Chapter 184
ငါးစွပ်ပြုတ်ကို ငါးအကြီးကြီးများမှ ပြုလုပ်ထားခြင်း ဖြစ်သည်။ အရိုးများသော ငါး၏ ကျောပိုင်းကို အလွှာပါးပါးလေးများ လှီးရသည်။ ငါးဗိုက်သား၊ ငါးရိုးများနှင့် ငါးခေါင်းတို့ကို ဆီနည်းနည်းနှင့် တစ်ခဏမျှကြော်ပြီး စွပ်ပြုတ်ထဲသို့ ထည့်ရသည်။ တစ်ခဏမျှဆူပွက်စေပြီးသွားသောအခါ တို့ဖူးအချို့ ထည့်၍... ပြီးနောက်တွင် ငါးအသားလွှာလေးများ ထည့်ပေးရလေသည်။
ငါးစွပ်ပြုတ် တစ်ပန်းကန်ကို မကြာခင်မှာပင် တည်ခင်းနိုင်လေပြီ။
ကလေးများမှာ ငါးစားသည့်အချိန်တွင် အလွယ်တကူ အရိုးမျက်နိုင်သဖြင့် သူတို့ကို ပေးသော ငါးစွပ်ပြုတ်တွင် ငါးဗိုက်သားသာ ထည့်ပေးထားသည်။ ဆောင်းရာသီတွင် ငါးစွပ်ပြုတ် ပူပူနွေးနွေးသောက်ရသည်က ပျော်စရာ ကိစ္စဖြစ်သည်။
ရွာထဲမှ မိန်းကလေးများနှင့် ကောများကို စာသင်ပေးရန်အတွက် ကျန်းကျန့်က လျူချမ်ချမ်နှင့် ချင်ဖုန့်အဆောက်အဦးတွင် အလုပ်လုပ်ကြသည့် အခြားသူများထံ လွှဲပေးထားသည်။ ယနေ့က လျူချမ်ချမ်မှာ ဆရာမအဖြစ် တာဝန်ကျသဖြင့် သူမသည်လည်း ငါးစွပ်ပြုတ် ပန်းကန်အကြီးကြီးတစ်လုံး ရရှိခဲ့သည်။
လျူချမ်ချမ်က ငါးစွပ်ပြုတ်ကို တပျော်တပါး စားသောက်နေချိန်မှာပင် ကျန်းကျန့်နှင့် ကျောက်ကျင်းကောတို့ ပြန်လာနေပြီ ဖြစ်ကြောင်း တစ်ယောက်ယောက် အော်လိုက်သည်ကို ရုတ်တရက် ကြားလိုက်ရသည်။
ကျောင်းထဲမှ ကလေးများမှာ သူတို့၏ အတန်းများကို ဂရုမစိုက်နိူင်ကြတော့ဘဲ ဆိပ်ကမ်းဆီသို့ ပြေးသွားလေကြသည်။ မူလက သူတို့ လုပ်နေသည့် အရာများကို မေ့သွားကြသည့် ကျင်းကျန့် ကိုယ်ရံတော် လုပ်ငန်းမှ လူများကိုမူ ဆိုဖွယ်ရာပင် မရှိတော့။
ကျန်းကျန့်နှင့် ကျောက်ကျင်းကောတို့ ထိုကဲ့သို့သော မြင်ကွင်းကို မြင်ရသည့် ပထမဆုံးအကြိမ် မဟုတ်သော်လည်း ယခင်က ထိုမျှလောက်ထိ သက်ဝင်လှုပ်ရှားနေသည်ကို မမြင်ဖူးသဖြင့် တစ်ခဏမျှ ကြက်သေသေသွားကြသည်။
ချက်ချင်းပင် စိတ်အခြေအနေကောင်းသွားကြလေသည်။
ထမင်းစားဆောင်က မကြာမီပင် ငါးစွပ်ပြုတ် မြောက်များစွာ ထုတ်ယူလာခဲ့ပြီး ကျန်းကျန့်နှင့် အခြားသော ပြန်ရောက်လာသူများမှာလည်း ငါးစွပ်ပြုတ် ခပ်ကြီးကြီး တစ်ပန်းကန် ရခဲ့ကြလေသည်။
