အပိုင်း ၃၈
Viewers 16k

Chapter 38

ကောင်းကောင်းနေ၊ ကောင်းကောင်းပြုမူ


လူတိုင်း တောင့်ခဲသွားကြသည်။


ယောင်စစ် သူမနောက်ရှိလူက လက်ထဲရှိ လက်နက်ပင် ပြုတ်ကျသွားလုမတတ် တုန်ရီလာသည်ကို ခံစားလိုက်ရသည်။


စိတ်မကောင်းပါဘူးဟယ်... နင်ဓားစာခံရွေးတာ တကယ်မှားသွားပြီ...


မူလကရာဇဝတ်သားကို ခြိမ်းခြောက်ကာ လက်နက်ချခိုင်းနေကြသော ရဲအရာရှိများက ယောင်စစ်စကားကိုကြားသည်နှင့် ချက်ချင်းပင် ရာဇဝတ်ကောင်ကို သေနတ်နှင့်ပစ်လိုက်တော့သည်။ အဖြူရောင်အလင်းတန်းတစ်ခုက ယောင်စစ်နားရွက်နားမှာ ဖြတ်ပြေးသွားပြီး ဒိုင်း ဟူသောမြည်သံဖြင့် သူမနောက်ရှိလူကို ထိမှန်သွားသည်။


ယောင်စစ် သူမလည်ပင်းကိုချုပ်ထားသောသူ မြေပြင်ပေါ် အားနည်းချိနဲ့စွာလဲနေသည်ကို မြင်လိုက်ရသည်။


"မိန်းကလေး... အဆင်ပြေရဲ့လား..."

ရဲအုပ်က သူမကို စိုးရိမ်ပူပင်နေသော အကြည့်နှင့် ကြည့်လာသည်။


ယောင်စစ် ခေါင်းခါပြလိုက်သည်။

"အဆင်ပြေပါတယ်..."

သူမ ပထမဆုံးဓားစာခံဖြစ်ရတဲ့ အတွေ့အကြုံကိုပဲ သိပ်မကျေနပ်တာပါ....


"တော်သေးတာပေါ့... တော်သေးတာပေါ့..."

ရဲအရာရှိက သက်ပြင်းချလိုက်ကာ အပြုံးတစ်ပွင့်နှင့် ဆက်ပြောလာသည်။

"မိန်းကလေးရဲ့ ပူးပေါင်းပါဝင်မှုကို ကျေးဇူးတင်ပါတယ်... ကျွန်တော်တို့ သူ့ကို ဂြိုလ်တွေအများကြီး လိုက်ဖမ်းခဲ့ရတာ... အခုမှ သူ့ကိုမိသွားတော့တာပဲ..."


သူ၏လေသံက ဖော်ရွေသဘောကောင်းသည့် ပုံစံဖြစ်နေသော်လည်း သူမဘက်က ဆိုးဆိုးရွားရွားတစ်ခုခုကို တောင်းဆိုးလာမည်ကို ကြောက်နေဟန်ဖြင့် အပြစ်ရှိသော အကြည့်လေးဖြင့် ကြည့်နေသည်။


ယောင်စစ် မေ့လဲနေပြီဖြစ်သော တရားခံကိုကြည့်လိုက်သည်။

"သူက ဘာပြစ်မှုတွေ ကျူးလွန်ထားတာလဲ.."


"သူက စကြဝဠာဓားပြလေ.. သူက F13 တစ်လျှောက်က ကုန်သယ်ယာဉ်တွေကို ဓားပြတိုက်လေ့ရှိပြီး အသက်ပေါင်းများစွာကိုလည်း သတ်ထားခဲ့တာ..."


"အိုး..."

ကြည့်ရတာ အဲ့လူက တကယ့်ကို မကောင်းတဲ့လူပဲ နေမှာ...


