Chapter 40
တစ်ခါသုံးစွမ်းရည်...
သူခိုးသုံးယောက်လုံး နေရာမှာတင် အေးခဲသွားပြီး ကြောက်ရွံ့စွာ တဆတ်ဆတ်တုန်နေကြလေသည်။လောင်ဆန်း၏ လက်ထဲ၌ ပွေ့ထားသော ပန်းအိုးက လွတ်ကျသွားပြီး အစိတ်စိတ်အမွှာမွှာကွဲသွားလေသည်။ထို အကွဲအစတစ်ခု သူ့၏ ခြေထောက်ကို လာရောက်ထိမှန်သောအခါတွင်မှ ပြန်လည်၍ သတိဝင်လာသည်။
"သွေး သွေး သွေးစုပ်ဖုတ်ကောင်..."
လောင်ဆန်း ဒူးများပျော့ခွေပြီး လဲကျမတက်ဖြစ်သွားသည်။
"ပြေးကြ ..."
အလယ်တွင်ရပ်နေသော သူက ရုတ်တရက်ထအော်လိုက်ပြီးနောက် လဲပြိုလုမတက်ဖြစ်နေသော လောင်ဆန်းကို ပွေ့ထူကာ တံခါးဝဆီသို့ ထွက်ပြေးလေသည်။
ယောင်စစ် ခေါင်းတညိတ်ညိတ်ဖြင့် အတည်ပြုလိုက်သည်။ထိုသူက သူတို့၏ ခေါင်းဆောင်ဖြစ်ကြောင်း သေချာသွားလေပြီ။သို့သော် စိတ်မကောင်းစရာက ပြေးမည်ဆိုသောသူက တံခါးဝနှင့် အုံးခနဲ မြည်အောင်ဝင်ဆောင့်လေသည်။
သူတို့ ကြည့်ရတာ အရင်ခိုးခဲ့တဲ့ အိမ်တွေအားလုံး အောင်မြင်ခဲ့တယ်ဆိုတော့ အရမ်း ကွန်ဖီးဒန့် ရှိနေပုံရတယ်.... ဘယ်လောက်တောင်လဲဆိုတော့ ကြည့်ပါဦး တံခါးတောင် အကျအန ပြန်ပိတ်ထားလိုက်တယ် အခုတော့ ဝင်တိုက်ကုန်ပြီလေ...
အုန်းကနဲ အသံကြီးက ယောင်စစ်ပင် သူတို့အစား နာသွားသလို ခံစားမိလေသည်။
"နင်တို့တွေ ..."
ယောင်စစ်က သူတို့ ပြေးနေလည်းမထူးတော့ကြောင်း ယောင်ချမ့်ဒီကို လာနေပြီဖြစ်ကြောင်း ပြောပြရန်ပြင်လိုက်သည်။သို့သော် တခြားအသံတစ်ခုက သူမ၏ စကားကို ဝင်ရောက် ဖြတ်သွားလေသည်။၎င်းက လောင်ဆန်းတစ်ယောက် အသံပြဲကြီးဖြင့် ထငိုလိုက်ခြင်းဖြစ်သည်။
"လောင်...လောင်... လောင်ဒရေလုပ်ပါဦး..."
သူက တစ်ဆတ်ဆတ်တုန်ယင်နေပြီး တခြားတစ်ယောက်ကိုလည်း အသေဖက်ထားလေသည်။လုံခြုံရေးစနစ်ကို ချိုးဖောက်ဝင်ရောက်ခဲ့သော လောင်အာကလည်း မျက်လုံးပြူးကြီးဖြင့် ကြောင်ကြည့်နေ၏။
ထိုသူကလည်း တံခါးလက်ကိုင်ကိုကိုင်ထားပြီး တစ်ဆတ်ဆတ်တုန်ယင်နေရှာသည်။ယောင်စစ် သူမ၏ ရုပ်ရည်ကိုပင် သံသယဝင်လာမိသည်။
"ငါ့ရုပ်က အဲ့ဒီလောက်ပဲကြောက်ဖို့ကောင်းနေလို့လားဟယ် ငါက နင်တို့ကို ငါရှိကြောင်းလေး အသိပေးချင်လို့လေ ..."
