အပိုင်း ၁၇၈
Viewers 32k

Chapter 178

 :ကျောင်းနှင့် ပူးပေါင်းဆောင်ရွက်မှု




ကျန်းကျန့်က ပြဿနာတစ်စုံတစ်ရာ မကြုံတွေ့ခဲ့ရဘဲ ထိုနေ့တွင်ပင် ပြန်လည်လွတ်မြောက်လာခဲ့သည်။


ဟယ့်ရှီရွာမှလူများသည် သူအဆင်ပြေကြောင်းမြင်သောအခါ၊ ပုံမှန်အတိုင်း လျင်မြန်စွာ ပြန်လည်အသက်ဝင်လာပြီး သင်္ဘောကျင်းတွင် လူများပြည့်နေသည်။ ဤအဖြစ်အပျက်သည် ကျန်းကျန့် နှင့် ကျင်းကျန့်ကိုယ်ရံတော်လုပ်ငန်းကို လူသိရှင်ကြားဖြစ်စေရန် မရည်ရွယ်ဘဲ ကူညီပေးခဲ့သောကြောင့် သင်္ဘောကျင်းများသည် ပုံမှန်ထက် ပိုမိုအသက်ဝင်လာသည်။


သို့ပေမဲ့ ဤအဖြစ်အပျက်က ကျန်းကျန့်အပေါ်မှာ ကြီးမားသော အကျိုးသက်ရောက်မှုကို ဖြစ်စေခဲ့ပြီး သူ့ကို အများကြီး စဉ်းစားစေခဲ့သည်။ ဤအတွက်ကြောင့် သူက လက်စားချေရန်အားသန်နေသည့်ကျောက်လျူလောက်ပင် စိတ်မတိုခဲ့ပါချေ။



"ကျန်းမိသားစုက ဒီလိုမျိုးဖြစ်လိမ့်မယ်လို့ မထင်ခဲ့ဘူး...မင်းကြီးပွားလာတာ ကောင်းမွန်တဲ့ အရာမဟုတ်ဘူးလား...မင်းဆီလာပြီး ဆက်ဆံရေးတွေ ဖြေလျှော့မဲ့အစား သူတို့က မင်းကို နာကျင်အောင်လုပ်ဖို့ အာရုံရောက်နေတယ်..." 


တစ်ညအိပ်ပြီးနောက် ကျောက်လျူ လန်းဆန်းလာကာ ကျန်းမိသားစုအား အိမ်တွင် စတင်ကြိမ်းမောင်းခဲ့သည်။


ကျန်းကျန့်က အလွန်ကောင်းသည့်လူဖြစ်သဖြင့် ကျန်းမိသားစုက သူ့အပေါ် ပိုကောင်းလာလျှင် ကျန်းကျန့်က သူတို့နှင့် သူတို့၏ဆက်ဆံရေးကို ပြုပြင်ရန် ဆန္ဒရှိလိမ့်မည်ဟု သူမထင်ခဲ့သည်။သို့ပေမဲ့ ကျန်းမိသားစုက တကယ့်ကို ဆိုးရွားလွန်းသည်။ကျန်းမိသားစုက ဆက်ဆံရေးကို ဖြေလျှော့ချင်လျှင်ပင် ကျန်းကျန့် သဘောတူချင်လိမ့်မည်မဟုတ်ပေ။သို့ရာတွင် ဤအတွေးကို သူမ ကျယ်ကျယ်လောင်လောင် မပြောခဲ့ပါချေ။


"ကျန်းမိသားစုဝင်တွေ အခု ဘယ်လိုလဲ" 

ကျန်းကျန့်က ကျောက်လျူ၏ ခဏတာ ညည်းညူသံကို နားထောင်ပြီးနောက် မေးလိုက်သည်။


"သခင်ကျန့်ရဲ့လူတွေက ကျန်းချောင်ဝမ် နဲ့ ကျန်းချောင်ရှန့်ကို ခေါ်သွားခဲ့တယ်... ပြန်မလာသေးဘူးရယ်"


