အခန်း ၅၈၂
ခဗျားကိုကြည့်မရတာ တော်တော်ကြာပြီ...
ဝမ်ရန်ချုံက ချက်ပြုတ်၍ ပြီးသွားလေပြီ အနီရောင်ရဲရဲနီနေသော ငရုတ်သီးအနှစ်ထဲမှ တောက်ပနေသော ငှက်ခြေထောက်လေးများက ကြည့်၍ ကောင်းလှပေသည်။
ဝမ်ရန်ချုံက ပန်းကန်ထဲထည့်၍ ပြင်ဆင်လိုက်ပြီးနောက် သူ့လက်ထဲမှ ငှက်ခြေထောက်ကို အစစ်အမှန်စွမ်းအင်များဖြင့် ဖိလိုက်သည်နှင့် အချိုရည်လေးများ စိမ့်ထွက်လာလေသည်။သူက ထို ငှက်ခြေထောက်များကိုကြည့်၍ အလွန်ပင် စိတ်ကျေနပ်နေမိသည်။
ဒီတစ်ကြိမ် လောင်ကျွမ်းနှလုံးဆုတ်ဖြဲလက်သည်း ဟင်းပွဲက ကောင်းမွန်စွာ ပြီးဆုံးသွားလေသည်။ထိုဟင်းပွဲက ဒုတိယအဆင့် ဟင်းပွဲဖြစ်သော်လည်း ချက်ပြုတ်သည့်နေရာတွင် သူစွမ်းအားအများကြီး ကုန်ခမ်းမသွားပေ။ထို့အပြင် သူ့၏ ဟင်းပွဲ၏ အရသာက လူအားလုံးကို အံ့အားသင့်သွားစေနိုင်မည်ဟုလည်း ယုံကြည်မှုရှိပေသည်။
"ကြီးမြတ်သော ဓားအာဏာရှင် ကျေးဇူးပြုပြီး မြည်းကြည့်ပါဦး..."
ဝမ်ရန်ချုံက ခပ်လှမ်းလှမ်းတွင်ရှိနေသော ဓားအာဏာရှင်ကိုလှမ်းကြည့်၍ ပြောလိုက်သည်။
ဓားအာဏာရှင်၏ မျက်ဝန်းများက တောက်ပသွားသည်။သူ စိတ်အားထက်သန်စွာဖြင့် ဝမ်ရန်ချုံ၏ ဘေးနားသို့ ရောက်လာလေသည်။ရင်းနီးကျွမ်းဝင်နေသော ဟင်းပွဲက သူ့ကို အလွန်ပင် စိတ်လှုပ်ရှားစေသည်။
သူ ပန်းကန်ထဲမှ ငှက်ခြေထောက်တစ်ချောင်းကို ယူလိုက်သည်။သိပ်သည်းလှသော မွှေးရနံ့များကြောင့် တောင့်မခံနိုင်တော့ပဲ ခပ်မြန်မြန်စားလိုက်သည်။ပါးစပ်ထဲ ထည့်လိုက်သည်နှင့် ခြေထောက်၌ရှိနေသော အသားလေးများက နူးညံ့နေပြီး ဆီလေးများ စိမ့်ထွက်လာသည်ကို ခံစားလိုက်ရသည်။
အသားကိုလည်း အနည်းငယ်ဝါးရသည်။သူ့၏ ပါးစပ်ထဲ၌ပင် ခုန်နေသလိုဖြစ်နေပြီး ထိုအရသာကို မျက်စိမှိတ်၍ ခံစားမိနေသည်။အိနေအောင်ချက်ထားသောကြောင့် ကိုက်ရသည်မှာလည်း မခက်ခဲပေ။သူ ထိုအရသာက တကယ်ကို ယစ်မူးစေနိုင်စွမ်းပေသည်။
.....
"ကြည့်နေတာရပ်ပြီးတော့ ငါ့အတွက် ပေါင်းအိုးပြင်ပေး..."
ပုဖန်က သရေတများများကျနေသော အကူလူက်ိုပြောလိုက်သည်။ခဏမျှကြောင်အသွားပြီးနောက် သူ့ခေါင်းထဲ၌ မေးခွန်းများ ပြည့်နှက်သွားလေသည်။
"ဘာအတွက် ပေါင်းအိုးပြင်မှာလဲ...ချက်နည်းထဲမှာ အဲ့ဒါ မပါဘူးလေ ဟုတ်တယ်မဟုတ်လား..."
