Chapter 186
ဝါးချောင်လေးများကို တစ်ခုပြီးတစ်ခု ချည်ပြီးနောက် အဖြူရောင်စာရွက်ဖြင့် ကပ်လိုက်သောအခါ မီးပုံးလေးတစ်ခု ရလာပြီး ကျန်းကျန်က ယုန်လား ကြွက်လား မသိရသည့် ပုံတစ်ပုံကို အပြင်ဘက်တွင် အရောင်တောက်တောက်များဖြင့် ဆွဲကာ မီးထွန်းလိုက်သည်။
ကျန်းကျန့်က မီးပုံးလေးကို အခန်းထဲတွင် ချိတ်ဆွဲထားလိုက်ပြီး ကျောက်မင်ကျုးက ထိုမီးပုံးလေးကို စိတ်လှုပ်ရှားစွာဖြင့် အချိန်အတော်ကြာ ကြည့်နေခဲ့လေသည်။ ကျန်းကျန့်က သူမလေးကို သွားနမ်းလိုက်ပြီး သူမ၏ အမြင်ကို ကွယ်ထားလိုက်သည့်အခါ သူမလေးက ကျန်းကျန့်ကိုပါ ရိုက်လာခဲ့လေသည်။
"နောက်တစ်နှစ်ကျရင် အဖေက ပိုကြီးတဲ့တစ်လုံး လုပ်ပေးမယ်နော်"
ကျန်းကျန့်က ကျောက်မင်ကျုး၏ ရိုက်ချက်ကြောင့် စိတ်မဆိုးသွားခဲ့သော်လည်း ထိုအစား ကျောက်မင်ကျုး၏ မျက်နှာလေးကို အာဘွားများ ပေးလိုက်သည်။ အနမ်းခံနေရသော ကျောက်မင်ကျူးလေးက တခစ်ခစ်ရယ်မောကာ အိပ်ရာပေါ်သို့ လဲကျသွားပြီး အလင်းရောင်များကို ကြည့်ရန် လှဲချလိုက်လေသည်။
"ငါ့ကလေးကတော့ အနေအေးလိုက်တာ" ကျန်းကျန့်က မနေနိုင်ဘဲ သက်ပြင်းချမိလိုက်သည်။
ကျောက်ကျင်းကောက ကျန်းကျန့်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ခေါင်းပြန်ငုံ့ကာ အပ်ချုပ်နေသည်။
သူက ကျန်းကျန့်၏ အဝတ်ဟောင်းများထဲမှ တစ်ခုထဲတွင် ဆန်စေ့အချို့၊ ဂျင်ဆင်းနှင့် အခြား ပစ္စည်းများ ထည့်ချုပ်ပေးလိုက်ပြီး ဂွမ်းကပ်အပေါ်အင်္ကျီ၏ အောက်တွင် ဝတ်ထားရန် ပြောလိုက်သည်။
"ကိုယ်ဝတ်ပါ့မယ်" ကျန်းကျန့်က ကျောက်ကျင်းကောကို နမ်းလိုက်သည်။ ကျောက်ကျင်းကောက သူ့အဝတ်များထဲတွင် အစားအသောက်များ ထည့်ချုပ်ပေးလိုက်ပြီး သူကိုယ်တိုင်ကလည်း လက်နက်များ ထည့်ဖွက်သွားမည် ဖြစ်သည်။
ကျန်းကျန့် ထွက်သွားသောနေ့က ပထမဆုံးလ၏ ဆယ့်ငါးရက်နေ့မြောက် ဖြစ်နေသည်။
