အပိုင်း ၆၀၃
Viewers 53k

အခန်း ၆၀၃

အဲ့ခွေးကိုအရှင်ဖမ်းမယ်...


ပုန်းကွယ်နဂါးတိုက်ကြီး၏ အလယ်ဗဟို အစားကြူးတောင်ကြား...


တစ်ခေါင်းလုံးဖြူဖွေးနေသည့် လူတစ်ယောက်ကလက်နှစ်ဖက်ကို နောက်ပစ်၍ ပြတင်းပေါက်နားတွင် မတ်တပ်ရပ်နေခဲ့သည်။သူ့၏ မျက်ဝန်းများပ တလှပ်လှပ်တောက်ပနေသော အပြာရောင်ရေကန်ကို စိုက်ကြည့်နေ၏သူမျက်နာပေါ်တွင် မည်သည့် ခံစားချက်မှ ထင်ဟပ်နေခြင်းမရှိပေ။


ထိုအခန်းထဲတွင် ပုံရိပ်တစ်ခုက တလေးတစားအမူအရာဖြင့် ရပ်နေလေသည်။အချိန်အတော်ကြာပြီးနောက် ဆံပင်ဖြူနှင့်လူက ထိုပုံရိပ်ဘက်သို့ လှည့်လိုက်သည်။


"အသုံးမကျတဲ့ ဝမ်ရန်ချုံက အခုရှုံးသွားပြီ သူ့ရဲ့ ရေခဲသလင်းဓားကိုတောင် ရှုံးသွားသေးတယ် သူက အစားကြူးတောင်ကြားရဲ့ အပြင်ဘက်က နာမည်မရှိတဲ့ စားဖိုမှူးတစ်ယောက်ကိုတောင် ရှုံးနေသေးတယ် တကယ့်ကို အမှိုက်သရိုက်ပဲ...ဒါက ငါတ်ို့ အစားကြူးတောင်ကြားကို အရှက်ရစေတယ်..."


 ထိုဆံပင်ဖြူနှင့်လူ၏ မျက်နာတွင် ဒေါသဖြင့် တုန်ယင်နေလေသည်။ငြိမ်သက်စွာ ရပ်နေသော ပုံရိပ်က တုန်ယင်သွားပြီး အံ့အားတသင့် မယုံကြည်နိုင်စွာဖြင့် မော့ကြည့်လာလေသည်။


"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...ဂျူနီယာညီလေး ဝမ်ရန်ချုံက ဘယ်လိုလုပ်ပြီး ရှုံးနိမ့်သွားတာလဲ..."


"အစားကြူးဘုတ်ပြားပေါ်က နာမည်က မှိန်ဖျော့သွားပြီ ...ပြီးတော့ ရေခဲသလင်းဓားနှင့် ငါတို့ အစားကြူးတောင်ကြားရဲ့ ဆက်သွယ်ချက်ကလည်း ပျောက်ဆုံးသွားတယ် ...ဒါတောင်မှ မင်းက ဝမ်ရန်ချုံ အနိုင်ရတယ်လို့ ထင်နေသေးတာလား..."


စီနီယာ၏ မကျေမနပ် အကြည့်များက ထိုအရိပ်ပေါ်သို့ ကျရောက်လာသည်။ဝမ်ရန်ချုံက အစားကြူးတောင်ကြား၏ တပည့်တစ်ဦးအနေဖြင့် ပြင်ပလောကတွင် ဝင့်ဝင့်ကြွားကြွားရပ်တည်နိုင်ပေသည်။သူ့၏ သိုင်းပညာ အရည်အချင်းက ပြင်ပမှ ကျွမ်းကျင်သူများထက် နိမ့်ကျ လျှင်ပင် ချက်ပြုတ်ခြင်းပညာရပ်တွင် ရှုံးနိမ့်နိုင်ပါမည်နည်း။


အစားကြူးတောင်ကြား၏ အချက်အပြုတ် ပညာရပ်များမှာ တကယ့်ကို ပြိုင်ဘက်ကင်းလှပြီး သူတို့ အမြဲတစေ ဂုဏ်ယူဝင့်ကြွားသောအရာမျိုး ဖြစ်သည်။ထိုကဲ့သို့ နေရာမှ တပည့်က အပြင်ကမ္ဘာကသူကို မည်ကဲ့သို့ ရှုံးနိမ့်နိုင်ပါမည်နည်း။


