အပိုင်း ၆၀၇
Viewers 53k

အခန်း ၆၀၇

အားလုံးလာရင်...အားလုံးကိုချွတ်မယ်...


ရှုရအရှင်သခင်က ဖျက်မြင်းကို ဒေါသတကြီးဖြင့် အော်ဟစ်လိုက်ပုံက အားလုံး အံ့အားသင့်သွားစေသည်။ဆေးနန်းတော်မှ သူများသာမက တခြားဂိုဏ်းကြီးများမှ သူများပါ အံ့အားသင့်သွားခဲ့၏။


အရှင်သခင်က ဖျက်မြင်းစားဖိုမှူးကို ဒေါသထွက်နေလိမ့်မည်ဟု မည်သူမှ မထင်ထားခဲ့မိပေ။မူလက ရှုရအရှင်သခင် သူတို့၏ ဂိုဏ်းများကို သူ့၏ တပ်များဖြင့် လာရောက်တိုက်ခိုက်မည်ကို ကြောက်ရွံ့နေကြသည်။


သူတို့ နှစ်ပေါင်းထောင်ချီ အရိုးဆွေးတဲ့ထိ စဉ်းစားရင်တောင်မှ ရှုရအရှင်သခင်က သာမန်စားဖိုမှူးလေးတစ်ယောက်ကို တိုက်ခိုက်ဖို့ လာလိမ့်မည်ဟု စဉ်းစားမိမည်မဟုတ်ပေ။ဆေးနန်းတော်မှ သူများက ပို၍ပင် စိတ်ရှုပ်ထွေးနေကြသည်။


"ရှုရအရှင်သခင်က အဲ့ဒီ စားဖိုမှူးကို တိုက်ခိုက်ချင်တဲ့အတွက်နဲ့ ဆေးနန်းတော်ကို အရင်တိုက်ခိုက်လိုက်တာလား..."


ဆေးနန်းတော်အတွင်း၌ စားဖိုမှူး၏ ဖြစ်တည်မှုအကြောင်းကို ပို၍ နက်နက်နဲနဲ စဉ်းစားသူများတောင်ရှိနေလေသည်။


"ဖျက်မြင်းစားဖိုမှူးက ရှုရအရှင်သခင်ကို ဆေးနန်းတော်ကို လာရောက်ကျူးကျော်ခိုင်းလိုက်ပြီးတော့ တောက်ပကောင်းကင်မြို့က ကျွမ်းကျင်ပညာရှင်တွေကို သေဆုံးစေခဲ့တာလား..."


မခံမရပ်နိုင်ဖြစ်နေကြသော သူများက အင်အားကြီးမားသော ရှုရအရှင်သခင်အစား အင်အားနည်းပုံပေါ်သည့်ထိုဖျက်မြင်းစားဖိုမှူးကို ဆန့်ကျင်ရန်သာ ကြံစည်လိုက်ကြသည်။


တိမ်ခိုးစားသောက်ဆိုင်၌ ဝယ်ယူအားပေးကြသော စားသုံးသူ အရေအတွက် သိသိသာသာ လျော့နည်းသွားကြောင်းကို ပုဖန် သတိပြုမိလိုက်သည်။အမှန်တိုင်းပြောရလျှင် နန်ကုန်းဝူချယ်ကဲ့သို့သော ပုံမှနန်စားသုံးသူများမှ လွဲလျှင် စားသုံးသူမရှိသလောက်ဖြစိနေသည်။


ရှုရအရှင်သခင်၏ စကားက စားသုံးသူများကို လွှမ်းမိုးသွားပုံရလေသည်။သူတို့က ရှုရအရှင်သခင်ကို ကြောက်ရွံ့ရသောကြောင့် ပုဖန်၏ စားသောက်ဆိုင်နှင့် ခပ်ဝေးဝေးနေကြရန် ဆုံးဖြတ်လိုက်ကြသည်။


"ဒီငတုံးတွေကတော့လေ ဒီစားသောက်ဆိုင်က ရှုရအရှင်သခင်နဲ့ ဘာလုပ်ရမှာလဲ...သူ့ဖင် ပိတ်ကန်ရမှာလား...အဲ့ဒီ ရှုရအရှင်သခင်က ဆေးနန်းတော်ကို တိုက်ခိုက်ဖို့အတွက် အကြောင်းပြချက်ရှာရုံပဲ ဒီကိစ္စမှာ ဓားစာခံ ဖြစ်သွားရုံပဲ..."


