အပိုင်း ၄၁
Viewers 16k

Chapter 41

စွမ်းရည်စစ်ဆေးခြင်း...


"ဖေဖေ နောက်ဆုံးတော့ အိမ်ပြန်လာပြီပဲ..."


ယောင်စစ် မူရွှမ်ကို ပြေးဖက်လိုက်သည်။


"မူ... ရွှမ်..."


မူရွှမ် တစ်လုံးချင်းသေချာစွာရွတ်ပြလိုက်၏။


"ဒါမှမဟုတ်ရင်လည်း အဖေလို့ခေါ်.."


"ဖေဖေမူရွှမ်..."


မူရွှမ် သက်ပြင်းတစ်ချက်ချလ်ိုက်ပြီး ယောင်စစ် ဘာမှထပ်မပြောနိုင်ခင် အရင်မေးလိုက်သည်။


"အိမ်ထဲကို သူခိုးဝင်လို့ဆို..."


"ဟုတ်တယ်လေ..."


ယောင်စစ်ခေါင်းငြိမ့်ပြရင်း ထပ်ပြောလိုက်သည်။


"အဲ့ဒါက အရေးမကြီးဘူး အရေးကြီးတာတခုပြောစရာရှိတယ် ကြည့်ရတာတော့ ကျွန်မရဲ့ အစွမ်းမှာ ပြဿနာတစ်ခုခုရှိနေတယ်ထင်တယ်..."


ယောင်စစ်က လိုရင်းကိုသာ တန်းပြောလိုက်သည်။မူရွှမ်မျက်မှောင်ကြုတ်လိုက်ပြီးယောင်စစ်တစ်ကိုယ်လုံးကို အကဲခတ်စစ်ဆေးလိုက်သည်။


သူ့ကလေးလေး၏ ကိုယ်ပေါ်၌ မည်သည့် ဒဏ်ရာဒဏ်ချက်မှ မရှိသည်ကို တွေ့သောအခါမှ သူ့၏ မျက်နှာထားက ပြန်လည်ပြေလျော့သွားသည်။


သူ့ကလေးလေးက ဘယ်လောက်တောင် ကံဆိုးလိုက်သလဲ အပြင်သွားတော့လည်း ပြန်ပေးဆွဲခံရတယ် ...အိမ်ထဲမှာနေတော့လည်း အိမ်ကို သူခိုးဝင်တယ်တဲ့ အခုကစပြီး သူ့ကလေးလေးကို သေချာစောင့်ရှောက်မှ ဖြစ်တော့မယ်...သူ့ကလေးလေးနဲ့ ပြန်တွေ့ရတာမှ မကြာသေးဘူး...သူများတွေက ဝိုင်းပြီး အနိုင်ကျင့်နေတယ်ဆိုမှတော့ သူဘယ်လိုလုပ်သည်းခံနေရမလဲ...


"မင်းရဲ့ အစွမ်းတွေက ဘာဖြစ်နေလို့လဲ ..."


မူရွှမ်ပြောရင်းဖြင့် ယောင်စစ်လက်ကိုလှမ်းကိုင်လိုက်ပြီး အခြေအနေစစ်ဆေးရန်အတွက် သူ့၏ အစွမ်းများ ပို့လွှတ်လိုက်သည်။သူ့၏ အစွမ်းများ တစ်ပတ်လှည့်ပတ်ပြီးသည့်အချိန်ထိ ဘာထူးခြားချက်မှ မတွေ့ပေ။

ထ်ို့ကြောင့် သူ့စွမ်းအင်များကို အသာအယာ ပြန်လည်ရုတ်သိမ်းလိုက်သည်။


ဘာမှ မရိပ်မိလိုက်သောယောင်စစ်က မနေ့ညက ဖြစ်ပျက်ခဲ့သမျှကို သေချာစွာ ပြန်လည်ရှင်းပြနေလေသည်။


