အခန်း၁၁၇
Viewers 8k

Chapter 117

(လင်းပို၏ အစမ်းမောင်းနှင်မှု)


ထို့နောက် ဝိဉာဉ်ရေးရာနယ်ပယ် အားတိုးဆေးဟင်းရည်ကို အားကိုးကာ ကျောက်ချင်းယွင် သည်လည်း ရှောင်မင် ကို ပွတ်ကာသီကာ အနိုင်ယူခဲ့သည်။ နှိုင်းယှဉ်ကြည့်လျှင် ချောင်းမင်ယောင် သည် ဖြစ်စဉ်တစ်လျှောက်လုံး ရှောင်မင် ကို ဖိနှိပ်နိုင်ခဲ့သည်။


ထို့ကြောင့် ရှောင်မင် သည် သူတို့သောက်နေသော ဆေးများမှာ အဆင့်-5ထက် သာနေသည်ထင်၍ စစ်ဆေးရန် အထူးတောင်းဆိုခဲ့သည်။ သို့သော် ရလဒ်က သူ့ကို မျက်နှာပျက်သွားစေသည်။ အမှန်တစ်ကယ်တွင်လင်းယောင်ယောင် နှင့် စုချင်းဟယ် တို့လို ဉာဏ်ကြီးရှင် ဖြည့်စွက်ကုထုံးပညာရှင်နှစ်ဦးက ထိုဆေးဟင်းချိုကို တီထွင်ခဲ့ခြင်းဖြစ်သည်။ ထိုဟင်းချိုသည် အဆင့်-5 အထက်တန်းစား ဝိဉာဉ်ရေးရာနယ်ပယ် အားတိုးဆေးဟင်းချိုဖြစ်ပြီး သူတို့ အသုံးပြုသည့် ဆေးဝါးများမှာလည်း အမှားအယွင်းမရှိပေ။


ထို့ကြောင့် ရှောင်မင် အတော်လေး စိတ်ပျက်သွားရ၏။ သူသည် အဆင့်-၅ ဝိဉာဉ်ရေးရာနယ်ပယ် အားတိုးဆေးကို ရရှိရန် အလွန်ကြိုးစားခဲ့သော်လည်း သူ ရရှိခဲ့သော ဆေး၏ ထိရောက်မှုမှာ ဆေးဟင်းချိုထက် အဆပေါင်းများစွာ ညံ့နေသည်။သို့သော်၊ အရန်ဆေးဝါးများသည် ဤပြိုင်ပွဲ၏ အဆုံးအဖြတ်အတွက် အဓိကအချက်ဖြစ်၍ လုံးဝ တရားမျှတမှု မရှိပေ။


 ထို့ကြောင့်၊ တစ်ဦးချင်းတိုက်ပွဲမုဒ်တွင်၊ ချောင်းမင်ယောင် သည် ကျောင်းသားသစ်မက်ခါလိဂ်ကို ပြီးပြည့်စုံသောအောင်ပွဲမှတ်တမ်းဖြင့် အနိုင်ရခဲ့သည်။ အသင်းတိုက်ပွဲမုဒ်တွင်၊ စတားချောလေးများအဖွဲ့သည် ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့သည်။


ကျောက်ချင်းယွင် က ဒုတိယနေရာမှာ ရှိနေပြီး ရှောင်မင် သည် တတိယနေရာမှာ ရပ်တည်နေသည်။ လင်းယောင်ယောင် သည် တစ်ချို့အသင်းဖော်များနှင့် မပြိုင်နိုင်ခဲ့သဖြင့် ပွဲများစွာ ရှုံးနိမ့်ခဲ့ပြီး အဆင့်-၈သာ ရရှိခဲ့သည်။ သို့သော်၊ ဤကဲ့သို့ စွမ်းဆောင်ရည်သည် မက်ခါတိုက်ပွဲအတွေ့အကြုံ မရှိသေးသူများအတွက်အလွန်ကောင်းမွန်နေပြီဖြစ်သည်။ထို့အပြင်၊ သူမသည် တတိယအဆင့်ရှိသူ ရှောင်မင် ကို အနိုင်ယူနိုင်လောက်အောင် အားကောင်းခဲ့သည်။