နန်ကုန်းဝူချယ်က အစပ်ချောင်းကို ဝါးရင်း သမာသမတ် ကျစွာဖြင့် ပြောလိုက်သည်။နန်ကုန်းဝမ်ကလည်း ထိုင်ခုံမှာ ထိုင်၍ သူ့၏ ဇီးဖျော်ရည်ကို ဖြေးဖြေးချင်း စုပ်သောက်နေသည်။


ငရဲဘုရင်က သူ့၏ အစပ်ချောင်းကို ပျော်ပျော်ကြီးလျက်နေလေသည်။သူ့၌ အစပ်ချောင်းရှိနေသရွေ့ တခြားသူဘာပြောပြော ဂရုစိုက်မည့်ပုံ မပေါ်ပေ။


နယ်သာရီက ဘေးတစ်ဖက်တွင် ဆူပုပ်ပုပ်ဖြင့် ထိုင်နေသည်။ယခုအချိန်တွင် စားသုံးသူများ နည်းပါးသွားသည်ဆိုသော်လည်း ကျန်နေသည့် သူများက သူတို့၏ စားစရာများကို ပို၍ နှစ်ခြိုက်စွာပင် စားသောက်လာကြသည်။


"အဲ့ဒီ ငတုံးတွေက သူတို့ရဲ့ မကျေနပ်မှု အားလုံးကို ပိုင်ရှင်ပု ဆီ ထိုးချနေတယ်လို့ မင်းမထင်ဘူးလား..."


နန်ကုန်းဝူချယ် အသားတစ်ဖက်ကို ဝါးရင်းဖြင့် ပြောလိုက်သည်။


ငရဲဘုရင်က အစပ်ချောင်းကို ကိုက်လိုက်လေရာ အစပ်ရနံ့များက သူ့ပါးစပ်ထဲတွင် ပေါက်ကွဲထွက်လာပြီး နှာခေါင်းများထဲသို့ပါ ပြန့်နှံ့သွားသောကြောင့် နှာတစ်ချက်မှုတ်လိုက်ပြီးမှ နန်ကုန်းဝူချယ်ဘက်သို့ လှည့်ကြည့်လိုက်သည်။


"အဲ့ဒါနဲ့ ပတ်သတ်ပြီးတော့ ဘာမှ ဒေါသထွက်မနေနဲ့ လူတွေက အမြဲတမ်း အဲ့ဒီလိုပဲ....သူတို့ ဒီကောင်လေးရဲ့ အစားအစာတွေကို လာမစားဘူးဆိုမှတော့ သူတို့ ရှုံးမှာပဲပေါ့ အစပ်ချောင်းက အရမ်းအရသာရှိတယ်..."


ငရဲဘုရင်ပြောလိုက်သည်။နန်ကုန်းဝူချယ်လည်း ခဏမျှ စဉ်းစားပြီးနောက် ငရဲဘုရင်၏ စကားကို သဘောတူလိုက်လေသည်။


ပုဖန် မီးဖိုချောင်ထဲမှ ထွက်လာခဲ့သည်။


သူဝတ်ဆင်ထားသော နီရောင် စားဖိုမှူးဝတ်စုံက သူ့အသွင်အပြင်ကို ပို၍ လင်းလက်တောက်ပနေစေ၏။လက်မှရေများ ခြောက်အောင်သုတ်လိုက်ပြီးနောက် ဆိုင်ပေါက်ဝဆီသို့ လျှောက်သွားကာ ခုံဆွဲ၍ ထိုင်လိုက်သည်။ထိုင်ခုံကျောမီကို ပျင်းရိစွာ မှီချလိုက်ပြီးနောက် မျက်လုံးများပိတ်ကာ ပင့်သက်တစ်ချက်ရှိုက်ထုတ်လိုက်သည်။


