အခန်း၁၁၆
Viewers 8k

Chapter 116

(ယောင်ယောင်က ရှောင်မင်ကို အနိုင်ယူလိုက်ခြင်း)


ထိပ်တန်းအသင်း 500 ထဲသို့ ဝင်ရောက်ပြီးနောက်၊ နေ့တိုင်းတစ်ပွဲ သို့မဟုတ် နှစ်ပွဲကစားကြရမည်ဖြစ်သည်။


ပြိုင်ပွဲသည် အရှိန်အဟုန်ဖြင့် အဆင့်မြှင့်တင်လာသည်နှင့်အမျှ ပရိသတ်များလည်း တိုးလာခဲ့သည်။ စတားချောလေးများ အဖွဲ့သည် သူတို့၏ ကျွမ်းကျင်မှုကြောင့် ပရိသတ်များထံမှ အာရုံစိုက်မှုကို အများအပြားရရှိခဲ့သည်။


ပထမတွင်၊ပရိသတ်များက "ပဲနီ အုန်းနို့" သည် မကောင်းဘူးဟု ထင်ခဲ့ကြသော်လည်း တိုက်ပွဲတချို့ကို ကြည့်ပြီး‌နောက် ထိုသို့မထင်ကြတော့ပေ။


လင်းယောင်ယောင် သည် မက်ခါပလက်ဖောင်းတွင် အချိန်များစွာမဖြုန်းခဲ့သောကြောင့် သူမ၏ အမှတ်များသည် အလွန်မြင့်မားခြင်း မရှိသော်လည်း သူမ၏ ကျွမ်းကျင်မှုသည် ထိပ်တန်းမာစတာအယောက် 100 ထက်မဆိုးသေးပေ။


 နာမည်ကြီး ကစားသမား တော်တော်များများက မက်ခါ မောင်းနှင်ရာမှာ အားနည်းနေဆဲဖြစ်သည့် သူမကို အသင်း၏ အားနည်းချက်အဖြစ် မှတ်ယူကြသည်။ သူမကို ပထမဆုံးသတ်ဖို့ စိတ်ကူးခဲ့ကြသော်လည်း နောက်ဆုံး သူတို့သာ ရှုံးသွားရလေသည်။သူမ၏ စွမ်းရည်များသည် ဖိအားများအောက်မှာပင် အတင်းဖောက်ထွက်လာကြသည်။ သူမ၏ စိတ်စွမ်းအား တိုက်ခိုက်မှုသည် ပြိုင်ဘက်ကို တစ်ခဏ ပျက်စီးစေခဲ့သည်။ ထို့နောက် အခြားတိုက်ခိုက်ရေးသမား လေးဦးသည် အတူတကွ ချေမှုန်းရန် ချောမွေ့စွာ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။


 ရိုးရိုးရှင်းရှင်းပြောရလျှင် လင်းယောင်ယောင် ၏ ကျွမ်းကျင်မှုသည် အမှန်တစ်ကယ်ပင် တိုက်ခိုက်ရန် မလုံလောက်သေးချေ။ သူမသည် သားရဲအုပ်ထဲတွင် ဖြူစင်ပြီး အန္တရာယ်ကင်းသော ယုန်ဖြူတစ်ကောင်နှင့်တူသည်။ သို့သော် တစ်စုံတစ်ယောက်သည် သူမအား အနိုင်ကျင့်ရန် စိုက်ကြည့်ဝံ့ပါက၊ သူမ၏ သံမဏိအစွယ်ကို ပြပြီး ထိုလူကို အသားကုန် ကိုက်လိုက်လိမ့်မည်။


တစ်ဦးချင်းတိုက်ပွဲမုဒ်မှာတောင် သူမသည် တစ်ယောက်ပြီးတစ်ယောက် အနိုင်ယူခဲ့သည်။ သူမထက် အများကြီး အဆင့်များသူတွေကိုတောင် အနိုင်ယူပစ်ခဲ့လေသည်။ တစ်ကယ်တမ်းတွင်၊သူမ၏ စိတ်စွမ်းအားက အတော်လေးမြင့်မားပြီး မက်ခါထိန်းချုပ်မှုစွမ်းရည်ကိုလည်း လင်းရွှမ် ကိုယ်တိုင်ကိုယ်ကျ သင်ကြားပေးခဲ့သဖြင့် ပွဲတိုင်းနိုင်နေရခြင်းပင်။ သူမသည် တိုက်ပွဲအတွေ့အကြုံ အနည်းငယ်သာရှိခဲ့သော်လည်း ယခုအခါ အတွေ့အကြုံများသည် ပို၍ပို၍ ပေါများလာသည်။  


