အခန်း ၅၈၀
မာလာကြက်ခြေထောက် မဟုတ်ဘူးလား...
"အစားကြူးတောင်ကြား အဲ့ဒါက ဘာလဲ..."
ပုဖန် စကားပြောလိုက်သည့်အချိန်၌ သူ့၏ အမူအရာက အလွန်ပင်တည်ငြိမ်နေသည်။အဘယ့်ကြောင့်ဆိုသော် သူ ထိုအစားကြူးတောင်ကြားဟူသည့် အရာကို ဘာမှန်းသူမသိကြောင်း သေချာပေသည်။
အစားကြူးဆိုသည့် အကြောင်းကိုတော့ သူသိပေသည်။ဒါက အစားအစာများကို လောဘတကြီး စားတက်သည့် အစားသရဲများပင်ဖြစ်သည်။
"ဒါပေမယ့်လည်း အဲ့ဒါက ဘာဖြစ်လဲ သူ ချက်ပြုတ်နိုင်တော့ အဲ့ဒါနဲ့များ ဆက်စပ်နေလို့လား..."
ပုဖန်၏ စကားကြောင့် ကြီးမြတ်သောဓားအာဏာရှင်ပင် ခဏမျှ မှင်သက်နေမိသည်။အဘယ့်ကြောင့်ဆိုသော် ပထမဦးဆုံးအနေဖြင့် အစားကြူးတောင်ကြားအကြောင်း မသိသည့် စားဖိုမှူးတစ်ယောက်ကို တွေ့ဖူးခြင်းဖြစ်၏။
သာမန်အခြေအနေအရ ပြောမယ်ဆိုလျှင် အစားကြူးတောင်ကြားက စားဖိုမှူးများ၏ နှလုံးသားထဲမှ မြင့်မြတ်သော နယ်မြေတစ်ခုပင်ဖြစ်လေသည်။
"ဘယ်လိုဖြစ်ပြီး အချက်အပြုတ်မြင့်မားတဲ့ စားဖိုမှူးက အစားကြူးတောင်ကြားကို လုံးဝ ဂရုမစိုက်သလို ဖြစ်နေတာလဲ..."
ဝမ်ရန်ချုံ၏ မျက်ဝန်းထဲ၌ မီးများပင် တောက်လာသလို ထင်ရသည်။
"ဒီစားဖိုမှူးက တကယ်ကို အစားကြူးတောင်ကြားကို အဲ့ဒီလိုပုံစံမျိုး ပြောရဲတယ်ပေါ့..."
အစားကြူးတောင်ကြားက သူတို့ နှလုံးသားထဲမှ နေမင်းဖြစ်ပြီး ပုန်းကွယ်နဂါးတိုက်ကြီးတွင်ရှိနေသည့် စားဖိုမှူးများ အားလုံးလိုလို ထိုတောင်ကြားမှာပင် မွေးထုတ်လာခြင်းဖြစ်သည်။
အခြားသူများက အစားကြူးတောင်ကြားအကြောင်းကို မသိဘူးဆိုလျှင်လည်း ပြဿနာမရှိပေ။သို့သော် ကိုယ်တိုင်က စားဖိုမှူးတစ်ယောက်ဖြစ်နေသော သူတစ်ယောက်အနေဖြင့် အဘယ်ကဲ့သို့ အစားကြူးတောင်ကြားကို မသိရသနည်း။သူ့၏ အမူအရာကပင် အထင်သေးသည့် ပုံစံမျိုးဖြစ်နေလေသည်။
"ဒီလူက ပြဿနာရှာချင်နေလား..."
အစားကြူးတောင်ကြား၏ နာမည်ဂုဏ်သတင်းကို ကြားဖူးထားသော လူတစ်ချို့ကလည်း ပုဖန်ကိုကြည့်၍ ပြောစရာစကားပင် မဲ့သွားကြလေသည်။ရှုရမိန်းမပျိုက ပို၍ပင် စွံ့အသွား၏။
"ဒီလူက တကယ်ပဲ အစားကြူးတောင်ကြားက စားဖိုမှူးမဟုတ်ဘူးပေါ့..."