သူသည်လည်း ချက်နည်းကို ကြည့်ထားသည်ဖြစ်လေရာ သေချာသိပေသည်။
"ဒီချက်နည်းက မပြည့်စုံဘူး...ဒီအတိုင်းလိုက်ချက်လို့ရှိရင်လည်း အရသာက ဆိုးမှာ မဟုတ်ဘူးဆိုပေမယ့် ချို့ယွင်းချက်တော့ရှိနေတယ် ဘာကြောင့်လဲဆိုတော့ ငရုတ်အနှစ်ရဲ့ အရသာက ငှက်ခြေထောက်ထဲကို လုံးဝ စိမ့်ဝင်သွားမှာမဟုတ်ဘူး..."
ပုဖန်က စိတ်ရှည်လက်ရှည်ဖြင့် ရှင်းပြလိုက်သည်။အကူလူ၏ မျက်နာထက်တွင် ရှုပ်ထွေးမှုများ ပြည့်နှက်သွားလေသည်။
"တကယ်ပဲ အဲ့ဒီလိုလား...ဒါပေမယ့် ဝမ်ရန်ချုံက မပေါင်းဘူးလေ...အဲ့ဒါတောင် ကြီးမြတ်သောဓားအာဏာရှင်က စိတ်ကျေနပ်နေတာပဲမဟုတ်ဘူးလား...အရသာက တကယ်ပဲ ကွာခြားမှာဟုတ်လို့လား...အခုလည်း အဆင်ပြေနေတာပဲလေ မဟုတ်ဘူးလား...ဒီတော့ မပေါင်းဘူးဆိုလည်း ပြဿနာမရှိဘူး ဟုတ်တယ်မဟုတ်လား..."
"ထားလိုက်တော့ ထင်းတုံးတွေနဲ့ စိတ်ဝိညာဉ် ဆိုင်ရာ ပစ္စည်းတွေကိုပဲ သွားပြီး ပိုင်းဖြတ်လိုက်တော့..."
ပုဖန်က သူ့ကို မယုံကြည်ပုံဖြင့် ကြည့်နေသောသူ၏ မျက်နာအမူအရာကို မြင်လိုက်ပြီးနောက် အတွေးပြောင်းသွားသည်။
"ထင်းသွားခုတ်ရမယ်..."
အကူလူက ထိုအကြောင်းကို နားမလည်သော်လည်း ငြင်းပယ်မှု မလုပ်ပေ။သို့သော်လဲ ယခုတွင် သူပုဖန်အပေါ် ယုံကြည်နေခြင်းမရှိတော့ပေ။
"ချက်နည်းလမ်းညွှန်အတိုင်း မလုပ်ဘူးဆိုရင် ဒီဟင်းပွဲက အရသာကောင်းန်ိုင်ပါဦးမလား..."
ပုဖန်က ငရုတ်သီးများ မတန်တဆထည့်ထားခဲ့လေရာ ထိုအရသာက မည်ကဲ့သို့ ပြောင်းလဲသွားမည်ကိုလည်း မသိနိုင်ပေ။မည်သို့ပင်ဆိုစေ ပုဖန်က ထိုအကူသူ၏ သံသယမကင်းသည့် အကြည့်များကို ဂရုမစိုက်ပေ။ထပ်မံ၍ ရှင်းပြချင်စိတ်လည်းမရှိတော့သောကြောင့် လျစ်လျုရှုထားလိုက်သည်။
သူကိုယ်တိုင်ပင် ပေါင်းအိုးကိုပြင်ပြီး ငရုတ်နှစ်များကို ထည့်လိုက်သည်။ထွက်ပေါ်လာသော အစပ်ရနံ့က ပြင်းထန်လှသောကြောင့် ရှုရှိုက်မိသည့် သူများကိုပင် နာကျင်စေလေသည်။
ငှက်ခြေထောက်များကို သေချာစွာ နေရာတကျ ထည့်လိုက်ပြီးနောက် အဖုံးကို အုပ်ထားလိုက်သည်။သူ နောက်ဆုံးအဆင့်ကို ပြင်ဆင်ပြီးပေပြီ အကူသူကလည်း ထင်းတုံးများ ခုတ်ပြီးပြီ ဖြစ်။ထိုထင်းတုံးက စိတ်ဝိညာဉ် စွမ်းအင်များရှိသည့် အမျိုးအစားဖြစ်သော မက်မွန်ပင်ဖြစ်သည်။
