အခန်း၁၁၈
Viewers 8k

Chapter 118

(ကြယ်ပင်လယ်)


လင်းပိုသည် အေးစက်ပြီး ကြီးစိုးနေသည့် ပညာရှင်တစ်ယောက်နှင့် အလွန်ဆင်တူသော်လည်း ပုံသဏ္ဍန်မှာ ကွဲပြားသည်။ လင်းပို သည် လင်းယောင်ယောင် ၏ စိတ်စွမ်းအား၊ ရုပ်ပိုင်းဆိုင်ရာအဆင့်နှင့် တိုက်ခိုက်ရေး အလေ့အကျင့်များအပေါ် အခြေခံ၍ ဒီဇိုင်းထုတ်ထားခြင်းဖြစ်သည်။ လင်းပိုသည် လျင်မြန်သွက်လက်ကာ တာဝေးပစ်တိုက်ခိုက်မှုများတွင် ကောင်းမွန်ပေသည်။


လင်းယောင်ယောင် သည် စမ်းသပ်မောင်းနှင်မှုတစ်ခုပြုလုပ်ခဲ့ရာ လင်းပို သည် ယခင်က သူမ မောင်းနှင်ခဲ့သော B-အတန်းစား မက်ခါထက် အဆတစ်ရာ ပိုမိုပေါ့ပါးပြီး ပိုမိုမြန်ဆန်သည်။ ထို့အပြင်  သူမ၏ ကိုယ်လုံးကိုယ်ပေါက်အဆင့်က တိုးတက်နေသရွေ့ လင်းပို သည် ခွန်အားကို ပိုပိုပြီး သူမနှင့်အလိုက်အထိုက် အသုံးချနိုင်သေးသည်။


လင်းပို ၏ SS-အတန်းစား ဥာဏ်ရည်တု၏ ဟိုလိုဂရပ်ဖစ်ရုပ်ပုံသည် Star Network ၏ virtual မက်ခါတိုက်ပွဲပလက်ဖောင်းရှိ သူမ၏ ကိုယ်ပွားရုပ်ပုံကို အခြေခံ၍ ဒီဇိုင်းထုတ်ထားသဖြင့် အလွန်နူးညံ့ပြီး ချစ်စရာကောင်းနေသည်။ ထိုရုပ်ပုံနှင့် 70-80% ဆင်တူပြီးအလွန် ချစ်စရာကောင်းသည်။  သို့သော် စကားပြောဆိုရာတွင် အလွန်အေးစက်သော ဘုရင်မတစ်ပါးလိုပင် တောင့်တောင့်ကြီး ပြောဆိုသည်။


ဂရန်းမာစတာဆိုဖီယာ က အနည်းငယ်ရှက်ဝဲဝဲဖြင့် ဆိုလာသည်။


"သမီးရဲ့ Star Network ကိုယ်ပွားက လက်တွေ့ကျရင်လည်း သမီးရဲ့အပြင်ကရုပ်နဲ့ တူမယ်လို့ ထင်ခဲ့တာ… Star Network က လူတွေနဲ့ သမီးက ဆက်သွယ်တာ ရှားတယ်မလား…ပြီးတော့ သမီးရဲ့ ကိုယ်ရည်ကိုယ်သွေးက အေးစက်ပြီး ပြတ်သားလွန်းတယ်လို့ ကြားတယ်... အဲဒါကြောင့် အဘွားက ဒီလို ဒီဇိုင်းထုတ်ခဲ့တာ… လင်းပို ရဲ့ AI ပုံရိပ် ဒါမှမဟုတ် ကိုယ်ရည်ကိုယ်သွေးကို ပြောင်းချင်ရင်လည်း အဆင်ပြေပါတယ်…အဘွားက လက်ရှိ လင်းပို ကို ပြန်ပြီး ပုံစံပြန်ချလို့ရတယ်လေ"


လင်းယောင်ယောင် ခေါင်းခါပြီး ပြောလိုက်သည်။


"ပြောင်းစရာမလိုပါဘူး…သမီး အရမ်းကြိုက်ပါတယ်"


