အပိုင်း ၆၁၁
Viewers 53k

အခန်း ၆၁၁...


သန်းဝေသည့် အသံ ထွက်ပေါ်လာသည်။အေးစက်တဲ့ လေနုအေးများက ပုဖန်၏ မျက်နာပေါ် တိုက်ခိုက်လာသောကြောင့် သူ မျက်လုံးဖွင့်လိုက်မိသည်။ထိုင်ခုံပေါ်တွင် အိပ်ပျော်သွားလိမ့်မည်ဟု မထင်ထားခဲ့မိပေ။ပုဖန် ခုံမှ ထလိုက်သည်။အပြင်ဘက်ကောင်းကင်ယံက မဲနေပေပြီ ။


ပုဖန် ဆိုင်ထဲသို့ ပြန်ဝင်လာခဲ့သည်။နယ်သာရီ က ငရဲကမ္ဘာသင်္ဘောပေါ်သို့ ပြန်သွားပြီး အလျင်အမြန်ပင် အိပ်မောကျနေပြီဖြစ်သည်။


ခွေးဘုရင်ဆီမှလည်း ဟောက်သံများ ထွက်ပေါ်နေ၏ ။


ရှစ်လေးက သိမြင်မှု သစ်သီးပင်၏ ထောင့်နားတွင်လုပ်ထားသော အသိုက်လေးထဲတွင် ဝင်ဝပ်နေပေပြီ။


အကြောအချဉ်ဆန့်လိုက်ပြီးနောက် ဆိုင်တံခါးပိတ်လိုက်သည်။ထို့နောက် သူအပေါ်ထပ်သို့ တက်ခဲ့လိုက်သည်။ယန်မိန်ကျီ၏ အခန်းကို ဖြတ်လျှောက်လိုက်သည့်အခါတွင် မီးလင်းနေဆဲဖြစ်ကြောင်းတွေ့လိုက်ရသည်။သူမ၏ အခန်းဆီမှ အစစ်အမှန် စွမ်းအင်များနှင့် ရောနှောနေသော ဆေးစွမ်းအင်များထွက်ပေါ်နေလေသည်။ထို အခန်းဆီမှ အပူလှိုင်းတစ်ချို့လည်း ခံစားရ၏။ သူမ အဂ္ဂိရတ်ပညာကို လေ့ကျင့်နေခြင်းဖြစ်ကြောင်း သံသယရှိစရာပင်မလိုပေ။


ပုဖန် သူမကို နှောက်ယှက်မနေတော့ပဲ အခန်းထဲသို့သာ ဦးတည်သွားလိုက်သည်။အခန်းတံခါးကို သေချာစွာ ပိတ်လိုက်ပြီးနောက် ဆေးကြောသန့်စင်၍ အိပ်ယာပေါ် သွားကာ အိပ်စက်လိုက်လေသည်။


.....


ကောင်းကင်ဆေးမြို့တော်ရှိ လေဟာနယ်ထဲတွင် ကြီးမားလှသော အစိမ်းရောင်ကြာပန်းက အဆက်မပြတ် ဝေ့ဝဲနေသည်။ထို ကြာပန်းဆီမှ ထုတ်လွင့်နေသော အပူငွေ့များကလည်း ကောင်းကင်ယံသို့ ပင် ရိုက်ခတ်နေ၏။


မြေပြင်မှနေ၍ ထွက်ပေါ်လာသော ဓားအလင်းများကလည်း နားကွဲလောက်ဖွယ် အော်ဟစ်ကြွေးကြော်သံများကို သယ်ဆောင်လာလေသည်။


ဘုန်း...


စွမ်းအင်နှစ်ခု တိုက်မိသွားပြီးနောက် ကြီးမားလှသော ပေါက်ကွဲမှုကြီး ဖြစ်ပေါ်လာသည်။ရှုရအရှင်သခင်၏ အမူအရာက အေးစက်မှောင်မဲနေ၏။သူ့၏ ပတ်ပတ်လည်တွင် ဝန်းရံနေသော ဓားအလင်းများက လော့တန်ချင်းရှိရာဆီသို့ အဆက်မပြတ် ထုတ်လွင့်နေသည်။


လော့တန်ချင်း ထိန်းချုပ်ထားသော ကောင်းကင်ကမ္ဘာမြေ မီးလျှံကလည်း ထူးဆန်းလှသော သားရဲ ပုံသဏ္ဍာန်အမျိုးမျိုးသို့ အဆက်မပြတ် ပြောင်းလဲနေသည်။


