အပိုင်း ၃၅
Viewers 12k

ထို့နောက် သူ စစ်ကျွင်းတောက်လက်ထဲသို့ ပြုတ်ကျသွားသည်။
ဝမ်မင်ယီ- “မြောင်”
စစ်ကျွင်းတောက် သူ့ကြောင်၏ ခေါင်းကို ပွတ်သပ်ပြီး သူ့နောက်ရှိ အိတ်ထဲမှ လျှပ်စစ်ကြွက်ကို ထုတ်လိုက်သည်။
“မင်းက ကြောင်တုတ်နဲ့ ဆော့ရတာ ကြိုက်တဲ့ပုံပဲ။ ဒါဆိုရင်ရော၊ လျှပ်စစ်ကြွက်...”
ဝမ်မင်ယီ "...."
ဝမ်မင်ယီက သူ့ကို အဖက်မလုပ်ဘဲ ကြောင်တုတ်နှင့်သာ ဆော့နေသည်။ သူက ဒီလိုကြွက်အတုကို ကြိုက်လိမ့်မယ်လို့ သူ့အစ်ကိုက ဘာလို့ ထင်တာလဲ။ သူက ငတုံးမှ မဟုတ်တာ။
သူက စစ်ကျွင်းတောက် လက်ထဲက လှိမ့်ချလိုက်ပြီး လျှပ်စစ်ကြွက်ကို ဘေးချပြီး သူ့ကို ပွတ်သပ်ပေးဖို့ တောင်းဆိုလိုက်သည်။ အပွတ်ခံရတာကမှ သာဦးမယ်။
နောက်တစ်နေ့ စစ်ကျွင်းတောက် အိပ်ပျော်နေစဉ် သူ့မေးစေ့ကို တစ်ယောက်ယောက်က ပွတ်သပ်နေသည်ကို ခံစားမိသည်။ သူက ချက်ချင်း ထလိုက်သည်။ သို့ရာတွင် သူမျက်လုံးဖွင့်လိုက်သည့်အခါ မြင်ရသည့် မြင်ကွင်းကြောင့် သူသည် ငြိမ်သက်သွားသည်။
မနေ့ညက သူ့ဘေးတွင် အိပ်နေသည့် လိမ္မော်ရောင်ကြောင်သည် မရှိတော့။ ထိုကြောင်နေရာတွင် မစိမ်းသည့် ဆယ်ကျော်သက်က အစားထိုးနေရာယူထားသည်။ ထိုသူက သူ့ရဲ့ ပခုံးနှင့် လည်ပင်းပေါ် ခေါင်းတင်ထားပြီး လက်ပိုက်ကာ အိပ်မောကျနေသည်။
စစ်ကျွင်းတောက်သည် ဝမ်မင်ယီနှင့် ဤကဲ့သို့ ဖက်မအိပ်ရသည်မှာ ကြာခဲ့ပြီ။ ဝမ်မင်ယီ ငယ်စဉ်ကတော့ သူနှင့် အတူ အိပ်လေ့ရှိသည်။ နောက်ပိုင်း ဝမ်ဝေ့နှင့် ကျောက်ဝမ့်ယွီ ထွက်သွားပြီး သူ့ကို စစ်မိသားစုလက်ထဲ အပ်ခဲ့သည်။ ထိုအချိန်က ဝမ်မင်ယီမှာ အသားမကျသေး။ စစ်ကျွင်းတောက်လည်း သူ့ကိုထားသွားမည်ကို သူကြောက်ပုံရသည်။ သူ့အနားမှာပဲ ကပ်နေသည်။ ညအိပ်လျှင် သူတို့ အတူတူအိပ်ပြီး စစ်ကျွင်းတောက်ကို ဖက်ထားခိုင်းသည်။