အချိန်အတိုင်းအတာတစ်ခုအထိ၊ ချောင်းမင်ယောင် သည် စတားချောလေးများအဖွဲ့၏ အားရုံစူးစိုက်ခံရသူ တစ်ဦးအဖြစ် ထင်ရှားကျော်ကြားလာခဲ့သည်ဟု ဆိုနိုင်သည်။ ထောင်ပေါင်းများစွာသော ပရိသတ်များ၊ ရက်ရောသော ဘောနပ်စ်များနှင့် ဆုများကို သူ ဆွဲဆောင်နိုင်ခဲ့သည်။


အထက်တန်းစား ဝိဉာဉ်ရေးရာနယ်ပယ် အားတိုးဆေးဟင်းချိုကို တီထွင်ခဲ့သည့် လင်းယောင်ယောင် နှင့် စုချင်းဟယ် တို့သည်လည်း ပရိသတ်ထံမှ အာရုံစူးစိုက်မှုကို တစ်ဖန်ပြန်လည်ရရှိခဲ့၏။ 


လင်းယောင်ယောင် ပြုလုပ်သော ဖြည့်စွက်စာသည် အရသာရှိပြီး ထိရောက်မှုအနည်းငယ်ရှိသည်ဟု သူတို့ထင်ကြသည်။ သူတို့မသိသေးသည်က၊ ဆေးဝါးထက် ပိုပြင်းထန်သော၊အမှန်တစ်ကယ် အသုံးချနိုင်‌သည့် ဖြည့်စွက်အာနိသင်ရှိနေခြင်းကိုပင်။


 ဆေးဖက်ဝင်အစားအသောက်အတွက် နှစ်ပေါင်းများစွာ အတူလုပ်ကိုင်ခဲ့ကြသော အဘိုးကြီးချိုက် နှင့် အဘိုးကြီးကျန်းတို့သည် သူတို့၏ အလုပ်သင်လေးများကြောင့် အံ့သြသွားကြသည်။ ဤအလုပ်သင်လေးများသည် ဤလောကထဲရောက်သည်မှ အချိန်သိပ်မကြာလိုက်ချိန်မှာ မာစတာအဆင့်ကို ရောက်နေကြလေသည်။


 ထို့ကြောင့် လင်းယောင်ယောင် နှင့် စုချင်းဟယ် တို့သည် လက်တွေ့ဘဝတွင်လည်း ဆေးဘက်ဆိုင်ရာ အစားအစာ သုတေသနလုပ်ငန်းများတွင် တရားဝင်ပါဝင်ခွင့်ရသွားသည်။


 အသင်းတိုက်ပွဲတွင် နံပါတ်(1)နှင့် တစ်ဦးချင်းတိုက်ပွဲမုဒ်တွင် နံပါတ် (8) အနေဖြင့် ရက်ရောသောဆုကြေးများအပြင် လင်းယောင်ယောင် သည် သူမ၏ မက်ခါ ကို အခမဲ့အဆင့်မြှင့်တင်ကာ အသွင်ပြောင်းနိုင်ရန် မက်ခါမာစတာ တစ်ဦးကို ရှာဖွေရန် အခွင့်အရေးရခဲ့သည်။


သို့သော်၊ သူမ၏ မက်ခါ ဖြစ်သည့် လင်းပိုကို မူလက မက်ခါမာစတာ ဆိုဖီယာမှ ဖန်တီးထား‌ေသာကြောင့် အဆုံးစွန်သော ပြီးပြည့်စုံမှုကြီး ရှိနေပြီဖြစ်သည်။ထို့ကြောင့်၊သူမသည် ဤဆုကြေးအခွင့်အရေးကို ဘောနပ်စ်ဖြင့် အစားထိုးခဲ့သည်။


