အခန်း၁၁၄
Viewers 8k

Chapter 114

(အစ်ကို ရွှမ် ၏ပြိုင်ဘက်)


ရှောင်မင် သည် လင်းယောင်ယောင် ၏ "ပဲနီအုန်းနို့" အကောင့်ကို ရှာဖွေခဲ့သည်။အကြောင်းမှာ သူမ၏ စိတ်စွမ်းအားနှင့် တိုက်ခိုက်ရေး အသိဉာဏ်သည် ထိပ်တန်းဖြစ်နေသောကြောင့်ပင်။ နောက်တစ်ချက်မှာ ၊သူသည် လင်းရွှမ် ၏ အားနည်းချက်ကို အလစ်ဝင်တိုက်ချင်သောကြောင့် ဖြစ်သည်။


ယခု လင်းရွှမ် သည် ရှေ့တန်းတွင် ရှိနေသောကြောင့် သူ့အိမ်နောက်ဖေးမှာ မီးလောင်ကျွမ်းသွားပါစေ၊ ပြန်မလာနိုင်တော့ပေ။


ရှောင်မင် သည် စုချင်းဟယ် နှင့် လင်းယောင်ယောင် တို့ နှစ်ယောက်လုံးအတွက် သူ့ အခွင့်အရေးများ ဆုံးရှုံးခဲ့သည်။ သူမတို့အား ဘယ်လိုမျိုး ပြန်ရ အောင်မလဲဆိုသည်ကို သူ မသိသေးပေ။


 "ပဲနီ အုန်းနို့" သည် နွေရာသီ အားလပ်ရက် ကတည်းက သူ့ကို လျစ်လျူရှုခဲ့သော လင်းယောင်ယောင် ဖြစ်သည်။သို့မဟုတ်၊ သူ့ကို အဆင်မပြေမှု အမျိုးမျိုး ဖြစ်စေသော တရားခံနှင့် အတူတူပင် ဖြစ်သည်။


သူက ကောင်းမွန်စွာ သွားပြီးဖိတ်ခေါ်လျှင်တောင် သူမဘက်မှ လုံးဝ အကြောင်းမပြန်ပေ။သူ့စာကို  သူမ ဖတ်သော်လည်း တစ်စက်မှ အရေးမလုပ်ခြင်းဖြစ်သည်။ မဖြစ်သင့်ပေ။သူ့လို အဆင့်-5ရှိသူတစ်ယောက်သည် ဘယ်သူနှင့်တွဲပါစေ၊  အလွန်ကောင်းမွန်သော ပါတနာတစ်ဦးဖြစ်သည်။သို့သော်လည်း မကြာမီတွင် တခြားအဖွဲ့၏ စာရင်းတွင် "ပဲနီ အုန်းနို့" ဆိုသည့်အမည်ကို တွေ့လိုက်ရသည်။


စတားချောလေးများ အဖွဲ့- "အားယွမ် " "ဆရာကြီးချောင်း" "အချောလေး ယဲ့" "ပဲနီအုန်းနို့" နှင့် "နစ်ကို"


သူတို့အထဲတွင် "ဆရာကြီး ချောင်း" သည် အဆင့်အမြင့်ဆုံးဖြစ်ပြီး အဆင့်-6ဖြစ်သည်။  သူ့နောက်တွင် "နစ်ကို"က 8 "အားယွမ်"က 18နှင့်  "အချောလေး ယဲ့ " က အဆင့်23 ဖြစ်သည်။


ဤအသင်း၏ အင်အားကို လျှော့တွက်လို့မရချေ။ ထိပ်တန်းအဆင့်ရှိလူအများစုသည် ကျောင်းသားများမဟုတ်ဘဲ မက်ခါကို နှစ်ပေါင်းများစွာအသုံးပြုခဲ့သော စစ်မှုထမ်း‌ေဟာင်းများဖြစ်သည်။


ရှောင်မင် ကိုယ်တိုင်က အဆင့်-5ဖြစ်သော်လည်း၊သူ့အထက်မှ  လူလေးယောက်ကို တစ်ခါမှ မတိုက်ခဲ့ဖူးပေ။ အခြားတစ်ဖက်မှ 3 ဦးက အဆင့် 30 ထဲတွင် ပါဝင်သူများဖြစ်ပြီး အဆင့်တစ်သောင်းတွင် တစ်ဦးဖြစ်သော ပဲနီနီအုန်းနို့ကိုပါ သူတို့ ခေါ်လိုက်ကြသည်။ 


