အပိုင်း ၆၅၄
Viewers 52k

အခန်း ၆၅၄

ဥနှင့်ပင်လယ်စာဓားခြစ်ခေါက်ဆွဲ


ဥတစ်လုံးကိုဖောက်ထည့်လိုက်သည်နှင့် တရှဲရှဲ မြည်သံနှင့်အတူ ဆီစက်လေးများ လွင့်စင်သွားကာ အငွေ့တလူလူ ထလာလေသည်။ဥ၏ သိပ်သည်းမွှေးပျံ့လှသော ရနံ့က အခန်းတစ်ခုလုံးကို လွှမ်းခြုံသွားသည်။


ပုဖန် ဒယ်အိုးကို လက်တစ်ဖက်ဖြင့် ကိုင်လိုက်ပြီး ကြက်ဥ အရည်များကို စီးဆင်းစေလိုက်သည်။ဥတစ်လုံးလုံးက ကျောက်မျက်ရတနာလို တောက်ပသော သဏ္ဍာန်ဖြင့် ခဲသွားလေသည်။


ဥဖြူဖြူ၏ အလယ်၌ အဝါရောင်ဥအနှစ်လေးက ကြည့်ချင်စဖွယ် တည်ရှ်ိနေလေသည်။ပုဖန်၏ မျက်နာအမူအရာက အလွန်ပင် တည်ငြိမ်နေသည်။သူ ဒယ်အိုးကို မြှောက်ပင့်လိုက်ရာ အထဲမှ ဥ မကျက်တကျက် ကြော်က လေထဲ မြောက်တက်သွားလေသည်။ထို့နောက် အိုးထဲသို့ လှလှပပ ပြန်ကျလာ၏။


ကြည့်ရှုနေသူများက ထိုဥ၏ လားရာအတိုင်း မျက်လုံးများ လိုက်ပါသွားပြီး တစ်ဖန် အိုးထဲသို့ အကြည့်များပြန်ရောက်လာ၏။ထိုပုံစံကို ကြည့်ရသည်မှာ ရယ်စရာကောင်းလှပေသည်။


ပုဖန် မီးပိတ်လိုက်သည်။ဒယ်အ်ိုးထဲမှ ကြက်ဥကြော်က ဓားလှီးခေါက်ဆွဲပေါ်သို့ လှလှပပလေး ကျဆင်းသွားလေသည်။ပုဖန်၏ ခေါက်ဆွဲပွဲက ပြီးသွားပေပြီ ထို့နောက် သူက ပါဝင်ပစ္စည်းများထဲမှ အမြှုပ်များ တစ်စီစီ မှုတ်ထုတ်နေဆဲ ဖြစ်သော ပုစွန်များကို ထုတ်ယူလိုက်သည်။


ပုဖန် အသက်တစ်ချက် မှုတ်ထုတ်လိုက်သည်နှင့် ရွှေဝါရောင် မီးလုံးတစ်လုံးပေါ်လာပြီး အခန်း၏ အပူချိန်ကို တမဟုတ်ချင်း မြင့်တက်သွားစေသည်။ချွီရန်ချန်းဖုန် ပုဖန် လက်ထဲမှ မီးလုံးကို ကြည့်၍ တအံ့တသြ အသံ ပြုလိုက်မိသည်။


"အဲ့ဒီကောင်းကင်ကမ္ဘာမြေ မီးလျှံကို ချက်ပြုတ်ဖို့အတွက် အသုံးပြုတယ် ဟုတ်လား..."


ချွီရန်ချန်းဖုန် တုန်လှုပ်ခြောက်ခြားသွားသည်။ကောင်းကင်ကမ္ဘာမြေမီးလျှံ ၏ အပူချိန်က ပြင်းထန်လွန်းလှသည်။၎င်းအပူချိန်က ကောင်းမွန်သည်ဟုဆိုသော်လည်း အဂ္ဂိရတ်ပညာနှင့် ချက်ပြုတ်ခြင်းက ကွာခြားလွန်းလှသည်။ချက်ပြုတ်ရာ၌ အလွန်မြင့်မားသော အပူချိန်ရှိနေခြင်းမှာ ကောင်းမွန်သည်ဟု မဆိုနိုင်ပေ။