"ငါညွှန်ကြားတဲ့ အတိုင်း လုပ်ခဲ့ အဲ့ဒီ အသုံးမကျတဲ့ ဝမ်ရန်ချုံကို ပြန်ခေါ်လာခဲ့...ပြီးတော့ သူကို အနိုင်ယူသွားတဲ့ စားဖိုမှူး ရဲ့ အကြောင်းကိုလည်း စုံစမ်းစစ်ဆေးခဲ့ အဲ့ဒီ စားဖိုမှူးကိုပါ အစားကြူးတောင်ကြားထဲ ပါအောင်ခေါ်ခဲ့ ...သူက အပြင်ကမ္ဘာက လူဆိုပေမယ့်လည်း ဝမ်ရန်ချုံက်ိုတောင် အနိုင်ရသွားတဲ့ စွမ်းအင်အရ သူ့ပါရမီက သာမန်မဟုတ်ဘူး...တကယ်လို့ အဲ့ဒီ စားဖိုမှူးက မနာခံ ဘူးဆိုရင်တော့ သူ့ကို သတ်ခဲ့... ငါတို့ အစားကြူးတောင်ကြားရဲ့ ဂုဏ်ကျက်သရေက ဘယ်လိုနည်းနဲ့မှ ညှိုးနွမ်းလို့ မရဘူး..."


ထိုအဖိုးအိုက အေးစက်စွာပင် ပြောလိုက်သည်။ပုံရိပ်က အနည်းငယ် တုန်ယင်သွားသည်။


"ကောင်းပါပြီ ဒီတပည့်က အခုချက်ချင်းပဲ သွားလုပ်လိုက်ပါမယ်..."


ထိုပုံရိပ်က ပြောပြီးသည်နှင့် အခန်းထဲမှ ထွက်ခွာသွားလေသည်။အဖိုးအိုက နက်ရှိုင်းစွာ ကြည့်နေပြီးနောက် ရေကန်ဘက်သို့ ပြန်၍ မျက်နာမူလိုက်သည်။ရုတ်တရက် ငြိမ်သက်နေသော ရေကန်မျက်နာပြင်ပေါ်မှ လှ်ိုင်းအနည်းငယ်ပေါ်လာပြီး ကောင်းကင်ယံဆီသို့ ထိုးတက်သွားလေသည်။


ရေကန်အလယ်မှ ကြီးမားလှသော သားရဲတစ်ကောင်၏ ခေါင်းပေါ်လာသည်။ထိုသားရဲကြီးက ပါးစပ်ကို ဖြဲဟ၍ တလှုပ်လှုပ်ကူးခတ်နေသော ငါးများကို ဆွဲယူမြိုချလိုက်လေသည်။


........


"ငါးကလွဲရင်... ဘာဖြစ်ဖြစ်..."


ပုဖန်၏ အဖြေစကားက အားလုံးကို အံ့အားသင့်သွားစေသည်။နောက်ခဏ၌ သူတို့အားလုံး သွေးအန်မိတော့မလို ဖြစ်သွားသည်။


ပိုင်ရှင်ပုက ဘယ်ချိန်တည်းက အဲ့ဒီလောက် ရက်စက်ကြမ်းကြုတ်လာတာလဲ...သူက ငါးဟင်းချက်တဲ့နေရာမှာ အကောင်းဆုံးမဟုတ်ဘူးဆိုတာ သိတယ်လေ ဒါပေမယ့် အဲဒီလိုကြီးပြောဖို့လ်ိုလို့လား...


သူက ပြောပြရန်တွန့်ဆုတ်နေပုံဖြင့် အားလုံးကို သိချင်စိတ်ပြင်းပြအောင်လုပ်လိုက်သေးသည်။


ထိုကဲ့သို့သာ လုပ်ဆောင်နေပါက ဝက်လှောင်အိမ်ပိပြီး သေပေလိမ့်မည်။


ပုဖန်က သူတို့ကို ဂရုစိုက်ရန် ပျင်းရိနေပေပြီ သူခါးလှည့်၍ ချိုးလိုက်ပြီးနောက် ပတ်ဝန်းကျင်ကို ငေးကြည့်လိုက်ပြီးနောက် ပြောလိုက်သည်။


"ပုံမှန်အတိုင်းပဲ ဆိုင်ဖွင့်မယ်..."