လျို့လီက သူ့ဘက်သို့ မျက်လုံးစွေကြည့်လိုက်ပြီး နှုတ်ခမ်းတွန့်ရုံ မဲ့လိုက်သည်။အကယ်၍ ပုဖန်သာ အစားကြူးတောင်ကြားမှ မဟုတ်လျှင် သူတို့အတွက် ပိုပြီး လွယ်ကူသွားလေပြီ။
သူတို့က ဘာကိုမှ စိုးရိမ်စရာမလိုတော့ပဲ အသာအယာပင် ပုဖန်ဆီမှ ရှုရမျှော်စင်ကို လုယူနိုင်ပေသည်။မည်သို့ဆိုစေ ရှုရမျှော်စင်က ရှေးဟောင်းရှုရမြို့တော်၏ နတ်ဘုရားတစ်ပိုင်းလက်နက် ဖြစ်နေသောကြောင့် တခြားမည်သည့်နေရာမှာမှ ရှိမနေသင့်ပေ။
"မင်း ...မင်းပါးစပ်ကို ပိတ်ထားလိုက် ...အစားကြူးတောင်ကြားက မင်းလိုလူမျိုး ပြောချင်သလို ပြောလို့ရတဲ့ နေရာမဟုတ်ဘူး...မင်းချက်လိုက်တဲ့ ဟင်းပွဲက ငါ့လက်ရာကို မီတယ်ဆိုတာနဲ့ပဲ အစားကြူးတောင်ကြားကို လှောင်ပြောင်နိုင်ပြီလို့ ထင်သွားတာလား..."
ဝမ်ရန်ချုံ၏ ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်များပင် ပြန့်ကားထွက်လာလေသည်။ကြည့်ရှုနေသူများအားလုံး ထိတ်လန့် ကြောက်ရွံ့သွားကြ၏။သာမန်အဝတ်အထည်ကို ဝတ်ဆင်ထားသောသူက မသေမျိုးခန္ဓာ အထွတ်အထိပ် အဆင့်ပင် ရောက်နေပေပြီ။
ဝမ်ရန်ချုံဆီမှ ရန်လိုသော အငွေ့အသက်များကို ခံစားမိသည်နှင့် ဝှိုက်တီ၏ မျက်ဝန်းများက တောက်ပသွားသည်။သူ ပုဖန်၏ နောက်ကျောဘက်သို့ လျှောက်လာပြီး ရပ်လိုက်သည်။သူ့၏ သံချပ်ကာဝတ်စုံမှလည်း အသံများ စတင်အဆက်မပြတ် မြည်ဟီးလာသည်။ရှုရမိန်းမပျိုနှင့် တခြားသူများအားလုံးက မျက်ဝန်းများ မှေးကျင်းလိုက်မိကြသည်။
"ပုဖန်ရဲ့ ရုပ်သေးရုပ်က တော်တော်လေး အစွမ်းရှိတာပဲ...အကြီးအကျယ်တိုက်ခိုက်ကြတော့မလို့လား..."
သို့သော်လည်း တိုက်ပွဲများဟဖြစ်မလာခဲ့ပေ။ကြီးမြတ်သော ဓားအာဏာရှင်က သူ့၏ စိတ်ဝိညာဉ်နယ်မြေထဲတွင် သူတို့ ကြိုက်သလို လုပ်ပိုင်ခွင့်ပေးထားမည်မဟုတ်ပေ။
"ဟား...ဟား...မင်းက ဘယ်နေရာက စားဖိုမှူးပဲ ဖြစ်ဖြစ် ကိစ္စမရှိဘူး...အခု ငါ့ရဲ့ စိတ်ဝိညာဉ် နယ်မြေထဲ ရောက်လာပြီဆိုမှတော့ ကောင်းကောင်းချက်ပြုတ်ပြီး လွတ်မြောက်ဖို့အတွက် တိုက်ခိုက်ရမယ်..."