၎င်းက အဂ္ဂိရတ်ပညာရှင်တို့၏ မီးလျှံထိန်းချုပ်သည့် နည်းစနစ်ပင်ဖြစ်သည်။ဆေးနန်းတော်၏ အရှင်သခင်တစ်ယောက်ဖြစ်သော လော့တန်ချင်း၏ အရည်အချင်းက အထွဋ်အထိပ်အဆင့်သို့ ရောက်ရှိနေပေပြီ။သူ့လက်ထဲမှ မီးလျှံက သူ့၏ စိတ်ဆန္ဒအတိုင်း လိုက်ပါ ပြောင်းလဲနေသည်။


နတ်ဘုရားတစ်ပိုင်း လက်နက်ဖြစ်သော ရှုရဓား၏ စွမ်းအင်များကလည်း ကြောက်စရာကောင်းလှသည်။သူ့ဆီမှ ထုတ်လွင့်နေသော ဓားစွမ်းအင်များက မြို့တံတိုင်းကို ကာရံထားသော အစီအရင်ကို အဆက်မပြတ် ဖျက်စီးပစ်နေသည်။ကာကွယ်ရေးအစီအရင်က အချိန်မရွေး ပြိုလဲ ကျသွားတော့မည့်ပုံ ပေါ်သည်။


ရှုရအရှင်သခင်၏ တိုက်ခိုက်မှုများက ပို၍ရူးသွပ်လာသည်။သူ့မျက်နာမှ စိတ်လှုပ်ရှားမှုဖြင့် ပြည့်နေပြီး သူ့၏ မျက်ဝန်းများက နီရဲတောက်ပနေ၏။သူ့၏ ဓားစွမ်းအင်နည်းစနစ်များကို အကုန်အစင်ထုတ်သုံးနေလေသည်။သူ့ခေါင်းထိပ်ရှိ သွေးနီရောင် စိတ်ဝိညာဉ်လှေကားကလည်း အဆက်မပြတ် တုန်ခါနေ၏


လော့တန်ချင်း၏ ခေါင်းပေါ်မှ မြစိမ်းရောင်ဝိညာဉ်လှေကားကလည်း တဖျတ်ဖျတ်တောက်ပနေ၏။သူတို့နှစ်ယောက်၏ ကြမ်းတမ်းလှသော တိုက်ခိုက်မှုက ကြည့်ရှုမိလိုက်သူကိုပင် ကြောက်ရွံ့တုန်လှုပ်သွားစေသည်။


ရှုရအရှင်သခင်လက်အောက်မှ စစ်သည်တော်များက စိတ်လှုပ်ရှားတကြီးဖြင့် ကြည့်နေကြသည်။ရှုရတပ်မှ စစ်သည်တော်များက သူတို့၏ လှံရှည်ကို တင်းတင်းဆွဲကိုင်ရင်း လော့တန်ချင်းကို တိုက်ခိုက်ကြသည်။


ထိုကျင့်ကြံသူများ၏ ခေါင်းပေါ်တွင်လည်း သွေးနီရောင် ဝိညာဉ်လှေကားရှိနေသည်။သို့သော်လည်း အဆင့်တစ်ဆင့်သာရှိသည်ကို ကြည့်ခြင်းအားဖြင့် ထိုသူများက အားနည်းကြောင်း သိသွားပေသည်။


ထိုတစ်ချိန်တည်းမှာပင် ဆေးနန်းတော်၏ အကြီးအကဲများကလည်း အပြင်ဘက်သို့ ထွက်လာကြသည်။သူတို့က လော့တန်ချင်းနှင့် တူညီသော ဝတ်စုံကို ဝတ်ဆင်ထားသည်။သူတို့လှုပ်ရှားလိုက်သောအချိန်၌ အဂ္ဂိရတ်မီးလျှံများက ကောင်းကင်ယံဆီသို့ ထိုးတက်သွားသည်။


ကောင်းကင်ယံတွင် စွမ်းအားများ ပြည့်နှက်သွားပြီး လေဟာနယ်ပင် တုန်ခါသွားသည်။ကြီးမားလှသည့် အစီအရင်တစ်ခုဖြစ်ပေါ်လာပြီးနောက် ဆေးကောင်းကင်မြို့တော်၏ ပတ်ပတ်လည်ကို လွှမ်းခြုံသွားသည်။ထိုအစီအရင်က ရှေ့သို့ တက်လာသော ရှုရတပ်ကို တားဆီးထားပေသည်။