ယခုအချိန်၌ လောင်ဒတစ်ယောက်ပဲ စိတ်ငြိမ်ငြိမ်ထားနိုင်သည်ကို တွေ့လိုက်ရသည်။ထို သူက တုန်ယင်နေသော နှစ်ယောက်ကို ကိုင်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
"အခုချက်ချင်း သွားကြစို့..."
ထူးဆန်းသော စွမ်းအင်အလွှာတစ်ခုသူတို့ကို လွှမ်းခြုံသွား၏။၎င်းက တဖြေးဖြေးကြီးလာပြီးနောက် လေဟာနယ်ထဲတွင် ဝဲဂယက်ပုံစံတစ်ခု ပေါ်လာသည်။
ထိုဝဲဂယက်က သူတို့ သုံးယောက်ကို ချက်ချင်းပင် စုပ်ယူလိုက်ပြီးနောက် ခဏအတွင်းမှာ သုံးယောက်လုံး ပျောက်ကွယ်သွားလေသည်။
"ဒါ ဘာလဲဟ ဒါလေဟာနယ်ထိန်းချုပ်တဲ့ နည်းလမ်းလား...သူသုံးတဲ့ အစွမ်းဆိုရင်တော့ ဒါ ရွှေ့ပြောင်းအစီအရင်လိုမျိုးပဲ ...ဒါကြောင့်မလို့လည်း ဒီလူတွေက အနီရောင်ဂြိုလ်ပေါ်ကို လွယ်လွယ်ကူကူ ဝင်ရောက်လာနိုင်တာကိုး..."
ယောင်စစ် ဟိုဟိုသည်သည် လျှောက်တွေးမနေတော့ပဲ ထွက်ပြေးသွားသော သုံးယောက်ကို ဘယ်လို ပြန်ဖမ်းနိုင်မည်လဲဆိုတာကို တွေးလိုက်သည်။ထိုခဏမှာပင် သူမ၏ ခန္ဓာကိုယ်တစ်ခုလုံး အမြည်မသိသော စွမ်းအားများဖြင့် ပြည့်နှက်သွားသလို ခံစားလိုက်ရသည်။
ထိုခံစားချက်က သူမ၏ စွမ်းအင်များကို ပထမဦးဆုံး လှုံ့နှိုးခံရချိန်က ခံစားမှုနှင့် အတူတူပင်ဖြစ်သည်။
"ဟေး ငါ့အစွမ်းတွေ ပြန်ရပြီကွ..."
ယောင်စစ် ရွှင်မြူးစွာဖြင့် သူမ၏ အစွမ်းများကို စမ်းသပ်ကြည့်ဖို့ လက်မြောက်လှသည်။သူမ၏ အစွမ်းအရ ရေများ ထွက်ပေါ်လာနိုင်သောကြောင့် ပြတင်းပေါက်ဘက်ဆီသို့ ချိန်လိုက်သည်။သို့သော်လည်း ချက်ချင်းဆိုသလိုပင် လေဟာနယ်ထဲတွင် အနက်ရောင်တံခါးတစ်ချပ်လို ပွင့်လာပြီးနောက် ဘုတ်ကနဲ အသံတစ်ခု ကြားလိုက်ရသည်။
ရင်းနီးနေသောပုံရိပ်သုံးခု မြေပြင်ပေါ်သို့ ပြုတ်ကျလာလေသည်။
"ချီးလိုပဲကွာ လန့်လို့သေတော့မယ်..."
