Chapter 185
ဆားလွင်ပြင်တွင် တစ်စုံတစ်ရာ ဖြစ်ပွားခဲ့ခြင်း
ကျိုးမောင်ဟယ် ထိုနေရာသို့ ရောက်သည့် အချိန်မှာပင် မြစ်ထဲသို့ ခုန်ချသွားသည့် မိန်းမတစ်ယောက်ကို တွေ့ခဲ့ရသည်။
ထိုမိန်းကလေးက လက်ထပ်ကာနီး ဖြစ်သော်လည်း ဟုန်ကျင်းဆားလွင်ပြင်လက်အောက်က လူများထံမှ ပြန်ပေးဆွဲခံရပြီး အပျော်ကစားရန် ပိတ်လှောင်ထားခံခဲ့ရသည်။ သူမက အလိုက်ခံရခြင်းမှ လွတ်မြောက်ရန်အတွက် အခွင့်အရေးတစ်ခု ရှာတွေ့ရန်မှာ ခက်ခဲလွန်းလှသဖြင့် ရေထဲသို့ ခုန်ချသွားခဲ့ခြင်း ဖြစ်သည်။ သူမက ရမ်းကားခံလိုက်ရပြီးနောက် ဒေါသထွက်လာပြီး မြစ်ထဲကိုသာ ခုန်ချသွားလေတော့သည်။
ကျိုးမောင်ဟယ် ထိုကိစ္စကို ကြားသောအခါ အလွန် ဒေါသထွက်လာရသော်လည်း ဖြစ်ပျက်လာခဲ့သည်များမှာ ထိုအချိန်မှာပင် ဟုန်ကျန်းဆားလွင်ပြင်မှ လွတ်မြောက်လာသည့် လူတစ်အုပ်နှင့် ထပ်တွေ့ဆုံခဲ့ရခြင်း ဖြစ်သည်။
ဤလူတစ်စုမှာ အားလုံးက ဟုန်ကျန်းဆားလွင်ပြင် ရွာများမှ ဖြစ်သည်။ နာမည်အတိုင်းပင် ထိုသူများက ဆားနှင့် ဆက်စပ်သည့် လုပ်ငန်းများတွင် လုပ်ကိုင်ကြသူများ ဖြစ်ကြသည်။
တချီတွင် လက်မှုအတတ်တတ်သူများက လက်မှုပညာသည်များ ဖြစ်ကြပြီး ဆားကျိုခြင်းနှင့် ဆားချက်သည့် အလုပ်လုပ်သူများက ဆားလုပ်သားများ ဖြစ်ကြသည်။
ဟုန်ကျန်း ဆားလွင်ပြင်က ဆားများစွာ ထုတ်လုပ်ရန် လိုအပ်ပြီး ထိုဆားများ အားလုံးကိုလည်း ဆားလွင်ပြင်တွင် ဆားလုပ်သားများက ချက်လုပ်ကြရသည်။ သို့သော်လည်း ဤခေတ်တွင် ဆားလုပ်သားများက ပင်လယ်တွင် နေထိုင်ကြသူများထက် သနားစရာကောင်းလှပေသည်။
ထိုသူများမှာ လွတ်လပ်ပြီး သူတို့ ကိုယ်တိုင် စားသုံးနိုင်ရန်အတွက် ငါးသွားဖမ်းနိုင်ကြသည်။ သူတို့သာ အေးအေးဆေးဆေး နေကြပါက ဖမ်းလည်း မမိနိုင်သလို အသတ်လည်း မခံရနိုင်ပေ။ အစားအသောက် အဝတ်အစားများလည်း အာမခံချက် ရှိသော်လည်း ဆားလုပ်သားများကမူ ခြားနားသည်။
