အပိုင်း ၆၁၄
Viewers 53k

အခန်း ၆၁၄

မလိုတော့ဘူး ငါဒီမှာရောက်နေပြီ...


အဂ္ဂိရတ်ပညာရှင်များကလည်း သူတို့၏ အဂ္ဂိရတ်ပညာများကို ပြင်းပြင်းထန်ထန်လေ့ကျင့်ပြီးနောက် အသွင်အပြင်များပါ ပြောင်းလဲသွားလေသည်။အဂ္ဂိရတ်ပညာရှင် ဝတ်ရုံအသစ်ကို ဝတ်ဆင်ပြီးနောက် စစ်သည်တော်များနောက်မှနေ၍ မြို့တံတိုင်းဆီသို့ လိုက်ပါလာခဲ့ကြသည်။


သူတို့ဆီမှ အော်ရာများက တဖြေးဖြေး ပြန့်ကားစုစည်းလာပြီး အဝေးမှ ရှုရတပ်ဆီသို့ပင် လွှမ်းခြုံထားလေသည်။သူတို့၏ ပုံစံက အရင်ကနှင့် လားလားမှမတူပေ။သူတို့က အဂ္ဂိရတ်ပညာရှင်များသာ ဖြစ်ကြသော်လည်း သူတို့၏ မွေးရပ်မြေကို ကာကွယ်ရမည့်အချိန်၌ ခန္ဓာကိုယ်ပတ်ပတ်လည်တွင် ရဲစွမ်းသတ္တိပြည့်ဝနေသည့် အော်ရာများ ပြည့်နှက်နေသည်။


မူလက ကောင်းကင်ဆေးမြို့တော်တွင်တည်ရှိသော ကြယ်မျှော်စင်သည် ယခု မြူကောင်းကင်မြို့အတွင်း ရောက်နေပေပြီ။ကြယ်မျှော်စင်၏ ပတ်ပတ်လည်တွင် ကြယ်အလင်းရောင်လေးများ တလက်လက်တောက်ပနေပြီး သိပ်သည်းလှသော စွမ်းအင်လှိုင်းများကို ထုတ်လွင့်ပေးနေသည်။


ကြယ်မျှော်စင်၏ အောက်ခြေတွင် အဆင့်မြင့်လှသော ကွပ်ကဲသူများစွာက တိတ်ဆိတ်ငြိမ်သက်စွာရပ်နေကြသည်။ဒီနေ့ ရှုရတပ် ရောက်လာလိမ့်မည်ဖြစ်ရာ သူတို့က နန်းတော်သခင်ကို အားဖြည့် ကူညီရပေမည်။


မကြာခင်မှာပင် ရှုရတပ်ကို ရင်ဆိုင်တွေ့ရန်အတွက် နန်းတော်သခင်ထွက်လာလေသည်။လော့တန်ချင်း၏ ခန္ဓာကိုယ်မှ စွမ်းအင်များအဆက်မပြတ် မြင့်တက်နေသည်။သူ့ခေါင်းပေါ်၌ရှိနေသော မြစိမ်းရောင်ဝိညာဉ်လှေကားကလည်း အလွန်တရာ တောက်ပနေ၏။


သူ အပြည့်အဝ ပြန်လည်သက်သာသွားပေပြီ။


သူတို့အရှင်သခင်၏ ပုံရိပ်ကိုကြည့်ပြီး အဂ္ဂိရတ်ပညာရှင်များစွာက ယုံကြည်မှု ပိုရှိလာသည်။သူတို့ စိတ်လှုပ်ရှားစွာဖြင့် အမိန့်ကို စောင့်မျှော်နေကြလေသည်။