"နေရာလွတ်ဆင့်ခေါ်တဲ့ လေဟာနယ် စွမ်းအင်က လေဟာနယ်စွမ်းအင်ထဲမှာမှ အစွမ်းထက်ဆုံးမဟုတ်လား...နေရာလွတ်ခွဲထုတ်တာက ပိုပြီး အစွမ်းထက်တယ်ဆိုပေမယ့်လည်း အဆင့်မြင့်တဲ့ လူတွေမှ သုံးတတ်တာမဟုတ်လား...ဘာလို့ ငါက သုံးလို့ရနေတာလဲ...ပြီးတော့ ဘာလို့ အဲ့ဒီအစွမ်းက  သူခိုးသုံးယောက်ကိုပဲ ရွှေ့လို့ရနေတာလဲ.."


ပိုပြီးအရေးကြီးသည်ကတော့ သူမထိုစွမ်းအင်များကို ယခုထိနောက်တစ်ကြိမ် ပြန်လည်ခံစားလို့မရတော့ပေ။


မူရွှမ် အကြာကြီး တိတ်ဆိတ်၍ စဉ်းစားနေလေသည်။ခဏအကြာမှ သူခေါင်းမော့၍ ပြန်ပြောလိုက်သည်။


"ဖြစ်နိုင်တာကတော့ အဲ့ဒါမျိုးမရှိတာတော့ မဟုတ်ဘူး...သာမန် လေဟာနယ်စွမ်းအားမဟုတ်တာပဲ ဖြစ်လိမ့်မယ်..."


"သာမန်မဟုတ်ဘူးဟုတ်လား..."


သာမန်မဟုတ်တော့ ဘာကြီးလဲ ..ဂျိုပေါက်နေတာလား...


အစွမ်းအသုံးပြု၍ ဖွင့်လ်ိုက်သော လေဟာနယ်ဝင်ပေါက်က လောင်တ အသုံးပြုလိုက်သောတစ်ခုနှင့် အတူတူသာဖြစ်သည်။


"မင်းရဲ့ အစွမ်းက အနှုတ်စွမ်းအင်ဖြစ်နိုင်တယ်...လေဟာနယ် နေရာလွတ်စွမ်းအင်တွေကို ပြောရမယ်ဆိုရင်တော့ လေဟာနယ်ဆင့်ခေါ်တာနဲ့ လေဟာနယ်ခွဲထုတ်တာဆိုပြီးတော့ နှစ်မျိုးခွဲထားတယ် ဒါပေမယ့်လည်း သဘောတရားအရတော့ တစ်ခုထဲပဲ..."


အလေးအနက်ထား၍ ရှင်းပြလိုက်သည်။


"ပုံမှန်အားဖြင့်ဆိုရင်တော့ အဲ့ဒီစွမ်းအင်က လေဟာနယ်ဝင်ပေါက်တစ်ခုကို ဖွင့်လိုက်မယ် ပြီးရင်ပစ္စည်းတွေကို ထည့်မယ် ပြီးရင် တခြားနေရာကို အဝေးကြီးကို ပို့ပစ်လိုက်တယ် အဲ့ဒီလိုမျိုးအလုပ်လုပ်တယ် ဒါပေမယ့် မင်းရဲ့ အစွမ်းကတော့ ထူးခြားပြီး ပြောင်းပြန်အလုပ်လုပ်နေတယ် ..."


"ဘယ်လိုမျိုးလဲ..."


"အဆင့်တွေကို နောက်ပြန်အလုပ်လုပ်နေတာ..."


"ဒီတော့ ကျွန်မရဲ့အစွမ်းက ပစ္စည်းတွေ ထည့်မယ့်အစား ပြန်ထုတ်နေတာပေါ့ ဟုတ်လား..."


"အမှန်ပဲ.."