ထိုသစ်လုံး၏ အရောင်က လိမ္မော်မကျ အဝါမကျ မျိုးဖြစ်ပြီး လောင်ကျွမ်းသည့်အခါတွင်လည်း မွှေးရနံ့များကို ထုတ်လွင့်ပေးနိုင်သည်။ပုဖန်က မဟူရာလိပ်ခုံးဒယ်အိုးကို သူ့စွမ်းအင်များဖြင့် ထိန်းချုပ်လိုက်ပြီး လေထဲ၌ လွင့်မျောစေလိုက်သည်။
ထို့နောက်ကောင်းကင်ကမ္ဘာမြေမီးလျှံကို မှုတ်ထုတ်လိုက်ပြီး ထို မက်မွန်သစ်များကိုလောင်ကျွမ်းစေလိုက်၏။မဟူရာလိပ်ခုံးဒယ်အိုးအောက်တွင် မီးတောက်များ အရှိန်ပြင်းပြင်းဖြင့် တောက်လောင်နေလေသည်။ခဏအကြာ၌ ပေါင်းအိုးထဲမှ အသံများထွက်ပေါ်လာလေသည်။
ပုဖန် အိုးအဖုံးကို ဖွင့်လိုက်သည်နှင့် အပူငွေ့များ လုံးခနဲ ထွက်ပေါ်လာသည်။ပေါင်းအိုးထဲမှ ငှက်ခြေထောက်လေးများပင် အခိုးအငွေ့များကြောင့် ခပ်ဝါးဝါးသာ မြင်ရလေသည်။ခပ်ဝေးဝေးတွင်ရှိနေသော သူများကလည်းပုဖန်၏လှုပ်ရှားမှုများကြောင့် ဆွဲဆောင်ခံလိုက်ရသည်။
"ပေါင်းအိုး ..."
သူတို့၏ မျက်နာများက ထူးဆန်းသွားကြလေသည်။
"ဘာလို့ ပေါင်းအိုးကို သုံးတာလဲ...ချက်နည်းထဲမှာ ပေါင်းအိုး သုံးရမယ်လို့ မပါဘူးလေ...ပုဖန်က ချက်နည်းအညွှန်းကို သူဘာသာသူ ပြောင်းလိုက်တာလား..."
ဝမ်ရန်ချုံ ခဏမျှ မှင်သက်သွားပြီးနောက် အေးစက်စွာ ရယ်မောလိုက်သည်။ဒီချက်နည်းအညွှန်းက သူတို့ အစားကြူးတောင်ကြားမှ ဒုတ်ိယတန်းစား ဟင်းပွဲဖြစ်သည်။ထိုစားဖိုမှူးက ဒီတိုင်းပြောင်းလဲလို့ ရလိမ့်မည်မဟုတ်ပေ။
ကြီးမြတ်သော ဓားအာဏာရှင်၏ မျက်နာကလည်း လေးနက်တည်ငြိမ်သွားသည်။ပုဖန်က အဆင့်များကိုပြောင်းလဲလိုက်သောကြောင့် သူ မပျော်မရွှင်ဖြစ်သွားလေ၏။ထိုကဲ့သို့ ချက်နည်းကို ပြောင်းလဲလိုက်ခြင်းက သူ့၏ နှလုံးသားကို ပြောင်းလဲလိုက်သည်နှင့်ပင် တူနေသည်။
အစားချစ်သူတစ်ယောက်အတွက်တော့ ခွင့်မလွှတ်နိုင်စရာအပြူအမူပင်ဖြစ်၏။ပုဖန်ကမူ အားလုံး၏ အတွေးများကို သတိမပြုမိပေ။မျက်မှောက်ကြုတ်၍ ပေါင်းအိုးကိုကြည့်နေလေသည်။အခိုးအငွေ့များလွင့်ပါးသွားပြီး ငှက်ခြေထောက်များ လှုပ်ရှားသွားသည်နှင့် တစ်ပြိုင်နက် သူ့၏ နှုတ်ခမ်းထောင့်စွန်းလေးများ တွန့်ကွေးသွားလေသည်။
မက်မွန်သစ်များအားလုံး လောင်ကျွမ်းသွားပြီးသည်နှင့် အခိုးအငွေ့များလည်း ပျောက်ကွယ်သွားလေပြီ ။နောက်ဆုံး၌ ပေါင်းအိုးထဲတွင် ငြိမ်သက်စွာရှိနေသည့် ငှက်ခြေထောက်လေးများသာကျန်တော့သည်။
"မာလာ ကြက်ခြေထောက်ပြီးသွားပြီ..."
