အခန်း၁၁၃
Viewers 8k

Chapter 113

(မင်းကိုလက်ထပ်ဖို့ပြန်လာတဲ့အထိစောင့်ပါ)


အဘိုးဝေ့ က လင်းယောင်ယောင် ကို  ပြောလိုက်သည်။ သူမ၏ မိဘအရင်းဖြစ်သော ဝေ့လင်း နှင့် ချမ့်ယောင် တို့ပြန်လာသောအခါ သူမ၏ဘိုးဘေးများကို တရားဝင်အသိအမှတ်ပြုပြီး ဝေ့မျိုးရိုးထဲသို့ ပြန်လာသင့်သည်။ သူမ၏ မျိုးရိုးအမည်ကို လင်းမှ ဝေ့သို့ပြောင်းသင့်ပြီး အိမ်ထောင်စုဇယားကိုလည်း လင်းမိသားစုမှ ဝေ့မိသားစုသို့ ပြန်လည်လွှဲပြောင်းပေးမည်ဖြစ်သည်။ 


 "လင်းမိသားစုက သဘောမတူနိုင်ဘူး…ဒါကတော့ သမီး အပေါ်မှာ မူတည်တယ်"


သူမ အံ့သြသွားသည်။ အဘိုးဝေ့သည် သူမနှင့် လင်းရွှမ် ၏ ချစ်ခြင်းမေတ္တာကို သတိပြုမိပုံရသည်ဟု သူမခံစားမိသည်။ သူ့ပုံစံက လုံးဝသဘောမတူသေးသော်လည်း လင်းရွှမ် ကို သဘောကျနေခြင်း ဖြစ်နိုင်သည်။သို့သော်လည်း၊ သူမတို့ကို လမ်းခွဲဖို့ မတောင်းဆိုသည့်အတွက် သူမ မသိချင်ယောင်ဆောင်ဖို့သာ ရှိတော့သည်။

 

လင်းရွှမ် နှင့် သူမသည်  ဘွဲ့ရပြီးလျှင် လက်ထပ်သင့်သည်ဟု ထင်မိသည်။ လင်း မိသားစုဝင် အဖြစ်မှ လင်း မိသားစုဝင်တစ်ယောက်ကို လက်ထပ်ဖို့ဆိုတာ မဖြစ်နိုင်ဟု သူမ တွေးလိုက်ရင်း အနည်းငယ် ရှက်သွားသည်။ထို့ကြောင့် လင်းယောင်ယောင် သည် အဘိုးဖြစ်သူ၏ တောင်းဆိုချက်ကို သဘောတူခဲ့သည်။  


"ကောင်းပါပြီ၊ သမီး မိဘတွေ ပြန်လာတဲ့အခါ ဝေ့မိသားစုကို တရားဝင်ပြန်လာပြီး ဘိုးဘေးတွေကို အသိအမှတ်ပြုပါ့မယ်"


ဝေ့လင်း လို အဆင့်မြင့်တိုက်ခိုက်ရေးသမားတစ်ဦး ပြန်လည်ရောက်ရှိလာပြီး အစားအသောက် ကုထုံးပညာရှင်ဖြစ်သော သူမ၏ ထူးခြားသောစွမ်းရည်များနှင့်အတူ ဝေ့မိသားစု၏ အဆင့်အတန်းသည် သိသိသာသာ တိုးမြင့်လာမည်ဖြစ်သည်။ ဝေ့မိသားစု၏ သမီးတစ်ယောက် အနေဖြင့် သူမအား "လင်း မိသားစုရဲ့ မွေးစားသမီးပါ" ဟု ဘယ်သူမှ အထင်သေးအမြင်သေး မပြောနိုင်တော့ပေ။ ထို့ကြောင့် ဝေ့မိသားစုနှင့် သူမ၏ ဆက်ဆံရေးသည် နှစ်ဦးနှစ်ဖက်အကျိုးရှိမည်ဟု ယူဆရသည်။


 သဘာဝအားဖြင့်၊ စိတ်ခံစားမှုဆိုင်ရာအချက်များသည် ပို၍အရေးကြီးသည်။  ဝေ့မိသားစုက သူမကိုသာ အသုံးချချင်သည်ဆိုလျှင် သူမကို ဖက်လှဲတကင်း ပျူပျူငှာငှာ ဆက်ဆံမှာ မဟုတ်ပေ။ ဤကမ္ဘာကြီးမှာ အသုံးချခံရသည်က ကြောက်စရာမဟုတ်၊  လူတစ်ယောက်မှာ လုံးဝ အအသုံးမဝင်သည့် တန်ဖိုးမရှိလျှင်သာ ကြောက်စရာကောင်းပေသည်။