မူလက ကျန်းကျန့်၏လူများက ကျန်းမိသားစုကို ရှာဖွေပြီး သင်ခန်းစာကောင်းများ ပေးချင်သော်လည်း ကျန်းချောင်ဝမ် နှင့် ကျန်းချောင်ရှန့်တို့ကို ကျန့်ရီ၏လူများကခေါ်သွားပြီးဖြစ်ပြီး မသန်မမြန်ကျန်းလင်မယားသာ ကျန်ရှိတော့သဖြင့် ဘာမှမတတ်နိုင်ခဲ့ပေ။


ကျောက်ကျင်းကောက တော်ဝင်သံတမန် ထိုနေရာ၌ရှိသည်ဆိုကတည်းက ကျန်းမိသားစုကို အနိုင်ကျင့်ရန် မဖြစ်နိုင်တော့ဟု တွေးထားခဲ့သဖြင့် ၎င်းကို ထိုအတိုင်း ထားရုံတတ်နိုင်ခဲ့သည်။


"အင်း"


ကျန်းကျန့်က ခေါင်းညိတ်လိုက်သည်။


"သခင်ကျန့်ကို မေးဖို့ တစ်ယောက်ယောက် လွှတ်လိုက်ရမလား" 


ကျောက်ကျင်းကောက မေးသည်။ကျန်းချောင်ဝမ် နှင့် ကျန်းချောင်ရှန့် တို့ကို ခေါ်သွားခဲ့သူမှာ ကျန့်မိသားစု၏ ဘဏ္ဍာစိုးအိုကြီး ဖြစ်သည်။ ထိုအချိန်က ကျန်းကျန့် နှင့် ကျန့်ရီ ချင်ဖုန့်အဆောက်အဦးသို့သွားသောအခါတွင် ဘဏ္ဍာစိုးအိုကြီးနှင့် စကားပြောခဲ့ပြီး ဘဏ္ဍာစိုးအိုကြီး ပြောသည့်အတိုင်းဆိုပါက ကျန်းမိသားစုနောက်တွင် အခြားလူတစ်ယောက်ရှိနေလောက်သည်။


ပုံမှန်အခြေအနေအရ ကျန်းမိသားစုသည် တော်ဝင်သံတမန်ကို ဘယ်သောအခါမှ မတွေ့နိုင်ပေ။တွေ့မည်ဆိုပါကလည်း ၎င်းတို့အား တရားစွဲရန် သတ္တိမရှိပေ။


"မလိုပါဘူး...သခင်လေးကျန့်ကို ကိုင်တွယ်ခိုင်းလိုက်ပါ"


ကျန်းကျန့်က ပြောလိုက်သည်။


ဒါကို ဂရုစိုက်ဖို့ သူ့မှာ အချိန်မရှိဘူး... ပိုအရေးကြီးတာတွေ လုပ်ဖို့ရှိတယ်...ဥပမာ ကျောင်းဖွင့်တာလိုမျိူး...


ကျန်းကျန့် သင်္ဘောကျင်းဘေးတွင် ကျောင်းတစ်ကျောင်း ဆောက်ပြီး သူ့လူများ၏ သားသမီးများကို ကျောင်းတက်ခွင့်ပေးရန် ရည်ရွယ်ထားသော်လည်း အလုပ်များလွန်းသောကြောင့် ယခုအချိန်အထိ မပြီးမြောက်ခဲ့ပေ။


မူလက နှစ်သစ်ကူးအထိ စောင့်ရန် သူရည်ရွယ်ထားပြီး နွေဦးအားလပ်ချိန်အစတွင် ကျောင်းစဖွင့်လိမ့်မည်။


သို့ပေမဲ့ ယခု သူစိတ်ပြောင်းသွားခဲ့၏။


စားသောက်ပြီးနောက် ကျန်းကျန့် ကျောက်ကျင်းကောကို ရွာသူကြီးကျန်းဖျင်ထံ ခေါ်ဆောင်သွားပြီး ရွာသူရွာသားများ၏ အကူအညီအတွက် အလွန်ကျေးဇူးတင်ကြောင်းပြောကာ ကျောင်းဖွင့်ရန် ကြိုတင်စီစဉ်ထားကာ ရွာက ကလေးတွေကို အလကားစာဖတ်နိုင်အောင် သင်ကြားပေးမည့် တစ်စုံတစ်ဦးကို ငှားရမ်းရန်ရှာဖွေနေကြောင်းပါပြောလိုက်သည်။