ထိုဆားလုပ်သားများကို ဟုန်ကျန်းဆားလွင်ပြင်တွင် မှတ်ပုံတင်ထားသဖြင့် ဆားလွင်ပြင်မှာသာ နေကြရသည်။ သို့သော်လည်း ဟုန်ကျန်း ဆားလွင်ပြင်မှ လူများမှာ သူတို့ကို အစေခံများ အဖြစ်သာ ဆက်ဆံလေ့ ရှိသည်။ သူတို့က ကြုံရာကျပန်း ကြိမ်းမောင်းခံကြရပြီး တစ်ခါတစ်ရံ သူတို့ကို စားစရာပင် မပေးကြသည့်အပြင် သူတို့၏ မိသားစုများ၊ အနည်းငယ် လှပသော မိန်းမများနှင့် ကောလေးများကို မထိန်းထားနိုင်ကြပေ။
ထွက်ပြေးလာကြသည့် ထိုဆားလုပ်သားအုပ်စုမှာ ထိုကဲ့သို့ ဆက်လက် မရှင်သန်နိုင်တော့သဖြင့် ပြင်ပသို့ ထွက်ကာ ပိုကောင်းသော ဘဝအတွက် တိုက်ခိုက်ချင်နေကြသည်။
ထွက်ပြေးရဲကြသူများ အားလုံးမှာ ငယ်ရွယ်ပြီး သန်မာကြသည်။ ကျိုးမောင်ဟယ် ထိုသူတို့နှင့် တွေ့သောအခါ ဟုန်ကျန်းဆားလွင်ပြင်မှာ မျက်နှာပြောင်တိုက်စွာဖြင့် သူတို့အလိုရှိသလို လူများ သတ်ဖြတ်နေကြောင်း သိလိုက်ရသည်။ ထို့နောက် သူက သူတို့အား ဟုန်ကျန်းဆားလွင်ပြင်ရှိရာသို့ ခေါ်သွားပေးခဲ့ပြီး ဤသို့ဖြင့် နောက်ထပ်ပို၍ ဆွေးနွေးနိုင်မည်ဟု တွေးခဲ့သော်လည်း အဆုံးတွင် ဟုန်ကျန်းဆားလွင်ပြင်ကို မှား၍ သိမ်းမိသွားရသည်။
သေသေချာချာ ပြောရပါက မတိုက်ခိုက်နိုင်သည့် ဆားလုပ်သားများနှင့် စာသင်သားတစ်အုပ်က ဟုန်ကျန်းဆားလွင်ပြင်ကို သိမ်းနိုင်မည် မဟုတ်သော်လည်း ကျိုးမောင်ဟယ်၏ ကံက အမှန်ပင် ကောင်းလွန်းလှသည်။
သူက ဒေါသထွက်နေသော လူတစ်အုပ်ကို ဟုန်ကျန်းဆားလွင်ပြင်သို့ ခေါ်လာသောအခါ နှစ်သစ်ကူးပွဲတော် ကာလဖြစ်၍ ဟုန်ကျန်းဆားလွင်ပြင်မှ လူများစွာက အိမ်ပြန်၍ သူတို့၏ မိသားစုနှင့် ပြန်လည် တွေ့ဆုံနေကြသည်။ ကျန်လူများမှာ သောက်စားပျော်ပါးနေကြပြီး အများစုက အသိစိတ် ပျောက်နေကြပေသည်။
နှစ်သစ်ကူးကာလကြောင့်သာ မြစ်ထဲသို့ ခုန်ချသည့် မိန်းကလေးက ထွက်ပြေးရန် အခွင့်အရေး ရခဲ့ခြင်းဖြစ်ပြီး ထို့အတူ နှစ်သစ်ကူးကြောင့်သာပင် အစောင့်အကြပ် လျော့ရဲနေမှုကြောင့် ဆားလုပ်သားတစ်စုက တစ်စုတစ်စည်းတည်း ထွက်ပြေးလာနိုင်ခဲ့ခြင်း ဖြစ်သည်။ အဆုံးတွင် နှစ်သစ်ကူးကြောင့်သာ ဟုန်ကျန်းဆားလွင်ပြင်ကို အမှန်တကယ် သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။