နူးညံ့သည့် အပြုံးတစ်ခုကို ချိတ်ဆွဲထားသော ဓားအာဏာရှင်က ပုဖန်ကို အဓိပ္ပါယ်ပါပါ တစ်ချက်ကြည့်လိုက်သည်။ထို့နောက် သူ့၏ လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်၏။ခပ်လှမ်းလှမ်းတွင်ရှိနေသော ဝမ်ရန်ချုံ၏ ခန္ဓာကိုယ်ပေါ် ကြောက်မက်ဖွယ်ကောင်းသည့် ဖိအားလှိုင်းတစ်ချက် ရိုက်ခတ်သွားပြီး သူ့မျက်နာအမူအရာက ပြောင်းလဲသွားသည်။
သူအသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်ပြီး ခန္ဓာကိုယ်မှ စွမ်းအင်များကို တဖြေးဖြေးချင်း ပြန်လည် ရုပ်သိမ်းလိုက်သည်။သို့သော်လည်း ပုဖန်အပေါ် သူ့၏ အကြည့်များက ပို၍ ရန်လိုလာလေသည်။
"ငါတို့ရဲ့ အစားကြူးတောင်ကြားကို အထင်အမြင်သေးရဲတယ်ပေါ့လေ အဲ့ဒီမောက်မာမှုအတွက် မင်းဟနောင်တရရမယ်..."
ဝမ်ရန်ချုံက ယခုအချိန်တွင် သူ့၏ ကျွမ်းကျင်မှုများကို ထုတ်သုံးရမည်ဟု ခံစားမိလေသည်။ပုဖန်က ဝှ်ိုက်တီ၏ ဝမ်းဗိုက်ကို အသာအယာပွတ်ပေးလိုက်လေရာဝှိုက်တီ အနောက်သို့ ပြန်ဆုတ်သွားလေသည်။ထို့နောက် ဝမ်ရန်ချုံ၏ ကျိန်းဝါးသံကို ကြားလိုက်သည်နှင့် သူနှုတ်ခမ်းတွန့်ရုံမဲ့လိုက်ပြီး ရေရွတ်လိုက်သည်။
"အရူး..."
ဝမ်ရန်ချုံကလည်း အေးစက်စွာတစ်ချက်မဲ့ လိုက်လေသည်။
အဟမ်း...
သို့သော်လည်း သူ လက်လွတ်စပယ် မည်သည့်အရာမှ မလုပ်ပေ။ အဘယ်ကြောင့်ဆိုသော် သူတို့က ဓားအာဏာရှင်၏ နယ်မြေထဲတွင် ရှိနေတုန်းဖြစ်သည်။ပုဖန်၏ ဟင်းပွဲက ကြီးမြတ်သောဓားအာဏာရှင်၏ အကဲဖြတ်မှုကို ကျော်လွန်သွားလေပြီ။သို့သော်လည်း အကဲဖြတ်မှုက မပြီးဆုံးသွားသေးပေ။
အနည်းငယ်ကွာဝေးသောနေရာ၌ ဟန်လီ၏ ခန္ဓာကိုယ်တစ်ခုလုံး မရပ်မနားတုန်ယင်နေလေသည်။သူ အခွင့်အရေးဟု ထင်မှတ်ထားသော အရာက တကယ်တမ်းတွင် သတ်ဖြတ်ခြင်း ကွင်းပြင်ဖြစ်နေလိမ့်မည်ဟု သူလုံးဝ မထင်ထားခဲ့မိပေ။
အချက်အပြုတ်စွမ်းရည်မရှိသောတစ်စုံတစ်ယောက် ကြီးမြတ်သောဓားအာဏာရှင်၏ စိတ်ဝိညာဉ် နယ်မြေထဲ ဝင်ရောက်လာခြင်းက သူတို့၏ ခေါင်းကို လာရောက်ယစ်ပူဇော်ခြင်းနှင့်တူနေလေသည်။
သူ၏ အရှေ့မှ မီးဖိုထက်မှ ဒယ်အိုးနှင့် မီးသွေးများကိုကြည့်ရင်း သူ့နှလုံးသားက အေးစက်လာပေသည်။ကြီးမြတ်သောဓားအာဏာရှင်၏ အကြည့်များက သူ့ဆီသို့ ရောက်လာသည်နှင့် သူ့ခန္ဓာကိုယ်က ပို၍ တုန်ယင်လာသည်။
ကြီးမြတ်သောဓားအာဏာရှင်က သူ့မီးဖိုရှိရာဆီသို့ တစ်လှမ်းချင်းတစ်လှမ်းချင် နီးကပ်လာပေပြီ။တစ်ယောက်ပြီးတစ်ယောက်၏ ခေါင်းများလည်း ပေါက်ကွဲသွားပြီးနောက် အော်သံများ ဆူဟစ်ညံနေ၏။ခေါင်းမဲ့စားဖိုမှူး အဖွဲ့ထဲတွင်လည်း လူဦးရေ တိုးပွားလာပေပြီ။နောက်ဆုံး၌ သူ့အလှည့်ရောက်လာပေပြီ။
"မင်းရဲ့ ဟင်းပွဲကော..."