"ဒါ ဒါ . . . ဒါအမှန်လား" 

ကျန်းဖျင်က ကျန်းကျန့်အား စိတ်လှုပ်ရှားစွာ ကြည့်လိုက်သည်။ ကလေးတွေ အခမဲ့ စာသင်နိုင်မှာလား... ဒီလောက်ကောင်းတဲ့ အရာ ရှိမှာတဲ့ လား...


"ဟုတ်ပါတယ် အမှန်ပါပဲ...ဒါပေမဲ့ တအား တတ်မြောက်လွန်းတဲ့ ပညာရှင်ကို ကျုပ် မငှားနိုင်ဘူး...ဒါကြောင့် သင်ကြားပေးမဲ့ အဓိကအချက်က စာရေးစာဖတ်နဲ့ တွက်ချက်နည်းပါ...ကျုပ်ကျောင်းမှာ ကလေးတွေကို စာမေးပွဲဖြေစေချင်ရင် သူတို့ ဘာမှ ရမှာတော့ မဟုတ်ဘူး..."


ကျန်းကျန့်က ပြောလိုက်သည်။


"သူတို့မှာ ဒါဇင်နဲ့ချီတဲ့ မြေတွေမရှိရင် ဘယ်သူက သားသမီးတွေကို တော်ဝင်စာမေးပွဲမှာ ပါဝင်ခိုင်းမယ်လို့တွေးမှာလဲ...စာရေးနည်းဖတ်နည်းနဲ့ တွက်ချက်နည်းသိတာကတင် ကောင်းနေပါပြီ..."

 ကျန်းဖျင်က ဝမ်းသာအားရ ပြုံးပြသည်။


"ဒါဆို ရွာသူကြီးကို ရွာသူရွာသားတွေကို စကားပြောဖို့ ဒုက္ခပေးရပါဦးမယ်...ကျုပ်ကျောင်းက အသက် ခုနစ်နှစ်ကနေ ဆယ့်လေးနှစ်ကြား ကလေးတွေကို သင်ပေးမှာပါ...အကုန်လုံးလက်ခံမယ်...လူကြီးတွေ လာလေ့လာချင်ရင်လည်း အဆင်ပြေပါတယ်... သူတို့က နောက်တန်းမှာထိုင်ပြီး သင်ခန်းစာကို နားထောင်နိုင်တယ်..."

ကျန်းကျန့်က ဆက်ပြောသည်။


"ကောင်းတယ်... ငါချက်ချင်း တစ်အိမ်တက်တစ်အိမ်ဆင်း သွားပြောလိုက်မယ်" 

ကျန်းဖျင်က ပြောလိုက်သည်။ 


ကျန်းကျန့်လက်အောက်မှာ တွက်ချက်နည်းကို သိပြီး အလုပ်လုပ်သည့်သူတွေက လစဉ် ငွေအမြောက်အများ ရရှိ၏။ သူတို့ရွာက ကလေးတွေက သင်ယူပြီးလျှင် နောင်အနာဂတ်မှာ သူ့လက်အောက်မှာ အလုပ်လုပ်နိုင်ကြမှာ သေချာသည်။ ကောင်းလိုက်တာ...


သူ့မြေးလေးက ခြောက်နှစ်ပဲရှိသေးတာ သနားစရာပဲ ...ဒါပေမယ့် ကျန်းကျန့် နဲ့ သီးသန့်စကားပြောရင် ...တစ်နှစ်စောပြီး ကျောင်းတက်လို့ရလောက်တယ်မဟုတ်လား...


