အခန်း၁၁၂
Viewers 8k

Chapter 112

(အစားအသောက်ကုထုံး ထွန်းကားလာခြင်း)


မာလာထန်သည် အဆင့်မြင့် စားကောင်းသောက်ဖွယ် မဟုတ်ပေ။ ပါဝင်ပစ္စည်းများသည် အလွန်အသုံးများပြီး ချက်ပြုတ်နည်းကလည်း အလွန်ရိုးရှင်းသည်။ သို့သော် ထူးခြားသော ဆွဲဆောင်မှုရှိသဖြင့် စားဖူးသူများသည် ဘယ်တော့မှ မမေ့နိုင်ဘဲ ပိုစားချင်စေလာသည်။


အကဲဖြတ်ဒိုင်များသည် ယခင်ပွဲများကလိုပင် စိတ်ကြိုက် ဗိုက်ပြည့်သည့်အထိ စားချင်နေကြလေသည်။ ကံကောင်းစွာ၊ ယနေ့ခေတ်တွင် တရုတ်ရိုးရာအစားအစာများ ထွန်းကားလာပြီး လွန်ခဲ့သော နှစ်ပတ်က ဇာ့ခ်ဒီရေကြောင့် ဖိုင်နယ်သို့ဝင်ရောက်နိုင်သည့် ပြိုင်ပွဲဝင်အားလုံးသည် ဟင်းချက်တတ်သူများဖြစ်သည်။ အနည်းဆုံး၊ ယနေ့ သူတို့ ကြိုးစားချက်ပြုတ်ခဲ့သော ဖြည့်စွက်အစားအစာများသည် မကောင်းမကန်း ဟင်းလျာများ မဟုတ်ပေ။ အသစ်အဆန်း နည်းလမ်းအချို့ကိုလည်း တွေ့ခဲ့ကြရသည်။


ကျန်းယန်ချောင်း သည် ဇာ့ခ်အသားလွှာများကို အစိမ်းလိုက်စားရသည့် ဟင်းပွဲကို ဆန်းသစ်စွာ ပြုလုပ်ထားလေသည်။ သူမသည် ဇာ့ခ်အသား၏ အနူးညံ့ဆုံးအစိတ်အပိုင်းကို ရွေးချယ်ကာ ငါးညှီနံ့ကိုဖယ်ရှားရန် ဆားငန်ရေထဲတွင်စိမ်ကာ အေးခဲထားလိုက်သည်။  ထို့နောက် အစိမ်းလိုက်စားရန် ဝါဆာဘီ၊ ရှာလကာရည် စသည်တို့ကို နှပ်ထားလိုက်၏။ လုပ်ပုံလုပ်နည်းနှင့် အရသာက ဆာရှိမိလိုပင်။


 ဤနည်းလမ်းသည် အထူးသဖြင့် ဆာရှိမိ ချစ်သူများ နှစ်သက်သော ဇာ့ခ်အသား၏ မူလအရသာကို အကြီးမားဆုံး အတိုင်းအတာအထိ ထိန်းသိမ်းထားသည်။ သို့သော် လူအများစုသည် ဤစားသောက်နည်းကို လက်မခံနိုင်ကြသေးသောကြောင့် စုစုပေါင်းရမှတ်မှာ အထူးမြင့်မားခြင်းမရှိပေ။


ကျန်းရို့ ၏နည်းလမ်းမှာ မီးသွေးနှင့် ကင်ခြင်း ဖြစ်သည်။ သူမသည် ဇာ့ခ်အသားကို လှီးဖြတ်ကာ အမဲသားကင်နှင့် သိုးသားကင်များနှင့် ရော၍ ဇီရာ၊ ငရုတ်သီးမှုန့်တို့ဖြင့် ဖြူးထားသည်။  အချို့ကိုလည်း ကမာကင် ၊ ဂုံးကောင်ကင်များနှင့် အတူစားရသည်။  ကြက်သွန်ဖြူ၊ငရုတ်သီးများနှင့်အတူ ကမာကောင်အခွံထဲကို ဇာ့ခ်အသားပါ ထည့်၍ အတူစားရသည်။အရသာက အတော်ကောင်းသော်လည်းအသားကင်သည် ကြယ်တာရာခေတ်အထိ လူစားများသော အစားအစာဖြစ်သောကြောင့် ဆန်းသစ်တီထွင်မှုအတွက် သူမ၏ရမှတ်သည် မြင့်မားခြင်းမရှိပေ။


