အခန်း.၅၈၁
"လောင်ကျွမ်း နှလုံးဆုတ်ဖြဲ လက်သည်း ..."
ဒါက ပုဖန်လက်ထဲမှ ချက်နည်းစာရွက်၏ နာမည်ဖြစ်သည်။၎င်းပြောပြထားချက်အရ ထိုချက်နည်းက စိတ်ဝိညာဉ်သားရဲများ၏ လက်သည်းများကို ချက်ပြုတ်သည့် နည်းလမ်းဖြစ်သည်။
၎င်းက နတ်ဘုရားအဆင့်ရှိသော ငှက်အမျိုးအစား စိတ်ဝိညာဉ် သားရဲများ၏ လက်သည်းဖြစ်လေရာ ကြက်ခြေထောက်နှင့် ဆင်တူပေသည်။သူ့၏ နာမည်က ထိုကဲ့သို့ ကြီးကျယ်မြင့်မြတ်နေသော်လည်း ပုဖန်၏ မျက်လုံးထဲတွင်တော့ မာလာကြက်ခြေထောက်သာ မြင်လေသည်။
သို့သော်လည်း သူ့၏ အရင်ကမ္ဘာမှ လူကြိုက်များလှသော မာလာကြက်ခြေထောက်နှင့် ယှဉ်လိုက်လျှင်တော့ ဒီတစ်ခုကို လုပ်ဆောင်ရသည့်နည်းလမ်းများက ပို၍ ခက်ခဲ ရှုပ်ထွေးပေသည်။
မလှမ်းမကမ်းတွင်ရှိနေသော ဝမ်ရန်ချုံက ပုဖန်ကို အေးစက်စွာ လှမ်းကြည့်လိုက်သည်။သူက ပုဖန်ရေရွတ်လိုက်သည်ကို မတော်တဆကြားလိုက်ရပြီးနောက် အနည်းငယ် စိတ်မကျေမနပ်ဖြစ်သွားသည်။
"ဒီစားဖိုမှူးကလည်း သိနေတာလား..."
တကယ်တမ်းပြောရမည်ဆိုလျှင် ဒီဟင်းပွဲက သူတို့ အစားကြူးတောင်ကြားမှ ဒုတိယတန်း အဆင့်ရှိသည့် ဟင်းပွဲဖြစ်သည်။
"မှန်တယ်...ဒါက ဒီသခင် အစားကြူးတောင်ကြားထဲကနေ ယူလာခဲ့တဲ့ လောင်ကျွမ်းနှလုံးဆုတ်ဖြဲ လက်သည်း ချက်နည်းပဲ...ဒီသခင် အစားကြူးတောင်ကြားကို ဝင်ရောက်ခဲ့တဲ့ နှစ်တုန်းက ပထမဦးဆုံးစားခဲ့ရတဲ့ ဟင်းပွဲက ဒီဟင်းပွဲပဲ...သူ့အနံ့အရသာနဲ့ ခံစားမှုကို သေရမယ်ဆိုရင်တောင်မှ မေ့လို့ရမှာမဟုတ်ဘူး...ဒီသခင်က ဒါကို လုံးဝ ရှင်းရှင်းလင်းလင်းတိတိကျကျမှတ်မိနေတယ်..."