ဝေ့ မိသားစုသည် သူမနှင့် လင်းရွှမ် ၏အရေးကိစ္စများကို အလွန်အမင်း ဝင်ရောက်စွက်ဖက်ခြင်းမရှိပေ။အကြောင်းမှာ၊ လင်းရွှမ် နှင့် သူမ၏ အရည်အချင်းများသည် အလွန်အားကောင်းသောကြောင့်ဖြစ်သည်။


သူမသည် ကိုယ့်ကိုယ်ကို အဆင့်မြင့် အစားအသောက် ကုထုံးပညာရှင် တစ်ဦးဟု တွေးမိသည်။ ရှေးတရုတ်အစားအစာများနှင့် စိတ်ပိုင်းဆိုင်ရာချို့ယွင်းနေသူ/ပျက်စီးနေသူများအတွက် အထူးကောင်းမွန်သော ကုထုံးအကျိုးသက်ရောက်မှုများအပေါ် အားကိုး၍ သူမဘာသာသူမ ရပ်တည်နိုင်မည်ဖြစ်သည်။ ထိပ်တန်းအစားအစာကုထုံးပညာရှင်များ၊ ကျွမ်းကျင်ပညာရှင်များနှင့် နှိုင်းယှဉ်ပါက သူမသည် တိုးတက်ဖို့လို‌နေပါသေးသည်။


အင်ပါယာအတွင်းရှိ တစ်ဦးတည်းသော SSS အတန်းစား တိုက်ခိုက်ရေးသမားအဖြစ်၊ လင်းရွှမ် သည် တိုက်ပွဲများစွာတွင် အောင်ပွဲခံခဲ့ပြီး အင်ပါယာရှိ အရှုံးမရှိ စစ်နတ်ဘုရားအဖြစ် လူသိများသည်။ သူမသည် သူ့အဆင့်နှင့် ဝေးလွန်းနေသေးသည်။ ထို့ကြောင့်လည်း၊သူမကို စိတ်မပူစေချင်သဖြင့် ဤကိစ္စကို ဖုံးကွယ်ဖို့ ရွေးချယ်ခဲ့ခြင်း ဖြစ်နိုင်သည်။ သူမလည်း လင်းရွှမ် ကို အပြစ်မတင်ချင်ပေ။ သူနှင့်အတူ တိုက်ပွဲဝင်ရန် သူမ၏ ခွန်အားမှာ နည်းနေသည့်အတွက်သာ နောင်တရမိသည်။


ဝေ့ချုံးရှန် ရှေ့တန်းမတက်မီ ရက်အနည်းငယ်အလိုတွင် လင်းယောင်ယောင် သည် SS နှင့် S အဆင့် ဇာ့ခ်အသားခြောက်၊ ဇာ့ခ်အသားအမှုန့်များ၊ ဇာ့ခ်အသားဆေးဖက်ဝင်ဝိုင်၊ အရန်ကုထုံး သရေစာများ၊ လက်ဖက်ရည်၊ ယိုစသည်ဖြင့် သိုလှောင်၍ အဆင်ပြေနိုင်သည့် အစားအသောက်များကို သေချာထည့်ပေးလိုက်သည်။ အဘိုးဝေ့ အတွက်အပြင် လင်းရွှမ် အတွက်လည်း နောက်ထပ်ဝေစုတစ်ခုလည်း ပါသေးသည်။


အဘိုးဖြစ်သူ ထွက်သွားပြီးနောက်၊ သူမသည် ရှေ့တန်းမှပေးပို့သော အထူးစစ်တပ်ဆက်သွယ်ရေးကိရိယာကို လက်ခံရရှိခဲ့သည်။  လုလင်းသည် ဤကိရိယာကို ပြင်ပအဖွဲ့အစည်းမှ စောင့်ကြည့်၍မရနိုင်ကြောင်း သေချာစေရန်  ပြုပြင်ထားခဲ့သည်။ ယခုဆိုလျှင် လုံခြုံရေးစာရင်းတွင် ထည့်ထားသော ဆက်သွယ်ရေးနံပါတ်များကိုသာ ဆက်သွယ်ရန် အသုံးပြုနိုင်မည်ဖြစ်သည်။