လော့တန်ချင်းနောက်မှ လိုက်ပါလာသော ဆေးနန်းတော်မှ ပညာရှင်များကလည်း သူတို့ အစစ်အမှန်စွမ်းအင်များကို ထုတ်ဖော်လိုက်ပြီး အင်အားကြီးမားလှသော ရှုရတပ်နှင့် ရင်ဆိုင်တိုက်ခိုက်လိုက်ကြသည်။


ပတ်ဝန်းကျင်တစ်ခွင်က တိုက် ခိုက်အော်ဟစ် ကြွေးကြော်သံများဖြင့် ဆူညံသွားသည်။စစ်ပွဲ စတင်လေပြီ။ကောင်းကင်ဆေးမြို့တော်တစ်ခွင်တွင် သတ်ဖြတ်ခြင်းအငွေ့အသက်များ ပြည့်နှက်နေပြီး သွေးပင်လယ်အဖြစ်သို့ ပြောင်းလဲသွားသည်။


ဆေးနန်းတော်မှ အဂ္ဂိရတ်ပညာရှင်အမြောက်အများက ရှုရတပ်၏ အညှာအတာမဲ့ သတ်ဖြတ်ခြင်းကို ခံကြရလေသည်။


တိုက်ပွဲကအထွဋ်အထိပ်သို့ ရောက်ရှိလာသည်။


တစ်ချိန်တည်းမှာပင် တစ်ခြားအင်အားစုများက ဆေးနန်းတော်ပတ်ဝန်းကျင်မှနေ၍ ထိုတိုက်ပွဲကို ကြည့်ရှုနေကြသည်။သူတို့က နောက်ဆုံးရလဒ်ကို စောင့်မျှော်နေကြခြင်းဖြစ်သည်။


ခန့်မှန်းမရသော အခြေအနေတွင် သူတို့က စစ်ပွဲထဲ ဝင်ရောက်ဝင်ပါလိုခြင်းမရှိကြပေ။စစ်ပွဲက တကယ့်ကို ကြောက်စရာကောင်းလှသည်။ရှုရတပ်မှ စစ်သည်တော်များက ပို၍ သန်မာကြောင်း မြင်နိုင်ပေသည်။စစ်ပွဲ၏ အနိုင်ရသူကို ဆုံးဖြတ်ပြီးသလိုဖြစ်နေသည်။


ရှုရတပ်၏ စခန်းနေရာတွင်ရှိနေသော လျှို့ဝှက်နဂါး တော်ဝင်ခုံရုံးမှ ကျင့်ကြံသူက လက်နှစ်ဘက်နောက်ပစ်၍ ရပ်နေလေသည်။ထိုသူက လေထဲတွင် တိုက်ခိုက်နေသော လူနှစ်ယောက်ကိုကြည့်၍ မျက်မှောင်ကြုတ်လိုက်သည်။


ဆေးနန်းတော်၏ အရှင်သခင်ဖြစ်သော လော့တန်ချင်းက တကယ်ကို သန်မာလှပေသည်။အထွဋ်အထိပ် ပညာရှင်တစ်ယောက်ဟူသော ဂုဏ်ပုဒ်နှင့် ထိုက်တန်၏။


သို့သော်လည်း ရှုရအရှင်သခင်၏ ကျင့်ကြံဆင့်က သူထက် နိမ့်ပါးနေသည့်တိုင်အောင် တိုက်ခိုက်မှု စွမ်းရည်ကမူ မြင့်မားလှသည်။သူ့၏ လက်ထဲမှ နတ်ဘုရားတစ်ပိုင်းလက်နက်ဖြစ်သော ရှုရဓားက အကန့်အသတ်မဲ့ စွမ်းအင်များကို ထုတ်လွင့်ပေးနေ၏။


ရှုရဓား၏ စွမ်းအင်များကလည်း ကြောက်စရာကောင်းလှ၏။သို့သော်လည်း ရှုရအရှင်သခင်က လော့တန်ချင်းကို သတ်နိုင်မည့်ပုံမပေါ်ပေ။


လျှို့ဝှက်နဂါးတော်ဝင်ခုံရုံးမှ ပညာရှင်၏ မျက်ဝန်းထဲတွင် အလင်းတစ်ချက်လက်သွားသည်။သူအသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်ပြီး ကျောက်စိမ်းမျက်နာလော့တန်ချင်းကို ကြည့်လိုက်သည်။တကယ့်ကိုသန်မာ၏သို့သော်လည်း ထိုကဲ့သို့ပညာရှင်မျိုးကို သူမလိုအပ်ပေ။


ဆေးနန်းတော်က အဂ္ဂိရတ်ပညာရှင်များ၏ သန့်စင်မြင့်မြတ်သော နေရာဖြစ်သည်။၎င်းက လျှို့ဝှက်နဂါး တော်ဝင်ခုံရုံးလက်က လွတ်ပြီး ဘယ်လိုလုပ် လွတ်လွတ်လပ်လပ် နေနိုင်နေတာလဲ...


