲတုန့်ပြန်ပေးခဲ့သော စစ်ကျွင်းတောက်က ဝမ်မင်ယီ ခေါင်းလေးကို ကိုင်ရင်း သဘောတူကြောင်း ပြောရုံသာတတ်နိုင်လေသည်။
‘’ ဟုတ်ပါပြီ ‘’
ဝမ်မင်ယီ အားပါးတရပြုံးလိုက်ပြီး စစ်ကျွင်းတောက် ကို သူ၏ပန်းရောင်လက်ချောင်းလေးများဖြင့် တို့ထိလိုက်သည်။
ပန်းရောင်နှာတံလေး၏ ထိတွေ့ခြင်းကိုခံလိုက်ရသည့် စစ်ကျွင်းတောက်သည် ထိုကောင်လေးကို ရေချိုးခန်းထဲသို့ချီသွားပြီး ရေချိုးရန်ကူညီပေးလိုက်သည်။ ထို့နောက် သူသည် စားပွဲပေါ်တွင် ဘောပင်နှင့် စာရွက်များကို စီစဉ်ထားပေးလိုက်သည်။
ဝမ်မင်ယီ စိတ်အားထက်သန်စွာဖြင့် ပုံဆွဲနေသည်ကို အိပ်ယာမဝင်ခင်အထိ စောင့်ကြည့်နေလိုက်သည်။
နောက်တနေ့မနက် ၈ နာရီခွဲအချိန်တွင် သူ့ခေါင်းအုံးအောက်ရှိ ဝမ်မင်ယီ၏ဖုန်းမြည်သံကြောင့် စစ်ကျွင်းတောက်နိုးလာသည်။
သူ ဒီအတိုင်းပင် ဖုန်းကိုကောက်ကိုင်လိုက်ချိန် စခရင်ပေါ်တွင် အစ်မချန် ဟူသောအမည်ကို တွေ့လိုက်ရသည်။
စစ်ကျွင်းတောက် ‘’ ဟယ်လို …’’
ချန်လု အံ့ဩသွားပြီး ဖုန်းပေါ်မှ အမည်ကို နောက်တကြိမ်ဖတ်လိုက်မိသည်။ ဝမ်မင်ယီ နာမည်ပါပဲ…
သူမ မရေမရာဖြင့်မေးလိုက်သည် ‘’ ဝမ်မင်ယီ လား…’’
‘’ကျွန်တော် စစ်ကျွင်းတောက်ပါ...’’
စစ်ကျွင်းတောက် ဖုန်းပြောရင်းဖြင့် ဧည့်ခန်းထဲသို့ လမ်းလျောက်သွားသည်။
‘’ မင်မင် ကအိပ်နေတုန်းပဲ… သူနိုးလာရင် ကျွန်တော်ကိုယ်တိုင် လာပို့ပေးပါ့မယ်...’’
ကြားလိုက်ရသည့် အချက်အလက်များကြောင့် ချန်လု အထိတ်တလန့်ဖြစ်သွားသည်။ သို့သော်လည်း သူမသည် ဝမ်ယီမင်နှင့်မတွေ့ခင်ကတည်းကပင် စစ်ကျွင်းတောက်နှင့်တွေ့ဆုံပြီးဖြစ်သည့်အပြင့် ဝမ်မင်ယီ၏ ဆက်ဆံရေးသည် သာမန်မဟုတ်သည်ကို နားလည်ပြီးဖြစ်သည်။ ထို့အပြင့် ညဘက်များတွင် ဝမ်မင်ယီသည် စစ်ကျွင်းတောက်နေရာသို့ သွားနေတတ်သည်ကို သူမ သိထားလေသည်။
ထို့ကြောင့် အစပိုင်းတွင် သူမတုန်လှုပ်သွားသော်လည်း ချက်ချင်းပင် ပြန်တည်ငြိမ်သွားကာပြောလိုက်သည်။
‘’ ကောင်းပါပြီ… မစ္စတာစစ် ကို အနှောက်အယှက်ပေးရတော့မှာပဲ...’’