ယခုမှစပြီး လင်းပို သည် သူမ၏ တိုက်ခိုက်ရေးအဖော် ဖြစ်လာပေတော့မည်။


ထို့နောက် ဂရန်းမာစတာ ဆိုဖီယာသည် သူမ၏ မက်ခါ မောင်းနှင်သည့် အလေ့အကျင့်များကို ဂရုတစိုက် မှတ်တမ်းတင်လိုက်ပြီး လင်းပို တွင် အသေးစိတ် ပိုမိုကောင်းမွန်အောင် ချိန်ညှိစရာအချို့ ပြုလုပ်ရန် လိုအပ်နေသေးသဖြင့် လာမည့်တစ်ပတ်အတွင်း လာယူရန် ပြောလိုက်သည်။


ဝေ့ယွမ် ၏ မက်ခါ မှာလည်း အဆင့်မြှင့်တင်ရန် လိုအပ်သဖြင့် နောက်တစ်ပတ်အကြာတွင် သွားယူရန် စီစဉ်ထားခြင်းဖြစ်သည်။


 မောင်နှမနှစ်ယောက်သား ဆိုဖီယာ၏ မက်ခါသုတေသနဌာနမှ ထွက်ခွာပြီးနောက် ဝေ့မိသားစု၏ အဓိကအိမ်သို့ အဘွားဝေ့နှင့် နေ့လည်စာစားရန် ပြန်ခဲ့ကြသည်။ ထို့နောက် လမ်းတစ်ဝက်ရောက်မှ၊စိတ်ပြောင်းသွားပြီး ဝေ့ယွမ်သည် အဘိုးလင်း နှင့် ညစာစားရန် လင်းယောင်ယောင် ကို လင်းမိသားစု၏ အိမ်ဟောင်းသို့ ပြန်ပို့ပေးခဲ့သည်။


 ဝေ့မိသားစုကို ပြန်သည့် လမ်းမှာ…


လင်းယောင်ယောင် က သူမ၏ ကိုယ်ပိုင်မက်ခါကို မကြာမီ ရနိုင်လိမ့်မည်ဖြစ်၍ ဝေ့ယွမ်အား သူမ စိတ်ထဲတွင် အကြိမ်ကြိမ်တွေးနေခဲ့သော အစီအစဉ်အကြောင်း မေးလိုက်သည်။ 


 "အစ်ကို ဝေ့ယွမ်၊ မကြာခင် ဆောင်းရာသီ အားလပ်ရက် ရောက်တော့မယ်… ဒါကြောင့် ညီမလေ အတွေ့အကြုံတွေ ရှာဖွေပြီး တစ်ကယ့် တိုက်ပွဲတွေနဲ့ ရင်းနှီးဖို့ တိုက်ပွဲနေရာရှာချင်တယ်..."


သူမ၏တောင်းဆိုမှုသည် အဓိပ္ပါယ်မရှိသော တောင်းဆိုမှုမဟုတ်ပေ။  ကြယ်တာရာခေတ်ရှိ အရည်အချင်းရှိသော လူငယ်များသည် အချိန်တိုင်း ကိုယ့်ကိုယ်ကို တိုးတက်အောင်လုပ်မည့် အခွင့်အရေးကို လက်မလွှတ်ကြချေ။


အရန်ကုထုံးပညာရှင်များသည် အမျိုးမျိုးသော သင်ရိုးညွှန်းတမ်းများ သို့မဟုတ် လေ့ကျင့်မှုများတွင် ပါဝင်ရန် အားလပ်ရက်များကိုသာ အားကိုးရသည်။ တိုက်ပွဲဝင်ခြင်းကမူ မတူပေ။ တိုက်ခိုက်ရေးစွမ်းရည်များ ထက်မြက်လာစေရန် လက်တွေ့ကျသော အတွေ့အကြုံ အမျိုးမျိုးကို ကိုယ်တိုင်ကိုယ်ကျ  ရှာဖွေမှ ရမည်ဖြစ်သည်။


 ဥပမာအားဖြင့် ဝေ့ယွမ်၊ ချောင်းမင်ယောင် နှင့် ယဲ့ရှီ တို့သည် ယခင်က ပုံသေအဖွဲ့ဖြစ်သည်။ သို့သော်လည်း၊ အားလပ်ရက်များတွင် အမျိုးမျိုးသော မစ်ရှင်များကို ထမ်းဆောင်ရန် တခြားသူများနှင့် ကျပန်းအဖွဲ့ ဖွဲ့စည်းလေ့ရှိကြသည်။