ကြီးမြတ်သော ဓားအာဏာရှင်က တည်ငြိမ်စွာဖြင့် သူ့ကို တစ်ချက်ကြည့်လိုက်သည်။ဟန်လီ၏ နှလုံးသားက နစ်မြှုပ်သွားပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံး အေးစိမ့်သွားလေသည်။
"ငါ...ငါ..."
ဟန်လီ ပါးစပ်ဖွင့်ဟလိုက်သော်လည်း စကားတစ်လုံးမှပင် ထွက်မလာပေ။ကြီးမြတ်သောဓားအာဏာရှင်၏ အကြည့်များက ဒယ်အိုးဆီသို့ ရောက်သွားလေသည်။ဒယ်အိုးထဲ၌ ဟင်းအမယ်က ဒီအတိုင်း ပေါလောပေါ်နေလေ၏။ထိုဟင်းပွဲဆီမှ ပုံမှန်မဟုတ်သော အနံ့ဆိုးများလည်း ထွက်ပေါ်နေသည်။ကြီးမြတ်သော ဓားအာဏာရှင် မျက်မှောင်ကြုတ်လိုက်မိ၏။သူ့၏ အမူအရာကလည်း ပြောင်းလဲသွားပေသည်။
"ဒါ ဘာအနံ့လဲ...ဒီလိုဟင်းပွဲမျိုးလုပ်လိုက်တယ်ပေါ့ ငါထင်တာတော့...မင်း ဒီမှာနေခဲ့ပြီး ဒီဂုရုကြီးဆီက ဒီ ဒဏ္ဍာရီလာ အရှင်သခင်ဆီက အချက်အပြုတ်စွမ်းရည်တွေ သင်တာပိုကောင်းလိမ့်မယ်..."
ထိုစကားကြားလိုက်ရသည်နှင့် ဟန်လီ၏ ခန္ဓာကိုယ်တစ်ခုလုံး အေးခဲတောင့်တင်းသွားလေသည်။
"မဟုတ်ဘူး...ငါဒီနေရာမှာမသေနိုင်ဘူး..."
ဟန်လီ ဒေါသတကြီးအော်ဟစ်လိုက်သည်။သူ့မျက်လုံးထဲ၌လည်း တစ်စုံတစ်ခုကို ဆုံးရှုံးလိုက်ရသော အရိပ်လှိုင်းများထွက်ပေါ်လာလေသည်။
ထိုအချိန်ခဏလေးမှပင် သူ့နောက်ကျောမှ စိတ်ဝိညာဉ် သံကြိုးငါးကြောင်း ထွက်ပေါ်လာပြီး ထိုသံကြိုးများက အပြင်းအထန် လှုပ်ရှားသွားကာ ကြီးမြတ်သော ဓားအာဏာရှင်၏ ခေါင်းကို ရစ်ပတ်လိုက်လေသည်။
သူက ဆေးနန်းတော်၏ အကြီးအမှူးတစ်ယောက်ဖြစ်သည်။ထို့ကြောင့် သူ့၏ ခွန်အားက အလွန်သန်မာလှသည်မှာလည်း သံသယဖြစ်စရာမလိုပေ။အနည်းဆုံးတော့ သူ့၏ ကြီးမြတ်လှသောအင်အားက လူအများကို အံ့အားသင့်သွားအောင် လုပ်နိုင်ပေသည်။ပုဖန်ပင်လျှင် အနည်းငယ် အံ့အားသင့်သွားမိသည်။
"ဒီလူရဲ့ ခွန်အားက အဲ့ဒီလောက် သန်မာတယ်လား..."