‘’ရပါတယ်’’
စစ်ကျွင်းတောက် ပြောပြီးသည်နှင့် ဖုန်းကိုတန်းချလိုက်သည်။
ကိုးနာရီထိုးချိန်၌ ဝမ်မင်ယီသည် လူသားတဖန်ပြန်ဖြစ်သွားပြီဖြစ်ရာ စစ်ကျွင်းတောက်မှာ သူ့အားအိပ်ယာထဲမှ နှိုးလိုက်ပြီး ရုပ်ရှင်ရိုက်ကူးရာသို့ ပို့ပေးလိုက်သည်။
ကားပေါ်မှ မဆင်းခင်အချိန်တွင် ဝမ်မင်ယီမှ မေးလိုက်သည်။
‘’ မနေ့ညက ဟိုတယ်မှာပဲနေဉီးမှာလား…’’
‘’အင်း…’’
‘’ကောကောက အဲ့မှာ ကျွန်တော်နဲ့အတူတူ မနေချင်ဘူးမဟုတ်လား…’’
စစ်ကျွင်းတောက် သူ့ကိုကြည့်လိုက်ပြီး...
‘’ မဟုတ်ပါဘူး...’’
ဝမ်မင်ယီတစ်ယောက် မလိုအပ်ဘူးလို့ ခံစားလိုက်ရပြီး
‘’ ဒါဆို မနက်ပိုင်းအလုပ်နောက်ကျနေဦးမယ်..’’
‘’ဘောစ့်ကိုယ်တိုင်နောက်ကျတာကို ဘယ်သူက အပြစ်တင်ရဲမှာလဲ…’’
ဝမ်မင်ယီ ‘’ …. ‘’သူ့အစ်ကို ဟာသပြောနေတာက ကြောက်စရာကြီး...
‘’ဒါဆို ရိုက်ကူးရေးပြီးရင် ကျွန်တော် ကော ဆီလာခဲ့မယ်လေ...’’
‘’အိုကေ’’
‘’ဘိုင်ဘိုင့်…’’ ဝမ်မင်ယီပြောရင်း ကားပေါ်မှ ဆင်းသွားသည်။
စစ်ကျွင်းတောက် သူ့ကို ကားပေါ်မှ ခဏလောက်လှမ်းကြည့်နေလိုက်သည်။ ထို့နောက် ကားကိုခေါင်းလှည့်ကာ ကုမ္ပဏီဆီသို့ ဦးတည်လိုက်သည်။ ရုံးသို့ရောက်သည်နှင့် မနေ့ညက သူဆွဲထားသည့် ကီးဘုတ်ပုံကို လင်းမူဆီသို့ပေးလိုက်ပြီး ‘’ သီးသန့်ကီးဘုတ်တစ်ခုလုပ်လိုက်… ငါဆွဲထားတဲ့အတိုင်း အသေးစိတ်သေချာလုပ်ပေး… ပြီးတော့ အကောင်းဆုံး အရည်အသွေးရှိတဲ့ ပစ္စည်းကိုပဲသုံးပေး’’
လင်းမူ စိတ်ရှုပ်သွားသော်လည်း သူမ ခေါင်းသာငြိမ့်ပြလိုက်သည်
‘’ ဟုတ်ကဲ့.’’
သူမ ပုံကိုကြည့်လိုက်ပြီးနောက်...
‘’ မစ္စတာစစ်… ကျွန်မပြောရမယ်ဆိုရင် ကီးဘုတ်ခလုတ်တွေက အရမ်းကြီးမနေဘူးလား...’’
‘’မကြီးပါဘူး...’’
စစ်ကျွင်းတောက် တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။
‘’ မင်းတာဝန်က အဲ့ဒါကို လုပ်လိုက်ရုံပဲလေ...’’
လင်းမူ သဘောတူရုံသာတတ်နိုင်ပြီး စိတ်ထဲမှ တွေးလိုက်မိသည်။ ‘ ဒီလောက်ကြီးတဲ့ခလုတ်တွေနဲ့ ဘယ်သူသုံးမှာမို့လို့လဲ… မတရားကြီးတဲ့ လက်တွေရှိနေလို့ပဲဖြစ်ရမယ်’
ဝမ်မင်ယီရောက်ရောက်ချင်းပင် ချန်လုမှ သူ့ကိုကြိုဆိုလိုက်သည်။ မူလအဝတ်ပဲဝတ်ထားသေးသည့်အတွက် အလုပ်များနေသည့်ကြားမှပင်သတိပေးလိုက်သည်။
‘’မင်းအကျီသွားလဲလိုက်ဦး… မင်းရိုက်ရမယ့် အခန်းက ခဏနေစတော့မှာ...’’
