Chapter 39
ဆိုးလိုက်တဲ့ကံ
ယောင်စစ် စုစုပေါင်းသုံးရက်ခန့် သတိလစ်သွားခဲ့သည်။ သူမနိုးလာသောအခါ မာရသွန်ပြေးပွဲတစ်ခု ပြေးလိုက်ရသလိုခံစားနေရသည်။ တစ်ကိုယ်လုံး နာကျင်ကိုက်ခဲနေကာ အားအင်ချိနေသလို ခံစားနေရသော်လည်း ပြဿနာမရှိပေ။
သူမတွင် အစွမ်းတစ်ခုရှိနေပြီဖြစ်သည်။
ဟား ဟား ဟား ဟား ဟား ဟား...
သူမ သွေးစုပ်ဖုတ်ကောင်မျိုးနွယ်ထဲက ငပျော့လေးတစ်ကောင်မဟုတ်တော့ပေ။ ရေအစွမ်းက အင်အားနည်းသောအစွမ်းဖြစ်သော်လည်း အစွမ်းမရှိသည်ထက်တော့ ပိုမိုကောင်းမွန်ပေသည်။ ထို့အပြင် သွေးစုပ်ဖုတ်ကောင်များက မသေမျိုးများဖြစ်ကြသော်လည်း အစွမ်းတစ်ခုမှမရှိ၍ အရိုက်ပဲခံရမည်ဆိုပါက လူကြား၍မကောင်းပေ။
ယောင်စစ် သူမစွမ်းရည်ကို မြှင့်တင်ရန်ဆုံးဖြတ်လိုက်ပြီး မူရွှမ်စီစဉ်ပေးထားခဲ့သော စာအုပ်များအားလုံးကို ပြန်ဖတ်လိုက်သည်။ ထို့နောက် သူမ ခံစားခဲ့ရသောခံစားချက်ကို ပြန်လည်ပုံဖော်ရင်း သူမခန္ဓာကိုယ်အတွင်းမှ စွမ်းအင်များကို နှိုးထလိုက်သည်။
သို့သော်...
တစ်နာရီကြာပြီးနောက်...
အင်း... ငါ့အစွမ်းကအခုမှနိုးလာတာဆိုတော့ အသုံးပြုတဲ့နည်းလမ်းတွေနဲ့ အကျွမ်းတဝင်မရှိလို့ နေမှာပါလေ...
နှစ်နာရီကြာပြီးနောက်...
အင်း... ငါလုပ်တာမမှန်လို့နေမှာ နည်းလမ်းပြောင်းကြည့်တာပေါ့...
သုံးနာရီကြာပြီးနောက်...
အင်း... ငါဖတ်ထားတာတွေမလုံလောက်သေးလို့နေမှာ... နောက်ထပ်ဖတ်ကြည့်ဦးမှပါ...
ငါးနာရီကြာပြီးနောက်...
လခွမ်း... ငါဘာလို့ ဘာကိုမှမခံစားရတာလဲ... ငါ့အစွမ်းကနိုးထလာပြီမဟုတ်ဘူးလား...
"စစ်စစ်..."
မူရွှမ် ကြည့်မနေနိုင်တော့သဖြင့် သူမကိုထိုင်ခုံပေါ်ဆွဲတင်လိုက်ပြီး သဘောမတူဟန်ဖြင့် ကြည့်နေသည်။
"အစားအသောက် အရင်စားရမယ်..."
သူမ ထိုနေရာတွင် မလှုပ်မယှက်တစ်နေကုန်ထိုင်နေခဲ့သည်။ အရေးကြီးကိစ္စဖြစ်နေသည်ဆိုလျှင်တောင် စားဖို့လိုအပ်နေပေသည်။
"ဖေဖေ..."
ယောင်စစ် ငိုချင်စိတ်တို့ပြင်းပြနေသည်။
"ဖေဖေမဟုတ်ဘူး..."
မူရွှမ် ထိုနာမ်စားကို မနှစ်သက်ဟန် မျက်မှောင်ကြုတ်လိုက်သည်။
"ငါ့နာမည်ပဲခေါ်..."