မူရွှမ် ယောင်စစ်၏ ခေါင်းလေးကိုခပ်ဖွဖွပွတ်ပေးလိုက်သည်။


"ပြောင်းပြန်စွမ်းအင်ဆိုတာက အနီးအနားက လေဟာနယ်ထဲရှိနေတဲ့ ဘယ်ပစ္စည်းကိုမဆို ဆွဲထုတ်လို့ရတယ်...အဲ့ဒီအချိန်တုန်းက သူခိုး သုံးယောက်က လေဟာနယ်ဝင်ပေါက်တစ်ခုထဲ လောလောလတ်လတ် ဝင်သွားတဲ့ပစ္စည်းတွေပဲလေအဲ့ဒါကြောင့်မလို့ သူတို့ကို ဆွဲထုတ်လို့ရနေတာ..."


ဟမ်...အစွမ်းကလည်း သောက်ကျိုးနည်း အစွမ်းပဲ...ဒီတော့ သူမ တစ်ချက်တွေးလိုက်ရုံနဲ့ အဲ့ဒီ သူခိုးသုံးယောက်ရဲ့ ခိုးရာပါ ပစ္စည်းတွေကို ထုတ်လို့ရသလိုမျိုး အစွမ်းပဲလား...

"နောက်ထပ် သိချင်တာတစ်ခုရှိသေးတယ်..."


ယောင်စစ် လက်ညှိုးတစ်ချောင်းထောင်ရင်း စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်သည်။


"ဘာလဲ ..."


"ကျွန်မရဲ့အစွမ်းက တကယ်ကြီး တခါသုံးအစွမ်းလားဟင် .."


မူရွှမ် နောက်တစ်ခါ အကြာကြီးစဉ်းစားပြီးမှပြန်လည်ဖြေလာလေသည်။


"အစွမ်းတွေထဲမှာအရမ်းကြမ်းတဲ့ အစွမ်းရှိသလို အားနည်း အားပျော့တဲ့ အစွမ်းတွေလည်းရှိတယ် တစ်ချို့အစွမ်းတွေ ကျတော့လည်း တခါသုံးပြီးတာနဲ့ အားကုန်သွားလို့ အကြာကြီး အနားယူပြီးမှ ပြန်သုံးလို့ရတဲ့ အစွမ်းတွေလည်းရှိတယ် ဒါပေမယ့် တခါသုံးစွမ်းရည်လို့တော့ မကြားဖူးဘူး..."


"အဲ့ဒါဆိုရင် ဘာလို့လဲ .."


မူရွှမ် ယောင်စစ်၏ ခေါင်းလေးကို နောက်တစ်ခေါက်ထပ်ပွတ်ပေးရင်း ပြောလိုက်သည်။


"ဘာမှ အလျှင်လိုစရာမလိုပါဘူး မင်းရဲ့ အစွမ်းတွေနဲ့ အသားမကျသေးလို့ဖြစ်လိမ့်မယ်...အဲ့ဒါ့ကြောင့်မလို့ တကယ်လိုအပ်တဲ့ အချိန်မှ ပွင့်ထွက်လာတဲ့ သဘောမျိုးပေါ့ ဒီတိုင်း အေးအေးဆေးဆေးဖြစ်နေတဲ့ အချိန်ဆိုရင် ..."


မူရွှမ် ပြောနေရင်းဖြင့် ရပ်တန့်သွားသည်။သူ တခုခုကို တွေးမိသွားပုံဖြင့် ယောင်စစ်ကို အလေးအနက် ကြည့်လာလေသည်။


"ဘာ ဘာဖြစ်လို့လဲ..."


ယောင်စစ် ထိုအကြည့်များကို မခံနိုင်ပဲ ထစ်ထစ်အအဖြင့် မေးလိုက်သည်။


"လာ ငါနဲ့ လိုက်ခဲ့..."


မူရွှမ် ယောင်စစ်ကို ဆွဲထုတ်လိုက်၏။


" ဟမ်..."


ယောင်စစ် ကြောင်တောင်တောင်ဖြင့် ပါသွားလေသည်။သူမ သတိဝင်လာသည့်အခါ၌ လေးဘက်လေးတန် ကာရံထားသော ကွင်းပြင်ကျယ်ကြီးဆီသို့ ရောက်ရှိနေလေသည်။ထိုကွင်းပြင်၏ အမိုးများကိုပင် အကာအရံ ပိတ်ထားလေသည်။


"ဒါက ဘယ်နေရာလဲ..."