ကျောက်လျူက ကျန်းကျန့် ဘာသွားလုပ်မည်ကို မသိဘဲ ကျန်းကျန့် အပြင် ထပ်ထွက်ပြန်ပြီဟုသာ သိသဖြင့် မနက်စောစောထကာ ကျန်းကျန့် စားရန်အတွက် ကောက်ညှင်းမှုန့်ဖြင့် စွပ်ပြုတ်ရည်ဖက်ထုပ် လုပ်ပေးလိုက်သည်။ ထို့နောက် သူမက ကျန်းကျန့် ယူသွားနိုင်ရန်အတွက် ကောက်ညင်းမှုန့်များ သုံးကာ ဆန်မုန့်လုံးများ လုပ်ပေးလိုက်သေးသည်။
"အမေ... အမေ လုပ်ပေးတဲ့ စွပ်ပြုတ်ရည်ဖက်ထုပ်က စားကောင်းမဲ့ပုံပဲ" ကျန်းကျန့်က အမှန်တွင် ချိုပြီး နူးညံ့လှသော ဖက်ထုပ်များကို မကြိုက်သော်လည်း ကျောက်လျူ၏ ဆန္ဒကောင်းလေး ဖြစ်၍ မငြင်းသာပေ။
တစ်လုတ်စားပြီးနောက် ကျန်းကျန့်က ကျောက်လျူ၏ နှလုံးသားကို ပို၍ပင် ရှင်းရှင်းလင်းလင်း နားလည်သွားခဲ့သည်။
ဖက်ထုပ်များကို ပဲစေ့များ၊ နှမ်းမှုန့်များဖြင့် အဆာသွပ်ထားခြင်း မဟုတ်ဘဲ အသားဖြင့် လုပ်ထားခြင်း ဖြစ်သည်။
ကျောက်လျူက သူ ချိုသော အရာများ မကြိုက်တတ်မှန်း သိထားပြီးသား ဖြစ်၍ အတော်လေး အရသာ ရှိလှသော အသားဖက်ထုပ်များ လုပ်ပေးခြင်း ဖြစ်နိုင်သည်။
ကျန်းကျန့်က ဖက်ထုပ်တစ်အိုးကို အစသတ်လိုက်ပြီး ထိုအချိန်မှာပင် ကျောက်လျူက ဆန်မုန့်လုံး တစ်ဒါဇင်ခန့်ကို လုံးထားပြီးသား ဖြစ်သည်။ သူမက ၎င်းတို့ကို ကျန်းကျန့်နှင့် သူ့နောက်လိုက်ကြသူများအတွက် လုပ်ပေးရန် ရည်ရွယ်ထားပြီး လမ်းတွင် ဗိုက်ဆာပါက ထိုမုန့်များနှင့် ဗိုက်ဖြည့်နိုင်ပေလိမ့်မည်။
ဆန်မုန့်လုံး၏အပြင်ဘက်ကို ကောက်ညှင်းဖြူမှုန့်ဖြင့် လုပ်ထားပြီး အထဲတွင် ဆားရည်စိမ် အသီးအရွက်များ၊ ပဲလုံးကြော်များနှင့် ထပ်ကာတလဲလဲ ကြော်ထားသည့် မုန့်ချောင်းများ ပါလေသည်။ ၎င်းတို့မှာ အလွန် အရသာရှိလှပြီး သယ်ရလွယ်သည်။
ကျန်းကျန့်က ဤတစ်ကြိမ်တွင် သူ့လူများကို ပစ္စည်းအမြောက်အများ တပ်ဆင်ပေးခဲ့သော်လည်း သူတို့၏ တူညီ ဝတ်စုံများကို ဝတ်ခွင့်မပြုခဲ့ပေ။ သူက လမ်းတလျှောက်တွင် သူ့လူများကို လေ့ကျင့်ပေးပြီး ဟုန်ကျန်းဆားလွင်ပြင်၏ အခြေအနေကိုသာ ကြည့်ချင်ရုံဖြစ်သော်လည်း တချီ၏ စစ်တပ်ကို သွား၍ မဆန့်ကျင်လိုပေ။ သူ့လူများကို တူညီဝတ်စုံ ဝတ်စုံဝတ်ခိုင်းလိုက်ပြီး တစ်ခုခု မှားနေသည်ဟု မြင်မသွားစေချင်ပေ။