 SS-အတန်းစား မက်ခါလင်းပို ၏ လက်တွေ့ဘဝ ဗားရှင်းမှာ ပြီးလုနီးပါးဖြစ်သည်။ထို့ကြောင့် ဂရန်းမာစတာ ဆိုဖီယာ သည် လင်းယောင်ယောင် ၏ ကုဒ်ဝှက်ထားသော ဆက်သွယ်ရေးနံပါတ်ထံသို့ တစ်ပတ်အတွင်း စမ်းသပ်မောင်းနှင်ရန် သူမ၏ သုတေသနဌာနသို့လာရန် မက်ဆေ့ခ်ျပို့လိုက်သည်။ ပြဿနာရှိလျှင် ပြုပြင်ပြောင်းလဲမှုအချို့ ပြုလုပ်နိုင်ပြီး ပြဿနာမရှိပါက၊ သူမ၏ မက်ခါ ကိုတရားဝင်အသိအမှတ်ပြုနိုင်သည်။ဆိုဖီယာသည် အလုပ်အကြောင်းပြောပြီးသည့်အခါ သူမက ဆက်လက်၍ စာပို့လိုက်၏။


 "သမီးကို တွေ့ဖို့ မစောင့်နိုင်တော့ဘူး… လင်းရွှမ် လိုမျိုး ခက်ထန်တဲ့ကောင်ကို ဘယ်လိုမိန်းကလေးမျိုးက ပျော့‌ပျောင်းအောင် လုပ်လိုက်တာလဲ"


 ဆိုဖီယာနှင့် အဘွားလင်းသည် အလွန်ခင်မင်သော သူငယ်ချင်းများဖြစ်ပြီး ဆိုဖီယာသည် သုတေသနပြုရန် ကြိုးစားနေသဖြင့် နောက်ကျမှ အိမ်ထောင်ကျခဲ့သဖြင့် သားသမီးမရှိပေ။အဘွားလင်း ဆုံးပါးသွားပြီးနောက်တွင် အဘွားကြီး ဆိုဖီယာ နှင့် လင်း မိသားစုတို့သည် အဆက်အသွယ် ပြတ်တောက်ခဲ့ကြသော်လည်း ဆက်ဆံရေးမှာ အတော်လေး ကောင်းမွန်ခဲ့သည်။ သူမသည် မက်ခါ လင်းယွင် ၏ အဓိကဒီဇိုင်နာတစ်ဦးလည်း ဖြစ်သလို လင်းရွှမ် ကို မျိုးဆက်သစ်လူငယ်တစ်ဦးအဖြစ် အလွန်တန်ဖိုးထားပြီး မြေးဖြစ်သူကဲ့သို့ ဆက်ဆံသည်။ ထို့ကြောင့် သူမသည် လင်းယွင်"


၏အမျိုးသမီးဗားရှင်းအား ဘယ်သူ့ကို ပေးမည်ဆိုသည်ကို အလွန်သိချင်နေခဲ့သည်။


လင်းရွှမ် ပြောစကားအရ မိန်းကလေး၏ ကိုယ်လုံးကိုယ်ပေါက်သည် အဆင့် B သာဖြစ်ပြီး အနည်းငယ် အားနည်းနေသဖြင့် လင်းပို ၏ စွမ်းဆောင်ရည်အချို့ကိုလည်း ကန့်သတ်ထားလိုက်သည်။ SS အဆင့် စိတ်ပိုင်းဆိုင်ရာ ခွန်အားနှင့် B အဆင့် ကိုယ်လုံးကိုယ်ပေါက်ရှိသော အမျိုးသမီး တိုက်ခိုက်ရေးသမားသည် ကြယ်တာရာခေတ် မက်ခါလိဂ်တွင် သေချာပေါက် အလွန်ကောင်းမွန်သော ရလဒ်များ ရရှိနိုင်ပြီး ပါရမီရှင်တစ်ဦးဟု ဆိုနိုင်သည်။


သို့သော် ဤအရည်အချင်းမျိုးသည် မဆိုးလှသော်လည်း သူမကို သာမန်ပါရမီရှင်တစ်ဦးအဖြစ်သာ မှတ်ယူနိုင်သည်။ အင်ပါယာရှိ ဩဇာလွှမ်းမိုးနိုင်ဆုံး လင်းရွှမ် နှင့် နှိုင်းစာလျှင် အလွန်ဝေးကွာနေသေးသည်။