 မျှော်လင့်ထားသည့်အတိုင်း နောက်ဆုံးရလဒ်များ ထွက်လာသောအခါ လင်းယောင်ယောင် ကသာ ပထမနေရာကို ရရှိခဲ့သည်။ ကျန်းရို့ က ဒုတိယနေရာရရှိခဲ့ပြီး ကျန်းယန်ချောင်းသည် အဋ္ဌမ(အဆင့်8)နေရာဖြစ်၏။


လင်းယောင်ယောင် သက်ပြင်းချလိုက်သည်။ကံကောင်းစွာပင်၊ သူမကို လူတိုင်းပေးထားခဲ့သော "ရှေးတရုတ်အစားအစာ လက်ထောက်ကုထုံးပညာရှင်" ဆိုသော အမည်ကို ရအောင်ယူနိုင်နေသေးသည်။


ကျန်းရို့ သည် ဒုတိယနေရာကို ရရှိသည့်အတွက် အလွန်အံ့သြသွားခဲ့သည်။ သူငယ်ချင်း လင်းယောင်ယောင် ၏ အကြံဉာဏ်ကြောင့်သာ သူမသည် ဤမျှ အမှတ်ကောင်းကောင်း ရနိုင်ခဲ့ကြောင်း ကျေးဇူးတင်စကား ပြောလိုက်သည်။


ကျန်းယန်ချောင်း သည် ယခုအခါ‌ ငြိမ်သက်နေသည်။ သူမ၏ အဆင့်သတ်မှတ်ချက်ကို လက်ခံနိုင်ပြီး ချို့ယွင်းချက်များကိုလည်း လေးလေးနက်နက် စဉ်းစားသုံးသပ်နိုင်သည်။


အကဲဖြတ်ဒိုင်အဖွဲ့သည် နေ့လယ်တွင် အကဲဖြတ်ပြီးနောက် သူမသည် လင်းယောင်ယောင် ၏ ဟင်းပွဲအားမြည်းသည့် အခန်းသို့ တည့်တည့်သွားကာ လူတိုင်း အရသာရှိသော မာလာထန်ကို မြည်းစမ်းနိုင်မလားဟု မေးခဲ့သည်။


ကျန်းယန်ချောင်းသည် ပြိုင်ပွဲပထမအကျော့တွင် သူမကို ချောက်ချခဲ့သော်လည်း ဆီမီးဖိုင်နယ်တွင် သူမ၏ ထမင်းထုပ်ကြောင့် အစားအသောက်ပရိသတ်များထဲမှ တစ်ယောက်ဖြစ်လာခဲ့ပါပြီ။


အမှားတစ်ခုခုလုပ်မိခြင်းက အရေးမကြီးပေ။ အရေးကြီးဆုံးက အမှားကို နားလည်ဖို့၊ အမှားကို ဝန်ခံပြီး ကိုယ့်အမှားကို ပြင်ဖို့ပင် ဖြစ်လေသည်။


ထို့ကြောင့် လင်းယောင်ယောင် သူမကို ပြုံးပြလိုက်သည်။ 


 "ရပါတယ်"


 ထို့နောက် သူမသည် ကျန်းယန်ချောင်း ကို အစပ်ဟင်းရည်ပူပူဖြင့် မာလာထန်ကို ပန်းကန်လုံးကြီးတစ်လုံးထဲမှာ အမြန်လုပ်လိုက်သည်။  ပါဝင်ပစ္စည်းတစ်ခုစီကို ထည့်ကာ အစပ်ဆော့စ်တစ်ဇွန်းကိုလည်း မစားရမရှိအောင် ထည့်လိုက်သေးသည်။ထိုမြင်ကွင်းကို သူမတို့ ကျောင်းသားသစ်အတန်းမှ ‌ကျောင်းသားသစ်များ မြင်သောအခါ သူတို့လည်း စားချင်ကြောင်း မြန်မြန်အော်လိုက်သည်။