၎င်းတို့က အစားကြူးတောင်ကြားနှင့် တူတူပင်ဖြစ်သင့်သည်။ထိုအင်အားစုက လျှို့ဝှက်နဂါး တော်ဝင်ခုံရုံးပေါ် မှီခိုနေရလေသည်။၎င်းက လျှို့ဝှက်နဂါး တော်ဝင်ခုံရုံး၏ စွမ်းအားများကို အဆက်မပြတ်မြင့်တင်သည့် နည်လမ်းတစ်ခုဖြစ်သည်။


ထိုသူ၏ နှုတ်ခမ်းများ တွန့်ကွေးသွားသည်။သူ့လက်ထဲတွင် အလင်းတစ်ချက်လက်သွားပြီးနောက် ရှေးဟောင်းပုံစံ လင်းလေး တစ်လက်ပေါ်လာသည်။


သူ့၏ အကြည့်များက လော့တန်ချင်းကို မမှိတ်မသုန် စိုက်ကြည့်လိုက်ပြီး လေးကြိုးကို ဖြေးဖြေးချင်း ဆွဲလိုက်သည်။ထို့နောက် စိတ်ဝိညာဉ် စွမ်းအင်များဖြင့် ပြည့်နှက်နေသော မြှားတစ်လက်က လေဟာနယ်ကို ခွင်းဖောက်၍ ဖြတ်သန်းသွားလေသည်။


အရှင်သခင်၏ သွေးနီရောင် စွမ်းအင်များနှင့် ကြာစိမ်း၏ ထိတွေ့ တိုက်ခိုက်မှုကြောင့် စွမ်းအင်လှိုင်းများက အဘက်ဘက်သို့ ပြန့်နှံ့သွားသည်။


ရုတ်တရက် လော့တန်ချင်း၏ နှလုံးသားက တင်းကျပ်သွားသည်။ကြောက်မက်ဖွယ်ကောင်းလှသော သတ်ဖြတ်ခြင်း အငွေ့အသက်များ သူ့ဆီသို့ ဦးတည်လာနေသည်ကို ခံစားလိုက်ရသည်။သူ့ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်သွားလေ၏။


"ဘာတွေဖြစ်နေတာလဲ..."


လော့တန်ချင်း၏ မျက်ဝန်းများ ကျဉ်းမြောင်းသွားသည်။သူ ကြာပန်းစိမ်းကို ပေါက်ကွဲစေလိုက်ပြီး ရှုရအရှင်သခင်ကို နောက်ဆုတ်ရအောင် ဖိအားပေးလိုက်သည်။တစ်ချိန်တည်းမှာပင် သူ့၏ အောက်ခြေမှနေ၍ လေတိုးသံကျယ်ကျယ်ကို ကြားလိုက်ရသည်။ငွေရောင်စွမ်းအင်များ စုစည်းနေသည့် မြှားတစ်လက်က လေဟာနယ်ကို ထိုးခွင်း၍ သူ့ရှိရာဆီသို့ လာနေလေသည်။


"ဘာလဲ... ဘာလို့ အဲ့ဒီလောက်တောင် ကြောက်ဖို့ကောင်းနေရတာလဲ ..."


လော့တန်ချင်း၏ မျက်နာက ထိတ်လန့်မှုဖြင့် ဖြူဖျော့သွားသည်။သူ အလျင်အမြန်ပင် လက်နှစ်ဖက်ကို ယှက်၍ ရင်ဘတ်ရှေ့၌ ကာလိုက်သည်။သူ့ရှေ့မှ ကြီးမားလှသော မီးလျှံကျောက်စိမ်းထွက်ပေါ်လာပြီးနောက် သားရဲ ပုံသဏ္ဍာန်ဖြစ်ပေါ်လာသည်။ထို သားရဲကြီးက အလင်းများကို မြိုချလိုက်၏။


သို့သော်လည်း မီးလျှံကျောက်စိမ်းက ထိုမြှားအလင်းကြောင့် ပေါက်ကွဲထွက်သွားသည်။လော့တန်ချင်း၏ ရင်ဘတ်တွင် အပေါက်တစ်ပေါက် ဖြစ်သွားပြီး သူ့၏ မျက်နာက ချက်ချင်းဖြူဖျော့သွားသည်။