ကြီးမြတ်သော ဓားအာဏာရှင်က မျက်ဝန်းများကျဉ်းမြောင်းလိုက်ပြီးနောက် ပြောလိုက်သည်။သူ ထိုစကားဆိုလိုက်သည်နှင့် သူ့၏ စိတ်အာရုံက ထိုဟင်းပွဲစားခဲ့ရသည့်အချိန်ကို ပြန့်လွင့်သွားပုံပေါ်လေသည်။
ရှုရမိန်းမပျိုနှင့် တခြားသူများက ထို ခံစားချက်ကို နားလည်ရန် နည်းနည်းခက်ခဲနေသည်။သို့သော်လည်း စားဖိုမှူးများဖြစ်ကြသော ဝမ်ရန်ချုံနှင့် ပုဖန်တို့ကတော့ ကြီးမြတ်သော ဓားအာဏာရှင်၏ ခံစားချက်ကို နားလည်ပေသည်။
တကယ့်ကို အရသာကောင်းမွန်လှသော ဟင်းပွဲတစ်ပွဲကို မေ့ရန် ခက်ခဲလွန်းလှသည်။ထို ဟင်းပွဲ၏ အရသာက သူတို့၏ အနက်ရှိုင်းဆုံးမှတ်ဉာဏ်ထဲ နက်နက်နဲနဲတိုးဝင်နေပေလိမ့်မည်။
"မသေမျိုးဝိညာဉ်အဆင့် ပညာရှင်တစ်ယောက်ကိုတောင် ယစ်မူးစွဲလမ်းသွားအောင် လုပ်နိုင်တယ်ဆိုမှတော့ ဒီမာလာကြက်ခြေထောက်က သာမန် ဟင်းပွဲတစ်ပွဲမဟုတ်တော့ဘူး..."
ရှုရမိန်းမပျိုက ခပ်တိုးတိုျးရရွတ်လိုက်သည်။ဝမ်ရန်ချုံ၏ မျက်ဝန်းများက စူးစူးရဲရဲ ဖြစ်သွားလေသည်။
"ဘာကို မာလာကြက်ခြေထောက်လဲ...ဒါကို လောင်ကျွမ်းနှလုံး ဆုတ်ဖြဲ လက်သည်းလို့ခေါ်တယ်...ဒီဟာက ဒုတိယတန်း ဟင်းပွဲပဲ..."
"ဒုတိယတန်း..."
ပုဖန်မျက်ဝန်းများ ကျဉ်းမြောင်းသွားလေသည်။ဟင်းပွဲများ၌ပင် အဆင့်အတန်း ကွဲပြားချက်များ ရှိနေလေ၏။ထိုအစားကြူးတောင်ကြားက တော်တော်လေး စိတ်ဝင်စားစရာကောင်းလှသည်။ဟင်းပွဲများကိုပင် အဆင့်အတန်း ခွဲခြားသတ်မှတ်ထားလျှင် စားဖိုမှူးများကိုကော အဆင့်အတန်း ခွဲခြားထားနိုင်လား...
"အခု မင်းတို့ ၁၀ယောက်ကို အဖွဲ့ဖွဲ့ဖို့အတွက် ဒီသခင်က အသက်နှစ်ရှိုက်စာ အခ်ျိန်ပေးမယ်..."
ကြီးမြတ်သော ဓားအာဏာရှင်က သူ့၏ မှတ်ဉာဏ်များထဲမှ ပြန်လည် နှိုးထလာပြီးနောက် သူတို့အားလုံးကို ဝေ့ဝဲကြည့်လိုက်သည်။
သူတို့၏ နှလုံးသားများ တောင့်တင်းသွားပြီး အလျှင်အမြန်ပင် လှုပ်ရှားလိုက်ကြသည်။သဘာဝကျစွာဖြင့် ရှုရမိန်းမပျိုနှင့် လျို့လီတို့က အဖွဲ့တစ်ဖွဲ့ဖြစ်သွားသည်။ရှုရမိန်းမပျိုက ဆန္ဒမရှိလှပေ။အကယ်၍ ပုဖန်နှင့်သာ အဖွဲ့ဖွဲ့လျှင် အခွင့်အရေးပိုရမည်ဟု သူမထင်နေမိသည်။