လင်းယောင်ယောင် သည် Star Network ဒုတိယအသုတ်ပြိုင်ပွဲတွင် ထမင်းထုပ်စားနေစဉ်က လူများဝိုင်းကြည့်ခံရသည်။ထိုအချိန်က၊ အတန်းထဲရှိ သူငယ်ချင်းများကို နောက်ဆုံးပြိုင်ပွဲတွင် သူမ၏ ဟင်းပွဲအား ကျွေးမွေးပါ့မည်ဟု ကတိပေးထားပြီးဖြစ်သည်။ ထို့အတွက်ကြောင့် သူမသည် ပြင်ဆင်မှုများ ပြုလုပ်ခဲ့ပြီးဖြစ်သည်။ သူမသည် ပုံမှန်ပါဝင်ပစ္စည်းများအား အကင်များ အပြည့်ထည့်ထားသော ဘူးကြီး၊ဘူးငယ်များကို   သူမ၏ အာကာသခလုတ်ထဲမှ ထုတ်ယူခဲ့သည်။ထို့နောက် သူမ လက်လေးကို ဝှေ့ယမ်းလိုက်သည်။  


"စား…စားပါ…ကိုယ်တိုင်သွားယူလို့ရပါတယ်"


ထို့နောက် သူမက ကျန်းရို့ နှင့် တခြားအတန်းဖော် နှစ်ယောက်၊ သုံးယောက်ကို သူမကို စွပ်ပြုတ်ဟင်းရည် ကူပေးဖို့ ပြောလိုက်၏။အကဲဖြတ်ဒိုင်အားလုံးသည် မအီမသာ ဖြစ်မှာစိုး၍ ကြိုတင်ပြီး အစာချေမြန်ဆေးနှင့် စွမ်းအင်သုံး ဆေးဝါးများစွာကို စားခဲ့ပြီးဖြစ်သည်။


သို့သော်လည်း ပြိုင်ပွဲဝင်အများစုသည် ဆာလောင်နေဆဲဖြစ်သည်။ သူတို့ ချက်ပြုတ်ထားသော ဟင်းများကို အများကြီး စားခဲ့ကြသော်လည်း လေ့ကျင့်ချိန်အတွင်းမှာ စားရဖန်များ၍ ငြီးငွေ့နေခဲ့သည်မှာ အတော်ကြာခဲ့ပြီဖြစ်၏။


 ဘယ်သူက ကိုယ့်ဟင်းချည်းပဲ စားချင်မှာလဲ...


 ပြိုင်ပွဲက ပြီးသွားပြီဖြစ်၍ ပျော်ပျော်ရွှင်ရွှင် စားသောက်ကြဖို့သာကျန်တော့သည်။ ထို့ကြောင့်လည်း လင်းယောင်ယောင် ၏ ဟင်းပွဲမြည်းခန်းသည် လူမျိုးစုံဖြင့် စည်ကားနေ၏။


 ဟိုလိုဂရပ်ဖစ်ရုပ်ပုံသည် အစားအသောက်မျိုးစုံ၏ ရနံ့ကို လက်တွေ့ကျကျ ပုံဖော်ထားနိုင်သောကြောင့် ၎င်းကို ကြည့်ပြီး ပရိသတ်များမှာ မျက်ရည်ကျနေတော့သည်။


 အိုဘုရားရေ…


ပထမနှစ်အရန်ကုထုံးပြိုင်ပွဲ၏ အစားအသောက်အုပ်စု၏ နောက်ဆုံးအဆင့်မှာ အစားအသောက်ပြပွဲတစ်ခုလို  ပျော်စရာကောင်းနေသဖြင့် သူတို့ ပိတ်တောင်မပိတ်ချင်ကြတော့ပေ။ အတန်းဖော် လင်းယောင်ယောင် ပြုလုပ်သော မာလာထန်ကိုလည်း သူတို့စားချင်နေကြသည်။ ရုတ်တရက် တိုက်ရိုက်ထုတ်လွှင့်မှု ပလက်ဖောင်း၏ ကောမန့်အပိုင်း(comment section)၊ အရန်ကုထုံးပြိုင်ပွဲ၏ တရားဝင်ဝဘ်ဆိုဒ်နှင့် လင်းယောင်ယောင် ၏ Weibo တို့မှာ မာလာထန် ဆိုင်ခွဲဖွင့်ရန် တောင်းဆိုသောစာများ ပြည့်နှက်နေသည်။


လင်းယောင်ယောင် ခေါင်းကိုက်သွားရသည်။ သူမသည် ပိုက်ဆံမလိုအပ်သလို၊ ဤကြယ်တာရာခေတ်မှ လူများအား မာလာထန် ဆိုင်ခွဲတစ်ခုဖွင့်ဖို့ဆိုသည်မှာ မဖြစ်နိုင်ပေ။သို့ရာတွင်၊ ကြယ်တာရာခေတ်၏ လူဦးရေသည် များပြားလွန်းပြီး ဝယ်လိုအားကလည်း အလွန်ကြီးမားသည်။ 