ကျောက်လျူပေးလာသော ဆန်မုန့်လုံးများကို ယူလိုက်ပြီးနောက် ကျန်းကျန့်နှင့် သူ့လူများက သင်္ဘောပေါ်သို့ တက်ကာ ပင်လယ်ဘက်သို့ ရွက်လွှင့်လာခဲ့ကြသည်။
ဟုန်ကျန်းဆားလွင်ပြင်က ဝေရှင်းစီရင်စုနယ်နှင့် ဝူကျုံးစီရင်စုနယ်ကြားတွင် တည်ရှိပြီး ဟယ်ချောင် စီရင်စုနှင့် အတော်လေး ဝေးလံသော်လည်း ပင်လယ်ကမ်းဘေးကို လမ်းကြောင်း အဖြစ် သုံးလိုက်သောအခါ သိပ်မဝေးတော့သည့်အပြင် ထိုကမ်းက ဟုန်ကျန်းဆားလွင်ပြင်လို အစောင့်အကြပ် မထူထပ်ပါပေ။
လူငါးဆယ်က အတော်လေး များသည့်ပုံပေါ်သော်လည်း သစ်တောရိုင်း အထူးသဖြင့် တောအုပ်ထဲတွင် သူတို့အတွက် ပုန်းအောင်းရန် လွယ်ကူသည်။ ထိုအချိန်က ဟုန်ကျန်းဆားလွင်ပြင် တည်ရှိမှုကြောင့် ပက်လယ်ကမ်းဘေးတွင် နေထိုင်ကြသူ များစွာ မရှိဘဲ တောရိုင်းနှင့် အလားသဏ္ဍာန်တူနေပေသည်။
ကျန်းကျန့်က သံလိုက်အိမ်မြောင်နှင့် ရိုးရိုးရှင်းရှင်း မြေပုံတစ်ခုကို ယူကာ အဓိက မြစ်ကြောင်း အနီးတွင် ဟုန်ကျန်းဆားလွင်ပြင်ကို စောင့်ကြပ်နေကြသူများအား အသာလေး ကျော်ဖြတ်လာခဲ့ပြီး သူ့လူများကို တောအုပ်အတွင်းသို့ တိတ်တဆိတ် ဦးဆောင်၍ ပင်လယ်ဘက်သို့ ဦးတည်လာခဲ့သည်။
ကျန်းကျန့်က ပင်လယ်ဘက်သို့ သူ့လူများ ခေါ်လာခဲ့သော်လည်း ထိုအချိန်၌ ကျိုးမောင်ဟယ်မှာ ဟုန်ကျန်းဆားလွင်ပြင် အနီးမှ ဂူတစ်လုံးထဲတွင် ပိတ်ထားခံနေရသည်။ ထိုဂူက ကြီးမားလှပြီး အနည်းငယ် စိုစွတ်နေကာ အမျိုးအစား စုံလင်လှသော ပိုးကောင်များက သူတို့၏ ကိုယ်ပေါ်သို့ အချိန်နှင့်အမျှ တွားသွားနေခဲ့ကြသည်။ ထိုအရာအားလုံးက ကြောက်စရာ ကောင်းလှပြီး ကျိုးမောင်ဟယ်၏ ဆံပင်များကို ထောင်တက် သွားစေခဲ့သော်လည်း ဂူထဲ၌ စုစည်းနေကြသည့် ထိုလူငယ်များမှာ ထိုအရာများကို လုံးဝ ဂရုစိုက်မနေကြဘဲ အားလုံးက တည်ငြိမ်ပြီး စိတ်အေးလက်အေး ရှိနေခဲ့ကြသည်။