"အာ.. သွေးစုပ်ဖုတ်ကောင်မိန်းကလေး... ဒီလူအကြောင်း.. ဘာ... ဘာတွေများသိချင်နေ၊ တောင်းဆိုချင်နေတာရှိနေသေးလဲဗျာ..."


ဒီစကြဝဠာခေတ်ကြီးထဲမှာ နစ်နာသူတွေမှာ တောင်းဆိုခွင့်တွေတောင် ရှိတယ်ပေါ့လေ...

ယောင်စစ် ကြောက်ရွံ့နေဆဲဖြစ်သော မန်နေဂျာကိုကြည့်ကာ ပြောလိုက်သည်။

"ဒါဆို... ရှင်တို့တွေ အပျက်အဆီးတွေအတွက် လျော်ကြေးငွေပေးနိုင်မလား..."


"ရတာပေါ့ဗျာ ရတာပေါ့..." 

ရဲအရာရှိက ခေါင်းငြိမ့်ပြလာသည်။

"ဒီက နိုင်ငံသားနှစ်ဦးကိုလည်း လေးလေးနက်နက်ကျေးဇူးတင်ပါတယ်... သူတို့ကြောင့်သာမဟုတ်ရင် ဟေးရှီကို ဖမ်းရတာဒီလောက်လွယ်ကူမှာမဟုတ်ဘူး... "

သူ ကျန်သူနှစ်ဦးကို ခေါင်းငြိမ့်ပြလိုက်သည်။

"ကျွန်တော်အလျှင်လိုနေတာမလို့ ရာဇဝတ်သားကိုဖမ်းပြီး သွားတော့မလို့ပါ... ဘယ်လိုထင်လဲမသိဘူး..."


"ဟမ်..."

ယောင်စစ် ကြောင်တောင်တောင်နှင့် ခေါင်းငြိမ့်ပြလိုက်သည်။

"ကောင်းပါပြီ.."

နေပါဦး... ဘာကိစ္စငါ့ကိုလာမေးနေရတာလဲ...


ရဲအရာရှိက သူ့ပခုံးပေါ်တင်ထားသော ဝန်ထုတ်များအားလုံး ပြုတ်ကျသွားဟန်ဖြင့် အားပါးတရ သက်ပြင်းချလိုက်သည်။ သူ့နောက်ရှိ ရဲများကိုလှည်ကြည့်၍ လက်ရမ်းပြလိုက်သည်။

"သွားကြစို့..."


ခဏအကြာတွင် ရဲအရာရှိတစ်ဦးက ရာဇဝတ်ကောင်ကို ချီမလိုက်ပြီး ယာဉ်ပျံပေါ် ကောက်တင်လိုက်သည်။ ထိုအချိန်တွင် ယောက်စစ်တစ်ကိုယ်လုံး ပူလောင်သွားပြီး ရာဇဝတ်ကောင်လက်ထဲတွင် အနီရောင်အလင်းများကို မြင်လိုက်ရသည်။


သူမ၏ နှလုံးသားပင် ဆောင့်ခုန်သွားလေသည်။

"သတိထား..."


သို့သော် အလွန်နောက်ကျသွားပြီဖြစ်ရာ တောက်ပနေသော အနက်ရောင်ဝတ်စုံနှင့်လူ၏ ခန္ဓာကိုယ်မှ မီးတောက်များထွက်ပေါ်လာပြီး သူတို့အားလုံးထံဦးတည်လာသည်။ 


"ငါသေရမယ်ဆိုရင်တောင်... အကုန်လုံးကို ခေါ်သွားမယ်ကွ..."


နံရံတစ်ခုလုံးနှင့်အတူ ဘေးရှိ ယာဉ်ပျံပါ မီးလောင်သွားတော့သည်။ ယောင်စစ် နှလုံးခုန်ရပ်လုမတတ်ဖြစ်သွားကာ အတော်လေးစိုးရိမ်မိသွားသည်။


"ဟမ့်... ငါတို့မင်းရဲ့အစွမ်းအတွက်လည်း ကြိုတင်ပြင်ဆင် ထားတယ်ကွ..."