သွေးစုပ်ဖုတ်ကောင်များတွင် ဆွေမျိုးများမရှိကြပေ။ အဖေ ဆိုသည်မှာ ကလေးများမှ အုပ်ထိန်းသူကို လေးစားသမှုဖြင့်ခေါ်သော နာမ်စားသာဖြစ်သည်။ သို့သော် သူ့ကလေးက အထင် လွဲနေပုံရပြီး သူ့ကို အဖေအရင်းတစ်ယောက်ဟု ထင်နေပုံပေါ်သည်။
အစက ထိုသို့ခေါ်သည်ကို စိတ်ထဲမထားသော်လည်း ယခုတွင် သူလက်မခံနိုင်သလိုခံစားနေရသည်။
"မူရွှမ်..."
ယောင်စစ် သူ့အဝတ်အစားများကို ကိုင်ဆွဲကာ ဝမ်းပန်းတနည်းငိုကြွေးလာသည်။
"ကျွန်မ အိပ်မက်မက်နေတာတော့ မဟုတ်ပါဘူးနော်... ကျွန်မအစွမ်းတွေနိုးထလာပြီလေ ဟုတ်တယ်မလား... ထာဝရအလင်းဂြိုလ်မှာတုန်းက ကျွန်မရေတွေဆင့်ခေါ်လိုက်တာကို ရှင်မြင်တယ်လေ... ကျွန်မရဲ့အစွမ်းက ရေအမျိုးအစားထဲကမလား...."
"အင်း..."
သူမအစွမ်းထွက်ပေါ်လာတုန်းက တစ်မြို့လုံး ရေလွှမ်းမလိုပင် ဖြစ်သွားခဲ့သေးသည်။
"ဒါဆို ကျွန်မဘာလို့ ဘာကိုမှမခံစားရတာလဲ..."
သူမ၏ နည်းလမ်းကမမှားပေ။ သူမအကြိမ်ပေါင်းများစွာ အတည်ပြုကြည့်ခဲ့သော်လည်း စာအုပ်များထဲတွင်ဖော်ပြထားသော ခံစားချက်များကို သူမခန္ဓာကိုယ်အတွင်းမှ ဘာဆိုဘာမှမခံစားရချေ။
"ကျွန်မ တစ်နေ့လုံးကြိုးစားခဲ့တာပဲလေ..."
မူရွှမ် သူမကိုသွေးအားဖြည့်စွပ်ပြုတ် တစ်ပန်းကန်ပေးလိုက်ပြီး သူမမျက်နှာကို ကြည့်လိုက်သည်။ သူမတစ်ကိုယ်လုံး အင်အားမရှိသလို လဲကျခါနီးဖြစ်နေသောကြောင့် စွပ်ပြုတ်ပန်းကန်ပေး၍ နှစ်သိမ့်လိုက်သည်။
"စိတ်မပူပါနဲ့... ဒါ မင်းအစွမ်းတွေဆင့်ခေါ်တဲ့ ပထမဆုံးအကြိမ်လေ... ကိုယ့်ကိုကိုယ် အရမ်းပင်ပန်းအောင် လုပ်မိတော့ ပုံမှန်အခြေအနေကို ပြန်မရောက်သေးဘူးလေ..."
"ရှင်ပြောချင်တာ... စွမ်းအင်ထုတ်တာများသွားတော့... ကျွန်မခန္ဓာကိုယ်ထဲ စွမ်းအင်ပြန် ပြည့်မလာသေးဘူးလို့ ပြောချင်တာလား..."
"အင်း..."
သူခေါင်းငြိမ့်ပြလိုက်ကာ သူမစွပ်ပြုတ်မသောက်သေးသည်ကို မြင်၍ တိုက်တွန်းလိုက်သည်။
"မြန်မြန်စားလိုက်... မင်းကအခုမှ အားဖြည့်နေတုန်းပဲရှိသေးတာ..."
"ကောင်းပြီလေ..."
အဲ့တော့ အစွမ်းတွေကလည်း သုံးပြီးရင်နားရတယ်ပေါ့လေ...