ပုဖန် ချွီရန်ချန်းဖုန်ကို စောင်းငဲ့၍ ကြည့်လိုက်သည်။ထို့နောက် သူ့၏ စ်ိတ်ထဲမှ အတွေးတစ်ချက်ဖြင့်ပင် လက်ထဲမှ မီးပန်းက အလင်းတန်းများ အဖြစ်သို့ ပြောင်းလဲသွားပြီး ဟိန်းဟောက်သံများ ထုတ်လွင့်လာလေသည်။


ပုဖန် လှုပ်ရှားလိုက်ပြီး ရွှေဝါရောင်မီးတောက်အား ပုစွန်များအပေါ်မှ ဖြတ်သန်းသွားလိုက်သည်။ခဏအတွင်းမှာပင် ပုစွန်များအားလုံး ကျက်သွားပေပြီ ။ပုဖန်သူ့၏ မီးတောက်ကို ပြန်သိမ်းလိုက်ပြီး ပုစွန်ကင်များကို ခေါက်ဆွဲပေါ်သို့ သေချာစွာ စီတင်လိုက်သည်။


ထိုဟင်းပွဲပေါ်၌ ကြည့်၍ကောင်းလှသော ကြက်ဥကြော်နှင့် အမွှေးရနံ့များ ထုတ်လွင့်နေသော နီနီရဲရဲပုစွန်လေးများ လက်မှ ရေစက်များက်ို သုတ်လိုက်ပြီးနောက် တည်ငြိမ်စွာပဲ ပြောလိုက်သည်။


"ဥနှင့် ပင်လယ်စာ ဓားခြစ်ခေါက်ဆွဲ...နောက်ဆုံးတော့ ပြီးသွားပြီပေါ့ ..."


ကြည့်ရှုနေသူများအားလုံးက ပုဖန် ချက်ပြုတ်ပြီးစီးသွားသည်ကို သတိပြုမိလိုက်ပြီးနောက် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်မိကြသည်။


ပုဖန်က ဒီ မီးဖိုခန်းထဲ၌ ချက်ပြုတ်ရန် စားဖိုမှူး ချွီရန်ချန်းဖုန် ကိုယ်တိုင် ဖိတ်ခေါ်ခဲ့သည့် သူဖြစ်သည်။ထို့အပြင် ပုဖန်၏ အချက်အပြုတ်စွမ်းရည်က သူတ်ို့ထက် များစွာ သာလွန်ကြောင်းကိုလည်း ဝန်ခံရပေမည်။


"မင်းဒီရိုးရှင်းတဲ့ ခေါက်ဆွဲပွဲကို ဘာလို့ မမြည်းကြည့်တာလဲ ဒါက ကြည့်ရတာလည်း ရိုးရှင်းပြီးတော့ဘာမှ ရှုပ်ရှုပ်ထွေးထွေး ပြင်ဆင်တာမပါပေမယ့် မြည်းကြည့်လိုက်ရင်တော့ မင်းချက်တဲ့ ခေါက်ဆွဲပွဲနဲ့ ဒီခေါက်ဆွဲပွဲရဲ့ ကွာခြားချက်ကို သိမှာပါ..."


ပုဖန်က ပွင့်လင်းသော ချွီရန်ချန်းဖုန်ကို သဘောကျပေသည်။ထိုသူက မောက်မာပြီး တခြားသူများကို အထင်သေးသလို ကြည့်တက်သော တောင်ကြားထဲမှ တခြားစားဖိုမှုးများနှင့် မတူပေ။


ချွီရန်ချန်းဖုန်က ပုဖန်၏ စကားကို ကြားလိုက်သည်နှင့် ခေါင်းညိတ်လိုက်ပြီးနောက် တူတစ်စုံကို ကောက်ယူလိုက်သည်။ခေါက်ဆွဲပွဲကို သေချာစွာ စိုက်ကြည့်နေလေသည်။ခေါက်ဆွဲပွဲက အလွန်ကို ရိုးရှင်းလှပေသည်။သို့သော်လည်း သူကြည့်နေသည်နှင့်အမျှ သူ့၏ အစားစားချင်စိတ်များက လှိုင်းလုံးလို ထွက်ပေါ်လာလေသည်။