"လေ့ကျင့်ရေးကွင်း..."


"လေ့ကျင့်ရေးကွင် ဟုတ်လား...ဒီတော့ သွေးစုပ်ဖုတ်ကောင်တွေ သူတို့ အစွမ်းတွေက်ို လေ့ကျင့်တဲ့ နေရာပေါ့...ဒီကို ဘာလာလုပ်တာလဲ..."


"စမ်းကြည့်လိုက်..."


မူရွှမ် ရှည်ရှည်ဝေးဝေးပြောမနေပဲ သူ့၏ လက်တစ်ဖက်ကို မြောက်လိုက်သည်။ထ်ိုအချိန်တွင် မူရွှမ်၏ လက်မှနေ၍ ဧရာမမီးတောက်နဂါးကြီးတစ်ကောင် ထွက်ပေါ်လာလေသည်။


မူရွှမ်၏ အစွမ်းက သူခိုးဓားပြများနှင့် ဘာမှမဆိုင်ပေ။သူ့၏ အပြာရောင်မီးတောက်များနှင့် နဂါးကြီးက တကယ့်သက်ရှိနေသည့်အလား လေထုထဲတွင် လူးလိမ့်နေလေသည်။


"ဘယ်လိုလဲ မင်းရဲ့ အစွမ်းကို ခံစားမိလား..."


မူရွှမ်မေးလိုက်သည်။


"ဟင့်အင်း ဘာမှ မခံစားမိဘူး...အခုထိတော့ ဗလာပဲ..."


ယောင်စစ် သူ့၏ ခန္ဓာကိုယ်ကို ပြန်လည်ခံစားကြည့်လိုက်ပြီးပြောလိုက်သည်။မူရွှမ်ငြိမ်ကျသွားပြီး သူ့လက်ကို ပြန်ချလိုက်သည်နှင့် မီးတောက်နဂါးကြီး ပျောက်ကွယ်သွားလေသည်။


ထို့နောက် သူမျက်မှောင်ကြုတ်လိုက်မိပြန်သည်။


"ဘာများဖြစ်နေလို့လဲ ...ကျွန်မရဲ့ အစွမ်းက ဘာလဲဆိုတာ စဉ်းစားမိသွားပြီလား...တကယ်ပဲ ငါ့အစွမ်းမှာ ပြဿနာရှိနေတာလား..."


"မသေချာသေးဘူး နောက်ထပ် ထပ်စမ်းကြည့်ရဦးမယ်..."


မူရွှမ် ပြောရင်းဖြင့် သူ့၏ ကွန်ပျူတာ လက်ပတ်ကို ဖွင့်ကာ စာတစ်စောင်ပို့လိုက်သည်။ထို့နောက် မူရွှမ်က သူ့၏ အစွမ်းပေါင်းမျိုးစုံကို တစ်မျိုးပြီးတစ်မျိုး ထုတ်ပြလေတော့သည်။ရေအစွမ်း ၊ လေအစွမ်း ၊ မိုးကြိုးအစွမ်း၊ အရိပ်အစွမ်း ...


သူငါ့ကို သက်သက်မဲ့ ခေါ်ကြွားနေတာများလား ...


ယောင်စစ် ထ်ိုအတွေးကို ထုတ်ပြောမိတော့မည့် အချိန်မှာပင် ယောင်ချမ့်ရောက်လာလေသည်။


"အရှင်မင်းကြီး ကျွန်တော်ကို ခေါ်ပါသလား..."


ယောင်ချမ့် သူရှေ့မှ လူနှစ်ယောက်ကိုကြည့်၍ မေးလိုက်သည်။


"မင်းရဲ့ အစွမ်းက မြေကြီးအစွမ်းမဟုတ်လား..."


"ဟုတ်ပါတယ်..."