ဆောင်းရာသီတွင် ငါးစွပ်ပြုတ် ပူပူလေး တစ်ပန်းကန် သောက်ရသည်က အလွန်ပင် နှစ်သက်ဖွယ်ကောင်းလှပြီး အရသာကလည်း အလွန်ကောင်းသည်။
ကံမကောင်းစွာဖြင့် ဤခေတ်တွင် ငရုတ်ကောင်း မရှိ၍သာ။ ထိုသို့မဟုတ်လျှင် ငါးစွပ်ပြုတ်သာမက ဟော့ပေါ့လည်း လုပ်စားနိုင်ပေမည်။
ကျန်းကျန့်က စပ်သော အစားအစာများကို အထူးနှစ်ခြိုက်တတ်သူ မဟုတ်သော်လည်း အစပ်ဟင်းလျာများကို အချိန်နှင့်အမျှ စားချင်နေဆဲ ဖြစ်သည်။ ၎င်းကို အချိန်အတော်ကြာ မစားရသဖြင့် ပို၍ပင် လွမ်းဆွတ်လာခဲ့သည်။
ငါးစွပ်ပြုတ်စားနေစဥ် ကျန်းကျန့်က ကျောက်မင်ကျုးကို ငါးဗိုက်သားထဲမှ အသားလေးများ ဖဲ့ကျွေးနေခဲ့သည်။
ကျောက်မင်ကျူးက ကိုးလပြည့်ခဲ့ပြီ ဖြစ်ပြီး ဖြည့်စွက်စာများ စားနိုင်ပြီ ဖြစ်သော်လည်း ကျန်းကျန့်က ဗိုက်မကောင်း ဖြစ်မည်ကို စိုးရိမ်သဖြင့် ဆန်ပြုတ်မှလွဲ၍ အခြားအစားအစာများ မကျွေးရဲပေ။
ကျောက်မင်ကျူးက ငါးစားရသည်ကို အလွန် သဘောကျနေပြီး ငါးလေးတစ်တုံးကို မြည်းစမ်းကြည့်ရပြီးနောက် သူမ၏ ပါးစပ်လေးကို "အာ အာ အာ" ဟု ဟကာ ဆက်ကျွေးရန် တောင်းဆိုနေခဲ့လေသည်။ သို့သော်လည်း ကျန်းကျန့်က သူမကို ထပ်မကျွေးတော့ဘဲ ဝါးစားရန်အတွက် ဘန်းမုန့်ပေါင်းကို သေသေးလေးဖဲ့ကာ ကျွေးလိုက်သည်။
ကျောက်မင်ကျူးက ဘန်းမုန့်ပေါင်းကို မကျေမနပ်ဖြင့် ယူလိုက်သော်လည်း ကျန်းကျန့်က သူမအား ငါးဆက်မကျွေးတော့သည်ကို မြင်လိုက်ရသောအခါ ဘန်းမုန့်ပေါင်းကို ဒေါသတကြီး ကိုက်ဝါးနေရုံသာ တတ်နိုင်လေတော့သည်။
နှစ်သစ်ကူးပွဲတော်က လူအများအတွက် အရေးအကြီးဆုံး အားလပ်ရက်ဖြစ်သဖြင့် နှစ်သစ်ကူးပြီး ပထမဆုံး ရက်အနည်းငယ်အတွင်း ကျင်းကျန့် ကိုယ်ရံတော် လုပ်ငန်းက မည်သည့် စီးပွားရေး လုပ်ငန်းကိုမျှ လက်ခံပေးမည် မဟုတ်ပေ။ ကျန်းကျန့်က သူ့လူများ အားလုံးကို အားလပ်ရက်အနည်းငယ် ပေးထားပြီး သူကိုယ်တိုင်လည်း အနားယူရန် စီစဥ်ထားသည်။
ကျောက်မိသားစုက အနားယူနေပြီး နေ့ရက်တိုင်း မည်သည့်အရာများ စားသောက်ကြရန်ကိုသာ တွေးနေသော်လည်း တချီ၏ အခြားတစ်ဖက်တွင် တစ်ခုခု ဖြစ်ပွားခဲ့သည်။