သို့သော်လည်း လျို့လီက သူ ရင်ဘတ်သူ ပုတ်၍ သူမ ကျရှုံးစေခြင်းမရှိစေရဟု အာမခံနေသောကြောင့် လက်ခံလိုက်လေသည်။အားလုနှင့် အားဝေတို့ကလည်း အဖွဲ့တစ်ဖွဲ့ဖြစ်သွားကြောင်း မေးခွန်းထုတ်စရာပင် မလိုတော့ပေ။ထိုနှစ်ယောက်က ညီကိုများဖြစ်သောကြောင့် တခြားအတွဲများထက်ပို၍ လိုက်ဖတ်ညီနေပေသည်။
ပုဖန်၏ ဘေးနား၌ရှိနေသော သက်လတ်ပိုင်းအရွယ်လူတစ်ယောက်ကလည်း ပုဖန်ဆီမှ သဘောတူညီချက်ရသောကြောင့် အလွန်ပျော်ရွှင်မိသွားသည်။ပထမပွဲစဉ်တွင် ပုဖန်က နံပါတ် ၁ ဖြစ်သောကြောင့်သူ့နောက်သာ လိုက်ရလျှင် သူ ကျိန်းသေပေါက် လွတ်ရတော့မည့် အဓ်ိပ္ပါယ်ပင်။
ဝမ်ရန်ချုံ၏ ဘေးမှလူကလည်း ပထမတစ်ချီတွင် ကပ်သီးလေး ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်လာခဲ့ခြင်းဖြစ်သည်။ထို့ကြောင့် သူသည်လည်း အလွန်ပျော်ရွှင်နေမိသည်။
အစားကြူးတောင်ကြားမှ လူတစ်ယောက်နှင့် တွဲဖတ်ဖြစ်ရခြင်းက လွတ်မြောက်ဖို့ အခွင့်အရေးများ ပိုများလာပြီဖြစ်ကြောင်း ပြောစရာမလိုပေ။ပုဖန်နှင့် ဝမ်ရန်ချုံတို့ နှစ်ယောက်လုံးက သူတို့ ချက်ပြုတ်သည့်အချိန်တွင် အနှောက်အယှက်မပေးရန် တူညီသည့်တောင်းဆိုမှုကို ပြုလုပ်ခဲ့ကြသည်။
သူတို့၏ တွဲဖတ်များက လိုအပ်သည့် ပစ္စည်းများကို ပြင်ဆင်ပေးရန်သာ လိုအပ်လေသည်။ထိုနှစ်ယောက်သားကလည်း ငြင်းဆန်ခြင်းပင် မပြုပဲ ချက်ချင်း ခေါင်းညိတ် သဘောတူလိုက်ကြသည်။
နှစ်ယောက်တစ်တွဲတွဲပြီးသွားသည်နှင့် နောက်လုပ်ရမည်က သူတို့ အညွှန်းတိုင်း ချက်ရုံပင်ဖြစ်သည်။ဒီတစ်ကြိမ်၌မူ ဝမ်ရန်ချုံက အနည်းငယ်မျှပင် ပေါ့ဆမှု မလုပ်ရဲပေ။
သူက ပုဖန်ကို သူ့၏ အကြီးမားဆုံး ပြိုင်ဘက်တစ်ယောက်အဖြစ် သတ်မှတ်ထားပြီ ဖြစ်သည်။ထို့ကြောင့် သူတို့ အစားကြူးတောင်ကြား၏ ကြောက်စရာကောင်းလှသော အချက်အပြုတ်စွမ်းရည်များကို ပြသရပေမည်။