ဆက်သွယ်ရေးစက်က သူမ လက်ထဲရောက်လာသည်နှင့် တစ်ပြိုင်နက် ထည့်သွင်းထားသည့် နံပါတ်တစ်ခုထံမှ ဆက်သွယ်ရေး တောင်းဆိုမှုတစ်ခု ပေးပို့လာခဲ့သည်။


လဝက်ကြာပြီးနောက် သူမသည် နောက်ဆုံးတွင် လင်းရွှမ် နှင့် စကားပြောခွင့်ရခဲ့သည်။


လင်းရွှမ် သည် နည်းပညာမြင့်အာကာသယာဥ် ကွပ်ကဲမှုအခန်းတစ်ခုလိုမျိုး ပုံစံတူသောနေရာတွင် ရှိနေသည်။ သူသည် ငွေရောင်အနားသတ်ထားသော သံမီးခိုးရောင် စစ်ဝတ်စုံကို ၀တ်ဆင်ထားသည်။  သူပုံစံမှာ အေးစက်ပြီး ဓားတစ်လက်လိုပင် အကြည့်များက စူးရှတောက်ပနေ၏။ 


သို့သော်၊ ဗီဒီယိုကောလ် ချိတ်ဆက်သွားသည့်အခိုက်မှာ သူ၏ တင်းမာနေသော မျက်နှာအမူအရာက ရုတ်တရက် ပျော့ပြောင်းသွားသည်။ နှုတ်ခမ်းစူပြီး ဒေါသထွက်နေကာ ချစ်စရာကောင်းသော မိန်းကလေးကို သေချာ စိုက်ကြည့်နေသည်။


"မကြာသေးခင်က နယ်ခြားကြယ်တာရာမှာ ဇာ့ခ် လှိုင်းက တစ်ခါလာပြီး ကျူးကျော်လာတယ်...ကိုယ်လည်း သုံးမိနစ်အတွင်း သွားပြီး အခြေအနေ အကဲခတ်ရဦးမယ်… ကျေးဇူးပြုပြီး ကိုယ့်ကို ပြုံးပြပါနော်" 


နယ်ခြားကြယ်တာရာသည် တာဇာကြယ်ပွင့်မဟာမိတ်အဖွဲ့ နှင့် အတော်လေးနီးစပ်၍ တာဝေး အာကာသ ခုန်ပျံကျော်လွှားခြင်း နည်းလမ်းကို မသုံးလည်း ရပေသည်။ ဦးတည်ချက်ရှိသည့် ပိုးပေါက်စုပ်ဝဲကို ဖန်တီးဖို့သာ လိုအပ်သည်။


ဇာ့ခ် များသည် ပိုမိုပြင်းထန်စွာ တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲများ မကြာခဏ ဖြစ်ပွားခဲ့သည်။ သုံးရက်လျှင် တစ်ကြိမ် နှုန်း တိုက်ပွဲဖြစ်ပွားသည်။ အလွန်ကြီးမပြင်းထန်သော်လည်း လျှော့တွက်၍ မရချေ။ ဤအယောင်ဆောင်တိုက်ပွဲများက သူ့ကို ဤနေရာကနေ ရုန်းမထွက်နိုင်အောင် ဟန့်တားသည့် အရိပ်အယောင်မျှသာဖြစ်ကြောင်း လင်းရွှမ် သိပေသည်။


 SSS အဆင့် ဇာ့ခ်ဘုရင်မသည် မကြာမီ ထွက်လာနိုင်မည် မဟုတ်သော်လည်း သူသည် မည်သည့်တိုက်ခိုက်မှုကိုမှ ပေါ့ပေါ့ဆဆ မလုပ်ပေ။ နေ့စဉ် ဇာ့ခ် ကျူးကျော်မှုကို ရင်ဆိုင်ရန်အပြင်၊ ပိုးပေါက်စုပ်ဝဲ မှတစ်ဆင့် မည်သို့ပြောင်းပြန်ခရီးသွားမည်ကို ဂရုတစိုက် လျှို့ဝှက်စမ်းသပ်ရန်လိုအပ်သလို၊ တာဇာကြယ်ပွင့်မဟာမိတ် ၏ အသိုက်ဟောင်းကို ကျူးကျော်စစ်ဆင်နွှဲရဦးမည်ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ၊သူနှင့် တွေ့သမျှ ရန်သူတိုင်းကို အရေခွံပါမကျန်၊ အားလုံးကို သတ်ပစ်ရပေမည်။