လောင်ဆန်း အောင့်တက်သွားသော မီးညှောင့်ရိုးကို ပွတ်သပ်နေရင်း တတွတ်တတွတ်ပြောနေလေသည်။
"ငါတို့ ကံတွေ ဘယ်လောက်ကောင်းနေလို့များ သွေးစုပ်ဖုတ်ကောင်တစ်ကောင်နဲ့ တည့်တည့်တိုးရတာလဲ ...တော်သေးတာပေါ့ လောင်ဒရဲ့ အစွမ်းရှိနေလို့ ဒီလိုမှမဟုတ်ရင် ငါတို့..."
"ဟေး ငါတို့ ပြန်တွေ့ကြပြန်ပြီနော်..."
ယောင်စစ် သူမရှေ့မှ လူသုံးယောက်ကို လက်ဝှေ့ယမ်းပြလိုက်သည်။
လောင်ဆန်း "....."
လောင်အာ "......"
လောင်တ "......."
ယောင်စစ် "......"
ယောင်စစ်လည်း ကြောင်အနေမိလေသည်။
ဟင်း... ကြည့်ရတာ ငါ့အစွမ်းက ရေအစွမ်းကနေပြီးတော့ လေဟာနယ်ရွှေ့ပြောင်းစွမ်းရည်ကို ပြောင်းသွားတာမျိုးလား...
သူတို့ ကို့ယို့ကားယားဖြင့် ခဏမျှ တိတ်ဆိတ်နေပြီးနောက် ကျယ်လောင်သော အော်သံ ထွက်ပေါ်လာလေသည်။
"အား သရဲ သရဲ..."
" ပြေးတော့ ပြေးတော့...သွားကြစို့ ..."
လောင်ဒသူတို့နှစ်ယောက်ကို ဆွဲခေါ်ပြီး သူ့၏ အစွမ်းကို ထပ်မံသုံးလိုက်သည်။အနက်ရောင် လေဟာနယ်တံခါးပေါက်တစ်ခု ချက်ချင်းပွင့်လာပြီးနောက် သူတို့ သုံးယောက် ပျောက်ကွယ်သွားပြန်သည်။
ခဏအကြာ၌ ကျယ်လောင်သော ဘုတ်ကနဲ အသံနှင့်အတူ သူတို့ သုံးယောက် အိမ်၏ ညာဘက်ထောင့်တွင် ပြန်ပေါ်လာလေသည်။
"သွားကြမယ်..."
တတိယအကြိမ် အိမ်၏ ဘယ်ဘက်ထောင့်
စတုတ္ထအကြိမ် အိမ်၏ တံခါးရှေ့...
ပဉ္စမအကြိမ် မီးဖိုချောင်ရှေ့ ...
ဆဋ္ဌမအကြိမ် အိမ်သာတံခါးရှေ့...
သတ္တမအကြိမ် .....
ယောင်စစ် သက်ပြင်းတစ်ချက်ချလိုက်ပြီး သူ့၏ ရှေ့၌ အမောဖောက်နေသော လောင်ဒဆိသို့ လျှောက်သွားလိုက်သည်။
"နင် မောသွားပြီလား..."
သူတို့ သုံးယောက်ယောင်စစ်ကို စကားပြန်ပင် မပြောနိုင်တော့ပဲ ပြူးကြောင်ကြောင် ကြည့်နေကြလေသည်။အိမ်ကြီးတစ်ခုလုံး ခဏအကြာမျှ တိတ်ဆိတ်သွားပြန်သည်။ထို့နောက် ကြောက်လန့်နေကြသော သုံးယောက်သား ဒူးထောက်ပြီး သူမကို သနားစဖွယ်မော့ကြည့်လာကြသည်။
"သခင်မလေးရယ် ကျွန်တော်တို့ အပြစ်လုပ်မိသွားပါတယ် အခုနောင်တရနေပြီမို့ ကျွန်တော်တို့ကို ခွင့်လွှတ်ပေးပါ..."