"မင်းတို့ ငါ့ကို လွှတ်ပေးရင် ကောင်းမယ်... ငါ တစ်ခုခု ဖြစ်သွားရင် တရားရုံးတော်က မင်းတို့ကို လွှတ်ပေးမှာ မဟုတ်ဘူး" ကျိုးမောင်ဟယ်က ထိုလူများကို အင်အားချိနဲ့စွာ ပြောလိုက်သည်။
ထိုလူများထဲမှ တစ်ယောက်က ဂူ၏ ကျောက်နံရံကြီးကို ရိုက်လိုက်ရာ သူ့လက်ကို ပြန်လွှတ်လိုက်သောအခါ ပြည့်ဖြိုးလှသော အနီရောင် ပိုးကောင်ကြီး တစ်ကောင်က နံရံမှ ကွာကျလာပြီး ၎င်းမှာ ထိုလူ၏ လက်ဝါးဖြင့် ပြားကပ်သွားသည်အထိ အရိုက်ခံလိုက်ရခြင်းပင် ဖြစ်နေသည်။
ကျိုးမောင်ဟယ် အသက်အောင့်မိသွားသလို သူ့နောက်ကျောတွင်လည်း ချွေးစေးများ ပြန်လာခဲ့သည်။
ကျိုးမောင်ဟယ်က ဆင်းရဲသော မိသားစုမှ မွေးဖွားလာသူ ဖြစ်သော်လည်း သူ့မိသားစုက သူ့ကို စာသင်သားတစ်ယောက် ဖြစ်လာစေရန် ထောက်ပံ့ပေးနိုင်ဆဲ ဖြစ်သည်။ သူတို့ကို အမှန်ပင် ဆင်းရဲသည်ဟု ခေါ်ရန် မဖြစ်နိုင်ကြောင်းလည်း သူသိနေသည်။ အနည်းဆုံးတော့ ကလေးဘဝမှ အရွယ်ရောက်သည်အထိ အဝတ်အစားနှင့် အစားအသောက် လုံလုံလောက်လောက် အမြဲတမ်း ရရှိခဲ့ပြီး မမျှမတ ဆက်ဆံခံရခြင်းများလည်း မရှိပေ။
သို့သော်လည်း ယခုအချိန်တွင်မူ...
"ထပ်အော်ရဲရင် အပြင်ကို လွှင့်ပစ်လိုက်မယ်" ပိုးကောင်ကို လက်ဝါးဖြင့် ရိုက်သတ်ခဲ့သူက ကျိုးမောင်ဟယ်ကို ပြောလိုက်လေသည်။
ထိုသူက ဒေသိယစကားဖြင့် ပြောနေသော်လည်း ကျိုးမောင်ဟယ်ကမူ နားလည်နေသည်။ ပြီးနောက် အပြင်ဘက်မှ အခြေအနေများကို တွေးမိသွားသောအခါ နောက်ထပ် မပြောရဲတော့ပေ။
အမှန်မှာ ကျိုးမောင်ဟယ် ဟုန်ကျန်းဆားလွင်ပြင်ကို ဝင်သိမ်းလိုက်ရခြင်းမှာ ကျန့်ရီ ရထားသော သတင်းက အပြင်ဘက်က လူများ တွေးနေသည်နှင့် အနည်းငယ် ကွဲပြားနေပေသည်။
ကျိုးမောင်ဟယ်က ကျန်းကျန့်လို မဟုတ်ပေ။ သူက ဟုန်ကျန်းဆားလွင်ပြင်၏ အကျင့်ပျက် ခြစားမှုများကို တွေ့ခဲ့ရသော်လည်း ထိုနေရာမှ လူများနဲ့ သင့်တော်သလို ဆွေးနွေးချင်ခဲ့ပြီး ဟုန်ကျန်းဆားလွင်ပြင်ကို တိုက်ရိုက် ဝင်သိမ်းလိုက်ရန် လူများကို ဦးဆောင်လိမ့်မည် မဟုတ်ပေ။
ထိုအချိန်က အကြောင်းအရင်းတစ်ရပ်မှာ သူက ထိုကဲ့သို့ လုပ်ရန် တွန်းအားပေးခံခဲ့ရခြင်းကြောင့် ဖြစ်သည်။