သို့ရာတွင် သူ အရွယ်ရောက်လာပြီး ကိုယ်ပိုင်အိပ်ခန်း ရလာသည့်အခါ ဤအလေ့အထမှာ ပြောင်းသွားသည်။ ထို့နောက် ဝမ်မင်ယီသည် ပုန်ကန်တတ်သည့်အရွယ် ရောက်လာသည့်အခါ အိမ်နှင့် ခွဲနေသည်။ သူတို့ တစ်အိပ်ရာတည်း အတူအိပ်ဖို့မပြောနှင့်၊ အတူဆုံဖြစ်ဖို့ရန်ပင် ခက်ခဲသွားသည်။
ထိုသို့ တွေးမိသည့်အခါ စစ်ကျွင်းတောက်မှာ မထိန်းနိုင်ဘဲ ရယ်မိသည်။ ခက်ခက်ခဲခဲ ရလာသည့် နွေးထွေးမှုလေးကို သူ မြတ်နိုးသည်။
သူက ဝမ်မင်ယီကို နူးညံ့သည့် အကြည့်နှင့် ကြည့်သည်။ ထို့နောက် သူ့ကို ထိတ်လန့်သွားစေသည့် အရာကို မျက်လုံးက ရောက်သွားသည်- လူသားနှင့် မသက်ဆိုင်သည့် ကြောင်နားရွက်တစ်စုံ။
စစ်ကျွင်းတောက်က လက်မြှောက်ပြီး လက်ပတ်နာရီကို ကြည့်သည်။ ရှစ်နာရီ ဆယ်မိနစ်။ ဝမ်မင်ယီက လိမ္မော်ရောင်ကြောင်ပုံစံသာ ရှိသင့်သေးသည်။ သို့ရာတွင် ဤနေ့တော့ သူသည် ကြောင်နားရွက်နှင့်လူ ဖြစ်လာသည်။ စစ်ကျွင်းတောက်က တစ်စုံတစ်ခုကို သတိရသွားသည်။ သူက စောင်ထဲကို လက်နှိုက်ပြီး စမ်းကြည့်လိုက်သည်။ အမွေးများနှင့် ရှည်မျောမျောတစ်ခုကို စမ်းမိသည်။ လိမ္မော်ရောင်ကြောင်၏ အမြီးပင် ဖြစ်သည်။
ဤသည်မှာ မမျှော်လင့်ထားသည့် အခြေအနေပင် ဖြစ်သည်။ သူက ဝမ်မင်ယီကို လှုပ်နှိုးပြီး ညင်သာစွာ ပြောလိုက်သည်။
“မင်မင်၊ ထတော့...”
ဝမ်မင်ယီက မျက်လုံးဖွင့်သည်ဆိုရုံမျှ ဖွင့်ပြီး လက်နှင့်ပွတ်ရင်း သူ့ကို မေးသည်။
“ဘာလဲ။ ကိုးနာရီ ထိုးပြီလား...”
“ဟင့်အင်း”
“အဲဒါဆို ဆက်အိပ်ဦးမယ်...” ဝမ်မင်ယီက မပီမသပြန်ပြောသည်။
စစ်ကျွင်းတောက်က လက်နှင့် လှမ်းပြီး သူ့ကြောင်နားရွက်တွေကို ညှစ်လိုက်သည်။ “မင်း ဘာပုံပေါက်နေလဲဆိုတာ အရင် ထကြည့်ပါဦး...”
ဝမ်မင်ယီ နားမလည်ပေ။ သူ အိပ်ရာက ထလိုက်ချိန် အံ့အားသင့်သွားရသည်။
“ပြောတော့ ကိုးနာရီ မထိုးသေးဘူးဆို။ ဘယ်လိုလုပ်ပြီး ကျွန်တော် ပြန်ရောက်လာတာလဲ...”
သူက မယုံကြည်နိုင်ဟန်နှင့် သူ့လက်သူ ကြည့်မိသည်။
“ငါက ကြောင်ပဲ ဖြစ်နေရမှာ မဟုတ်ဘူးလား...”