"ငါတို့ရဲ့ ဆေးနန်းတော်က လုံးဝ အားမနည်းဘူး...ရှေးဟောင်းရှုရတပ်က တောက်ပကောင်းကင်မြို့တော်နှင့် ကောင်းကင် ဆေးမြို့တော်အနိုင်ရချေမှုန်းခဲ့ကြပေပြီ... သူတို့က ငါတို့ရဲ့ မွေးရပ်မြေကို ချေမှုန်းဖျက်စီးချင်နေတယ်...ငါတ်ို့က ဒီမှာ သေဖို့ ထိုင်စောင့်နေလို့ မရဘူး...ငါတို့ စွမ်းအားရှိသလောက် ခုခံတိုက်ခိုက်ရမယ်...ဒီနေ့ အဲ့ဒီ ရှုရအကြမ်းဖက်တွေ မသေရင် ငါတို့ အား လုံး အတူတကွသေကြမယ်...တကယ်လို့ ငါတို့ သေရမယ်ဆိုရင်တောင်မှ သူတို့ကို အကောင်းတိုင်းကျန်ခွင့်မပေးနိုင်ဘူး...ငါတို့ကို အလွယ်တကူ အရှက်ခွဲလို့မရဘူးဆိုတာကို သူတို့သိစေရမယ်..."


လော့တန်ချင်းက အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်ပြီး ကြွေးကြော်လိုက်သည်။သူ့၏ စူးရှလှသော မျက်ဝန်းများကလည်း အလင်းများပင် ဖြာထွက်နေလေသည်။အဂ္ဂိရတ်ပညာရှင်များအားလုံးကလည်း လော့တန်ချင်းအနောက်မှနေ၍ စိတ်အားထက်သန်စွာဖြင့် ကြွေးကြော်သံများ ပဲ့တင်ထပ်သွားလေသည်။


မြူကောင်းကင်မြို့ထဲမှ ကျွမ်းကျင်ပညာရှင်များအားလုံးစတင်လှုပ်ရှားလာကြပေပြီ သူတို့က လေပြင်းမုန်တိုင်းတစ်ခုသဖွယ် မြို့တံတိုင်းဆီသို့ ဦးတည်သွားနေကြသည်။သူတို့၏ မျက်နာအမူအရာများကလည်း အလွန်ပင် လေးနက်တည်ငြိမ်နေ၏။


ဒီတိုက်ပွဲက နောက်ဆုံးတိုက်ပွဲဖြစ်ပြီး သူတို့၏ ဂုဏ်သိက္ခာအတွက် တိုက်ခိုက်မည့် တိုက်ပွဲဖြစ်ပေသည်။တိမ်ခိုးစားသောက်ဆိုင်၏ တံခါးပွင့်လာလေသည်။ပုဖန် ဆိုင်ပေါက်ဝတွင် မတ်တပ်ရပ်၍ စုစည်းနေသော သွေးနီရောင်တိမ်တိုက်များကို ကြည့်လိုက်သည်။သူ့မျက်နာက အေးစက်သွားလေ၏။


.......


ငရဲဘုရင်ကလည်း တံခါးဘောင်ကိုမှီ၍ အစပ်ချောင်းကို လျက်နေသည်။သူက အဝေးမှ စုစည်းလာနေသော သွေးနီရောင် တိမ်တိုက်များကို အေးဆေးစွာပင် ကြည့်နေ၏။


"ပုရွတ်ဆိတ်လို သတ္တဝါတွေ ဟမ်း....သူတို့က ငရဲ ကမ္ဘာရဲ့ သက်ရှိတွေကို သတ်ချင်သေးတယ် ဒီငရဲဘုရင်က လူသားဆန်ဆန် ဘယ်လိုပြုမူရလဲဆိုတာကို သင်ပေးလိမ့်မယ်..."


ပုဖန် ငရဲဘုရင်ကို မျက်စိစွေကြည့်လိုက်သည်။


"အဲ့ဒါဆိုရင်လည်း ခင်ဗျားအဲ့ဒီကို သွားသင့်တယ်လေ ဘာလို့ ဒီမှာ ထိုင်ပြီး အစပ်ချောင်းစားနေတာလဲ..."


"ငါက အချိန်ကောင်းကို စောင့်နေတာ ပြီးတော့လည်း အဓိက ဇာတ်ဆောင်ဆိုတာ စင်ပေါ်ကို နောက်ဆုံးမှ တက်ရတယ်လေ ငါက အဆင်အခြင်မဲ့ အလျင်စလို ထွက်သွားလိုက်ရင် ငါရဲ့ သိက္ခာတွေ ပျက်စီးသွားမှာပေါ့ မဟုတ်ဘူးလား..."