လျှပ်တပြက် ဝင်သိမ်းပြီးမှသာ ကျိုးမောင်ဟယ်က ဟုန်ကျန်းဆားလွင်ပြင်မှာ တုန်လှုပ်ခြောက်ချားဖွယ် ကိစ္စများစွာ ပြုလုပ်ထားပြီး သီးသန့်ဆားကိုပင် သူတို့က ပြုလုပ်ထားသည်ကို တွေ့လိုက်ရသည်။ ယခုတွင် ကျိုးမောင်ဟယ်၏ နှလုံးသားက နေရာမှန်သို့ ရောက်ရှိနေပေပြီ။
ကျိူးမောင်ဟယ်က ချက်ချင်းပင် ဒေါသထွက်သွားပြီး မြို့တော်ကို သတင်းပို့ရန် လူလွှတ်လိုက်စဥ်မှာပင် အနီးအနားမှ ပြည်သူများနှင့် ရေတပ်အရာရှိများကို ဆက်သွယ်နေခဲ့သည်။
ရလဒ်အနေဖြင့် ထိုလူများက သူ့ကို ဟုန်ကျန်းဆားလွင်ပြင်၏ လူများကို ဖမ်းရန် ကူညီမပေးခဲ့ရုံသာမက သူက ဟုန်ကျန်းဆားလွင်ပြင်အပေါ် ပုန်ကန်မှုပြုရန်အတွက် ဆားလုပ်သားများကို အသုံးပြုသည်ဟု ဆုံးဖြတ်၍ သူ့ကို ဖိနှိပ်ရန် စစ်သားများကိုပင် ပေးပို့လာခဲ့ကြသည်။
"သူက တုံးလွန်းတယ်... အဲ့ဒီအရာရှိတွေအားလုံးက ဟုန်ကျန်းဆားလွင်ပြင်နဲ့ ပတ်သက်နေကြတာကို" ကျန့်ရီက သက်ပြင်းချလိုက်သည်။
"အခုတော့ ဟုန်ကျန်းဆားလွင်ပြင်က လုံးဝ ဖရိုဖရဲ ဖြစ်သွားပြီ... ဆားတစ်ပွင့်တောင် အပြင်ထုတ်လို့ မရတော့ဘူး... အထဲမှာ ဘာတွေ ဖြစ်နေလဲဆိုတာ ငါလည်း မသိတော့ဘူး" ကျိုးမောင်ဟယ်နောက် လိုက်ရန် သူလွှတ်ထားခဲ့သူမှာ အဆက်အသွယ်များလှပြီး အခြေအနေက မူမမှန်ကြောင်း တွေ့ရပြီးနောက် ပြေးထွက်လာခဲ့ခြင်း ဖြစ်သည်။
ထိုအကြောင်းကြောင့် သူအတော်လေး သိခဲ့ရသော်လည်း နောက်ပိုင်းသတင်းများကို သူမသိနိုင်တော့ပေ။
ကျန်းကျန့်က ကျန့်ရီပြောသော စကားကို နားထောင်နေပြီး ကူကယ်ရာမဲ့သလို ခံစားနေရသည်။ သူက ကျိုးမောင်ဟယ်အား သီးသန့်ဆားစျေးကွက်ကို စစ်ဆေးပြီး ဟုန်ကျန်းဆားလွင်ပြင်၏ အကြီးအကဲအကြောင်းကို ထောက်လှမ်းစေချင်ခဲ့သော်လည်း ကျိုးမောင်ဟယ်တစ်ယောက် ဆားလုပ်သားတစ်ဦးအတွက် တရားမျှတမှု ရှာပေးချင်ခဲ့ပြီးနောက် ဟုန်ကျန်းဆားလွင်ပြင်ကို စတင် စစ်ဆေးလိမ့်မည်ဟု မထင်ထားခဲ့ပေ။
ထိုအကြောင်းကြောင့် ထိုကိစ္စ၏ လုပ်ငန်းစဥ်က လျင်မြန်သွားခဲ့ပြီး သူတို့မျှော်မှန်းထားသည်နှင့် လုံးဝ ကွဲပြားသွားခဲ့လေပြီ။