ဟုန်ကျန်းဆားလွင်ပြင်နှင့် နီးကပ်လာပြီးနောက် ထိုနေရာအနီးမှ လူများ၏ ဘဝမှာ အတော်လေး ဆိုးဝါးနေကြောင်း တွေ့လိုက်ရသည်။ ရေထဲသို့ ခုန်ချသွားသော မိန်းကလေးကို ကယ်ဆယ်ပြီးနောက် ဆားလုပ်သားတစ်စုနှင့် တွေ့ခဲ့ရသောအခါ ဟုန်ကျန်းဆားလွင်ပြင်၏ အခြေအနေကို ပို၍ပင် ဒေါသထွက်လာရလေတော့သည်။
ထို့နောက် သူက ထိုလူများကို စကားပြောဆိုရန်အတွက် ဟုန်ကျန်းဆားလွင်ပြင်သို့ ပြန်ခေါ်လာခဲ့သည်။ သို့သော်လည်း အဆုံးမှာ ဖြစ်ပွားခဲ့ရသည်က သူတို့ရောက်ရှိလာသောအခါ အလွန် သည်းမခံနိုင်ဖွယ်ရာ မြင်ကွင်းတစ်ခုကို တွေ့ခဲ့ကြရသည်။
ဟုန်ကျန်းဆားလွင်ပြင်တွင် စစ်သားတစ်စုက မိန်းမများနှင့် ပျော်ပါးနေပြီး အပြင်ဘက်တွင် ပစ်လွှင့်ထားသော ခန္ဓါကိုယ်အလောင်း အချို့ပင် ရှိနေသေးသည်။
ကျိုးမောင်ဟယ်က ချက်ချင်းပင် ဒေါသအမျက်ခြောင်းခြောင်း ထွက်သွားပြီး သူ့နောက်ပါးမှ ဆားလုပ်သားတစ်အုပ်မှာ ပေါက်ကွဲကုန်ကြလေသည်။
ပြီးနောက်တွင် ထိုလူများမှာ ကျိုးမောင်ဟယ်၏ စကားကို နားမထောင်ကြတော့ဘဲ ဟုန်ကျန်းဆားလွင်ပြင်မှ လူများနှင့် တိုက်ခိုက်ရန် ပြေးဝင်သွားကြလေတော့သည်။
ကျိုးမောင်ဟယ်က သူတို့ကို မတားနိုင်တော့သဖြင့် ထိုသူတို့ ဟုန်ကျန်းဆားလွင်ပြင်အား ဝင်သိမ်းလိုက်ပြီး ဆားလွင်ပြင်မှ လူများစွာအား သတ်ဖြတ်နေကြသည်ကိုသာ ကူကယ်ရာမဲ့စွာ ကြည့်နေခဲ့ရသည်။
ထိုအချိန်မှာ သူကလည်း ထိုဆားလုပ်သားများကို မကျေမနပ် ဖြစ်နေခဲ့ရသော်လည်း သူတို့က ဟုန်ကျန်းဆားလွင်ပြင်၏ ပြစ်မှုသက်သေများကို ပြောပြလာကြပြီး သူတို့တွင် ရွေးချယ်စရာ မရှိဘဲ လုပ်ခဲ့ရကြောင်း ပြောလာကြသည်။ သူကလည်း ထိုသူတို့က အလွန် သနားစရာကောင်းကြောင်း တွေ့နေရသဖြင့် ထိုကိစ္စကို ဖြောင်းဖြမနေတော့ဘဲ အင်ပါယာတရားရုံးကိုသာ စာတစ်စောင်ရေး၍ ပို့လိုက်သည်။ သူက အနီးအနားမှ အရာရှိများကို ဆက်သွယ်ခဲ့ပြီး ထိုဆားလုပ်သားများကို တရားမျှတမှု ရှာပေးလိုကြောင်း ပြောခဲ့သည်။