အားလုံး၏ မှင်သက်နေသော အကြည့်များအောက်မှာပင် မီးဖိုခန်းဘက်ဆီသို့ လှည့်ဝင်သွားလိုက်သည်။ဝမ်ရန်ချုံ၏ မျက်နာက အလွန်အမင်း ဖြူဖျော့နေလေသည်။သူ့၏ ဝိညာဉ်ပင် နှစ်ခြမ်းကွဲသွားသည်ဟု ခံစားနေရသည်။


ဝမ်ရန်ချုံက ပုဖန်၏ စကာများကို သံသယမဝင်ပေ။ထိုစားဖိုမှူး၏ အရည်အချင်းက ငါးဟင်းချက်ရာ၌ အကောင်းဆုံးမဟုတ်ဟု သူလည်း ခန့်မှန်းမိပေသည်။ ငါးမဟုတ်သည့် ဟင်းပွဲများကို သူနှစ်ကြိမ်တိုင်တိုင်ရှုံးနိမ့်ခဲ့ဖူးသည်။ထို့ကြောင့် ဒီခေါင်းစဉ်၌ သူယုံကြည်မှု ရှိနေခြင်းဖြစ်သည်။သူ အစားကြူးတောင်ကြားထဲက တပည့်များကို ဘယ်လိုလုပ် မျက်နာချင်းဆိုင်ရပါမည်နည်း။


"ငါရှုံးသွားခဲ့ပြီ..."


သူ မီးဖိုခန်းဘက်ဆီသို့ ဒေါသတကြီး အော်ပြောလိုက်သည်။ 


"မင်းရဲ့ အချက်အပြုတ်စွမ်းရည်က အဲ့ဒီလောက်တောင်ကောင်းမွန်နေတယ်ဆိုလည်း ဘာလို့ အစားကြူးတောင်ကြားနဲ့ မဆက်သွယ်ရတာလဲ..."


မီးဖိုခန်းထဲသို့ လှမ်းဝင်တော့မည့် ပုဖန်၏ ခြေလှမ်းများ ရပ်တန့်သွားသည်။ဝမ်ရန်ချုံ၏ မျက်ဝန်းများက အရူးတစ်ယောက်ကဲ့သို့ ရူးသွပ်မှုဖြင့် တောက်ပနေလေသည်။


ဒီထိုးနှက်ချက်က သူ့အတွက် အလွန်တရာ ကြီးမားလွန်းလှသည်။အထူးသဖြင့် ပင်မကုန်းမြေကြီးမှ သာမန်စားဖိုမှူးလေးမျှသာ ဖြစ်နေသည်။ထို့အပြင် သူက အစားကြူးတောင်ကြား၏ တပည့်တစ်ယောက်ပင် မဖြစ်ခဲ့ပေ။


အကယ်၍သူသာ အစားကြူးတောင်ကြားထဲမှ တစ်စုံတစ်ယော်ကို ရှုံးခဲ့ရခြင်းဆိုလျှင် ထိုမျှထိ ခံစားလောက်မည်မဟုတ်ပေ။ယခုတော့ သူအထင်သေးခဲ့သည့် စားဖိုမှူး၌ ရှုံးနိမ့်ခဲ့ရသည်မှာ သူ့နှလုံးသားကို ပါးပါးလှီးနေသလိုပင် ခံစားရ၏။


"အစားကြူးတောင်ကြား...အဲ့ဒီနေရာက တကယ်ပဲ ကောင်းလို့လား..."


ပုဖန်က ဝမ်ရန်ချုံဘက်သို့ လှည့်ကြည့်လိုက်ပြီး အေးဆေးစွာ မေးလိုက်သည်။သူ့၏ စကားလုံးများက အထင်အမြင်သေးမှု တစ်ချို့ ပါနေသလိုပင် ထင်ရသည်။ထိုအကြောင်းကြောင့် ဝမ်ရန်ချုံ ပို၍ ဒေါသထွက်သွားလေသည်။


"ကဲ အခု စီးပွားရေး စတင်ပြီဆိုတော့ စားမယ့်လူမဟုတ်တဲ့လူတွေ ဆိုင်ကထွက်သွားကြ...ဒီလိုမှ မဟုတ်ဘူးဆိုရင် ပြဿနာကောင်အဖြစ် တံဆိပ်တပ်ခံရမယ်..."