အစားကြူးတောင်ကြား၏ တန်ခိုးစွမ်းရည်များကို ထိုစားဖိုမှူးလေး သိသွားအောင် လုပ်ပေးရပေမည်။အခြားတစ်ဖက်တွင်မူ ပုဖန်က ဝမ်ရန်ချုံကို ဂရုမစိုက်ပေ။အရှင်းဆုံးပြောရလျှင် သူက အစားကြူးတောင်ကြားအကြောင်းကိုလည်း မသိပေ။ဝမ်ရန်ချုံ၏ အချက်အပြုတ်စွမ်းရည်များကို မြင်ပြီးပြီဖြစ်သော်လည်း မျက်လုံးထဲ မထည့်ထားပေ။
ပုဖန် မီးဖိုခုံအောက်မှ ဗီရိုကို ဆွဲဖွင့်လိုက်ပြီး မာကျောလှသော အကြေးခွံများဖုံးနေသည့် စိတ်ဝိညာဉ်သားရဲခြေထောက်များကို ထုတ်ယူလိုက်သည်။၎င်းက ငှက်အမျိုးအစားစိတ်ဝိညာဉ် သားရဲဖြစ်ပေမည်။အမွှေးတောင်တစ်ချို့ ကပ်ညှိနေဆဲဖြစ်ပြီး လက်သည်းများကည်း ဓားများကဲ့သို့ အေးစက်စူးရှလှ၏။
ထိုစိတ်ဝိညာဉ် သားရဲ အသက်ရှိနေစဉ်က အလွန်ကြောက်စရာကောင်းလိုက်မည်ဖြစ်ကြောင်းမေးခွန်းထုတ်စရာပင် မလိုပေ။ပုဖန်၏ မျက်ဝန်းများ တောက်ပသွားသည်။ထိုစိတ်ဝိညာဉ် သားရဲ၏ ခြေထောက်များ၏ အရည်အသွေးက မဆိုးလှပေ။
၎င်းကို အချိုးကျကျသာ ချက်ပြုတ်လိုက်လျှင် အရသာရှိမှာ မလွဲပေ။ပုဖန် ထိုငှက်ခြေထောက်ကို ကိုင်ပြီးနေရာအနှံ့ လိုက်ဖိကြည့်လိုက်သည်။ထို့နောက် စိတ်ကျေနပ်စွာဖြင့် သူ့နှုတ်ခမ်းထောင့်စွန်းလေးများ ကွေးတက်သွားလေသည်။
"ငါ မင်းကို ကူညီနိုင်တာများ ရှိလား..."
ပုဖန်ဘေးမှ ကျင့်ကြံသူက နှုတ်ခမ်းတစ်ချက်သပ်လိုက်ရင်း မေးလိုက်သည်။ပုဖန်ထိုသူကို တစ်ချက်ကြည့်လိုက်ပြီး ခဏမျှစဉ်းစားလိုက်သည်။
"ခဏနေဦး...ပြီးရင် ငါ့ကို ပါဝင်ပစ္စည်းတစ်ချို့ ပြင်ဆင်ပေး..."
ထိုသို့ပြောလိုက်ပြီးသည်နှင့် စနစ်၏ သိုလှောင်နယ်မြေထဲမှ စိတ်ဝိညာဉ်ဆေးပင်အမြောက်အများကို ထုတ်ယူလိုက်သည်။ထိုစိတ်ဝိညာဉ် ဆေးပင်များ၏ စိတ်ဝိညာဉ် အနှစ်သာရက သိပ်သည်းလှသောကြောင့် အပြင်သို့ပင် လျှံထွက်နေလေသည်။ထို့နောက် ငရုတ်သီး အမြောက်အများကို ယူလိုက်ပြီး မီးဖိုခုံပေါ် တင်လိုက်သည်။
"ဒီငရုတ်သီးတွေအားလုံးကို အလယ်ခွဲပြီးတော့ အစေံတွေ အကုန်ဖယ်ထုတ်ထားလိုက်..."