ခေါက်ဆွဲက မှော်ပညာများ မန်းမှုတ်လိုက်သကဲ့သို့ပင်။ ဒါကတွေးကြည့်၍ပင်မရနိုင်အောင် မယုံနိုင်စရာကောင်းလှသည်။ကျောက်သလင်းကဲ့သို့ တောက်ပနေသောဥကို ကောက်ယူ၍ ကိုက်လိုက်သည်။


ဥ၏ အဖြူရောင်ဘက်က အလွန်ပင် ဝါးလို့ကောင်းပြီး အိတုံနေသည်။ပါးစပ်ထဲသို့ ဥအနှစ်လေးများ ဝင်ရောက်သွားသည်နှင့် ကြွယ်ဝလှသော အရသာက ဖုံးလွှမ်းသွားပြီး သူ တုန်ယင်သွားမိသည်။


၎င်းက ရိုးရှင်းလှသော ဥလေးတစ်လုံးမျှသာဖြစ်သော်လည်း သူ့ကို အံ့သြထိတ်လန့်စေသည့် ခံစားချက်မျိုး ပေးစွမ်းလေသည်။ထိုစားဖိုမှူးလေးက တကယ်ကို ထူးခြားလှသည်။


သူ ပုဖန်ကို စူးစူးစိုက်စိုက်ကြည့်လိုက်ပြီးနောက် ခေါက်ဆွဲပွဲကို ပြန်အာရုံစိုက်လိုက်သည်။ထို့နောက် သူ ပုစွန်ကင်ကို ရှောင်ရှားလိုက်ပြီး ဓားခြစ်ခေါက်ဆွဲကိုသာ ကောက်ယူလိုက်သည်။


ကျောက်စိမ်းတုံးကဲ့သို့ တောက်ပြောင်နေသော ခေါက်ဆွဲက နူးညံ့ဖြူဖွေးပြီး အဖြူငွေ့လေးများ ထွက်နေလေသည်။ဂျုံသား၏ ထူးခြားလှသော ရနံ့နှင့် အမဲရိုးစွပ်ပြုတ်၏ ကောင်းမွန်လှသောအရသာများ လိုက်ရောညီထွေစွာပေါင်းစပ်ထားသည်။စားဖိုမှူးကြီး ချွီရန်ပင် သူ့၏ အလောတကြီး စားချင်စိတ်ကို မထိန်းချုပ်နိုင်လုနီးပါးဖြစ်သွားသည်။


ဂလု...


အနား၌ရှိနေသော စားဖိုမှူးများ အားလုံးက အလင်းရောက်အောက်တွင် တောက်ပလင်းလက်နေသည့် ဓားခြစ်ခေါက်ဆွဲများကို မလွှဲတမ်းစိုက်ကြည့်နေပြီး တံတွေးအနိုင်နိုင် မျိုချနေကြသည်။


"အရမ်းမွှေးပြီးတော့လှပတယ်..."


ကြည့်နေရုံဖြင့်ပင် သူတို့၏ အစားစားချင်စိတ်များ တလှိမ့်လှိမ့်တက်လာလေသည်။ချွီရန်ချန်းဖုန်က ခေါက်ဆွဲကို မစားခင် သေချာစွာအကဲ ခတ်ကြည့်လိုက်သည်။ခေါက်ဆွဲမျှင်များက အရမ်းလည်းမထူသလို အရမ်းလည်းမပါးပဲအနေတော် အနေထားရှိနေသည်။


ပါးစပ်ထဲထည့်လိုက်သည်နှင့် ပျော့အိလှသော ငါးရှဥ့်ကဲ့သို့ အစာအိမ်ထဲထိ တိုးဝင်လုနီးပါးဖြစ်သွားသည်။မွှေးပျံ့လှသော ရနံ့က ဆူပွက်နေသော အာရုံခံစားမှုများကို သယ်ဆောင်လာသည်။အစားကြူးတောင်ကြားမှ ခေါက်ဆွဲဘုရင်ပင်လျှင် မျက်စိမှိတ်၍ ခံစားကြည့်မိအောင် လွှမ်းမိုးသွားလေသည်။သူ့၏ မျက်နာပေါ်တွင် ကျေနပ်နေသော အပြုံးတစ်ခု ပေါ်လာသည်။