ကျန်းဖျင် အလွန်စိတ်လှုပ်ရှားနေသောကြောင့် မကြာခင်မှာပဲ ဤကိစ္စနှင့်ပတ်သက်ပြီး တစ်အိမ်တက်တစ်အိမ်ဆင်းသွားခဲ့သည်။မှန်ပေသည်၊ သူ သားသတ်သမားကျန်းအိမ်ကို မသွားခဲ့ပါချေ။


ကျန်းမိသားစု၏ဒုတိယဦးလေးသည် ဆေးရွက်ကြီး အနည်းငယ်ကိုကိုင်ကာ သူ့ဆေးတံ ထဲသို့ထည့်လိုက်သည်။ သူသည် ဆေးလိပ်ကို ပိုးစာမီးဖြင့် မီးညှိလိုက်ပြီး အသက်ပြင်းပြင်းရှူကာ မီးခိုးများကို ရှူထုတ်လိုက်သည်။


ထို့နောက် သူ့သားကို ကြည့်လိုက်သည်။ 


"အကြီးဆုံးသား...ဒီကျန်းကျန့်မှာ ကျန်းမျိုးရိုးရှိတယ်...သူဘာကြောင့် ကျောက်မိသားစုထဲဝင်ရတာလဲ...ကျန်းမိသားစုရဲ့သားနှစ်ယောက်က သူ့ကိုတကယ်တရားစွဲမယ်ဆိုရင် ကျန်းမိသားစုဆီ ပြန်သွားပြီး ကျန်းမိသားစုရဲ့ ဂုဏ်ကျက်သရေကိုဆောင်ဖို့ ဖြစ်နိုင်ချေရှိတယ်လို့ မင်းထင်လား"


"အဖေ နောင်တစ်ချိန်မှာ ဒီလိုမျိုး အတွေးမျိုး မရှိ

ပါစေနဲ့... မဟုတ်ရင် မိသားစုထဲက ကျုပ်တို့အားလုံး အဲဒီရဲ့အကျိုးဆက်ကို ခံစားကြရလိမ့်မယ်..." 


ကျန်းမိသားစု၏ ဒုတိယဦးလေး၏သားသည် သူ့ ဖခင်၏ပါးစပ်ကို အုပ်ချင်မိသည်။


သူ့အဖေက ဘာလို့ ဒီလောက်နားဝေတိမ်တောင်နိုင်ရတာလဲ... သူ့ဘ၀ကို အေးအေးချမ်းချမ်း ငြိမ်ငြိမ်သက်သက် မနေနိုင်ဘူးလား...ကျန်းကျန့်က ကျန်းမိသားစုဆီ ပြန်သွားရင်တောင် ဘာဖြစ်မှာမလို့လဲ...ကျန်းကျန့်က သူတို့ကို ပိုက်ဆံသုံးဖို့ ပေးနေဦးမယ်....


"အလိုလေးလေး..."


ကျန်းမိသားစု၏ ဒုတိယဦးလေးက သက်ပြင်းချလိုက်သည်။


သက်ပြင်းချပြီးချိန်တွင် အပြင်မှ တစ်ယောက်ယောက် ဝင်လာသည်။ ရောက်လာသည့်လူက ကျန်းဖျင်ကလွဲ၍ တခြားသူမဟုတ်ပေ။


"ရွာသူကြီး တစ်ခုခုဖြစ်လို့လား"


ဆောင်းရာသီဖြစ်သဖြင့် လယ်ကွင်းတွေမှာ လုပ်စရာသိပ်မရှိပေ။အခြေခံအားဖြင့်၊ ကျန်းမိသားစုဝင်များအားလုံးသည် အိမ်တွင်နေထိုင်ကြပြီး လူငယ်အနည်းငယ်သာ အလုပ်သွားကြသည်။


"သတင်းကောင်းဟေ့... သတင်းကြီးတစ်ခုရှိတယ်"


ကျန်းဖျင်က ဝမ်းသာအားရ ပြောလိုက်သည်။


 "ကျန်းကျန့်က သင်္ဘောကျင်းမှာ အလွတ်အိမ်အနည်းငယ်ဆောက်ပြီး အထဲမှာ စားပွဲနဲ့ ကုလားထိုင်တွေ ဆောက်ထားတယ်...အဲဒါက နောင်မှာ ကျောင်းဖြစ်လာမှာတဲ့ဟေ့... သူက ငါ့ဆီလာပြီး ရက်ပိုင်းအတွင်း ကျောင်းဖွင့်တော့မယ်လို့ ပြောတယ်...ကလေးတွေကို စာရေးတာ၊ ဖတ်တာ၊ တွက်ချက်တာတွေကို အခမဲ့သင်ပေးမှာတဲ့"


"ဒီလိုမျိုးရှိတာလား..." 