ရဲအရာရှိ သရော်လိုက်ကာ သူ့လက်ကိုမြှောက်၍ ခလုတ်တစ်ခုကို နှိပ်ချလိုက်သည်။ ခဏအကြာတွင် အဖြူရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာကာ အကာအကွယ်အလွှာတစ်ခု ထွက်ပေါ်လာပြီး ရဲများနှင့် ယာဉ်ပျံကိုပါ ဖုံးလွှမ်းသွားတော့သည်။


အနက်ရောင်ဝတ်စုံနှင့်လူ ထုတ်လွှတ်လိုက်သော မီးလုံးကြီးက ထိုအကာအကွယ်အလွှာကို ထိမှန်သွားပြီး နောက်သို့ အရှိန်ပြင်းပြင်းဖြင့် ပြန်ကန်ထွက်သွားသည်။


ထိုသည်နှင့် မီးလုံးကြီးက လမ်းပြောင်းသွားပြီး...


ယောင်စစ်ရှိရာနေရာကို တည့်တည့်ရောက်လာသည်။


ဒီနေ့က တကယ့်ကိုကံဆိုးတဲ့နေ့ပဲ...


ဖာ့ခ်... ငါဘယ်သူ့ကိုပြစ်မှားမိလို့ ဒီလိုပြန်ခံနေရတာလဲဟာ...


တောက်လောင်နေသော မီးလုံးကြီးက သူမထံဦးတည်လာ၍ ယောင်စစ် စိတ်ထဲတွင်အော်ဆဲနေလေသည်။ ခဏအကြာတွင် သူမနှလုံးသားအေးစက်သွားကာ မရင်းနှီးသောစွမ်းအင်အချို့ ဆန်တက်လာပြီး သူမ၏ခန္ဓာကိုယ်ထဲ၌ ပတ်ပြေးနေသည်။ သူမလက်တွေကို အလိုအလျောက်ဆန့်ထုတ်လိုက်မိပြီး ထိုကြောက်မက်ဖွယ် စွမ်းအင်များကိုထုတ်လွှတ်လိုက်သည်။


ချက်ချင်းပင် အခန်းကြီးတစ်ခုလုံး ရှင်းလင်းသွားကာ ရေတစ်စက်စက်ကျနေသံကိုသာ ကြားရတော့သည်။


"..." ဘာဖြစ်သွားတာလဲ...

ယောင်စစ်တွေးလိုက်သည်။


"..." သွေးစုပ်ဖုတ်ကောင်တွေက ကြောက်ဖို့ကောင်းလိုက်တာ...

မန်နေဂျာ တွေးလိုက်သည်။


"..." ငါ ဒီသိုလှောင်နေရာလွတ်ကို ဆက်တပ်ရဦးမှာလား...

အဘိုးလျှိုတွေးလိုက်သည်။


"ဘာဖြစ်သွားတာလဲ..."

တိကျသေချာပြီး အကာအကွယ်လွန်တတ်တဲ့ အဖေတစ်ယောက်အနေနဲ့ မူရွှမ်တစ်ယောက် တစ်စုံတစ်ခုမှားယွင်းနေသည်ကို ခံစားမိပြီး အခန်းထဲဝင်လာတော့သည်။ သူ ရေရွှဲနေသော အခန်းကိုမြင်လိုက်ရသောအခါ ယောင်စစ်ထံသာဦးတည်၍ သွားလိုက်သည်။


မူရွှမ်ရောက်ရှိလာ၍ စိတ်ချလက်ချဖြစ်သွားဟန်နှင့် ပင်ပန်းနွမ်းနယ်မှုနှင့် မောပန်းမှုတို့က သူမတစ်ကိုယ်လုံးကိုလွှမ်းခြုံသွားပြီး သူမမြင်ကွင်းတစ်ခုလုံး မဲမှောင်သွားပြီး မေ့လဲသွားတော့သည်။


"စစ်စစ်.."