ငရဲဘုရင်က ပုဖန်၏ စကားကို ဂရုပင်မစိုက်ပဲ သူ့အစပ်ချောင်းကိုသာ လျက်နေသည်။ပုဖန် နှုတ်ခမ်းတွန့်ရုံ မဲ့လိုက်သည်။နန်ကုန်းဝူချယိက ပုဖန်နားသို့ ကပ်၍ တီးတိုးပြောလိုက်၏။


"ငါထင်တာတော့ ဟလေးက သူရှုံးသွားပြီး ၃ရက်လောက် အစပ်ချောင်းမစားရမှာကို ကြောက်နေတာထင်တယ်...ဒါကြောင့် အခုထဲက သူ စားနိုင်သလောက် များများစားနေတာ ..."


"ရိုင်းစိုင်းတဲ့ ကောင်စုတ်လေး ပေါက်ကရတွေ လျှောက်ပြောမနေနဲ့ ၂ရက်ထဲ ..."


ငရဲဘုရင်က အလေးအနက် ပြန်ပြောလိုက်သည်။


ပုဖန်နှင့် နန်ကုန်းဝူချယ် မျက်လုံးသာ လှန်ပြလိုက်မိတော့သည်။


...


မြူကောင်းကင်မြို့တံတိုင်းက ကောင်းကင်ဆေးမြို့တော်လောက် မကြီးသလို မြင့်လည်းမမြင့်ပေ။


သို့သော်လည်း အဂ္ဂိရတ်ပညာရှင်များက မြို့တံတိုင်းပေါ်တွင် အေးစက်တည်ငြိမ်လှသော အမူအရာဖြင့် မားမားရပ်နေကြသည်။ထိုမြင်ကွင်းကြောင့် ရှုရအရှင်သခင် ပြုံးလိုက်သည်။ဖိအားများအောက်တွင် ယုန်တောင် ပြန်ကိုက်တက်ပေသည်။


အရာရာအားလုံးက ဒီနောက်ဆုံး တိုက်ခိုက်မှုပေါ် မူတည်နေကြောင်း သူတို့ ကောင်းစွာ သိနေပုံရသည်။မည်သို့ပင်ဆိုစေ သူရှုရအရှင်သခင်က ထို အဂ္ဂိရတ်ပညာရှင်လူတစ်စုထက် စစ်ပွဲ အတွေ့အကြုံ ပိုများပေသည်။


ယခုအချိန်တွင် စိတ်ဓာတ်စစ်ဆင်ရေးပြုလုပ်ရမည်မှန်း သူကောင်းစွာ နားလည်ပေသည်။ထို့ကြောင့် မြို့ကို ချက်ချင်းတိုက်ခိုက်ရမည့်အစား ရောက်နေသည့်နေရာမှာပင် ရပ်တန့်ရန် ပြောလိုက်သည်။


မြို့တံတိုင်းပေါ်သို့ ရောက်လာသော လော့တန်ချင်းက ရေခဲတမျှ အေးစက်လှသော အမူအရာဖြင့် ရှုရအရှင်သခင်ကို ကြည့်လိုက်သည်။


"ဟမ့်...မင်းရဲ ဒဏ်ရာသက်သာနှုန်းကတော်တော်မြန်တာပဲ ဘာလဲ တားမြစ်ထားတဲ့ လျှို့ဝှက်ဆေးလုံးတွေကို အသုံးပြုလိုက်တာလား..."


တိုက်ပွဲဝတ်စုံပြည့် ဝတ်ဆင်ထားသော ရှုရအရှင်သခင်ကမထီမဲ့မြင် ဟန်ဖြင့် ပြောလိုက်သည်။မြူကောင်းကင်မြို့ဘက်မှ ကျွမ်းကျင်ပညာရှင်များ၏ အမူအရာက ပြောင်းလဲသွားသည်။သူတို့က ထိတ်လန့်ကြောက်ရွံ့သွားဟန်ဖြင့် လော့တန်ချင်းဘက်သို့ လှည့်ကြည့်လိုက်သည်။


လျှို့ဝှက်နည်းလမ်းဖြင့် ပြုလုပ်ထားသည့် ဆေးလုံး (သို့မဟုတ်)တားမြစ်ထားသည့်ဆေးလုံးများ၏ ဘေးထွက်ဆိုးကျိုးက အလွန်ကြောက်ဖို့ကောင်းလေသည်။သူတို့က အသုံးပြုသူ၏ အခြေခံကျင့်ကြံရေးနှင့် အသက်စွမ်းအင်ကိုပင် ထိခိုက်စေလိုက်သည်။