ထို့အပြင် သူမ၏ ဖြည့်စွက်စာမှာ သူမအသုံးပြုသည့် စုချင်းဟယ်နှင့် အတူတူ သုတေသနပြုခဲ့သော အဆင့်-5 ဝိဉာဉ်ရေးရာနယ်ပယ် အားတိုးဆေး ဖြစ်သည်။


လင်းယောင်ယောင် သည် အပြင်ပန်းတွင် ပျော့ပျောင်းသော်လည်း အတွင်းပိုင်းတွင် သန်မာထက်မြက်သူဖြစ်သည်။ သူမသည် ရှုံးနိမ့်မှုကို လက်မခံလိုချေ။ တစ်ဦးချင်းတိုက်ပွဲမုဒ်တွင် ချောင်းမင်ယောင် နှင့် တွေ့ဆုံသောအခါမှသာ သူမ ရှုံးနိမ့်ခဲ့သည်။ သို့သော် အခြားလူများကို အနိုင်ယူနိုင်ခဲ့သည်။ ထို့ကြောင့် သူမသည် တစ်ဦးချင်းတိုက်ပွဲမုဒ်တွင် ထိပ်တန်း 20 စာရင်း၏ နောက်ဆုံးအဆင့်ရှိသူဖြစ်လာခဲ့၏။


စတားချောလေးများ အဖွဲ့သည်လည်း အလွန်နာမည်ကြီးပြီး ထိပ်တန်း ၂၀ထဲကို ဝင်ကာ ဖိုင်နယ်သို့လည်း ဝင်ရောက်ခဲ့သည်။


လင်းယောင်ယောင် ၏ကိုယ်ပွားပုံရိပ်သည် အလွန်နူးညံ့ပြီး ချစ်စရာကောင်းသည်၊ ၎င်းသည် virtual မက်ခါပြိုင်ပွဲပလက်ဖောင်း အတွက် ဖန်တီးထားသည့် သူမ၏ ယခင်ဘဝမှ မျက်နှာဖြစ်သည်။ သို့သော်လည်း သူမသည် ပရိသတ်ထံမှ အသိအမှတ်ပြုမှုကို ရရှိရန် သူမ၏ ခွန်အားကိုသာ အသုံးပြုခဲ့သည်။ သူမ၏ ကျော်ကြားမှုက ယောက်ျားလေးနှင့် မိန်းကလေးများကြားမှာပါ အတော်လေး ကျော်ကြားသည့် အလှလေးချောင်းကိုတောင် အမှီလိုက်လာလေပြီ။ သို့သော်၊သူမ၏ အရည်အချင်းမှာ သူ့လောက်မကောင်းသေးသလို၊ သူမ၏ ပရိသတ်အရေအတွက်ကလည်း ဒုတိယအဆင့်သာ ရှိသေးသည်။တတိယအဆင့်မှာ ယဲ့ရှီ ဖြစ်သည်။သူမသည်လည်း အတော်လေး ပရိသတ်များသူပင်။


ဝေ့ယွမ် သည် သူ၏ နူးညံ့သိမ်မွေ့သော အသွင်အပြင်နှင့် ကောင်းမွန်သော ကွပ်ကဲနိုင်စွမ်းကို အားကိုးနိုင်သည်။ သူ့တွင် အရည်အချင်းနှင့် ရုပ်ရည်အသွင်အပြင် နှစ်မျိုးစလုံးရှိပြီး လူကြိုက်များစာရင်းတွင် အဆင့်-3ရှိသည်။


မက်ခါ တိုက်ပွဲတွက် အချိန်ကြာမြင့်စွာ ကစားခဲ့သော မက်ခါသခင် ရှောင်မင် သည် ကျော်ကြားမှုစာရင်းတွင် အဆင့်-5 သာဖြစ်သည်။ သူ့မှာ ခွန်အားတွေရှိသော်လည်း တစ်ဦးချင်းတိုက်ပွဲများမှာသာ ပါဝင်ခဲ့သည်။ သူ၏ကိုယ်ပွားရုပ်ပုံသည် ပုံသေစနစ်မျက်နှာတစ်ခုသာဖြစ်သည်။