လတ်တလော စကြဝဠာထဲရှိလူများက အမြဲတဘီလူးသရဲစီးသလိုဖြစ်နေတတ်သော သွေးစုပ်ဖုတ်ကောင်များ ပြောင်းလဲသွားသည်ဟု သတိပြုမိလိုက်သည်။ သူတို့ စိတ်မကျေနပ်သည့်အရာများကို အကြောင်းပြု၍ ပြဿနာရှာနေတတ်ကြရာမှ ပိုမိုကောင်းမွန်လာသလိုပင် ခံစားနေရသည်။


မူလက F37နားတွင် ကုန်သွယ်ဖောက်ကားနေကြသော အဖွဲ့များက စကြဝဠာဓားပြများ၏ တိုက်ခိုက်လုယက်ခြင်းကို ခဏခဏခံနေခဲ့ရသည်။ သို့သော် မျှော်လင့်ချက်တို့ အငွေ့ပျံခါနီးတွင် သွေးစုပ်ဖုတ်ကောင်အချို့ရောက်ရှိလာပြီး အစွမ်းကုန်သုံး၍ ဓားပြများအားလုံးကို သုတ်သင်ကာ ဖုတ်ဖတ်ခါ၍ထွက်သွားခဲ့ကြသည်။


အစက လူတိုင်း သွေးစုပ်ဖုတ်ကောင်များပျင်းနေ၍ အပျော်လာရှာသည်ဟု ထင်ခဲ့ကြသည်။


သို့သော် ထိုသို့ဖြစ်ရပ်များက အဆက်မပြတ်ဖြစ်ပွားလာကာ သွေးစုပ်ဖုတ်ကောင်များက F37ကို ကျော်လွန်၍ စကြဝဠာထဲထိပါ နယ်မြေချဲ့လာကြသည်။ ဓားပြများရှိသည်ဟု အသံကြားသည်နှင့် ထိုနေရာသို့ သွေးစုပ်ဖုတ်ကောင်များကကြိုရောက်နှင့်နေကြကာ တစ်တစ်မြှီးမှမကျန်အောင် သုတ်သင်ကြလေသည်။


စကြဝဠာတစ်ခုလုံး အံ့အားသင့်သွားကြသည်။


သို့သော် ထိုသည်နှင့်မပြီးပဲ စကြဝဠာမဟာမိတ်အဖွဲ့၏ ရုံးချုပ်ကို အနီရောင်ဂြိုလ်စစ်တပ်မှ စာတစ်စောင်ပို့လာခဲ့သည်။ စာထဲတွင် စာလုံးရေအနည်းငယ်ကိုသာ ရေးသားထားသည်-

"မျိုးမစစ်ကောင်တွေရဲ့အသိုက်က ဘယ်မှာလဲ..."


မဟာမိတ်ခေါင်းဆောင် စိတ်ရှုပ်ထွေးသွားတော့သည်။

မျိုးမစစ်ကောင်တွေဟုတ်လား... ဘယ်မျိုးမစစ်တွေလဲ... ဒါက တရားဝင်စာလွှာလေ.. နည်းနည်းလောက်ပိုပြီး လေးလေးနက်နက်ထားပါဦးလား... ပြီးတော့ တိတိကျကျရေးပေးမှ ငါတို့ကသိမှာလေ...

