ရုပ်မမြင် အသံပဲကြားရတဲ့ကောင်ဆီကနေ လက်ခံရရှိတဲ့အချက်အလက်အရဆိုရင်
အခုလက်ရှိ ငါရောက်ရှိသွားတဲ့ ကမ္ဘာက Xia(ရှား)မင်းဆက် အုပ်စိုးနေဆဲကမ္ဘာတစ်ခုပဲ
ဒီကမ္ဘာရဲ့မူလဇာတ်ကြောင်းက တိုင်းပြည်ရဲ့အိမ်ရှေ့စံမင်းသားနဲ့ နိုင်ငံ့ရတနာလို့ တင်စားကြတဲ့ ဗျပ်စောင်းသမားလေးကြားက သာမန်ရိုးကျအချစ်ဇာတ်လမ်းလေးတစ်ခု . . အဆင့်အတန်းကွာခြားမှုကြောင့် သူတို့တွေ အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရပေမဲ့ နောက်ဆုံးကျ ပေါင်းဖက်ခွင့်ရသွားတဲ့ ဇာတ်လမ်းမျိုးလေး...
ဒီကမ္ဘာမှာ အမျိုးသားချင်း လက်ထပ်ခွင့်ရှိတဲ့ခေတ်တစ်ခေတ် ဖြစ်ပေမဲ့ အဆင်အတန်းကွာခြားခြင်းက သူတို့နှစ်ဦးကို ခြားထားတဲ့အတားအဆီးဖြစ်နေတဲ့အပြင် ဇာတ်လမ်းရဲ့ဇာတ်ဆောင်တစ်ဦးဖြစ်တဲ့ အိမ်ရှေ့စံ စစ်ရုန်ဆီမှာ အမျိုးသားကြင်ယာတော်အဖြစ်တင်မြောက်ဖို့အတွက် ကတိကဝတ်ပြုထားတဲ့သူ ရှိနှင့်ပြီသားလည်း ဖြစ်နေ၏..
စစ်ရုန်နဲ့ ကတိကဝတ်ပြုထားသူက စစ်သူကြီးယဲ့ရဲ့ သားဖြစ်သူ ယဲ့ဖန်ဖြစ်တယ်.. ယဲ့ဖန်က စာပေကဗျာပညာရှင် ဖြစ်တာကြောင့် သူဘဝက ကဗျာတွေနဲ့ပဲ ကုန်ဆုံးလေ့ရှိတယ်.. ကဗျာတွေကိုသာ အဖော်ပြုပြီး နေလေ့ရှိတဲ့ ယဲ့ဖန်က ငယ်စဉ်တည်းက သိကျွမ်းတဲ့ စစ်ရုန်ကိုတော့ နှစ်သက်ကာ လေးစားသူလည်း ဖြစ်တယ်.. ထိုကြောင့် စစ်ရုန်နဲ့သူ လက်ထပ်မဲ့နေ့ကိုသာ မျှော်လင့်စောင့်စားနေခဲ့သူလေးတစ်ယောက်....
ယဲ့ဖန်ရဲ့အိမ်မက်လေး ပျက်စီးသွားတဲ့နေ့ကတော့ စစ်ရုန်က သူမှာ ချစ်ရတဲ့သူ ရှိနေပြီဖြစ်တဲ့အတွက် စေ့စပ်ထားတဲ့ ကတိကဝတ်ကို ဖျက်သိမ်းပေးဖို့ ယဲ့ဖန်ကို လာတောင်းဆိုတဲ့နေ့ ဖြစ်တယ်.. ချစ်ရတဲ့သူ ပျော်ဖို့အတွက် ယဲ့ဖန်က စေ့စပ်ထားတာကို သူဘက်က ဖျက်သိမ်းပေးမယ်လို့ ကတိပေးလိုက်တဲ့အခါ.. သူရဲ့ကတိပေးလိုက်မှုကြောင့် ပျော်သွားတဲ့ စစ်ရုန်ရဲ့အပြုံးကို နောက်ဆုံးအနေနဲ့ ယဲ့ဖန် ပွေ့ပိုက်ရင်း သူတို့ခြံအနောက်ဘက်မှာ တည်ရှိနေတဲ့ ကြာများစွာ ပွင့်ဖူးနေတဲ့ ရေကန်ထဲကို ခုန်ချကာ သူ့ဘဝကို အဆုံးသတ်သွားခဲ့တယ်..