ညီမဖြစ်သူ လင်းယောင်ယောင် ကို ဝေ့ယွမ် သည် အစ်ကိုတစ်ယောက်အနေနှင့် အတော်သဘောကျပြီး ချစ်ခင်သည်။ စိုးရိမ်စိတ်ဖြင့် သူမအား အရာရာလိုက်ပြီးပိတ်ပင်နေမှာမဟုတ်သလို ဖန်လုံအိမ်ထဲတွင် ထိန်းသိမ်းထားသင့်သော အရန်ကုထုံးပညာရှင်အဖြစ်လည်း နေစေမှာမဟုတ်ပေ။ သူမ၏ မက်ခါစွမ်းရည်သည် အရန်ကုထုံးလုပ်ငန်းများတွင် တတ်စွမ်းသလောက် ကောင်းမွန်ခြင်းမရှိသော်လည်း သာမာန်ထက်တော့ အလွန်ကောင်းမွန်သည်။

  

"ကောင်းပြီ၊ ဒါဆိုလည်း အစ်ကိုတို့နဲ့ လိုက်ခဲ့…အစ်ကို ဒီအားလပ်ရက်မှာ ဘေးကင်းလုံခြုံမယ့် မစ်ရှင်တစ်ခု လုပ်စရာရှိတယ်"


 သူနှင့်အတူ ချောင်းမင်ယောင် တို့လည်း ပါမည်ဖြစ်၍ သူမအတွက် အန္တရာယ်ရှိမည်မဟုတ်ပေ။


သို့သော်၊ လင်းယောင်ယောင်သည် အန္တရာယ်အများဆုံး ရှေ့တန်းသို့ သွားချင်နေသည်။သူမသည် ချစ်ရသူကို တွေ့ချင်သောကြောင့် အန္တရာယ်ကိုပင် ဂရုမစိုက်နိုင်ဘဲ တစ်ကယ့်စစ်မြေပြင်မဟုတ်သည့် နယ်ခြားကြယ်တာရာသို့သွားချင်နေခဲ့တာပင်။


သူမ၏ SS-အတန်းစား စိတ်စွမ်းအားနှင့် SS-အတန်းအစား မက်ခါတို့ကြောင့် SS-အတန်းစား အင်းဆက်ပိုးကောင်များနှင့်တွေ့ပါကလည်း၊ ၎င်းကို မတိုက်နိုင်လျှင်တောင် လွတ်မြောက်နိုင်သည်။ ထို့ကြောင့် အန္တရာယ်က သိပ်မကြီးလှချေ။


 "ဒီလောက်ကြီး လုံခြုံလွန်းရင်ကျတော့  လေ့ကျင့်ရေးရဲ့ ရည်ရွယ်ချက်က အထမမြောက်သလိုဖြစ်နေမှာပေါ့"


ဝေ့ယွမ် သည် သူမ စကားကို ကြားပြီးနောက် သူမမှာ သွားစရာနေရာရှိနှင့်ပြီးသား ဖြစ်ကြောင်း သဘောပါက်လိုက်သည်။


"ဒါဆို ညီမက ဘယ်ကိုသွားချင်တာလဲ"


 "ဇာ့ခ် အများဆုံးရှိတဲ့နေရာကို သွားချင်တယ်...  ဇာ့ခ်အသား လတ်လတ်ဆတ်ဆတ်က အရသာအရှိဆုံးပဲ" 

 

ဝေ့ယွမ် မျက်ခုံးပင့်လိုက်သည်။  


"နယ်ခြားကြယ်တာရာလား"


နယ်ခြားကြယ်တာရာ သည် အမှန်တစ်ကယ်တွင် မစ်ရှင်များစွာရှိသော်လည်း၊ ရှေ့တန်းရှိ တရားဝင်တိုက်ပွဲလိုမျိုး မဟုတ်ပေ။ ဇာ့ခ်ဒီရေ ရောက်လာသည့်အခါတိုင်း၊ အာကာသထဲမှာ ခုန်ပျံပြီး အဓိက စစ်မြေပြင်မဟုတ်သော လူနေဂြိုလ်များနှင့် အရင်းအမြစ် ဂြိုလ်များဆီ ခိုးဝင်ကြမည့် ဇာ့ခ်များကလည်း အမြဲရှိတတ်သည်။လူသားများ နေထိုင်ရာ ဂြိုလ်များတွင် ဤအင်းဆက်များကို မောင်းထုတ်ရန် တာဝန်ရှိသော်လည်း အရင်းအမြစ်ဂြိုဟ်များတွင် စောင့်ကြပ်ထားသော တပ်ဖွဲ့ဝင်များစွာ မရှိကြချေ။  