ကျင့်ကြံသူလည်း ထိုစကားကြားသည်နှင့် ခေါင်းညိတ်လိုက်ပြီးမီးဖိုချောင်သုံးဓားကို ဆွဲယူလိုက်ကာ သူ့အလုပ်ကို စတင်လုပ်တော့သည်။မလှမ်းမကမ်းမှ ဝမ်ရန်ချုံတို့အဖွဲ့ကလည်း ပုဖန်ကဲ့သို့ပင် လုပ်ဆောင်နေလေသည်။သို့သော်လည်း ဝမ်ရန်ချုံက သူ့၏ အကူကို ငရုတ်သီးများ ပါးပါးလှီးခိုင်းခြင်းဖြစ်သည်။
ပုဖန်၏ အကြည့်များကို ခံစားလိုက်ရသောကြောင့် ဝမ်ရန်ချုံက မေးမော့၍ ခပ်မော်မော်ကြည့်လိုက်သည်။လောင်ကျွမ်းနှလုံးဆုတ်ဖြဲ လက်သည်းဟင်းပွဲက ဒုတိယတန်းစားဟင်းပွဲဖြစ်သောကြောင့် ဒုတိယအဆင့်ရှိ စားဖိုမှူးများသာ ချက်ပြုတ်နိုင်လေသည်။
သူသည်လည်း ဒုတိယအဆင့် စားဖိုမှူးဖြစ်သောကြောင့် ဒီဟင်းပွဲနှင့်ပတ်သတ်၍ သူ့ကိုယ်သူ ယုံကြည်မှု အပြည့်ရှိလေသည်။ဝမ်ရန်ချုံက ပုဖန်သည် မည်သည့်အဆင့် စားဖိုမှူးမှန်း မသိသော်လည်း ဒီဟင်းပွဲကို ချက်နိုင်လိမ့်မည်မဟုတ်ဟု ယုံကြည်ထားလေသည်။၎င်းက တော်တော်လေး ခက်ခဲရှုပ်ထွေးလွန်းလှသည်။
လုပ်ဆောင်ရသည့် အဆင့်များကို ကောင်းစွာ မကိုင်တွယ်နိုင်လျှင် ဟင်းပွဲ၏ အရသာက ကြီးကြီးမားမားပြောင်းလဲသွားပေလိမ့်မည်။ပုဖန်၏ လက်ကောက်ဝတ်မှ အစိမ်းရောင်မီးခိုးငွေ့များထွက်ပေါ်လာပြီး ရွှေနါးအရိုးမီးဖိုချောင်သုံးဓားပေါ်လာသည်။သူ လက်ဖျောက်တစ်ချက်တီးလိုက်ရုံဖြင့် ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓားမှ တောက်ပလှသော အလင်းရောင်များထွက်ပေါ်လာပြီး စတင်လှည့်ပတ်လာလေသည်။
ထို့နောက် ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓားကို သေချာစွာ ဆုပ်ကိုင်လိုက်ပြီး ခြေထောက်များကို စတင်၍ ပြင်ဆင်လိုက်သည်။ဝမ်ရန်ချုံ၏ ဘေး၌ရှိနေသော ရေခဲသလင်းဓား၏ ဝန်းကျင်တွင် အေးစက်မှုများ လွှမ်းခြုံနေသလိုပင် ထင်ရသည်။သူက ဓားအတွင်းသို့ အစစ်အမှန်စွမ်းအင်များ ထည့်သွင်းလိုက်သည်နှင့် ဓားက အသက်ဝင်လာသလို ရှင်သန်ထမြောက်လာလေသည်။
သူ ရေခဲသလင်းဓားကို ဆုပ်ကိုင်လိုက်ပြီးနောက် ခြေထောက်မှ လက်သည်းများကို ခုတ်ဖြတ်လိုက်သည်။သံသံချင်း ရိုက်ခတ်သံမျိုး ထွက်ပေါ်လာပြီးနောက် ငှက်ခြေထောက်မှ မာကျောလှသော အကြေးခွံများက နေရာအနှံ့သို့ လွင့်စင်သွားလေသည်။