"အခုတော့ ဟယ်ရှင်းစီရင်စုနယ်တစ်ခုလုံးရော... မြောက်ပိုင်းက ဝူကျုံး စီရင်စုနယ်ရော ပရမ်းပတာတွေ ဖြစ်နေပြီ... ကံကောင်းလို့ ငါတို့ရဲ့ ဟယ်ချောင် စီရင်စုက အဆင်ပြေနေသေးလို့ပေါ့... ငါလည်း ငါ့ဒုတိယဦးလေးကို စာတစ်စောင် ပို့ထားတယ်... ဒါပေမယ့် တရားရုံးတော်က ဒီကိစ္စကို ဘယ်လို ကိုင်တွယ်မလဲ မသိရသေးဘူး"
ကျန့်ရီက ပြောလာသည်။
ဟယ်ချောင် စီရင်စု၏ တရားသူကြီးက ကျန့်မိသားစုနောက်ကို လိုက်နေသည်။ အများဆုံး သီးသန့်ဆားသယ်လာသည့် လှေတစ်စီးကို တွေ့ခဲ့ရပါက မမြင်ချင်ယောင်ဆောင်သွားပြီး ဝင်မစွက်ဖက်တတ်သဖြင့် ဟယ်ချောင် စီရင်စုကလည်း ဤကိစ္စထဲတွင် ဝင်ပါလိမ့်မည် မဟုတ်ပေ။
အခြားသော နေရာများအတွက်ကား... မည်ကဲ့သို့ ဖြစ်လာမည်ကို မသိရသည့် ကိစ္စကြီးတစ်ရပ် ဖြစ်နေသည်။ ကျိုးမောင်ဟယ်သည်လည်း ထိုနေရာတွင် ပိတ်မိနေပြီး မည်သို့ ဆက်ဖြစ်လာမည်ကို မည်သူမှ သိနိုင်မည် မဟုတ်ပေ။
ကျန်းကျန့်က မည်သည့်စကားမှ မပြောဘဲ ဓါးလေး တစ်ချောင်းဖြင့် ဝါးများကို ချွန်နေပြီး ဝါးများကို ပါးလှသော အပိုင်းလေးများ ပြုလုပ်နေသည်။
"မင်းဘာတွေ လုပ်နေတာလဲ" ကျန်းကျန့်က မေးလိုက်သည်။
"မီးပုံးပွဲတော် ရောက်တော့မှာဆိုတော့ မီးပုံးတစ်ခု လုပ်နေတာလေ"
ကျန်းကျန့်က ပြောလိုက်ပြီး လုပ်ငန်းများ ပြီးစီးသွားသောအခါ သူ့လက်ထဲမှ ဝါးနှင့် ဓါးများကို မြေပေါ်သို့ ပစ်ချလိုက်လေသည်။
သူက လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း လုပ်စရာ မရှိသည့်အတွက် မီးပုံးအချို့ လုပ်ရန် ရုတ်တရက် အကြံရခဲ့သော်လည်း လုပ်စရာ ကိစ္စများ ရှိလာပြီ ဖြစ်၍ ဤအရာများကို လုပ်ရန် အချိန်မရှိတော့ပေ။
"မင်းက အတော်လေး စိတ်ဝင်စားစရာ ကောင်းတာပဲ" ကျန့်ရီက ပြောလိုက်သည်။ သူသည်လည်း တစ်ချိန်က စက္ကူမီးပုံးများ ပြုလုပ်ခဲ့ဖူးသော်လည်း နောက်ပိုင်းတွင် အသက်ကြီးလာသောအခါ အချိန်မရှိတော့ပေ။
"မလုပ်တော့ဘူး" ကျန်းကျန့်က ပြောလိုက်သည်။
ကျန့်ရီက သူ့ကို သိလိုစိတ် အပြည့်ဖြင့် ကြည့်လိုက်သော်လည်း ကျန်းကျန့်က ရုတ်တရက် ပြောလာခဲ့သည်။
"ငါ ဟုန်ကျန်းဆားလွင်ပြင်ကို အခြေအနေ သွားကြည့်ဖို့ တစ်ယောက်ယောက် ခေါ်သွားမယ်"
ကျန့်ရီက တန့်သွားပြီးနောက် သူနားကြားမှားသည်လားဟု သံသယ ဖြစ်သွားသည်။ သို့သော်လည်း ကျန်းကျန့်က သေချာနေခဲ့သည်။