သို့သော်ငြား ထိုအရာရှိများက ဆူပူအုံကြွမှုကိုသာ တားဆီးရန် ရောက်လာကြသဖြင့် ကျိုးမောင်ဟယ်က ထိုလူများကို တရားမျှတမှု ရှာပေးရာတွင် ကျရှုံးသွားခဲ့သည်။
သူက ထိုဆားလုပ်သားများအတွက် စိတ်မကောင်း ဖြစ်ရသော်လည်း မထင်မှတ်ထားစွာပင် ဤတစ်ကြိမ်၌ ထိုဆားအလုပ်သမားများက မျက်နှာ ပြောင်းသွားခဲ့လေသည်။
ဖြစ်ရသည်မှာ ထိုဆားအလုပ်သမားများ ကျိုးမောင်ဟယ်နှင့် တွေ့ပြီးနောက် မူလတွင် ဟုန်ကျန်းဆားလွင်ပြင်သို့ ပြန်သွား၍ သူတို့၏ ဆွေမျိုးများကို ကယ်တင်ပေးမည်ဟု စီစဥ်ထားခဲ့သည်။ တော်ဝင် သံတမန် တစ်ယောက် ဖြစ်သော ကျိုးမောင်ဟယ်နှင့် တွေ့ပြီးနောက် ကျိုးမောင်ဟယ်က သူတို့ကို ကူညီပေးနိုင်လိမ့်မည်ဟု တွေးမိသဖြင့် ကျိုးမောင်ဟယ်ကို ဟုန်ကျန်းဆားလွင်ပြင်သို့ ခေါ်သွားပေးခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း ရလဒ်ကတော့ ကျိုးမောင်ဟယ်မှာ သူတို့ကို ကူညီပေးနိုင်ရန် ကျရှုံးသွားခဲ့လေသည်။
တရားရုံးတော်၏ စစ်တပ် ရောက်လာလာချင်းမှာပင် သူတို့က ရွေးချယ်စရာမရှိပဲ သေကြရတော့မည်။ ကျိုးမောင်ဟယ်က ထိုအရာရှိများထံသွား၍ ကောင်းကောင်းမွန်မွန် စကားပြောရန်ကိုပင် ကြံရွယ်နေသည်ကို မြင်လိုက်ရသောအခါ ထိုအုပ်စုမှာ သူရူးနေပြီဟု တွေးရုံသာမက သူ့ကိုပါ ခေါ်၌၍ ထွက်ပြေးသွားလေတော့သည်။ သူတို့လက်ထဲတွင် တော်ဝင် သံတမန် ရှိနေသဖြင့် ပို၍ ဘေးကင်းနိုင်ပေမည်။
ဤရက်များအတွင်း သူတို့က ပုန်းအောင်းရင်းဖြင့် နေတိုင်းကို အကြောက်တရားများဖြင့် ကုန်ဆုံးခဲ့ရသော်လည်း ကျိုးမောင်ဟယ်မှာ သူတို့ကို အင်ပါယာတရားရုံးတော်အား မဆန့်ကျင်ရန် ဖြောင်းဖြ နေသဖြင့် သူတို့က ကျိုးမောင်ဟယ်ကို ပိုပို၍စိတ်မရှည် ဖြစ်လာလေတော့သည်။
"အစ်ကိုကျူး... ကျွန်တော်တို့ ဘာဆက်လုပ်ကြမလဲ" အသက် ဆယ့်လေး ဆယ့်ငါးနှစ်သာ ရှိသေးသည့် ကောင်လေးတစ်ယောက်က ပိုးကောင်ကို သေအာင်ရိုက်သတ်လိုက်သည့် လူကို ကြည့်၍ မေးလိုက်သည်။