"ဒါက အစစ်အမှန် ခေါက်ဆွဲရနံ့ပဲ ဒီလိုခေါက်ဆွဲမျိုးကို ငါစားခဲ့ဖူးတာ တော်တော်ကိုကြာခဲ့ပြီ...ငါရုတ်တရက်ပဲ ငါ ပထမဦးဆုံး ခေါက်ဆွဲစလုပ်တဲ့ အချိန်တွေကို ပြန်ပြီး အမှတ်ရမိသွားတယ်...ငါ ခေါက်ဆွဲ ချက်ပြုတ်ဖို့အတွက် နေ့နေ့ညည မပြတ် လေ့ကျင့်ခဲ့ရတယ် ..ငါ သူတို့ရဲ့ ရနံ့ထဲမှာ အကြာကြီး နစ်မြှုပ်ခဲ့တယ် အခု ဒီခေါက်ဆွဲရဲ့ ရနံ့လိုပေါ့...အခု ဒီခေါက်ဆွဲတစ်ပွဲက ငါအကြာကြီး မေ့လျော့နေခဲ့တဲ့ အရာတွေကို ပြန်လည် သယ်ဆောင်လာပေးတယ်..."


ချွီရန်ချန်းဖုန်က မျက်ရည်များဖြင့် တလက်လက်တောက်ပနေသော သူ့မျက်ဝန်းများကို ဖွင့်လိုက်သည်။ရုန်းကန်ခဲ့ရသော နေ့ရက်များကို သတိရပြီး အမြဲသတိရပြီး မြတ်နိုးတန်ဖိုးထားရပေမည်။


သူ့ပါးစပ်ထဲက ခေါက်ဆွဲက ဗိုက်ထဲရောက်ပြီး ပျောက်ကွယ်သွားပေမယ့် သူ နောက်ထပ် ခေါက်ဆွဲများ ထပ်ယူလိုက်သည်။ယစ်မူးစရာကောင်းလှသော ခံစားချက်က သူ တောင့်မခံနိုင်လုနီးပါးပင်ဖြစ်ရသည်။


သူ ဥကြော်ကို ထပ်ယူ၍ ကိုက်လိုက်ပြန်သည်။ပြီးပြည့်စုံနေသော အနုပညာလက်ရာ တစ်ခုကို သူဖျက်စီးလိုက်သလိုပင် ခံစားရ၏။ဥ၏ အရသာက မည်သည့် ပြစ်ချက်မှ ရှိမနေပဲ လတ်ဆတ်မှုကိုသာ ခံစားရလေသည်။


ချွီရန်ချန်းဖုန် ဥ၏ အရသာကို ယစ်မူးသွားပြန်သည်။ထို့နောက် သူ ပန်းကန်လုံးကို ကောက်မလိုက်ပြီး အနည်းငယ်ပျစ်လှသော ခေါက်ဆွဲရည်ကို ပါးစပ်အပြည့် တစ်ငုံ သောက်လိုက်သည်။


ဥနှင့် စွပ်ပြုတ်ရည်သည် ခေါက်ဆွဲပွဲတစ်ခု၏ မရှ်ိမဖြစ် အစိတ်အပိုင်း နှစ်ခုဖြစ်သည်။ပုဖန်၏ စွပ်ပြုတ်က အမဲရိုးသက်သက်ကိုသာ ပြုတ်ထားခြင်းဖြစ်ပြီး မည်သည့် ပါဝင်ပစ္စည်းကိုမှ ထည့်ပေါင်းထည့်ထားခြင်းမရှိပေ။


"ဒီလိုဆိုမှတော့ စွပ်ပြုတ်ရည်က အရမ်းစိတ်ဝင်စားစရာမကောင်းတော့ဘူး..."