သို့သော်လည်း လျို့လီနှင့် တခြားသူများကတော့ အထင်အမြင်သေးစွာဖြင့် အေးစက်စွာ ရယ်မောလိုက်၏။တကယ်တမ်းတွင် မသေမျိုးဝိညာဉ် အဆင့် ပညာရှင်၏ စိတ်ဝိညာဉ် ပင်လယ်ထဲတွင် တိုက်ခိုက်လိုက်ခြင်းက သူ သေဖို့ တောင်းဆိုလိုက်ခြင်းနှင့်အတူတူပင်ဖြစ်သည်။
ကြီးမြတ်သော ဓားအာဏာရှင်၏ နှုတ်ခမ်းများက တွန့်ကွေးသွားလေသည်။သူ့၏ စိတ်ဝိညာဉ် ပင်လယ်ထဲတွင် သူသည်သာ ဘုရားဖြစ်သည်။တကယ့်ကို မနှိုင်းယှဉ်နိုင်သည့် နတ်ဘုရားဖြစ်၏။
ဟန်လီက သူ့၏ ခွန်အားအကုန်သုံး၍ တိုက်ခိုက်လိုက်သည့်အခ်ျိန်၌ ကြီးမြတ်သော ဓားအာဏာရှင်က လက်ဖဝါးတစ်ဖက်သာ အသာမြှောက်လိုက်သည်။စွမ်းရည်များက ဆောင်းဦးသစ်ရွက်ကလေးများ ကြွေကျလာသလို ညှင်သာစွာစီးဆင်းထွက်ပေါ်လာလေသည်။
.ဟမ်း...
နဂါးဟိန်းဟောက်လိုက်သလို ကြောက်စရာကောင်းသော တိုက်ခိုက်ရေးစွမ်းရည်နှင့် ဆောင်းဦး သစ်ရွက်ကလေးများ ထိတိုက်သွားပြီးနောက် ကြီးမားလှသော ပေါက်ကွဲမှုကြီး ဖြစ်ပေါ်လာလေသည်။
စွမ်းအင်လှိုင်းများက ကောင်းကင်ပေါ်သို့ ထိုးတက်သွားပြီး အခိုးအငွေ့များအဘက်ဘက်သို့ ပြန့်လွင့်သွားလေသည်။စွမ်းအင်အကုန်ထုတ်သုံးလိုက်သော ဟန်လီက မြေပြင်ပေါ်သို့ လဲကျသွား၏။
ဟန်လီ သွေးတစ်လုတ်အန်လိုက်ရပြီး မြေပြင်ပေါ်မှ ကုန်းရုန်းထလိုက်သည်။သူ့ခန္ဓာကိုယ်၌လည်း ဒဏ်ရာများ ပြည့်နှက်နေပြီး သူ့အဝတ်အစားများက သွေးရောင်ရဲရဲနီနေပြီ။
သို့သော် သူ့မျက်ဝန်းထဲ၌ ရက်စက်ကြမ်းကြုတ်လှသော စွမ်းအင်များဖြင့် ပြည့်နှက်နေတုန်းဖြစ်သည်။သူက ရည်မှန်းချက်ကြီးသော စိတ်ဆန္ဒပြင်းပြသော လောဘကြီးသော လူတစ်ယောက်ဖြစ်သည်။ဘယ်လိုလုပ် ဒီနေရာမှာသေနိုင်ပါမည်နည်း။
နောက်ထပ် စွမ်းအင်လှိုင်းတစ်ခု ထိုးဖောက်ထွက်ပေါ်လာသည်။ထို စွမ်းအင်လှိုင်းက အရင်တစ်ခုထက်ပင်ပို၍ မြန်ဆန်လှသောကြောင့် သာမန်လူများပင် အမြန်နှုန်းကို လိုက်မကြည့်နိုင်တော့ပေ။
လျို့လီနှင့် တခြားသူများအားလုံး မျက်မှောင်ကြုတ်လိုက်မိကြသည်။ဒီဟန်လီက တကယ့်ကို ဝှက်ဖဲများရှိနေပေသည်။သူ့၏ တိုက်ခိုက်မှုက ရက်စက်ကြောက်စရာကောင်းလှသည်။ထ်ိုအခိုက်အတန့်၌ ကြီးမြတ်သော ဓားအာဏာရှင်က မည်သည်မှ မတုံ့ပြန်လိုက်နိုင်သလို စွမ်းအင်လှိုင်းက သူ့၏ ခေါင်းကို ဖောက်ထွင်းသွားလေသည်။ထိုခဏ၌ အရာရာအားလုံး တိတ်ဆိတ်ငြိမ်သက်သွားလေသည်။