သူစကားပြောလိုက်တိုင်း လှုပ်သွားသော သူ့ခေါင်းပေါ်က ကြောင်နားရွက်ကို ကြည့်ရင်း စစ်ကျွင်းတောက် ပြောလိုက်သည်။
“အီနူယားရှားကို မှတ်မိလား”
“မှတ်မိတယ်” ဝမ်မင်ယီက ပြောသည်။ “ရုတ်တရက်ကြီး ဘာလို့လဲ”
“ဘာလို့လဲဆိုတော့ မင်းက အခု ညဇီးကွက်လိုပဲ...”
ဝမ်မင်ယီ- “ဟင်”
စစ်ကျွင်းတောက်က အိပ်ယာဘေးရှိ သူ့ဖုန်းကို ယူပြီး ရှေ့ကင်မရာဖွင့်ကာ ဝမ်မင်ယီကို ပေးလိုက်သည်။ “ကိုယ့်ဘာသာကိုယ် ကြည့်လိုက်တော့”
ဝမ်မင်ယီက ဖုန်းကို မယုံသလို ယူလိုက်ပြီး ဖုန်းထဲမှ သူ့ပုံရိပ်ကို ကြည့်လိုက်သည်။ ထိုအခါမှ အမွေးပွပွနှင့် လိမ္မောင်ရောင်ကြောင်နားရွက် ထောင်နေသည်ကို တွေ့တော့သည်။
ဝမ်မင်ယီက ချက်ချင်း ခုန်ထလိုက်သည်။ သူ့ခေါင်းပေါ်က ကြောင်နားရွက်ပါ လှုပ်သွားသည်။ ထိုအရာကိုကြည့်ရင်း စစ်ကျွင်းတောက်ရင်ထဲတွင် ကလိကလိဖြစ်လာသည်။
ဝမ်မင်ယီ မတ်မတ်ထိုင်လိုက်သည်နှင့် အထိအတွေ့ကြောင့် အခြားမှားယွင်းမှု တစ်ခုကို သိလိုက်ရသည်။ တစ်ခုခုနှင့် ထိမိနေသည်ကို ခံစားရသည်။ စောင်ကို ဖယ်လိုက်တော့ ရင်းနှီးပြီးသား အမွှေးဖွားဖွားနှင့် ကြောင်မြီးကို မြင်လိုက်ရသည်။
ဝမ်မင်ယီသည် အိပ်ယာပေါ်သို့ ပြန်လဲကျကာ မလှုပ်မယှက်ဖြစ်သွားသည်။
“ဒါ အိပ်မက်ပဲ ဖြစ်မယ်။ ငါ ဘာမှ မတွေ့လိုက်ဘူး”
သူ့အမူအယာများကြောင့် စစ်ကျွင်းတောက် ရယ်ချင်သွားသည်။ ကြောင်နားရွက်တွေကို လက်နှင့် လှမ်းတို့လိုက်သည်။ ထိုအရာကို ခံစားမိသည့် ဝမ်မင်ယီက ဘေးကလူကို အထိတ်တလန့်နှင့် ကြည့်သည်။
“မင်း ဘာလုပ်နေတာလဲဆိုတာ မင်းကိုမင်း သိရဲ့လား...”
“သိတယ်” စစ်ကျွင်းတောက်က ကျေနပ်အောင် ကိုင်ပြီးသွားတော့ နားရွက်ကို ဆွဲပြီး ပြောသည်။ “ကိုင်လို့ကောင်းလို့”
ဝမ်မင်ယီ "...."
ဝမ်မင်ယီ ဘာမှ မပြောလိုတော့။ သူ့အစ်ကိုက ပြောင်းလဲသွားပြီ။ အရင်တုန်းက သူ့အစ်ကိုက ဒီလိုမဟုတ်ပါဘူး။ အရင်တုန်းက သူ့အစ်ကိုက ဒီလိုမဟုတ်တာတွေ မကြိုက်တတ်ပါဘူး။
"ခွေးဖြစ်ဖြစ်၊ ကြောင်ဖြစ်ဖြစ် ဖြစ်တာက ကိစ္စမရှိဘူး...” သူခေါင်းကိုက်စပြုလာသည်။
“လူတစ်ဝက်၊ ကြောင်တစ်ဝက်က ဘယ်လိုဖြစ်ရတာလဲ...”