 ပို၍အရေးကြီးသည်မှာ လင်းရွှမ် ၏ စိတ်စွမ်းအားသည် SSS အဆင့်တွင်ရှိသည်။ သူ့တွင် ဆက်တိုက် တိုက်ပွဲမှတ်တမ်းများရှိသော်လည်း တစ်ခါတစ်လေ စိတ်ပိုင်းဆိုင်ရာ နယ်ပယ်ပျက်စီးနိုင်သည်အထိ ဖြစ်တတ်သည်။ ထို့ကြောင့် သူ့ထက် ပိုအဆင့်မြင့်ပြီး စိတ်စွမ်းအင်ချင်းလည်း လိုက်ဖက်ညီသော အရန်ကုထုံးပညာရှင်တစ်ဦးနှင့်သာ လက်တွဲသင့်ပေသည်။


အဘွားကြီး ဆိုဖီယာ အနည်းငယ်စိုးရိမ်နေမိသည်က လင်းမိသားစုသည် ထိုသို့သော အားနည်းသူ ချွေးမကို သဘောတူမည်လား ဆိုခြင်းပင်။


 သို့သော် ဤအရာများသည် လင်းမိသားစု၏ အိမ်တွင်းရေးကိစ္စများဖြစ်သည်။ ဂရန်းမာစတာ ဆိုဖီယာ သည် စိတ်ထဲမှာ သက်ပြင်းသာချနိုင်ပြီး လင်းရွှမ်တို့ စုံတွဲအပေါ် သိပ်အမြင်မကြည်ချေ။ 


 သူမနှင့် လင်းရွှမ် တို့ကြားရှိ "တိတ်တဆိတ်ဆက်ဆံရေး" ကို အခြားလူကြီးတစ်ယောက်က သိသွားတော့မှာကို လင်းယောင်ယောင် သိလိုက်ရသောအခါ အလွန်ရှက်သွားခဲ့သည်။ မူလပိုင်ရှင်သည် ဂရန်းမာစတာ ဆိုဖီယာထံသို့ သီးသန့်လည်ပတ်ခြင်းမရှိသလို၊ အရေးကြီးသောပွဲအခမ်းအနားများတွင်လည်း သူမကိုအဝေးမှသာ မြင်ဖူးသည်။ Star Network တွင် မကြာသေးမီကနာမည်ကျော်ကြားလာသည့် သူမကို ဂရန်းမာစတာ ဆိုဖီယာသည်အသိအမှတ်ပြုလိမ့်မည်ဟု ထင်မိသည်။


သို့သော်လည်း မကြာမီ လက်တွေ့တွင် သူမ၏ သီးသန့် မက်ခါကိုရရှိတော့မည်ဖြစ်သောကြောင့် အတော်ပင်ပျော်ရွှင်နေရသည်။ သူမတွင် တိုက်ခိုက်ရေးစွမ်းရည်နှင့် အရန်ကုထုံးပညာရှင်ဟူ၍ စွမ်းရည်နှစ်မျိုးရှိပြီး ယင်းကိစ္စနှင့် ပတ်သက်၍ လင်းရွှမ်က ဤကိစ္စကို ဂရန်းမာစတာ ဆိုဖီယာထံမှ ဖုံးကွယ်ထားဖို့ မလိုအပ်ကြောင်း ပြောခဲ့သည်။ အကြောင်းမှာ အဘွားကြီး ဆိုဖီယာသည် နှုတ်မလုံဘဲ အပြင်သို့ အတင်းပြောတတ်သူ မဟုတ်တာကြောင့်ပင်။


သို့နှင့်၊ တစ်ပတ်အကြာတွင် လင်းယောင်ယောင်သည် ဝမ်းကွဲအစ်ကို ဝေ့ယွမ် နှင့်အတူ ဧကရာဇ်မြို့တော် တောင်ပိုင်းခရိုင်ရှိ ဂရန်းမာစတာ ဆိုဖီယာ၏ သုတေသနဌာနသို့ သွားရောက်ခဲ့သည်။