ပုဖန်က အားလုံးကို ဝေ့ဝဲကြည့်ရင်း တည်ငြိမ်စွာပြောလိုက်သည်။
ပုဖန်၏ အကူကျင့်ကြံသူမျက်နာက ဖြူဖျော့နေပေသည်။အဘယ့်ကြောင့်ဆိုသော် ဟင်းပွဲ ပြီးဆုံးသွားသည့်အချိန်တွင် ဓားအာဏာရှင်၏ တည်ငြိမ်လေးနက်နေသော မျက်နာကို သတိပြုမိလိုက်သောကြောင့် ဖြစ်သည်။
ပြဿနာထဲ ကျရောက်နေပြီဖြစ်ကြောင်း သိလိုက်ပြီး နှလုံးသားထဲ၌ ငိုကြွေးသံများ ဆူညံနေလေပြီ။ဒီစိတ်ဝိညာဉ် ပင်လယ်ထဲတွင် သူတို့၏ သေခြင်းရှင်ခြင်းကို ကြီးမြတ်သောဓားအာဏာရှင်ကသာ ဆုံးဖြတ်ရမည်ဖြစ်သည်။ထိုပုဖန်က သူဆန္ဒရှိသလို ချက်နည်းအညွှန်းကို ပြောင်းလဲပစ်လိုက်ပြီး ဓားအာဏာရှင် ဒေါသထွက်အောင်လုပ်ရဲပေသည်။
အကယ်၍ ဓားအာဏာရှင်သာ ဒေါသများ ပေါက်ကွဲသွားပြီး သူတို့ကို တိုက်ရိုက်သတ်ပစ်လိုက်လျှင် သူ့၌ ငိုဖို့ပင် အချိန်ရှိလိမ့်မည်မဟုတ်ပေ။
အားလုနှင့် အားဝေတို့၏ ဟင်းပွဲကလည်း ပြီးဆုံးသွားလေပြီ။ရှုရမိန်းမပျိုနှင့် လျို့လီတို့၏ ဟင်းပွဲလည်း ပြီးသွားလေပြီ။
သူတို့အားလုံးတစ်စုံတစ်ရာ မှားယွင်းနေသလို ခံစားလိုက်ရသည်။ဓားအာဏာရှင်၏ အမူအရာက အလွန်ပင်လေးနက်နေပြီး သူ့မျက်ဝန်းထဲ၌ ဓားစွမ်းရည်များ လှည့်လည်နေသလို ခံစားလိုက်ရသည်။
စွမ်းအင်များက ကြောက်စရာကောင်းလှပြီး အရာရာအားလုံးကို ဖြတ်တောက်ပစ်တော့မလို စွမ်းအားကြီးလှသည်။သူတို့အားလုံး၏ နှလုံးသားများတင်းကျပ်သွားကြသည်။
ခဏအကြာ၌ ကြီးမြတ်သောဓားအာဏာရှင်က လက်တစ်ချက်ဝှေ့ယမ်းလိုက်သည်နှင့် လောင်ကျွမ်းနှလုံး ဆုတ်ဖြဲလက်သည်းဟင်းပွဲအားလုံး သူ့ဆီသို့ ပျံသန်းသွားလေသည်။
ပုဖန်နှင့် ဝမ်ရန်ချုံမှလွဲ၍ ကျန်သည့်သူများအားလုံး သတိအပြည့်ဖြင့် တောင့်တင်းသွားလေသည်။သူတို့ စိတ်လှုပ်ရှားထုံကျင်စွာဖြင့်ပင် တံတွေးတစ်လုတ်မျိုချလိုက်မိကြသည်။
ပုဖန်က သူ့ဟင်းပွဲသူ ယုံကြည်မှုရှိလိုက်သောကြောင့် အလွန်ပင်အေးဆေးနေလေသည်။ဝမ်ရန်ချုံကလည်း ကြီးမြတ်သော ဓားအာဏာရှင်ဆီမှ အသိအမှတ်ပြုမှုကိုပင် ရထားပြီးပြီဖြစ်သောကြောင့် အေးဆေးတည်ငြိမ်နေသည်။
သို့သော်လည်း သူက ပုဖန်ကိုလူသေတစ်ယောက်ကိုကြည့်သောအကြည့်များဖြင့် ကြည့်နေလေသည်။ကိုယ့်သဘောနှင့်ကိုယ် ချက်နည်းအညွှန်းကို ပြောင်းလဲပစ်ရဲသည်ဆိုသည်မှာ အစားကြူးတောင်ကြားထဲမှာဆိုလျှင် ဝက်တစ်ကောင်ကဲ့သို့ ဆွဲခေါ်ပြီး လှောင်အိမ်ထဲ ချုပ်ထားခံရပေမည်။ထိုလူက ကိုယ့်သေတွင်းကိုယ်ပင် တူးရဲနေပေသည်။သူက သေရမှာမကြောက်ခြင်းဖြစ်နိူင်ပေသည်။
ခဏပဲစောင့်နေလိုက်ပါ...ပြီးရင် ကြီးမြတ်သော ဓားအာဏာရှင်က မင်းကို အစိတ်စိတ်အမွှာမွှာဖြစ်အောင် ဆွဲဖြဲလိုက်မယ်...