သူ့ထက် စောစောသိထားသည့် စစ်ကျွင်းတောက်က ကိုယ်ပိုင်ထင်မြင်ချက်ကို ပြောသည်။
“၈နာရီ ၁၀မိနစ်မှာ ငါနိုးတော့ မင်းကို ဒီလို တွေ့တာပဲ။ မနက်ဖြန်ကျရင် ငါ စောစောထပြီး မင်း ကြောင်ကနေ ကြောင်တစ်ဝက် ဘယ်အချိန်ပြောင်းသွားလဲဆိုတာ စောင့်ကြည့်မယ်။ ဘာလို့ ဒီလိုဖြစ်လာရတာလဲ ဆိုရင်တော့၊ ဒီလိုဖြစ်တာက ပိုကောင်းတယ်လို့ ငါထင်တယ်...”
“ပိုကောင်းတယ်။ ဟုတ်လား”
“အင်း။ မင်း မွေးတုန်းက ခွေး ဒါမှမဟုတ် ကြောင်တော့ ဟုတ်မယ် မထင်ဘူး။ အကြောင်းအရင်း တစ်ခုခုကြောင့်သာ မင်းဒီလို ပြောင်းသွားတာနေမယ်။ ပြီးတော့ ဒါက မင်းရဲ့ မွေးရာပါမဟုတ်တာကြောင့် တစ်နေ့နေ့တော့ ဒီပြောင်းလဲမှုက အပြီးပျောက်သွားမှာပဲ။ ငါ့အထင်အရ ဖြည်းဖြည်းချင်း ပျောက်သွားလိမ့်မယ်။ မင်းက လိမ္မော်ရောင်ကြောင်ထက် လူတစ်ယောက်နဲ့ ပိုတူတာပဲလေ...”
ဝမ်မင်ယီက စဉ်းစားသည်။ “ကော ပြောချင်တာက ဒီနှုန်းအတိုင်းဆို တစ်နေ့မှာ အပြီး ပြောင်းသွားလိမ့်မယ်။ ညဘက်ကျရင် ဘယ်တော့မှ ကြောင်၊ ခွေးဘဝကို မရောက်တော့ဘူးပေါ့....”
စစ်ကျွင်းတောက် ခေါင်းညိမ့်လိုက်သည်။ “ငါ မှန်းတာ မှန်ရင်ပေါ့”
ဝမ်မင်ယီက သူ့လက်ကို ကိုင်ကာ သူ့ကို စူးစိုက်ကြည့်သည်။ “ကောကော မှန်းတာ မှန်မှာပါ။ ကော ကို ယုံတယ်...”
စစ်ကျွင်းတောက် မျက်ခုံးတွေ မြင့်တက်သွားသည်။ ယုံနိုင်ရဲ့လား။ မင်း ပြန်ပြောင်းဖို့ မစောင့်နိုင်တော့ဘူးဆိုတာ။
သူက ဝမ်မင်ယီခေါင်းကို ပုတ်လိုက်သည်။ “အိုခေ။ မင်း နိုးနေပြီဆိုတော့ ထလိုက်တော့”
ဝမ်မင်ယီက သက်ပြင်းချပြီး မလုပ်ချင်လုပ်ချင်နှင့် စောင်ကို ဖယ်ကာ သူ့အပေါ်က ကျော်ပြီး အိပ်ယာထဲက ထွက်သွားသည်။ သူ့ညဝတ်အင်္ကျီအပြင် ထွက်နေသည့် ကြောင်အမြီးဖွားကို ကြည့်ရင်း စစ်ကျွင်းတောက်လက်တွေ ယားလာသည်။
မျက်နှာသစ်ပြီးနောက် မှန်ရှေ့ရပ်ပြီး ဝမ်မင်ယီက သူ့ခေါင်းပေါ်က ကြောင်နားရွက်ကို ကြည့်လိုက်သည်။ သူ ထူးဆန်းသလို ခံစားရသည်။ သူ တစ်ပတ်လှည့်လိုက်ပြန်သည်။
အိုခေ။ သူ့တင်ပါးက ကြောင်မြီးက ပိုလို့ပင် ထူးဆန်းသည်။ သူက စိတ်မသက်မသာနှင့် စစ်ကျွင်းတောက်ကို မေးလိုက်သည်။
“ကျွန်တော့်ပုံစံက ထူးဆန်းနေလား...”