 ရေပန်းစားသူများစာရင်းတွင် အဆင့်-6 ကျောက်ချင်းယွင် သည် အလွန်စိတ်ညစ်နေသည်။ သူသည် ထိပ်တန်းအယောက် ငါးဦးမှာ တခြားအသင်းဝင်များလို ကျော်ကြားမှုစာရင်းမှာ ပါဝင်ချင်သော်လည်း "ကမ္ဘာကျော်" ကြောင့် မပါနိုင်ဖြစ်နေရသည့်အတွက် အလွန်မုန်းတီးမိသည်။ ရှောင်မင် သည် အသင်းတိုက်ပွဲ၏ ဖိုင်နယ်တွင် ပါဝင်ခြင်းမရှိသောကြောင့် စတားချောလေးများ အဖွဲ့တွင် ပြိုင်ဘက်မရှိပေ။ သူတို့သည် မူလကတည်းက ထိပ်တန်းကစားသမားများကိုသာ ပေါင်းစည်းထား၍ အတော်လေး အားကောင်းသည်။ ချန်ပီယံဆုရဖို့ဆိုသည်မှာ အချိန်ကိုစောင့်ရန်သာ ဖြစ်ပေသည်။သို့သော်၊ တစ်ဦးချင်းတိုက်ပွဲမုဒ်၏ ဖိုင်နယ်သည် ကမ္ဘာကျော်ကိုအနိုင်ယူနိုင်သရွေ့ ကျောက်ချင်းယွင်၏ ကျော်ကြားမှုမှာလည်း အဆင့်-၅သို့ သဘာဝအတိုင်း မြင့်တက်လာမည်ဖြစ်သည်။


ဤအဆုံးသတ်ကိုရရှိရန် ကျောက်ချင်းယွင် သည် လင်းယောင်ယောင် နှင့် စုချင်းဟယ် တို့ပေးသော ဝိဉာဉ်ရေးရာနယ်ပယ် အားတိုးဆေးဟင်းချိုနှင့်အတူ တက်ကြွစွာ ပါဝင်ခဲ့သည်။ သို့သော် ချောင်းမင်ယောင် သည် ဆေးဟင်းချိုသောက်ဖို့ ဆန္ဒမရှိပေ။ ဟင်းရည်သောက်ရင်း တိုက်ခိုက်ရခြင်းသည် သူ့အတွက် အလွန်အနှောင့်အယှက်ဖြစ်မည်ဟု ခံစားရသည်။ အရသာရှိသော အစားအစာများသည် တစ်ထိုင်တည်း စိတ်ပါလက်ပါ စားသောက်သင့်၏။


ထို့အပြင် ဟင်းချိုသောက်ရင်း တစ်ကယ်တိုက်ခိုက်ခဲ့ကြောင်း သူ၏ မိန်းကလေး ပရိသတ်များသာ သိသွားလျှင် ..


 အိုဘုရားရေ…


ဤသည်မှာ သူ့ပုံရိပ်အတွက် ဆိုးရွားလွန်းလှသည်။ မကြာခင် ပရိတ်သတ်များ ဆုံးရှုံးသွားနိုင်သည်။ သူ၏ အောင်ပွဲသည် ကိုယ်ပိုင်ခွန်အားထက် ဟင်းချိုသောက်ခြင်းဖြင့် ရရှိသွားသည်ကိုလည်း လူအများက နားလည်မှုလွဲသွားနိုင်သည်။


 ထို့ကြောင့် အလှလေးချောင်း သည် ရှက်လွန်းသဖြင့် ဟင်းချိုသောက်ရန် ငြင်းဆန်ခဲ့သည်။ 


 "ညီမ ယောင်ယောင်…အစ်ကို့ကို ခွင့်လွှတ်ပါ ဟင်းချိုမသောက်ရင်တောင် အစ်ကိုက အရမ်းကောင်းနေပါပြီ"


လင်းယောင်ယောင် သည် သုတေသနတွင် ကြုံတွေ့ရသော အခက်အခဲများကို စိတ်ဖိစီးနေရချိန်မှာ အစာမစားရန် ငြင်းဆန်သည့် ကြွက်ကိုတွေ့ရသောအခါ စိတ်ဓာတ်ကျသွားရသည်။


 "အစ်ကို ဒီလိုလုပ်လို့မရဘူး…အစ်ကို့ရဲ့ idol ပုံရိပ်က အရမ်းကို ဝန်ထုပ်ဝန်ပိုးဖြစ်လွန်းတယ်…လူရှေ့သူရှေ့မှာ စွပ်ပြုတ်သောက်တာ ဘာဖြစ်လဲ…ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်နဲ့ ပြသင့်တယ်…ဒါဆို လူတိုင်းက အစ်ကို့ကို ပိုသဘောကျလာမှာ"