အပြင်ဘက်၌ အုံ့မှိုင်းနေပြီး တဖွဲဖွဲ ကျနေသော မိုးစက်မိုးပေါက်များက ပုဖန်၏ စိတ်အခြေအနေကို အနှောက်အယှက် မပေးနိုင်ပုံ ပေါ်လေသည်။ထိုင်ခုံတွင် ငြိမ်သက်စွာထိုင်၍ ခဏမျှ တွေးတောစဉ်းစားနေမိသည်။


သူ့နားတွင် ခြေသံတစ်ချို့ ကြားလိုက်ရပြီး ကြီးမားလှသော ပုံရိပ်တစ်ခုက သူ့ရှေ့တွင်အုပ်မိုး၍ ရပ်လာသောကြောင့် ပုဖန် မျက်လုံးဖွင့်ကြည့်လိုက်ရသည်။


"နင်ပါလား..."


ပုဖန် သူ့ရှေ့မှ ပုံရိပ်ကိုကြည့်၍ အနည်းငယ် အံ့အားသင့်သွားသည်။သူက ယန်မိန်ကျီ ဖြစ်သည်။သူ့ကို တိမ်ခိုးစားသောက်ဆိုင် ရောင်းပေးခဲ့သော ယန်မိန်ကျီအပေါ်တွင် ပုဖန်က အမြင်ကောင်းရှိပေသည်။


ယန်မိန်ကျီက အလွန်ပင် ကြံ့ခိုင်သန်မာလှသော ယောက်ကျားတစ်ယောက်....မဟုတ်သေးဘူး...အလွန်ပင် ကြံ့ခိုင်သန်မာလှသော ယောက်ကျားဆန်သည့် အမျိုးသမီးတစ်ယောက်ဖြစ်သည်။


"ပိုင်ရှင်ပု နင်ဘယ်လိုဖြစ်ပြီး အခုချိန်ထိ အေးအေးဆေးဆေး နေနိုင်သေးတာလဲ...အခြေအနေက ဘယ်လောက်ပြင်းထန်နေတယ်ဆိုတာကို သိလား..."


ပုဖန်၏ သက်တောင့်သက်သာပုံစံကိုမြင်လိုက်ရသောကြောင့် ယန်မိန်ကျီ စိတ်ဆိုးစွာဖြင့် ပြောလိုက်သည်။သူမ၏ တံခါးပိတ် ကျင့်ကြံမှုပြီးပြီးနောက် ကြားလိုက်ရသော သတင်းက ထိတ်လန့် အံ့အားသင့်သွားစေခဲ့သည်။


ရှုရအရှင်သခင် ဆေးနန်းတော်ကို တိုက်ခိုက်ရခြင်းမှာ တိမ်ခိုးစားသောက်ဆိုင်မှ စားဖိုမှုးကြောင့် ဖြစ်ကြောင်း သေချာပေသည်။


ရှုရအရှင်သခင်၏ စကားများကြောင့် ဆေးနန်းတော်တွင် ရှိနေကြသော သူများက အဖွဲ့နှစ်ဖွဲ့ကွဲသွားသည်။တစ်ဖွဲ့က ရှုရအရှင်သခင်သည် ဆေးနန်းတော်ကို တိုက်ခိုက်ရန်အတွက် ရိုးရှင်းသည့် အကြောင်းပြချက် တစ်ခုကို ရှာကြံ သုံးလိုက်ကြောင်း ယုံကြည်ကြသည်။


တစ်ဖွဲ့ကမူ ရှုရအရှင်သခင်သည် ထိုစားဖိုမှူးလေးကြောင့် ဆေးနန်းတော်ကို တိုက်ခိုက်သည်ဟု ယုံကြည်ကြသည်။ထိုစားဖိုမှုးကို လွှဲပြောင်းပေးလိုက်လျှင် ရှုရအရှင်သခင်၏ ဒေါသများ ပြေပျောက်စေလိမ့်မည်ဟု ယုံကြည်ကြသည်။


မည်သို့ပင်ဆိုစေ စားသောက်ဆိုင် တစ်ဆိုင် ဆုံးရှုံးရခြင်းက ဆေးနန်းတော်တစ်ခုလုံးလောက် အရေးမပါပေ။ဆေးနန်းတော်၏ အချုပ်အခြာအာဏာကို ထိန်းသိမ်းထားနိုင်ရန်အတွက် စားသောက်ဆိုင်တစ်ဆိုင်ပေးဆပ်ရခြင်းက တန်သည်ဟု ဆုံးဖြတ်ကြလေသည်။