ဤအချိန်တွင်၊ အရင်းအမြစ်ဂြိုဟ်များရှိ ဇာ့ခ်များကိုရှာဖွေရန် ကြေးစားသမားများအား မစ်ရှင်လုပ်ခိုင်းကြသည်။ ထို့နောက် ကြေးစားခေါင်းဆောင်များသည် ဇာ့ခ်များကို သတ်ခဲ့သည့် သက်သေဗီဒီယိုအား ပြ၍ ဆုကြေးနှင့် လဲလှယ်ရမည်ဖြစ်သည်။ ဇာ့ခ်အသားကို အစားအစာအဖြစ် အသုံးမပြုမီက ဤတာဝန်ကို ဘယ်သူမှ တာဝန်မယူလိုကြချေ။ သို့သော်၊ တရားဝင်စစ်မြေပြင်မဟုတ်သဖြင့် အန္တရာယ် အလွန်နည်းသော်လည်း ကိုယ့်နိုင်ငံကို ကာကွယ်ရန်အတွက် ပံ့ပိုးကူညီမှုတစ်ခုအဖြစ် မှတ်ယူနိုင်သည်။ 


ထိုသို့ မစ်ရှင်အသေးစားများလုပ်ခြင်းဖြင့် တိုက်ခိုက်ရေးသမားများသည် ကိုယ့်စွမ်းရည်ကို ကြိုတင်လေ့ကျင့်နိုင်ပြီး  လောလောဆယ် စစ်တပ်ထဲသို့ ဝင်ရောက်ရန် အရည်အချင်းမပြည့်မီသော တိုက်ခိုက်ရေးသမား အချို့လည်း သီးသန့် လေ့ကျင့်နိုင်သည်။


 သွေးပူတတ်သည့် လူငယ်လေးများ အနေနှင့် ကြယ်ပင်လယ်ကြီးကို အနိုင်ယူချင်စိတ်အပြည့်ရှိနေတတ်ကြသည်။


 ယခုအချိန်တွင် ဇာ့ခ် အသားသည် ၀ယ်လိုအားများသော ပါဝင်ပစ္စည်းတစ်ခု ဖြစ်လာသည်။ တိုက်ခိုက်ရေးသမားများသည် ကြေးစားသမားများလို ဆုကြေးငွေအတွက်မဟုတ်ဘဲ ဇာ့ခ်အသားကို သက်သက်အမဲလိုက်ရန်  အရင်းအမြစ်ဂြိုလ် အမျိုးမျိုးသို့သွားကြသည်။


ယခင်က ဝေ့ယွမ်၊ ချောင်းမင်ယောင် နှင့် ယဲ့ရှီ တို့သည် အဆင့်-3နှင့် အဆင့်-4ရှိ ထူးဆန်းသော ဂြိုလ်သားရဲများကိုသာ အမဲလိုက်ခဲ့သည်။  သူတို့ကြုံဖူးသမျှထဲမှာ အစွမ်းထက်ဆုံးသားရဲကတောင် အဆင့်-5 ဖြစ်သည်။ သို့သော်၊ ဧကရာဇ်မြို့တော်ကို ဇာ့ခ်များ နှစ်ကြိမ်တိုက်ခိုက်ပြီးနောက်၊ သာမန်ဂြိုလ်သား သားရဲအမဲလိုက်ခြင်းမစ်ရှင်သည် စိန်ခေါ်မှုလုံးဝမရှိတော့သလို လွယ်ကူလာသည်။


ဝေ့ယွမ် ၏ ဆောင်းရာသီအားလပ်ရက်အစီအစဉ်မှာ နယ်စပ်ရှိ အရင်းအမြစ်ဂြိုလ်များဆီသို့ သွားကာ အဆင့်မြင့် ဇာ့ခ်အသားများကို စုဆောင်းရန်ဖြစ်သည်။ လင်းယောင်ယောင် ကို ခေါ်လာလျှင် သူတို့အတွက် စိတ်စွမ်းအားကို အချိန်မရွေး ပြန်လည်ဖြည့်တင်းရန် ဖြည့်စွက်အစားအစာများ ပေးစွမ်းနိုင်သောကြောင့် အဆင်ပြေ၏။သူမကိုယ်တိုင်ကလည်း ကိုယ့်ကိုယ်ကို ကာကွယ်နိုင်သူဖြစ်သည်။