ချောင်းမင်ယောင် သည် နာခံရန် အလွန်ဝန်လေးနေရသည်။ လင်းယောင်ယောင် က သူ့ကို ဖြားယောင်းသွေးဆောင်ဖို့ ကြိုးစားနေတာမို့ သူမကို ခြိမ်းခြောက်နေတော့သည်။


 "မသောက်ရင် နောက်ဆို ညီမ လုပ်ထားတဲ့ ဟင်းတွေကို မြည်းကြည့်လို့ မရဘူး…အစ်ကို သောက်ရင် ဒီ အဆင့်-5ဟင်းလျာတွေကို အပြည့်အစုံ သေချာ ချက်‌ေကျွးမယ်"


ချောင်းမင်ယောင် သည် ဘယ်လိုမျိုး အပြည့်အစုံ ချက်ကျွေးမည်ကို မသိရသေးသော်လည်း အစားသူရဲတစ်ယောက်အနေနှင့် အတော်လေး စားကောင်းမှာဖြစ်ကြောင်း သူနားလည်သည်။ သစ္စာရှိသည့် အစားအသောက်သမားတစ်ယောက်အနေနှင့် အစားအသောက်၏ သွေးဆောင်မှုကို မခုခံနိုင်သေးချေ။ 


အဆုံးတွင် သူသည် လင်းယောင်ယောင် နှင့် သဘောတူခဲ့သော်လည်း အသင်းဖော်များနှင့် သီးသန့် ဆွေးနွေးခဲ့သည်။ သူသည် တစ်ဦးတည်းကစားမုဒ်တွင် ကမ္ဘာကျော် နှင့် တိုက်ပွဲတွင်သာ ဝိဉာဉ်ရေးရာနယ်ပယ် အားတိုးဆေးဟင်းချိုကို သောက်မည်ဟူ၍ ဖြစ်သည်။


လင်းယောင်ယောင် ကလည်း သဘောတူခဲ့သည်။ သာမာန်ပြိုင်ဘက်များနှင့် ပြိုင်ရာတွင် ဆေးမသောက်ဘဲ ရှောင်မင် နှင့် သောက်မှသာ ဝှက်ဖဲထုတ်သုံးသည့်အနေဖြင့် ဆေးသောက်ထားလိုက်လျှင် အထင်သေးနေသော ရှောင်မင်ကို အနိုင်ယူနိုင်ပေလိမ့်မည်။


 အချိန်များသည် မြင်းဖြူတစ်ကောင်လို အပြေးကုန်သွားသည်။ မကြာခင် ဒီဇင်ဘာလ ကုန်တော့မည်ဖြစ်သည်။


ကျောင်းသားသစ်မက်ခါလိဂ်သည်လည်း အထွတ်အထိပ်သို့ ရောက်ရှိသွားပြီဖြစ်သည်။


လင်းယောင်ယောင် နှင့် စုချင်းဟယ် တို့၏ ပူးပေါင်း သုတေသန၏ ဖွံ့ဖြိုးတိုးတက်မှုသည် အဆင့်-5 ဝိဉာဉ်ရေးရာနယ်ပယ် အားတိုးဆေးဟင်းချိုကို အောင်မြင်စွာ တီထွင်နိုင်ခဲ့သည်။ထို့အပြင်၊ ဆေးဖက်ဝင်ဟင်းရည်သည် ကြာရှည်ခံသောအာနိသင်ရှိသည်။ အစကတည်းက ပန်းကန်လုံးတစ်လုံးသောက်ဖို့သာလိုပြီး နောက်ဆယ်မိနစ်အထိ စိတ်စွမ်းအားက နောက်တစ်ဆင့်အထိ တိုးလာနိုင်သည်။


 ဤကုထုံးအကျိုးသက်ရောက်မှုသည် အဆင့်-၅ အဆင့်မြင့် စိတ်ပိုင်းဆိုင်ရာ တိုးမြှင့်ဆေးများထက် များစွာပိုမိုအားကောင်းသည်။ တစ်ခုတည်းသော ကန့်သတ်ချက်မှာ အချိန်တိုအတွင်း တစ်ကြိမ်တည်းသာ သောက်နိုင်ခြင်းဖြစ်သည်။ ဒုတိယ အကြိမ်သောက်လျှင်၊ ပထမအကြိမ်ထက် စိတ်စွမ်းအား 50% တိုးလာသော်လည်း ခဏအတွင်း ကျန်ရှိနေသော စိတ်စွမ်းအားများအားလုံးကို အလွန်လျင်မြန်စွာ ကုန်သွားပေလိမ့်မည်။