ဝမ်မင်ယီ ဇာတ်ဝင်ခန်းအကျီလဲရန် အဝတ်အစား ဒီဇိုင်နာနောက်မှ လိုက်သွားလိုက်သည်။ ထို့နောက် မိတ်ကပ်ပြင်ဆင်ရန်နှင့် စတိုင်အတွက် မိတ်ကပ်ပညာရှင် ရှန့်ချန်ဇီကို စောင့်လိုက်သည်။
‘’မင်းမှာ အရမ်းကောင်းတဲ့ အသားအရေရှိတာပဲ...’’
မိတ်ကပ်ပညာရှင်က ပြောလိုက်သည်။
‘’ ဒီလိုအသားအရေနဲ့ဆိုရင် ပေါင်ဒါထပ်ရိုက်ဖို့တောင် မလိုတော့ဘူး...’’
ဝမ်မင်ယီ အပြုံးလေးဖြင့် ချိုသာစွာပြောလိုက်သည်။
‘’ အစ်မရဲ့ အသားအရေကလဲ ကောင်းတာပဲကို...’’
‘’မဟုတ်တာ..’’ မိတ်ကပ်ပညာရှင်က မျက်ခုံးမွေးဆွဲရင်းဖြင့် ပြောလိုက်သည်။
‘’ ဒါတွေက အစ်မ မိတ်ကပ်ပြင်ပြီး ပေါင်ဒါတွေနဲ့ ဖုံးထားလို့သာ လှနေတာ...’’
‘’အဲ့ဒါ ကြည့်ကောင်းပါတယ်...’’
မိတ်ကပ်ပညာရှင်မှာ ဝမ်မင်ယီ၏ အပြောချိုချိုလေးနှင့် ကြည့်ကောင်းသည့်မျက်နှာလေးကြောင့် သူမ၏ ပညာရပ်ကို သေသေချာချာ ပိုအသုံးချပေးလိုက်သည်။ ထို့နောက် မိတ်ကပ်ပြင်ပြီးချိန်မှာတော့ ချန်လုတစ်ယောက် အံ့ဩသွားခဲ့ရသည်။
‘ဒါက အရမ်းတောက်ပပြီး ဖြူစင်လွန်းနေတယ်...’
ကုမ္ပဏီ စီအီးအို မစ်စတာချန် ကဝမ်းသာအားရဖြင့်ချီးကျူးစကားဆိုလိုက်သည်။
‘’ ငါ့ကုမ္ပဏီက ဈေးကွက်ထဲမှာ အကောင်းဆုံးလုပ်နေတာမြင်ရတော့ ဝမ်းသာမိတယ်...’’
ကားဘေးနားတွင် အေးဂျင့်နှင့်စကားပြောရင်း ရပ်နေသော ယန်ဖေးဖေးလည်း ဝမ်မင်ယီကို အပေါ်အောက်သေချာကြည့်ပြီး အပြုံးလေးဖြင့်ပြောလာလေသည်။ ‘
’ မဆိုးဘူး ဝမ်လေး… အရမ်းခန့်နေတယ်...’’
‘’မစ်ယန်က ပိုလှတာပါ...’’
ဝမ်မင်ယီ ယဉ်ကျေးစွာဖြင့် ပြောလိုက်သည်။
သူတို့ စကားဝိုင်းအလယ်တွင် တာဝန်ကျဝန်ထမ်းတစ်ယောက်က ကြောင်စုတ်ဖွားတစ်ကောင် လိမ္မော်ရောင်ကြောင်တစ်ကောင်နှင့် ကော်ဂီခွေးလေးတစ်ကောင်ကို ခေါ်လာလေသည်။ ထို့နောက် သူတို့အားလုံးကို ယန်ဖေးဖေးနားတွင်ချထားပြီး...
‘’ အစ်မယန်… ဒီအကောင်လေးတွေက ဒရမ်မာအတွက်ပါ … ရိုက်ကူးရေးမစခင် သူတို့နဲ့ ရင်းနှီးအောင် အရင်နေထားရင် ပိုအဆင်ပြေပါလိမ့်မယ်...’’