ခေတ်သစ်တွင်သာ ဆိုပါက သူ့ထံတွင် ဇနီးနှင့် ကလေး ရှိနေပြီ ဖြစ်၍ လူနှစ်ယောက်သား အပြန်အလှန် တိုက်ခိုက်နေကြသည့် အလွန် အန္တရာယ်များသော နေရာသို့သွားရန် ဖြစ်နိူင်မည် မဟုတ်ပေ။ အဆုံးတွင် မတော်တဆ သေနတ်ဖြင့် ပစ်ခံလိုက်ရပါက သေသွားနိုင်ပေသည်။ သို့သော်လည်း ဤခေတ်တွင် အန္တရာယ်များလွန်းသည့် လက်နက်များ မရှိပေ။ ထို့အပြင် သူ ဟယ့်ရှီရွာမှာသာနေပြီး ဘယ်တော့မှ အပြင် မထွက်တော့လျှင်တောင် သူ့လုံခြုံရေးကို အာမ မခံနိုင်ပါပေ။
ကျန်းကျန့်က ဆုံးဖြတ်ချက်ချလိုက်သော်လည်း မသွားခင် နှစ်ရက်မတိုင်မီ ပြင်ဆင်စရာအချို့ ပြင်ရန် လိုသေးသည်။
ကျန့်ရီ ထွက်သွားပြီးနောက် ကျန်းကျန့်က ကျောက်ကျင်းကောကို သွားရှာခဲ့သည်။
ကျောက်ကျင်းကောက ဟယ့်ရှီရွာသား အချို့ကို ဖုချောင်သို့ သူ့နောက်မှ လိုက်လာပြီး ထိုနေရာတွင် ကြက်၊ ဘဲများ ကူ၍ မွေးမြူပေးရန် ပြောဆိုနေခဲ့သည်။
သူတို့ စကားပြော၍ ပြီးကာနီးတွင် ကျန်းကျန့်ကို တွေ့လိုက်ရသဖြင့် ကျောက်ကျင်းကောက စကားစရပ်လိုက်ပြီး ပြန်သွားနှင့်ရန် သူတို့ကို ပြောလိုက်ပြီး ကျန်းကျန့်ကို ထပ်ကြည့်လိုက်သည်။ "သခင်လေးကျန့် ပြန်သွားပြီလား"
"အင်း" ကျန်းကျန့်က ရုတ်တရက် ပြောလိုက်သည်။ "ကိုယ် နှစ်ရက်အတွင်း အပြင်သွားရမယ်"
"ဖုချောင်လား... ကျွန်တော်လည်း အတူလိုက်ပေးမယ်လေ"
"ဖုချောင် မဟုတ်ဘူး... ဒီတစ်ကြိမ်တော့ မင်းလည်း လိုက်လို့ မရဘူး" ကျန်းကျန့်က ပြောလိုက်သည်။
"ဘယ်သွားမှာလဲ" ကျန်းကျန့်၏ အလေးအနက် ဖြစ်နေသော အမူအယာအရ ကျောက်ကျင်းကောမှာ တစ်ခုခု မှားနေကြောင်း ခပ်ရေးရေး ခံစားလိုက်ရသည်။
ကျန်းကျန့်က တွေးကြည့်လိုက်ပြီးနောက် ကျောက်ကျင်းကောကို ဖုံးကွယ်မထားတော့ရန် ဆုံးဖြတ်လိုက်လေသည်။ "ကိုယ် ပင်လယ်ဘက် ထွက်မလို့"
"ပင်လယ်ဘက်ကို ဘာသွားလုပ်မှာလဲ" ကျောက်ကျင်းကောက ပဟေဠိ ဖြစ်ဟန်ဖြင့် မေးလိုက်သည်။ ကျန်းကျန့်က ကုန်ပစ္စည်းများ ဝယ်ရန်အတွက် ပင်လယ်ဘက်သို့ ထွက်လေ့ရှိသော်လည်း လတ်တလောတွင်... ထိုနေရာတွင် နောက်ထပ် စီးပွားရေး မလုပ်တော့ပေ။