ဟန်လီ သွေးချောင်းဆိုးလိုက်ပြီးနောက် သွေးတစ်လုတ် အန်ချလိုက်သည်။ထို့နောက် သူအရူးတစ်ယောက်ကဲ့သို့ ကျယ်လောင်စွာ ရယ်မောလေသည်။
"အာ...ကြီးမြတ်သော ဓားအာဏာရှင်က သေသွားပြီ မင်းတစ်ယောက်တည်းသာမင်းရဲ့ စိတ်ဝိညာဉ် ပင်လယ်ထဲမှာ ကျန်ခဲ့ရမယ့်သူပဲ ငါက ရှင်သန်ချင်တယ်ဆိုရင် မင်းငါကို သတ်လို့မရဘူး..."
သို့သော်လည်း ခဏအတွင်းမှာပင် သူ့၏ ရယ်သံများ ပြတ်တောက်သွားလေသည်။အဘယ့်ကြောင့်ဆိုသော် စွမ်းအင်လှိုင်းများထိုးဖောက်ခံထားရသော ကြီးမြတ်သောဓားအာဏာရှင်က သူ့ကို အေးစက်စွာကြည့်နေလေသည်။သူ့ခေါင်းထဲမှ ထိုစွမ်းအင်လှိုင်းကို တဖြေးဖြေးချင်း ပြန်လည် ဆွဲထုတ်လိုက်သည်။သူ့၏ တခြားလက်တစ်ဖက်က မြောက်တက်လာပြီး ဟန်လီ၏ ခေါင်းကို ညှစ်ကိုင်လိုက်သည်။
"အသက်ရှင်ချင်တယ် ဟုတ်လား...ငါလို ကြီးမြတ်သော ဓားအာဏာရှင်တစ်ယောက်တောင် သေသွားခဲ့ပြီးပြီ မင်းလို အမှိုက်ကောင်လေးတစ်ယောက်က ငါရှေ့မှာ ရှင်သန်ချင်တယ်လို့ ကြီးကြီးကျယ်ကျယ်တွေ လာပြောနေတာလား...ငါအသက်ရှင်နေတုန်းကတောင် နတ်ဘုရားတစ်ပိုင်း သားရဲတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သေးတာ...မင်းကမင်းကိုယ်မင်း ဘာများမှတ်နေလဲ...ခရက်ရှ်..."
နာကျင်စွာအော်ဟစ် လိုက်သံ ထွက်ပေါ်လာလေသည်။ဟန်လီ၏ အသံကပို၍ ကျယ်သထက် ကျယ်လောင်လာ၏။နောက်ဆုံး၌ ဘန်းခနဲ ပေါက်ကွဲသံ တစ်ချက်နှင့်အတူအော်သံများက တိခနဲ ရပ်တန့်သွားသည်။မသေမျိုးခန္ဓာ အထွတ်အထိပ် ပညာရှင်တစ်ယောက်က ခေါင်းမဲ့ စားဖိုမှူး အဖွဲ့ဝင်ဖြစ်လာပေပြီ။
ကြီးမြတ်သော ဓားအာဏာရှင်၏ ခေါင်းက တဖြေးဖြေးချင်း ပြန်လည်သက်သာလာပြီး နဂိုမူလ အခြေအနေထိရောက်သွားဖို့ အချိန်ဘယ်လောက်မှ မကြာလိုက်ပေ။သူက ရေခဲထက်ပင် အေးစက်လှသောအကြည့်များဖြင့် အားလုံးကို ဝေ့ဝဲကြည့်လိုက်သည်။
ပုဖန်မြေပြင်ပေါ်မှ ဟန်လီ၏ အလောင်းကို မျက်နာသေဖြင့် ကြည့်နေမိသည်။သူ ထိုအခိုက်အတန့်၌ မည်သည့်စကားမျိူးဆိုရသည်ပေ မသိတော့ပေ။
"ငါ့ရဲ့ စိတ်ဝိညာဉ် ပင်လယ်ထဲမှာမင်းတို့ကို ဘယ်သူမှ လာကယ်ဖို့ မျှော်လင့်မနေနဲ့ မင်းတို့ရှင်သန်ချင်တယ်ဆိုရင် ဆက်ပြီး ချက်ပြုတ်ကြ..."