ကျန့်ရီက အရည်အသွေးမြင့်ဝိုင်ကို ချက်လုပ်ပြီးနောက် ချက်ချင်းပင် မြို့တော်သို့ ပို့ပေးခဲ့သဖြင့် ဝိုင်မှာ နှစ်သစ်ကူး မတိုင်မီ နန်းတော်ထဲသို့ ရောက်ရှိသွားလေသည်။
ကျန့်မိသားစုက ထိုဝိုင်ကို ရှေးဟောင်း နည်းစနစ်များမှ ပြုလုပ်ထားသည်ဟု ဆိုသော်လည်း ဤဝိုင်မှာ အချိန်အကြာကြီး ပြုလုပ်ထားခြင်း မဟုတ်ဘဲ ဂုဏ်သတင်းကျော်စောမှုလည်း နည်းနည်းမှ ရှိမနေသည်ကို ငြင်း၍ မရနိုင်ပေ။ ဧကရီမယ်တော်ကြီး ကိုယ်တိုင်က ဝိုင်ကြိုက်လှသူ မဟုတ်။ ထို့ကြောင့် ထိုဝိုင်မှာ တော်ဝင်စားသောက်ပွဲသို့ သာမန်ကာလျှံကာ ရောက်ရှိသွားလေပြီး ဧကရီမယ်တော်ကြီး၏ စိတ်အာရုံကို မဆွဲဆောင်နိုင်ခဲ့ပေ။
သို့သော်လည်း အဆုံးတွင် ကျန့်မိသားစုက ကံကောင်းလှသည်ကြောင့်ဟု ဆိုရမည်လား မသေချာပါပေ။ ဤအခြေအနေများကြား ဝိုင်က နာမည်ကျော်ကြားလာခဲ့သည်။
နှစ်သစ်မတိုင်မီ မြောက်ပိုင်းမှနေ၍ တချီကို သတင်းစကား ပေးပို့လာခဲ့သည်။
တချီနှင့် မြောက်ပိုင်းရုံမှ လူများက အမြဲတစေ သဘောထားကွဲလွဲမှုများက ရှိကြပြီး မကြာခဏ စစ်ဖြစ်လေ့ရှိသည်။ ကြိမ်ဖန်များစွာ ဖြစ်လာသည့် တိုက်ပွဲများအကြား တချီက မကြာခဏ ရှုံးနိမ့်လေ့ရှိပြီး အစားအသောက်၊ မွေးမြူရေး တိရစ္ဆာန်များနှင့် လူ့အသက်များ အစရှိသည့် အရာများစွာ ဆုံးရှုံးခဲ့ရသည်။ ထို့ကြောင့်ပင် ကျန်းကျန့် ပြောပြခဲ့သည့် ဒဏ်ရာချုပ်ခြင်း နည်းစနစ်က စစ်သူကြီးများစွာ၏ အာရုံကို ဆွဲဆောင်သွားနိုင်ခဲ့သည်။
ဤနှစ်တွင် တချီနှင့် မြောက်ပိုင်းရုံတို့က တိုက်ပွဲ ထပ်မံ ဖြစ်ပွားခဲ့ချိန်၌ မြောက်ပိုင်းရုံဘက်တွင် ပြည်တွင်းအုံကြွမှု ဖြစ်လာခဲ့သည်။
မြောက်ပိုင်းရုံမှ လူများမှာ မူလက တိုင်းပြည်အုံကြွမှုထံမှ အနည်းငယ် လွှမ်းမိုးနေခံနေရချိန်တွင် ရုတ်တရက်ပင် တချီကို အမှတ်ရသွားလေတော့သည်။ သူတို့က တချီကို သံတမန်တစ်ယောက် စေလွှတ်ခဲ့ပြီး တချီ၏ မင်းသမီးကို လက်ထပ်ရန်နှင့် ငြိမ်းချမ်းရေးစကားပြောရန်အတွက် တောင်းဆိုခဲ့သည်။