စစ်ကျွင်းတောက်က လင်းမူကို မနက်ပိုင်းအလုပ်ပေးရင်း ပြန်ဖြေလိုကိသည်။ “သိပ်လည်းမဆန်းပါဘူး...”
“တကယ်လား...”
စစ်ကျွင်းတောက်က ခေါင်းညိမ့်ပြီး သူ့ကို အနားလာဖို့ အမူအယာပြလိုက်သည်။
ဝမ်မင်ယီ လျှောက်သွားလိုက်သည်။
စစ်ကျွင်းတောက်က သူ့ကို ခေါင်းငုံ့ခိုင်းပြန်သည်။
ဝမ်မင်ယီ သူ့ကို မယုံသင်္ကာဖြင့် ကြည့်လိုက်မိသည်။
ထို့နောက် စစ်ကျွင်းတောက်က သူ့ခောင်းကိုပွတ် သူ့နားရွက်ကို ကိုင်ကာပြောလေသည်။
“ချစ်ဖို့ကောင်းတယ်....သူများတွေသာ မမြင်စေနဲ့...”
ဝမ်မင်ယီ "...."
သူ့အစ်ကိုက ကြောင်နားရွက်တွေကို တော်တော်သဘောကျသည်ဟု ဝမ်မင်ယီ ထင်သည်။
သူတို့နှစ်ယောက်သား အခန်းထဲမှာပင် မနက်စာစားလိုက်ကြသည်။မိနစ်လက်တံက 12ကို ရောက်သည့်အခါ ဝမ်မင်ယီခေါင်းပေါ်က ကြောင်နားရွက်နှင့် တင်ပါးက အမြီး မရှိတော့ပေ။ ဝမ်မင်ယီမှာ စိတ်သက်သာရာ ရသွားပြီး စစ်ကျွင်းတောက်နှင့်အတူ အပြင်လိုက်သွားလိုက်သည်။
စစ်ကျွင်းတောက်ကပင် သူ့ကို ရိုက်ကွင်းသို့ လိုက်ပို့၏။ ဝမ်မင်ယီက သူ့ကို နှုတ်ဆက်ပြီး အင်္ကျီလဲသည့် အခန်းသို့ သွားလိုက်သည်။
စစ်ကျွင်းတောက်က သူ့ကျောကို ကြည့်ရင်း သည်မနက် သူ့ရင်ခွင်ထဲ နိုးလာသည်ကို တွေးမိသည်။ သူ့ မျက်လုံးများ အရောင်ဖျော့သွားသည်။ ကားပေါ်က ဆင်းဆင်းချင်း သူ့လူကို ပြန်ခေါ်ဖို့ စဉ်းစားမိသွားသည်။ သို့သော် သူ့မှာ သူ့အလုပ်နဲ့သူ၊ ဝမ်မင်ယီမှာလည်း အလုပ်ရှိသည်။ ထို့ကြောင့် စစ်ကျွင်းတောက် အတွေးများကို မျက်ကွယ်ပြုပြီး သူ့ကြောင်ကို ညနေတွင် စောင့်ရန်သာ ရှိတော့သည်။
အဝတ်လဲခန်းသို့ ဝမ်မင်ယီ ရောက်သည့်အခါ ချန်လုမှာ ရောက်နှင့်နေပေပြီ။ သူရောက်လာသည်ကို မြင်တော့ သည်နေ့ရှုတင်အကြောင်း ပြောရင်း မိတ်ကပ်ဆရာက သူ့ကို မိတ်ကပ်ပြင်ပေးသည်ကို ကြည့်နေသည်။
မိတ်ကပ်ပြင်ပြီး ဝမ်မင်ယီက အဝတ်လဲရန် သွားသောအခါ ရွေးစရာ အင်္ကျီမှာ ပို၍ပင် နည်းသည်ကို တွေ့လိုက်သည်။