ကျောက်ကျင်းကောက ရုတ်တရက်ပင် စိတ်တထင့်ထင့် ဖြစ်လာလေတော့သည်။
"ဟုန်ကျန်းဆားလွင်ပြင်မှာ တစ်ခုခု ဖြစ်သွားတယ်... ကိုယ် သွားကြည့်မှ ရမယ်" ကျန်းကျန့်က သင်ပြင်းချ၍ ကျန့်ရီပြောပြခဲ့သည့် အရာအားလုံးကို ကျောက်ကျင်းကောအား ပြောပြလိုက်သည်။
"အဲ့နေရာက အန္တရာယ်များလွန်းတယ်... ခင်ဗျားက ဘာသွားလုပ်မလို့လဲ" ကျောက်ကျင်းကောက စဥ်းပင် မစဥ်းစားတော့ဘဲ မေးလိုက်သည်။
"အဲ့နေရာက အန္တရာယ်များပေမယ့် အခွင့်အလမ်းအကြီးကြီးတွေ စောင့်နေတယ်လေ... ပြီးတော့ ကိုယ့်ရဲ ကိုယ်ရံတော်တွေလည်း ရှိသေးတယ်... ဒီလူတွေ သွေးတစ်ခါမှ မမြင်ဖူးသေးဘူး... လေ့ကျင့်ခန်း လုပ်ဖို့ လိုတယ်" ကျန်းကျန့်က ပြောလိုက်သည်။
"ကျွန်တော်လည်း လိုက်မယ်" ကျောက်ကျင်းကောက မျက်ခုံးများ စုကျုံ့သွားလေသည်။ "ကျွန်တော်လည်း ကောင်းကောင်း တိုက်ခိုက်တတ်တယ်... ဟယ်ချွန်းရှန့်နဲ့ တခြားသူတွေ ထက်တောင် ပိုသာသေးတယ်"
"ကျင်းကော... မင်းဗိုက်ထဲမှာ နောက်ထပ် ကလေးတစ်ယောက် ရှိချင်ရှိနေနိုင်တယ်လေ"
ကျန်းကျန့်က ပြောလိုက်သည်။ ကျန်းကျန့်က ကျောက်ကျင်းကော၏ ဗိုက်ထဲတွင် နောက်ထပ်ကလေးတစ်ယောက် ရှိမရှိ မသိရသေးသော်လည်း ကျောက်ကျင်းကာအား ထိုကဲ့သို့သော နေရာမျိုးကို ခေါ်မသွားချင်ပေ။ ကျောက်ကျင်းကောကလည်း မြို့တော်ကို သွားခဲ့စဥ်က ဖြစ်ပျက်ခဲ့သည့် အရာများကို စဥ်းစားမိသွားပြီး ထပ်မပြောတော့ပေ။
ကျောက်ကျင်းကောက အမှန်ပင် သူနေခဲ့သည်က အကောင်းဆုံးဖြစ်မှန်း သိနေပါ၏။
သူတို့၏ သမီးလေးကို စောင့်ရှောက်ရန်အတွက် တစ်ယောက်ယောက် နေခဲ့ရန် လိုပြီး ကျင်းကျန့်ကိုယ်ရံတော် လုပ်ငန်းကို ကိုင်တွယ်ရန်အတွက်လည်း တစ်ယောက်ယောက် လိုနေကာ ဖုချောင်ဘက်တွင်လည်း လူတစ်ယောက် ရှိမှ ရပေမည်။ ကျန်းကျန့် ထွက်သွားလျှင်တေင် သူ မလိုက်နိုင်ပါပေ။
ကျန်းကျန့်နှင့် မခွဲလိုပါသော်လည်း ကျောက်ကျင်းကောက အံတင်းတင်းကြိတ်ကာ သဘောတူလိုက်ရပြီး "ကျန်းကျန့်... ဘေးကင်းမှ ဖြစ်မယ်နော်" ဟုသာ ပြောလိုက်ရသည်။ ကျန်းကျန့် တစ်ခုခု ဖြစ်သွားရင်... ကျောက်ကျင်းကောက စိတ်တထင့်ထင့် ဖြစ်နေပြီး ထိုဖြစ်နိုင်ချေကို စဥ်းပင် မစဥ်းစားရဲပါပေ။