 ဤအရာများသည် သာမန်လူများအတွက်မူ စိတ်ကူးယဉ်အိပ်မက်များနှင့် မကွာခြားသော်လည်း လင်းရွှမ် သည် ၎င်းကိစ္စအဝဝကို ပန်းတိုင်များအဖြစ် မှတ်ယူထားသည်။ ထို့ကြောင့် ယခုတစ်လောတွင် သူ အလုပ်များလွန်းသဖြင့် အိပ်ချိန်ကို လျှော့ချထားရလေသည်။ တစ်နေ့လျှင် သုံးနာရီမှ ငါးနာရီအထိသာ အိပ်စက်သည်။


အိမ်ရှိ သူ့ဆွေမျိုးများသည် ဘေးကင်းလုံခြုံသော ဘဝတစ်ခု ရရှိစေရန်အတွက် သူသည် ဘဝနှင့်သေခြင်းတရားကြားတွင် နှစ်ပေါင်းများစွာ အလုပ်များနေခဲ့၍ ကြမ်းတမ်းသောနေ့ရက်များကို ကျင့်သားရနေခဲ့သည်။ သူသည် အဆက်မပြတ် တိုက်ခိုက်နေရသည်ကိုပင် နှစ်သက်လာပြီဖြစ်သည်။သို့သော်လည်း၊ ယခုချိန်မှာ သူ တောင့်တပြီး အတူနေချင်သူ တစ်ယောက်ရှိပေသည်။ ထို့ကြောင့် ဤနေ့ရက်များသည် ရှည်လျားပြီး နာကျင်လွန်းသည်ဟု ခံစားရ၍ မကြာမီ ကုန်ဆုံးရန် မျှော်လင့်နေသည်။


 သူတို့နှစ်ယောက်ကြားက တွေ့ဆုံချိန်က တိုတောင်းလွန်းနေသဖြင့် လင်းယောင်ယောင် သူ့ကို ဒေါသမထွက်နိုင်ခဲ့ချေ။ သူမ၏ မျက်လုံးများသည် အနည်းငယ်နီနေပြီး သူ့ကို စိုက်ကြည့်ရင်း


 "မပြုံးနိုင်တော့ဘူး…အစ်ကိုကြီး တစ်ခုခုဖြစ်သွားရင် ညီ...ညီမလေး ငိုမှာပဲ"


"ကောင်းပါတယ်… ကိုယ် အနိုင်ကျင့်တဲ့အခါ မင်း ငိုတာကိုလည်း သဘောကျတယ်..."


လင်းယောင်ယောင် သည် ရုတ်တရက် မျက်ခုံးမွှေးများကို ဆန့်တန်းသွားကာ သူ့ကို စိုက်ကြည့်လိုက်သည်။


"ညီမလေးကို အနိုင်ကျင့်ချင်သေးတာလား" 


 "မဟုတ်ပါဘူးဗျာ... မင်းကပဲ ကိုယ့်ကို အနိုင်ကျင့်လိုက်ပါတော့...ကိုယ် ပြန်လာတဲ့အခါ မင်း  စိတ်ကြိုက် ရိုက်နှက်၊ငေါက်ငမ်းလို့ရတယ်"


လင်းယောင်ယောင် အပြုံးကို မထိန်းနိုင်တော့။


"အစ်ကိုကြီးကလေ အရှုံးမရှိ စစ်နတ်ဘုရားတစ်ယောက်လို မဟုတ်ဘူး…ဒီပုံစံကို လူတွေကို မပြနဲ့နော်… ဂုဏ်သိက္ခာကို မထိခိုက်စေဖို့ သတိထားရမယ်နော် ဗိုလ်ချုပ်ကြီး"


လင်းရွှမ် သည် ကောင်မလေး၏ အပြုံးမျက်နှာကို သဘောကျသွားသည်။ ကောင်မလေးကို ရင်ခွင်ထဲတွင် ထည့်ထားချင်စိတ်ကို ဖိနှိပ်လိုက်ပြီး တိုးတိုးလေးပြောသည်။


"မဟုတ်ဘူး၊ မင်းအတွက်ပဲ" 