 အခြားဘေးထွက်ဆိုးကျိုးမှာ ဆေးသောက်ပြီး တစ်နာရီအကြာတွင် ထိုသူ၏ စိတ်ပိုင်းဆိုင်ရာခွန်အားသည် လေးနာရီမှ ငါးနာရီအထိ အားနည်းသွားမည်ဖြစ်သည်။ ထိုဆိုးကျိုးကပင် တူညီသောအဆင့်ရှိ ဝိဉာဉ်ရေးရာနယ်ပယ် အားတိုးဆေး၏ ဘေးထွက်ဆိုးကျိုးများနှင့် နှိုင်းယှဉ်ပါက များစွာ လျော့နည်းနေသေးသည်။


 သုတေသနအချိန်သည် လုံလောက်သောကြောင့် သုတေသနပညာရှင်များဖြစ်သော လင်းယောင်ယောင် နှင့် စုချင်းဟယ် တို့သည် သူမတို့၏ စိတ်စွမ်းအားကို အလွန်အကျွံ သုံးရခြင်းကြောင့် ဘေးထွက်ဆိုးကျိုးမရှိပေ။ယခုဆို နှစ်ယောက်စလုံးက မာစတာအဆင့်ကို ရောက်နေကြပြီဖြစ်၏။ လက်တွေ့ကမ္ဘာတွင် တူညီသောအဆင့်လက်ရာများကို ထုတ်လုပ်နိုင်မှသာလျှင် မာစတာအဆင့်သို့ တရားဝင် ဝင်ရောက်နိုင်မည်ဖြစ်သည်။


စတားချောလေးများ အဖွဲ့သည် အသင်းတိုက်ပွဲတွင် အောင်မြင်နိုင်ခဲ့သည်။ တစ်ဦးချင်းတိုက်ပွဲမုဒ် ၏ ထိပ်ဆုံး 10ယောက်ထဲဝင်လာသော လင်းယောင်ယောင် သည် နောက်ဆုံးတွင် ရှောင်မင် ကို ရင်ဆိုင်ခဲ့သည်။


လင်းယောင်ယောင် သည် ဂိမ်းစသောအခါတွင် အမြင်အာရုံကို ရှုပ်ထွေးစေမည့် အကြီးဆုံးဆေးအိတ်ထဲတွင် ထည့်ထားသည့် ဆေးဟင်းချိုကို ချက်ချင်းသောက်လိုက်၏။မကြာမီ ၊သူမ၏ စိတ်စွမ်းအားသည် SSS အဆင့်နှင့် အဆမတန် နီးကပ်လာပြီး သူမ၏ ဝိညာဉ်ရေးရာနယ်ပယ်မှာ ရုတ်တရက် ဆယ်ဆ တိုးပွားလာသလို ခံစားမိသည်။


ရှောင်မင် မှာလည်း ကြိုးစားပြီး ဝယ်ထားသည် အဆင့်-5ဝိဉာဉ်ရေးရာနယ်ပယ် အားတိုးဆေးများ ရှိသော်လည်း သူသည် SS+ အဆင့်အထိသာ မြှင့်တင်နိုင်ခဲ့၏။ သူ့တွင် ဆေးသုံးမျိုးသာရှိပြီး တစ်ခုလျှင် အာနိသင်ပြချိန်က ဆယ်စက္ကန့်သာ ကြာသည်။


ရှောင်မင် သည် မူလက "ပဲနီ အုန်းနို့" သည် မက်ခါ ကို အချိန်အကြာကြီး မသုံးဖူးသော အတွေ့အကြုံမရှိသေးသူ ဟု ထင်မြင်ခဲ့သည်။ထို့ကြောင့်၊ဝိဉာဉ်ရေးရာနယ်ပယ် အားတိုးဆေးကိုတောင် လုံးဝသောက်ရန် မလိုအပ်ဘဲ အလွယ်တကူ အနိုင်ရနိုင်သည်။ အရင်က သူမကို ရှုံးလိုက်ရခြင်းက လင်းရွှမ် က သူမအား ကူညီခဲ့ခြင်းကြောင့်ပင်။