အငွေ့တထောင်းထောင်းထနေသော ဟင်းရည်က ပါးစပ်ထဲ ရောက်သည်နှင့် ချောမွေ့စွာ စီးဆင်းသွားလေသည်။ကျေနပ်စရာကောင်းသော ခံစားချက်က ချွီရန်ချန်းဖုန်ကို တုန်လှုပ်သွားစေ၏။


စွပ်ပြုတ်အရည်က အသား၏ မွှေးရနံ့ အရိုးအဆီအနှစ်၏ အရသာများကို တပါတည်း သယ်ဆောင်လာပေသည်။ဥနှင့် ပုစွန်ကင်တို့ကိုလည်း ဟင်းရည်ထဲတွင် ရောထည့်ထားသောကြောင့် သောက်လိုက်သည်နှင့် ၎င်းတို့၏ ထူးခြားသော အရသာကိုပါ ခံစားရစေသည်။သူ ထိုခေါက်ဆွဲပွဲကို စကားလုံးတစ်လုံးဖြင့်သာ ဖော်ပြနိုင်တော့သည်။


"အရမ်းအရသာရှိတယ်..."


သူ စွပ်ပြုတ်ကို သောက်ပြီးသည်နှင့် သူ့၏ တူတစ်စုံက ပုစွန်ကင်ပေါ် ရောက်သွားသည်။ကောင်းကင်ကမ္ဘာမြေမီးလျှံဖြင့် ကင်ထားသော ပုစွန်ကင်ကို သူအများကြီး မျှော်မှန်းထားပေသည်။


သူပုစွန်ခေါင်းကို ဆွဲဖြုတ်လိုက်ပြီး အခွံတစ်ခုလုံးကို ဆွဲခွာလိုက်သည်။အဖြူရောင် ပုစွန်အသားပေါ်တွင် အနီရောင်အဝိုင်းလေးများ ရောယှက်နေပြီး အပူငွေ့လေးများ လွှမ်းခြုံနေပုံက တကယ့်ကို လှပသည့် မြင်ကွင်းတစ်ခု ပင်ဖြစ်သည်။သူ ပုစွန်ကို ဟင်းရည်ထဲ နစ်လိုက်ပြီးနောက် ပါးစပ်ထဲ ထည့်လိုက်သည်။


ဝမ် ...


သူ့၏ မျက်ဝန်းများကို တစ်စုံတစ်ယောက်က အတင်းအကျပ် ဆွဲဖွင့်လိုက်သလိုမျိုး ပြူးကျယ်သွား၏ သူပင်လယ်ထဲသို့ နစ်မြှုပ်သွားသလ်ိုမျိုး လှိုင်းလုံးကြီးများ ပြေးဝင်လာသည်ကို ခံစားလိုက်ရသည်။ထိုခံစားချက်က သူ့ကို တုန်လှုပ်သွားစေ၏။


"ဒါကလည်း အရမ်းအရသာရှိတယ်..."


ထိုပုစွန်ကို ကောင်းကင်ကမ္ဘာမြေမီးလျှံကို အသုံးပြုပြီး ချက်ထားသည်ဆိုခြင်းအား ယုံကြည်ဖို့ပင် ခက်လှသည်။


"ပြင်းထန်တဲ့ မီးလျှံကို ထိန်းချုပ်ပြီး ချက်ပြုတ်တဲ့နေရာမှာအသုံးပြုနိုင်တဲ့ တစ်စုံတစ်ယောက်က ဘယ်လိုလုပ်ပြီး ဒီကမ္ဘာမြေပေါ် ရောက်လာတာလဲ...ကောင်းကင်ကမ္ဘာမြေမီးလျှံရဲ့ အထူးစွမ်းအင်အချို့ကို ပေါင်းထည့်ပြီး ဟင်းပွဲရဲ့အဆင့်ကို တိုးမြင့်ပေးလိုက်နိုင်တာများဖြစ်နိုင်လား..."


ချွီရန်ချန်းဖုန် အတွေးထဲ နစ်မြှုပ်သွားမိသည်။


"စားဖိုမှူး ချွီရန် ခေါက်ဆွဲနည်းနည်းလောက် မြည်းခွင့်ပေးနိုင်မလား..."