သူက သူမကို အဓိပ္ပါယ်ရှိစွာ စိုက်ကြည့်ရင်း "လေ့ကျင့်ဖို့ နယ်စပ်ကို သွားဖို့ဆိုတာ မဖြစ်နိုင်ဘူး…ဒါပေမယ့် အစ်ကိုတို့သွားမယ့်နေရာက ဗိုလ်ချုပ်လင်း နဲ့ မဆုံနိုင်တဲ့ နေရာကိုနော်"


လင်းရွှမ် ၏စစ်တပ်သည် ထောင်ပေါင်းများစွာသော ဇာ့ခ်များကိုတိုက်ခိုက်ရန် တာဝန်ရှိသည်။ သူတို့လို သာမာန်တိုက်ခိုက်ရေးသမားများသည် မီးခိုးရောင်ဝံပုလွေတပ်ဖွဲ့၏ ပင်မယူနစ်ကို အထူးဖြတ်သန်းခွင့် မပါရှိဘဲ အနီးအနားကိုတောင် ကပ်လို့မရနိုင်ပေ။


ထို့နောက် ဝေ့ယွမ် သည် နယ်ခြားဒေသရှိ မစ်ရှင်အခြေအနေနှင့် ပတ်သက်၍ လင်းယောင်ယောင် အား သေသေချာချာ ရှင်းပြခဲ့သည်။


 "ဒါဆို သူ့ကို မတွေ့ရလည်း သွားချင်သေးလား"


လင်းယောင်ယောင် သည် လင်းရွှမ် ကို တစ်ကယ်ပင် တွေ့ချင်နေခဲ့သော်လည်း ဝေ့ယွမ်၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် ထိုအကြံအစည်ကို နားလည်ပေးရန် မဖြစ်နိုင်ကြောင်း ရုတ်တရက် သဘောပေါက်သွားသည်။သို့သော်လည်း တိုက်ပွဲ အတွေ့အကြုံအတွက် နယ်ခြားသို့သွားရန် စိတ်ကူးကို မဖျက်ခဲ့ပေ။ သူ့ကို မမြင်ရလျှင်တောင် သူနှင့် နည်းနည်း အနီးမှာ ရှိနေချင်မိသည်။ မည်သို့ပင်ဖြစ်စေ၊သူမ ဘွဲ့ရပြီးလျှင်လည်း သူနှင့်အတူတူ ရုန်းကန် ကြိုးစားရမှာ ဖြစ်သည်။


ထိုကြောင့်၊ ဝေ့ယွမ် ၏ အကြောင်းပြချက်ကို သဘောပေါက်သော်လည်း လက်မလျှော့ချင်ပေ။ထို့ကြောင့်  စိတ်ပိုင်းဖြတ်ထားသည့် မျက်နှာထားနှင့် ခေါင်းညိတ်ပြီး ပြောလိုက်သည်။


 "ဟုတ်တယ် သွားမယ်…အရသာရှိပြီး လတ်ဆတ်တဲ့ ဇာ့ခ်အသားကို သွားစားချင်တာဆိုတော့ သွားရမှဖြစ်မယ်"


ဝေ့ယွမ် က ရယ်မောကာ ကောင်မလေး၏ခေါင်းကို ပွတ်လိုက်ပြီး 


"ကောင်းပြီ ဒါဆို အစ်ကိုတို့နဲ့ အတူလိုက်ခဲ့"


ထို့နောက် လင်းယောင်ယောင် သည် Star Network virtual မက်ခါပလက်ဖောင်းရှိ သူမ၏ စွမ်းဆောင်ရည်ကို အိမ်ရှိလူကြီးများအား ပြသခဲ့သည်။  ဝေ့ယွမ် ဆီမှ အကူအညီနှင့် စည်းရုံးမှုဖြင့် နောက်ဆုံးတွင် လူကြီးများ၏ ခွင့်ပြုချက်ကို ရခဲ့သည်။ သို့သော်လည်း လင်းမိသားစုနှင့် ဝေ့မိသားစုက ချစ်စရာကောင်းသော မိန်းကလေးကို တိုက်ခိုက်ရေးသမား (စစ်သည်နဲ့ တူ၊ စာလုံးပေါင်းလွဲပေမယ့် မီးနင်းထဲမှာ တူနေတာပါ) အဖြစ် မြင်လေ့မရှိပေ။ ဝေ့ယွမ် ပါလိုက်မည်ဆို၍ ဤလေ့ကျင့်မှုမှာ သိပ်အန္တရာယ်ကြီးမှာမဟုတ်မှန်း သိသော်လည်း နှုတ်ကတော့ ငြီးငြူပြီး တားဆီးနေကြဆဲပင်။


ဒီဇင်ဘာလလယ်....