သို့သော်လည်း တိုက်ပွဲအတွင်း စိတ်ပိုင်းဆိုင်ရာ ဖိအားသည် အလွန်ပြင်းထန်သဖြင့် ခုခံရန် ခက်ခဲလှသည်။ ရှောင်မင် သည် ပြိုင်ဘက်မှာ လင်းရွှမ် ၏ မိန်းကလေး မဟုတ်ဘဲ လင်းရွှမ် နှင့်တိုက်နေသလိုမျိုး ခံစားရစေသည်။


စျေးကွက်တွင် စိတ်စွမ်းအားကို အဆင့်တစ်ခုနီးပါး မြှင့်တင်ပေးနိုင်သော အရန်ဆေးဝါးများ ရှိသည်။သို့သော်လည်း၊အဆင့်-5ဆေးဝါးများမှာမူ ရှားပါးလွန်းသဖြင့် စျေးကွက်မှာပင် ရှာမတွေ့နိုင်ချေ။


ရှောင်မင် သည် အစွမ်းထက်သော စိတ်စွမ်းအား၏ ဖိအားကို ခံနိုင်ရည် မရှိသဖြင့် အံကြိတ်ထားရင်း သူ၏ တိုက်ပွဲအဆင့်ကို အကောင်းဆုံးပြသနိုင်ဖို့ အစွမ်းကုန်ကြိုးစားခဲ့သည်။


မိန်းမတစ်ယောက်ကို သူဘယ်လိုလုပ် ရှုံးနိုင်မှာလဲ…


သို့သော် ရှောင်မင် ပြိုလဲသွားအောင် လုပ်လိုက်သည်မှာ ဆယ်စက္ကန့်.. မိနစ်ဝက်... တစ်မိနစ်ကျော်... သုံးမိနစ်ကြာသွားသော်လည်း "ပဲနီအုန်းနို့" ၏ စိတ်ပိုင်းဆိုင်ရာ ဖိအားက မလျော့သွားသေးပေ။


ရှောင်မင် ၏ မက်ခါမှာလည်း ပြိုင်ဘက်၏ စိတ်စွမ်းအား ဖိအားကို ခံလိုက်ရ၍ လှုပ်ရှားမှုများ ပိုမိုနှေးကွေးသွားသည်။ ပြိုင်ဘက်၏ ဖိအားအောက်မှာ ချို့ယွင်းချက်များစွာရှိလာကာ ပျက်စီးမှုနှုန်းကလည်း ဆက်ပြီးတိုးနေသည်။


အနည်းငယ် သက်သာရခြင်းမှာ သူ၏ အလွန်မြင့်မားသော တိုက်ခိုက်ရေးစွမ်းရည်နှင့် ဝိဉာဉ်ရေးရာနယ်ပယ် အားတိုးဆေး နှစ်မျိုးကို သောက်သုံးထားခြင်းကြောင့် "ပဲနီအုန်းနို့'၏ မက်ခါ လင်းပိုတွင်လည်း ထိခိုက်မှုများစွာ ရှိခဲ့သည်။


ရှောင်မင် သည် 9မိနစ်ကြာအောင် ရုန်းကန်ပြီးနောက်တွင် သူခံစားရသော စိတ်ဖိအားများ ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။ "ပဲနီ အုန်းနို့" ကလည်း စိတ်ပျက်လက်ပျက် ဖြစ်နေဟန်ဖြင့် ခြေလှမ်းက နောက်ဆုတ်သွားသည်။သူ ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်ချလိုက်ပြီး တတိယမြောက် ဝိဉာဉ်ရေးရာနယ်ပယ် အားတိုးဆေးကို သောက်ပြီးနောက် ပြင်းထန်သော တိုက်ကွက်များ ပြန်စတင်လိုက်လေသည်။


မကြာမီ လင်းပို၏ ပျက်စီးနှုန်းသည် တောက်လျှောက်တက်လာသည်ကို သူမြင်လိုက်ရသည်။ 90% အထိမြင့်မားလာခဲ့သော်လည်း သူ၏ မက်ခါ ပျက်စီးမှုနှုန်းမှာ 75% သာရှိသည်။ ပြိုင်ဘက်၏ မက်ခါ ပျက်စီးမှုနှုန်းသည် 95% ကို ဦးစွာရောက်ရှိသွားပါက၊ အနိုင်ရသွားမည် ဖြစ်ပေသည်။