ရှောင်မင် ကို ပို၍တောင် စိတ်ဓာတ်ကျစေခဲ့သည်က သူသည် "ပဲနီ အုန်းနို့" ကို မဖိတ်နိုင်ခဲ့သလို၊ သူမသည် ထိုအဖွဲ့နှင့် သွားပေါင်းခြင်းပင် ဖြစ်လေသည်။

သို့သော်လည်း၊ "ပဲနီအုန်းနို့" သည် အစကတည်းက လင်းရွှမ် ညီမဖြစ်သည့်အပြင် ကျန်လူများကလည်း လင်းရွှမ်ဘက်မှဖြစ်၍ သွားရောနှောခြင်းက မထူးဆန်းပေ။


  “ပဲနီ အုန်းနို့” သည် လက်တွေ့တွင် မည်မျှ တိုက်ရေးခိုက်ရေး ကောင်းသည်ကို သူ အမှန်တစ်ကယ် သိချင်နေသည်။


ထို့နောက် ရှောင်မင် သည် အချိန်အတော်ကြာ စဉ်းစားပြီးနောက် အမည်မသိလူကို မက်ဆေ့ချ်ပို့လိုက်သည်။ 


"ငါ့အတွက် လူတစ်ယောက်ရဲ့ အထောက်အထားကို ရှာပေး…သူမရဲ့ virtual မက်ခါပြိုင်ပွဲပလက်ဖောင်းက နာမည်ပြောင်က ပဲနီအုန်းနို့"


 တစ်ဖက်က စိတ်မရှည်သည့်လေသံနှင့် 


"အလုပ်အတွက်မဟုတ်ရင် ငါ့ကို လာမခိုင်းနဲ့…မင်းအတွက်  ငါ မိန်းကလေးတွေ လိုက်ပေးမယ့်သူ မဟုတ်ဘူး"


 ဤပုဂ္ဂိုလ်သည် မက်ရှဲ လက်အောက်ရှိ နည်းပညာရှင်တစ်ဦးဖြစ်သည်။ တာဇာမဟာမိတ်အဖွဲ့ တွင်သူ၏ ဟက်ကာကျွမ်းကျင်မှုကို ကောင်းမွန်သည်ဟုယူဆနိုင်သော်လည်း နည်းပညာတွင် သူတို့ထက် အဆင့်တစ်ဆင့်ပိုနိမ့်ကျသည့် အရှင်သခင် အင်ပါယာတွင်သူ၏ စွမ်းရည်သည် အလွန့်အလွန်အဆင့်မြင့်သည်ဟုယူဆနိုင်သည်။


ရှောင်မင် သည် တာဇာမဟာမိတ်အဖွဲ့ကို နှစ်ကြိမ်တိုင်တိုင် ကျရှုံးခဲ့သည်။  ယခင် ဇာ့ခ်တိုက်ခိုက်မှုနှစ်ခုမှာလည်း နာမည်ပျက်ခဲ့ရရုံသာမက အခြားသူများအတွက် ပိုကောင်းဖို့တောင်ဖြစ်သွားသေး၏။ တာဇာမဟာမိတ်အဖွဲ့ ၏ အချိန်နှင့် ကြိုးစားအားထုတ်မှုသည် အချည်းနှီးဖြစ်သဖြင့် မက်ရှဲ သည် သူ့ကို ထိုမျှလောက် တန်ဖိုးမထားတော့ပေ။  မက်ရှဲ ၏လက်ပါးစေများပင်လျှင် "နည်းပညာ နိမ့်ပါးသောနိုင်ငံသား" ရှောင်မင် ကို ယဉ်ကျေးခြင်းမရှိပေ။


သူ  လက်သီးကို ဆုပ်ထားလိုက်သည်။ သူသည် Star Net မက်ခါလိဂ် တွင် ပထမနေရာကို ရယူလိုခဲ့သည်။ သို့သော် အသင်းတိုက်ပွဲမှာတော့အဖွဲ့ဝင် မရှာချင်တော့၍ အရှုံးပေးသွားဖို့ ရည်ရွယ်ထားသည်။ထိပ်တန်း အဆင့် 30 တွင် အများစုသည် ဝေ့ယွမ် အသင်းကိုသာ ရောက်သွားကြသည်။  ပိုသန်မာသည့် အသင်းတစ်သင်းကို ဖွဲ့စည်းဖို့က သူ့အတွက် ခက်ခဲသွား၏။  သူသည် အခြားသူများ၏ အောင်မြင်မှုအတွက် ခြေနင်းကျောက်တုံး အဖြစ်ခံလိုစိတ်မရှိပေ။