သူမတစ်ယောက်တည်း ဘယ်လိုလုပ်နိုင်မှာလဲ…


ထို့ကြောင့် သူမသည် 21 ရာစုတွင် ပျံ့နှံ့နေသော သရေစာဖြစ်သည့် မာလာထန် ကို လူတိုင်းစားသုံးခွင့်ရစေရန်အတွက် အသုံးများသော မာလာထန် စွပ်ပြုတ်၏ ချက်ပြုတ်နည်းများကို လူသိရှင်ကြား ကြေညာရန် ဆုံးဖြတ်ခဲ့သည်။


 အစားအသောက် ကုထုံးပညာရှင် အများအပြားသည် သူမ၏ ချက်ပြုတ်နည်းကို လိုက်လုပ်ကြပြီး လုံးဝ ဖုံးကွယ်ထားဖို့ မလိုအပ်ပေ။ သူတို့၏ အစားအသောက် သုတေသန အတွေ့အကြုံများကို အချင်းချင်း ပြောဆိုကာ အတူတကွ တိုးတက်မှုများ ပြုလုပ်ကြရမည်ဖြစ်သည်။


ကျောင်းသားသစ်ဖလား ဖြည့်စွက်ကုထုံးပြိုင်ပွဲသည် ပြီးပြည့်စုံသော အောင်မြင်မှုဖြစ်ပြီး တရားဝင်ပြီးဆုံးသွားခဲ့သည်။ထိုအချိန်မှစ၍ ဖြည့်စွက်အစားအစာများသည် အရသာဆိုးသည်ဟူသော နာမည်ဆိုးကြီးကို လုံးဝဖယ်ရှားပစ်နိုင်ခဲ့သည်။ ထို့နောက် ဖြည့်စွက် အစားအသောက်ဆိုင် အမျိုးမျိုး သည် တစ်ခုပြီးတစ်ခု ပေါ်ပေါက်လာနိုင်ပြီး အဆင့်အတန်းကလည်း သိသိသာသာ မြင့်တက်လာမည်ဖြစ်သည်။  အရည်အချင်းကောင်းရှိသော ကုထုံးဆရာများပင်လျှင် အလွန်ရေပန်းစားလာနိုင်၏။


 အစားအသောက်ကုထုံးပညာရှင်များ ထွန်းကားလာခြင်းကြောင့် ကြယ်တာရာခေတ် လူသားများ အထူးသဖြင့် စိတ်ပိုင်းဆိုင်ရာ နယ်ပယ် ချို့ယွင်းသူများ/ ပျက်စီးနေသူများ၏ ဘဝပျော်ရွှင်မှုကို များစွာ တိုးတက်စေသည်။ ထို့အပြင်၊ သူတို့ဘဝတွင် မျှော်လင့်ချက်ရှိလာသည်ဟု ခံစားကြရမည်ဖြစ်သည်။


လင်းယောင်ယောင် ပြုလုပ်သော SS-အဆင့် နှင့် အခြားအဆင့် ဇာ့ခ်အသားများကို ကာလရှည်စားသုံးပြီးနောက်၊ အဘိုး လင်း ၏ မူလ စိတ်ပိုင်းဆိုင်ရာနယ်ပယ် ပျက်စီးမှုသည် ယခုအခါ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှု အခြေအနေသို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။ စိတ်စွမ်းအင်အဆင့်ကလည်း D အဆင့်ဖြစ်လာပြီး ခေါင်းကိုက်ဝေဒနာလည်း အတော်သက်သာသွား၏။


ထို့ကြောင့် လင်းကျန့်ဟိုင် သည် သူတို့ပိုင်ဆိုင်သော စစ်တပ်တွင် ပြောဆိုခွင့်ရှိသူ ပြန်ဖြစ်လာခဲ့သည်။ ဤလမ်းကြောင်းအတိုင်းဆက်သွားပါက၊ တစ်နှစ်မပြည့်မီ အဘိုးလင်း ၏ စိတ်စွမ်းအင်အဆင့်သည် မူလ SS+ သို့ လုံးဝပြန်လည်ရောက်ရှိသွားနိုင်သည်။