ကျန်းကျန့်က ခေါင်းငြိမ့်ပြလိုက်သည်။ တာဝန်တစ်ခု ပြီးဆုံးအောင် ဆောင်ရွက်ရသည့် ယခင်တစ်ခေါက်ကလို မဟုတ်ဘဲ ယခုတစ်ခေါက်က အခြေအနေကို စစ်ဆေးရုံသာ ဖြစ်သည်။ သူ့ကိုယ်သူ အန္တာရယ်ထဲသို့ တိုးမဝင်လိုပါပေ။
ကျောက်ကျင်းကောကို ပြောပြပြီးနောက် ကျန်းကျန့်က ပြင်ဆင်မှုများ ဆောင်ရွက်သည်။ သူက အစာခြောက်များ ယူသွားနိုင်ရန်အတွက် ထမင်းစားဆောင်ကို အသားခြောက်များနှင့် ထမင်းခြောက်ကြော်များ လုပ်ခိုင်းလိုက်ပြီးနောက် ကျန့်ရီကို သိပ်သည်းဆပြင်းသည့် အရက်အများအပြားအပြင် ဆေးဝါးအချို့နှင့် ဆေးပင်များ တောင်းလိုက်သည်။ ထို့နောက် သူ့လူများအား သူနှင့်အတူ လိုက်ရန် ဆန္ဒရှိနေကြသူများကို ရှာခိုင်းလိုက်လေသည်။
"ဒီတစ်ခါ ငါနဲ့ထွက်ရမယ့် ခရီးက အန္တရာယ်များပြီး အပြင်မှာ အသက်ပါ ဆုံးရှူံးနိုင်တယ်... ဒါပေမယ့် မင်းတို့ ကောင်းကောင်း လုပ်မယ်ဆိုရင် မင်းတို့ ပြန်ရောက်တဲ့အခါ ကျင်းကျန့်ကိုယ်ရံတော် လုပ်ငန်းရဲ့ ဝန်ထမ်းတစ်ယောက် ဖြစ်လာပြီး ဆုငွေတွေလည်း ရဦးမယ်" ကျန်းကျန့်က မည်သည့်နေရာသို့ သွားမည်ဟု မပြောခဲ့သော်လည်း အလွန် အန္တရာယ်များကြောင်းကိုမူ ရှင်းရှင်းလင်းလင်း ပြောပြခဲ့သည်။
ကျန်းကျန့်နောက်သို့ လိုက်ရခြင်းက အန္တရာယ်နှင့် တွေ့ကြုံရမည်မှာ သေချာနေပါသော်လည်း အခွင့်အရေးကြီးများကိုလည်း ရနိုင်ပေသည်။
"ဘောစ့်... ကျွန်တော် လိုက်မယ်" ဝမ်ဟိုင်ရှန်း၊ ဟယ်ချိုးရှန့်နှင့် ကျန်းကျန့်နောက်သို့ အချိန်အတော်ကြာ လိုက်ခဲ့သူများစွာက ချက်ချင်း သဘောတူလိုက်ကြသည်။
ထိုလူများမှာ ယခင်က အလွန်ရိုးရှင်းသူများ ဖြစ်ခဲ့ကြသော်လည်း ကျန်းကျန့်နောက်သို့ လိုက်ကာ မြို့တော်သို့ ရောက်သွားပြီးနောက် သူတို့၏ အတွေးများကို ပြောင်းလဲသွားစေသည့် အရာများစွာ ကြုံတွေ့ခဲ့ရသဖြင့် အမြင်များ ပြောင်းလဲသွားသည်။
သူတို့က ကျင်းကျန့်ကိုယ်ရံတော် လုပ်ငန်းတွင် တိတ်တိတ်ဆိတ်ဆိတ် မြဲမြဲမြံမြံ အလုပ်လုပ်နေသ၍ ငွေအမြောက်အများ ရရှိနိုင်သော်လည်း သူတို့က လူသားများသာ ဖြစ်၍ ရည်မှန်းချက်များ ရှိကြပေသည်။ ပိုက်ဆံမရှိစဥ်က တစ်လလျှင် ငွေတစ်စရနေသည်က ကောင်းသည်ဟု စဥ်းစားခဲ့သော်လည်း ငွေတစ်စ စတင်ရလာပြီးနောက် နှစ်စရချင်လာသည်။ ငွေနှစ်စ ရလာချိန်တွင် ငွေငါးစ ရချင်လာတော့သည်။