ချွီရန်ချန်းဖုန် စဥ်းစားနေချိန်မှာပင် ဆိုင်မှ ဒုတိယအဆင့် စားဖိုမှူးက မျှော်လင့်ချက်အပြည့်ဖြင့် တောင်းဆိုလိုက်သည်။ချွီရန်ချန်းဖုန် သတိဝင်လာပြီး ထိုစားဖိုမှူးကို ကြည့်၍ သက်ပြင်းအသာချလိုက်သည်။


"စား...စား...အမြဲတမ်း မင်းထက်သာတဲ့ တစ်စုံတစ်ယောက်ရှိနေတယ်ဆိုတာမျိုး မင်းကို သတိပြုမိသွားစေလိမ့်မယ်..."


ဒုတိယအဆင့် စားဖိုမှူး၏ မျက်ဝန်းများ တောက်ပသွားသည်။သူ တူတစ်စုံကို ကောက်ယူပြီး ခေါက်ဆွဲမျှင်များကို အလျင်စလို ကောက်ယူလိုက်သည်။သူပါးစပ်အပြည့် စားလိုက်သည်နှင့် ကြောင်အမှင်သက်သွားလေသည်။


ချွီရန်ချန်းဖုန် သူ့ကိုကြည့်၍ နောက်ထပ် သက်ပြင်းတစ်ချက်ထပ်ချလိုက်သည်။ချွီရန်ချန်းဖုန် ပုဖန်ဘက်လှည့်ကြည့်လိုက်သည်။ပုဖန်၏ မျက်နာပေါ်တွင် မောက်မာ ဝင့်ကြွားမှုများမတွေ့ရပေ။ပုဖန်၏ အဆင့်က သူနှင့်အတူတူဟူပင် သူသတ်မှတ်ထားမိသည်။


"ပထမအဆင့် စားဖ်ိုမှူး..."


အစားကြူးတောင်ကြားထဲတွင် ပထမတန်းစား စားဖိုမှူးများကို မြင့်မားသောအဆင့်အတန်းရှိကြောင်း သတ်မှတ်ထားပေသည်။တကယ်တမ်းတွင် ပထမအဆင့် စားဖ်ိုမှူးများက သုံးဆယ်ထက်ပင် နည်းလေသည်။


ဒီလူငယ်လေးက တောင်ကြားထဲမှ နတ်ဆိုးဆန်လှသော စားဖိုမှူးများနှင့်ပင် နှိုင်းယှဥ်နိုင်လေသည်။


"ဒီနေ့ခေတ် လူငယ်တွေက တကယ့်ကို အံ့အားသင့်စရာကောင်းလွန်းတယ်...သူငယ်ချင်းလေး ပုဖန် ငါ့ရဲ့ ဆိုင်မှာ ခဏလောက် ထိုင်ပါဦး ငါဒီတစ်ကြိမ်တော့ မင်းဆီကနေ ခေါက်ဆွဲဟင်းပွဲနဲ့ ပတ်သတ်တာတွေ အများကြီးပဲ သင်ယူလိုက်ရတယ်...ငါ့ဆိုင်က ဟင်းပွဲတွေနဲ့ မင်းကို ဧည့်ခံပါရစေဦး ..."


ပုဖန်က အံ့အားသင့်သွားပြီးနောက် ခေါင်းညိတ်ပြလိုက်သည်။သူတို့နှစ်ယောက်သား မီးဖိုခန်းထဲမှထွက်၍ စားသောက်ခန်းဆီသို့ ဦးတည်လာကြသည်။


သူတို့ စားသောက်ခန်းထဲ ခြေချလိုက်သည်နှင့် ပတ်ဝန်းကျင်က ပြောင်းလဲသွားသည်ကို ခံစားလိုက်ရသည်။ဓားစွမ်းအင်များပြန့်နှံ့နေပြီး ဖိနှိပ်ထားသည့် စွမ်းအားတစ်ခုလည်းရှိနေပေသည်။


"ဘာတွေ ဖြစ်နေတာလဲ..."


ချွီရန်ချန်းဖုန်၏ မျက်နာက မဲမှောင်သွားသည်။သူ့ဆိုင်ထဲ၌ တစ်စုံတစ်ယောက်က ပြဿနာရှာနေခြင်းဖြစ်ကြောင်း သူအတက်ပြောနိုင်ပေသည်။