ပုဖန်က စကားပြောလိုက်ပြီးသည်နှင့် မီးဖိုခန်းထဲသို့ ချက်ချင်းဝင်သွားလိုက်သည်။စားသုံးသူများက တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်ပြီးနောက် ပုဖန်၏ လက်ရာများကို စားသုံးရန်အတွက် စတင်တန်းစီကြလေသည်။ဝမ်ရန်ချုံက ကြည့်ရဆိုးလှသော အမူအရာဖြင့် ဆိုင်ထဲမှ တုန်တုန်ယင်ယင်ထွက်သွားလေသည်။


သူ့၏ လက်ကိုကြည့်၍ သူ့၏ နှုတ်ခမ်းများက စတင်တုန်ရီလာလေသည်။စားဖိုမှူးစိန်ခေါ်ပွဲတွင် သူရှုံးနိမ့်ခဲ့ရသောကြောင့် သူ့၏ မီးဖိုချောင်သုံးဓားအပါအဝင် ပညာရပ်များအားလုံး ယူဆောင်သွားခံရလေပြီ။


သူ့တွင် ဘာမှမကျန်တော့ပေ။ဒါက ပုဖန်ကြောင့်မှလွဲ၍ မည်သူမှမဟုတ်ပေ။အစားကြူးတောင်ကြားထဲမှ သူတစ်ယောက်အနေဖြင့် တစ်စုံတစ်ယောက် သူ့ကို လာခေါ်မည်ဖြစ်ကြောင်း သူသေချာစွာ သိထားပေသည်။


သူ့ကို အနိုင်ယူခဲ့သော ပုဖန်သည်လည်း အစားကြူးတောင်ကြားထဲသို့ ဖိတ်ခေါ်ခြင်းခံရကာ မြောက်များလှစွာသော အရင်းအမြစ်များကို ရရှိပေလိမ့်မည်။အရင်းအမြစ်များပင် ထောက်ပံ့ခြင်းခံရပေလ်ိမ့်မည်။


အချက်အပြုတ်စွမ်းရည်များကို ဆုံးရှုံးသွားသော သူတစ်ယောက်အဖြစ် သတ်မှတ်ခံထားကာ အစားကြူးတောင်ကြားမှ လူများ၏ ပစ်မှတ်ထားခြင်းကို ခံရပေလိမ့်မည်။ပုဖန်က ကောင်းကင်ပေါ်သို့ သူ့၌ ဂုဏ်ကျက်သရေများကို ပြန်လည်ရရှိဖို့ ကြိုးစားရန် အခွင့်အရေးမရှိတော့ပေ။သူဒီလိုဖြစ်ပျက်သွားခွင့် မပေးခဲ့သင့်ပေ။


ဝီ...


ကျယ်လောင်သော လေတိုးသံ တစ်ခု ထွက်ပေါ်လာသောအချိန်တွင် ဝမ်ရန်ချုံ၏ မျက်ဝန်းများ နီရဲလာခဲ့သည်။ထိုအသံက တဖြေးဖြေးပိုမိုကျယ်လောင်လာပြီးနောက် သူ့အရှေ့၌ အစီအရင်ပုံသဏ္ဍာန်တစ်ခုပေါ်လာသည်။


ထိုပုံရိပ်ကို မြင်လိုက်ရသည့်အချိန်၌ ဝမ်ရန်ချုံ၏ မျက်ဝန်းများ ကျဉ်းမြောင်းသွားလေသည်။


......


မြူကောင်းကင်မြို့ ဆေးနန်းတော်၏ ပို့ဆောင်ရေး အစီအရင်မှ အလင်းရောင်များ တောက်ပလာသည်။ထိုပို့ဆောင်ရေးအစီအရင်တွင် ပုံရိပ်များစွာ ပေါ်ထွက်လာလေ၏။


သူတို့၏ ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများမှ သွေးများ ယိုစီးကျနေပြီး ထုတ်လွင့်နေသော အော်ရာများကပါ ညှိုးနွမ်းနေ၏ သူတို့ကိုကြည့်ရသည်မှာ သနားစရာကောင်းလှသည်။


ထိုလူအုပ်ကြားထဲမှ ပင်ပန်းနွမ်းနယ်နေသော ပုံစံဖြင့် မုပိုင် လျှောက်ထွက်လာသည်။သူ့၏ မျက်နာက အလွန်ပင် ဖြူဖျော့နေလေသည်။ယခုတစ်ခေါက် လျှို့ဝှက်ကောင်းကင်ဘုံနယ်မြေသို့ သွားသည့်ခရီးလမ်းတွင် သူကြီးကြီးမားမားဆုံးရှုံးခဲ့ရသည်။