 တစ်ဖက်တွင်၊ စတားအဖွဲ့မှ အဖွဲ့ဝင်များသည် အသင်းခေါင်းဆောင် ဝေ့ယွမ်၏ မက်ခါအခန်းထဲတွင် စုရုံးခဲ့ကြသည်။


ဝေ့ယွမ်၊ ချောင်းမင်ယောင်၊ ယဲ့ရှီ နှင့် ကျောက်ချင်းယွင် တို့သည် တစ်ယောက်နှင့်တစ်ယောက် သိကြသည်။သူတို့သည် ယခင်က Star Network တွင် အကြိမ်များစွာ ယှဉ်ပြိုင်ခဲ့ဖူးပြီး တစ်ယောက်ကို တစ်ယောက် သိပ်ဂရုမစိုက်ကြပေ။ သို့သော်လည်း ကျောက်ချင်းယွင် သည် စာသင်နှစ်ဝက်တွင် မိုးကြိုးစစ်တက္ကသိုလ်မှ အရှင်သခင် ပထမစစ်တက္ကသိုလ်သို့ ပြောင်းရွှေ့ခဲ့သည်။ သူသည် ချောင်းမင်ယောင် ၏ ထိပ်တန်းအဆင့်ကို ရယူလိုသဖြင့် နှစ်ယောက်သား တိုက်ခိုက်ခဲ့သည်။


ကျောက်ချင်းယွင် ၏ စိတ်စွမ်းအားသည် S+ ဖြစ်ပြီး သူ၏ ကိုယ်လုံးကိုယ်ပေါက်ကလည်း SS+ ဖြစ်၍ စိတ်စွမ်းအားနှင့် ကိုယ်လုံးကိုယ်ပေါက်သည် SS အဆင့်များဖြစ်သည်။ 


 စိတ်စွမ်းအားကို အဓိကအားထားရသော Star Network တွင် ချောင်းမင်ယောင် ၌ အားသာချက်များစွာရှိသည်။ ယခု သူ့တွင် ကျောက်ချင်းယွင် ကို အနိုင်ရရန် 70% အခွင့်အရေးရှိသည်။ ထို့ကြောင့် သူသည် အသင်း၏ အင်အားအတွက် တာဝန်ယူခဲ့ပြီး ဒုတိယအသင်းခေါင်းဆောင်ဖြစ်လာခဲ့သည်။


သို့သော်လည်း ကျောက်ချင်းယွင် သည် ဤအကြောင်းကို သိပ်စိတ်မဝင်စားပေ။သူ စိတ်ဝင်စားသည်က "ပဲနီအုန်းနို့"သည် ဝေ့ယွမ်၊ ချောင်းမင်ယောင် ၊ ယဲ့ရှီ တို့နှင့် ရင်းနှီးနေတာကိုပင်။


 အရင်က "ပဲနီ အုန်းနို့" သည် Star Network မှာ တွေ့ရသူ သူစိမ်းတစ်ယောက် အဖြစ်သာ သူခံစားခဲ့ရပြီး ဘယ်လိုပင်ဖြစ်ဖြစ် အပြင်မှာ ဆုံနိုင်သူ မဟုတ်ချေ။ သူ့အမွှာညီမ စုချင်းဟယ် အကြောင်း ကျောက်မိသားစုက အသိအမှတ်ပြုပြီးနောက်တွင် သူမကို စကားသွားမပြောဖြစ်တော့ပေ။