မဟာမိတ်ခေါင်းဆောင် တော်တော်လေး စိတ်ရှုပ်သွားသော်လည်း မဟာမိတ်တစ်ခုလုံးကို ထိခိုက်မည်စိုး၍ ထိုသူများကို ထိပ်တိုက်မပြောရဲပါချေ။ 


သူတစ်ညလုံး အထိတ်တလန့်ဖြစ်နေခဲ့သည်။ သွေးစုပ်ဖုတ်ကောင်များထံမှ မဟာမိတ်အဖွဲ့၏ရုံးချုပ်ကို နောက်ဆုံးစာလွှာပို့ခဲ့သည်မှာ ဇက်ဂ်ျများမျိုးတုန်းကာ ပြတိုက်ထဲမရောက်မီ အချိန်ကဖြစ်လေသည်။ မဟာမိတ်ခေါင်းဆောင်က ချက်ချင်းပင် မျိုးနွယ်စုခေါင်းဆောင်များကို အရေးပေါ် အစည်းအဝေးခေါ်၍ သွေးစုပ်ဖုတ်ကောင်များပြောသည့် ကိစ္စကို အတူတကွခေါင်းချင်းရိုက်၍ စဉ်းစားခဲ့ကြသည်။


ကြည့်ရတာ.. အခုတလော ဓားပြတွေအကြောင်း နာမည်ကြီးနေတာဆိုတော့... သွေးစုပ်ဖုတ်ကောင်တွေက ဓားပြတွေ အသိုက်ကို ပြောတာများလား...


မဟာမိတ်ခေါင်းဆောင် တုံ့ဆိုင်းသွားသည်။ အကယ်၍ တစ်ယောက်ယောက် သေရမည်ဆိုပါကလည်း ထိုသူသေ၍ လူတိုင်းအကျိုးရှိမှဖြစ်ရမည်။ များစွာသော မျိုးနွယ်စုတို့၏ ထောက်ခံချက်နှင့်အတူ ထိုသို့သာ ဆုံးဖြတ်ခဲ့သည်။ ထို့အပြင် စကြဝဠာဓားပြများသည် သူတို့ကို ခေါင်းခဲနေခဲ့စေသော ပြဿနာဟောင်းများဖြစ်ကြသည်။ ၎င်းတို့ကို နှိမ်နင်းပါသော်လည်း ၎င်းတို့က စကြဝဠာအစွန်အဖျားဒေသများတွင် ပုန်းအောင်းနေကြကာ အပုန်းကလည်းကောင်းသဖြင့် အမြဲတမ်းထိထိရောက်ရောက်မနှိမ်နင်းနိုင်ခဲ့ပေ။


မဟာမိတ်ခေါင်းဆောင်က သွေးစုပ်ဖုတ်ကောင်များ မည်သူ့ကိုဆိုလိုသည်ဖြစ်စေ စကြဝဠာဓားပြများရှိရာနေရာကိုသာ လမ်းညွှန်ပေးလိုက်တော့သည်။


ထို့ကြောင့် သူ စကြဝဠာဓားပြများ၏ ဝေးကွာလှသော တည်နေရာများကိုပို့ပေးလိုက်သည်။ ထို့နောက် သွေးစုပ်ဖုတ်ကောင်များ လိုချင်သည့် တည်နေရာမှာ မျိုးနွယ်စုတစ်ခု၏တည်နေရာမဟုတ်ပဲ ဓားပြများ၏ တည်နေရာသာဖြစ်ပါစေ၍ ဆုတောင်းရင်း အကြောင်းပြန်သည်ကို ရင်တထိတ်ထိတ်နှင့်စောင့်နေခဲ့သည်။


 အကြောင်းပြန်စာ လျှင်လျှင်မြန်မြန် ပြန်ရောက်လာပြီး စာလုံးတစ်လုံးတည်းကိုသာရေးထားသည် -

"မှတ်သားပြီး..."

(Note- eng လိုဆို 'noted' တစ်လုံးတည်းဆိုပေမယ့် မြန်မာမှုပြုတော့ 'မှတ်သားပြီး' သုံးလုံးဖြစ်သွားပါတယ်)


“…”


ဘာကိုဆိုလိုတာလဲ... သူတို့ဘာလို့ တိတိကျကျမရေးနိုင်ရတာလဲ... ဘယ်သူကများ ဒီလိုပြန်စာပို့ကြလို့လဲဟ...