၎င်းက မူလတွင် မှုလောက်စရာ မဟုတ်သေးသော်လည်း တချီ၏ စာသင်သားများက ရုံပြည်သားများကို အထင်သေးပြီး ရုံများကလည်း တချီသားများကို အထင်သေးလေရာ တိုင်းပြည်နှစ်ခုအကြား နောက်ထပ် အငြင်းအခုံတစ်ခု ထပ်ဖြစ်လာလေတော့သည်။ ထိုရုံတိုင်းသားများမှာ အဆုံးတွင် ဧကရီမယ်တော်ကြီးမှ သူတို့ကို စားသောက်ပွဲကျင်းပပေးခဲ့သည့် အချိန်၌ တချီ၏ ဝိုင်မှာ တချီပြည်သားများကဲ့သို့ပင် ပျော့လွန်းလှကြောင်း ပြောခဲ့ကြသည်။ ထိုကဲ့သို့သော ဝိုင်မျိုးကို သူတို့၏ မိန်းမများပင် သောက်နိုင်လိမ့်မည်ဟု ပြောခဲ့သေးပေသည်။
ထိုဝိုင်ကို ယိုးမယ်ဖွဲ့ခဲ့သည်ကြောင့် ဧကရီ မယ်တော်ကြီးမှာ ချက်ကောင်းထိကာ ဒေါသထွက်သွားရသော်လည်း ထိုအချိန်မှာပင် ဒုတိယသခင်ကြီးကျန့် ပေးလာသည့် ဝိုင်ပြင်းများကို ရုတ်တရက် သတိရမိသွားလေသည်။
ဧကရီမယ်တော်ကြီးက ချက်ချင်းပင် ထိုဝိုင်ကို ယူလာပေးရန်အတွက် တစ်ယောက်ယောက်ကို စေခိုင်းခဲ့သည်။
အမှန်မှာ... ဤအချိန်တွင် တချီက ဝိုင်ချက်လုပ်နည်း အချို့ ရှိထားပြီးသား ဖြစ်သော်လည်း အရည်အသွေး သိပ်မမြင့်ပေ။ ကျန့်ရီက ကျန်းကျန့် ပေးသော နည်းလမ်းကို လေ့လာပြီးနောက် အဆက်မပြတ် ချက်လုပ်နေရင်းဖြင့် အရည်အသွေးမြင့် ဝိုင်ကို ချက်လုပ်နိုင်ခဲ့သည်။
ဝိုင်ရလာသောအခါ ဝိုင်၏ အနံ့အရသာ ပြည့်စုံမှုက ထိုရုံသားများကို ပါးစပ်ပိတ်သွားစေပြီး ထိုသူများက ထေ့လုံးငေါ့လုံးများ အပြည့်ဖြင့် သောက်ကြည့်ကြပြီးသည့်နောက်တွင်...
မတိုင်မီက တချီဝိုင်ကြောင့် မူးယစ်နိုင်မည် မဟုတ်ဟု အမွှန်းတင်ထားကြသည့် ရုံပြည်သားများမှာ တစ်ယောက်ပြီးတစ်ယောက် မူးယစ်လာကြလေတော့သည်။ တစ်ချို့လူများမှာ အမူးလွန်သွားသည့်အတွက် ထပင်မထနိုင်တော့သဖြင့် သူတို့ကိုယ်သူတို့ အရူးဖြစ်သွားစေတော့သည်။
ရုံပြည်သားများက နောက်တစ်ရက်တွင်လည်း ထိုဝိုင်တည်ခင်းရန်ပင် တောင်းဆိုလာခဲ့ကြသည်။
ဒုတိယသခင်ကြီးကျန့်က ဧကရီ မယ်တော်ကြီး၏ လူယုံများထဲမှ တစ်ယောက် ဖြစ်ပြီး ဧကရီ မယ်တော်ကြီး၏ ဆန္ဒအတိုင်း စည်းမျဥ်းအတွင်းမှာသာ အလုပ်လုပ်တတ်သူ ဖြစ်သည်။ ဧကရီမယ်တော်ကြီးက သူ့ကို များစွာ တန်ဖိုးထားပြီး ဤတစ်ကြိမ်တွင်လည်း ကောင်းကျိုးပြုခဲ့သည့်အတွက် ဆုချီးမြှင့်ပေးခဲ့ပြီး ချင်ဖုန့်ဝိုင်ကို ချီးကျုးဂုဏ်ပြုပေးခဲ့သည်။ နောင်တွင် ချင်ဖုန့်ဝိုင်၏ စျေးနှုန်းက ထပ်ပြီး မြင့်မားလာတော့မည်မှာ သေချာသလောက်ပင်။