ဒုတိယဦးလေးကျန်းမိသားစုမှလူများသည် စိတ်လှုပ်ရှားလာပြီး ကျန်းဖျင်အတွက် လက်ဖက်ရည်လုပ်ပေးကြသည်။


ကျန်းဖျင်က လက်ဖက်ရည်သောက်လိုက်သည်။ "ဒီလိုမျိုးရှိတယ်...မင်းတို့မိသားစုမှာ ကလေးအများကြီးရှိပြီး အများစုက ကျောင်းတက်နိုင်တယ်...ဒါက သေချာပေါက် အားသာချက်ပဲ"


"ဟုတ်တယ်...ဟုတ်တယ်"


ဒုတိယဦးလေးကျန်း၏သားအများအပြားက ခေါင်းညိတ်သည်။ အားလုံး အလွန်ကို စိတ်လှုပ်ရှားနေကြသည်။


ကျန်းမိသားစု၏ဒုတိယဦးလေးပင် ဤအချိန်မှာ စိတ်လှုပ်ရှားနေခဲ့၏။


ကျန်းဖျင်က သူတို့အိမ်တွင် ခဏသာနေထိုင်ပြီးနောက် ထွက်ခွာသွားခဲ့သည်။ သူထွက်သွားပြီးနောက် ကျန်းမိသားစုးကဒုတိယဦးလေး၏သားများသည့် ဖခင်ဖြစ်သူအား ဝိုင်းပြောကြသည်။


 "အဖေ... နောင်တစ်ချိန်မှာ ကျန်းကျန့်ကို ထပ်ပြီးစော်ကားလို့ မရတော့ဘူး....မဟုတ်ရင် ကျုပ်တို့ကျန်းမိသားစုရဲ့ သားသမီးတွေ ကျောင်းမတက်နိုင်တော့ဘဲနေမယ်...ကျုပ်တို့က အဖေ့ပေါ်မူတည်ရတော့မှာ"


ကျန်းမိသားစု၏ဒုတိယဦးလေးက အလျင်အမြန်အာမခံလိုက်သည်။


"ငါသေချာပေါက်ဘာမှလုပ်မှာမဟုတ်ဘူး"


 သူ့ အဖိုးတန်မြေးတွေ ကျောင်းတက်ရသည်က တကယ်ကို ကောင်း၏။သူ ကျန်းကျန့်နောက်ကို နောက်တဖန် မလိုက်တော့မှာ သေချာသည်။


ဟယ့်ရှီရွာသူရွာသားများသည် သတင်းကောင်းကို အချင်းချင်း အပြေးအလွှားပြောနေကြပြီး အားလုံး စိတ်လှုပ်ရှားနေကြသည်။


စာသင်လျှင် အနာဂတ်မှာ အလုပ်အကိုင်ကောင်းတွေ ရှာနိုင်တော့မှာဖြစ်သဖြင့် လယ်ထဲမှာ အလုပ်ပင်ပင်ပန်းပန်းလုပ်ရန်မလိုတော့ပေ။


ယနေ့တွင် ဟယ့်ရှီရှိ ကလေးများအားလုံးနီးပါးသည် ၎င်းတို့၏မိဘများက ရိုက်နှက်ဆုံးမခြင်းကိုကောင်းကောင်းခံရပြီး အနာဂတ်တွင် ကျောင်းသွားသည့်အခါ နာခံမှုရှိရန် ပြောခဲ့ကြသည်။ဤကလေးတွေက ခေါင်းညိတ်ပြပြီး အားလုံးက သဘောတူကြသည်။