လျှို့ဝှက်ကောင်းကင်ဘုံနယ်မြေထဲ၌ ထိုမျှ ကြောက်စရာကောင်းလှသော သားရဲအများ အပြား ပေါ်လာမည်ဟု မည်သူမှ မထင်ထားခဲ့မိပေ။ထိုသားရဲများ၏ အရင်းအမြစ်ကလည်း ပုန်းကွယ်နဂါးတိုက်ကြီးမှ မဟုတ်နိုင်ပေ။သူတို့၏ တိုက်ခိုက်နိုင်စွမ်းက ကြောက်စရာကောင်းလှပြီး သူတို့လက်ထဲတွင် မြောက်များလှစွာသော ကျွမ်းကျင်ပညာရှင်များ သေဆုံးခဲ့ရသည်။


လူအင်အားမလုံလောက်မှုကြောင့် လျှို့ဝှက်ကောင်းကင်ဘုံနယ်မြေအတွင်းရှိနေကြသော လူအားလုံး တိုက်ပွဲအတွင်း ပါဝင်ခဲ့ရသည်။ထိုကဲ့သို့ ကြောက်စရာကောင်းလှသော မြင်ကွင်းကို ပထမဦးဆုံးအကြိမ် ကြုံတွေ့လိုက်ရသောကြောင့် မုပိုင်၏ ခန္ဓာကိုယ် တုန်ယင်နေဆဲဖြစ်သည်။


သူတို့ဘက်က အနိုင်ရနိုင်မည့် နည်းလမ်းမရှိပေ။ပဉ္စမအကြီးအကဲနှင့် ကျန်သည့်သူများအားလုံး စုပေါင်းတိုက်ခိုက်လျှင်တောင်မှ သားရဲများကို ဖိနှိပ်ထားနိုင်မည့် နည်းလမ်းမရှိပေ။


ပဉ္စမအကြီးအကဲ၏ အဆိုအရ ထိုကြောက်မက်ဖွယ်ကောင်းလှသော သားရဲများက ငရဲကမ္ဘာဟုသိထားကြသော သူများထဲမှ လာခြင်းဖြစ်နိုင်သည်။


ယခုသားရဲများကို ငရဲကမ္ဘာမှ သာမန်သားရဲများဟုပင် ယူဆနိုင်သေးသည်။တကယ့်ကို ကြောက်မက်ဖွယ်ကောင်းလှသော သားရဲများ မပေါ်ထွက်လာသေးဟုဆိုလေသည်။


ထိုသို့သာဖြစ်လာလျှင် လျှို့ဝှက်ကောင်းကင်ဘုံ နယ်မြေတစ်ခုလုံး သားရဲများ လက်ထဲသို့ ဆုံးရှုံးသွားပေလိမ့်မည်။လျှို့ဝှက်ကောင်းကင်ဘုံနယ်မြေကို ငရဲကမ္ဘာမှ ကြောက်မက်ဖွယ်ကောင်းလှသော သားရဲများ ပိုင်ဆိုင်သွားသည်နှင့် တစ်ပြိုင်နက် သူတို့က ပုန်းကွယ်နဂါးတိုက်ကြီးကို ခြိမ်းခြောက်လာပေလိမ့်မည်။


ထိုအကြောင်းကို တွေးလိုက်မိရုံနှင့် မုပိုင် လမ်းပျောက်သွားသလိုပင် ခံစားမိလေသည်။ကံကောင်းထောက်မစွာဖြင့် ပဉ္စမအကြီးအကဲက နယ်မြေကို ခဏမျှ ချိတ်ပိတ်ထားနိုင်ခဲ့သည်။


ယခုလက်ရှိတွင် ထိုကြောက်စရာကောင်းလှသော သားရဲများ ပေါ်လာဦးမည်မဟုတ်ပေ။သို့သော်လည်း ချိတ်ပိတ်ထားသော အစီအရင်က မည်မျှ ကြာမည်ကို မည်သူများ တောင့်ခံထားနိုင်မည်နည်း။


ပင်မကုန်းမြေဆီသို့ ပြန်ရောက်မှသာလျှင် မုပိုင် သူအသက်ပြန်ရှင်လာသလို ခံစားလိုက်ရသည်။အသက်ပြင်းပြင်းတစ်ချက်ရှူရှိုက်လိုက်ပြီးနောက် သူ့၏ ခံစားချက်များက ပို၍ လန်းဆန်းနိုးကြွားလာသည်။


ယခုအချိန်၌ ဆေးနန်းတော်တစ်ခုလုံးတွင်လူများ ရှုပ်ယှက်ခက်နေသောကြောင့် သူ အံ့သြသင့်သွားမိသည်။


"ဘာတွေ ဖြစ်နေတာလဲ..."