ကြီးမြတ်သော ဓားအာဏာရှင်က အဆိပ်ပြင်းသော မြွေတစ်ကောင်ကဲ့သို့ ရက်စက်လှသော အပြုံးမျိုးပြုံးလိုက်သည်။
"အခုအမွေအနှစ်အတွက် ဒုတိယအဆင့်ပြိုင်ပွဲကို သွားကြတာပေါ့...မင်းတို့ ဒီထက်ကောင်းမွန်တဲ့ ဟင်းပွဲတွေ ချက်ပြုတ်နိုင်မယ်လို့ ငါမျှော်လင့်တယ်..."
ထ်ို့နောက်မှာပင် မီးဖိုခန်းတစ်ခုလုံးက ပြင်းထန်စွာ တွန့်လိမ်လှုပ်ရှားသွား၏ မြင်ကွင်းတစ် ခုလုံးက ဝေဝါးသွားလေသည်။ခဏအကြာ၌ ထိုဝေဝါးမှုများပျောက်ဆုံးသွားပြီးမီးဖိုချောင်က သန့်ရှင်းသပ်ရပ်သွားလေသည်။
သူတို့အားလုံး မီးဖိုခန်းထဲတွင် ရပ်နေဆဲဖြစ်သော်လည်းမီးဖိုအရေအတွက်ကတော့ လျော့နည်းသွားသည်ကို သတ်ိပြုမိလ်ိုက်ကြသည်။မီးဖိုငါးခုံသာရှိတော့သည်။သူတို့၌ လူ ၁၀ ယောက်ရှိနေလေရာ မည်သူက အောင်မြင်နိုင်မည်နည်း။
"ငါတို့က မီးဖိုကို သွားလုရမှာလား...တကယ်လို့ မီးဖိုတစ်ခု မလုယူနိုင်ရင် ခေါင်းမဲ့ စားဖိုမှူး ဖြစ်လာတော့မှာလား..."
အားလုံး လေအေးတစ်ချက်ရှိုက်လိုက်မိကြသည်။ဒါက အနည်းငယ်ကြောက်စရာကောင်းပေသည်။သိရမည်မှာ ယခုကျန်ခဲ့သည့် သူများထဲတွင် ကျင့်ကြံဆင့် နိမ့်ပါးသူ တစ်ယောက်မှ မပါပေ။ထိုသူများကြားထဲမှ ပြဿနာဖြစ်လာခဲ့လျှင် တိုက်ပွဲက ကြောက်စရာကောင်းပေလိမ့်မည်။
"စိတ်မပူကြပါနဲ့ ငါက မင်းတို့ကို မီးဖို မလုခိုင်းပါဘူး...ဒီမှာ မီးဖိုက ငါးလုံးပဲရှိတယ်...ဒါပေမယ့် မင်းတို့က လူ၁၀ ယောက်ရှိနေတယ်...မင်းတို့က နှစ်ဟောက်တစ်တွဲစီ ပေါင်းပြီးတော့ အရသာရှိတဲ့ ဟင်းပွဲတွေ ချက်ပြုတ်ရမယ်...မင်းတို့ရဲ့ ဟင်းပွဲက လိုအပ်ချက်နဲ့ မကိုက်ညီဘူးဆိုရင်တော့ နှစ်ယောက်စလုံး ဒီမှာ ငါနဲ့ နေခဲ့ပြီး အဖော်ပြုရတော့မယ်..."