ကျောင်းအတင်းတက်ခိုင်းခြင်းခံရသူတွေက စာသင်ရသည်ကို မကြိုက်ပေမဲ့ ယခင်က မတတ်နိုင်သူတွေက စာကျက်ချင်စိတ်တွေ အပြည့်နှင့်ရှိနေကြသည်။


ကျောင်းသားများက ရှာရလွယ်သည်၊ကျန်းကျန့်လူများ၏ကလေးများနှင့်ဟယ့်ရှီရွာမှကလေးများသည် စာသင်ခန်းအချို့ကို ဖြည့်နိုင်မည်ဖြစ်သည်။ဆရာများအတွက်မူ. . .


ယခင်က ကျန်းကျန့်ခေါ်ယူခဲ့သည့် စာပေပညာရှင် အများအပြား ရှိခဲ့ပေမဲ့ တချို့က ကိုယ်ရံတော်လုပ်ငန်းသွားရာနောက်လိုက်ရန် လိုက်လျောညီထွေ မရှိကြပေ။ကျန်းကျန့်က သူတို့ကို ကလေးတွေကို စာဖတ်နည်း သင်ပေးရန် ရိုးရိုးရှင်းရှင်းပဲ တောင်းဆိုခဲ့၏။ 


ဘာကြောင့်လဲဆိုတော့ စာရင်းကိုင်တွေ လုံလောက်မှု မရှိတော့ဘူး...နောက်ထပ် လူသစ်စုဆောင်းဖို့ သူ နယ်မြို့လေးကိုပဲသွားလို့မရဘူးလေ...


လက်ရှိအချိန်တွင် "အပတ်" ကဲ့သို့သောအရာမျိုးမရှိပါချေ။ကျန်းကျန့်က ဤအကြောင်းအရာကိုစိတ်ဝင်စားခြင်းမရှိသောကြောင့်လစဉ်လတိုင်း၊ ပထမ၊ဒုတိယနေ့အပြင် ဆယ့်တစ်ရက်နေ့နှင့်ဆယ်နှစ်ရက်နေ့၊ နှစ်ဆယ့်တစ်ရက်နေ့နှင့်နှစ်ဆယ့်နှစ်ရက်နေ့များကို အားလပ်ရက်များအဖြစ်ထားရှိရန်စည်းမျဉ်းတစ်ခုချမှတ်ခဲ့သည်။


ကျန်အချိန်များတွင် ကလေးမျးက စာသင်ခန်းကို နာခံမှုရှိရှိ သွားရမည်။ တစ်ချိန်တည်းမှာပင် ရိုးရာအားလပ်ရက်များတွင် အတန်းများရှိမည်မဟုတ်သော်လည်း နွေရာသီ သို့မဟုတ် ဆောင်းရာသီအားလပ်ရက်များ ရှိမည်မဟုတ်ပေ။


ကလေးများက အားလပ်ရက်ရှိသဖြင့် ဆရာများမှာလဲရှိလိမ့်မည်။ဆရာများသည် ကျောင်းတွင် စာသင်ကြားရန် တစ်လလျှင် ငွေနှစ်စသာ ရသော်လည်း သင်္ဘောနောက်လိုက်၍ ဝေးကွာသော နေရာများသို့ သွားရန် မလိုအပ်ပေ။သူတို့က အားလပ်ရက်လည်း ပိုရလိမ့်မည်။ကျန်းကျန့်မှ သင်ကြားရန် စီစဉ်ပေးထားသည့် လူများထဲတွင် တစ်ဦးမှ မကျေနပ်သည်မျိုးမရှိပေ။


ဟယ့်ရှီရွာမှလူများက အားလပ်ရက်တွေများလွန်းသည်ဟုပဲ ထင်နေကြသည်။သူတိူ့က သားသမီးတွေကို နေ့တိုင်း ကျောင်းတက်စေချင်တုန်းပင်။