သူ့၏ ဒဏ်ရာအလယ်မှ အလင်းများက သူ့ခန္ဓာကိုယ်ကို စတင်တိုက်စားလာသည်။ကောင်းကင်ယံတွင် သွေးများ ပြန့်ကျဲသွားသည်။လော့တန်ချင်း အဆက်မပြတ် သွေးအန်ထုတ်လိုက်သည်။သူ့၏ ခန္ဓာကိုယ်က ယိမ်းယိုင် နေပေ၏။


ရှုရအရှင်သခင် မျက်မှောင်ကြုတ်လိုက်သည်။သူ့၏ ရှုရဓားကို ခပ်တင်းတင်းဆုပ်ကိုင်ထားလိုက်ပြီး ရှုရဓားတိုက်ခိုက်မှုကို ရပ်တန့်လိုက်၏။သူက လင်းလေးတစ်လက်ကိုကိုင်၍ ခပ်ပြုံးပြုံးရပ်နေသော သူဆီသို့ လှည့်ကြည့်လိုက်သည်။


"ဒီအရှင်သခင်က မင်းတိုက်ခိုက်လို့ ပြောခဲ့လို့လား..."


ရှုရသခင် ဒေါသဖြင့် အော်ဟစ်လိုက်သည်။


အဲ့ဒီလူက ဘာဖြစ်ချင်နေတာလဲ ဒီရှုရအရှင်သခင်က လော့တန်ချင်းကို မရိုက်နှက်နိုင်ဘူးလို့ ထင်နေတာလား...သူက လော့တန်ချင်းထက် အဆင့်တစ့်ဆင့် အားနည်းတယ်ဆိုပေမယ့် သူအစွမ်းကုန် ကြိုးစားရင် အဆင့်တူ တိုက်ခိုက်နိုင်တယ်...


လျှို့ဝှက်နဂါးတော်ဝင်ခုံရုံးမှ ပညာရှင်၏ လှုပ်ရှားမှုက သူ့ကို အရှက်ရစေသည်။


 လော့တန်ချင်းကို ဆိုးဆိုးဝါးဝါးထိခိုက်သွားစေသောကြောင့် သူ့၏ မျက်နာက အလွန်ဖြူဖျော့နေပေသည်။


"ငါကိုယ်တိုင် မင်းကို အနိုင်ယူနိုင်တယ်..."


ရှုရအရှင်သခင်က လော့တန်ချင်းဘက်သို့ လှည့်၍ အေးစက်စက်ပြောလိုက်သည်။သူက မောက်မာဝင့်ကြွားလှသော အမူအရာဖြင့် ရပ်နေ၏ လော့တန်ချင်း၏ နှုတ်ခမ်းထောင့်စွန်းလေးများက တွန့်ကွေးသွားလေသည်။သူ့၏ အမူအရာက ရှုရအရှင်သခင်ကို ဒေါသထွက်သွားစေသည်။


လော့တန်ချင်းက အဆင့် ၈ စိတ်ဝိညာဉ်ဆေးလုံးတစ်လုံးကို စားသုံးလိုက်ပြီး သူ့အခြေအနေကို တည်ငြိမ်အောင်ကြိုးစားလိုက်သည်။


"နွေဦး ကောင်းကင်ဘုံ မြင့်မြတ်သန့်စင်နယ်မြေက နတ်ဘုရားသတ်လင်းလေး... မင်းက နွေဦးကောင်းကင်ဘုံ မြင့်မြတ်သန့်စင်နယ်မြေကလူလား..."


လော့တန်ချင်း၏ အေးစက်သောအသံက ကောင်းကင်တစ်ခွင် ပြန့်နှံ့သွားသည်။လျှို့ဝှက်နဂါးတော်ဝင်ခုံရုံးမှပညာရှင်က ရယ်မောလိုက်သည်။


"ကျောက်စိမ်းမျက်နာ လော့တန်ချင်းက တကယ့်ကို သာမန်လူမဟုတ်ဘူးပဲ... နတ်ဘုရားသတ်လေးရဲ့ တိုက်ခိုက်မှုကနေတောင် လွတ်မြောက်သွားတယ်...ငါက ကောင်းကင်ဘုံ နွေဦး မြင့်မြတ်သန့်စင်နယ်မြေက ကျောင်းယာပဲ..."