ရှုရတပ်၏ ပြင်းထန်သော တိုက်ခိုက်မှုများကြောင့် ကောင်းကင်ဆေးမြို့တော်ပင် အကျပ်အတည်းထဲ ကျရောက်နေရပြီဖြစ်သည်။ထိုကိစ္စရပ်များက မြူကောင်းကင်မြို့ဆီသို့ ဦးတည်လာပေပြီ။ထိုအကြောင်းအရာများကို ယန်မိန်ကျီ ကြားလိုက်ရသောအခါ၌ သူမ အလွန်ပင် ထိတ်လန့်သွားခဲ့ရသည်။ထို့ကြောင့် တိမ်ခိုးစားသောက်ဆိုင်သို့ အလျင်အမြန် ပြေးလာ၍ ဒီကိစ္စရပ်များပြီးသွားသည်အထိ ခဏမျှ ပုန်းနေရန် ပုဖန်ကို သတိလာပေးခြင်းဖြစ်သည်။


သို့သော်လည်း တည်ငြိမ်အေးဆေးနေသည့် ပုဖန်ကို မြင်လိုက်ရသည်ခဏ သူမ၏ စိုးရိမ်ပူပန်မှုများက လုံးဝ အရေးမပါသလို ခံစားလိုက်ရသည်။ဒီလူက နည်းနည်းမှပင် ကြောက်ရွံ့ခြင်းမရှိပေ။


"ငါကဘာများ ကြောက်စရာရှိလို့လဲ ...ဒီစားသောက်ဆိုင်ကို ငါဦးစီးနေတာ ...ဒီနေရာမှာ တစ်ယောက်ယောက်က ပြဿနာလာရှာရဲတယ်ဆိုရင်တော့ သူတို့ကို ချွတ်ပြီး လွင့်ပစ်လိုက်ရုံပဲ..."


ပုဖန်က ခပ်ဖျော့ဖျော့ပြုံး၍ ပြောလိုက်ပြီးနောက် ထိုင်ခုံကို မှီ၍ ပြန်လည်အနားယူနေလေသည်။ထိုလွှမ်းမိုးနိုင်စွမ်းရှိသော စကားများကြောင့် ယန်မိန်ကျီ အံ့သြသင့်သွားသည်။သူမ ပါးစပ်ဖွင့်ဟ၍ တစ်စုံတစ်ခုပြောချင်သော်လည်း စကားလုံးထွက်မလာတော့ပေ။


ယခုလက်ရှိအချိန်၌ သူမ အလွန်ပင် စိုးရိမ်ပူပန်နေမိသောကြောင့် နဖူး၌သီးနေသော ချွေးများပင် တစ်စက်စက်စီးကျနေလေ၏။


"ငါလက်လျှော့လိုက်ပြီ ဒါပေမယ့် ငါဒီဆိုင်မှာ ခဏလောက် နေဦးမယ်...ဘယ်လိုပဲဖြစ်ဖြစ် ဒီဆိုင်က ငါအဖေရဲ့ ပိုင်ဆိုင်မှုပဲလေ...ငါ ဒီဆိုင်ဖျက်စီးခံရမှာကို ငါဘာမှမလုပ်ပဲနဲ့ ကြည့်မနေနိုင်ဘူး..."


ယန်မိန်ကျီ လက်သီးတင်းတင်းစုပ်၍ ပြောလိုက်သည်။


"အိုး....ရပါတယ်...ငါတို့ နင့်အတွက် အခန်းဖယ်ထားပြီးသား ဒုတိယထပ်မှာ ရှိတယ်..."