 မူလက အဘိုးဝေ့၏ စိတ်ပိုင်းဆိုင်ရာ နယ်ပယ်သည် မပြည့်မစုံဖြစ်ခဲ့သော်လည်း ယခုဆိုလျှင် S အဆင့်မှ SS အဆင့်အထိ ပြန်လည်ကောင်းမွန်လာခဲ့သည်။ သူ၏ အထွတ်အထိပ်စိတ်ဓာတ်ခွန်အားများ ပြန်လည်ရရှိဖို့ အချိန်တိုလေးသာ ထိန်းထားဖို့ လိုအပ်သည်။ ထိုမျှမကသေး၊ အဘွားဝေ့၏ မျိုးရိုးဗီဇရောဂါသည် များစွာတိုးတက်ကောင်းမွန်လာကာ ကျန်းမာရေးလည်း များစွာကောင်းမွန်လာသည်။


ရှောင်ချီ သည် လင်းယောင်ယောင် ၏ ဖြည့်စွက် အစားအစာများကို ကာလရှည်ကြာ မြည်းကြည့်သူတစ်ဦး ဖြစ်သည်။  ထို့ကြောင့် မူလက သူ၏ စိတ်ပိုင်းဆိုင်ရာ နယ်ပယ် မပြည့်စုံမှုသည် D အဆင့်မှ လက်ရှိ B အဆင့်သို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။


အခြားသော စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းသူများ/ ပျက်စီးနေသူများသည်လည်း အဆင့်မြင့် ဇာ့ခ် အသားများကို ကြာရှည်စွာ စားသုံးနေကြသည်။  သို့သော်လည်း အခြားသော အစားအစာ ကုထုံးပညာရှင်များ ပြုလုပ်သော ဖြည့်စွက် အစားအစာများသည် လင်းယောင်ယောင် ပြုလုပ်သော အစားအသောက်များနှင့် မတူညီသောကြောင့် သူတို့၏ ပြန်လည် ထူထောင်ရေး အရှိန်သည် အလွန် မြန်ဆန်ခြင်းမရှိသော်လည်း ကောင်းမွန်သော ကုသရေးဆိုင်ရာ အကျိုးသက်ရောက်မှုများကို ခံစားကြရလေသည်။


လူတိုင်းသည် အဆုံးမရှိသော ဖြည့်စွက် ကုထုံးအာနိသင်များနှင့် အရသာအတွက် စိတ်အားထက်သန်နေကြသည်။ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများအတွက် ကုသနည်းများရှိလာသဖြင့် မည်သည့် ရောဂါမှ မရှိသူများပင် ဖြည့်စွက်အစားအစာကို ပုံမှန်စားသုံနေကြသည်။


ပြိုင်ပွဲအပြီးတွင်လင်းယောင်ယောင် သည် ဝေ့မိသားစုမှ သက်ကြီးရွယ်အိုနှစ်ဦးထံ သွားရောက်လည်ပတ်ခဲ့ပြီး သူမအတွက် ပေးထားသော ပင်လယ်ရှုခင်းဗီလာတွင် တစ်ညတာ တည်းခိုခဲ့သည်။ အိမ်ကို သူမ ကြိုက်သည့်ပုံစံနှင့် ပြန်လည် အလှဆင်ထားခြင်းဖြစ်သည်။


ဝေ့မိသားစုမှ အကြီးအကဲနှစ်ဦးသည် လင်းယောင်ယောင် က သူတို့၏  ကံကောင်းသော ကြယ်ကလေးဖြစ်ကြောင်း ပြောဆိုနေကြ၏။ သူတို့၏ စိတ်စွမ်းအင်နှင့် ကိုယ်ခန္ဓာ အဆင့်ကလည်း တိုးတက်လာသလို နှစ်ပေါင်းများစွာ ပျောက်ဆုံးနေသော ဝေ့လင်း နှင့် ချမ့်ယောင် တို့၏ သတင်းကိုလည်း ရရှိခဲ့ကြသည်။ 


အဘိုးဝေ့၏ စိတ်ပိုင်းဆိုင်ရာနယ်ပယ်သည် 70၊80 ရာခိုင်နှုန်းအထိ ပြန်လည်ကောင်းမွန်လာခဲ့သည်။  သူသည် ဧကရာဇ်မြို့တော် တွင်သာ နေထိုင်လိုစိတ်မရှိဘဲ စွန့်စားချင်သူ ဖြစ်သောကြောင့် စစ်မြေပြင်သို့ ကိုယ်တိုင်ကိုယ်ကျ ပြန်သွားရန် ဆုံးဖြတ်ခဲ့သည်။