သက်လတ်ပိုင်းလူက ပြန်ဖြေလိုက်သည်။လော့တန်ချင်း သွေးချောင်းတစ်ချက်ဆိုးလိုက်သည်။သူ့၏ နက်မှောင်နေသော မျက်ဝန်းထဲ၌ အဓိပ္ပါယ်များ ပြည့်နှက်နေ၏။


"ကောင်းပြီလေ အခု မင်းရဲ့ လေးမှာ မြှားမရှိဘူး မင်းက မြှားမရှ်ိပဲ ငါ့ကို သတ်မလို့လား...မင်းက အထင်သေးနေတာလား..."


"ငါ့မှာ မြှားရှိပါတယ် ဒါပေမယ့် ငါက အဲ့ဒီ မြှားတွေကို ငရဲကမ္ဘာကသက်ရှိတွေကိုသတ်ဖို့သိမ်းထားတာမင်းအပေါ်မှာ မဖြုန်းတီးနိုင်ဘူး...ငါ မင်းအပေါ် အထင်အမြင်သေးနေတာမဟုတ်ဘူး...ဒါပေမယ့်ဘယ်လိုပဲဖြစ်ဖြစ်လေ မင်းက လုံလုံလောက်လောက်မသန်မာသေးတာတော့ အမှန်ပဲ ..."


ထ်ိုကျောင်းယာက အပြုံးဖျော့ဖျော့ဖြင့် ပြောလိုက်သည်။ထိုအချိန်တွင် ကောင်းကင်ဆေးမြို့တော်တစ်ခွင်လုံး တိတ်ဆိတ်နေသည်။မတော်တဆ ဖြစ်ရပ်က သူတို့ကို ပါးစပ်အဟောင်းသားဖြစ်နေစေသည်။


ကောင်းကင်ဆေးမြို့တော်၏ အဂ္ဂိရတ်ပညာရှင်များ၏ မျက်ဝန်းများက ပြူးကျယ်နေကြသည်။မျက်ဝန်းထဲမှ မျက်ရည်များပင် စီးကျနေ၏။သူတို့၏ မျက်ဝန်းထဲတွင် သူတို့၏ အရှင်သခင်အတွက် ဆုတောင်းနေသည့် စိတ်ဆန္ဒများ ပြည့်နှက်နေသည်။


"တခြားလူတစ်ယောက်က သူတို့ရဲ့ဆေးနန်းတော်အရှင်ကို အထင်သေးနေတယ်...သူက တကယ့်မြှားအစစ်ကိုတောင် အသုံးမပြုခဲ့ပဲနဲ့ လှောင်ပြောင်နေတယ်..."


"ရှုရအရှင်သခင် မင်းက ဘာလို့ မလှုပ်ရှားသေးတာလဲ မင်းက ဘယ်လောက်အခ်ျိန်ဖြုန်းချင်တာလဲ...လော့တန်ချင်းကို သတ်လိုက်တော့ ပြီးရင် ငါတို့ရဲ့ သဘောတူညီမှု တစ်ဝက်ပြီးဆုံးသွားပြီ ..."


ရှုရအရှင်သခင်က ထိုအကြောင်းအရာကို မျက်နာသေဖြင့် ကြည့်လိုက်သည်။


"ငါရှုရအရှင်သခင်က အဲ့ဒီလောက် စက်ဆုပ်ဖို့ကောင်းနေတာလား...ဒီအဖြစ်အပျက်က ငါ့ကို အရှက်ရစေတယ်..."


ရှုရအရှင်သခင်၏ မောက်မာဝင့်ကြွားလှသော အသံက ကောင်းကင်ယံတစ်ခွင်ပဲ့တင်ထပ်သွားသည်။လော့တန်ချင်း ရှုရအရှင်သခင်ကို ကြည့်ရင်း နှုတ်ခမ်းတွန့်ရုံ ပြုံးလိုက်သည်။ထို့နောက် ကောင်းကင်ဆေးမြို့တော်၏ တံတိုင်းထက်သို့ အလျင်အမြန် ပြန်လည်ဆင်းသက်လိုက်သည်။


ဆေးမြို့တော်မှ ပညာရှင်များက မြို့တံတိုင်းထိပ်တွင် အလျင်အမြန် စုဝေးလာ၏။လော့တန်ချင်းက သွေးချောင်းအဆက်မပြတ်ဆိုးနေပြီး သူ့၏ မျက်နာကလည်း ကြောက်မက်ဖွယ်ကောင်းလှအောင် ဖြူဖျော့နေပေသည်။


"ငါဒီနေ့ ဂရုမစိုက်မိလိုက်ဘူး...ကျောင်းယာငါမင်းကို အမှတ်ရနေမယ်..."