 ဤတစ်ကြိမ်တွင် သူသည် အလွန်သတိထားပြီး သူ၏ အားနည်းချက်များကို တိုက်ခိုက်ခွင့်မပြုခဲ့ပေ။ နောက်ဆုံးအကြိမ်က၊ "ပဲနီအုန်းနို့" သည် အပူချိန်မြင့် ရောင်ခြည်များနှင့် အေးခဲရောင်ခြည်များကို အားကိုးကာ တစ်ကျော့ပြန် တိုက်ခိုက်ပြီး သူ့ကို အနိုင်ယူခဲ့သည်။ယခုတော့ ထိုအဖြစ်မျိုး ဖြစ်လာမှာမဟုတ်ပေ။


ရှောင်မင် သက်ပြင်းတစ်ချက်ချလိုက်သည်။  


သူမမှာ ဘယ်လောက်ပဲ အားကောင်းတဲ့ အရန်ဆေးတွေရှိရှိ၊ သူ့ကို တိုက်ဖို့ အားနည်းနေတာ မလား…


 ကိုယ့်အင်အားက အရေးကြီးဆုံးပင်။  

ဆေးဝါးများလို ပြင်ပအကူအညီတစ်ခုက ကိတ်မုန့်ပေါ်က ပေါင်ဒါမုန့်လေးတွေလိုပင် အချိန်တန်‌လျှင် ပျောက်ကွယ်သွားနိုင်၏။


လင်းယောင်ယောင် သည် ဆေးဟင်းချိုအတွက် တစ်မိနစ်သာကျန်တော့သည်ကို အခွင့်အရေးယူ၍ အလိုအလျောက် ကာကွယ်ရေးမုဒ်ကို ဖွင့်ထားလိုက်သည်။ တစ်ဖန် သူမသည် ဝိဉာဉ်ရေးရာနယ်ပယ် အားတိုးဆေး ဟင်းချိုအထုပ်ကြီးတစ်ထုပ်ကို ထုတ်ကာ အကုန် သောက်လိုက်သည်။


ကွင်းအပြင်ဘက်ရှိ ပရိသတ်များသည် မောင်းနှင်သူအခန်း၏ အခြေအနေကို ကြည့်ရှုနိုင်ကြသည်။ ပဲနီအုန်းနို့ကို အားပေးသည့် ပရိတ်သတ်တွေ အားလုံးမှာ သေမလောက် စိုးရိမ်နေကြ၏။


'ဘာလို့ ဆေးသောက်နေသေးတာလဲ. ကောင်မလေး…နင် မကြာခင် မင်းရှုံးတော့မှာလေ'


 ပရိသတ်က အလွန်သိချင်နေခဲ့သည်။  


လင်းယောင်ယောင် သောက်ခဲ့တဲ့ အရန်ဆေး ပမာဏက ဘယ်လိုလဲ…သက်ရောက်မှုက အရမ်း မှော်ဆန်တယ်မလား…


 ပွဲမစခင်မှာ ပဲနီအုန်းနို့ နိုင်မည်ဟု ဘယ်သူမှ အကောင်းမြင်စိတ်မရှိခဲ့ကြချေ။ လင်းယောင်ယောင် နှင့် ရှောင်မင် တို့၏ ပရိသတ်ဘက်မှ အလေးသာမှုအချိုးမှာ 1:99 ဖြစ်သည်။


ပဲနီအုန်းနို့ ကို ထောက်ခံသူ 1% သည် သစ္စာရှိ ပရိသတ်အနည်းစုဖြစ်ပြီး စာနာစိတ်ဖြင့်သာ မဲပေးခဲ့ကြသည်။ သို့သော်လည်း ပဲနီအုန်းနို့ သည် တစ်ဦးချင်းတိုက်ပွဲမုဒ်တွင် နာမည်ကောင်းရှိသော "ကမ္ဘာကျော်" ကို အနိုင်ရခဲ့သည်။


သို့သော်လည်း ဂိမ်းစတင်ပြီးနောက် လင်းယောင်ယောင် သည် မှော်ဆေးကို သောက်ကာ သတ္တိရှိရှိ ဖျော်ဖြေခဲ့သဖြင့် လူများစွာကို အံ့အားသင့်စေခဲ့သည်။


 "ပဲနီအုန်းနို့" ကို "ကမ္ဘာကျော်" က အလွယ်တကူ ရိုက်နှက်မည်ဟု ထင်ခဲ့ကြသော်လည်း အခြေအနေကတော့ လုံးဝပြောင်းပြန်ဖြစ်နေရသည်။


 လူတိုင်းက


 "အိုး "ကမ္ဘာကျော်" က သိပ်လည်းမတော်ပါဘူး…ငါတို့ အထင်မှားသွားတယ်"