မကြာမီကာလအတွင်း ဝေ့လင်း နှင့် ချမ့်ယောင် တို့ကို ကယ်တင်ရန် ပြင်ဆင်နေခြင်းဖြစ်သည်။ လင်းမိသားစုက ဝေ့လင်းကို ကယ်တင်မယ့်ကိစ္စအား ဘယ်တော့မှ ထိုင်ကြည့်နေမှာမဟုတ်ကြောာင်း အဘိုးဝေ့ဆီ သီးသန့်စာတစ်စောင် ပို့ခဲ့သော်လည်း ထိုကမ်းလှမ်းချက်မှာ မြေးဖြစ်သူ လင်းယောင်ယောင် ကြောင့်ဆိုသည်မှာထင်ရှားသည်။


 ဝေ့လင်းက သူ့သားဖြစ်ကာ ဆူးတပ်ဖွဲ့ ၏ အမွေဆက်ခံသူဖြစ်သည်။  


သူ့ကိုကယ်တင်ဖို့ အပြင်လူတွေကို ဘယ်လိုလုပ် အားကိုးရမှာလဲ


ဆူးတပ်ဖွဲ့ ကသာ ပါဝင် ခေါင်းဆောင်ရမည်ဖြစ်သည်။


လင်းရွှမ် သည် နယ်ခြားကြယ်တာရာဆီသို့ သွားခဲ့သဖြင့် သူတို့ ဆူးတပ်ဖွဲ့ကလည်း အသေအချာပြန်တိုက်ကြရမည့် အချိန်ပင်။ ဝေ့လင်း ပြန်ကောင်းလာနိုင်သရွေ့ သူ၏ SS+ စိတ်စွမ်းအားနှင့် SS+ ကိုယ်လုံးကိုယ်ပေါက်မှာ လင်းရွှမ် ထက် အများကြီး မဆိုးရွားပေ။ ယခုအချိန်မှစ၍ ဆူးတပ်ဖွဲ့၏ အခြေအနေသည် တပ်ကြီးခြောက်ခုတို့၏ အောက်ခြေအဆင့်တွင် ရှိတော့မည်မဟုတ်ပေ။


အဘိုး ဝေ့သည် နယ်ခြားကြယ်တာရာ၏ ရှေ့တန်းသို့ ထွက်ခွာသွားမည့်အကြောင်း လင်းယောင်ယောင် အား ပြောကြားခဲ့ပြီး သူမ၏လက်ရာ  SS အဆင့် ဇာ့ခ်အသားများကိုလည်း လိုချင်ကြောင်း ပြောလေသည်။ ထိုအခါမှ လင်းယောင်ယောင်သည် လင်းရွှမ် က နယ်ခြားကြယ်တာရာတွင် အချိန်အတော်ကြာနေလိမ့်မည်ကို သွယ်ဝိုက်၍ သိလိုက်ရသည်။ သူမ အတော်လေး အံသြသွားသည်။


 သူမသည် အရန်ကုထုံးပြိုင်ပွဲ၏ နောက်ဆုံးအဆင့်အတွက် ပြင်ဆင်မှုများနှင့် အလုပ်များနေခဲ့သည်။  ရှောင်မင် ၏ စောင့်ကြည့်ရေး အစီအစဉ်သည် သူမ၏ ဆက်သွယ်ရေး ကိရိယာကို ထိခိုက်စေကြောင်းလည်း သိရှိထားခဲ့သည်။ ထို့ကြောင့် သူမသည် လင်းရွှမ် ကို ဆက်သွယ်ရန်ပင် မစဉ်းစားခဲ့ပေ။ သူ့ကို နည်းနည်းလေး လွမ်းနေသော်လည်း သူနှင့် မဝေးသလို  ခံစားရပြီး အားလုံးပြီးသည့်အခါ သူပြန်လာပေလိမ့်မည်။ မထင်မှတ်ပဲ၊ထိုလူက ရှေ့တန်းဆီ တိတ်တဆိတ်သွားပြီး ထိုကိစ္စကို သူမ မသိအောင် လျှို့ဝှက်ထားလေ၏။