"ဟုတ်ပါတယ် ဟုတ်ပါတယ်... သခင်မလေး ဒီလို စွမ်းအားကြီးတာကို မသိပဲနဲ့ ဒီငမိုက်သားတွေက အပြစ်လုပ်ခဲ့မိပါတယ်... ဒီငမိုက်သားတွေကို ခွင့်လွှတ်ပေးပါ... ဒီတန်ဖိုးမရှိတဲ့ အသက်လေးတွေကို ချမ်းသာပေးပါ...အသက်ကလွဲပြီး တခြားဘာအပြစ်ဒဏ်ပဲပေးပေး ခံယူပါမယ်..."
မှန်ပေသည်။ဒီတိုင်းသာ သူတို့ ဆက်သွားနေမည်ဆိုလျှင် လောင်ဒ၏ အစွမ်းများက သုံးစား၍ မရလောက်အောင် ပျက်စီးသွားပေလိမ့်မည်။ထိုကဲ့သို့တွေးလိုက်မိသည်နှင့် သုံးယောက်လုံး နဖူးနှင့် ကြမ်းပြင်ထိအောင်ညွှတ်ချလိုက်ပြီး ကျယ်ကျယ်လောင်လောင်တောင်းပန်လိုက်ကြသည်။
"သခင်မလေး အဆင်ပြေရဲ့လား..."
ယောင်စစ်ဆီမှ မေးလ်ကို ရရချင်းပြေးလာသော ယောင်ချမ့်က သူ့သခင်မလေး၏ ခြံထဲ၌ သေမလို ငိုယို တောင်းပန်နေကြသောလူသုံးယောက်ကို တွေ့လိုက်ရသောကြောင့် အံ့အားသင့်သွားသည်။
သူမေးချင်သည့် မေးခွန်းများက လည်ချောင်းထဲတွင်တစ်ဆို့လာလေသည်။
"သ သ သခင်မလေး.."
"ငါ့ကို လာမှလာမမေးနဲ့ ငါဘာမှ မသိဘူး..."
ယောင်စစ် သူမမျက်နာကို လက်ဖြင့် ကာလိုက်ပြီး ပြောလိုက်သည်။လိမ်လိုက်ခြင်းမဟုတ်ပေ။တကယ်ကိုလည်း သူမ ဘာမှမသိလိုက်ပေ။
အဲ့ဒီအစွမ်းက ဘာကြီးတုန်း...လေဟာနယ်ကို ထိန်းချုပ်တာလား...ဒါပေမယ့် သူများတွေက အဲ့ဒီလိုမျိုးဆိုရင် ပစ္စည်းတွေကို အဝေးကို ပို့ ပစ်လိုက်တာလေ သူတို့ လုံးဝ မရောက်နိုင်တဲ့ အဝေးကိုတောင် ပို့လို့ရတယ်မဟုတ်ဘူးလား ငါ့ကျမှ ဘာလို့ ပစ္စည်းတွေကို ပြန်ခေါ်တာကြီးဖြစ်နေ ရတာလဲ...ဒီအစွမ်းကလည်း ဘာကြီးလဲဟ...
ယောင်စစ် စိတ်ညစ် စိတ်ရှုပ်ထွေးလာလေသည်။
သခင်မလေးက စိတ်ရှုပ်နေပုံပဲ ...
ယောင်ချမ့်မေးခွန်းထပ်မမေးရဲတော့ပဲ သူ့၏ ကွန်ပျူတာ လက်ပတ်ကိုသာ ဖွင့်လိုက်သည်။ထို့နောက် လင်းလက်တောက်ပနေသော ကြိုးကို ထုတ်ယူလိုက်ပြီး သူခိုးသုံးယောက်ကို ချည်နှောင်လိုက်သည်။
ယောင်စစ် ထိုသူခိုး၃ယောက်ကို သနားစွာကြည့်လိုက်မိသည်။
ဒီလောက် အိမ်တွေ အများကြီးထဲမှာမှ ဘုရင်မူရွှမ်ရဲ့ အိမ်ကိုများတည့်တည့်ကြီးဝင်ခိုးရတယ်လို့...သူတို့ရဲ့ သတ္တိရှိတာကိုပဲ ချီးကျူးရမလား ဦးနှောက်မရှိတာကိုပဲ သနားရမလား မသိတော့ပေ။
"ကျွန်တော်သခင်မလေး အနားယူတာကို ဆက်မနှောက်ယှက်တော့ပါဘူး...ဒီသုံးယောက်ကို ရဲလက်အပ်လိုက်ရမလား..."