"ငါက ဆေးနန်းတော်ရဲ့ အရှင်သခင်တစ်ယောက် ငါ့ရဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ အလွယ်နည်းလမ်းလိုက်စရာမလိုဘူး...မင်းတို့ကတော့ မင်းတို့ဘက်မှာ လျှို့ဝှက်နဂါးတော်ဝင်ခုံရုံးက ပညာရှင်ရှိနေတယ်ဆိုပေမယ့် ငါ့ကို အနိုင်ယူဖို့အတွက် သူ့ရဲ့ အကူအညီ ကို ယူရသေးတယ် ဟုတ်တယ်မဟုတ်လား...ငါတို့ရဲ့ ဆေးနန်းတော်ကတော့ ကိုယ့်ခွန်အားနဲ့ ကိုယ် ကိုယ့်ခြေထောက်ပေါ် ကိုယ် မြဲမြဲရပ်နေတုန်းပဲ...မင်းတို့အရမ်းတိုက်ချင်တယ်ဆိုလည်း တိုက်ကြတာပေါ့...ငါတို့ ဆေးနန်းတော်က လူတွေက နောက်ဆုံး တစ်ယောက်ပဲ ကျန်တဲ့အထိကို ခုခံတိုက်ခိုက်မယ်..."


သူ့၏ စကားက အဂ္ဂိရတ်ပညာရှင်များကို ခွန်အားပေးလိုက်သလိုပင် သူတို့ စိတ်အားထက်သန် တက်ကြွစွာဖြင့် မာန်သွင်းကျုံးဝါးလိုက်ကြသည်။


ရှုရအရှင်သခင်က တည်ငြိမ်စွာ ပြုံးနေတုန်းဖြစ်သည်။သူ လက်ခုပ်တီးလိုက်သည်နှင့် အချုပ်လှည်းတစ်စီး အရှေ့သို့ ဖြေးဖြေးချင်းရွှေ့လာသည်။အချုပ်လှည်းအတွင်း၌ မဟာအကြီးအကဲ ရှိနေပေ၏။သူ့၏ မျက်နာက စက္ကူတစ်ရွက်ကဲ့သို့ ဖြူဖျော့နေပြီး နှုတ်ခမ်းထောင့်စွန်းမှ သွေးများစီးကျနေသည်။


ထိုမြင်ကွင်းကို မြင်လိုက်ရသည်နှင့် မြူကောင်းကင်မြို့မှ လူများအားလုံး ဒေါသတကြီးဖြင့် မခဲမရပ်နိုင် ဖြစ်သွားကြသည်။လော့တန်ချင်း၏ အမူအရာက ပို၍ အေးစက်သွား၏။


"မင်းက အကြီးအကဲ ပညာရှင်တစ်ယောက်ကို ဒီလိုမျိုးဆက်ဆံတယ်ဟုတ်လား..."


လော့တန်ချင်း၏ ဒေါသတကြီး အော်ဟစ်သံနှင့်အတူ သူ့၏ အော်ရာများက ကောင်းကင်ယံဆီသို့ ထိုးတက်သွားလေသည်။


ဘုန်း...ဘုန်း...


မြို့တံတိုင်းပေါ်ရှိ အပူချိန်က ရုတ်ချည်းပြောင်းလဲသွားသည်။လော့တန်ချင်း၏ ခေါင်းပေါ်တွင် ဖျက်စီးခြင်း ကြာပန်းစိမ်းပေါ်လာပြီး အဆုံးအစမဲ့သော စွမ်းအင်များကို ထုတ်လွင့်နေလေသည်။


"ဟား...ဟား...ယား...မင်းတို့ ဒေါသမထွက်သင့်ဘူး...ငါ သူ့ကို လေးစားတာကြောင့်ပဲ သူ့ကို အသက်ရှင်ခွင့်ပေးထားတာလေ ..."


ဒေါသထွက်နေသော လူအုပ်ကြီးကိုကြည့်၍ ရှုရအရှင်သခင်၏ နှုတ်ခမ်းထောင့်စွန်းလေးများက ကျေနပ်မှုဖြင့် ကော့တက်သွားသည်။


"ဒေါသမထွက်နဲ့ဦး အရင်ဆုံး ငါတ်ို့ သဘောတူညီချက်လုပ်ရအောင် ..."