လော့တန်ချင်းက အေးဆေးစွာပြောလိုက်သည်။ကျောင်းယာ မျက်မှောင်ကြုတ်လိုက်၏ ထို့နောက် သူ့လက်ထဲတွင် လင်းလေး ပြန်ပေါ်လာသည်။


"ရှုရအရှင်သခင်က မလုပ်ချင်ဘူးဆိုမှတော့ ငါကိုယ်တိုင်ပဲ လုပ်ရတော့မှာပေါ့ ဒီမှာနောက်ထပ် မင်းအတွက် မြှားတစ်စင်းလာပြီ ဘယ်လိုပဲဖြစ်ဖြစ် ငါဒီနေ့ မင်းကို ရအောင်သတ်မယ်..."


လေးကြိုးမှ အလင်းမြှားတစ်စင်း ပစ်လွှတ်လိုက်လေ၏။အလင်းမြှား၏ အရှိန်က လျင်မြန်လှသောကြောင့် မည်သို့မှ တားဆီးရန်မဖြစ်နိုင်ပေ။လေဟာနယ် ဆုတ်ပြဲသံများပင် ထွက်ပေါ်လာ၏။


ကာရံထားသော အစီအရင်က ထို မြှားချက်ကြောင့် ပြိုကွဲသွားသည်။အလင်များက ရပ်တန့်မသွားပဲ လော့တန်ချင်းရှိရာဆီသို့ ဆက်လက်လာနေ၏။


ရုတ်တရက် ပုံရိပ်တစ်ခုက လော့တန်ချင်းကို ကာကွယ်လိုက်ပြီး အလင်းမြှားကို ဖမ်းဆုပ်လိုက်သည်။ထိုသူက မာန်သွင်း၍ ကြုံးဝါးလိုက်ပြီး အလင်းမြှားကို ရပ်တန့်ရန် ကြိုးစားလိုက်၏ သူ့၏ ခေါင်းပေါ်တွင် တောက်ပထွန်းလင်းနေသော စိတ်ဝိညာဉ် လှေကားတစ်ဆင့်က စတင်၍ အက်ကွဲလာသည်။


အလင်းမြှားက သူ့ကို ဖောက်ထွင်းထွက်သွားပြီး မြို့တံတိုင်းနံရံတွင် သွားစိုက်ထားလေသည်။


"နန်းတော်သခင် ပြေးတော့ ..."


ထိုသူက တဖြေးဖြေးချင်း ခေါင်းလှည့်ကြည့်လိုက်ရင်း အော်ပြောလိုက်သည်။


"စတုတ္ထမြောက်အကြီးအကဲ ..."


အမြဲတစေ ခံစားချက်မဲ့လှသော လော့တန်ချင်း၏ မျက်နာပေါ်တွင် ပြင်းပြင်းထန်ထန်ဒဏ်ရာရသွားသော သားရဲကောင်ကဲ့သို့ နာကျင်မှုမျိုးပေါ်လာသည်။မဟာအကြီးအကဲနှင့် ဒုတိယအကြီးအကဲတို့က လော့တန်ချင်းရှိရာဆီသို့ အလျင်အမြန်ရောက်လာကြသည်။


ရင်ဘတ်ဟောင်းလောင်းပွင့်ပြီး ဝိညာဉ် လှေကားကွဲကြေသွားသော စတုတ္ထအကြီးအကဲကို မြင်လိုက်သည့်အချိန်တွင် သူတို့၏ မျက်ဝန်းထဲတွင် မျက်ရည်များ ပြည့်လျှံလာသည်။


ထိုအခိုက်အတန့်အတွင်းတွင် သူတို့က လော့တန်ချင်းကို ဆွဲခေါ်လိုက်ပြီး ကောင်းကင်ဆေးမြို့တော်အတွင်းသို့ ပြန်ဆုတ်လိုက်သည်။


"ရှုရအရှင်သခင် မင်း သူတို့ကို လိုက်ဖမ်းနိုင်လား...မင်းလော့တန်ချင်းကို လိုက်ဖမ်းနိုင်လား...ဒါပေမယ့် ဒီနေရာကိုတော့ ရှင်းလင်းဖို့ လိုလိမ့်မယ်...ပြီးတာနဲ့ ငါတို့ မြူကောင်းကင်မြို့တော်ကို သွားကြမယ်..ငါ့ရဲ့ နတ်ဘုရားသတ် လေးက ငရဲကမ္ဘာအမျိုးသမီးနဲ့ ငရဲကမ္ဘာက သက်ရှိတွေရဲ့ အသက်တွေကို ဆာလောင်နေပြီ..."