သို့သော် တစ်ပတ်အကြာတွင် မဟာမိတ်ခေါင်းဆောင် အဖြေရသွားတော့သည်။ စကြဝဠာတစ်ခွင်ကိုပြဿနာရှာနေပြီး မဟာမိတ်အဖွဲ့ကို နှစ်တစ်ထောင်ကျော်ကြာစိတ်ဒုက္ခပေးနေသော စကြဝဠာဓားပြများက တစ်ညတည်းဖြင့် အမြစ်ပြတ်သုတ်သင်ခံလိုက်ရသည်။ 


ကိုယ့်မျိုးနွယ်နှင့်ကိုယ်သာနေကြပြီး မည်သည့်ကိစ္စကိုမှဝင်မပါသော သွေးစုပ်ဖုတ်ကောင်များက ဤကိစ္စထဲခုန်ဝင်လာပြီး ဓားပြများအားလုံးကို သုတ်သင်ပစ်လိုက်သည်။ သွေးစုပ်ဖုတ်ကောင်များ၏ဘုရင် မူရွှမ်ကိုယ်တိုင်ပင် F37ကိုဦးဆောင်၍ ဓားပြများ၏အသိုက်ကို ချေမှုန်းခဲ့သည်။


စကြဝဠာတစ်ခုလုံး၏ ပလိပ်ရောဂါကဲ့သို့ ဓားပြများက ဤသို့ဤပုံ အမြစ်ဖြုတ်ခံလိုက်ရတော့သည်။ယခုဆို သွေးစုပ်ဖုတ်ကောင်များ၏ ဌာနချုပ်တွင် အချင်းချင်းနှုတ်ဆက်ရာတွင် "စားပြီးပြီလား.."ဟု နှုတ်မဆက်ကြတော့ပဲ "ပျင်းနေပြီလား... ဓားပြတွေနဲ့သွားချကြရအောင်လေ..."ဟူ၍ ပြောင်းလဲသွားတော့သည်။ 


ထိုအချိန်မှစ၍ မည်သူမှ ကုန်သယ်ယာဉ်တို့ကို နှောင့်ယှက်ခြင်း၊ ဓားပြတိုက်ခြင်းတို့ မလုပ်ရဲကြတော့ပေ။ ကျန်ရှိနေသည့် ဓားပြများမှာ အဖမ်းခံရ၍ ထောင်ကျနေသူများဖြစ်ကြပြီး ထောင်ထဲမှနေ၍ သတင်းများကြားကြသောအခါ ကြောက်လွန်း၍တုန်ရီနေကြသည်။ချက်ချင်းပင် စကြဝဠာထဲရှိ သွေးစုပ်ဖုတ်ကောင်များ၏ ပုံရိပ်ကပိုမိုကောင်းမွန်လာခဲ့သည်။ သွေးစုပ်ဖုတ်ကောင်များ၏ နတ်ဘုရားကဲ့သို့ ပုံရိပ်ရှိသော မူရွှမ်သည် ပို၍လေးစားခြင်းခံရပြီး စကြဝဠာတစ်ခုလုံး၏ အိုင်ဒေါဖြစ်သွားခဲ့သည်။


ထိုဖြစ်ရပ်များနှင့် ဆန့်ကျင်ဘက်တွင် ကိစ္စအသေးစားလေးတစ်ခုလည်း ဖြစ်သွားခဲ့သည်။ သွေးစုပ်ဖုတ်ကောင်ဘုရင်ကြီးက ထာဝရအလင်းဂြိုလ်ကိုဝယ်လိုက်ဖြင်းဖြစ်သည်။ ထိုအချိန်မှစ၍ ထာဝရအလင်းဂြိုလ်က စကြဝဠာမဟာမိတ်အဖွဲ့ဝင်ဂြိုလ်မဟုတ်တော့ပဲ သွေးစုပ်ဖုတ်ကောင်များပိုင်ဆိုင်သော ဂြိုလ်ဖြစ်လာခဲ့သည်။