 မုပိုင် အနီးဆုံးလူတစ်ယောက်ကိုဆွဲ၍ ဇဝေဇဝါမျက်နာဖြင့် လှမ်းမေးလိုက်သည်။


"မင်းတို့က လျှို့ဝှက်ကောင်းကင်ဘုံနယ်မြေက အခုမှ ပြန်လာတာဆိုတော့ သိဦးမှာ မဟုတ်ဘူး...ရှေးဟောင်းရှုရမြို့တော်က ဆေးနန်းတော်ကို စစ်ကြေငြာလိုက်ပြီ...အဲ့ဒီ ရူးသွပ်နေတဲ့ ရှုရအရှင်သခင်က ငါတို့ ဆေးနန်းတော်နဲ့များ လာညိချင်နေသေးတယ်..."


ထိုသူက ဒေါသထွက်နေသည့် အမူအရာဖြင့် ပြောလိုက်သည်။


"ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ...အဲ့ဒ်ီရှုရအရှင်သခင်က သန်မာကောင်း သန်မာနိုင်တယ် ဆေးနန်းတော်နဲ့ ပခုံးချင်းယှဉ်ဖို့လောက်ထိ မဟုတ်သေးဘူးလေ ဟုတ်တယ်မဟုတ်လား...ဘယ်လိုပဲ ဖြစ်ဖြစ် ဒီဆေးနန်းတော်ဆိုတာက အဂ္ဂိရတ်ပညာရှင်အများအပြားစုစည်းနေတဲ့ နေရာလေ...ဘယ်လိုနည်းနဲ့မှ ပင်မကုန်းမြေစုရဲ့ ကျွမ်းကျင်ပညာရှင် အများစု ရှိနေတဲ့ နေရာနဲ့ ရင်ဆိုင်ဖို့ မဖြစ်နိုင်ဘူး ဟုတ်တယ်မဟုတ်လား..."


"မင်းမကြာခင် သိရပါလိမ့်မယ်...အဲ့ဒီရှုရအရှင်သခင်က ပြဿနာကို ဖြေရှင်းဖို့ အများကြီး ပြင်ဆင်ခဲ့ပြီးပြီ...သူ့ရဲ့ ကျင့်ကြံမှုတွေသာ တိုးတက်လာရုံမကဘူး သူက လျှို့ဝှက်နဂါးတော်ဝင်ခုံရုံးက ပညာရှင်ကိုတောင် သူကို ကူညီဖို့ဖိတ်ခေါ်ထားပြီးပြီ ...ငါတို့ရဲ့ ဆေးနန်းတော်တော့ ဒီတစ်ကြိမ်တကယ့်ကို အန္တရာယ်ထဲ ကျရောက်နေပြီ..."


ထိုစကားများကို ပြောပြီးသည်နှင့် ထိုသူက စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းခါယမ်းကာ မုပိုင်ကို လျစ်လျူရှု၍ ထွက်သွားလေသည်။ရှေးဟောင်းရှုရမြို့တော်က လျှို့ဝှက်နဂါး တော်ဝင်ခုံရုံး၏ အကူအညီရှိနေသောကြောင့် ဆေးနန်းတော်ကို ကြောက်စရာလိုတော့မည်မဟုတ်ပေ။


လျှို့ဝှက်နဂါးတော်ဝင်ခုံရုံးသည် ပုန်းကွယ်တိုက်ကြီးတွင် အင်အားအကြီးဆုံး အဖွဲ့အစည်းတစ်ခုတွင်ဖြစ်သည်။သူ့၏ လှုပ်ရှားမှုများက ပင်မ ကုန်းမြေတွင်ရှိနေသော အဓ်ိက အဖွဲ့အစည်းများအားလုံးကို လှုပ်ခတ်သွားစေလိမ့်မည်။အကယ်၍ သူတို့သာ ဆေးနန်းတော်ကို အပြတ်ရှင်းချင်နေသည်ဆိုလျှင် တကယ့်ကို အန္တရာယ်ထဲ ကျရောက်သွားပေလိမ့်မည်။


ခပ်လှမ်းလှမ်းမှ လျောက်လာသော မဟာသခင် ရွှမ်မင်က မုပိုင်၏ ပခုံးကို ဖြေးညှင်းစွာ ပုတ်လိုက်ရင်း ပြောလိုက်သည်။