သူမ၏ တုံ့ပြန်မှုကို အဘိုးဝေ့ မြင်လိုက်သည့်အခါ လင်းရွှမ် မရှိတော့မှန်း ယခုမှ သိလိုက်ခြင်းဖြစ်ကြောင့် ရိပ်မိလိုက်သည်။ လင်းရွှမ် သည် သူ့မြေးမလေးအား လုယူသွားခြင်းအတွက် အနည်းငယ် စိတ်မကောင်းဖြစ်မိသော်လည်း၊ အထူးသဖြင့် ဝေ့လင်း အား သွားကယ်မည့်ကိစ္စကြောင့် သူ့ကို သဘောကျပြီး ကျေနပ်နေမိသည်။  လင်းရွှမ် သည် သတင်းပေးသည် သာမကဘဲ နယ်ခြားကြယ်တာရာထံသို့လည်း တက်ကြွစွာသွားရောက်ကယ်ဆယ်ခဲ့သည်။


ဝေ့ချုံးရှန် သည် လင်းရွှမ် ဘာကြောင့် ဖုံးကွယ်ရခြင်းကို ကောင်းစွာနားလည်သည်။အကြောင်းမှာ၊ လင်းယောင်ယောင် စိတ်ပူနေမှာကို သူ ကြောက်ရွံ့နေတာကြောင့် ဖြစ်သည်။  တာဇာကြယ်ပွင့်မဟာမိတ်သည် ကိုင်တွယ်ဖြေရှင်းရန် အလွန်လွယ်ကူပါက ဝေ့လင်း လို SS+ စွမ်းအားရှိသူအနေဖြင့် နှစ်ပေါင်းများစွာ ပိတ်မိနေလိမ့်မည်မဟုတ်ပေ။


"စိတ်မပူနဲ့၊ အဘိုးက အဲဒီကို လူကိုယ်တိုင်သွားပြီးတော့ သမီးရဲ့မိဘတွေနဲ့ အစ်ကိုကြီးကို ပြန်ခေါ်လာမယ်"


 အဘိုးဝေ့သည် မူလက "အစ်ကိုကြီး" အစား "သမီးရဲ့ချစ်သူ"ဟု ပြောချင်သော်လည်း ယောင်ယောင် နှင့် လင်းရွှမ် အကြောင်း သူတို့ သိထားပြီးသားဖြစ်သည်ကို ယောင်ယောင် မသိသေးသောကြောင့်  မပြောခြင်းဖြစ်သည်။သူတို့ ဝေ့ မိသားစုထံမှ သဘောတူညီချက်ကို ရယူရန် လင်းရွှမ် သည်ရိုးသားမှုကို ပြသရမည်ဖြစ်သည်။


သူမ ဘယ်လိုလုပ်စိတ်ချလက်ချ နေနိုင်မှာလဲ


သို့သော်လည်း လင်းရွှမ် နှင့် အဘိုးဝေ့ တို့ မဖြစ်မနေ လုပ်ရမည့်ကိစ္စမှန်း သူမ သိတာကြောင့် စိတ်ပူပင်မှုကို ထိန်းထားပြီး ပြုံးပြလိုက်သည်။  


"အဘိုးအတွက် ဖြည့်စွက်စာတွေ ပြင်ပေးမယ်… ကျေးဇူးပြုပြီး အစ်ကိုကြီးကိုလည်း ပေးလိုက်ပါဦး"


ဤသည်မှာ သူမ လုပ်နိုင်သည့် တစ်ခုတည်းသော အရာဖြစ်သည်။ သူတို့အားလုံး ဘေးကင်းဖို့ တိတ်တဆိတ်သာ ဆုတောင်းနေရ၏။


လင်းယောင်ယောင် သည် အဆိုးဆုံးအတွက် ပြင်ဆင်ထားသည်။  တစ်ခုခုဖြစ်သွားလျှင်...


 ယခုမှစပြီး သူမ၏ မက်ခါ ထိန်းချုပ်မှုနည်းပညာများကို အာရုံစိုက်လေ့ကျင့်သင့်သည်။ သူမသည် အရန်ကုထုံးပညာရှင်လည်းဖြစ်သလို တိုက်ခိုက်ရေးသမားလည်းဖြစ်သည်။ သူမ တစ်ကယ်ပဲ အဆင်ပြေလာပေလိမ့်မည်။



xxxxxx