"သဘောပဲလေ ကြိုက်သလိုလုပ်..."
ယောင်ချမ့် ထိုကြိုးချည်ထားသော လူသုံးယောက်ကို ဆွဲခေါ်သွားလိုက်ပြီး သူတံခါးဝအရောက်၌ ရပ်၍ ပြန်လှည့်မေးလိုက်သည်။
"အော် သခင်မလေးပြောတော့ ဒီသုံးယောက်က သူခိုးတွေဆို ဒါဆိုရင် ခိုးရာပါ ပစ္စည်းတွေက ဘယ်မှာလဲ ဒီတိုင်းကြီးတော့ ရဲလက်သွားအပ်လို့မရဘူးလေ..."
"အဲ့ဒါက ငါလည်းမသိ..."
ယောင်စစ် ပြောနေရင်းဖြင့် အကြံတစ်ခုရသွားလေသည်။သူမလက်တစ်ဖက်ဝှေ့ယမ်းလိုက်သည်နှင့် သူခိုးသုံးယောက်အနှစ်နှစ်အလလက စုစည်းထားသမျှ ပစ္စည်းများက လေဟာနယ်မှတစ်ဆင့် သူမဧည့်ခန်းထဲသို့ ဝေါကနဲ ထွက်ကျလာလေသည်။
ပစ္စည်းများက စုံလင်များပြားလှသည်။ရှေးဟောင်းပစ္စည်းလို ပရိဘောဂ အကြီးကြီးမှနေ၍ သလင်းကျောက်လို လက်ဝတ်ရတနာ ပိစိလေးတွေအဆုံး အားလုံးရှိလေသည်။ထိုပစ္စည်းများအားလုံး တန်ဖိုးရှိသည်ကတော့ အသေအချာပင်။
"ဟား ဟား ဘယ်မှ သွားရှာနေစရာမလိုတော့ဘူး...ခိုးရာပါ ပစ္စည်းတွေ ဒီမှာပဲ..."
ထိုလူ သုံးယောက်လုံး ထိုမြင်ကွင်းကိုကြည့်၍ မထိန်းနိုင်အောင် တုန်ယင်နေကြလေသည်။
"မေမေရေ သွေးစုပ်ဖုတ်ကောင်တွေက ကြောက်ဖို့ကောင်းလိုက်တာ..."
ယောင်စစ် သိထားသလောက်ဆိုရင်ပင်သူမ၌ အစွမ်းနှစ်ခုရှိလေသည်။တစ်ခုက ရေအစွမ်းဖြစ်ပြီး တစ်ခုက ရွှေ့ပြောင်းအစွမ်းဖြစ်သည်။သို့သော်လည်း သူမ အစွမ်းများက တခြားသူများနှင့် မတူပဲ ထူးခြားနေလေသည်။အထူးသဖြင့် လေဟာနယ်အစွမ်းပင်။
၎င်းကလည်း ရေအစွမ်းလိုပင် တစ်ခါပဲ သုံးလိုက်ရပြီးပျောက်ကွယ်သွားပြန်သည်။
"ကြည့်ရတာ သူမအစွမ်းတွေက တခါသုံးများလား အဲ့ဒါဆိုရင် စိတ်ညစ်စရာပဲ..."
နောက်ဆုံး၌ ရက်ပိုင်းများစွာ ပျောက်နေသော မူရွှမ်အိမ်ပြန်ရောက်လာလေပြီ။