ယန်ဖေးဖေး ခေါင်းငြိမ့်ပြလိုက်သည်။
‘’ အိုကေ ‘’
သူက ခေါင်းကိုငုံ့ပြီး မြေပေါ်က ကြောင်လေးကိုလက်နဲ့ထိဖို့ကြိုးစားလိုက်သည်။ သို့သော်လည်း ကြောင်လေးသည် သူမလက်ကို သတိမမူစွာဖြင့် ရှောင်လိုက်ပြီး ဝမ်မင်ယီ ဘက်သို့မှီချလိုက်သည်။
လိမ္မော်ရောင်ကြောင်လေးက သူ့နှာခေါင်းလေးကိုရှုံ့လိုက်ရင်း ဝမ်မင်ယီဘက်သို့ကြည့်ကာ အံ့အားသင့်စွာဖြင့် ပြောလိုက်သည်။
‘’ ကြောင်တစ်ကောင်ရဲ့ အနံ့ရနေတယ်’’
သို့သော်လည်း ရှုပ်ထွေးစွာဖြင့် ဝမ်မင်ယီကိုကြည့်လိုက်ပြီး...
‘’ ဒါက ကြောင်မဟုတ်ပါဘူး...’’
ကြောင်စုတ်ဖွားလေးကလဲ ပူးပေါင်းပြီး တုန့်ပြန်လိုက်သည်။ ‘’အင်း…’’
ဝမ်မင်ယီ ‘’ … ‘’
ဝမ်မင်ယီ နှုတ်ဆိတ်နေလိုက်သည်။
သို့သော်လည်း ထိုကြောင်လေးနှစ်ကောင်မှာ သူ့ခြေထောက်နားတွင် လှည့်ပတ်သွားလာနေပြီး ဝမ်မင်ယီ၏ ကိုယ်သင်းနံ့ကို ခွေးလေးကအနံ့ခံလိုက်ရင်း လိမ္မော်ရောင်ကြောင်လေးကိုပြောလိုက်သည်မှာ
‘’ဒါက ခွေးတစ်ကောင်အနံ့ပဲ’’
‘’ ကြောင်အနံ့ပါဟ’’
‘’ခွေးအနံ့ပါ’’
ခွေးတစ်ကောင်နှင့် ကြောင်တစ်ကောင် အနံ့ခံရင်း စကားများနေကြစဉ် ကြောင်စုတ်ဖွားလေးမှာ အလယ်မှနေ၍ တားဆီးလိုက်သည်။
‘’ တော်ကြ… တော်ကြတော့… ရပ်လိုက်ကြစမ်း…’’
သို့သော်လည်း လိမ္မော်ရောင်ကြောင်နှင့် ကော်ဂီခွေးလေးမှာ သူ့စကားကို နားမထောင်ကြပေ။
ဝမ်မင်ယီ ကောင်းကင်သို့ အကူအညီမဲ့စွာဖြင့် လှမ်းကြည့်လိုက်ရင်း တွေးလိုက်မိသည်။
‘ငါက ခွေးတစ်ကောင် ကြောင်တစ်ကောင် မဟုတ်ရပါဘူးကွာ… ငါက လူတစ်ယောက်ပါနော်’
သူကိုယ်ကိုကိုင်းလိုက်ပြီး လိမ္မော်ရောင်ကြောင်လေးနှင့် ကော်ဂီခွေးလေးကို တဖက်စီချီလိုက်ရင်း...
‘’ တော်ကြတော့… လိမ်လိမ်မာမာနေကြ…’’
ထိုကဲ့သို့ ၃ ကြိမ်ခန့်ပြောပြီးနောက် လိမ္မော်ရောင်ကြောင်လေးနှင့် ကော်ဂီခွေးလေးမှာ သူပြောတာကို နားလည်သွားပြီး သူ့ကို မေးခွန်းပြန်ထုတ်လာသည်။
‘’မင်းက ခွေးလား ကြောင်လား…’’
ဝမ်မင်ယီ ‘ ငါက လူသားပါဟ… ခြေနှစ်ချောင်းနဲ့လူသားပါ’
သူ စိတ်ရှည်စွာဖြင့် လိမ္မော်ရောင်ကြောင်လေးနှင့် ကော်ဂီခွေးလေးကို သင့်မြတ်အောင်လုပ်ပေးလိုက်သည်။
ယန်ဖေးဖေးသည် သူ့ကိုကြည့်ရင်းစကားဆိုလိုက်သည်။
‘’ မင်းက တိရိစ္ဆာန်လေးတွေနဲ့ အတော်ရင်းနှီးလွယ်တာပဲ… ဒီခွေးနဲ့ ကြောင်လေးက မင်းကို တော်တော်လေး သဘောကျပုံပဲနော်...’’