ကျန်းကျန့် ကျောင်းဖွင့်ရန် စိတ်ဆုံးဖြတ်ပြီးနောက်တွင် သူသည် လျင်မြန်စွာ လုပ်ဆောင်ခဲ့ပြီး နှစ်ရက်အတွင်း ကြိုတင်ပြင်ဆင်မှုအားလုံးကို ပြီးမြောက်ခဲ့သည်။


ထိုအချိန်တွင် ကျန့်ရီက တော်ဝင်သံတမန်ကို လိုက်ပို့ခဲပြီး ထိုကိစ္စကို ရှင်းရှင်းလင်းလင်း စုံစမ်းစစ်ဆေးမှု ပြီးဆုံးသွားခဲ့သည်။


သိရှိပြီးနောက်တွင် သူ အမှားလုပ်မိသည်ဟု သံသယဖြစ်လုနီးပါးဖြစ်ခဲ့သည်။ 


ရှန်းအန်ရှင်း...ရှန်းအန်ရှင်း ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...


ကျန့်ရီက လူတွေကို အကဲဖြတ်ရာမှာ 100% တိကျသည်ဟု မပြောဝံ့ပေမဲ့ လူအမျိုးမျိုးနှင့်ထိတွေ့ဆက်ဆံပြီးနောက်မှာ သူ အကဲဖြတ်သည်က အတော်လေးကို မှန်ကန်ခဲ့လေသည်။ 


ရှန်းအန်ရှင်းက ပျော့ညံ့သူဖြစ်သော်လည်း စိတ်ထားဆိုးသူမဟုတ်သောကြောင့် သူ့ကို သင်မည်သို့ပင်ကြည့်စေ၊ သူသည် လူတို့ကို ထိခိုက်နစ်နာစေမည့် အမျိုးအစားနှင့် မတူပေ. . . ဒါဆို ရှန်းအန်ရှင်းကဘာလို့လုပ်တာလဲ. . .


ကျန်းချောင်ဝမ် နှင့် ကျန်းချောင်ရှန့် တို့က ရှန်းအန်ရှင်း ၏ပါဝင်ပတ်သက်မှုကို ဝန်ခံထားပြီးဖြစ်သော်လည်း ကျန့်ရီ ရှန်းအန်ရှင်းကိုမခေါ်မီ နှစ်ရက်လောက်ဘေးဖယ်ထားခဲ့သည်။


ရှန်းအန်ရှင်းကိုစောင့်နေရင်း ကျန့်ရီ၏စိတ်အခြေအနေမှာ မကောင်းလှပေ။ရှန်းအန်ရှင်းက သူ့ကို နှောင့်ယှက်ရန် ကြိုးစားဖို့သတ္တိရှိလိမ့်မည်ဟု သူ ဘယ်တုန်းကမှ မတွေးခဲ့မိပေ။ရှန်းအန်ရှင်းက ဤသည်ကို လုပ်နိုင်လိမ့်မည်ဟု သူ မမျှော်လင့်ခဲ့သလို သူ ကြိုးကိုင် ခြယ်လှယ်ခံရလိမ့်မည်ဟုလည်းသူမျှော်လင့်ထားခဲ့။


ကျန့်မိသားစုကို ဧကရီမယ်တော်ကြီးက ဆုချီးမြှင့်ပြီး တော်ဝင်ကုန်သည်ဖြစ်လာပြီးနောက် ကျန့်ရီ မလွဲဧကန် ကျေနပ်သွားခဲ့ပြီ ယင်းက သူနိုးထလာချိန်အထိပင်။ အမှန်မှာ သူသည် ပုဂ္ဂိုလ်သေးသေးလေးမျှသာဖြစ်ပြီး သူသတိမထားမိပါက သူဘယ်တော့မှ ရုန်းမထွက်နိုင်သော တွင်းထဲသို့ ကျသွားနိုင်သည်။


ကျန်းကျန့် ပြောသည်က မှန်၏။ သူ၏ကျန့်မိသားစုက တကယ်တမ်းတွင် ဘာမှမဟုတ်ပါချေ။ သူ့ဒုတိယဦးလေးက တခြားသူတွေ၏အမြင်မှာ ရာထူးကြီးလျှင်ပင် ဧကရီမယ်တော်ကြီးကို မြှောက်ပင့်မျက်နှာချိုသွေးပေးခြင်းကနေ အကျိုးကျေးဇူးအနည်းငယ်ကို ရရှိနေရုံသဖြစ်သည်။ မည်သူမဆို သူ့ကို တက်နင်းနိုင်သည်။


ဧကရီမယ်တော်ကြီးသာ တစ်နေ့ကျ ပြုတ်ကျသွားလျှင်. . .