ယောင်စစ် သွေးအားဖြည့်စွပ်ပြုတ် တစ်ပန်းကန်လုံး မော့သောက်လိုက်ကာ ပန်းကန်အလွတ်ကို ပြန်ပေးလိုက်သည်။
"နောက်တစ်ပန်းကန် လိုချင်တယ်..."
သူမ ခွန်အားပြန်ဖြည့်ရန် ထပ်စားရမည်ဖြစ်သည်။
အနားလေးယူရုံပဲမလား... မကြာခင်ပြန်ကောင်းသွားမှာပေါ့...
သို့သော် အဆိုပါ အနားယူမှုဆိုသည်မှာ သုံးလလုံး ကြာမြင့်သွားမည်ဟု မထင်ထားခဲ့ပေ။ တစ်ချိန်လုံး တွေ့သမျှသိသမျှနည်းလမ်းမျိုးစုံဖြင့် စမ်းသပ်ခဲ့သော်လည်း သူမ ခန္ဓာကိုယ်တွင်းမှ မည်သည့်ပြောင်းလဲမှုကိုမှ မခံစားခဲ့ရပေ။
ယောင်စစ် အတော်လေးစိတ်ဓာတ်ကျနေပြီဖြစ်သည်။
သူမရဲ့ သွေးတွေကတစ်ခုခုမှားနေတာလား... သူမရဲ့ မျိုးရိုးဗီဇပျက်ဆီးတာမျိုးဖြစ်နေတာများလား...
သို့သော် အကြီးအကဲများက သူမ၏ထင်မြင်ချက်ကို အကြောက်အကန်ငြင်းဆိုကြသည်။ မျိုးရိုးဗီဇပျက်ဆီးမှုဆိုသည်မှာ နောက်ဆုံးမျိုးဆက်များတွင်သာဖြစ်တတ်ပြီး သူမကဲ့သို့ ပဉ္စမျိုးဆက်တွင် လုံးဝမဖြစ်နိုင်ဟု ပြောကြသည်။ သူမ၏မျိုးဆက်က နောက်ဆုံးမျိုးဆက်နှင့် မျိုးဆက် ရာဂဏာန်းကျော် ကွာဟနေသည်ဖြစ်သည်။
ထိုသည်က ယုတ္တိရှိနေ၍ သူမပြန်လည် မချေပနိုင်တော့ပေ။
ယောင်ချမ့်က သူမကို မူရွမ်ထံ အကြံတောင်းရန်ပြောသော်လည်း မူရွှမ်ကတစ်ချိန်လုံး အလုပ်ရှုပ်နေပုံပေါ်သည်။ သူမ သူနှင့်ထိုအကြောင်း ဆွေးနွေးချင်သော်လည်း သူကအနားတွင်ပင်မရှိချေ။
သူ သူမ၏အစွမ်းကို ပထမဆုံးစမ်းသပ်ပေးစဉ်က သူမတွင် အလွန်ထူးခြားသော စွမ်းရည်ရှိသည်ဟု ပြောခဲ့သော်လည်း သူမက ရေအမျိုးအစားအစွမ်းကိုသာ ပိုင်ဆိုင်လေသည်။
ရေအစွမ်းက ဘယ်နားမှာ ထူးခြားတာလဲ... ဒါမှမဟုတ် သူမအစွမ်းက တစ်ခါသုံးမလို့ ထူးခြားတယ်လို့ အရိပ်အမြွက်ပေးခဲ့တာများလား...
o(>﹏<)o
ထိုအရာသာအမှန်ဆိုပါက အလွန်စိုးရိမ်ဖွယ် ကောင်းနေပြီဖြစ်သည်။
ယောင်စစ် ကုတင်ပေါ် ဟိုလှိမ့်သည်လှိမ့်လုပ်နေသော်လည်း အဖြေမရှာနိုင်သေးသဖြင့် မျက်လုံးကြီးပြူးကာ ပက်လက်သာလှန်နေလိုက်တော့သည်။ သို့သော် သူမစာအုပ်များ ပြန်ဖတ်ရန် ကြံလိုက်စဉ်တွင် တံခါးဖွင့်သံကို ကြားလိုက်ရသည်။
မူရွှမ် ပြန်လာပြီလား...