"အထင်မမှားပါဘူး...သူမက ဆေးရည်ကြောင့် အံ့သြစရာကောင်းနေတာပါ…သူမကသာ တစ်ကယ်အရည်အချင်းမရှိတာ"


 ကိုးမိနစ်ခွဲတွင် လင်းယောင်ယောင်သည် နောက်ဆုံးတွင် လက်ထဲရှိ ဆေးစွပ်ပြုတ်အိတ်ကြီးတစ်လုံးကို အကုန် သောက်လိုက်သည်။သူမ ပါးစပ်ကို သုတ်ပြီး ပြုံးလိုက်သော်လည်း တန်ပြန်တိုက်ခိုက်ရန် သူမ၏ မက်ခါ လင်းပို ကို မထိန်းချုပ်နိုင်ခဲ့ပေ။ သို့သော် သူမသည် မရေမတွက်နိုင်သော ရွှေရောင် စိတ်ပိုင်းဆိုင်ရာများကို ရုတ်တရက် ဆန့်ထုတ်လိုက်သည်။ သူမသည် SSS အဆင့်သို့ ရောက်ရှိရန် သူမ၏ စိတ်စွမ်းအား စက်ဝန်းများအပေါ် အားကိုးအားထား ပြုပြီး "ကမ္ဘာကျော်' ၏ မက်ခါကို ရုတ်တရက် တိုက်ခိုက်ခဲ့သည်။ ထို့နောက် သူမသည် လေယာဉ်ခန်း၏ ခံစစ်မျက်နှာပြင်ကို ချိုးပစ်လိုက်သည်။


ရှောင်မင် ၏ အတွင်းစိတ်ဝိညာဉ်နယ်မြေ...


 "ဘုန်း"


 အောင်ပွဲ နီးလာပြီဟု ထင်ကာ ရှောင်မင် ၏ မျက်နှာပေါ်တွင် ကောက်ကျစ်သော အပြုံးတစ်ခု ပေါ်လာသည်။ သို့သော် "ပဲနီ အုန်းနို့" သည် ဤမျှကြီးမားပြီး အစွမ်းထက်သော စိတ်စွမ်းအားရှိမည်ဟု လုံးဝမထင်မှတ်ခဲ့ပေ။ အရှိန်က မြန်ဆန်လွန်းသဖြင့် သူရှောင်လို့မရတော့ပေ။သူမ၏ ခွန်အားအဆင့်က သူ့ကို လုံးဝ ခံနိုင်ရည်မရှိစေတော့ပေ။


ရှောင်မင် မျက်လုံးများ မှေးကျဥ်းသွားသည်။ တိုက်ခိုက်မှုသည် သူ၏ ဝိညာဉ်ရေးနယ်ပယ်၏ ခံနိုင်ရည်ရှိသော အမြင့်ဆုံးအဆင့်ကို ကျော်လွန်သွားသောကြောင့် Star Network စနစ်က သူ့ကို ဂိမ်းမှ ထုတ်ပယ်လိုက်သည်။


လင်းယောင်ယောင် ၏ စိတ်စွမ်းအင်မှာ အရိပ်အယောင်မျှသာရှိပြီး မလဲကျသွားအောင် အားတင်းထိန်းထားချိန်မှာ အောင်ပွဲသတင်းကို သူမ ကြားလိုက်ရပြီးလျှင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားသည်။


စုချင်းဟယ် က ထိုသို့အိပ်ချင်လာရခြင်းသည် ဘေးထွက်ဆိုးကျိုးကို ဆိုးရွားသွားစေအောင် ဆေးဟင်းချိုကို နှစ်ဆသောက် လိုက်သောကြောင့်ဖြစ်ကြောင်း ရှင်းပြခဲ့သည်။ ထို့ကြောင့်၊သူမသည် တစ်ရက်လောက် အိပ်နေပြီးမှ နိုးလာမည်ဖြစ်သည်။


ရှောင်မင် ကို အနိုင်ယူနိုင်ပြီးဖြစ်၍ မနက်ဖြန် ကစားမည့်ပွဲကို လွဲချော်လျှင်လည်း ကိစ္စမရှိချေ။ မည်သို့ပင်ဆိုစေကာမူ၊ မနက်ဖြန်တွင် သူမ၏ပြိုင်ဘက်သည် အစ်ကိုဝေ့ယွမ်ဖြစ်သောကြောင့် ရှောင်နေနိုင်သည်။




xxxx