ထိုလူ၏ အမည်မှာ ကျူးအားလင်ဖြစ်သည်။ သူ့မိသားစု တစ်ခုလုံးက ဆားလုပ်သားများ ဖြစ်ကြပြီး သူ့အဖေက ဆားလုပ်သား ဒါဇင်ခန့်ကို ကြီးကြပ်ရသဖြင့် မျက်နှာသာ အနည်းငယ် ရသည်ဟု ဆိုနိုင်ပေသည်။ ထိုအကြောင်းကြောင့် ကျူးအားလင်က စာအနည်းငယ် ဖတ်တတ်သည်။
သို့သော်လည်း ထိုသို့ဆိုလျှင်တောင် အချို့လူများ၏ မျက်လုံးထဲ၌ သူတို့က လိုသလို အနိုင်ကျင့်၍ ရနိုင်ဆဲ ဖြစ်သည်။
ကျူးအားလင်၏ အစ်ကိုကြီး ကျူးတချမ် လက်ထပ်သောနေ့တွင် သူ့ဇနီးအသစ်လေးက ပြန်ပေးဆွဲခံခဲ့ရပြီး ရက်အနည်းငယ်ကြာမှ ပြန်လွတ်လာခဲ့သည်။ ရလဒ်အနေဖြင့် သူ့အကြီးဆုံးတူလေး မွေးလာသောအခါ အဖေမပေါ်သောကြောင့် သတ်ခံလိုက်ရလေသည်။
ကျူးအားလင် ဆယ့်ခုနစ် ဆယ့်ရှစ်နှစ် အရွယ်သို့လရောက်သောအခါ ဆားလုပ်သားကောလေးတစ်ယောက်နှင့် တိတ်တဆိတ် ချစ်ကျွမ်းဝင်ခဲ့သော်လည်း ထိုကောလေးက ပျောက်သွားခဲ့သည်။
ဤတစ်ကြိမ်တွင် သူ သည်းမခံနိုင်တော့ခြင်းမှာ အကြောင်းအရင်း နှစ်ချက်ကြောင့် ဖြစ်သည်။
ပထမ တစ်ချက်က အထက်မှ ဖြန့်ဝေပေးသော အစားအစာများက နည်းသထက် နည်းလာပြီး အဆုံးတွင် သူ့မိဘများ အပါအဝင် သက်ကြီးရွယ်အိုများစွာကို စားချင်စိတ် မရှိတော့အောင် လုပ်ခဲ့ပြီး အစာငတ်ကာ သေဆုံးသွားကြရသည်။ ဒုတိယတစ်ချက်က နှစ်သစ်နီးလာသည်နှင့် ဟုန်ကျန်းဆားလွင်ပြင်မှ လူများက ပျော်ပါးရန်အတွက် မိန်းမနှင့် ကောအချို့ကို ရှာဖွေလာကြပြီး လူများစွာကို ဖိအားပေး ခေါ်ဆောင်သွားခဲ့သည်။
သူတို့က အချိန်အကြာကြီး တောင့်ခံခဲ့ရသော်လည်း နောက်ထပ် ဆက်ပြီး သည်းမခံနိုင်တော့ပေ။ အဆုံးတွင် သူတို့က ဆားချက်ခြင်းကို ရပ်လိုက်ကြပြီး သူတို့၏ ကျန်နေသေးသော အစာများနှင့် ရောချက်ရန် ကဏန်း၊ ခုံးကောင်နှင့် အခြားအရာများကို သွားရှာရန်အတွက် ကမ်းဘက်သို့ တစ်စုတစ်စည်းတည်း ထွက်လာခဲ့ကြသည်။ အားလုံးကို စားသောက်ပြီးသွားသောအခါ သူတို့၏ လက်နက်များကို ယူ၍ ဟုန်ကျန်းဆားလွင်ပြင်မှ လူများနှင့် သေသည်အထိ တိုက်ခိုက်ကြရန် စီစဥ်ထားခဲ့သည်။
သို့သော်လည်း ပြီးဆုံးသွားလေပြီ...