မူလက သူ ထိုလူကို သူ့၏ ပြိုင်ဘက်အဖြစ် သတ်မှတ်ထားခဲ့သည်။သို့သော်လည်း သူက ကိုယ်လည်ပင်းကိုယ်ချွတ်၍ ဆပ်သနေလေရာ သူ့ပြိုင်ဘက်ဖြစ်ဖို့ မထိုက်တန်တော့ပေ။
"မင်း ဘာလို့ ငါပေးထားတဲ့ ချက်နည်းကို ပြောင်းလိုက်တာလဲ မင်းကိုယ်မင်း ဘယ်သူလို့ထင်နေတာလဲ..."
ကြီးမြတ်သော ဓားအာဏာရှင်က အေးစက်စွာပြောလိုက်သည်။သူ့၏ အကြည့်များ ပုဖန်ကိုယ်ပေါ်သို့ ကျရောက်လာသည်နှင့် ပုဖန် မျက်မှောင်ကြုတ်လိုက်မိသည်။သူ့ခန္ဓာကိုယ်ကို ဓားဖြင့် မွှန်းနေသကဲ့သို့ မသက်မသာ ခံစားလိုက်ရသည်။
ဝှိုက်တီ၏ မျက်ဝန်းများက ခရမ်းရောင်တောက်ပသွားသည်။သူ အရှေ့ကို တစ်လှမ်းတိုးလိုက်ပြီးနောက် ပုဖန်ရှေ့၌ ကာရပ်လိုက်ကာ ခန္ဓာကိုယ်မှ စွမ်းအင်များကို ထုတ်လွင့်လိုက်သည်။
ဝှ်ိုက်တီ၏ ခန္ဓာကိုယ်ပေါ်မှ သံချပ်ကာဝတ်စုံဆီမှလည်း အသံများထွက်ပေါ်လာပြီးနောက် သူ့နောက်ကျောဘက်ဆီမှ တောင်ပံတစ်စုံက ပြန့်ကားလာလေသည်။ဝှိုက်တီ၏။တ်ိုက်ခိုက်ရေး အသက် ဝင်လာပေပြီ။
"ကြီးမြတ်သောသခင် ကျွန်တော် ကျွန်တော်က သူ့ကို သတိပေးခဲ့ပါတယ်...ဒီအညွှန်းပြောင်းလိုက်တာက ကျွန်တော်နဲ့ ဘာမှမဆိုင်ပါဘူး..."
တွဲဖက်အကူက မျက်လုံးများပြူးကျယ်နေပြီး ကမန်းကတန်း ဝင်ပြောလိုက်လေသည်။
"ဒီချက်နည်းက မပြည့်စုံဘူး...အဲ့ဒီတော့ ကျုပ်က ဘာလို့ မပြောင်းရမှာလဲ...ပြီးတော့ ကျုပ်ပြောင်းချင်ရင်ပြောင်းမှာပေါ့...ဘာလို့ ခင်ဗျားရဲ့ ခွင့်ပြုချက်လိုဦးမှာလဲ... ကျုပ်က စားဖိုမှူး ခင်ဗျားကဘာလဲ..."
ပုဖန်က ကြီးမြတ်သောဓားအာဏာရှင်ကို တစ်ချက်ကြည့်လိုက်ပြီး မျက်နာသေဖြင့်ပင် ပြောလိုက်သည်။သူ့စကားကို ကြားလိုက်သည်နှင့် အားလုံး၏ အမူအရာများ ပြောင်းလဲသွားလေသည်။ဒီစားဖိုမှူးလေးက ကြီးမြတ်သော ဓားအာဏာရှင်ကို တကယ်ကြီးဆန့်ကျင်ရဲပေသည်။ဒါက မသေမျိုးဝိညာဉ် အဆင့်၏ စိတ်ဝိညာဉ် ပင်လယ်ဖြစ်သည်။ပုဖန်က ဟန်လီ၏ သေဆုံးမှုကို သင်ခန်းစာမယူထားဘူးလား...