အချိန်သိပ်မကျန်တော့သဖြင့် သူမသည် သူ့ဘေးကင်းရေးကို အာရုံစိုက်ဖို့သာ ပြောနိုင်သည်။ သူ့ဘဝနှင့် လဲလှယ်၍ရလာသည့် အောင်ပွဲက မထိုက်တန်ပေ။တစ်ခါတစ်လေ ရှုံးခြင်းက အဆင်ပြေပေသည်။သူ မသေသေးသရွေ့တော့ နောက်နေ့တွေမှာ အခွင့်အရေးရှိနိုင်သည်။ မူရင်းဝတ္ထုထဲက အဖြစ်အပျက်များနှင့် လုံးဝကွဲပြားသော်လည်း သူမသည်  ဝတ္ထုထဲက စကားလုံးအနည်းငယ်ကြောင့် စိတ်အနှောင့်အယှက်ဖြစ်နေဆဲပင်။


လင်းရွှမ် သည် SSS အဆင့် ဇာ့ခ် ဘုရင်မကို ချေမှုန်းဖို့အတွက် အတူသေဖို့ ရွေးချယ်ခဲ့သည်။ထို့ကြောင့်၊ယခုလည်း ဝတ္ထုထဲကလို အဖြစ်မျိုးကြုံကြိုက်သွားမှာကို သူမ ကြောက်နေမိလေသည်။ သူမသည် အခြားကမ္ဘာမှ ဧည့်သည်တစ်ဦးဖြစ်သည်။  သူမအတွက် မူလကံကြမ္မာမှ သွေဖည်သွားရန် မခက်ခဲသော်လည်း လင်းရွှမ် သည် ဤကမ္ဘာမှ ဇာတ်ကောင်တစ်ဦးဖြစ်သည်။ သူမ အနာဂတ်ကို ခန့်မှန်းထားလျှင်တောင် သူ့အတွက် တခြားအခက်အခဲတွေ ရှိနေဦးမှာဖြစ်သည်။


လင်းရွှမ် ကြောင်စီစီ ဖြစ်သွားသည်။


  ဒီကောင်မလေးက သူ့ကို အရမ်းပျော့ညံ့တယ်လို့ ထင်နေတာလား…


 အမှန်တော့၊ ပုံမှန် ဇာ့ခ်များဆိုလျှင်၊ သူ၏ SSS အဆင့် အင်အားဖြင့် နှိပ်စက်ညှဉ်းပန်း၊ သတ်ဖြတ်ရခြင်းက လွယ်ကူသည်။ တစ်ခုတည်းသော ပြဿနာမှာ သတ်ဖို့ ရန်သူက များလွန်းနေခြင်း ဖြစ်သည်။  ယခု လင်းယောင်ယောင်က သူ့အတွက် စိတ်ပူနေခြင်းကိုလည်း နားလည်သည်။


 "စိတ်မပူပါနဲ့ ကိုယ် မသေပါဘူး.ကိုယ် ပြန်လာပြီး... မင်းကိုလက်ထပ်မယ်"


လင်းယောင်ယောင် သည် ပထမစကားတစ်ဝက်ကို နားထောင်ပြီး အနည်းငယ် စိတ်သက်သာရာရသွားသည်။ ဒုတိယပိုင်းကို ကြားပြီးနောက် ရှက်ကိုးရှက်ကန်း ဖြစ်နေရကာ ဝမ်းလည်းသာသွားသည်။သူမ တစ်ယောက်တည်း အိမ်ထောင်ရေးကို တွေးနေသူ မဟုတ်၊ ဤလူကလည်း အချစ်ရေးကိစ္စအတွက် စိုးရိမ်ပူပန်နေသည်။


သို့သော်လည်း သူမ ပြန်မပြောမီတွင် လင်းရွှမ် ဘက်မှ ကြီးကြပ်ကွပ်ကဲရေးခန်းတွင် အမျိုးမျိုးသော အသံများ ထွက်ပေါ်လာသည်။ နောက်ထပ် ဇာ့ခ် ဒီရေနှင့် ရင်ဆိုင်ရတော့မည်ဖြစ်၍ သတင်း ပေးလာသူက လင်းရွှမ် ၏ ညွှန်ကြားချက်များကို တောင်းဆိုနေခြင်းဖြစ်သည်။


လင်းရွှမ် သည် ချစ်စရာကောင်းပြီး လှပသော ကောင်မလေး၏ ပါးပြင်နီနီလေးများကို နက်နက်နဲနဲ စိုက်ကြည့်ကာ ပြောလိုက်၏။