“ဒီနေ့ ဒီတစ်စုံကို ဝတ်လိုက်” မိတ်ကပ်ဆရာက သူ့ကို နက်ပြာရောင်ဆွယ်တာနှင့် ဂျင်းဘောင်းဘီကို ပေးလာသည်။
သူ့လက်ထဲက တီရှပ်ကိုကြည့်ရင်း ဝမ်မင်ယီ မေးလိုက်သည်။ “မနေ့က ပြောတုန်းက ဒီနေ့လည်း ဟိုအဖြူရောင်ရှပ်ပဲဆို”
“ညှိပြီးတော့ ပြောင်းလိုက်တာ”
“ကျွန်မတို့ကို ဘာလို့ ကြိုမပြောတာလဲ” ချန်လုက မေးသည်။ “ဒီဂီတရေကန်မှာ အဝတ်တွေ အများကြီးပဲ ပျောက်နေတယ်။ ကြည့်ကောင်းတဲ့ဟာတွေ မရှိတော့ဘူး။ ဘာတွေဖြစ်နေတာလဲ”
အဝတ်အစားစီစဉ်သူက တည်ငြိမ်စွာ ပြောသည်။ “ငါလည်း ဆရာပြောတာ နားထောင်ရတာပဲ။ ဒီမနက် မစ္စတာဆန်းက ယောက်ျားလေးဇာတ်ကောင် သုံးယောက်ရဲ့ ဝတ်စုံတွေကို ပြန်ရွေးလိုက်တာ။ အခု ဒါတွေက လဲ့ချီဟာတွေ ဖြစ်ကုန်ပြီ။ ဆရာခိုင်းတဲ့အတိုင်း သူ့ကို ငါဝတ်ခိုင်းလိုက်တာ”
“ဒါဆို မစ္စတာဆန်းနဲ့ စကားပြောခွင့်ပေးပါ” ချန်လုတောင်က ပြောသည်။
အဝတ်လဲခန်းမှ ထွက်ပြီး လှေကားတွင် ဖက်ရှင်ကို တာဝန်ယူရသည့် ဆန်းချွမ်ကို ဖုန်းခေါ်လိုက်သည်။
ဆန်းချွမ်က မင်းသမီးနှင့် လိုက်ဖက်မည့် အဝတ်ကို ရှာဖွေနေသည်။ ဖုန်းသံကြားသောအခါ ဖုန်းဆက်သူနာမည်ကို ကြည့်ပြီးနောက် ယန်ဖေးဖေးကို တောင်းပန်စကားဆိုပြီး အခန်းအပြင်ထွက်ကာ ဖုန်းကိုင်သည်။
“ဟဲလို”
“ဟဲလို။ ကျွန်မက ချန်လုပါ။ ဝမ်မင်ယီရဲ့ အေးဂျင့်”
“သိပါတယ်”
“မစ္စတာဆန်း၊ ဂီတရေကန်က အဝတ်သုံးပုံတစ်ပုံလောက်က ဘာလို့ ရုတ်တရက် ပျောက်သွားတာလဲဆိုတာ ကျွန်တော် နားမလည်ဘူး။ အဲဒါတွေ အကုန်လုံးကလည်း စတိုင်မိုက်တာတွေ ချည်းပဲ။ သိတဲ့အတိုင်းပဲ ဇာတ်ကောင်ရဲ့ ပုံရိပ်က အဝတ်အစားနဲ့ သရုပ်ဆောင်ပုံကနေ အသက်သွင်းရတာလေ။ ဒါက သရုပ်ဆောင်ရဲ့ ပုံရိပ်အပေါ်မှာ အများကြီး သက်ရောက်မှု ရှိလိမ့်မယ်။ အရင်အဝတ်တွေကို ပြန်ပေးလို့ ရမလား”