ကျန့်ရီ၏အမူအရာက အေးစက်လာသည်။ ထိုအချိန်တွင် ရှန်းအန်ရှင်း ဝင်လာလေသည်။


ယခင်က ရှန်းအန်ရှင်းသည် တောက်တော်ပပ ရွှင်ရွှင်ပျပျမရှိသော်လည်း သဘောကျဖွယ်ရှိနေဆဲဖြစ်သည်။ သို့သော် လက်ရှိတွင် သူသည် အလွန်အုံ့မှိုင်းနေပုံရပြီး သူက မည်သည့်အရာကိုမျှ ဂရုမစိုက်ကြောင်း လူတို့အား အပျက်သဘောဆောင်သည့် သဘောကို ပေးနေသည်။ပြီးလျှင် ရုတ်တရက် ကိုယ်အလေးချိန် အလွန်ကျသွားသည်. . .ကျန့်ရီ သူ့ကို ယခုလိုမြင်ရသောအခါ အံ့သြသွား၏။


ရှန်းအန်ရှင်း ဘာဖြစ်သွားတာလဲ. . . သို့သော် ရှန်းအန်ရှင်း မည်သို့ပင်ဖြစ်ပါစေ၊ သူ့ကိုထိခိုက်အောင်ကြိုးစားရန် အကြောင်းပြချက်မရှိပေ။ သူက ရှန်းအန်ရှင်းအပေါ်ကို ကြင်နာခဲ့သည်။


အစပိုင်းတွင် ရှန်းမိသားစုနှင့် စီးပွားရေးလုပ်မည့် တော်ဝင်ကုန်သည်များကို ရွေးချယ်ခြင်းသည် ပို၍ခက်ခဲလာစေရန် ကြိုတင်လျာထားပြီး(ကံပါပြီး)ဖြစ်သည်။


ရှန်းအန်ရှင်း ကိုယ်တိုင်ကလည်း စီးပွားရေးသမားကောင်းမဟုတ်ပေ။သူသာ ရှန်းမိသားစုနှင့် ပူးပေါင်းဆောင်ရွက်ခြင်းမပြုခဲ့ပါက ရှန်းမိသားစုအများစုသည် ယခုအချိန်တွင် စီးပွားရေးလုပ်နိုင်တော့မည်မဟုတ်ပေ။ သို့သော်လည်း အကုန်လုံးပြီးသည့်နောက် ရှန်းအန်ရှင်းက ကျေးဇူးကို မည်သို့တန်ဖိုးထားရမည်ကို မသိသဖြင့် သူ့ကို ဆန့်ကျင်ခဲ့သည်. . .ဤသည်က ကျွေးသည့်လက်ကို ပြန်ကိုက်ခြင်းသာဖြစ်သည်။


"ကြိုဆိုပါတယ်ရှန်းအန်ရှင်း... မင်းငါ့ကိုဆန့်ကျင်ဖို့ ဒီလိုအစီအမံတွေ ချမှတ်ထားတာ ငါမယုံနိုင်ဘူး" 


ကျန့်ရီက လက်ဖက်

ရည်ခွက်ကို ကောက်ကိုင်လိုက်ပြီး လက်ဖက်ရည်သောက်ရင်းသရော်လိုက်သည်။


ဟယ်ချောင်စီရင်စုတစ်ခုလုံးနီးပါး၊ တရားသူကြီးနှင့် ကျန်းကျန့် ထိုတွင်းထဲသို့ ကျသွားတော့မည်ဆဲဆဲဖြစ်ခဲ့ရသည် . . .