သူ့၏ လှုပ်ရှားမှုများက မြန်ဆန်သွက်လက်လာသည်။သူ ယခင်ကလည်း ထိုဟင်းပွဲကို ချက်ဖူးသောကြောင့် ပြင်ဆင်ရာတွင် ယုံကြည်မှု အပြည့်ရှိနေပေသည်။
တစ်ခြားတစ်ဖက်တွင်မူ ပုဖန်၏ လှုပ်ရှားမှုများက အေးဆေးလှသည်။သူက ကြက်ခြေထောက်ကို အသာဖိချည်ပြီးနောက် ဖင်တပြန်ခေါင်းတပြန် အထပ်ထပ်သေချာစွာကြည့်နေလေသည်။မည်သည့်အရာကို ရှာဖွေနေသည်လဲတော့ မည်သူမှ မသိပေ။
ပုဖန်၏ ဘေးနားမှ အကူကလည်း ငရုတ်သီးများကို သေချာစွာ လှီးဖြတ်နေသည်။လေအရှိန်က သူ့ဘက်သို့ ပြန်လည်တိုက်ခိုက်နေသောကြောင့် မျက်ဝန်းများပင် နီရဲနေပေပြီ။ပုဖန် လက်တစ်ချက်ဝှေ့ယမ်းလိုက်သည်နှင့် မဟူရာလိပ်ခုံးဒယ်အိုးပေါ်လာသည်။သူ ဒယ်အိုးထဲသို့ နွေဦးစမ်းရေများလောင်းထည့်လိုက်သည်။
သူ မီးလုံးတစ်လုံးကို မှုတ်ထုတ်လိုက်သည်နှင့် ပတ်ဝန်းကျင်၏ အပူခ်ျိန်က ချက်ချင်းမြင့်တက်လာခဲ့သည်။ပတ်ဝန်းကျင်ရှိ လူများအားလုံး၏ နှလုံးသားများအေးခဲသွားသည်။ဝမ်ရန်ချုံပင်လျှင် နစ်မြှုပ်မှုကို ခံစားလိုက်ရသည်။
"ဒီလူက ကောင်းကင်ကမ္ဘာမြေမီးလျှံကို အသုံးပြုပြီးချက်တယ်လား..."
ဝမ်ရန်ချုံ၏ မျက်ဝန်းထဲ၌ အံ့အားသင့်မှုများ အထင်းသားပေါ်လွင်နေသည်။ကောင်းကင်ကမ္ဘာမြေမီးလျှံက အလွန်ပင်ကြမ်းတမ်းပြီး မတည်ငြိမ်ပေ။ထို့အပြင် သူ့၏ အပူခ်ျိန်ကလည်း အလွန် တရာမြင့်မားလှသည်။
၎င်းက အလွန်ထိန်းချုပ်ဖ်ို့ ခက်ခဲလေရာ သာမန် စားဖိုမှူးတစ်ယောက်အနေဖြင့် ထ်ိုမီးလျှံကို အသုံးပြုပြီး ချက်ပြုတ်ရဲလိမ့်မည်မဟုတ်ပေ။ပုံမှန်အခြေအနေတွင် အစားကြူးတောင်ကြားမှ စားဖိုမှူးများအားလုံးက စိတ်ဝိညာဉ်စွမ်းအင်ရှ်ိသော ပစ္စည်းများကို လောင်ကျွမ်းစေသော မီးကိုသာ အသုံးပြုသည်။
ထိုမီးတောက်အမျိုးအစားက ပျော့ပျောင်းရုံသာမက စိတ်ဝိညာဉ် ပစ္စည်းများကို လောင်ကျွမ်းရာမှ ထွက်လာသော အခိုးအငွေ့များကလည်း ဟင်းပွဲကို အက်ျိုးကျေးဇူးအချိုးရရှိစေသည်။
ကောင်းကင်ကမ္ဘာမြေမီးလျှံ၏ အပူချိန်အောက်တွင် နွေဦးစမ်းရေများက လျင်မြန်စွာ ဆူပွက်လာလေသည်။အကူလူက ပုဖန်ကို ကြောင်အစွာကြည်ပနေသည်။အဘယ့်ကြောင့်ဆိုသော် ပုဖန်က ထိုစိတ်ဝိညာဉ် သားရဲ၏ လက်အကြေးခွံများကိုလည်း မချွတ်ရသေးသည့်အပြင် လက်သည်းများကိုလည်း မဖြတ်ရသေးပေ။
ပလုံ...ပလုံ...ပလုံ...