ဝတ်စုံဒီဇိုင်းလောကတွင် နှစ်ပေါင်းများစွာ ကျင်လည်ပြီးနောက် ဆန်းချွမ်သည် ရုပ်ရှင်လောကတွင် လူသိများသူ တစ်ဦးဖြစ်သည်။ ထို့ကြောင့် သူက ကွေ့ပတ်မနေဘဲ တည့်တိုးပြောသည်။
“ဇာတ်လမ်းထဲက ဇာတ်ကောင်စရိုက်ကို လိုက်ပြီး ကျွန်တော်က အဝတ်အစားကို ပြင်ပေးလေ့ရှိတယ်။ ဒါပေမယ့် သိလား၊ ဒီဘက်ခေတ်မှာ အဓိကဇာတ်ဆောင် အကြောက်ဆုံးက ဇာတ်ပို့အလှရဲ့ ဖိအားပဲ။ အဲဒါကြောင့် သူတို့က အကောင်းဆုံး မိတ်ကပ်၊ မော်ဒယ်၊ ဝတ်စုံကို လိုချင်ကြတယ်”
“ရှုကျင်းကျဲက အဲ့ဝတ်စုံတွေကို လိုချင်တယ်။ သူတို့က ကိုယ်လုံးကိုယ်ထည်ဆင်တယ်။ ရှုကျင်းကျဲက ထွက်တော့မှာ။ ရှန့်ချန်ဇဲဆီက မူခိုင်အဝတ်တွေကို ယူပြီး ဝမ်မင်ယီကို ပေးလို့မရဘူး။ ဒါကြောင့် အဝတ်တွေက အဲလောက်ပဲ ကျန်တော့တာ”
ဤအခြေအနေကို ချန်လုက မှန်းဆပြီးဖြစ်သည်။ နောက်ပိုင်းနှစ်တွေမှာ ဇာတ်ဆောင်ရဲ့ ဇာတ်ညွှန်းတွေကို ပြောရသည့် ဇာတ်ပို့သရုပ်ဆောင်များ ရှိလာသည်။ ထို့ကြောင့် နောက်ပိုင်း ဇာတ်ဆောင်ခန်းကို လက်ခံသည့်အခါ သရုပ်ဆောင်များသည် ထိုအချက်ကို ပို၍ ဂရုစိုက်လာကြသည်။ သူတို့အတွက် လုပ်ကွက်များရမည်။ ဇာတ်လမ်း၏ အပိုင်းအများဆုံးကို သူတို့ ရရမည်။ အကောင်းဆုံးဆိုသည့် အဝတ်များကို သူတို့ ဝတ်ရမည်။ ဤအခြေအနေကို ရှောင်လွှဲရန်အတွက် အချို့မင်းသားများသည် ကိုယ်ပိုင်ဒီဇိုင်နာ ထားလေ့ရှိသည်။ သိုမဟုတ် စာချုပ်ချုပ်ကတည်းက ဝတ်စုံများစွာ ရရမည်ဟု ပါရှိသည်။ ရှုကျင်းကျဲက ဝမ်မင်ယီကို ဂရုစိုက်လောက်မည်မဟုတ်ဟု သူမ တွေးခဲ့သဖြင့် ဝမ်မင်ယီကြောင့် သူ သိမ်ငယ်သွားမည်ဟု မထင်ခဲ့။ မထင်မှတ်စွာပင် ရှုကျင်းကျဲက တိတ်တဆိတ် လှုပ်ရှားလိုက်သည်။
ရှုကျင်းကျဲက သူယူသွားသည့် ဝတ်စုံများကို ပြန်ပေးမည်မဟုတ်။ ဆန်းချွမ်ကလည်း ဝမ်မင်ယီအတွက် ပိုက်ဆံအပို အကုန်ခံမည်မဟုတ်။ ထို့ကြောင့် လုပ်စရာ တစ်ခုပဲ ရှိတော့သည်။
“ ဝတ်စုံအသစ် လုပ်မပေးနိုင်တော့ဘူးဆိုတော့ ကျွန်မတို့ဘာသာ ကိုယ့်ပိုက်ဆံနဲ့ ဝယ်လို့ရော ရလား”