ဤ"ပဲနီအုန်းနို့" ကသာ သူ့ညီမ စုချင်းဟယ် ကို အပြင်မှာ သိနေလျှင် ရှက်စရာကောင်းသည်ဟု တွေးမိနေတာပင်။ သူမသည် အရန်ကုထုံး ပညာရှင်လည်း ဖြစ်သလို ၊ တိုက်ခိုက်ရေးရာမှာလည်း ကျွမ်းကျင်သူဖြစ်ကြောင်း သူသိသည်။  သို့သော် လက်တွေ့တွင်၊ သူမသည် လက်ထောက် ကုထုံးပညာရှင်အဖြစ်သာ နေထိုင်ပေလိမ့်မည်။ သူနှင့် အမွှာညီမ စုချင်းဟယ် တို့သည် အခုချိန်မှာ ရင်းနှီးနေကြပြီဖြစ်၍ ဤကိစ္စအကြောင်း သူမ သိသွားလျှင်တောင် ရှက်စရာမဟုတ်တော့ပေ။ 


အဖွဲ့တစ်ဖွဲ့ ဖွဲ့တော့မည် ဖြစ်၍ စုချင်းဟယ် ကလည်း သူမ၏ အရင်းနှီးဆုံးသူငယ်ချင်းမို့ လင်းယောင်ယောင် သည် သူမ၏ တစ်ကယ့်အထောက်အထားကို ကျောက်ချင်းယွင် အား ဖုံးကွယ်ဖို့ မရည်ရွယ်ထားပေ။ အမှန်တစ်ကယ်တွင်၊ ကျောက်ချင်းယွင် သည် သူမက အရန်ကုထုံးပညာရှင်တစ်ဦးဖြစ်သည်ကို အချိန်အတော်ကြာအောင် သိထားပြီးဖြစ်သော်လည်း သူမ၏လျှို့ဝှက်ချက်များကို ဘယ်သူ့ကိုမှ မပြောခဲ့ဖူးပေ။ အမှန်စင်စစ်၊ နှုတ်လုံသူတစ်ဦးပင်။


သူမ သူ့ကို မပြောခဲ့လျှင်တောင် ကျောက်ချင်းယွင် သည် ဝေ့ယွမ်၊ ချောင်းမင်ယောင်၊ယဲ့ရှီ တို့နှင့် အချိန်အတော်ကြာ လက်တွဲပြီးနောက် သူမ၏ လက်တွေ့ဘဝအကြောင်းကို တစ်နေ့နေ့မှာ ရှာဖွေတွေ့ရှိသွားမည်ဖြစ်သည်။   


ဒါဆို ဘာလို့ ဖုံးကွယ်ထားစရာ လိုမှာလဲ


 ထို့ကြောင့် လင်းယောင်ယောင် သည် စိတ်ရှုပ်နေဟန်တူသော ကျောက်ချင်းယွင် ထံသို့  လက်ကမ်းပေးလိုက်ကာ


"ကျောင်းသား ကျောက်၊ မင်္ဂလာပါ…ငါ က လင်းယောင်ယောင် ပါ"


 ဆံပင်နီနီနှင့် ကျောက်ချင်းယွင် သည် ထိတ်လန့်သွားပြီး လင်းယောင်ယောင် လက်ကို လုံးဝမကိုင်ဝံ့ပေ။ ယင်းအစား သူ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ကာ ချောမောသော သူမျက်နှာမှာ နီရဲလာပြီး 


" လင်းယောင်ယောင် လား.. ဒါဆို မင်းက မက်ခါကစားတာလည်း အရမ်း တော်တဲ့ အစားအသောက် ကုထုံးပညာရှင်ပေါ့"


 "ပဲနီအုန်းနို့" ကောင်မလေးသည် ရှေးနတ်ဘုရား "ရွှမ်" နှင့် တစ်ခုခုသော ဆက်ဆံရေးရှိကြောင်းမှာ ထင်ရှားသည်။ သို့သော် လက်တွေ့တွင်မူ သူမနှင့် နီးစပ်သော မည်သည့်ယောက်ျားကိုမျှ မကြားမိသေးပေ။


ကျောက်ချင်းယွင် ကြောင်စီစီအေးစက်စက်ဖြစ် သွားသော်လည်း သူ့ idol နတ်ဘုရား ရွှမ်၏ တစ်ကယ့်သရုပ်မှန်နှင့် ပတ်သက်၍ သိချင်စိတ်ကို ထိန်းမထားနိုင်တော့ပေ။  


"ဒါဆို နတ်ဘုရား "ရွှမ်" ကလည်း ငါတို့ဘေးက လူတစ်ယောက်လား..."