ပထမ semester ကုန်ဆုံးရန် တစ်ပတ် ၊နှစ်ပတ်သာ ကျန်တော့သည်။


စစ်ပညာရေးအကယ်ဒမီ၏ နောက်ဆုံးအကဲဖြတ်စာမေးပွဲမှာ မခက်ပေ။ သီးသန့်ကျူရှင်တစ်ခု ယူပြီးနောက် လင်းယောင်ယောင် သည် သီအိုရီအတန်းများတွင် အမှတ်များလာသည်။ လက်တွေ့သင်တန်းများသည် သူမ အတွက် လုံးဝမခက်ခဲသဖြင့် အမှတ်အများဆုံးဖြင့် ကျော်ဖြတ်နိုင်ခဲ့သည်။


 နောက်ဆုံးတွင်၊ လက်ထောက်ကုထုံးပညာရှင်များသည် ဘွဲ့ရပြီးပါက၊ အလယ်အလတ်အဆင့် လက်ထောက်ကုထုံးပညာရှင်အဆင့်သို့ ရောက်ရှိသွား၏။ မာစတာအဆင့် လက်ထောက်ကုထုံးပညာရှင်အဆင့်ကို လက်လှမ်းမီနိုင်သူများသည် ရှားပါးပြီး ထူးချွန်သူများသာ ဖြစ်သည်။


သူမသည် လူသစ်တစ်ယောက်သာဖြစ်သော်လည်း၊ Star Network တွင် အဆင့်-5အထက်တန်းစား ဆေးဖက်ဝင်အစား အသောက်များကို ပြုလုပ်နေပြီဖြစ်သည်။  သူမသည် မာစတာအဆင့်သို့ ရောက်ရှိသွားသောကြောင့် ချိုက်ယူဟုန် ၏ ထိန်းချုပ်မှုသည် ပို၍သက်တောင့်သက်သာရှိပြီး လွတ်လပ်လာသည်။ သူမအတွက် လေ့ကျင့်ရေးအစီအစဉ်ကို လည်း သူမကိုယ်တိုင် စီစဉ်ခွင့် ရရှိသွားသည်။


နောက်ဆုံးစာမေးပွဲအပြီးတွင် သူမသည် ပိုမိုသင့်လျော်သော ဗားရှင်းအသစ်၊ဒီဇိုင်းအသစ် မက်ခါ လင်းပို ကို ရရှိခဲ့သည်။


ဝေ့ယွမ်၊ ချောင်းမင်ယောင်၊ ယဲ့ရှီ နှင့် ကျောက်ချင်းယွင် တို့၏ မက်ခါအားလုံးကို အင်ပါယာ၏ ထိပ်တန်း မက်ခါမာစတာ သုံးဦးမှ အဆင့်မြှင့်တင်ပြီး အသွင်ပြောင်းထား၍ ယခင်ကထက် ပိုမိုအားကောင်းလာသည်။


ကျောက်ချင်းယွင် ကလည်း ဝေ့ယွမ် တို့ အဖွဲ့၏ လေ့ကျင့်ရေးအစီအစဉ်တွင် ပါဝင်ရန် တောင်းဆိုလာခဲ့သည်။ကျောက်ချင်းယွင် သည် ခွန်အားညံ့သူ မဟုတ်သည့်အပြင်၊ လင်းယောင်ယောင် ၏ အသေးစိတ်အချက်အလက်များကို လုံးဝရှင်းရှင်းလင်းလင်း သိထားသော်လည်း နှုတ်လုံသူဖြစ်၍ ဝေ့ယွမ်က  သဘောတူလိုက်လေသည်။