 "ကလေးလေး နောက်မှတွေ့မယ်နော်" 

 

ထို့နောက် ဆက်သွယ်ရေးကို ချပစ်လိုက်လေသည်။

လင်းယောင်ယောင် သည် နယ်ခြားစောင့်တပ်ထံမှ တိုက်ပွဲသတင်းများကို မရရှိခဲ့သော်လည်း ယခင်က သူ ပြောခဲ့သည်ကို သတိရမိသည်။ သူမမှာ မေးစရာရှိလျှင် သူ့အမေ ရှန်းယွင်ကျင်း ကို ဆက်သွယ်နိုင်သည် ဆိုတာကိုပင်။  ထုံးစံအတိုင်း လင်းရွှမ်၏ လှုပ်ရှားမှုများကို စစ်တပ်အတွင်းထဲမှာ ရှင်းရှင်းလင်းလင်း အစီရင်ခံထားပြီးဖြစ်၍ ရှန်းယွင်ကျင်း သည် သူမထက် အတော်လေး သိထားပေလိမ့်မည်။


လင်းထျန်းယွဲ့ သည် မီးခိုးရောင်ဝံပုလွေတပ်ဖွဲ့ ၏ တပ်မှူးဖြစ်သည်။ သူသည် နောက်တန်းတွင် နေကာ လင်းရွှမ် ထက် အလုပ်များနေသူဖြစ်သည်။ လင်းယောင်ယောင် သည် အဖေဖြစ်သူကို ပေါ့ပေါ့ဆဆ မနှောင့်ယှက်ဝံ့သော်လည်း ရှန်းယွင်ကျင်း ကမူ အတော်ပင် အေးအေးဆေးဆေး ရှိနေမည်ဟု ထင်မိသည်။


ထို့ကြောင့်၊ သူမသည် အမေဖြစ်သူကို သုံးရက်၊ ငါးရက်တစ်ကြိမ် ဖုန်းဆက်ရန် ဆုံးဖြတ်လိုက်သည်။ သားအမိနှစ်ယောက် စကားစမြည်ပြောခြင်းအပြင် ရှေ့တန်းရှိ လင်းရွှမ် ၏ အခြေအနေကို မေးမြန်းရမည်ဖြစ်သည်။ ဘေးကင်း၊မကင်းကိုသာ စိစစ်ရန်လိုအပ်ပြီး တိကျသောအသေးစိတ်အချက်အလက်များကို သူမ သိစရာမလိုပေ။သူမ ဘာမှတောင် သိပ်မမေးလိုက်ရသေး၊ ရှန်းယွင်ကျင်း က သူမကို တက်ကြွစွာ ကျီစယ်နေတော့သည်။


 "အိုး၊ သမီး က အစ်ကိုကြီးအတွက် ထပ်ပြီး စိတ်ပူနေတာ မဟုတ်လား… စိတ်မပူပါနဲ့၊ သူနေကောင်းပါတယ်…သူက နောက်ထပ် SS-အတန်းစား အခွံကြီး အင်းဆက်ပိုးမွှားတွေကို သတ်ပစ်လိုက်တယ်…အဆင့်မြင့် ဇာ့ခ် အသားတွေ အများကြီး စုဆောင်းမိထားတယ်… ပြီးတော့ သူတို့ကို မြို့တော်ဆီ ပြန်ပို့လိုက်တယ်…နှစ်ရက်အတွင်း အဲဒီကို ရောက်လိမ့်မယ်ကွဲ့"


ရှန်းယွင်ကျင်း သည် လင်းရွှမ် နှင့်သူမ အကြောင်းကို အားလုံးသိထားပုံရမှန်း လင်းယောင်ယောင် သဘောပေါက်သွားသဖြင့် အလွန်ရှက်သွားသည်။ သူပြန်လာပြီးနောက်မှသာ မိသားစုထံ ပြောပြမည်ဟု သူက ပြောထားတာကြောင့် မိဘများကို ဘယ်လိုပြောဆိုရမှန်း သူမ တွေးတောနေရင်း စိတ်ရှုပ်နေခဲ့ရလေသည်။ 


လုံးဝ မကန့်ကွက်ဘူးဆိုတာ ဘယ်လိုလုပ်ပြီး သိမှာလဲ...