 ဤကိစ္စနှင့် ပတ်သက်၍ ချောင်းမင်ယောင် က ပြောလာသည်။


 "သူမ မက်ခါ က လင်းယွင် နဲ့ 100% ဆင်တူတာကို မတွေ့ဘူးလား…သူက လင်းယွင်ရဲ့ စုံတွဲ လင်းပို ကိုတောင် သူမကို ပေးထားတာ"


 လက်တွေ့ကမ္ဘာတွင် လင်းယွင် သည် အရှုံးမရှိ စစ်နတ်ဘုရား လင်းရွှမ် ပိုင်ဆိုင်ထားသည့် မက်ခါပင် ဖြစ်လေသည်။


 'ရွှမ်' ၏အနိုင်ရနှုန်းသည် အတော်လေး မြင့်မားတာကြောင့် သူ သင်ပေးထားသည့် လင်းယောင်ယောင်မှာလည်းအရည်အချင်းများပြည့်ဝနေခြင်းဖြစ်နိုင်၏။ ဤသည်ကလည်း သူတို့နှစ်ယောက်မှာ မောင်နှမများဖြစ်နေတာကြောင့်ပင်။


 'ခဏ‌…ချောင်းမင်ယောင်  ပြောသွားတာက "စုံတွဲ" ဆိုပါလား... "ပဲနီအုန်းနို့" နဲ့ "ရွှမ်" က ဘယ်လို ဆက်ဆံရေးလဲ'


 'ဒါဆို လင်းရွှမ် နဲ့ လင်းယောင်ယောင်က... ချစ်သူတွေ များလား'


လင်းမိသားစု၏ အစ်ကိုနှင့် ညီမတို့ကြားက ဆက်ဆံရေးကို ပထမဆုံး အပြင်လူအဖြစ်မှ လေ့လာသိရှိခဲ့သော ကျောက်ချင်းယွင် သည် အလွန်ထိတ်လန့်သွားသည်။


လင်းယောင်ယောင် သည် ဝေ့ မိသားစု၏ သမီးအရင်းဖြစ်သည်။ ဤသတင်းသည် အင်ပါယာမြို့တော်၏ မြင့်မြတ်သော အဝန်းအဝိုင်းတွင် ပျံ့နှံ့သွားခဲ့ပြီးဖြစ်သည်။ ဝေ့ယွမ် သည် သူမ၏ ဝမ်းကွဲအစ်ကိုဖြစ်ပြီး ချောင်းမင်ယောင် ကလည်း ဝမ်းကွဲအစ်ကို ဖြစ်သောကြောင့် လင်းယောင်ယောင် နှင့် ဝေ့ယွမ် တို့အဖွဲ့သည် တစ်ဦးနှင့်တစ်ဦး ရင်းနှီးကြခြင်းဖြစ်နိုင်သည်။


သူမ၏ အစားအသောက် ကုထုံးတွင် အောင်မြင်မှုများ နှင့် ဝေ့ မိသားစု ၏ သမီးအဖြစ် မြင့်မြတ်သော အဆင့်အတန်းကြောင့် ပုံမှန်မဟုတ်သော၊အစွမ်းထက်သော လင်းရွှမ် သာလျှင် သူမနှင့် ထိုက်တန်သည်ဟု ထင်ရသည်။


စုချင်းဟယ် က "လင်းယောင်ယောင်" ဆိုသည့် နာမည်ကို အကြိမ်ပေါင်း မရေတွက်နိုင်အောင် ပြောခဲ့ဖူးသဖြင့် သူမကို အချိန်အတော်ကြာအောင် သိနေခဲ့ပြီးသားပင်။ ပထမတော့ ညီမဖြစ်သူ အပေါင်းအသင်းမှားမှာကို ကြောက်မိသည်။


ထို့နောက် နာမည်ကြီးသည့် သူမကို  တခြားမိန်းကလေးများနှင့်မတူအောင် ပိုအာရုံစိုက်လာခဲ့သည်။သူသည် မိန်းကလေးများကို အထင်ကြီးခြင်းမရှိခဲ့သော်ငြားလည်း သူမသည် အလွန်တော်သော မိန်းကလေးဖြစ်ကြောင်း ဝန်ခံရမည်ဖြစ်သည်။ သူမသည် လှပပြီး စမတ်ကျကာ ရှေးခေတ်တရုတ်အစားအစာများကို ကုထုံး အာနိသင်များပါဝင်အောင် ချက်ပြုတ်နေသူတစ်ယောက်ပင်။ ပို၍အရေးကြီးသည်မှာ သူမသည် သတ္တိရှိပြီး စိတ်ထားကောင်းမွန်သူဖြစ်ကာ ဘယ်သူ့ကိုမှ အကြောခံသူမဟုတ်ချေ။