သူမ ပုဖန်၏ ပျင်းရ်ိပျင်းတွဲ ပုံစံကို ကြည့်ပြီးနောက် ဆိုင်ထဲသို့ ဝင်သွားလိုက်သည်။သို့သော်လည်း ဆိုင်ထဲ ဝင်လိုက်စဉ်မှာပင် မလှမ်းမကမ်း၌ ထိုင်၍ နတ်မင်းစွေ့စွေ့ခုန် စွပ်ပြုတ်နှင့် အစပ်ချောင်းကို စားသောက်နေသော နန်ကုန်းဝူချယ်ကို တွေ့လိုက်ရသည်။သူမ၏ ကြမ်းတမ်းခတ်ထန်မှုများက ပျောက်ကွယ်သွားပြီးနောက် အမူအရာက နူးညံ့သွားကာ အနည်းငယ်ပင် ရှက်ရွံ့ သယောင်ဖြစ်သွားသည်။သူမ၏ မျက်နာက ရှက်ရွံ့မှုဖြင့် နီရဲလာပြီးနောက် စကားသံ တိုးတိုးဖြင့် ပြောလိုက်သည်။


"နန်ကုန်းသခင်လေး ရှင်လည်း ဒီကို ရောက်နေတာလား..."


"ဘော်ဒါယန်ပါလား...မတွေ့ရတာတောင်တော်တော်ကြာနေပြီနော်...ငါ့ရဲ့ ကောင်းကင်ကမ္ဘာမြေမီးလျှံကို ပြန်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်...မင်းရဲ့ ကျေးဇူးကို အခုထိအောင် ကောင်းကောင်းမွန်မွန် ပြန်မတုံ့ပြန်ရသေးဘူး...အခု ကြိုက်တာမှာလိုက်...ငါရှင်းမယ်..."


ယန်မိန်ကျီကို တွေ့လိုက်ရသောကြောင့် နန်ကုန်းဝူချယ်က အားပါးတရ ရယ်မောလိုက်သည်။


"မလိုပါဘူး မလိုပါဘူး...ဘယ်လိုပဲဖြစ်ဖြစ် ကောင်းကင်ကမ္ဘာမြေမီးလျှံက ရှင့်ဟာပဲလေ...ကျွန်မက မှန်ကန်တဲ့ အရာကို လုပ်ခဲ့တာပါ..."


"ဟို ...ကျွန်မ တစ်ခုခုလုပ်စရာရှိသေးတယ်..."


ယန်မိန်ကျီက အလွန်ပင် ရှက်ရွံ့မိနေသောကြောင့် စကားနှစ်ခွန်းမျှသာ ပြောပြီး ထွက်ပြေးသွားလေသည်။နန်ကုန်းဝူချယ် ဇဝေဇဝါဖြင့် ကြည့်လိုက်ပြီးနောက် သူ့၏ ကြက်သားကို ဆက်လက်၍ ဝါးစားလိုက်သည်။


ငရဲဘုရင်က နန်ကုန်းဝူချယ်၏ အမူအရာကို ကြည့်၍ ရယ်မောလိုက်သည်။သူ့၏ အရှေ့မှ အခြေအနေကို ကောင်းစွာ သဘောပေါက်ပေသည်။


ယန်မိန်ကျီက နန်ကုန်းဝူချယ် ဆိုင်ထဲတွင်ရှိနေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။သူမ ဒုတ်ိယထပ်သို့ လျင်မြန်စွာ ပြေးတက်သွားပြီး အခန်းထဲသို့ ရောက်မှသာ ရင်ဘတ်ကိုဖိ၍ အသက်ပြင်းပြင်းရှုလိုက်သည်။


နန်ကုန်းဝူချယ်က သူမကို အစားစားရန် ဖိတ်သည့် အကြောင်း တွေးလိုက်မိရုံဖြင့် သူမ၏ မျက်နာက တစ်ဖန် ပြန်လည် နီရဲလာပြီး နှလုံးသားထဲတွင် ချိုမြိန်မှုနှင့် နွေးထွေးမှုများ ပြည့်နှက်နေလေသည်။


ယန်မိန်ကျီက တိမ်ခိုးစားသောက်ဆိုင်ရှိရာဆီသို့ အလျင်အမြန်ပြန်လာပြီး သူ့ကို သတိပေးစကားဆိုခဲ့သောကြောင့် ပုဖန် စိတ်ထဲတွင်အလွန်ပင် ခံစားမိသွားသည်။သို့သော်လည်း ထိုသတင်းက သူ့အတွက် ဘာမှ မထူးခြားပေ။