"မစိုးရိမ်ပါနဲ့ နန်းတော်အရှင်က လျှို့ဝှက်နဂါးတော်ဝင်ခုံရုံးကို ဒီပြဿာနာထဲကနေ ဘေးထွက်နေဖို့ ပြောထားပြီးသွားပြီ မကြာခင်မှာပဲ သတင်းကောင်းကြားရလိမ့်မယ်... တကယ်လို့ လျှို့ဝှက်နဂါးတော်ဝင်ခုံရုံးက ငါတို့ရဲ့ ဆေးနန်းတော်ကို အပြတ်ရှင်းချင်နေတာဆိုရင်လည်း ငါတို့က မတိုက်ခိုက်လိုက်ပဲနဲ့ အရှုံးပေးလိုက်မှာ မဟုတ်ဘူး..."


......


တောက်ပကောင်းကင် မြို့တော်၏ အပြင်ဘက်....


 ဆေးနန်းတော်၏ ဒုတိယအကြီးဆုံးမြို့တော်ဖြစ်သော တောက်ပကောင်းကင်မြို့ပြင်တွင် ပညာရှင်များ များပြားစွာ ရပ်နေကြသည်။


ထိုသူများ၏ ဆံပင်ကနီရဲနေပြီး ကျောဘက်ပတွင်လည်း အနီရောင်လှံရှည်ကို သယ်ဆောင်ထားသော ရှုရရှေးဟောင်းမြို့တော်မှ ပညာရှင်များဖြစ်ကြသည်။


ရှုရရှေးဟောင်းမြို့တော်၏ စစ်တပ်က ပုန်းကွယ်နဂါးတိုက်ကြီးတစ်ခုလုံးတွင်ကြောက်စရာအကောင်းဆုံး စစ်တပ် တစ်ခုအဖြစ်ကျော်ကြားသည်။လေထုထဲတွင် တိုက်ခိုက်သံများ ပေါက်ကွဲသံများ အဆက်မပြတ် ထွက်ပေါ်နေသည်။လှံမိုးများကလည်း ပြင်းပြင်းထန်ထန် ရွာကျနေသည်။


လှံရှည်များက ကောင်းကင်ယံဆီသို့ ပစ်ခွင်းသွားပြီးနောက် မြို့တံတိုင်းဆီကို မိုးသီးမိုးပေါက်များပမာ ပြန်လည်ကျဆင်းလာသည်။တောက်ပကောင်းကင်မြို့၏ မဟာတံတိုင်းကြီး၌ အပေါက်ထောင်ပေါင်းများစွာ ဖြစ်တည်လာပြီးနောက် ကျယ်လောင်သော အသံများနှင့်အတူ အက်ကြောင်းများ ထင်စပြုလာသည်။


သန့်ရှင်းသပ်ရပ်လှသော အဂ္ဂိရတ်ပညာ ဝတ်စုံကို ဝတ်ဆင်ထားသည့် မဟာသခင် ယောင်ကွမ်းက တောက်ပကောင်းကင်မြို့၏ တံတိုင်းပေါ်တွင် လက်နှစ်ဖက်နောက်ပစ်၍ ရပ်ရင်း ထို စစ်မြေပြင်ကို သေချာစွာကြည့်နေလေ၏။


ရှေးဟောင်းရှုရမြို့တော်၏ စစ်တပ်မှ အော်ဟစ် မာန်သွင်းကျုံးဝါးသံများက သူ့ရှိရာဆီသို့ လွင့်ပျံလာလေသည်။


"ရှုရရှေးဟောင်းမြို့တော်က တကယ်ကို ကျိုးကြောင်းမညီညွှတ်ပဲနဲ့ အနိုင်ကျင့်နေကြတာပဲ..."


သူအေးစက်စွာ ပြောလိုက်သည်။ထိုစစ်တပ်က မြို့အပြင်တွင် တပ်ဆွဲထားခြင်းဖြစ်သည်။မြို့တံခါးနဲ့ အနီးအနားတွင် အနီရောင် ရွက်ဖျင်တဲများလည်း တည်ဆောက်ထား၏။


သူတို့ကြားထဲမှ ငယ်ရွယ်သော အသွင်အပြင်နှင့် ရှုရအရှင်သခင်က သာမန်အဝတ်အစားများကိုဝတ်၍ ထိုင်ခုံတစ်လုံးပေါ်တွင် သက်တောင့်သက်သာထိုင်နေလေသည်။