ထိုသတင်းက ဟယ်ချောင်သို့ မရောက်လာသေးပေ။ ထိုအခိုက်တွင်ဟယ်ရှင်းစီရင်စုနယ်မှ အရာရှိများနှင့် ကုန်သည်များမှာ နောက်ထပ် ကိစ္စတစ်ခု ကြုံတွေ့နေရပေသည်။
မတိုင်မီက ကျိုးမောင်ဟယ်မှာ ကျန့်မိသားစုထံသွား၍ ကျန်းကျန့်ကို ပြဿနာ လာရှာခဲ့သည်။ ဟယ်ရှင်းစီရင်စုနယ်မှ လူအများစုမှာ ၎င်းကို အလေးအနက် မထားခဲ့ပေ။ အဆုံတွင် ထိုကိစ္စက သူတို့နှင့် မဆိုင်သည့် ကိစ္စလေးသာ ဖြစ်သော်လည်း ဤတစ်ခေါက်ကမူ ကွဲပြားသွားလေပြီ။
ကျိုးမောင်ဟယ်က ဤတစ်ကြိမ်၌ ခေါင်းကိုက်စရာ ကိစ္စကြီးတစ်ခုကို လုပ်ခဲ့ပြန်လေပြီ။
သူ တောင်ပိုင်းသို့ ပို့ခံလိုက်ရခြင်းမှာ ဧကရီမယ်တော်ကြီးက သူ့ကို မျက်စိစပါးမွှေးစူးလာ၍ ဖြစ်သည်။ သို့သော်လည်း သူက သီးသန့်ဆားပြဿနာကို စိန်ခေါ်ခဲ့သည်။ ဤနေရာသို့ ဆားပြဿနာများ ဖြေရှင်းရန် ပို့ခံလိုက်ရသည့် ယခင်တော်ဝင်သံတမန်ပင် ထိုသို့ မစိန်ခေါ်ရဲခဲ့ပေ။
ပို၍ အံ့သြစရာ ကောင်းသည့်အချက်မှာ သူက ထိုအကြောင်းကို ပြောရဲရုံမက ဟုန်ကျန်းဆားလွင်ပြင်ကို အလျင်အမြန် အလစ်ဝင်တိုက်ရန် လူများ ဦးဆောင်လာခဲ့လေသည်။
ကျော်ကြားလှသော ဟုန်ကျန်းဆားလွင်ပြင်မှာ ကျိုးမောင်ဟယ်ထံမှ အလစ်သိမ်းခံလိုက်ရသည်။ သူက ထိုကဲ့သို့ ကိစ္စကြီးကို လုပ်ခဲ့သည့်အတွက် ကျန့်ရီပင်လျှင် ထိတ်လန့်သွားခဲ့လေသည်။
"ငါ ဒီကိစ္စအကြောင်း သူ့ကို အရိပ်အအမြွက် ပြောပြဖို့ တစ်ယောက်ယောက်ကို ခိုင်းခဲ့သေးတယ်... ဒါပေမယ့် ငါ့မှာလည်း နောက်ထပ် လုပ်ဖို့ အချိန်မရလိုက်ဘူး..."
ကျန့်ရီက ထိုသတင်းကို ရသောအခါ ဟယ့်ရှီရွာသို့ အထူးတလှယ် ရောက်ချလာပြီး မျက်နှာမကောင်းစွာဖြင့် ကျန်းကျန့်ကို ပြောပြနေခဲ့သည်။
သူက ဟုန်ကျန်း ဆားလွင်ပြင်နှင့် ပတ်သက်၍ တရားစွဲဆိုချက် သက်သေအချို့ ပြင်ဆင်ထားခဲ့သော်လည်း ၎င်းတို့ကို မပို့ရသေးခင်မှာပင် ကျိုးမောင်ဟယ်က သူ လုံးဝ မထင်ထားခဲ့သည့် အလုပ်ကို လုပ်ချလိုက်လေပြီ။
"ဘာတွေ ဖြစ်နေတာလဲ" ကျန်းကျန့်က မနေနိုင်ဘဲ မေးမိသည်။
တော်ဝင်သံတမန်က ကျန့်ရီရဲ့ စောင့်ကြည့်မှုအောက်မှာ ရှိနေတာ မဟုတ်ဘူးလား... ဘယ်လိုလုပ်ပြီး ကျန့်ရီတောင် မသိလိုက်ဘဲ ဟုန်ကျန်း ဆားလွင်ပြင်ကို ရုတ်တရက် ဝင်သိမ်းလိုက်တာလဲ...