အားလုံး ထပ်မံ အံ့အားသင့်သွားကြပြန်သည်။
"နှစ်ယောက်တစ်တွဲလား...ဘာလို့ အဲ့ဒီလိုဖြစ်ရတာလဲ..."
"ငါမင်းတို့ကို ပြောစရာတစ်ခုကျန်သွားသေးတယ် ဒီတစ်ကြိမ် ချက်ပြုတ်ရမယ့်ဟင်းပွဲက သတ်မှတ်ပြီးသားပဲ မင်းတို့လုပ်ရမှာက လမ်းညွှန်ချက်အတိုင်း လိုက်ချက်ရုံပဲ...နောက်ဆုံး ဆုံးဖြတ်ချက်ချမယ့်သူကတော့ ငါပဲ..."
ကြီးမြတ်သော ဓားအာဏာရှင်က လက်ပိုက်၍ သူတို့အားလုံးကို ခပ်ထေ့ထေ့ပြုံး၍ ကြည့်လိုက်သည်။
"ကဲ အခု မင်းတို့ရဲ့ တွဲဖတ်ကို ရွေးနိုင်ပြီ..."
"အကြီးအကဲ ငါတို့ တွဲဖတ်မရှိလို့ကော ရလား..."
ဝမ်ရန်ချုံက မျက်မှောင်ကြုတ်၍ မေးလိုက်သည်။သူချက်ပြုတ်သည့်အခါ၌ သူ့ဘေးနားတွင် လူတစ်ယောက်ရှိနေခြင်းကို သဘောမကျပေ။အလားတူစွာပင် ပုဖန်ကလည်း ထိုမေးခွန်းကို အာရုံစိုက်လိုက်သည်။
ကြီးမြတ်သော ဓားအာဏာရှင်က သူတို့၏ မေးခွန်းကို ပြန်မဖြေပဲ လက်တစ်ဖက်ကိုသာ အသာဝှေ့ယမ်းလိုက်သည်။ချက်ပြုတ်သည့် လမ်းညွှန်စာရွက်များ လူအားလုံး၏ လက်ထဲသို့ ရောက်လာလေသည်။
"ငါ့ရဲ့ စိတ်ဝိညာဉ် ပင်လယ် ငါ့ရဲ့ စည်းမျဉ်း...ဒီလိုမှ မဟုတ်ဘူးဆိုရင် သေရမယ်..."
ကြီးမြတ်သော ဓားအာဏာရှင်က အသာအယာပင် ပြောလိုက်သည်။အားလုံး၏ နှလုံးသားက အေးခဲသွားပြီး စကားတစ်ခွန်းမှ ထပ်မဆိုရဲတော့ပေ။
သူ့လက်ထဲမှ စာရွက်ကိုကြည့်လိုက်သည်။သူ သိချင်စိတ်ဖြင့် မျက်မှောင်ကြုတ်လိုက်မိသည်။မလှမ်းမကမ်းရှိ ဝမ်ရန်ချုံကလည်း သူ့လက်ထဲမှ အညွှန်းကိုကြည့်လိုက်ပြီးနောက် သူ့၏ မျက်နာက အရောင်ပြောင်းသွားလေသည်။
"လောင်ကျွမ်းနှလုံး ဆုတ်ဖြဲလက်သည်း...ဒါက အစားကြူးတောင်ကြားရဲ့ ဒုတိယတန်းစား ဟင်းပွဲမဟုတ်ဘူးလား..."
သူ့၏ ချက်ပြုတ်လမ်းညွှန် စာရွက်ကို ကြည့်ပြီးသည့် ပုဖန်ကလည်း ဝမ်ရန်ချုံ အံ့သြတကြီး ရေရွတ်သံကို ကြားလိုက်ရသည်။ခဏချင်းမှာပင် သူ့၏ အမူအရာကလည်း ထူးဆန်းသွားလေသည်။
"ဘာ...ဘာကြီး လောင်ကျွမ်းနှလုံးဆုတ်ဖြဲလက်သည်းဟုတ်လား...ဒါက မာလာကြက်ခြေထောက် မဟုတ်ဘူးလား..."