ပုဖန်က ခြေထောက်များကို အိုးထဲသို့ ထည့်လိုက်သည်နှင့် လျင်မြန်စွာပင် သွေးရောင်အရည်များ စိမ့်ထွက်လာလေသည်။
"ငရုတ်သီးတွေကို ဆက်လှီးလေ အကုန်လုံးလှီးပြီးသွားပြီဆိုတာနဲ့ ဒီအိုးထဲက ငရုတ်သီးတစ်ဇွန်းခပ်လိုက်ပြီးတော့ အဲ့ဒီ ငရုတ်သီးတွေနဲ့ သေချာရောပြီး ငရုတ်သီးအနှစ်လုပ်ထားလိုက်..."
ပုဖန်က သူ့၏ သိုလှောင်နယ်မြေထဲမှ ငရုတ်သီးအနှစ်ဘူးကို ထုတ်ယူလိုက်ပြီး အကူလူ၏ ဘေးနားတွင်ချပေးရင်းပြောလိုက်သည်။အကူလူက ဇဝေဇဝါအမူအရာဖြင့်သာခေါင်းညိတ်လိုက်သည်။
"ဒီလောက် ငရုတ်သီးတွေ အများကြီးကို ငရုတ်သီးအနှစ်တွေ ထပ်ထည့်ဦးမယ်လား..."
မည်သို့ပင်ဆိုစေ သူက အကူတစ်ယောက်သာဖြစ်သောကြောင့် မည်သည်မှ စောဒက မတက်တော့ပေ။ပုဖန်က ဆူပွက်နေသော မဟူရာလိပ်ခုံးဒယ်အိုးကို ကြည့်နေသည်။ဒယ်အိုးထဲမှ ရေများ အနီရောင်အဖြစ် လုံးလုံး ပြောင်းသွားသည်နှင့် သူ ဒယ်အိုးကို ရိုက်ချလိုက်၏။ဒယ်အိုးထဲမှ စ်ိတ်ဝိညာဉ် သားရဲ ခြေထောက်များ ပျံထွက်လာလေသည်။
ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓားသို့ အစစ်အမှန် စွမ်းအင်များ ထည့်သွင်းလိုက်သည်နှင့် နဂါးတစ်ကောင်၏ ဟိန်းဟောက်သံများထွက်ပေါ်လာသည်။ထို ဟိန်းဟောက်သံက ဘေး၌ရှိနေသော သူများကိုပင် နှလုံးခုန်မြန်သွားစေသည်။
အလင်းရောင်များ ဖြာထွက်လာပြီး ငှက်ခြေထောက်များ၏ အရေခွံကို လွယ်ကူစွာ ချွတ်ပစ်လိုက်လေသည်။ပုဖန်က အလွန်လျင်မြန်လှသောကြောင့် အကူလူ၏ မျက်လုံးထဲတွင် ရွှေရောင်အလင်းတန်းများသာ မြင်လိုက်ရသည်။ထို့နောက် ထိုခြေထောက်များ မီးဖိုဖုံပေါ် ကျလာသည့်အခ်ျိန်တွင် အားလုံး သန့်ရှင်းပြီးသားဖြစ်မေပေသည်။အပူငွေ့ထွက်နေဆဲဖြစ်သော ဖြူဖွေးနေသည့် ကြက်ခြေထောက်လေးများက တုန်ယင်နေပေ၏။
"ငရုတ်သီးအနှစ်ကို မြန်မြန်လေးလုပ်..."