ဝမ်မင်ယီ ‘….. ‘
ဝမ်မင်ယီ အပြုံးလေးသာပြုံးပြနိုင်တော့တယ်။
‘သူတို့က သူ့ကိုသဘောမကျပါဘူးနော်’
ထို့နောက် ခွေးနှင့်ကြောင်လေးကို ယန်ဖေးဖေးနားတွင် ပြန်ချထားကာ ကားဆီသို့ပြန်သွားလိုက်သည်။
ယန်ဖေးဖေး ကိုယ်ကိုကိုင်းကာ အကောင်လေးတွေကို နေရာတကျပြန်ထားလိုက်သည်။
ယန်ဖေးဖေးကဲ့သို့ပင် ရှန့်ချန်ဇီထံတွင်လည်း ကိုယ်ပိုင်တိရိစ္ဆာန်လေးတစ်ကောင် လက်ခံရရှိသည်။ သူ၏ချစ်စရာတိရိစ္ဆာန်လေးမှာ မျက်ဝန်းပြာကြောင်လေးတစ်ကောင်ဖြစ်ပြီး မူခိုင် ကိုယ်တိုင် သေသေချာချာ ရွေးဝယ်ထားသောကြောင်ဖြစ်သည်။
‘’ဒီကြောင်က အရမ်းရုပ်ဆိုးတာပဲ … တခြားကြောင်တစ်ကောင်နဲ့ လဲပေးလို့မရဘူးလား…’’
ဝန်ထမ်းမှာ ရွေးချယ်စရာမရှိပဲပြောလိုက်ရတော့သည်။
‘’ ဒါက မကောင်းပါဘူး… စာအုပ်ထဲမှာက မျက်ဝန်းပြာအကြောင်အကြောင်း ရေးထားတာဆိုတော့ ပြောင်းလိုက်မယ်ဆိုရင် ပရိတ်သတ်တွေက မကျေမနပ်ဖြစ်သွားလိမ့်မယ်...’’
ဝန်ထမ်းထွက်ခွာသွားသည်နှင့် တပြိုင်နက် ကြောင်လေးမှာ မြေပေါ်သို့ချထားခြင်း ခံလိုက်ရသည်။
‘’အဲ့ဒါက ကင်မရာထဲမှာလဲ ရုပ်ဆိုးနေတုန်းပဲ...’’
ရှန့်ချန်ဇီ၏ လက်ထောက်မှာ အကြံပေးရုံသာ တတ်နိုင်တော့သည်။
‘’ ရပါတယ် အကိုရှန့်ရယ်… အကို ရိုက်ကူးရေး ရိုက်တဲ့အခါကျရင် ဒီအတိုင်းပဲ ဖက်ထားလိုက်ပေါ့… အဲ့ဒါကို သိပ်ပြီးဂရုစိုက်စရာမလိုပါဘူး’’
‘’ဟုတ်တာပေါ့ ငါက ၁၈ လိုင်းမှမဟုတ်တာ… ဒီကြောင်တွေကို အဲ့လောက်လဲ ဂရုစိုက်စရာမလိုပါဘူး...’’