သူ့၏ ပုံစံက စစ်ပွဲအလယ်တွင် ရောက်နေသည်ဟု မထင်ရပဲ အားလပ်ရက် အပန်းဖြေခရီးထွက်လာသလိုပင် ထင်ရသည်။သူ့၏ ညာဘက်တွင် စစ်ဝတ်စုံကို ဝတ်ဆင်ထားသော ရှုရမိန်းမပျို ရှိနေသည်။သူမ၏ ကောက်ကြောင်းအလှကလည်း ရင်သက်ရှုမောဖွယ်ကောင်းလှ၏။သူ့၏ ဘယ်ဘက် အနိမ့်နေရာတွင် သက်လက်ပိုင်းအရွယ်တစ်ယောက် မျက်လုံးမှိတ်ထိုင်နေသည်။


ထိုသူ၏ အော်ရာများက အလွန်ပင် တည်ငြိမ်လှပြီး တခြားသူများအပေါ်တွင် ဖိနှိပ်နိုင်သည့် အစွမ်းသတ္တိများ ကို ထုတ်လွင့်နေသည်။တကယ်တမ်းပြောရမည်ဆိုလျှင် သူ့၏ အော်ရာက ရှုရအရှင်သခင်ထက်ပင် သန်မာနေပေသည်။


ရှုရမိန်းမပျို၏ စိတ်ထဲ၌ တင်းကျပ်သွားမိသည်။ထို သန်မာလှသော သက်လက်ပိုင်း လူကြီးက လျှို့ဝှက်နဂါး တော်ဝင်ခုံရုံး၏ ပညာရှင်တစ်ျယာက်အဖြစ် ထိုက်တန်ပေသည်။


"ရှုရအရှင်သခင် ငါ ဒီကိစ္စကို လုပ်တာက ငရဲကမ္ဘာအမျိုးသမီးနဲ့ ငရဲကမ္ဘာထဲမှာ နေထိုင်တယ်လို့ ထင်ရတဲ့ ခွေးနက်ကြီး တွက်ပဲ...ငါဒီမှာ မင်းနဲ့အတူ အချိန်ဖြုန်းနေဖို့ အချိန်မရှိဘူး စစ်ပွဲကို မြန်မြန်အဆုံးသတ်လိုက်တော့ ..."


ထိုသက်လတ်ပိုင်းလူကြီးက မျက်မှောင်ကြုတ်၍ ရှုရအရှင်သခင်ကို ပြောလိုက်သည်။


"ဘာလို့ အလျင်လိုနေတာလဲ...ငရဲကမ္ဘာနဲ့ ပတ်သတ်တဲ့ သတင်းတွေက လျှို့ဝှက်နဂါးတော်ဝင်ခုံရုံးအတွက် ဘယ်လောက်တောင် အရေးကြီးလဲဆိုတာ ငါသိပါတယ်...ဒါပေမယ့်လည်း ငါရဲ့ ရှုရစစ်တပ်က စစ်ပွဲ မတိုက်ရတာ တော်တော်ကြာနေပြီ အဲ့ဒီတော့ သူတို့ကို သွေးပူလေ့ကျင့်ခန်းလေး ခဏတော့ ပေးလုပ်ရဦးမှာပေါ့ ...ပြီးတော့ အခုကိစ္စမှာလည်း ငါပြောထားခဲ့သလိုပဲ...ငါကိုယ်တိုင် ဆေးနန်းတော်နဲ့ ယှဉ်ပြိုင်မယ်ဆိုရင် ငါတို့ပဲ ရင်ဆိုင်မယ်...မလောပါနဲ့..."


ရှုရအရှင်သခင်က ဆိုးရွားလှသည့် အပြုံးတစ်ခုကို လှစ်ဟလိုက်သည်။


"ငရဲကမ္ဘာအမျိုးသမီးနဲ့ အဲ့ဒီခွေးလေးအတွက်ကတော့... သူတို့ကို လွတ်မြောက်ခွင့် ပေးမှာ မဟုတ်ဘူး...ငါကတောက်ပကောင်းကင်မြို့တော်နဲ့ အဆင့်ချင်းတူသွားပြီဆိုတာနဲ့ ကောင်းကင်ဆေးမြို့တော်တို့နဲ့ မြူကောင်းကင်မြို့တော်တို့ကို ချေမွ ဖျက်စီးပစ်လိုက်မယ်...ပြီးတာနဲ့ အဲ့ဒီခွေးကို အရှင်ဖမ်းဖို့အတွက် ငါမင်းကို ကျိန်းသေပေါက် ကူညီမယ်..."