ပုဖန်က ကြောင်အနေသော အကူကို ကြည့်၍ ပြောလိုက်သည်။ပါးစပ်အဟောင်းသားဖြစ်နေသော အကူက ချက်ချင်း ပါးစပ်စေ့လိုက်သည်။ထို့နောက် ကြွေပန်းကန်လုံးကြီးကို ဆွဲယူလိုက်ပြီး သူလှီးဖြတ်ထားသော ငရုတ်သီးများကို လောင်းထည့်လိုက်၏။ပြီးသည်နှင့် ပုဖန်ပေးထားသော ငရုတ်ဘူးထဲမှ ငရုတ်အနှစ်တစ်ဇွန်းခပ်၍ ရောလိုက်သည်။
ငရုတ်သီးဘူးကို ဖွင့်လိုက်သည့်အခ်ျိန်၌ အစပ်ရနံ့များက သူ့နှာခေါင်းထဲ အလုံးအရင်း တိုးဝင်သွားလေသည်။
"ဘုရားရေ..."
သူ့၏ နှာခေါင်းထိပ်များနီရဲလာပြီး မျက်လုံးထဲမှ သွေးကြောများပင် ထင်လာလေသည်။ထိုအစပ်ရနံ့က ကြောက်စရာကောင်းလှသည်။သူ ငရုတ်သီးများကို သေချာစွာ ရောနှောပြီးနောက် ပုဖန် ပြင်ဆင်ထားပြီးသည့် စိတ်ဝိညာဉ် အရည်တစ်ချို့ကို ရောနှောလိုက်သည်။ထို့နောက် တဖြေးဖြေးချင်း မွှေလိုက်လေသည်။
အချိန်ကြာကြာ မွှေပြီးသည့်နောက် ငရုတ်သီးများက ပျစ်နှစ်လာပြီး အနီရောင် ရဲတောက်လာလေသည်။တောက်ပလှသော ငရုတ်ရည်ထဲတွင် ငရုတ်ဖတ်တစ်ခုမှ မရှိတော့ပဲ အောက်ခြေသို့ နစ်မြှုပ်သွားပြီ ဖြစ်သည်။
သူအချိန်တော်တော်ကြာအောင် မွှေပြီးနောက် ထိုငရုတ်နံ့များကြောင့် သွေးအန်ထွက်တော့မလို ခံစားရသည့် အခ်ျိန်၌ ပုဖန် အသံ ထွက်ပေါ်လာသည်။
"ရလောက်ပြီ..."
သူ ပုဖန်အသံကိုကြားလိုက်သည်နှင့် ခပ်လှမ်းလှမ်းသို့ အလျင်အမြန် ပြေးသွားလိုက်ကာလေအေးများကို ရှူရှိုက်လိုက်သည်။ပုဖန်က စိတ်ဝိညာဉ် သားရဲ ခြေထောက်များကို ပန်းကန်လုံးထဲသို့ သေချာစွာ စီထည့်လိုက်သည်။
မလှမ်းမကမ်းတွင်ရှိနေသော ဝမ်ရန်ချုံ၏ မျက်နာက အလင်းထပ် မီးရဲကဲ့သို့ပင် တောက်ပနေလေသည်။သူ့လက်ထဲမှ မီးဖိုချောင်သုံးဓားကလည်း အလွန် လျင်မြန်လှသော အရှိန်ဖြင့် စဉ်းနှီးတုံးဖြင့် တဖျတ်ဖျတ် ထိတွေ့နေသည့် အသံကို ကြားနေရသည်။သူက ပုဖန် နေရာကို လှမ်းကြည့်လိုက်ပြီး ယုံကြည်မှုအပြည့်ဖြင့် ပါးစပ်ဖွင့်ဟလိုက်သည်။
"လောင်ကျွမ်းနှလုံး ဆုတ်ဖြဲလက်သည်း ဟင်းပွဲ ပြီးပြီ..."
ဝမ်ရန်ချုံက လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး အိုး၏ အဖုံးကို ရိုက်လိုက်သည်။အိုးထဲမှ ပွက်ပွက်ဆူနေသော ငရုတ်အနှစ်များကြားထဲမှ ငှက်ခြေထောက်တစ်ချောင်းကို ဆွဲထုတ်ယူလိုက်သည်။