ရှန့်ချန်ဇီ ပြောရင်းနှင့်ပင် ကားထဲသို့ဝင်သွားလိုက်သည်။
‘’ မင်း အဲ့ဒါကို ငါ့အစားကြည့်ထားလိုက် … ငါ ကားထဲမှာ ခဏလောက် အနားယူလိုက်ဦးမယ်…ဝင်မလာနဲ့နော်…’’
ရှန့်ချန်ဇီ ကားဘေးမှ ဝမ်မင်ယီ ဖြတ်လျောက်သွားစဉ် လက်ထောက်လေး ဂိမ်းကစားနေသည်ကို တွေ့လိုက်ရသည်။ ထို့နောက် ပိန်လှီနေသည့်မျက်ဝန်းပြာကြောင်လေးသည် လက်ထောက်လေး၏ ခြေထောက်နားတွင် ငိုကြွေးကာ အော်ဟစ်နေသည်။
‘’ငါ ဗိုက်ဆာတယ်… ငါ ဗိုက်ဆာနေပြီ’’
သို့သော်လည်း လက်ထောက်လေးမှာ ထိုမျက်ဝန်းပြာကြောင်လေးကို ဂရုမစိုက်ချေ။
မျက်ဝန်းပြာကြောင်လေးမှာ လက်ထောက်ခြေထောက်ကို ပွတ်သပ်ကာ သူ့အား အစာကျွေးရန် တောင်းဆိုနေသည်။ သို့သော်လည်း ဂိမ်းဆော့နေသည့် လက်ထောက်လေးသည် သူ့ကိုမကြည့်ဘဲ ဘေးသို့ကန်ထုတ်လိုက်သည်။
‘’ဟိုဘက်သွားစမ်း … ဘာတွေလာအော်နေတာလဲ…’’
မျက်ဝန်းပြာကြောင်လေးမှာ သိပ်မဝေးသောနေရာသို့ ရွေ့သွားပြီး လက်ထောက်နားသို့လဲ မကပ်ရဲဘဲ ခေါင်းလေးကိုငုံ့ကာ အကန်ခံလိုက်ရသည့်နေရာလေးကို လျာဖြင့်လျက်လိုက်ရင်း ကိုယ့်ကိုကိုယ် တိုးတိုးလေး နှစ်သိမ့်နေလေသည်။
‘’ မနာပါဘူး… အဲ့လောက်မနာဘူးနော်… ဝူး… ဝူး… ဝူး…’’
ထိုမြင်ကွင်းကိုကြည့်ရင်း ဝမ်မင်ယီ ခေါင်းအနည်းငယ်ကိုက်လာသည်။
ထို့နောက်....
ရှန့်ချန်ဇီ လက်ထောက်၏ ဖုန်းမှာမြေပေါ်သို့ကျသွားသည့်အတွက် စိတ်ဆိုးသွားကာ ငေါက်ငမ်းလိုက်သည်။
‘’မင်းဘာလုပ်တာလဲကွ… လမ်းကောင်းကောင်း မသွားတတ်ဘူးလား’’
ဝမ်မင်ယီ လက်ထောက်ကို ကြည့်လိုက်ပြီး အလုပ်များသည့် လေသံဖြင့်...
‘’ တောင်းပန်ပါတယ်ဗျာ… ဒါရိုက်တာက ကျွန်တော့်ကိုခေါ်နေတယ်ပြောလိုက် အလောတကြီးလျောက်လိုက်မိတာ မရည်ရွယ်ပဲ ခင်များကို တိုက်မိသွားတယ်...’’
‘’နောက်တစ်ခါ သတိထား...’’
ရှန့်ချန်ဇီလက်ထောက်သည် ဒေါသဖြင့် ပြောလိုက်ပြီး ဖုန်းကို ငုံ့ကောက်လိုက်သည်။
ထိုအချိန်တွင် ကားထဲမှ ရှန့်ချန်ဇီ၏ အပြစ်တင်သော အသံထွက်ပေါ်လာသည်။
‘’သူ မင်းရဲ့ဖုန်းကို တမင်တိုက်ချလိုက်တာပဲ..."
လက်ထောက်လေးမှာ ထိုစကားလုံးများကြောင့် မသိလိုက်ဘာသာပင် အေးခဲသွားသည်။
ရှန့်ချန်ဇီ ကားပေါ်မှဆင်းလာရင်း ရှုံ့ချသည့်လေသံဖြင့်...
‘’ ကိုယ်ဘယ်သွားမလဲဆိုတာကို ကြည့်မသွားတတ်ဘူးလား… မင်းတစ်ယောက်ယောက်နဲ့တိုက်မိလို့ တဖက်သူရဲ့ဖုန်းပြုတ်ကျသွားမယ်ဆိုရင် ပြန်ကောက်မပေးတတ်ဘူးလား… ကျောင်းသွားရမယ့် အရွယ်မဟုတ်ရင်တောင် … တက်ခဲ့ဖူးတဲ့အတွေ့အကြုံနှစ်တွေအရ အခြေခံအမူအကျင့်လောက်တော့ မင်းသိသင့်တယ်မဟုတ်လား…’’
ရှန့်ချန်ဇီ လက်နှစ်ဖက်ကိုဘောင်းဘီအိတ်ထဲထည့်လိုက်ရင်း အထင်မြင်သေးကာ ရှုံ့ချသည့်အကြည့်များဖြင့် ဝမ်မင်ယီကို ကြည့်လိုက်ပြီး...
‘’ ဒါမှမဟုတ်… ဒီလို အခြေခံအသိတရားလောက်ကိုတောင် မသင်ခဲ့ရတာများလား…’’