သူတို့က ဟုန်ကျန်းဆားလွင်ပြင်ကို သိမ်းလိုက်သော်လည်း ပုန်းအောင်းနေရတော့သည်။
"အရင်ဆုံး ပုန်းနေရအောင်... ငါတို့ကို ရှာမတွေ့နိုင်ပါဘူး" ကျူးအားလင်က ပြောလိုက်သည်။ အမှန်မှာ သူတို့က နောက်ထပ် ဘာဆက်လုပ်ရမည်ကို မသိသဖြင့် အရင်ဆုံး ပုန်းနေရုံသာ တတ်နိုင်သည်။
မည်သို့ပင် ဆိုစေကာမူ သူတို့က အစားအသောက်များစွာ ခိုးယူလာပြီးသား ဖြစ်၏။ အနည်းဆုံးတော့ အစာငတ်ပြီး သေသွားမည်ကို စိုးရိမ်စရာ မလိုတော့ပေ။
ကျူးအားလင်၏ စကားကို ကြားသောအခါ သူ့နောက်လိုက်လာကြသည့် ကျန်ဆားလုပ်သားများက ခေါင်းငြိမ့်ပြလိုက်ကြပြီး မည်သို့ ပုန်းအောင်းကြမည်ကို စတင်ဆွေးနွေးလေကြတော့သည်။
"ကျူးအားလင်... ငါတို့ ပုန်းမဲ့နေရာကို ပြောင်းသင့်လား"
"ပြီးရင် ဘာဆက်လုပ်ကြမလဲ"
"ဒီမှာ အကြာကြီးနေရင် ကလေးတွေက တောင့်ခံနိုင်မှာ မဟုတ်ဘူး"
. . .
ထိုဆားလုပ်သားများ ဟုန်ကျန်းဆားလွင်ပြင်ကို ပြန်လည် တိုက်ခိုက်ရန် ကြံစည်ကြစဥ် လူကြီးများနှင့် အားနည်းသူများကို သူတို့နှင့်အတူ ခေါ်မလာခဲ့သော်လည်း နောက်တွင် ရွာသို့ ပြန်သွားကြပြီး လူကြီး လူငယ်အားလုံးကိုပါ ခေါ်ချလာခဲ့သည်။ ထို့ကြောင့် လတ်တလောတွင် အားနည်းသူများကို ပိုခြောက်သွေ့သော ဂူထဲတွင် နေရာပေးထားလိုက်ကြသည်၊
"တောင်ပိုင်းကို သွားကြမယ်" ကျူးအားလင်က ပြောလိုက်သည်။
............
ထိုအချိန်မှာပင် ကျန်းကျန့်က ယခင်က သူ ပင်လယ်စာ ဝယ်ခဲ့ဖူးသည့် ရွာကို သွားနေသည်။
ထိုအချိန်တုန်းက ရွာလေးမှာ ဆင်းရဲလှပြီး ယိုယွင်းနေသော်လည်း လူများစွာ နေကြဆဲ ဖြစ်သည်။ သို့သော်လည်း ယခု လက်ရှိတွင်...
သူ့ရှေ့မှ အလောင်းများကို ကြည့်ကာ ကျန်းကျန့်၏ မျက်နှာအမူအယာက အလွန်အမင်း ကြည့်ရဆိုးလာခဲ့သည်။
"ဘောစ့်..." ကျန်းကျန့်၏ အမည်ကို ခေါ်လာသည့် ကျန်းမင်၏ အသံက တုန်ယင်နေသည်။
သူက ပင်လယ်ဓါးပြများနှင့် တိုက်ခိုက်ခဲ့ဖူးပြီး ထိုအချိန်က လူပေါင်းများစွာ သေဆုံးခဲ့
သော်လည်း ထိုလူများအားလုံးမှာ အရွယ်ရောက်ပြီးသူများ ဖြစ်ကြသည်။ သို့သော်လည်း ဤနေရာတွင်... ခေါင်းကို ခုတ်ဖြတ်ခံထားရသည့် ကလေးများပင် ရှိနေသေးသည်။