သူအန္တရာယ်တောထဲ ကျရောက်နေသည်ဆ်ိုသော်လည်း အနည်းငယ်မျှပင် စိုးရိမ်ပူပန်မှုမရှိပေ။သူ ပြောခဲ့သလိုပင် ဒီနေရာတွင် ပြဿနာလာရှာရဲသူ ရှိပါက နယ်သာရီနှင့် ဝှိုက်တီတို့က အဝတ်ချွတ်ပြီး လွင့်ပစ်ပေးလိမ့်မည်။


ပုဖန်က သူ့စီးပွားရေးကို ငြိမ်ငြိမ်ချမ်းချမ်းသာ ပြုလုပ်ချင်နေသည်။သူ့၏ ဆန္ဒဆို၍ သူချက်ပြုတ်သော စားစရာများပျော်ပျော်ရွှင်ရွှင်စားလိုခြင်းကြောင့်ဖြစ်သည်။သို့သောလည်း ပြဿနာလာရှာခဲ့သူဆရှိခဲ့လျှင်လည်း အနည်းငယ်မျှပင် သနားကြင်နာမှု သူပြလိမ့်မည်မဟုတ်ပေ။


ဒီစားသောက်ဆိုင်ရဲ့ပိုင်ရှင် သူအမုန်းဆုံးက ထိုပြဿနာကောင်များပင်ဖြစ်သည်။


....


ဤရက်အနည်းငယ်အတွင်း၌ မြူကောင်းကင်မြို့၏ ရာသီဥတုက အနည်းငယ်အုံ့ဆိုင်းနေခဲ့သည်။


မြူခိုးများကို စုဆောင်းထားသော တိမ်မဲများက ကောင်းကင်ထက်တွင် တဖြေးဖြေးစုစည်းနေ၏။ထိုတိမ်များက ဆက်လက်၍ မဆုပ်ကိုင်န်ိုင်ပုံဖြင့် ထ်ိုရေစက်များကို မြူကောင်းကင်မြို့ပေါ်သို့ ရွာသွန်းချလေသည်။


ရုတ်တရက် မိုးစက်သံများကြားထဲမှ တိုးဝင်လာသော ခြေသံအချို့ကို ကြားလိုက်ရသည်။ပုဖန် ပျင်းရိစွာဖြင့် မျက်လုံးဖွင့်ကြည့်လိုက်သည်။ပထမဦးစွာ သူ့၏ ဆိုင်သို့ အလျင်စလို လာနေသော လူစုတစ်စုကို တွေ့လိုက်ရသည်။ခဏအကြာ၌ ထိုလူအုပ်က စားသောက်ဆိုင်ကို ဝိုင်းထားလေသည်။


ဆိုင်ထဲတွင်ရှိနေသော စားသုံးသူများက ထိုလူအုပ်၏ အပြူအမူကြောင့် စိတ်ဝင်စားသွားကြသည်။သူတို့ ဆိုင်ရှေ့သို့ လျှောက်လာလိုက်ပြီး ဆက်လက်စားသောက်၍ ကြည့်နေကြလေသည်။


ဆိုင်ရှေ့၌ လူများစွာရ်ှပေသည်။အနည်းဆုံးတော့ နန်ကုန်းဝူချယ် ရေတွက်၍ မရနိုင်သည်အထိတော့ များပေသည်။ထိုလူအုပ်ထဲတွင် မြူကောင်းကင်မြို့မှ အဂ္ဂိရတ်ပညာရှင်များလည်း ပါနေပေသည်။


လူတချို့က ထီးဆာင်းထားပြီး ပုဖန်ရှိရာဆီသို့ ရိုင်းစိုင်းကြမ်းတမ်းသော အကြည့်များဖြင့် စိုက်ကြည့်နေကြလေသည်။ထိုအဖွဲ့ကို ဦးဆောင်လာသူက ရင်းနီးကျွမ်းဝင်နေသော ရှုံးရှီဖြစ်သည်။ထိုသူက နှုတ်ခမ်းတင်းတင်းစေ့၍ တည်ကြည်လေးနက်သော မျက်နာထားဖြင့် ထိုလူအုပ်ကို ဦးဆောင်လာလေသည်။