ဝေ့ယွမ် သည် ဆောင်းရာသီ အားလပ်ရက် လေ့ကျင့်ရေး ခရီးစဉ်ကို ကျောင်းသို့ ကြိုတင် သတင်းပို့ပြီးနောက်၊ လေးယောက်လုံး အထူးခွင့်ပြုမိန့် ရရှိခဲ့သည်။ ကျောင်းစဖွင့်ပြီး တစ်လအတွင်း ပြန်လည် ကျောင်းစတက်နိုင်မည်ဖြစ်သည်။


သို့သော်၊ လင်းယောင်ယောင် သည် လက်ထောက်ကုထုံးပညာရှင်ဖြစ်၍ အစီရင်ခံစာထဲမှာ မပါဝင်ချေ။ ထို့ကြောင့် သူမ လိုက်ပါမည့်အကြောင်းကို လျှို့ဝှက်ထားရမည်။ သို့သော်၊ ဆရာကြီး ချိုက်ယူဟုန်ကို ယခု သူမသည် တိုက်ခိုက်ရေးသမားအဖြစ်လည်း တိုက်ခိုက်နိုင်ပြီဖြစ်၍ ဝေ့ယွမ်တို့နှင့် လေ့ကျင့်လိုကြောင်း လျှို့ဝှက်ပြောကြားခဲ့သည်။


ချိုက်ယူဟုန်မှာ အံ့သြသွားသော်လည်း တစ်ချိန်တည်းမှာပင် သူမအတွက် ပို၍ဂုဏ်ယူမိသည်။ ကလေးမလေးက ဘယ်လိုပင် ဉာဏ်ကြီးရှင်ဖြစ်ပါစေ၊သူ့ကို ဆရာသမားလို ဆက်ဆံနေဆဲဖြစ်၍ သဘောတူလိုက်ကာ ကျောင်းစတက်ပြီး တစ်လအတွင်း စာရင်းသွင်း(ကျောင်းပြန်အပ်)ခွင့်ပြုခဲ့သည်။


ကြယ်တာရာခေတ်ရှိ နှစ်သစ်ကူးသည် ရှေးခေတ်ကမ္ဘာရှိ နှစ်သစ်ကူးလို မခံစားရသော်လည်း အတော်လေးအရေးကြီးသော အားလပ်ရက်ဖြစ်သည်။ ကျောင်းသားများသည် ဆောင်းရာသီတစ်ခုလုံး အားလပ်ရက်အဖြစ် ယူကြပြီး သာမန်ရုံးဝန်ထမ်းများမှာ အားလပ်ရက်သုံးရက်သာ ရကြသည်။


နှစ်သစ်ကူးတွင် လင်း နှင့် ဝေ့မိသားစုမှ သက်ကြီးရွယ်အိုများ ပြန်လည်ဆုံစည်း၍ ညစာစားကြသည်။  


နောက်ထပ် ၂ရက် အနားယူပြီးနောက် လင်းယောင်ယောင်သည် ဝေ့ယွမ် တို့နှင့်အတူ လေ့ကျင့်ရန် ထွက်ခွာခဲ့သည်။ မထွက်ခွာမီ စိတ်စွမ်းအင်ဖြင့် ပြုပြင်ထားသော SS-အဆင့် ဇာ့ခ်အသားများနှင့် အဘိုးလင်းနှင့် အဘွားဝေ့ အတွက် ပြုလုပ်ထားသော အရန်အစားအစာများစွာကို တစ်ချို့တစ်ဝက် ယူလာခဲ့သည်။ 


 ဘေးကင်းစေရန်အတွက် ဝေ့ယွမ်သည် လူတစ်ဒါဇင်သာ ဆံ့သည့် ပြုပြင်မွမ်းမံထားသော အရပ်ဘက်သုံး အသေးစား အာကာသယာဉ်တစ်စင်းကို တည်ဆောက်ခဲ့သည်။ ၎င်းယာဥ်ကို အာကာသ ခလုတ်တွင် သိမ်းဆည်းထားသည်။


သို့သော်၊ အာရုံစိုက်မခံရအောင် နယ်ခြားကြယ်တာရာဆီကို သာမာန်ခရီးသည်တင် အာကာသယာဉ်ကိုသာ ရွေးချယ်ခဲ့၍ ခရီးက သုံးရက်ခန့် ကြာနိုင်သည်။


 ဤသည်မှာ လူငါးဦးပါ အဖွဲ့၊ စတားချောလေးများအဖွဲ့၏ ကြယ်ပင်လယ်ကို သိမ်းပိုက်ရန် ခရီးအစဖြစ်သည်။




xxxxxx