"သူ ဒီလောက်ထိ ဆုံးဖြတ်ချက် ပြတ်သားမယ်လို့ ငါတကယ် မထင်ထားခဲ့ဘူး" ကျန့်ရီက ပြောလိုက်ပြီးနောက် ထပ်ပြောလိုက်သည်။
"ဒါပေမယ့် ဒီကိစ္စမှာတော့... ဒီလိုတစ်ခုခုကို လုပ်တာ သာမန်ပါပဲ"
ကျိုးမောင်ဟယ်က ဟုန်ကျန်းဆားလွင်ပြင်ကို ဝင်သိမ်းရခြင်းမှာ တရားမဝင်ဆားများအကြောင်း သိသွားခဲ့ခြင်းကြောင့် မဟုတ်ခဲ့ပေ။
ဟယ်ချောင် စီရင်စုတွင် ပြဿနာ ရှာပြီးနောက် သူ့အကြောင်း စုံစမ်းကြသူများစွာ ရှိနေသဖြင့် သူ စုံစမ်းစစ်ဆေးရေး လုပ်ချင်လျှင်တောင် ထိုသို့ လုပ်ရန် အဆင်မပြေနိုင်တော့။ ထိုဆားကိစ္စက အလွန် ရှုပ်ထွေးသည်ဟု ခံစားရသော်လည်း သူ မှန်မှန်ကန်ကန် စစ်ဆေးချင်လျှင်တောင် နောက်ကျသွားခဲ့လေပြီ။
ဟုန်ကျန်းဆားလွင်ပြင်ကို သူရောက်လာရခြင်းက အမှန်မှာ အခြားအကြောင်းအရင်းကြောင့် ဖြစ်ပြီး ၎င်းမှာ ဟုန်ကျင်းဆားလွင်ပြင်က ပင်လယ်ကို အုပ်စိုးနေသည့် ကိစ္စမှ စတင်သည်။
ကျန်းကျန့် ပင်လယ်စာဝယ်ရန်အတွက် အခြားသူများ နောက်သို့ လိုက်ခဲ့စဥ်က ဟုန်ကျန်းဆားလွင်ပြင်မှ လူများမှာ ပိုက်ဆံများစွာ ကောက်ခံခဲ့ပြီး ပင်လယ်ဘက်တွင် နေကြသူများထက်ပင် ရိုင်းပြသေးသည်။
သူတို့က ကိုယ်ပိုင် သီးသန့်ဆားကို ရောင်းချနေကြသော်လည်း အခြားသူများ ပါဝင်လာမည်ကို ခွင့်မပြုပေ။ ပင်လယ်ဘေးရွာတွင် နေထိုင်ကြသူများမှာ ဆားကို ချက်၍ တိတ်တဆိတ်ရောင်းချချင်လျှင်တောင် အလစ်တိုက်ခံရမည် ဖြစ်ပြီး ခုခံကာကွယ်ရန် အခွင့်အရေးပင် မရှိလေဘဲ တန်း၍ အသတ်ခံရမည် ဖြစ်သည်။
တစ်ခါတစ်ရံ သူတို့က တစ်ရွာလုံးကိုပင် အစုလိုက်အပြုံလိုက် သတ်ဖြတ်ပေဦးမည်။
ဟုန်ကျင်းဆားလွင်ပြင်က သီးသန့်ဆားရောင်းချသူများကို ဖမ်းဆီးရန် လူများစွာ ငှားရမ်းထားသော်လည်း သူတို့၏ အကူအညီအောက်မှ လူများနှင့် ပင်လယ်ဧရိယာအများအပြားကို ထိန်းချုပ်နေသူများ မပါဝင်ပေ။ ထိုလူများမှာ သူတို့၏ ပါဝင်ပတ်သက်မှု အောက်တွင် လူဆိုးဓါးပြများနှင့် မကွာခြားတော့ပါပေ။
သူတို့က သီးသန်ဆား ရောင်းချသူများကို သတ်ဖြတ်ရုံသာမက သာမန်ကျေးရွာများကို ဝင်မွှေကာ ဖျက်ဆီးတတ်သေးသည်။
သေချာပေါက် သူတို့က အကြောင်းပြချက် မရှိသတ်မည် မဟုတ်ဘဲ ရံဖန်ရံခါ ရွာထဲမှ မိန်းမများ ကောများနှင့် ကစားချင်သည်ကြောင့်လည်း ဖြစ်သည်။
ကျိုးမောင်ဟယ်က ထပ်ကာထပ်ကာ တားမြစ်ထားသည့်အထဲမှ ထိုသီးသန့်ဆားစျေးကွက် ကြီးထွားလာဆဲဖြစ်ကြောင်း ကြားလိုက်ရသောအခါ ဟုန်ကျန်း ဆားလွင်ပြင်ကို သံသယ မဖြစ်မိပေ။
တရားရုံးကတည်ထောင်ထားတဲ့ ဆားလွင်
ပြင် ကိုယ်တိုင်က သီးသန့်ဆားရောင်းနေမယ်လို့ ဘယ်သူက တွေးမိမှာလဲ... ဒါပေမယ့် သူ သွားကြည့်ဖို့ ဆုံးဖြတ်လိုက်ပြီးပြီ...