ကျောင်းယာက သူ့၏ လေးကို ပြန်လည်သိမ်းဆည်းလိုက်ပြီး ကောင်းကင်ယံထက်တွင်ရှိနေဆဲဖြစ်သော ရှုရအရှင်သခင်ကို ကြည့်လိုက်သည်။


ရှုရအရှင်သခင်၏ မျက်ဝန်းများက အေးစက်သွားသည်။သို့သော် စကားတစ်ခွန်းမှ ပြန်မဆိုတော့ပဲ ကောင်းကင်ဆေးမြို့တော်အတွင်းသို့ ပျံသန်းသွားလိုက်၏။


..


ကြယ်မျှော်စင်၏ အရှေ့တွင် အဆင့်မြင့် အဖွဲ့ဝင်များ တစ်ဖွဲပြီးတစ်ဖွဲ့ ရောက်လာကြသည်။သူတို့၏ မျက်နာတွင် ဝမ်းနည်းပူဆွေးမှုများ ပြည့်နှက်နေသည်။


"ငါတို့ အခုချက်ချင်း ထွက်ခွာသင့်တယ် မြူကောင်းကင်မြို့တော်ကို ပို့ဆောင်ရေးအစီအရင်က အသက်ဝင်နေပြီ ငါတို့ရဲ့ နန်းတော်သခင်ကို မြူကောင်းကင်မြို့ဆီ မြန်မြန်ခေါ်သွားရမယ်..."


မဟာအကြီးအကဲက သူ့၏ ရှေ့တွင်ရှိနေသော ကြယ်မျှော်စင်မှ တပည့်များကို ကြည့်လိုက်သည်။သူ့၏ အမူအရာကလည်း တည်ငြိမ်လေးနက်နေသည်။ထို့နောက် သူ့၏ လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် ကြယ်မျှော်စင်က အလွန်လျင်မြန်စွာ ကျုံ့သွားသည်။ကြယ်မျှော်စင်ကို လော့တန်ချင်း၏ ရင်ဘတ်တွင် ထားလိုက်သည်။


လော့တန်ချင်း အံ့အားသင့် တုန်လှုပ်သွားသည်။သူ မဟာအကြီးအကဲကို မျက်မှောင်ကြုတ်၍ ကြည့်လိုက်ပြီး အလျင်အမြန် မတ်မတ်ရပ်လိုက်သည်။ထို့နောက်သူ ကူကယ်ရာမဲ့စွာ ဖြင့် အော်ဟစ်လိုက်သည်။


"မဟာအကြီးအကဲ ဒါဘာလုပ်တာလဲ မလုပ်နဲ့..."


"သွားတော့..."


မဟာအကြီးအကဲကလော့တန်ချင်းကို ခဏမျှငေးမောကြည့်ရှုနေပြီးမှသက်ပြင်းချလိုက်သည်။ကြယ်မျှော်စင်မှ တပည့်များက လော့တန်ချင်းကို ချက်ချင်းဆွဲခေါ်လိုက်ပြီး အစီအရင်ထဲသို့ အလျင်အမြန်ဝင်လိုက်လေသည်။


သူတို့ မထွက်ခွာခင်တွင် အစီအရင်ရှေ့တွင် တစ်ယောက်တည်းအထီးကျန်စွာ ရပ်နေသော မဟာအကြီးအကဲ၏ ပုံရိပ်ကိုနောက်ဆုံးမြင်လိုက်ရလေသည်။


ကောင်းကင်ယံထက်ကို ရောက်လာသော ရှုရအရှက်သခင်က အစီအရင်ဖြင့် ထွက်ခွာသွားကြသူများကို ရပ်တန့်ရန်မကြိုးစားပဲ အေးအေးသာသာသာကြည့်နေလေသည်။ထို့နောက် သူ့၏ အကြည့်များက မဟာအကြီးအကဲဆီသို့ ရောက်သွားသည်။


မဟာအကြီးအကဲက လည်ချောင်းတစ်ချက်ရှင်းလိုက်ပြီး ရှုရအရှင်သခင်ကို မော့ကြည့်လိုက်သည်။အရေးအကြောင်းများဖြင့် ပြည့်နေသော သူ့၏ မျက်နာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။


"ငါ့ကို မင်းရဲ့ ရှုရဓားနဲ့ သင်ကြားပြသမှု ပေးနိုင်မလား...ရှုရအရှင်.."