ဝေ့ မိသားစုသည် သူမ၏ စိတ်ခံစားမှုနှင့် ကိုယ်ရေးကိုယ်တာကိစ္စများကို သိပ်ပြောလေ့မရှိပေ။ လင်း မိသားစု၏ မိဘများအနေနှင့် ဘာကြောင့် ဤမျှလွယ်ကူစွာ လက်ခံကြမှန်းတော့ မသိရသေးပေ။


 သို့သော်လည်း နောင်ကာလအတော်ကြာသောအခါတွင် လင်းယောင်ယောင်သည် လင်းထျန်းယွဲ့၏ ကြိမ်လုံးဒဏ်ကို လင်းရွှမ် အကြိမ်ကြိမ်ခံရပြီးမှ လက်ခံကြောင်း သိသွားပေလိမ့်မည်။


သို့သော်၊ ယခုအချိန်မှာတော့ လင်းယောင်ယောင် သည် မိဘများ သိပြီးသားဆိုသည်ကို မသိချင်ယောင်ဆောင်၍သာ နေလိုက်သည်။ ကျောင်းစာအပြင် သူမသည် သူမ၏ ဖြည့်စွက်အစားအစာ ထုတ်လုပ်မှုအဆင့်ကို မြှင့်တင်ရန် ကြိုးစားနေပြီး Star Network  မက်ခါပြိုင်ပွဲပလက်ဖောင်း တွင် နေ့စဉ်လေ့ကျင့်ရန် အချိန်ပြန်ရှာရသေးသည်။


ကျောင်းသားသစ်ဖလား အရန်ကုထုံးပြိုင်ပွဲ ပြီးဆုံးပြီးနောက်၊ တိုက်ပွဲဝင်များအတွက် နှစ်စဉ် Star Network သည် မှတ်ပုံတင်ခြင်းနှင့် စာရင်းစစ်ခြင်းတို့ကို စတင်လုပ်ဆောင်နေပြီဖြစ်သည်။


 ပြိုင်ပွဲကို တစ်ဦးချင်းတိုက်ပွဲနှင့် လူငါးယောက်အဖွဲ့ တိုက်ပွဲဟူ၍ နှစ်မျိုးခွဲခြားထားသည်။ ပြိုင်ပွဲဝင်တစ်ဦးစီသည် နှစ်မျိုးစလုံး ပါဝင်နိုင်သည်။ လင်းယောင်ယောင် သည် အပျော်ဝင်ပြိုင်ခြင်း ဖြစ်သောကြောင့် တစ်ဦးချင်းတိုက်ပွဲမုဒ်အတွက်သာ စာရင်းသွင်းခဲ့သည်။


 မထင်မှတ်ပဲ၊ အသိမိတ်ဆွေဟောင်းများစွာက သူမကို အဖွဲ့လာဖွဲ့ဖို့ လာခေါ်ကြသည်။ ချောင်းမင်ယောင်၊ ဝေ့ယွမ် နှင့် ယဲ့ရှီ တို့သည် သူမက လင်းပို မောင်းသည်ကို မြင်ဖူးကြပြီဖြစ်သည်။  သူမတွင် တိုက်ခိုက်ရေးစွမ်းရည် မလုံလောက်ကြောင်း သူတို့သိသော်လည်း အဆုံးမရှိသော တိုးတက်နိုင်စွမ်းအပေါ် အကောင်းမြင်ပေးကြသည်။


ထို့အပြင် စုချင်းဟယ် ၏အစ်ကိုဖြစ်သူ ကျောက်ချင်းယွင် ဖြစ်သည့် သူမ၏ ပြိုင်ဘက်ဟောင်း နစ်ကို လည်း ရှိသေးသည်။ မကြာသေးမီက သူသည် စစ်ပညာရေးအကယ်ဒမီ၏ မက်ခါ ဌာနသို့ ပြောင်းရွှေ့ခဲ့သည်။ ချောင်းမင်ယောင် သည် နံပါတ်တစ်နေရာအတွက် ကျောက်ချင်းယွင်နှင့် အကြိမ်ပေါင်းများစွာ ယှဉ်ပြိုင်ခဲ့ဖူးသောကြောင့် သူ့အင်အားကို လျှော့တွက်၍မရပေ။


သို့သော် လင်းယောင်ယောင် အံ့အားသင့်ဆုံးအရာမှာ ရှောင်မင် ၏ "ကမ္ဘာကျော်" အကောင့်က သူမထံသို့ အဖွဲ့လာဖွဲ့ရန် လာဖိတ်ခြင်းပင်ဖြစ်သည်။



xxxx