"ဘယ်လိုတောင် ရိုင်းစိုင်းလိုက်သလဲ...ဒီသခင်က နဂါးမြို့ဟောင်းတိုက်ကြီးတစ်ခွင်မှာ နှစ်တစ်ရာမက ကျင်လည်ကျက်စားခဲ့ပြီးပြီ ဒီသခင်ရဲ့ လက်ထဲမှာလည်း မရေမတွက်နိုင်လောက်တဲ့ ကျင့်ကြံသူတွေ သေဆုံးခဲ့ပြီးပြီ မင်းလိုမျိုး အဆင်အခြင်မဲ့တဲ့ ကောင်လေးမျိုးဆိုရင် ငါသတ်ခဲ့တာမရေနိုင်တော့ဘူး...မင်းက သေရမှာမကြောက်ဘူးလား..."
ကြီးမြတ်သောဓားအာဏာရှင်က သူ့၏ စွမ်းအင်များကို ထုတ်ဖော်လိုက်သည်နှင့် နောက်ကျောဘက်တွင် ဓားပုံသဏ္ဍာန်အရိပ်တစ်ခု ပေါ်လာလေသည်။လူအားလုံး၏ နှလုံးသားများ တောင့်တင်းအေးစက်သွားကြလေသည်။
သူတို့က နဂါးမြို့ဟောင်းတိုက်ကြီး၏ ပြိုင်ဘက်ကင်းလှသော ကြီးမြတ်သောဓားအာဏာရှင်ကို မြင်တွေ့လိုက်ရပေပြီ။ထိုသူက တကယ့်ကို အစစ်အမှန် အာဏာရှင်ပင်ဖြစ်သည်။
"ခင်ဗျားရဲ့ မော်ကြွားမှုတွေက ဘယ်ကလာလဲဆိုတာကို ကျုပ်တကယ်မသိဘူး...ခင်ဗျားက အံ့သြသင့်စရာကောင်းပါတယ် ဒါပေမယ့်လည်း သေသွားပြီးပြီလေ..."
ပုဖန်က မျက်နာအမူအရာတစ်ချက်ပင်မပြောင်းပဲ အေးဆေးစွာ ထပ်ပြောလိုက်သည်။
မင်းက သေသွားပြီးပြီ...
အားလုံး လေအေးတစ်ချက်ရှိုက်လိုက်မိကြသည်။ဒီစားဖိုမှူးလေးက တကယ်ကြီး ပြောရဲပေသည်။သူက ကြီးမြတ်သောဓားအာဏာရှင်၏ အားနည်းချက်ကို ဒက်ထိ ထိမှန်သွားပေပြီ။ကြီးမြတ်သော ဓားအာဏာရှင်က သေဆုံးသွားသည်ဆိုသော်မှာ တကယ့်အဖြစ်အမှန်ဖြစ်သော်လည်း သူ့၏ စိတ်ဝိညာဉ်ပင်လယ်ထဲတွင် သူတို့၏ သေခြင်းရှင်ခြင်းကို ဆုံးဖြတ်ခွင့်ရှိပေသည်။
"ဒီစားဖိုမှူးက ကြီးမြတ်သောဓားအာဏာရှင်ကို ဒေါသထွက်အောင်ရန်စပြီး သူတို့ကိုပါ တစ်ခါတည်း ဂူသွင်း မြှုပ်နှံဖို့ ကြံစည်နေတာလား..."
သို့သော်လည်း အားလုံး မျှော်လင့်ထားသည်နှင့် ဆန့်ကျင်စွာပင် ဓားအာဏာရှင်၏ စွမ်းရည်များ ပျောက်ကွယ်သွားပြီး အေးဆေးသည့် အပြုံးတစ်ခု ထွက်ပေါ်လာသည်။သို့သော်လည်း ထိုအပြုံးက မည်သို့ပင် ကြည့်ကြည့် ကြောက်စရာကောင်းနေတုန်းဖြစ်သည်။
အဘယ့်ကြောင့်ဆ်ိုသော် ဓားအာဏာရှင်က လက်တစ်ချက်ဝှေ့ယမ်းလိုက်သည်နှင့် လျို့လီနှင့် ရှုရမိန်းမပ်ျိုတို့၏ ဟင်းပွဲက သူ့လက်ထဲ ရောက်သွားသည်။သူက စိတ်ဝိညာဉ် သားရဲ ခြေထောက်ကို ယူ၍ တစ်ကိုက်ကိုက်လိုက်သည်နှင့် အရိုးအက်ကွဲသံက ဧရိယာတစ်ခွင်လုံးက်ို ဖုံးလွှမ်းသွားလေသည်။
"အစပ်အရသာက မလုံလောက်ဘူး...အသားရဲ့ အရသာကလည်း နူးညံ့မှုအပြည့်မရှိဘူး...အဆင့်မမီဘူး သေတော့..."