"သဘောတူညီချက်..."


လူတိုင်း အံ့သြသင့်သွားကြသည်။လော့တန်ချင်း မျက်မှောင်ကြုတ်လိုက်မိ၏။ရှုရအရှင်သခင်က မည်သည့် ကိစ္စများလုပ်ချင်နေသည်ကို သူတို့ မသိပေ။


"ဘာသဘောတူညီချက်လဲ..."


ရှုရအရှင်သခင်က ရေခဲတမျှ အေးစက်နေသော ရှုရဓားကို လက်ဖြင့် အသာအယာ ခပ်ဖွဖွ ပွတ်သပ်နေလေသည်။ခဏမျှအကြာမှ ခေါင်းမော့၍ လော့တန်ချင်းနှင့် အကြည့်ချင်းဆုံလိုက်သည်။


"မြူကောင်းကင်မြို့က တစ်စုံတစ်တစ်ယောက်နှင့် မဟာအကြီးအကဲ အသက်နဲ့ လဲမယ်..."


ဒေါသတကြီးအော်ဟစ်သံများ ဆူညံသွားလေသည်။


မြူကောင်းကင်မြို့က တစ်စုံတစ်ယောက်နဲ့ မဟာအကြီးအကဲရဲ့ အသက်ကို လဲမယ်...အဲ့ဒီရှုရအရှင်သခင်က ဘာလုပ်ချင်နေတာလဲ...သူက နန်းတော်သခင်ရဲ့ အသက်နဲ့ အကြီးအကဲရဲ့ အသက်နဲ့ကို လဲဖို့ပြင်နေတာလား...ဒီလို အခြေအနေမျိုးကို ဘယ်သူက လက်ခံမှာလဲ...


"မင်းက ရူးနေတာပဲ..."


လော့တန်ချင်း အေးစက်စွာ ပြောလိုက်သည်။ရှုရအရှင်သခင်က သူ့စကားများကို အမှုမထားသလို အသာအယာ ပင့် သက်ရှိုက်လိုက်သည်။


"စိတ်မပူပါနဲ့ ငါက မင်းအသက်ကို ယူမှာ မဟုတ်ပါဘူး...မင်းတို့ရဲ့ မဟာအကြီးအကဲရဲ့ အသက်နဲ့ အဲ့ဒီစားဖိုမှူးလေးနဲ့ လဲမယ်...ဘယ်လိုလဲ တရားမျှတတယ် မဟုတ်လား..."


"ဘာ...မဟာအကြီးအကဲနဲ့ စားဖိုမှူးကို လဲမယ်...ဒါက ရှုရအရှင်သခင်ရဲ့ မူလရည်ရွယ်ချက်လား...." 


ရှုရအရှင်သခင်ရဲ့ ကမ်းလှမ်းချက်ကြောင့် အားလုံး ကြောင် အမှင်သက်သွားကြသည်။လော့တန်ချင်းပင်လျှင် သတိလက်လွတ်ဖြစ်သွားမိသည်။မဟာအကြီးအကဲက မသေမျိုး စိတ်ဝိညာဉ်ပညာရှင်တစ်ယောက်ဖြစ်သည်။ထိုသူတစ်ယောက်ကို စားဖိုမှူးတစ်ယောက်နှင့် လဲလှယ်ရခြင်းမှာ ဆိုးရွားသည့် လဲလှယ်ခြင်းမျိုးမဟုတ်ပေ။


"မဟုတ်သေးဘူး... နန်းတော်သခင် ရှုရအရှင်သခင်ရဲ့ စကားထဲမှာ ဖုန်းကွယ်ထားမှုတွေ ရှိနေဦးမယ်...ငါတ်ို့ သူ့စကားကို မယုံသင့်ဘူး..."