ယဲ့ဖန် သေဆုံးသွားခြင်းကနေ ထိုဇာတ်လမ်းရဲ့ဗီလိန်ကို ဖြစ်ပေါ်စေခဲ့တယ်.. ဗီလိန်ဖြစ်လာသူက ယဲ့ဖန်ရဲ့ အဖေတူ အမေကွဲ ညီမဖြစ်သူ ယဲ့ဝေ့ဝေ့ . .
ဝေ့ဝေ့က ငယ်စဥ်ကတည်းက နူးညံတဲ့ယဲ့ဖန်နဲ့ မတူညီတဲ့သူတစ်ယောက် .. ငယ်ငယ်တည်းက သိုင်းပညာကို လေ့လာတဲ့အပြင် အရွယ်ရောက်လာသောအခါတွင်လည်း အဖေဖြစ်သူ စစ်သူကြီးယဲ့နဲ့အတူ စစ်မြေပြင်တွေဆီ လိုက်သွားလေ့ရှိ၏.. အဲဒါကြောင့်ပဲ သူမကို စစ်သူကြီးယဲ့နေရာကို ဆက်ခံမဲ့သူအဖြစ် ထင်ရှားစေခဲ့တယ်...
ဝေ့ဝေ့ သိုင်းစသင်တဲ့အချိန်တည်းက ပြောလေ့ရှိတဲ့စကားလေးက
"ကိုကြီးကို ကာကွယ်ပေးဖို့အတွက် သင်တာ" ဆိုတဲ့စကားစုလေး.
ဝေ့ဝေ့က သူသိတတ်စအရွယ်တည်းက နူးညံလွန်းတဲ့ သူရဲ့အစ်ကိုကြီးကို ကာကွယ်ပေးဖို့ စိတ်အားထက်သန်ခဲ့သူ ဖြစ်တော့.... ယဲ့ဖန်ရဲ့သေဆုံးမှုက စစ်ရုန်တို့ စုံတွဲကြောင့်ဆိုတာကို ဝေ့ဝေ့ သိသွားသောအခါ သူတို့နှစ်ယောက်အပေါ် အမုန်းတရားတွေ အစပျိုးခဲ့တယ်.. စစ်ရုန် ထီးနန်းကို ဆက်ခံပြီး မကြာခင်မှာပဲ စစ်သူကြီးယဲ့လည်း ကွယ်လွန်သွားခဲ့ချိန်.. ဝေ့ဝေ့လက်ထဲ စစ်အာဏာ ရရှိသွားတဲ့အခါ တိုင်းပြည်ကို စစ်ခင်းပြီး သိမ်းပိုက်ခဲ့တယ်.. စစ်ရုန်တို့ စုံတွဲက အိမ်နီးချင်းတိုင်းပြည်တစ်ခုမှာ ခိုလှုံပြီး လက်နက်နဲ့ လူအင်အားပြန်ုစုကာ ပြန်တော်လှန်ခဲ့ရာ.. ဇာတ်ဆောင်တွေရဲ့အရှိန်အဝါကို မယှဉ်နိုင်တဲ့နိယာမအရ ဝေ့ဝေ့က စစ်ပွဲအတွင်း သစ္စာဖောက်တစ်ယောက်ကြောင့်သေဆုံးခြင်းဖြင့် အဆုံးသတ်သွားခဲ့၏။
နောက်ပိုင်းမှာတော့ စစ်ရုန်က တိုင်းပြည်ကို ပြန်လည်စုစည်းတည်ထောင်ပြီးနောက် သူရဲ့ချစ်ရသူ ဗျပ်စောင်းပညာရှင်လေးကို တရားဝင်ကြင်ယာတော်အဖြစ် တင်မြောက်ခဲ့ကာ သူတို့နှစ်ဉီး ပျော်ရွှင်စွာပေါင်းဖက်သွားကြသတည်းပေါ့ကွာ...
ဟုတ်ပြီ. အဲဒါကတော့ မူလဇာတ်ကြောင်း အပြည့်အစုံပဲဆိုတော့ကား.. ငါက ဘယ်နေရာကနေ ပါဝင်ရမှာလဲ..ဆိုသော အတွေးနဲ့ ဘေးဘီလှည့်ပတ်ကြည့်နေရင်း
ကြေးမုံပေါ်မှာ မြင်နေရတဲ့ပုံရိပ်ရဲ့ ဘယ်ဘက်နားထင်မှာ ရှိနေတဲ့အမာရွတ်ကြောင့် ..
"ငါက ယဲ့ဖန်!!"
............................................................................................................................