ယောင်စစ် တံခါးဆီ စိတ်လှုပ်တရှား သွားလိုက်ပြီး မူရွှမ်ကို အော်ခေါ်ရန် ပြင်လိုက်စဉ်တွင် မရင်းနှီးသော အသံတစ်ခုကိုကြားလိုက်ရသည်။
"လောင်အာ... ငါတို့ တံခါးမကြီးကနေဝင်လာတာဆိုတော့ တစ်ယောက်ယောက် မြင်သွားရင် ဘယ်လိုလုပ်ကြမလဲ..."
"ဘာများ ကြောက်စရာ ရှိလို့လဲ..."
နောက်တစ်ယောက်က ခပ်တိုးတိုးပြောလိုက်သည်။
"လောင်စန်းရယ်... မင်းသတ္တိကိုမရှိပါလား... ငါတို့အရင်ရက်တွေက အိမ်တွေအများကြီးကို ဖောက်ထွင်းပြီးပြီလေ အဲ့အိမ်တွေထဲ သရဲတောင်ရှိလို့လား..."
"ဟုတ်ပါတယ်ကွာ... ဒါပေမယ့် ဒါကအနီရောင်ဂြိုလ်လေ..."
လောင်စန်း သိသိသာသာကို တုံ့ဆိုင်းနေသောအသံဖြင့်ပြောလိုက်သည်။
"အနီရောင်ဂြိုလ်ဆိုတော့ ဘာဖြစ်လဲ..."
လောင်အာ ပြန်ပြောလိုက်သည်။
"ငါတို့ သွေးစုပ်ဖုတ်ကောင်တွေ စကြဝဠာဓားပြတွေနဲ့တိုက်ခိုက်နေရလို့ အချိန်အတော်ကြာ ပြန်မလာကြဘူးဆိုတဲ့ သတင်း မရထားဘူးလား... ဂြိုလ်ပေါ်မှာ လူအများကြီးကျန်မယ်မထင်ပါဘူးကွာ... အဲ့တော့ ဒါငါတို့အတွက် အခွင့်ကောင်းပဲလေ... ငါတို့အလုပ်က ဘယ်နေရာရောက်ရောက် အတူတူပဲမဟုတ်ဘူးလား..."
"ဒါပေမယ့် သူတို့က သွေးစုပ်ဖုတ်ကောင်တွေလေ..."
"ငါတို့ သွေးစုပ်ဖုတ်ကောင်တွေရဲ့ ပစ္စည်းတွေကို ဘာကိစ္စကြောင့်မခိုးရမှာတဲ့လဲ..."
"မင်းသာ မူးမနေခဲ့ရင် မင်းအစွမ်းတွေထိန်းမနိုင်ဖြစ်ပြီး လောင်ဒအစွမ်းကို နှောင့်ယှက်မိမှာတဲ့လား.... မင်းသာ မနှောင့်ယှက်ရင် ငါတို့လည်း အနီရောင်ဂြိုလ်ပေါ် ရောက်လာမှာတဲ့လား..."
"တမင်လုပ်တာမှမဟုတ်တာ... ပြီးတော့ မင်းတို့လည်း ဘာမှဖြစ်မသွားဘူးလေ... အဲ့လောက်ကြောက်နေရင်လည်း မင်းဝေစုငါ့ပေးပြီး ပြန်လိုက်တော့..."
"မင်း..."
"တော်လောက်ပြီ...."