ကြီးမြတ်သော ဓားအာဏာရှင်၏ စကားကို ကြားလိုက်ရသည်နှင့် လျို့လီနှင့် ရှုရမိန်းမပျိုတို့၏ မျက်နာအရောင်က ပြောင်းလဲသွားလေသည်။သို့သော်လည်း ကြီးမြတ်သော ဓားအာဏာရှင်က မည်သည့်လှုပ်ရှားမှုမှ မလုပ်ပဲ အားလုနှင့် အားဝေတို့၏ ဟင်းပွဲကိုသာ လှမ်းဆွဲလိုက်သည်။
အရိုးအက်ကွဲသံ ထွက်ပေါ်လာပြန်သည်။
"အသားရဲ့ အရသာက အရမ်းမာနေတယ်...ဒီငှက်ခြေထောက်ထဲက စိတ်ဝိညာဉ် စွမ်းအင်တွေက ပျောက်ဆုံးသွားတယ် အဆင့်မမီဘူး...သေတော့..."
အားလုနှင့် အားဝေတို့ ညီကိုနှစ်ယောက်လည်း ထိုစကားသံကို ရှင်းလင်းစွာကြားလိုက်ရသည်။သူတို့ ကြားလိုက်ရသည်နှင့် သူတို့၏ စိတ်ဝိညာဉ်က တုန်ခါသွားပြီး မျက်နာတွင် ကြောက်ရွံ့မှုများ ပြည့်နှက်သွားလေသည်။
အခြားတစ်ဖွဲ့ကလည်း သူတို့နည်းတူပင် တူညီသော စကားကိုပင် ကြားလိုက်ရသည်။ကြီးမြတ်သော ဓားအာဏာရှင် ဒေါသထွက်နေလျှင် သူတို့ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းခံရမည်ကို သိကြပေသည်။ပုဖန်၏ အလှည့်သို့ ရောက်လာပေပြီ။ကြီးမြတ်သော ဓားအာဏာရှင်က ပန်းကန်ထဲမှ ငှက်ခြေထောက်ကို နှိုက်ယူလိုက်သည်။
သူ့၏ အမူအရာက ချက်ချင်းပြောင်းလဲသွားလေသည်။ဗသူ့လက်ထဲကြက်ခြေထောက်ရောက်သည်နှင့် တခြားသူများနှင့် ကွာခြားနေသည်ကို ခံစားလိုက်မိသည်။အနံ့ကလည်း သူ့နှာခေါင်းထဲသို့ တိုးဝင်လာသောကြောင့် မျက်မှောင်ကြုတ်လိုက်မိသည်။ပုဖန်က သူ့ကို တည်ငြိမ်စွာသာကြည့်နေလေသည်။ကြက်ခြေထောက်ကို တစ်ကိုက်ကိုက်လိုက်သည်။
ဂျွတ်...
ခဏမျှ ဝါးလ်ိုက်မိပြီးသည်နှင့် သူ့၏ မျက်ဝန်းများ ကျဉ်းမြောင်းသွားသည်။နှာခေါင်းက ပွလာပြီး လေများမှုတ်ထုတ်လိုက်လေသည်။
ဂျွတ်...ဂျွတ် ..
.ရှလွတ်...ရှလွတ်...