"ကျွန်တော်တို့လည်း လိုက်ပါ့မယ်" အခြားသူများကလည်း ပြောဆိုလာကြလေတော့သည်။
အဆုံးတွင် ကျန်းကျန့်ဘေးရှိ ကိုယ်ရံတော် ဆယ်ယောက်ထဲမှ ခြောက်ယောက်က လိုက်လိုကြသည်။
ကျန်းကျန့်ကလည်း ထိုလူများအားလုံးကို ခေါ်မသွားချင်သဖြင့် ဟယ်ချွန်းရှန့်နှင့် ဝမ်ဟိုင်ရှန်းတို့အား ကျောက်ကျင်းကောကို ကျင်းကျန့် ကိုယ်ရံတော် လုပ်ငန်းအား စီမံရာတွင် ကူညီပေးရန် ထားခဲ့သည်။ ထို့နောက် သူက ကျန်လူများထဲမှ ကျန်းမင်၊ ဟယ်ရှားရှန့်နှင့် သူနှင့်အတူ မြို့တော်သို့ လိုက်ခဲ့ဖူးသည့် အခြားသူများ အပါအဝင် သန်သန်မာမာ လူငါးဆယ်ကို ရွေးချယ်ခဲ့သည်။
ဟယ်ချွန်းရှန့်က အမှန်ပင် လိုက်သွားချင်ပါသော်လည်း ကိုယ်ဝန်ရှိနေသည့် ဇနီးဖြစ်သူကို တွေးမိသွားချိန်တွင် ကိုယ်ရံတော် လုပ်ငန်း၌ ဆောင်ရွက်စရာ များစွာရှိနေသေးသည်ကိုလည်း တွေးမိသွားခဲ့သည်။ အဆုံးတွင် ထိုအကြံကို စွန့်လွှတ်လိုက်ပြီး ကျန်းကျန့်နှင့် အခြားသူများအတွက် ပစ္စည်းများ ထုပ်ပိုးရန်ကိုသာ ကူညီပေးနေခဲ့သည်။
မတိုင်ခင်အချိန်က ကျန်းကျန့်မှာ သူ့အတွက် သံချိတ်ကောက်များ၊ ဓါးများအစရှိသည့် ပစ္စည်းများကို လုပ်စေခဲ့ပြီး ဤအချိန်တွင် အားလုံးကို ထုတ်ကာ သူ့လူများကို ဖြန့်ဝေပေးလိုက်သည်။ ထို့အပြင် သူက တောထဲတွင် အသက်ရှင်သန်ရေး နည်းလမ်းအချို့ကိုလည်း သင်ပေးခဲ့လေသည်။
ထိုအရာအားလုံးကို ယခင်ဘဝက သင်ယူခဲ့ဖူးခြင်းဖြစ်ပြီး အလွန် အသုံးဝင်ပေသည်။ သို့သော်ငြား သူ့လူများက ရှင်းပြရုံမျှဖြင့် များများ မသင်ယူနိုင်ပေ။ သူတို့ကို ကောင်းကောင်း သင်ယူနိုင်သွားစေလိုပါက သူတို့ကို လေ့ကျင့်ရေးနှင့်တွဲကာ တဖြည်းဖြည်း သင်ကြားပေးမှသာ ဖြစ်ပေမည်။
ထိုလူများ သင်ယူပြီးသွားသောအခါ နောင်
တွင် သူတို့၏ ကိုယ်ရံတော် လုပ်ငန်းက သေချာပေါက် ပိုပိုပြီး ကြီးထွားလာပေလိမ့်မည်။ မထွက်ခွာမီညတွင် ကျန်းကျန့်က ဝါးချောင်းများ ကိုင်လိုက်ပြန်သည်။