ရန်ပွဲစမဖြစ်မီ တတိယလူက ဒေါသထွက်နေသော အသံဖြင့် နှောင့်ယှက်လာသည်။
"ဘာတွေစကားများနေကြတာလဲ... လောင်အာပြောတာမှန်တယ် အန္တရာယ်အများဆုံးနေရာက အလုံခြုံဆုံးနေရာပဲ... ဒီသွေးစုပ်ဖုတ်ကောင်တွေဆိုတာက အချိန်တွေအကြာကြီးအသက်ရှင်လာကြတော့ သူတို့မှာ မရေမတွက်နိုင်တဲ့ ရတနာတွေအများကြီးရှိနေမှာ... ပမာဏနည်းနည်းလည်းပဲဆိုရင်တောင် ငါတို့တစ်သက်လုံး အေးအေးဆေးဆေးထိုင်စားလို့ ရတယ်ကွ... လောဘမကြီးပဲ အများကြီးမယူရင် သူတို့သတိထားမိမှာတောင် မဟုတ်ဘူး...."
"စိတ်မပူပါနဲ့ ငါဒီအိမ်ကိုတစ်နေ့လုံး စောင့်ကြည့်နေတာ အခုထိလှုပ်ရှားမှုကိုမတွေ့ရဘူး...အရာအားလုံးအဆင်ပြေသွားလိမ့်မယ်..."
"အရမ်းကြီး စိတ်ချလက်ချဖြစ်နေလို့ မရဘူး..."
တတိယလူက အေးစက်စက်ဆက်ပြောလိုက်သည်။
"လောင်အာ လုံခြုံရေးကုတ်ကို နောက်တစ်ကြိမ်စစ်ကြည့်ဦး... အလိုအလျောက်ရဲခေါ်တဲ့ စနစ်တွေဘာတွေရှိနေမလားမသိနိုင်ဘူး... တစ်လက်စတည်း အိမ်ပိုင်ရှင်ရဲ့ မဟာမိတ်ဘဏ်အကောင့်ကို စစ်လိုက်ဦး...လောင်စန်းက အိမ်ပတ်ပတ်လည်မှာ ထောင်ချောက်တွေရှိလား သေချာစစ်... ငါတို့ဒီည နည်းနည်းလေးတောင် မှားလို့မရဘူး..."
"မင်းကအရမ်း စဉ်းစားတွေးခေါ်တတ်တာပဲ လောင်ဒရယ်..."
လောင်အာက ခနဲ့တဲ့တဲ့ရယ်လိုက်သည်။
"ကပ်ဖားမနေနဲ့ မြန်မြန်လုပ်စမ်း..."
"ဟုတ်ကဲ့ပါ လောင်ဒ.."
နှစ်ယောက်လုံး ညီညီညာညာ ပြန်ဖြေလိုက်ပြီး တစ်နေရာစီ ထွက်သွားကြသည်။
တစ်ချိန်လုံး ငြိမ်သက်နေသော ယောင်စစ်...
ငါတကယ်ကြီး ဓားစာခံအဖြစ် ပြန်ပေးဆွဲခံရပြီးတာနဲ့ သူခိုးနဲ့ တိုးတာလား...
သူမ၏ အလွန်အမင်းဆိုးဝါးနေသော ကံကြမ္မာက သူမကိုလှောင်ရယ်နေသလို ခံစားလိုက်ရသည်။
"လောင်ဒရေ... ရှေး..ရှေးဟောင်းပစ္စည်းတွေဟ... မြန်မြန်လာကြည့်ဦး... အထဲကဟာတွေအကုန်လုံးက အပြာရောင်ဂြိုလ်က ရှေးဟောင်းပစ္စည်းတွေချည်းပဲ... "
လောင်စန်းအော်ပြောလိုက်ကာ ပန်းအိုးတစ်လုံးကို ဖက်ထားသည်။
"ဝိုး.... ဘယ်လိုသူဌေးကြီးအများ ဒီမှာနေတာလဲမသိဘူး... သူကတကယ့်ကို အပျံ့စားနေနေရတာပဲ.."
"ငါဒီမှာနေတာလေ.."
ယောင်ချမ့်ဆီ စာပို့လိုက်ပြီးသည်နှင့် ယောင်စစ် မီးများဖွင့်လိုက်သည်။
သူခိုးသုံးယောက်လုံး နေရာမှာတင် တောင့်ခဲသွားကြသည်။
အိမ်ကြီးတစ်ခုလုံး တိတ်ဆိတ်သွားသည်။