ဝေ့ယွမ်၏ မက်ခါကို လွန်ခဲ့သည့် ၂နှစ်က မက်ခါဆရာတစ်ဦးက စိတ်ကြိုက်ပြင်ဆင်ခဲ့သော်လည်း ယခုဆို သူ၏ ကျွမ်းကျင်သော စစ်ဆင်ရေး အဆင့်နှင့် မကိုက်ညီတော့ချေ။ ထို့ကြောင့်၊ Star Network မက်ခါလိဂ် မှရရှိသောဆုများကိုအမှီပြု၍ ဂရန်းမာစတာ ဆိုဖီယာထံမှ ပြုပြင်ပြောင်းလဲမှုများပြုလုပ်ရမည် ဖြစ်ပေသည်။


လွန်ခဲ့သည့် ရက်သတ္တပတ်က၊ ဝေ့ယွမ်၊ ချောင်းမင်ယောင်နှင့် ယဲ့ရှီတို့၏ လမ်းညွှန်မှုအောက်တွင် လင်းယောင်ယောင်သည် B-အတန်းစား မက်ခါနှင့် ရင်းနှီးလာရန် ကြိုးစားခဲ့သည်။ သူမသည် အခြေခံစစ်ဆင်ရေးများတွင် အလွန်ကျွမ်းကျင်နေပြီဖြစ်သော်လည်း၊ Star Network တွင် တိုက်သည့်အခါ သူမ တိုက်ချင်သလောက် တိုက်ကွက်များထုတ်ဖို့ မဖြစ်နိုင်ပေ။ ထို့အပြင် သူမသည် လင်းပို အား စမ်းသပ်မောင်းနှင်မည့်အချိန်ကို ကြာရှည်စွာ စောင့်မျှော်ခဲ့ရသည်ဟုလည်း ပြော၍ရပေသည်။


ဂရန်းမာစတာဆိုဖီယာ တည်ရှိရာ မက်ခါ သုတေသနဌာနသည် နည်းပညာမြင့်မားသည့် ဧရာမ စက်လုံးပုံစံ အဆောက်အအုံကြီးဖြစ်သည်။ စက်ရုပ်လက်ထောက်သည် မောင်နှမနှစ်ယောက်၏ အထောက်အထားများကို စစ်ဆေးခဲ့ပြီး ဂရန်းမာစတာ ဆိုဖီယာ နှင့် လင်းပို ရှိသည့် အလုပ်ရုံဆွေးနွေးပွဲသို့ ခေါ်သွားခဲ့သည်။


မာစတာ ဆိုဖီယာသည် အလွန်ပြေပြစ်ပြီး ဉာဏ်ရည်ဉာဏ်သွေးရှိသော အမျိုးသမီးပညာရှင်တစ်ဦးနှင့် တူပေသည်။ သူမသည် အရွယ်တင်နုပျိုပြီး အသက် 50ကျော်အရွယ်နှင့်တူသော်လည်း တစ်ကယ်တမ်းတွင် သူမသည် အသက် 300နီးပါးရှိနေပြီဖြစ်သည်။


 သူမသည် လင်းပို၏ ဒေတာကို နောက်ဆုံးတစ်ကြိမ် စစ်ကြည့်နေသည့် ဖန်သားပြင်၏ရှေ့တွင် သေးငယ်သော အလင်းကြည့်မျက်မှန်ကို ဝတ်ဆင်ထားသည်။ ထိုစဉ် ခြေသံများကြားသောအခါ ခေါင်းကို တစ်ဖက်လှည့်လိုက်သည်။


 များမကြာမီတွင်၊ ဧည့်သည်တော်များသည် လင်းပို ၏ပိုင်ရှင်ဖြစ်သော "ပဲနီလေးအုန်းနို့" နှင့် ဝေ့ယွမ် တို့ဖြစ်ကြောင်း စက်ရုပ်လက်ထောက်က အသိလိုက်ပေးသောကြောင့် ဆိုဖီယာ အံ့အားသင့်သွားရသည်။သူမ မြင်လိုက်ရသည်မှာ မကြာသေးခင်ကမှ နာမည်ကြီးလာသော လင်းယောင်ယောင် ဖြစ်သည်။