"ဒါဆိုရင် သူနဲ့ လေ့ကျင့်ပေးလိုက် ..."


အမ်... ဘာကြီး.. လေ့ကျင့်ရမယ်...သခင်မလေးအစွမ်းက အခုထိမတည်ငြိမ်သေးဘူးလေ...ဘာကို သွားလေ့ကျင့်ပေးရမှာလဲ...


ယောင်ချမ့် ပြန်ပြောဖို့ အခွင့်အရေးမရခင်မှာပင် မူရွှမ်က အဝေးကြီးသို့ ရောက်သွားလေပြီ။သူ ယောင်စစ်ကို လှည့်ကြည့်လ်ိုက်မိသည်။


"သခင်မလေး..."


ဘာလဲဟ...ဒီလူကြီးက သူတစ်ယောက်တည်းကြွားရတာ အားမရလို့ ယောင်ချမ့်ကိုပါ ကူပြီးတော့ကြွားခိုင်းသွားတာလား...


ယောင်ချမ့် စိတ်ရှုပ်ထွေးမှုအပြည့်ဖြင့် အရှင်သခင်နှစ်ယောက်ကို တစ်ယောက်တစ်လှည့်စီ ကြည့်လိုက်မိသည်။သို့သော်လည်း အရှင်ဘုရင်၏ အမိန့်ဖြစ်သောကြောင့် မလိုက်နာ၍ မရပေ။


"သခင်မလေး သတိထားပါ ..."


ထိုအခိုက်အတန့်၌ ယောင်စစ် သူ့ခန္ဓာကိုယ်ထဲမှ ပျောက်ဆုံးသွားသောစွမ်းအင်များ တိုးထွက်လာသည်ကို ခံစားမိလ်ိုက်သည်။သို့သော်လည်း ဒီတစ်ကြိမ်၌ အရင်ကနှင့် ကွဲပြားနေပြန်သည်။


ယောင်ချမ့်၏ အစွမ်းက အလွန်ပင် အင်အားကြီးမားလှသည်။သူ့၏ သခင်မလေး ထ်ိခိုက်သွားမည်ဆိုသောကြောင့် အနည်းဆုံးစွမ်းအင်ထုတ်သုံးလိုက်သည်တောင်မှ လေ့ကျင့်ရေးကွင်းတစ်ခုလုံးကို ကပြောင်းကပြန်ဖြစ်သွားစေသည်။


ပတ်ဝန်းကျင်လေထုက လေးလံလာပြီး အသက်ရှုရခက်ခဲလာသည်ဟုပင် ခံစားရလေသည်။ယောင်ချမ့်၏ အစွမ်းက ဟိုသူခိုးသုံးယောက်နှင့် မတူညီစွာပဲ တိုက်ခိုက်ရေးစွမ်းအင်များ ပြည့်ဝနေလေသည်။


သူတို့အောက်မှ မြေပြင်က တုန်ခါလာပြီးနောက် မြေကြီးအချွန်များ ထွက်ပေါ်လာလေသည်။သားရဲတစ်ကောင်၏ အစွယ်များနှင့်တူသော ထိုအချွှန်များက ယောင်စစ်ရှိရာဆီသို့ ပြေးဝင်လာကြသည်။ထို့အပြင် အမည်မသိ အင်အားတစ်ခုကလည်း သူမကို မြေကြီးပေါ်သို့ ဖိချနေလေသည်။


ယောင်စစ် ခြေထောက်များ ပျော့ခွေလာပြီး မြေပြင်ပေါ် လဲကျလုမတက် ဖြစ်သွားသည်။သို့သော်လည်း ထိုအချိန်မှာပင် သူမ၏ ခန္ဓာကိုယ်ထဲမှ စွမ်းအားများ ထိုးထွက်လာပြီး သူမခံစားနေရသောဖိနှိပ်ခံရသလို ခံစားချက်က တမုဟုတ်ချင်း ပျောက်ကွယ်သွားလေသည်။