လော့တန်ချင်း ခြေတုန်ချတုန်ဖြစ်နေချိန်တွင် တတိယအကြီးအကဲ၏ အော်ဟစ်လိုက်သံက သူ့ကို ထိတ်လန့်သွားစေသည်။သူ နောက်ဘက်သို့ လှည့်ကြည့်လိုက်သောအခါတွင် ကျွမ်းကျင်ပညာရှင်များ၏ မျက်နာပေါ်တွင် တိုက်ခိုက်လိုစိတ်များ ကွယ်ပျောက်သွားပြီကို တွေ့လိုက်ရသည်။ရှုရအရှင်သခင်၏ တွက်ချက်မှုက တကယ့်ကို ကောင်းလှပေသည်။


"ကောင်းပြီ ကောင်းပြီ မင်းတို့က ဒီအခြအနေကို သဘောမတူပုံရတယ် ဒီလိုဆိုရင် ငါတို့ နောက်တစ်မျိုး ပြောင်းကြတာပေါ့...မင်းတို့က အဲ့ဒီစားဖိုမှူးကို မြို့တံတိုင်းပေါ်ကိုခေါ်လာခဲ့...ဘယ်လိုနိမ့်ကျတဲ့ စားဖိုမှူးကများ ငါတို့ ရှေးဟောင်းရှုရမြို့တော်က လူကို သတ်ပြီး နတ်ဘုရားတစ်ပိုင်းလက်နက်ကို ခိုးယူသွားလဲဆိုတာကို ကြည့်ချင်သေးတယ်...ဒီအခြေအနေကလည်း မဖြစ်နိုင်သေးဘူးဆိုရင်တော့..."


ရှုရအရှင်သခင်၏ အသံက တိုးလျသွားသည်။ထို့နောက် သူ့လက်ထဲမှ ရှုရဓားက အရှိန်အဟုန်ဖြင့် လွှဲယမ်းသွားပြီး ဓားစွမ်းအင်များက ကောင်းကင်ပေါ်သို့ ထိုးတက်သွားသည်။ထိုစွမ်းအင်များက မဟာသခင် အကြီးအကဲ၏ ခေါင်းတည့်တည့်ဆီသို့ ပြန်လည်ပြုတ်ကျလာပြီး ခေါင်းပေါ်တွင်ရပ်တန့်သွား၏။


"ငါ သူ့ကို သတ်လိုက်မယ်..."


ထိုမြင်ကွင်းကြောင့် အားလုံး တုန်လှုပ်သွားကြသည်။လော့တန်ချင်းပင် အသက်ရှုမှားသွား၏။


ယခုအချိန်၌ တတိယအကြီးအကဲက မည်သည့်စကားမှဝင် မပြောတော့ပေ။အဘယ့်ကြောင့်ဆိုသော် သူဘာပြောပြော အသုံးမဝင်တော့ပေ။


လော့တန်ချင်းက တတိယအကြီးအကဲဆီသို့ လှည့်ကြည့်လိုက်သည်။


"တတိယအကြီးအကဲ မင်း သွားပြီးတော့ အဲ့ဒီစားဖိုမှူးလေးကို ဒီကိုခေါ်လာခဲ့..."


လော့တန်ချင်းအသက်ပြင်းတစ်ချက်ရှိုက်၍ ပြောလိုက်သည်။တတိယအကြီးအကဲက တစ်စုံတစ်ရာကို ပြောချင်ဟန်ဖြင့် ပါးစပ်ဖွင့်ဟလိုက်သည်။သို့သော်လည်း နန်းတော်သခင်၏ စကားကို မပယ်ရှားနိုင်ကြောင်း သူသတိရလိုက်သည်။


 ထိုအခိုက်အတန့်မှာပင် တည်ငြိမ်လှသော အသံတစ်သံက လေထဲ လွင့်ပျံလာသည်။ကောင်းကင်ယံထက်တွင် အေးစက်လှသည့် အော်ရာများကို ထုတ်လွင့်နေသည့် နက်ဆွေးနေသော ငရဲကမ္ဘာသင်္ဘောကြီးက တဖြေးဖြေးချင်း မြင်ကွင်းတွင်းသို့ ဝင်ရောက်လာသည်။


သင်္ဘော၏ အရှေ့ပိုင်းတွင် သွယ်လျသော ပုံရိပ်တစ်ခုရပ်နေသည်။ပုဖန်က ခံစားချက်မဲ့လှသော မျက်နာသေဖြင့် သင်္ဘောအောက်ခြေရှိ ရှုရတပ်ကို ငုံ့ကြည့်လိုက်သည်။


"မလိုတော့ဘူး...ငါဒီမှာရောက်နေပြီ..."