သူမက လင်းရွှမ် ရဲ့ မွေးစားညီမ မဟုတ်ဘူးလား…


မကြာသေးမီက ဧကရာဇ်မြို့တော်၏ မြင့်မြတ်သောအသိုင်းအဝိုင်းတွင် ကောလဟာလများ ရှိနေခဲ့သည်။ လင်းယောင်ယောင် သည် ဝေ့မိသားစု၏သမီးဖြစ်ပြီး ဝေ့ယွမ်၏ ဝမ်းကွဲညီမ ဖြစ်သည်ဆိုသော ကိစ္စပင်။ ထို့ကြောင့် လင်းယောင်ယောင်သည် ဝေ့ မိသားစု၏ သားလေး ဝေ့ယွမ် နှင့်အတူလာခြင်းမှာ သဘာဝကျပေသည်။


လင်းယောင်ယောင် က ပြုံးပြီး သပ်သပ်ရပ်ရပ် ထုပ်ပိုးထားသော အစားအသောက်ဘူးများကို ပေးလိုက်သည်။  


"မင်္ဂလာပါ ဂရန်းမာစတာ ဆိုဖီယာရှင့်... ကျွန်မက လင်းယောင်ယောင်ပါ…ပြီးတော့ "ပဲနီအုန်းနို့" ဆိုလည်း ဟုတ်ပါတယ်…ကျွန်မ အတွက် လင်းပို ကို ဒီဇိုင်းထွင်ဖန်တီးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်…ဒါလေးတွေက ကျွန်မ ကိုယ်တိုင်လုပ်ထားတဲ့ မပြောပလောက်တဲ့ ပစ္စည်းလေးတွေပါ… ကျေးဇူးပြုပြီး လက်ခံပါနော်"


ဂရန်းမာစတာ ဆိုဖီယာ သည် အလွန်ဉာဏ်ပညာရှိသူဖြစ်၍ အံ့အားသင့်သွားပြီးနောက်တွင် အမြန် တည်ငြိမ်သွားခဲ့သည်။ သူမက ပြုံးပြီး လင်းယောင်ယောင် ပေးထားသည့် အစားအသောက်ဘူးများကို ယူကာ နှုတ်ဆက်လိုက်သည်။


လင်းရွှမ် တွဲနေသူသည် သာမန်ထက်မြက်သော အမျိုးသမီး တိုက်ခိုက်ရေးသမားမဟုတ်ဘဲ ဘီလူးတစ်ကောင်ဖြစ်သည်။ အစားအသောက်ကုထုံးဆရာတစ်ယောက်အနေနှင့် ဤကလေးမလေး၏ အရည်အချင်းက အင်ပါယာတစ်ခုလုံးဆီမှ အာရုံစိုက်မှုကို ခံခဲ့ရသော်ငြား၊ တစ်ကယ်တမ်းမှာ သူမတွင် မက်ခါကျွမ်းကျင်မှုလည်း ရှိသူဖြစ်၏။


လင်းရွှမ် သည် လင်းယောင်ယောင် ကို ခိုးယူနိုင်ခဲ့ခြင်းမှာ အတော်ကြီးကျယ်သည့်ကံကြမ္မာပင်။


သူမ လင်းရွှမ်ကို အမှန်တစ်ကယ် နားလည်မှုလွဲခဲ့ရသည်။


ဂရန်းမာစတာ ဆိုဖီယာ မည်သို့ပင်တွေးနေပါစေ၊ အလုပ်ရုံအလယ်တွင် အရပ်ရှည်ရှည်၊ အေးမြလန်းဆန်း ပေါ့ပါးပြီး သွယ်လျသော လင်းပို သည် လင်းယောင်ယောင် ကို ဖမ်းစားထားလိုက်သည်။ သူမ၏ လှပသော မက်မွန်ပန်းနှင့် တူ‌ သောမျက်လုံးတစ်စုံသည် တောက်ပနေလျက်။


 'အာ ငါတစ်ကယ်စမ်းကြည့်ချင်တယ်'


ဂရန်းမာစတာ ဆိုဖီယာသည် လင်းပို ကို ချစ်မြတ်နိုးဟန်ပြနေသော ကလေးမလေးကို ကြည့်လိုက်သည်။

 

"သမီး စမ်းမောင်းကြည့်လိုက်ပါလား… လိုအပ်တာ တစ်ခုခု ရှိမရှိ ကြည့်လိုက်လေ..."



xxxxxx