စုချင်းဟယ် က သူ့အား လင်းယောင်ယောင် ကိုယ်တိုင်ချက်ပြုတ်သည့် ဇာ့ခ်အသားဟင်းပွဲသို့ ခေါ်သွားပြီးနောက် ကျောက်ချင်းယွင် သူမကို အလွန်သဘောကျသွားခဲ့သည်။ တစ်ချိန်တည်းမှာပင် သူသည် စိတ်ကူးယဉ်ပြီး စဉ်းစားနေရုံမျှဖြင့် မတတ်နိုင်တော့ပေ။ ချက်ပြုတ်နည်းကို ကောင်းကောင်းသိသော မိန်းမချောလေးတစ်ယောက် လက်ထပ်နိုင်လျှင် ကောင်းပေလိမ့်မည်ဟု အတွေးပေါက်ခဲ့မိသည်။ ထို့ကြောင့်လည်း သူ့ညီမကို စောင့်ရှောက်ရန်သာမက သူမနှင့် ရင်းနှီးနိုင်ရန် စစ်ပညာရေးအကယ်ဒမီသို့ ပြောင်းလာခဲ့ခြင်းဖြစ်သည်။ သူ့လျှို့ဝှက်ချက်တွေကိုလည်း ဘယ်သူ့ကိုမှ မပြောခဲ့ဖူးချေ။


 ယခုတော့ ကျောက်ချင်းယွင် ၏ နှလုံးသားသည် ခါးသီးနေပြီဖြစ်သည်။  သူ၏ လျှို့ဝှက်ချစ်ခြင်းမေတ္တာတွေက မျှတမှုမရှိပေ။ လက်တွေ့ကမ္ဘာတွင် သူသည် ပစ်မှတ်အနီးသို့ ရောက်တောင်မရောက်လိုက်ပေ။ ရက်စက်ကြမ်းကြုတ်သော အဖြစ်မှန်က သူ့ခံစားချက်များကို ထိုးဖောက်သွားခဲ့သည်။ သူ့ပြိုင်ဘက်ကလည်း နတ်ဘုရားတစ်‌ပါးဖြစ်နေသောကြောင့် ဘယ်လိုမှ နိုင်မှာမဟုတ်တော့ပေ။ လင်းယောင်ယောင် သည် အရန်ကုထုံးနှင့် တိုက်ခိုက်ရေးကျွမ်းကျင်မှု နှစ်မျိုးလုံးရှိသူဖြစ်ကြောင်း သိပြီးနောက်တွင် သူ့ကိုယ်သူ ရှက်စိတ်လည်း ဝင်လာခဲ့သည်။  သူမနှင့်တောင် သူ့အဆင့်က သိပ်ပြောပအောင် ယှဉ်နိုင်ခြင်းမဟုတ်ပေ။ထို့နောက် သူ့ရင်ထဲကလျှို့ဝှက်အတွေးများကို အမြန်ရှင်းထုတ်ပြီး လင်းယောင်ယောင် ကို ပြောလိုက်သည်။


 "မင်းရဲ့ယုံကြည်မှုအတွက် ကျေးဇူးတင်ပါတယ်… မင်းရဲ့ကိုယ်ရေးကိုယ်တာကိစ္စတွေကိုလည်း ဘယ်သူ့ကိုမှ မပြောပါဘူး,"


လင်းယောင်ယောင်က သူမ လက်ကို နောက်တစ်ခါ ကမ်းပေးလာကာ ပြုံး၍ ပြောလာသည်။


 "ဟုတ်ကဲ့...ကျေးဇူးတင်ပါတယ်နော်...တိုက်ပွဲမှာလည်း အကြံဥာဏ်ကောင်းတွေ ပေးပါဦး!"