ကြီးမြတ်သော ဓားအာဏာရှင်က မည်သည့်စကားမှ မဆိုပဲ သူ့ပါးစပ်ထဲမှ ကြက်ခြေထောက်ကိုသာ အဆက်မပြတ်ဝါးနေလေသည်။သူ့၏ မျက်ဝန်းများကလည်း ပို၍ သိပ်သည်းသထက် သိပ်သည်းလာသည်။
ကြက်ခြေထောက်တစ်ချောင်းလုံးကို လျှင်မြန်စွာ စားလိုက်ပြီးသည့်နောက် သူ့မျက်နာတစ်ခုလုံး နီရဲနေပေသည်။စားပြီးသည်နှင့် သူ့၏ လက်ချောင်းများကို လျက်လိုက်ကာ အသက်ပြင်းပြင်းတစ်ချက် ရှိုက်ထုတ်လိုက်သည်။သူ့နှာခေါင်းထိပ်တွင်လည်း ချွေးများသီးနေပေပြီ။အားလုံး ကြောင်အငေးမောနေမိကြသည်။
"ဘာတွေ ဖြစ်သွားတာလဲ...ကြီးမြတ်သော ဓားအာဏာရှင်က ဘာလုပ်လိုက်တာလဲ...ပုဖန်ရဲ့ ကြက်ခြေထောက်ကို သူ ကုန်အောင် စားလိုက်တာလား..."
ဝမ်ရန်ချုံ၏ နှလုံးသားက နစ်မြှုပ်သွားလေသည်။ထိုကြီးမြတ်သော ဓားအာဏာရှင်က သူ့၏ဟင်းပွဲကို တစ်ကိုက်မျှသာ ကိုက်ခဲ့သော်လည်း ပုဖန်၏ ကြက်ခြေထောက်ကိုတော့ ကုန်အောင်စားလိုက်ပေသည်။
"သူက ထပ်ပြီး ရှုံးနိမ့်ဦးမှာလား..."
နောက်ဆုံး၌ ကြီးမြတ်သော ဓားအာဏာရှင်က ခဏမျှ တိတ်ဆိတ်နေပြီးနောက် သူ့၏ အက်ရှရှအသံနှင့် စကားပြောလိုက်သည်။
"ဘာလို့ ဒါက အရမ်းစပ်နေတာလဲ...ဘာလို့ ဒီအရသာက ဆန်းကြယ်ပြီး ကောင်းမွန်နေတာလဲ..."
ပုဖန်က ကြီးမြတ်သောအာဏာရှင်ကို အမူအရာမဲ့စွာဖြင့် ကြည့်လိုက်ပြီးနောက် နှုတ်ခမ်းတစ်ဖတ်တွန့်ကွေးရုံ ပြောလိုက်သည်။
"ကျုပ်ပြောခဲ့ပြီးသား...ခင်ဗျားရဲ့ ချက်နည်းက ပြဿနာရှိနေတယ်..."
"ချက်နည်းအညွှန်းမှာ ပြဿနာရှိနေတယ်..."
ကြီးမြတ်သောဓားအာဏာရှင်က ခေါင်းမော့ကြည့်လိုက်သည်။သူ့၏ ခန္ဓာကိုယ်မှ စွမ်းအင်များ နောက်တစ်ဖန် ထွက်ပေါ်လာပြီးနောက် သူ့နောက်ကျောဘက်တွင် ကြောက်စရာကောင်းလှသော စွမ်းအင်များဖြင့် ပြည့်သိပ်နေသော ဓားတစ်လက် ပေါ်လာပေသည်။
"ဒီအရသာက ကောင်းနေတယ်ဆိုရင်တောင်မှ မင်းကိုငါက အညွှန်းပြောင်းလဲခွင့်မပေးထားဘူး...ဒီတော့ မင်း မဖြတ်ကျော်နိုင်ဘူး...မင်းလည်း ဒီမှာပဲ သေရမယ်..."
စွမ်းအင်များ ပြန့်နှံ့ထွက်ပေါ်လာသည်နှင့် အားလုံး၏ အမူအရာက အေးခဲသွားသည်။သူတို့ မျှော်လင့်ထားသကဲ့သို့ပင်။မျက်မှောင်ကြုတ်လ်ိုက်သည်။ထက်မြေ့လှသော ဓားစွမ်းအင်များက သူ့ကို ဖြတ်သန်းသွားသောကြောင့် ဆံပင်များ ပြေလျော့သွားလေသည်။
ကြီးမြတ်သော ဓားအာဏာရှင်ကို စူးစိုက်ကြည့်လိုက်ပြီး စကားတစ်ခွန်းဆိုလိုက်သည်။
"မဖြတ်ကျော်နိုင်ဘူးဟုတ်လား...ခင်ဗျားက ကျုပ်ဟင်းပွဲကို ဆုံးဖြတ်ပိုင်ခွင့်မရှိဘူး...ကျုပ် ခင်ဗျားကို ကြည့်မရတာ ကြာပြီ..."