ရှုံးရှီက တောက်ပကောင်းကင်မြို့မှ အဂ္ဂိရတ်ပညာရှင်ဖြစ်သည်။သို့သော်လည်း သူ တောက်ပကောင်းကင်မြို့သို့ မပြန်ရသေးခင်မှာပင် မြို့က ရှုရတပ်၏ ချေမှုန်းဖျက်စီးခြင်းကို ခံလိုက်ရလေပြီ။အခု၌ သူက အိမ်ခြေရာမဲ့ တစ်ယောက်လို ဖြစ်သွားပေပြီ။ ထိုအချိန်တွင် ရှုရအရှင်သခင်၏ ကြေငြာချက်ကို ကြားလိုက်သောအခါ၌ သူ့၏ ဒေါသတရားများကို ဖောက်ခွဲရန် နေရာတစ်ခုကို သူတွေ့သွားခဲ့ပေပြီ။


ဒီတော့ ဒါတွေအားလုံးက အဲ့ဒီ ဖျက်မြင်းစားဖိုမှူးကြောင့်ပေါ့...


 ထိုစားဖိုမှုးက သူ့က်ို အနိုင်ယူခဲ့ပြီး အရှက်ကွဲစေခဲ့သည်။ထပ်ပေါင်း၍ ပြောရလျှင် မြူကောင်းကင်မြို့ထဲ၌လည်း ပုဖန်ကို မုန်းတီးနေသည့် သူများစွာရှိနေပေသည်။


သူကထိုသူများအားလုံးကို စုစည်းလိုက်ပြီး ဒီနေ့ရင်ဆိုင်တွေ့ရန် လာခဲ့ခြင်းဖြစ်သည်။သူ့၏ ရည်ရွယ်ချက်က ပုဖန်ကို ဖမ်းဆီး၍ ရှုရအရှင်သခင်ဆီ လွှဲပြောင်းပေးရန်ဖြစ်သည်။ထိုသို့ဆိုလျှင် ရှုရအရှင်သခင်လည်း ကျေနပ်သွားပြီး သူ့၏ ရှုရတပ်ကို ပြန်လည်ဆုတ်ခွာသွားပေလိမ့်မည်။


ပြင်းထန်လှသော စိတ်အခြေအနေများကြောင့် ပတ်ဝန်းကျင်ရှိ လေထုပင် အစိုင်အခဲဖြင့် ပြောင်းလဲသွားသလို ထင်ရသည်။ထိုင်ခုံပေါ်တွင် သက်တောင့်သက်သာထထိုင်နေဆဲဖြစ်သော ပုဖန်က နောက်ဆုံးတွင် မျက်လုံးကျယ်ကျယ်ဖွင့်လိုက်ပြီဖြစ်သည်။


ခံစားချက်မဲ့စွာဖြင့် ထိုလူအုပ်ကြီးကိုကြည့်၍ ဖြေးဖြေးချင်းထရပ်လိုက်သည်။ပုဖန်အကြောအချဉ်ဆန့်လိုက်ပြီးမှ သူတို့အားလုံးကို တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။


"မင်းတို့ ဒီကို စားဖို့လာတာဆိုရင်တော့ ကြိုဆိုပါတယ်...ဒါပေမယ့် ပြဿနာလာရှာတယ်ဆိုရင်တော့ ငါက အားလုံးက်ို ချွတ်ပြီး ပစ်ထုတ်ရလိမ့်မယ်...တစ်ယောက်လာရင် တစ်ယောက်ကို ချွတ်ပစ်မယ် မင်းတ်ို့အားလုံးလာရင်တော့ အားလုံးက်ို ချွတ်ပစ်မယ်..."


ဝီ...


မီးဖိုချောင်ထဲတွင်ရှိနေသော ဝှိုက်တီ၏ မျက်ဝန်းများက ခရမ်းရောင်တောက်ပလာသည်။မီးဖိုခန်းနံရံနောက်ကွယ်မှ သူ့၏ ပြောင်ရှင်းနေသော ခေါင်းတစ်ဝက်ထွက်ပေါ်လာသည် ။