ကျောက်ချင်းယွင် သည် တုံ့ဆိုင်းသွားသော်လည်း သူ့လက်ဖဝါးထက်  သေးငယ်သော လက်သေးသေးလေးကို ဆုပ်ကိုင်လိုက်သည်။ ထို့နောက် လျှပ်စစ်ရှော့ခ်ရသလို အမြန်ပြန်ဆုတ်သွားလိုက်သည်။ သူ့နားရွက်တွေက နီရဲနေပြီး ကောင်မလေးကိုလည်း မကြည့်ဝံ့။


  "ဟုတ်ပါပြီ"


ထို့နောက် ချောင်းမင်ယောင် သည် အစည်းအဝေးကို ပြန်အစဖော်လိုက်၏။


"မနက်ဖြန် ချစ်ကြည်ရေးပွဲအတွက် ငါတို့ရဲ့ ပြိုင်ဘက်က မိုးကြိုးစစ်တက္ကသိုလ်ရဲ့ လက်ရွေးစင်အသင်းပါ. နစ်ကို… မင်းအရင်က မိုးကြိုးစစ်တက္ကသိုလ် က ထွက်လာတာဆိုတော့ သူတို့ရဲ့နည်းလမ်းတွေကို အတော် သိထားမယ် ထင်တယ်…သူတို့အကြောင်း ပြောပြပါဦး..."


ယဲ့ရှီ က သူ့ထင်မြင်ချက်ကို ထုတ်ဖော်ပြောဆိုလိုက်သည်။


“ပြိုင်ဘက်ရဲ့ ခွန်အားက ဘယ်လိုပဲ ဖြစ်ဖြစ် ငါတို့က အဖွဲ့လိုက် ပူးပေါင်းရမယ့် စကေးတွေကို အရင်လေ့ကျင့်ရမယ်”


 ဝေ့ယွမ်၏ အဓိပ္ပါယ်ရှိသော အကြည့်သည် ကျောက်ချင်းယွင် ၏ နီရဲနေသော နားရွက်များမှ ခွာပြီး ဘာမှမဖြစ်ခဲ့သလို ပြောလိုက်သည်။


"နစ်ကို နဲ့ ငါတို့က အရင်က တစ်ယောက်နဲ့တစ်ယောက်ဆီက အများကြီး သင်ယူခဲ့ကြတာ… တစ်ယောက်နဲ့တစ်ယောက်လည်း အရမ်းရင်းနှီးကြတယ်ဒီညလေ့ကျင့်မှုက ယောင်ယောင် ကို ငါတို့ရဲ့ တိုက်ခိုက်ရေး စည်းချက်တွေ ကစားပုံကစားနည်းတွေ အတူတူညှိပေးမှာ …ပြိုင်ပွဲက မနက်ဖြန်မှ ဆိုပေမဲ့၊  ဒီပွဲကလည်း ပွဲဖြစ်တာ‌မလို့ လျှော့မတွက်သင့်ပါဘူး…ကိုယ့်ကိုကိုယ်သိပြီး ရန်သူကို တိုက်ပွဲတိုင်း အနိုင်ယူဖို့ပဲလိုတယ်..."


ဝေ့ယွမ် သည် အစီအစဉ်များချမှတ်ပြီး တစ်ဆင့်ချင်းစီကို စနစ်တကျ ခွဲခြမ်းစိတ်ဖြာပြခဲ့သော်လည်း သူ တွေးနေသည့်အရာမှာ 


' ငါ့ အနာဂါတ်ယောက်ဖ လင်းရွှမ် ကတော့ ငါ့ကို အရမ်း စိတ်မဆိုးလောက်ဘူးမလား'


လင်းယောင်ယောင် နဲ့ ပတ်သက်နေတဲ့ ကျောက်ချင်းယွင် ရဲ့ ခံစားချက်တွေကို သူ ဘယ်လိုလုပ် မမြင်ဘဲနေမှာလဲ…


 သူ့ညီမသည် လှပထက်မြက်ပြီး လူအများ၏ ချစ်ခင်မှုကို ခံရသူဖြစ်၍ လင်းရွှမ် သာလျှင် သူမကို ကာကွယ်နိုင်သည်။ လင်းရွှမ်သည် သူ့နာမည်ကို ပြောလိုက်ရုံနှင့် အင်ပါယာတစ်လွှား ဘယ်သူမှ မလေးမစား၊မထီမဲ့မြင် မလုပ်ရဲအောင်ပင် ဩဇာအာဏာရှိသူပေတည်း။




xxxxx